Thursday, May 13, 2010

စေတနာနှင့် မထိုက်တန်သူများ


အရုဏ်ကျင်း၍ အလင်းရောင် မှိန်ပြပြကို တွေ့မြင်နေရသည်။ အရုဏ်ဦး၏ အလင်းရောင်အောက်တွင် ရဟန်းတော်များသည် မိမိတို့ လုပ်နေကျ လုပ်ငန်းများကို အသီးသီးလုပ်ဆောင်နေကြသည်။ တရားထိုင်ခြင်း၊ တရားဆွေးနွေးခြင်းနှင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို ဣနြေ္ဒရရ လုပ်ဆောင်နေကြသည်။ ထိုကဲ့သို့ ဆောင်ရွက်နေကြရင်း အရုဏ်ကျင်း၍ မိုးသောက်ချိန်ရောက်သောအခါ မြတ်စွာဘုရား ဦးဆောင်လျှက် ဥတ္တရကာမည်သော နိဂုံးရွာလေးသို့ ဆွမ်းခံဝင်ခဲ့ကြလေသည်။

နံနက်ခင်းနေရောင်နုနုလေး နောက်ခံဖြင့် မြတ်စွာဘုရားဦးဆောင်သော သံဃာတော်များကို တွေ့မြင်ရသည်မှာ နံနက်ခင်းကို ပိုလို့ ကျက်သရေရှိနေစေခဲ့သည်။ ရွာသူရွာသားများမှာလည်း လှူဖွယ်ဝတ္ထုကိုယ်စီဖြင့် မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိတို့ အိမ်တံခါးဝမှ စောင့်နေခဲ့ပြီး လှူဒါန်းပူဇော်နေကြလေသည်။ နံနက်ခင်း၏ တွေ့မြင်ရသမျှ မြင်ကွင်းတိုင်းမှာ ကျက်သရေရှိလှသည်။ နံနက်ခင်း၏ တည်ငြိမ်အေးမြမှုနှင့် မြင်ကွင်းတို့၏ ကြည်နူးစရာဖြစ်နေပုံတို့မှာ ပဏာရနေခဲ့လေသည်။

တစ်ခုသော မြင်ကွင်းက ကြည့်မြင်ရသူတို့အတွက် အော်ဂလီဆန်စရာ ဖြစ်နေခဲ့လေသည်။ “တောင်းမှာ အကွတ်၊ လူမှာ အ၀တ်”ဆိုသော စကားမှာ သူ့အတွက် မည်သည့်သက်ရောက်မှုမှ မရှိ။ ကိုယ်တုံးလုံးကြီးနေခြင်းအားဖြင့် မိမိကိုယ်ကိုမိမိ အ၀တ်အစားကိုမျှ မခင်တွယ်သူ၊ မည်သည့်အရာကိုမျှ မတွယ်တာသူဖြစ်သည်ဟု ယုံကြည်နေသည်။ လူသားများအနေဖြင့် လူတစ်ယောက်အဖြစ် အဆင့်အတန်းမှီမှီဖြစ်နေဖို့အတွက် အစားအသောက်များကို လူ့ထုံးစံအတိုင်း ပြုပြင်ဖန်တီးပြီး လုပ်ဆောင်စားသောက်ကြသည်။

လူဖြစ်၍ လူလို လမ်းလျှောက်ပြီး လူလို အသက်ရှင်နေကြ၏။ သူ့အတွက်ကား ထိုအခြင်းအရာများလည်း မရှိ။ သူသည် ခွေးများကဲ့သို့ လေးဘက်ထောက်ပြီးသာ သွားလေ့ရှိသည်။ ပန်းကန်၊ ခွက်စသော ထည့်စရာများဖြင့် ပေးသော စားစရာသောက်စရာများကို လက်မခံ၊ မစားသောက်။ အသုံးမပြု။ သူသည် မြေကြီးပေါ်၌ ပုံထားပေးသော အစားအစာကိုသာ ခွေးကဲ့သို့ ပါးစပ်ဖြင့် ဟပ်၍ စားသောက်၏။ သူဆိုသည်မှာ ကောရခတ္တိယတက္ကဒွန်းကြီးပင် ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်လက်ထက်က အဆိုပါ တက္ကဒွန်းကဲ့သို့ အ၀တ်မ၀တ်ဘဲ နေထိုင်ခြင်း၊ အစာအငတ်ခံ၍ ကျင့်ခြင်း၊ အိမ်တံခါးကို ကျော်လွန်ပြီး ယူလာသော အစားအသောက်ကို လက်မခံခြင်း၊ ဆံပင်ချည်ကိုသာ ၀တ်၍နေခြင်း၊ ရေအေးကို မသုံးဆောင်ခြင်း….စသော အမျိုးမျိုးသော အကျင့်ထူးအကျင့်ဆန်းများကို ကျင့်ကြသူ ရသေ့၊ ပရိဗိုဇ်များ အလွန်ပေါများခဲ့လေသည်။ မည်သို့သောအကြောင်းဖြင့် ဖြစ်စေ သူတို့သည် ကိုယ်ယုံကြည်ရာလမ်းစဉ်အတိုင်း သူတို့မျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင်ကို ရောက်ချင်လွန်း၍ အားထုတ်နေကြသူများသာ ဖြစ်လေသည်။

အချို့မှာ အကျင့်က မှားနေသော်လည်း သူတို့၏ စိတ်ဓာတ်မှာ လွတ်မြောက်လိုမှုဖြင့် ဖြူစင်နေကြသည်။ အချို့မှာ လူတို့ထံမှ လာဘ်လာဘများကို လိုချင်သောကြောင့် ထူးထူးဆန်းဆန်း ကျင့်ကြခြင်း ဖြစ်သော်လည်း အချို့မှာ မည်သည့်ရလိုမှုမျှ မရှိဘဲ ပကတိ ကျင့်လိုသောစိတ်ဓာတ်ဖြင့်သာ ကျင့်နေကြလေသည်။

ထိုပုဂ္ဂိုလ်များအနက် ကောရခတ္တိယကား လူအများ၏ ကြည်ညိုလေးစားမှု၊ အထင်ကြီးမှုကို ရယူလိုသောကြောင့် လူမြင်ကွင်းတွင် အ၀တ်အစားဗလာဖြင့် အစားအသောက်များကို မြေကြီးပေါ်ပုံပြီး ခွေးကဲ့သို့ လေးဘက်ထောက် စားနေခဲ့လေသည်။ အချို့လူများမှာ ထူးထူးဆန်းဆန်းမြင်ကွင်းကို ကြည့်နေကြသော်လည်း မြတ်စွာဘုရားရှင်၏ တပည့်ဒကာဒကာမများအတွက်ကား အော်ဂလီဆန်စရာ မြင်ကွင်း ဖြစ်နေလေသည်။

မြတ်စွာဘုရားရှင်၏နောက်မှ လိုက်ပါလာသော ရဟန်းတော်များကလည်း သူ၏ မှားယွင်းသောအကျင့်ကို တွေ့မြင်ပြီး ကရုဏာသက်နေခဲ့ကြသည်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ အများစုက ရှက်ဖွယ်အကျင့်ဟု ယူဆနေကြသော်လည်း တစ်ယောက်သောသူကား “အ၀တ်မ၀တ်ဘဲ နေနိုင်လေစွ၊ အစားအသောက်ကိုလည်း ခွေးကဲ့သို့ လေးဘက်ထောက်ပြီး စားနေသည်မှာ အံ့သြဖွယ်ကောင်းလေစွ၊ ထိုသူကမှ တကယ့်ရဟန္တာဖြစ်လိမ့်မည်”ဟု အထင်ကြီး လေးစားသောစိတ်ဖြင့် ကြံစည်နေသူ တစ်ဦး ရှိလေသည်။ ထိုသူမှာ လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်းပင် ဖြစ်လေသည်။

သူမည်မျှပင် ဆိုးသွမ်းနေသော်လည်း မြတ်စွာဘုရားရှင်သည် သူ့အပေါ်တွင် စေတနာမေတ္တာဖြင့် နည်းပေးလမ်းပြ ပြုလုပ်ပေးနေခဲ့သည်။ အရင်တစ်ခါကလည်း မြတ်စွာဘုရားရှင်ကို ကလန်ကဆန်လုပ်ပြီး ထွက်ခွါသွားခဲ့သည်။ ယခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်ပါးတွင် လိုက်ပါလာရသော်လည်း အ၀တ်မ၀တ်ဘဲ ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာအစစ်ဟု ကြံစည်ယူဆနေခဲ့သည်။

လောကတွင် စေတနာဖြင့် နည်းပေးလမ်းပြပေးခြင်းသည် အချို့သူတို့အတွက် လမ်းမှန်ပေါ်သို့ ရောက်သွားစေနိုင်သော်လည်း အချို့အတွက်မူကား အကျိုးမထူးလှချေ။ “စေတနာသည် လူတိုင်းနှင့် မထိုက်တန်”ဆိုသောစကားမှာ ထိုလူမျိုးများနှင့် တွေ့ဆုံဖူး၍ ဆိုကြသောစကား ဖြစ်ပေလိမ့်မည်။ လောကလူသားများအနေဖြင့် လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ မိမိအပေါ် စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ကြုံတွေ့ရတတ်သည်။ ပုထုဇဉ်လူသားများဖြစ်၍ မိမိအပေါ်တွင် အမြဲတမ်း တစ်သက်တာလုံး စေတနာဖြင့် ပြုလုပ်ဆောင်ရွက်ပေးလိမ့်မည်ဟု တထစ်ချ ယူဆထား၍ မရချေ။ သို့ဖြစ်၍ မိမိအပေါ် စေတနာထားချိန်တွင် မိမိက အကျိုးရှိရှိ လက်ခံထားနိုင်ဖို့ အရေးကြီးလေသည်။

သုနက္ခတ်ရဟန်းသည် မြတ်စွာဘုရားရှင်က စေတနာမေတ္တာဖြင့် လမ်းညွှန်ဆုံးမမှုကို မည်သည့်အခါမျှ လက်ခံခြင်း မရှိခဲ့။ အားလုံးကို ဆန့်ကျင်ပယ်ချပစ်ခဲ့သည်သာ ဖြစ်လေသည်။

အခုလည်း မြတ်စွာဘုရားရှင်၏ နောက်တော်မှ လိုက်ပါနေရသော်လည်း “အို အဆွေတို့…. လေးဘက်ထောက်လျှက် မြေ၌ချထားသော အစာကို ပါးစပ်ဖြင့်သာ ဟပ်၍စားနေသော ထိုရဟန်းကား ချီးမွမ်းအံ့သြဖွယ်ရှိလေစွတကား”ဟု ကြံစည်နေခဲ့၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုအကြံကို သိသဖြင့် လမ်းမှားမရောက်စေလိုသဖြင့် “အလကားကောင် သုနက္ခတ်၊ ဒီလို တွေးနေပြီး မြတ်စွာဘုရားရှင်၏ တပည့်သာဝကလုပ်နေသေးတယ်”ဟု ခပ်နာနာ မိန့်တော်မူလိုက်သည်။

“အရှင်ဘုရား…ဘာဖြစ်လို့ တပည့်တော်ကို အဲဒီလို ပြောရတာလဲ”

“သင်ပဲ ခွေးတစ်ကောင်လို ကျင့်နေတဲ့ ကောရခတ္တိယကို သင့်စိတ်ထဲမှာ ချီးမွမ်းအံ့သြနေတယ် မဟုတ်လား”

“အော်…ချီးမွမ်းထိုက်လို့ ချီးမွမ်းတာလေ၊ ဘာလဲ အရှင်ဘုရားက သူ့တရားကို မနာလို ဖြစ်နေတာလား”

လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်း၏ မြတ်စွာဘုရားအပေါ် တုန့်ပြန်ပြောဆိုပုံမှာ အလွန်အံ့သြစရာ ကောင်းပါသည်။ လမ်းမှန်ပေါ် ရောက်စေချင်လို့ လမ်းမမှားစေချင်လို့ လမ်းညွှန်နေသူကို “အရှင်ဘုရားက မနာလို ဖြစ်နေတာလား”ဟု တုန့်ပြန်သည်။ “အော် မြတ်စွာဘုရားတောင်မှ ဒီလို အပြောခံရပါလား”ဟု တွေးမိတော့ ထိုကဲ့သို့ ကိုယ့်ကို အပြောခံရစဉ်က နာကျင်မှုလေးများမှာ ပြယ်လွင့်ကုန်ခဲ့ကြသည်။

ထိုအပြောမျိုးမှာ လူတိုင်းလိုလို အပြောခံခဲ့ကြရဖူးပါလိမ့်မည်။ ကိုယ်တိုင်အတွေးဖြင့် မှန်သည်ဟု လုပ်ဆောင်နေသောအရာများသည် လက်တလောကောင်းသည်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ မှားယွင်းနေတတ်သည်။ သို့ရာတွင် မိမိကိုယ်တိုင်က ထိုမှားယွင်းမှုကို သတိမပြုမိ၊ ကိုယ့်အပေါ်တွင် စေတနာထားသူက မြင်နေတတ်သည်။

အခုလည်း သုနက္ခတ်က မြတ်စွာဘုရားကို ဘေးမှာထားပြီး ခွေးလိုကျင့်နေသူကို တကယ့်ရဟန္တာဟု ထင်မှတ်နေခဲ့သည်။ ထိုအမှားကို ထောက်ပြဖို့ အားထုတ်သော မြတ်စွာဘုရားကို “မနာလို”လို့ပြောသည်ဟု ထပ်ပြီး မှားယွင်းခဲ့လေသည်။

“သုနက္ခတ်…..ကောရခတ္တိယရဲ့ အရဟတ္တဖိုလ်ကို ငါ မနာလိုလို့ ပြောတာမဟုတ်၊ သင့်မှာ အယူမှား ၀င်နေလို့ ပြောတာဖြစ်တယ်။ အဲဒီအယူမှားကို စွန့်လိုက်ပါတော့။ သင်ကသာ ချီးမွမ်းနေတယ်။ အဲဒီ ကောရခတ္တိယဟာ ဒီနေ့ကနေ ၇-ရက်မြောက်ရင် စားပိုးနင့်ပြီး သေလိမ့်မယ်၊ သေပြီးရင် ဘာဖြစ်မယ် ထင်သလဲ”

“ရဟန္တာပုဂ္ဂိုလ်ကြီးသေတာဆိုတော့ ဘ၀လွတ်မြောက်ရာကို ရောက်မှာပေါ့”

“မဟုတ်ဘူး သုနက္ခတ်….အသုရာဘုံထဲက အနိမ့်ဆုံး ကာလကဉ္စိကာအသုရာကြီး ဖြစ်လိမ့်မယ်”

“အရှင်ဘုရားပြောတာ မဖြစ်နိုင်ပါဘူး။ မယုံပါဘူး”

“မယုံရင်တော့ သင် စောင့်ကြည့်လိုက်ပေါ့”

မြတ်စွာဘုရားထံမှ ထိုစကားကို ကြားပြီးနောက် သုနက္ခတ်သည် မြတ်စွာဘုရားစကား မှားယွင်းစေဖို့ ကြံစည်အားထုတ်လေတော့သည်။ မြတ်စွာဘုရားနှင့် စကားပြောပြီး ကျောင်းရောက်လို့ ဆွမ်းစားပြီးသောအခါ ချက်ချင်းပင် ကောရခတ္တိယတက္ကဒွန်းကြီးထံသို့ သွားလေသည်။

“အရှင်ကောရခတ္တိယ….သင့်ကို ဂေါတမက ၇-ရက်မြောက်လျှင် စားပို့နင့်ပြီး သေမယ်လို့ ပြောနေတယ်။ သေပြီးနောက်မှာလည်း ကာလကဉ္စိက အသုရာဘုံမှာ ဖြစ်မယ်လို့ ပြောနေတယ်”

“ဟုတ်ပါပြီ၊ အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာလဲ”

“ကျုပ်တို့ ဂေါတမရဲ့စကားမှားအောင် လုပ်ရမယ်”

“ဘယ်လို လုပ်ရမှာလဲ”

“စားပို့နင့်ပြီး သေမယ်လို့ ပြောတာဆိုတော့ သင်က အစားကို လျှော့စားပေါ့၊ ရေကိုလည်း လျှော့သောက်ပေါ့၊ အဲဒီလိုသာနေရင် သင်ဟာ ဘယ်လိုလုပ် စားပိုးနင့်ပြီး သေပါ့မလဲ”

“ဟုတ်ပါပြီဗျာ၊ ကျုပ် လျှော့စားမယ်၊ လျှော့သောက်မယ်”

သုနက္ခတ်သည် “မြတ်စွာဘုရားစကား မှားတော့မယ်”ဟု တွေးပြီး ကြိတ်ပီတိတွေ ဖြစ်နေခဲ့လေသည်။ စိတ်ကလည်း နေ့စဉ်နေ့တိုင်း ၇-ရက်ပြည့်မည့်နေ့ကို စောင့်နေခဲ့သည်။ ၇-ရက်ပြည့်သောအခါ မြတ်စွာဘုရားမိန့်တော်မူသည့်အတိုင်း ကောရခတ္တိယသည် စားပိုးနင့်ပြီး သေဆုံးခဲ့လေသည်။

သုနက္ခတ်သည် ကောရခတ္တိယ စားပိုးနင့်ပြီးသေသည့်သတင်းကို ရသည့်တိုင် မြတ်စွာဘုရားကို အထင်မကြီးခဲ့ပေ။ “စားပိုးနင့်ပြီး သေတာတော့ ဟုတ်ပါပြီ၊ အသုရာဘုံမှာဖြစ်မယ်ဆိုတာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ”ထင်နေခဲ့သည်။ သို့ဖြစ်၍ ကောရခတ္တိယသေဆုံးသောနေရာသို့ သွားခဲ့သည်။ အလောင်းကို တွေ့သောအခါ လက်ဖြင့်ပုတ်ပြီး “သင် မည်သည့်ဘုံမှာ ရောက်နေသနည်း”ဟု မေးသည်။

အလောင်းကောင်ကြီးသည် ထလာပြီး “အသုရာဘုံရဲ့ အနိမ့်ဆုံး ကာလကဉ္စိကာဘုံမှာ ရောက်နေပါတယ်”ဟုပြောပြီး ပြန်လဲကျသွားခဲ့လေသည်။ သုနက္ခတ်လည်း သူ့အကြံအစည်များ မှားယွင်းခဲ့သည်ကို သိမြင်ပြီး ခေါင်းငိုက်စိုက်ဖြင့် ကျောင်းသို့ ပြန်ရောက်ခဲ့သည်။

မြတ်စွာဘုရားရှင်သည် သုနက္ခတ်ရဟန်း အမြင်မှန် ရလိုရငြားဖြင့် “သုနက္ခတ်….ငါဘုရား ပြောခဲ့တဲ့အတိုင်း မှန်ရဲ့လား ဒါမှမဟုတ် တလွဲဖြစ်နေလား”ဟု မေးလေသည်။

“မှန်ပါတယ်၊ တလွဲမဖြစ်ပါ”

“ကဲ….ငါဘုရား ဒီလိုပြောတာဟာ တန်ခိုးပြာဋိဟာပြတယ်လို့ မဆိုနိုင်ဘူးလား” (ရှေ့ဆောင်းပါးတွင် တန်ခိုးမပြလို့ဆိုပြီး မြတ်စွာဘုရားကို ဆရာအဖြစ်မှ စွန့်လွှတ်ခဲ့သည်)။

“ဆိုနိုင်ပါတယ်”

“ကဲ…ဒီလိုဆိုရင် သင် ဘယ်လောက်မှားယွင်းနေသလဲဆိုတာ သိပါတော့၊ ကိုယ့်အပြစ်တွေကို သေချာကြည့်စမ်းပါ”ဟု ဆုံးမလေသည်။

အထက်ပါအကြောင်းအရာများကို ဘဂ္ဂ၀ပရိဗိုဇ်နှင့် ပြောဆိုဖြစ်ကြသောအခါ “ဘဂ္ဂ၀ရေ…ငရဲသွားမယ့် ဒီသုနက္ခတ်ကို ငါဘုရားလည်း တားလို့ မရပါဘူးကွယ်”ဟု ကရုဏာသက်သက်ဖြင့် မိန့်တော်မူခဲ့လေသည်။

ဤ၀တ္ထုကို ဖတ်ပြီးသောအခါ မြတ်စွာဘုရားရှင်၏ ပြည့်လျှံနေသော စေတနာမေတ္တာများနှင့် ထိုစေတနာမေတ္တာများကို လုံးလုံးလျားလျား မျက်ကွယ်ပြုနိုင်စွမ်းသော သုနက္ခတ်တို့၏ ပုံရိပ်များမှာ ထင်ရှားလာနေခဲ့ပြီး “စေတနာနှင့် မထိုက်တန်သူများ”ဟူသော စကားလေးကို ကြားယောင်နေမိခဲ့လေသည်။

1 comment:

Nge Naing said...

ခုခေတ်မှာလည်း လူမိုက်ကို လူကောင်းထင်ပြီး တကယ်စိတ်စေတနာရင်း ကောင်းပေမဲ့ လူမိုက်ဘာလုပ်လုပ် ဘာပြောပြော အကုန်မှန်တယ် ထင်နေတဲ့ လူမိုက်နောက်လိုက်သူတွေ အများကြီးရှိပါတယ်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails