Saturday, May 1, 2010

ရောင်စုံ ခြေလှမ်းများ



လူဟာ အခြားသူတစ်ဦးတစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး တုပထွင်းထုနေရင် ဒါဟာ ရူးသွပ်မှုပဲ ဖြစ်ပါလိမ့်မယ်။ လူဟာ အနှောင်အဖွဲ့ကင်းတယ်။ သီးသန့်အမြင်ရှိတယ်။ လွတ်လပ်တယ်။ လွတ်လပ်တဲ့အလျှောက် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်တွေးနိုင်ရမယ်။ ကွဲကွဲပြားပြား လုပ်ဆောင်နိုင်ရမယ်။ ပြီးတော့ ကိုယ့်လုပ်ဆောင်တွေးကြံမှုအလျှောက် ရလာတဲ့အသီးအပွင့်အတွက် တာဝန်ယူနိုင်ရမယ်။ ယန်းပေးဆက်တို့ရဲ့ ဖြစ်တည်မှုပဓာန၀ါဒကြီး လွှမ်းမိုးနေတယ်လို့ ဆိုကောင်းဆိုမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းပင် ဖြစ်ပါတယ်။


လူဟာ လွတ်လပ်ပေမယ့် (လွတ်လပ်စွာ တွေးခေါ်ကြံဆလုပ်ဆောင်နိုင်ပေမယ့်) အသိဉာဏ်မဖွံ့ဖြိုးခင်က လွှမ်းမိုးမှုအချို့တော့ ရှိတတ်ကြတယ်။ အသိဉာဏ်တွေ ရင့်ကျက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဒါကို တိုက်ဖျက်ရမယ်။ သို့မဟုတ် ကိုယ်ပိုင်ဟန်ဖြစ်အောင် လုပ်ဆောင်ရမယ်။ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ ကိုယ်ပိုင်ဟန်တွေနဲ့ ဘ၀ကို တည်ဆောက်နိုင်အောင်၊ လွှမ်းမိုးမှုတွေ ပပျောက်အောင် လုပ်ဖို့ တိုက်တွန်းတဲ့ ဒေသနာပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လေးစားရမယ်။ တန်ဖိုးထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် စီရင်ရမှာမိုလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘယ်သူကလာပြီး တန်ဖိုးထားပါတော့မလဲ။ တန်ဖိုးရှိတဲ့ဘ၀ကို ဘယ်လို တည်ဆောက်နိုင်စွမ်း ရှိတော့မလဲ။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။ တကယ်တော့ လောကဆိုတာ မြေနိမ့်ရာ လှံစိုက်ကြတာပဲ။ ပေါက်ပင်ဟာ ရေပြင်ဘက်ပဲ ကိုင်းတယ်။ သူနိုင်တဲ့ဘက် သူကိုင်းတယ်။ ကုန်းမြေဘက်ကိုင်းဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။ ရေပြင်ဘက်က နိမ့်လို့၊ ပျော့လို့ပါပဲ။ ဒါဟာ လောကရဲ့ သဘာဝပဲ။ ကျွန်တော်တို့ဟာ နိမ့်ပြီဆိုရင် အနှိမ်ခံဘ၀၊ အဖိအနှိပ်ခံဘ၀ ရောက်ရတော့တာပဲ။

“ငါသည် မုချသေရမည်”။ “ဘာလုပ်မှာလဲကွာ…မျိုးချစ်တာတို့ ဘာတို့”ဆိုတာ ဗုဒ္ဓတရားတော်ကို သေချာနားမလည်သေးလို့ပါ။ ကျွန်တော်တို့ဟာ ဗုဒ္ဓကို နားမလည်ကြသေးပါဘူး။ ဗုဒ္ဓကို နားလည်ရင် အကြောက်တရားတွေ ကင်းနေရမယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်စွမ်း ရှိလာရမယ်။ ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်စွမ်းလည်း ရှိတယ်။ လုပ်ဖို့လည်း သင့်တယ်။ ဒါပေမယ့် ကြောက်ရွံ့မှုတွေနဲ့အတူ တုံ့ဆိုင်းကုန်စေခဲ့ကြတယ်။

“ကျွန်တော့်အဘိုး ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့်မြေး ဘာလဲဆိုတာပဲ အရေးကြီးတယ်”လို့ လင်ကွန်းပြောတဲ့စကားက အလွန်မှတ်သားသင့်ပါတယ်။ ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ကြောက်ကြောက်လန့်လန့်ဖြင့် ကြီးပြင်းခဲ့ရတယ်။ မိဘကို ကြောက်ရတယ်။ ဆရာ၊ ဆရာမတွေကို ကြောက်ရတယ်။ ကျောင်းသားငယ်ဆိုရင် ကျောင်းသားကြီးကို ကြောက်ရတယ်။ လူငယ်တွေက လူကြီးတွေကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသွားတော့လည်း ကျောင်းထိုင်ဆရာတော် ကြိမ်တုတ်ကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသားတစ်ယောက်ဟာ ဘုန်းကြီးကို ကြောက်ရတယ်။ ကိုရင်ကြီးတွေလည်း ကြောက်ရတယ်။ ကျောင်းသားကြီးတွေကို ကြောက်ရတယ်။ ကပ္ပိယတွေကို ကြောက်ရတယ်။ အရာရှိငယ်က အရာရှိကြီးကို ကြောက်ရတယ်။ နေရာတကာမှာ အကြောက်တရားတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ကြရတယ်။

ဗုဒ္ဓဘာသာမှာ အရှက်တရား၊ အကြောက်တရားဆိုတာ ရှိပါတယ်။ အဲဒီထဲက အရှက်တရားကိုတော့ ဒီနေရာမှာ မပြောလိုပါ။ ဗုဒ္ဓဘာသာအရ အကြောက်တရားဆိုတာ မကြံသင့် မကြံထိုက်၊ မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြံရမှာ၊ ပြောရမှာ၊ လုပ်ရမှာကို ကြောက်ခြင်းပါပဲ။ ဆိုတော့ ဘာတွေက မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေ ဖြစ်ပါသလဲလို့ မေးစရာ ရှိပါတယ်။ “မိမိ၊ သူတစ်ပါး ဘယ်သူ့အတွက် ဘယ်အရာအတွက်မှ ကောင်းကျိုးမပေးဘူးဆိုရင် ဒါဟာ မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာပါပဲ”လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်အချို့ကို ထောက်ပြပြီး ငြင်းခုန်ကြတာလေးတွေလည်း ရှိတတ်ပါတယ်။ အလုပ်တစ်ခုဟာ မိမိနဲ့မိမိပတ်ဝန်းကျင် သို့မဟုတ် လောကအတွက် ကောင်းကျိုးတော့ ဖြစ်ထွန်းပါရဲ့။ ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့ တစ်စုံတစ်ယောက်အတွက် နာကျင်စရာဖြစ်သွားတာလေးတွေလည်း ရှိနေတတ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားများသာ ဖြစ်တဲ့အတွက် လုပ်လိုက်တဲ့လုပ်ရပ်တိုင်းဟာ ကောင်းကျိုးချည်းသာ ဖြစ်ရမယ်လို့ အာမမခံနိုင်ကြပါဘူး။ များသောအားဖြင့်တော့ လောက၊ မိမိနဲ့ သူတစ်ပါးသုံးမျိုးထဲက တစ်စုံတစ်ရာအတွက်သာ အကျိုးဖြစ်ထွန်းပြီး တစ်စုံတစ်ရာအတွက် နစ်နာစေတဲ့အလုပ်တွေကို လုပ်ဖြစ်နေကြတာ များပါတယ်။ အဲဒီလို အဖြစ်အပျက်တွေနဲ့ေ၀၀ါးလာတဲ့အခါ လူသားဟာ အကြောင်းပြချက်တစ်ခု ထုတ်လာတယ်။ “ကိုယ့်သမိုင်း ကိုယ်ရေးတာပါကွာ”တဲ့။

ဘယ်အရာမဆို ကျွန်တော်တို့အနေနဲ့ လုပ်ချင်တဲ့အရာနဲ့ လုပ်သင့်တဲ့အရာလို့ ခံစားနားလည်မိရင် ကျွန်တော်တို့ နောက်မဆုတ်သင့်တော့ဘူး။ ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ ချိန်ညှိဖို့တော့ လိုအပ်တယ်။ “လူအများစုဟာ ကိုယ့်မှာရှိခြင်းအပေါ်မှာ အာရုံစိုက်ရမယ့်အစား လိုချင်တဲ့အပေါ်မှာပဲ အာရုံစိုက်နေကြတယ်”လို ဒေါ်ခင်စောတင့် ပြောတဲ့စကားကလည်း မှတ်သားစရာပါ။ ဆိုတော့ ကိုယ်လုပ်နိုင်စွမ်းရှိခြင်း၊ လုပ်ချင်သောဆန္ဒနဲ့ လုပ်သင့်သောအရာတို့ ပေါင်းဆုံမိလျှင် အကြောက်တရား၊ အရွံ့တရားတို့ရဲ့ နှောက်ယှက်ဟန့်တားမှုကို ကျွန်တော်တို့ ဂရုမစိုက်သင့်တောဘူးလို့ ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ပြီးရင် နောင်တကင်းကင်း လိပ်ပြာသန့်သန့်နဲ့ ဘ၀ကို ဆက်လက်ချီတက်နိုင်ဖို့ ဖြစ်စေအောင် အားထုတ်သင့်တယ်လို့ ထင်ပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails