Saturday, May 15, 2010

ကန္ဒီသို့ အလည်သွားခြင်း


နိုင်ငံတိုင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော မြို့လေးများ ရှိကြသည်။ မြန်မာနိုင်ငံတွင် ပြင်ဦးလွင်မြို့သို့ အလည်သွားချင်ကြသည်။ ပြင်ဦးလွင်က ရာသီဥတုကောင်းမွန်သည်၊ နောက်ပြီး ပန်းမြို့တော်ဟုလည်း ကျော်ကြားသည်။ မြွေလိမ်မြွေကောက်လမ်းလေးများကို ကားဖြင့်တက်ကာ သွားရသည်မှာ ရင်ခုန်ကြည်နူးဖွယ်ကောင်းလှသည်။ ပြင်ဦးလွင်နှင့် မတူသော်လည်း သီရိလင်္ကာနိုင်ငံတွင် ပြင်ဦးလွင်လို ကြည်နူးဖွယ်ကောင်းသော မြို့လေးတစ်မြို့ရှိလေသည်။ ထိုမြို့ကား ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တည်ရှိရာ ကန္ဒီမြို့ပင် ဖြစ်လေသည်။

အရင်က ရောက်ဖူးသော်လည်း ကန္ဒီမြို့သို့ အလည်သွားချင်နေသည်မှာ ကြာပြီ။ မည်သည့်အကြောင်းကြောင့်ရယ် မသိ၊ ခဏခဏ ကန္ဒီမြို့သို့ သွားချင်နေသည်။ သို့ရာတွင် ဟိုရက်ရွှေ့ ဒီရက်ရွှေ့ဖြင့် မသွားဖြစ်ခဲ့။ နေရာတစ်ခုတွင် အလုပ်တစ်ခုကို ကြာမြင့်စွာ လုပ်ဆောင်နေလျှင် ငြီးငွေ့သွားတတ်သည်။ ထို့ပြင် အဆင်မပြေမှုများဖြင့် စိတ်များ မွန်းကြပ်လာလျှင်လည်း တစ်နေရာရာသို့ ခရီးသွားချင်စိတ် ဖြစ်တတ်သည်။ ထိုအကြောင်းများကြောင့် ဖြစ်ဟန်တူသည်။


၂၇-ရက်နေ့တွင်တော့ မနက်ဖြန်တော့ သွားဖြစ်အောင် သွားမယ်ဟူ၍ စိတ်ကို ပိုင်းဖြတ်လိုက်သည်။ ကိုလံဘိုသို့ ခဏအလည်ရောက်နေသော သူငယ်ချင်းကို အပူကပ်သည်။ မနက်ဖြန် သွားရအောင်ဟု အဖော်ညှိသည်။ ကန္ဒီက အရင်းနှီးဆုံး သူငယ်ချင်းကိုလည်း ဖုန်းဆက်အကြောင်းကြားသည်။ နောက်တစ်နေ့ ကားဂိတ်သို့ မသွားမီအချိန်အထိ စိတ်က မခိုင်သေး။ ၂၈-ရက်နေ့ ကားဂိတ်သို့ စတင်ထွက်ခါမိသောအခါမှ “ဟေ့…ဃောကြီး ငါ တကယ်သွားဖြစ်ပြီကွ”ဟု အားရပါးရ ပြောမိသည်။ ကန္ဒီသွားရခြင်း၏ ရည်ရွယ်ချက်မှာ အေးချမ်းသော မြို့လေး၏ရင်ခွင်တွင် ခဏတာ ခိုဝင်လိုခြင်းနှင့် ပုံမှန်ဆက်သွယ်နေကျ ကမ္ဘာကို ခဏတာ မေ့ထားလိုခြင်းကြောင့် ဖြစ်လေသည်။

ကန္ဒီအသွား ဘတ်စ်ကားလေးက ၂း၄၀ တွင် စတင်ထွက်ခွါသည်။ ကားပေါ်ရောက်တော့ စိတ်က ပေါ့ပါးသွက်လက်နေသည်။ ဘတ်စ်ကားကြီး၏ နောက်တွင် ငြိတွယ်ကပ်ပါလာသော အရိပ်များကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လွင့်ပါးနေခဲ့ကြသည်ဟုလည်း စိတ်က ထင်နေခဲ့သည်။ စိတ်က အလွန်လင်းချင်းနေသဖြင့် သူငယ်ချင်းနှင့် စကားပြောချင်လာသည်။ သို့ဖြစ်၍ ကန္ဒီက သူငယ်ချင်းဆီ ဖုန်းဆက်သည်။ မရခဲ့။ သူက သင်တန်းတက်နေလောက်ပြီဟု ဘေးက သူငယ်ချင်းက ပြောသဖြင့် ဆက်ပြီး မဆက်တော့ဘဲ ပေရာဒေနိယတက္ကသိုလ်က Ph.D ကျောင်းသူကြီး အစ်မ မကေသီစိုးဆီ ဖုန်းဆက်သည်။ ဦးဇင်းလာမည်ဆို၍ သူလည်း ၀မ်းသာကြောင်း ပြောသည်။ အဆင်ပြေလျှင် ရိပ်သာတစ်ခုတွင် ၁၀-ရက်ခန့်ဖြစ်ဖြစ် ၀င်ချင်ကြောင်း စုံစမ်းပေးဖို့ ပြောလိုက်သည်။

ညနေ ၆-နာရီခန့်တွင် အေးချမ်းသော ကန္ဒီမြို့လေးသို့ ရောက်သည်။ သူငယ်ချင်းတို့နေထိုင်ရာ ကျောင်းမှာ တောရကျောင်းဟု ဆိုနိုင်သည်။ ကန္ဒီမြို့သည် တောင်တန်းများ ပတ်လည်ဝိုင်းနေသည်ဖြစ်ရာ ကန္ဒီမြို့အစွန်မှ တောင်ပေါ်သို့ တက်လိုက်သောအခါ သူငယ်ချင်းနေထိုင်ရာ ကျောင်းသို့ ရောက်သည်။ လူသူအရောက်အပေါက်မရှိ။ တိတ်ဆိတ်နေသည်။ ဘေးပတ်လည်မှာလည်း သစ်ပင်းအကြီးကြီးများသာ ရှိသည်။ မျောက်များလည်း ပေါလှသည်။ ကျောင်းဆောင်အသေးလေးများ ဆောက်ထားပြီး တစ်ဆောင်တွင် နှစ်ခန်းထားရှိသည်။ အေးချမ်းစွာ နေလိုသူတို့အတွက် သင့်တော်သော ကျောင်းဆောင်လေးများ ဖြစ်သည်။

နောက်နေ့တွင် သူငယ်ချင်းက သွားခွဲစိတ်ရမည်ဆို၍ ဆေးခန်းသို့ လိုက်ပို့ရသည်။ နောက်ရက်ကျမှ ပေရာဒေနိယတက္ကသိုလ်သို့ သွားဖြစ်သည်။ အစ်မ မကေသီစိုးက ရှယ်ဆွမ်းကပ်မည်ဟု ဆိုသည်။ မနက် ၈-နာရီခန့်တွင် သူငယ်ချင်းနှင့် ပေရာဒေနိယတက္ကသိုလ်သို့ သွားသည်။ ကန်တင်းတွင် မကေသီစိုးကို စောင့်သည်။ ခဏကြာသောအခါ ဆွမ်းချိုင့်များကိုင်ပြီး ရောက်လာခဲ့သည်။ ဆာနေသော ဗိုက်ကို မကေသီစိုး ကြော်လာသော ခေါက်ဆွဲကြော်ဖြင့် ဖြည့်ခဲ့သည်။ ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားတစ်ဖောင်ဖောင်ပြောပြီးသောအခါ ၁၀း ၃၀ ခန့်တွင် အဆောင်မှ ထွက်ပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း လည်ပတ်ရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ ပေရာဒေနိယတက္ကသိုလ်သည် ကြီးကျယ်သလောက် ခမ်းနားမှုလည်း အပြည့်ရှိပါသည်။






ပေရာဒေနိယပရိဝုဏ်အတွင်း ၀င်ရောက်သည်နှင့် ခံစားမှုတစ်စုံတစ်ရာကို ခံစားရသည်ချည်း ဖြစ်သည်။
နောက်တစ်နေ့တွင် ကန္ဒီမြို့တစ်နေရာက သာသနာ့တက္ကသိုလ်မှ ပညာသင်လွှတ်သော ကျောင်းသားဦးဇင်းတစ်ပါးက ဖုန်းဆက်သည်။ သူတို့တက္ကသိုလ်သို့ အလည်လာရောက်ဖို့ ဖိတ်ခေါ်သည်။ နောက်တစ်နေ့ လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဦးဇင်းကို ဆွမ်းကပ်ချင်လို့ပါဟု ပြောသည်။ သူတို့နေသော နေရာကို ရှီဗားဟု ပြောနေသံ ကြားရသည်။ ယုံချင်ယုံ မယုံချင်နေ ထိုအသံကို ကြားသောအခါ စိတ်က ဟိန္ဒူနတ်ဘုရား “ရှီဝ” ကို ပြေးမြင်သည်။ ရှီဝဟုဆိုသည်နှင့် (မရောက်ဖူးသော်လည်း ပုံထဲက) ဗုဒ္ဓဂယာက လျောင်းတော်မူမြတ်ဘုရားဆင်းတုရှေ့က “ရှီဝ”သင်္ကေတကြီးကို ပြေးမြင်သည်။

နောက်တစ်နေ့အထိ ဒီအမြင်ပဲ ရှိနေသည်။ ညီငယ်များ နေထိုင်ရာ နေရာသို့ရောက်သောအခါမှ “ဘာတဲ့ ငါ့ညီတို့ တက္ကသိုလ် နာမည်က”ဆိုမှ “ဦးဇင်း SIBA လေ၊ Sri Lanka International Buddhist Academy ရဲ့ အတိုကောက်ပေါ့”ဟု ရှင်းပြသည်။ “အော်…ဟုတ်လား၊ ကိုယ်က ဆီဗာဆိုတာ နေတဲ့နေရာ၊ တက္ကသိုလ်က အခြားနာမည်လို့ ထင်နေတာ”ဟု ပြောပြီး ရယ်နေခဲ့ရသည်။ ညီငယ်များချက်သောဆွမ်းကို စားပြီး ခဏနားကာ တက္ကသိုလ်ပရိဝုဏ်သို့ ပျော်ပျော်ပါးပါး သွားလည်ခဲ့ကြသည်။ ညနေ ၃း၃၀ ခန့်တွင် နောင်တစ်ချိန်တွင် သာသနာ့တက္ကသိုလ်၏ ဆရာများ ဖြစ်လာဟန်ရှိသော ညီငယ်လေးများကို နှုတ်ဆက်ရင်း ကန္ဒီမြို့တွင်းသို့ ပြန်လာခဲ့ကြသည်။

တနင်္ဂနွေနေ့တွင် ကန္ဒီမြို့မှ ပြန်လာခဲ့သည်။ ကန္ဒီတွင် စိတ်ရှိလက်ရှိ ကြာမြင့်စွာ နေလိုက်မည်ဟု အားခဲထားသောစိတ်က တာရှည်မခံ။ ၅-ရက်မျှသာ နေလိုက်ခဲ့သည်။ ဓမ္မပဒတွင် မြတ်စွာဘုရားက မခိုင်မြဲသော စိတ်အကြောင်းကို ကုန်းပေါ်သို့ ပစ်တင်ခံရသော ငါးနှင့် ဥပမာပြသည်။ မခိုင်မြဲသော စိတ်ကိုလည်း အေးချမ်းရာတွင် ထားလိုက်လျှင် ငါးကဲ့သို့ စိတ်က ဖျပ်ဖျပ်လူးနေသည်။ “ငါ့စိတ်လည်း ကုန်းပေါ်တင်ခံရတဲ့ ငါးလိုပဲလား”ဟု အကဲဆတ်မိသည်။ ထိုကဲ့သို့ တထစ်ချ ထပ်တူ မနှိုင်းမိသော်လည်း ခိုင်မြဲအောင် ကြိုးစားဖို့ လိုနေသေးသည်ဟုကား ကိုယ့်ကိုကိုယ် သိနေသည်။

ကိုယ့်စိတ်ကို ပြန်ကြည့်ရင်း ငယ်ငယ်က ကြည့်ခဲ့သော ရုပ်သေးရုပ်လေးများကို မြင်ယောင်သည်။ ရုပ်သေးရုပ်လေး လှုပ်နေသည်မှာ သူ့ကို ဆွဲနေလှည့်နေသော ကြိုးလေးများကြောင့် ဖြစ်သည်။ ထိုကြိုးလေးများကို ဖြတ်တောက်လိုက်လျှင် အရုပ်လေးမှာ သူ့အလိုလို ငြိမ်ကျသွားပေလိမ့်မည်။

မည်သို့ဆိုစေ ကန္ဒီခရီးစဉ်တွင် အစစအရာရာ ဖြည့်ဆီးပေးခဲ့သော သူငယ်ချင်းများ၊ SIBA မှ ညီငယ်များနှင့် ပေရာဒေနိယတက္ကသိုလ်မှ အစ်မ မကေသီစိုးတို့ကို ကျေးဇူးတင်သည်။ သူတို့ကြောင့် ကန္ဒီတွင် ပျော်ရွှင်ဖွယ်အချို့၊ အေးချမ်းဖွယ်အချို့ကို ရရှိခဲ့သည်။ ထိုပျော်ရွှင်မှု၊ အေးချမ်းမှုတို့ကို ထိန်းသိမ်းဖို့ကား ကိုယ်မှတစ်ပါး အခြားသူ မရှိနိုင်တော့ပါလေ….။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails