Tuesday, May 4, 2010

သစ်ပင်ဘ၀၊ ဘ၀သစ်ပင်နှင့် အမြစ်များ


တစ်နေ့က လေအရမ်းတိုက်သည်။ မိုးကြိုးများပင် ပစ်လိုက်သေးသည်။ သစ်ပင်တွေအားလုံး ဟိုယိမ်းသည်ယိမ်းဖြင့် ထောက်တည်ရာမရ ဖြစ်နေကြသည်။ လေက ၁-နာရီကျော်လောက် ကြာအောင်တိုက်သည်။ အခန်းရှေ့မှာ အမှိုက်သရိုက်များ ပြန့်ကျဲရှုပ်ထွေးလို့နေသည်။ လေက တိုက်သည့်အထဲ မိုးကလဲ ဖွဲနေခဲ့သည်။ လမ်းပေါ်ကို လှမ်းကြည့်တော့ ကောင်မလေးတစ်ယောက် ပါလာသောထီးကို ဖွင့်နေသည်။ လေက အရမ်းတိုက်သဖြင့် မနိုင့်တနိုင် ထီးကို ပြန်ရုပ်နေသည်။ ခဏအကြာမှာ အခန်းရှေ့က သစ်ပင်ကြီးမှ အကိုင်းအခက်အချို့ ကျိုးကျလာသည်။ မရှေးမနှောင်းမှာပင် သရက်ပင်တစ်ပင်က ပြိုလဲသွားသည်။ လှမ်းကြည့်လိုက်တော့ အမြစ်များပါ ပြုတ်ထွက်နေသည်။ လေငြိမ်သွားတော့ အခန်းရှေ့ မြတ်ခင်းပြင်လေးမှာ စိမ်းစိုးလန်းဆန်းနေတော့သည်။

ထိုခဏအတွင်း ၀င်လာတဲ့အတွေးများထဲတွင် အမြစ်လေးတွေမှာ မျက်စိထဲက မထွက်နိုင်ခဲ့ပါလေ။ ခိုင်ခိုင်မာမာ အမြစ်တွယ်နေမိသော အပင်များမှာ လေကြောင့်ရေကြောင့်မိုးကြောင့် ပျက်စီးဖို့ ခက်ခဲလေသည်။ သစ်ပင်တို့၏ ဘ၀တည်မြဲရေးအတွက် အမြစ်သည် အရေးကြီးသည်။ တည်ငြိမ်သောဘ၀တစ်ခု ဖြစ်နေဖို့အတွက် အမြစ် သေသေချာချာတွယ်နေဖို့ အရေးကြီးသည်။ တွေးရင်းတွေးရင်း သစ်ပင်တို့၏ ဘ၀လေးများကို နက်နက်နဲနဲ တွေးနေမိသည်။ သစ်ပင်ဆိုပြီး ဖြစ်လာကတည်းက သူတို့လည်း ကြာရှည်တည်မြဲရေးကို အလိုရှိသည်။ ဘ၀တည်မြဲရေးအတွက် ရုန်းကန်ရသည်။ ရေခံမြေခံ ကောင်းသောနေရာများတွင် မွေးဖွားရှင်သန်ခွင့်ရသော အပင်များအတွက် အမြစ်တွယ်ဖို့ရာ လွယ်ကူသည်။

ရရှိလာသော ရေခံမြေခံက ကောင်းမွန်နေသော်လည်း ကံမကောင်းအကြောင်းမလှလို့ ကျောက်ဖျာပေါ်တွင် ရှင်သန်ကြရသော အပင်များလည်း ရှိသည်။ သူတို့သည် ပကတိမြေပြင်တွင် မွေးဖွားသောအပင်များကဲ့သို့ သက်တောင့်သက်သာ ရုန်းကန်ခွင့်မရ၊ ခက်ခက်ခဲခဲ အသက်ရှင်ရပ်တည်ရေး လှုပ်ရှားရသည်။ မည်သို့ဖြစ်စေ သစ်ပင်ဟု မွေးဖွားခဲ့ရပြီဖြစ်၍ သစ်ပင်အဖြစ်ကို မစွန့်ပယ်နိုင်တော့။ ရပ်တည်ရေးအတွက် ကျောက်ဖျာပေါ်တွင် ဘ၀ကို အခြေချပြီး ကျောက်ဖျာဘေးမှ မြေဆီလွှာကို ခက်ခက်ခဲခဲ ရယူရသည်။ သို့ရာတွင် ဘ၀ကိုက အခြေမခိုင်ခဲ့သဖြင့် မိုးဒဏ်လေဒဏ်ကို ခံနိုင်ဖို့အတွက် ခက်ခဲသည်။

အချို့သစ်ပင်များမှာ သစ်ပင်ဟု မွေးဖွားရှင်သန်ချိန်က မြေဆီလွှာမကောင်းသော်လည်း ၀ီရိယစိုက်ထုတ်မှုနဲ့ နည်းအမျိုးမျိုးဖြင့် မြေဆီလွှာဆီသို့ ရောက်အောင် ဉာဏ်ကူနိုင်သောကြောင့် ရှင်သန်တည်မြဲသောဘ၀ကို ပိုင်ဆိုင်ကြလေသည်။ အချို့မှာ ရေခံမြေခံက မကောင်းသည့်အထဲ မြေဆီလွှာဆီသို့ရောက်အောင် အားလည်း မထုတ်၊ ပျင်းရိနေသောကြောင့် ဘ၀ရပ်တည်မှုမှာ အဆင့်မမြင့်၊ ခဏတာ အသက်ရှင်ပြီး ပြိုလဲကြရလေသည်။ အချို့သစ်ပင်များမှာ ရေခံမြေခံကောင်းကောင်းတွင် မွေးဖွားလာကြရသဖြင့် ဘ၀ကို သက်တောင့်သက်သာ ရပ်တည်နိုင်ကြသည်။ ရေခံမြေခံကောင်းတွင် မွေးဖွားရသော်လည်း ပျင်းရိစွာဖြင့် အမြစ်ကို သေသေချာချာ တွယ်မိအောင် အားမထုတ်နိုင်ကြသဖြင့် ခဏတာ ဝေဆာစည်ပင်ခဲ့သော်လည်း အဆင့်အတန်းမြင့်သော သစ်ပင်ဘ၀ကို မဆုတ်ကိုင်နိုင်ဘဲ သေဆုံးလွင့်မျောသွားခဲ့ကြရသည်။

သစ်ပင်များ၏ဘ၀သည်လည်း လူတို့ဘ၀များကဲ့သို့ ရှုပ်ထွေးဆန်းပြားလှသည်။ လူ့ဘ၀အထွေထွေကို ပြော၍မကုန် ရေး၍မခန်းဟု ဆိုကြသလို သစ်ပင်တို့ဘ၀အထွေထွေသည်လည်း လူ့ဘ၀အကြောင်းအရာများအလား ရေး၍မကုန် ပြောမခန်းပင် ဖြစ်လေသည်။ လူတို့သည် ဘ၀ပေးအခြေအနေအရ အသက်ရှင်ရပ်တည်နေရသည်။ သစ်ပင်တို့၏ဘ၀များသည်လည်း ထိုနည်း နှင်နှင်ပင် ဖြစ်ပါသည်။
လူတို့တွင် အချို့က ချမ်းသာကြွယ်ဝစွာဖြင့် လူဖြစ်လာခဲ့ကြရသည်။ အချို့ ဆင်းရဲမွဲတေစွာဖြင့် လူ့အဖြစ်ကို ရခဲ့ကြသည်။

မူလဖြစ်လာရင်းအခြေအနေများ ကွဲပြားသကဲ့သို့ သူတို့၏ ဘ၀အခြေအနေများ၊ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေရပုံများ၊ ဘ၀တိုက်ပွဲ၏ အရှိန်ဒီဂရီ အနိမ့်အမြင့်များ စသော ဘ၀ပုံရိပ်များမှာ ကွဲပြားနေရပေလိမ့်မည်။ ထိုကွဲပြားမှုများအလိုက် အသက်ရှုနှုန်းများလည်း ကွဲပြားလေမည်။ ရင်ခုန်သံအနိမ့်အမြင့်များလည်း ကွဲပြားပေမည်။ မည်သို့မည်ပုံ ကွဲပြားနေစေကာမှု ရည်ရွယ်သည်က တစ်ခုသာ ရှိသည်။ ယင်းမှာ မိမိယုံကြည်ရာ အနေအထားတစ်ခုတွင် အမြစ်တွယ်မိဖို့ပင် ဖြစ်ပါသည်။

သစ်ပင်များအကြောင်း၊ သစ်ပင်တို့ဘ၀နှင့်မခြား လူသားတို့၏ ဘ၀သစ်ပင်များအကြောင်း စဉ်းစားရင်း အတွေးစိတ်က အမြစ်များဆီ ရောက်သွားသည်။ အမြစ်များ…….။ ကိုယ်တွယ်နှောင်မိသောအမြစ်များကိုလည်း မြင်နိုင်သရွေ့ လှမ်းနှိုက်ကြည့်နေမိသည်။ “အော်…ငါ့ဘ၀သစ်ပင်မှာလည်း အမြစ်တွေ များစွာ ရှိနေပါလား”ဟု သိလိုက်ရသည်။ တစ်ချို့အမြစ်များက ဘ၀တိုးတက်ဖို့၊ ဘ၀မြင့်မြတ်ဖို့၊ ဘ၀အထက်တန်းကျဖို့ တွယ်နှောင်ရစ်ပတ်နေကြသည်။ တစ်ချို့အမြစ်များက ဘ၀ကို တူးဖြို့ဖို့၊ ဘ၀အဆင့်အနိမ့်ကျဖို့အတွက် ရစ်ပတ်တိုးဝင်နေကြသည်။ ဘ၀သစ်ပင်တွင် ကပ်ပါးညောင်ပင်ပမာ တွယ်နေသော အမြစ်များက ရှိသေးသည်။ ထိုအမြစ်များကလည်း ဘ၀သစ်ပင်၏ ပုံရိပ်ကိုေ၀၀ါးသွားစေဖို့ အားကြိုးမာန်တက် ရစ်ပတ်တုပ်နှောင်နေသည်။

တစ်ချို့အမြစ်များဆိုလျှင် ဘ၀သစ်ပင်၏ မူလရေသောက်မြစ်ထက်ကို ပိုမိုအားကောင်းစွာ တိုးဝင်ရစ်ပတ်နေကြသည်။
သစ်ပင်သည် တစ်ပင်တည်း ရှင်သန်၍ မရသဖြင့် အခြားသစ်ပင်တို့၏ အမြစ်များ တိုးဝင်ပူးကပ်ရှင်သန်နေကြမည်မှာ သေချာသည်။ သို့ရာတွင် မည်သည်က ဘ၀ကို တည်ငြိမ်မှု၊ ရှင်သန်မှု ပေးစွမ်းနိုင်သော အမြစ်များ ဖြစ်သနည်း….ထိုအရာကို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့တော့ လိုပါသည်။

စာစကားအရ ပြောရလျှင် လောဘမူလ(တွယ်တာမှုအမြစ်)၊ ဒေါသမူလ (ခက်ထန်မှုအမြစ်)၊ မောဟမူလ(မဆုံးဖြတ်နိုင်မှုအမြစ်)၊ အလောဘမူလ(အနှောင်အဖွဲ့ကင်းမှုအမြစ်)၊ အဒေါသမူလ(မေတ္တာအမြစ်)နှင့် အမောဟမူလ(ပညာအမြစ်)ဟူသော အမြစ်များတွင် မည်သည့်အမြစ်ကို ရှင်သန်စေပြီး မည်သည့်အမြစ်ကို ဖြတ်တောက်ကြမည်နည်း…ထိုအရာကို မှန်ကန်စွာ သုံးသပ်လေ့ကျင့်နိုင်ဖို့ လိုပါသည်။

ရှုပ်ထွေးပွေလီနေသော အခန်းရှေ့က ညောင်ပင်ကြီး၏ အမြစ်များအကြောင်း စဉ်းစားရင်း ထို့ထက်မက ရှုပ်ထွေးပွေလီစွာ ၀န်းရံရစ်ပတ်တုပ်နှောင်ထားသော ကိုယ့်ဘ၀သစ်ပင်၏ အမြစ်များကို ခပ်မောမောဖြင့် ငေးမောနေမိတော့သည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails