Friday, April 9, 2010

ချစ်ခြင်းတရား၊ အမှားအမှန်နဲ့ သောက


အခုတလော ဖြစ်ပျက်နေပုံများ ဖြစ်ပါသည်။ မိုးတွေက အရမ်းရွာသည်။ အပြောင်းအလဲတွေ အရမ်းမြန်သည်။ အခန်းထဲတွင် တစ်ယောက်တည်း အမောဖောက်နေသည်။ စိတ်တွေက ဟိုပြေးသည်ပြေး ဖြစ်နေသည်။ ထိန်းချုပ်ဖို့လည်း မကြိုးစားမိ။ မျက်နှာကို သုန်မှုန်စွာ ထားလိုက်သည်။ ဒေါသကို ချုပ်တည်းဖို့ နှုတ်ခမ်းကိုသာ ကိုက်နေသည်။ ၀မ်းနည်းစိတ်တွေကို ဖြေလွင့်ဖို့ နှုတ်ဆိတ်နေသည်။

စိတ်ပြေလက်ပျောက် အင်တာနက်စာမျက်နှာများဆီ သွားတော့လည်း ရိုးအီနေသော သတင်းများသာ နေရာယူသည်။ ကဗျာတွေ ကောက်ဖတ်တော့လည်း နာကျည်းနေသော ကဗျာများသာ အရသာရှိသည်။ တော်လှန်သောကဗျာများသာ အရသာရှိနေသည်။ ၂၀၁၀-ရွေးကောက်ပွဲ၊ NLD အစည်းအဝေးပွဲ၊ တူညီသော အမြင်များ၊ မတူညီသောအမြင်များ၊ ဆဲသံဆိုသံ၊ ညည်းသံ ငြူသံ။ အသံမျိုးစုံ ကြားနေရသည်။ အချို့များကျတော့ ရယ်သံများတောင် လွင်နေကြသည်။

နောင်တော်ကြီး ဦးတေဇော (မြတ်ရောင်နီ)က မလွမ်းဘူးလား ပို့စ်ကို တင်သည်။ လွမ်းပါသည်။ လွမ်းနေပါသည်။ သို့ရာတွင် မည်သို့ဘယ်ဆီ လွမ်းနေသည်ကား မသိ။ သို့ရာတွင် အမေ့ကို တွေ့ချင်နေသည်။ စကားပြောချင် နေသည်။ လက်တလော ခံစားနေရသောအကြောင်းများကို ပြောချင်နေသည်။ အကောင်းအဆိုးတွေ ရင်ဖွင့်နေကျ ညီမငယ်ကိုလည်း လွမ်းသည်။ မြန်မာ့ဒီမိုကရေစီအရေးကိုလည်း လွမ်းသည်။ မြန်မာ့အနာဂတ် ကိုလည်း လွမ်းသည်။ မွေးရပ်မြေလေးကိုလည်း လွမ်းသည်။ မွေးရပ်မြေ ရွာဦးထိပ်က ဘုရားကြီးကိုလည်း လွမ်းပါသည်။


မြတ်စွာဘုရားရှင်က ပစ္စုပ္ပန်မှာ နေတတ်အောင် ကြိုးစားခိုင်းသည်။ “အတိတ်ကိုလည်း ဆွေးမနေနဲ့၊ အနာဂတ်ကိုလည်း ကြိုမပူနဲ့”ဟု မှာတမ်းခြွေသည်။ အတိတ်က နာကျည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ ခံစားခဲ့ရတာတွေကို မေ့ပစ်လိုက်ဖို့ လိုသည်။ အနာဂတ်အတွက် သောကကင်းကင်းဖြင့် စီမံဖန်တီးတတ်ဖို့လိုသည်။ နောင်တော်ကြီး မြတ်ရောင်နီကို ပြောဖူးသည်။ “ဟိုတုန်းက တည်ငြိမ်မှုလေးတွေ ပျောက်နေတယ်”ဟု ပြောလိုက်သည်။ သူက ပြောသည်။ “ငါ့ညီရေ…ဈာန်ရပုဂ္ဂိုလ်တောင် ဈာန်လျှောသေးတာ ငါတို့က ဈာန်တောင် မရခဲ့ပါဘူးကွာ”ဟူ၍။ ကာလအတိုင်းအတာတစ်ခုအထိတော့ “ပုထုဇ္ဇနော ဥမ္မတ္တကော = ပုထုဇဉ်ဆိုတာ အရူးတွေ”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောနေရလိမ့်ဦးမည်။

အမှားများလုပ်မိလျှင် “ပုထုဇဉ်ပဲကွာ၊ အမှားနဲ့ ဘယ်ကင်းမလဲ”ဟု ပြောတတ်ကြသည်။ ပြောခဲ့ဖူးသည်။ ရှေ့ဆက်ပြောဖို့လည်း အလားအလာရှိနေသေးသည်။ အများအားဖြင့် ယုံကြည်မှုမှားယွင်းခဲ့လျှင် (မှားယွင်းစွာ ယုံကြည်ခဲ့လျှင်) အမှားအယွင်းများ ဖြစ်လာသည်။ မည်သည့်အရာဖြစ်ဖြစ် မှားယွင်းစွာ မယုံကြည်မိလိုက်ဖို့ ဂရုပြုရန်လိုသည်ဟု အတွေ့အကြုံများက စကားပြန်သည်။ မှားခြင်းသည် သူ့သဘာဝအတိုင်း မှားခြင်းအဖြစ် တည်ရှိနေမည်။ အန္တရာယ်မရှိသေး။ သို့ရာတွင် ထိုအမှားကို အမှန်ဟု ယုံကြည်မိလျှင် ယုံကြည်မှုဒီဂရီအလျှောက် ခံစားရဖို့ ရှိသည်။ မှားယွင်းခဲ့ခြင်း၏ အကျိုးဆက်အန္တရာယ်များ ကြုံလာရဖို့ ရှိသည်။ အန္တရာယ်ကြုံပြီဆိုလျှင် ကြောက်ခြင်းနှင့်မုန်းတီးနာကျည်းခြင်းတို့ မလွဲမသွေ ပေါ်လာတတ်သည်။

လူတို့သည် လူဖြစ်၍ မှားခဲ့ကြလိမ့်မည်။ မှားယွင်းခဲ့ကြလိမ့်မည်။ မှားယွင်းစွာ ယူဆခဲ့ကြလိမ့်မည်။ မှားယွင်းစွာ ပြောဆိုခဲ့ကြလိမ့်မည်။ မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြလိမ့်မည်။ သို့ဖြစ်၍ မှားယွင်းမှု၏ အကျိုးဆက် အကြောက်တရား၊ မုန်းတီးနာကျည်းမှုများ၊ ကျိတ်မနိုင်ခဲမရ ဒေါသအာဃာတများ လောင်မြိုက်ခဲ့ကြလိမ့်မည်။ သင်္ခန်းစာသည် အကောင်းဆုံး အပြောင်းအလဲသို့ ဦးတည်နိုင်သည်။ သင်္ခန်းစာမယူဘဲ ရှေ့ဆက်လောင်မြိုက်ခြင်းများဖြင့် ချီတတ်လျှင် အောင်ပွဲသည် ဝေးမည်။

အိန္ဒိယခေါင်းဆောင်ကြီး နေရူးနှင့် ဗြိသျှဝန်ကြီးချုပ် ချာချီတို့ ပြောစကားများကို သတိရသည်။
“ဗြိသျှထောင်မှာ ခင်ဗျား ဘယ်လောက်ကြာခဲ့သလဲ”
“၁၀-နှစ်”
“အော် အကြာကြီးပဲ။ ဒီလောက်အကြာကြီး ခင်ဗျားကို ထောင်ချတာ ဗြိသျှကို ဘာကြောင့်မမုန်းသလဲ”
“ကျုပ်တို့ ခေါင်းဆောင်ကြီး(ဂန္ဒီ)ပြောခဲ့တဲ့ အချက်နှစ်ချက် ရှိတယ်ဗျ၊ နံပါတ် (၁) ဘယ်သူ့မှ မကြောက်ရ၊ နံပါတ် (၂) ဘယ်သူ့မှ မမုန်းရ”

မှားယွင်းစွာ ဘ၀ကို မြင်ထားသ၍ စိတ်ချမ်းချမ်းသာသာ မနေရမှာ ကြောက်သည်။ တစ်စုံတစ်ယောက်က သူ့ကို မချစ်မှာ ကြောက်သည်။ မုန်းမှာကြောက်သည်။ မေ့ပစ်မှာ ကြောက်သည်။ ကိုယ့်စိတ်တိုင်းကျဖြစ်နေလျှင် ချစ်သည်။ ကိုယ့်စိတ်နှင့်မတွေ့လျှင် မုန်းကြသည်။ ကြောက်ခြင်းနှင့်မုန်းခြင်းကို ဘ၀ခရီးမှာ ချန်ထားခဲ့ဖို့ မစွမ်းနိုင်လျှင်သော်မှ (အရိယာတွေဖြစ်မှ ထားခဲ့နိုင်မှာ) သံသေတ္တာထဲ လုံခြုံစွာ သော့ခတ်ထားဖို့တော့ လိုမည်။ ခဏခဏ ဖွင့်မကြည့်ရ။ လုံးဝမဖွင့်ဘဲထားလျှင်တော့ ပိုကောင်းမည်။

အမှားများသည် စိတ်ကို မထိန်းချုပ်မိခြင်း သို့မဟုတ် မထိန်းချုပ်နိုင်ခြင်းတို့မှ မြစ်ဖျားခံသည်။ လူငယ်တစ်ယောက်က ပြောသည်။ သူတို့ရပ်ကွက်ထဲတွင် မိန်းကလေးတစ်ယောက်ရှိသည်။ ထိုမိန်းကလေးကို တမ်းတမ်းစွဲချစ်မိခဲ့သည်ဟု ဆိုသည်။ ထိုမိန်းကလေးသည် ရည်းစားများသည်။ လွယ်လွယ်ချစ်ပြီး လွယ်လွယ် မေ့သည်။ သူ သိသည်။ သို့သော် သူချစ်မိသည်။ အခု သူအသည်းကွဲသည်။ နာကျည်းသည်။ လောင်မြိုက်နေသည်။ မဲပြာပုဆိုးလို ရိုးအီနေသော စကားလုံးများဖြင့် သူ့ကို ဖြေသိမ့်ခဲ့ရသည်။

ဘ၀တွင် အသိစိတ်ဓာတ်နှင့် ခံစားချက်တို့သည် တစ်ခါတစ်ရံ တပူးပူး တတွဲတွဲ ရှိနေတတ်သော်လည်း တစ်ခါတစ်ရံတွင် အလဲလဲ အပြိုပြို တစ်လမ်းစီ သွားသည်။ အသိစိတ်ဓာတ်နှင့်ခံစားချက်တို့ တပူးပူး တတွဲတွဲ ရှိနေသာအခါ သူတို့သည် မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့ တစ်လမ်းစီ သွားဖြစ်ကြသောအခါ ရန်သူများ ဖြစ်ကြသည်။ အချင်းချင်း တိုက်ခိုက်သည်။ တစ်ခါတစ်ရံ အသိစိတ်က အနိုင်ရသည်။ တစ်ခါတစ်ရံ ခံစားချက်က အနိုင်ရသည်။ သူတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြသောအခါ လူသည် ပင်ပန်းသည်။ မောဟိုက်သည်။ တွေတွေဝေေ၀ဖြစ်သည်။ ခံနိုင်ရည်မရှိသူအတွက် ပြိုလဲသွားသည်။ သူတို့နှစ်ဦး အချင်းချင်း လိုက်ဖက်ညီအောင် ညှိပေးနိုင်မှ လူသည် သက်သာရာရနိုင်သည်။

ပေါက်ပေါက်ကွဲကွဲဖြင့် မထိန်းချုပ်နိုင်ခဲ့သော အိန္ဒိယမျိုးချစ်ခေါင်းဆောင် အိရွှရကျန္ဒရ၏ အမှားကတော့ ရယ်ရမလို ငိုရမလို ရှိသည်။ တစ်နေ့ ဇာတ်ပွဲတစ်ခုကို သွားကြည့်သည်။ ရှေ့ဆုံးတန်းမှာ ထိုင်သည်။ ပြဇာတ်က အတော်ကောင်းနေသည်။ သူ့စိတ်က ပြဇာတ်ထဲ ၀င်ပူးသွားသည်။ ပြဇာတ်နှင့် သရုပ်ဆောင်သူများက ကောင်းလွန်း၍ သူကိုယ်တိုင် ပြဇာတ်ထဲက လူလို ဖြစ်သွားသည်။ အခန်းတစ်ခန်းမှာ လူဆိုးလုပ်သူက ပီပီပြင်ပြင် သရုပ်ဆောင်လိုက်သောအခါ ဇာတ်စင်ပေါ်ပြေးတတ်ပြီး ဖိနပ်နှင့် ရိုက်လေတော့သည်ဟူ၏။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ခေါင်းဆောင်ကြီးက သူစိတ်မထိန်း၍ဖြစ်ကြောင်း၊ မှားပါကြောင်းတောင်းပန်၏။ အရိုက်ခံရသူ လူဆိုးပြောလိုက်သောစကားမှာ အံ့သြစရာ ဖြစ်၏။ “ဆရာကြီးဖိနပ်ကို ပြန်မပေးတော့ဘူး။ အမှတ်တရ သိမ်းထားပါရစေ။ ဒါမျိုး အညှို့ခံရပြီး သရုပ်ဆောင်နေတယ်ဆိုတာကို မေ့သွားတာမျိုး မရှိခဲ့ဖူးဘူး၊ ဆရာကြီးကို ကျေးဇူးတင်ပါတယ်”ဟူ၏။ အမှားအယွင်းတွင် တစ်ခါတစ်ရံ ချွင်းချက်လေးများ ရှိနေမည်မှာ သေချာသည်။

လက်ဝှေ့ပွဲတစ်ခုတွင် နည်းပြဖြစ်သူက တပည့်လက်ဝှေ့သမားကို မှာကြားသည်။ ပြိုင်ဘက်၏ ဘယ်ဘက်မျက်နှာဘက်တွင် ဟာကွက်ရှိနေသည်။ ထိုဟာကွက်ကို အမိအရ ထိုးသတ်ဖို့ ပြောသည်။ တပည့်လက်ဝှေ့သမားကလည်း ထိုဟာကွက်ကို သေချာအောင် စောင့်ကြည့်သည်။ နည်းပြပြောသည့်အတိုင်း အရှိန်ပြင်းပြင်းဖြင့် ထိုဟာကွက်ကို မိမိရရ ထိုးထည့်လိုက်သည်။ ထိုလက်ဝှေ့သမားအတွက် သူ့လုပ်ရပ်သည် မှန်သည်။ ပြိုင်ဘက်လက်ဝှေ့သမား ကြိုးဝိုင်းထောင့်တွင် ခွေကျသွားသည်။ နည်းပြဖြစ်သူနှင့် သူ့ပရိသတ်များမှာ လက်ခုပ်တစ်ဖြောင်းဖြောင်းဖြင့် အားပေးလိုက်ကြသည်။ အမှတ်စဉ် ရေတွက်စဉ် ၁၀-မပြည့်ခင် ပြန်ထလာသည်။ မလျှော့တမ်း ပြန်ထိုးမည်ဟု အားခဲထားပုံရသော်လည်း သူ့ခန္ဓာကိုယ်က ယိုင်နဲ့နဲ့ ဖြစ်နေသည်။ ခံနိုင်ရည် သိပ်ရှိတော့သည့်ပုံစံ မဟုတ်တော့။

မရှေးမနှောင်းမှာပဲ အစီအစဉ်ကြေငြာသူမှ “အထိုးခံရသူ ပြိုင်ဘက်လက်ဝှေ့သမား အနိုင်ရရှိကြောင်း” အားပါးတရ ကြေငြာလိုက်သည်။ ပရိသတ်များမှာ ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်သည်။ အစီအစဉ်ကြေငြာသူမှ “ထိုးလိုက်သော လက်ဝှေ့သမားမှာ လက်ချောင်းရိုးကျိုးသွားပါသဖြင့် ဆက်လက် မထိုးသတ်နိုင်တော့ကြောင်း” တစ်ဆက်တည်း ဆက်ကြေငြာသည်။ လောကဇာတ်ခုံပေါ်က တစ်ချို့သော အဖြစ်အပျက်များသည် ကိုယ်က မှန်သည်ထင်ပြီး ကုန်းရုန်းကြိုးစားလိုက်သော်လည်း တစ်ဖက်လူကို အနိုင်ပေးလိုက်သလို ဖြစ်နေတတ်သည်။

အမှားအတွက် အချင့်အချိန်လေးများ လိုအပ်သလို အမှန်အတွက်လည်း အချင့်အချိန် အတိုင်းအဆလေးများ လိုအပ်နေမလားဟု တွေးမိပါသည်။

ဟိုတုန်းက မြန်မာအကြောင်း၊ မြန်မာနိုင်ငံရှေ့ရေးအကြောင်းများကို ပြောကြလျှင် အားပါးတရ ၀င်ပြောဖြစ်သည်။ လိုအပ်သလောက် ၀င်ပြောဖြစ်သည်မှအပ အခုအခါ အားပါးတရ မပြောဖြစ်တော့။ ရင်ထဲတွင် ကြိတ်ခဲနေသည်။ လမ်းစဉ်၊ ရည်ရွယ်ချက်၊ လူများနှင့် အမှားအမှန်များသာ ရင်ထဲတွင် လုံးထွေးနေကြသည်။ စိတ်ညစ်လာသောအခါ အမေ့ကို သတိတွေ ရသည်။ “မြန်မာ့ကို ချစ်လို့ ဒီလို ဖြစ်တာလား”ဟု သုံးသပ်သည်။

“ပီယတော ဇာယတီ သောကော = ချစ်ရင်တော့ ၀မ်းနည်းဖို့ ပြင်ထား”ဟု မြတ်စွာဘုရားက သတိပေးသည်။ မြတ်စွာဘုရားရှင်အား ရိုသေသမှုဖြင့် ကျေးဇူးတင်ရသော်လည်း ဤငမိုက်သားအတွက် အချစ်တွေက တိုးလို့သာ နေပါတော့သည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails