Friday, April 2, 2010

ဝိပဿနာအခန်း

“သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ သမုဒယ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”ဟု မြတ်စွာဘုရား ဟောတော်မူသည်။ အဓိပ္ပာယ်မှာ “ထွက်လေ၀င်လေတို့၏ မှီရာတည်ရာ မိမိ၏ ကိုယ်ကာယ၌ မိမိ၏ ဥပစာရသမာဓိအာရုံဖြစ်သော အကြည်သဘောဟူသော အာလောကသညာဖြင့် တသဲသဲဖြစ်လာကြသော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ တစီစီတဖြုတ်ဖြုတ် ချုပ်ပျက်ကြကုန်သော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ ထိုဥဒယဗ္ဗယအစွန်းနှစ်ပါးကို ကောင်းစွာထိမိ သိရှိနိုင်သော ဥဒယဗ္ဗယဉာဏ်အခြေခံဖြစ်သော ၀ိပဿနာတရားကို ကိုယ်တွေ့ဒိဋ္ဌ မဂ်ဖိုလ်ရအောင် အားထုတ်ကြကုန်ရာသည်”ဟု အဓိပ္ပာယ်ရပါသည်။

ဝိပဿနာဟူသည်မှာ ၀ိနှင့်ပဿနာကို ပေါင်းစပ်ထားသောပုဒ်ဖြစ်သည်။ ၀ိ-အထူး၊ ပဿနာ-အမြင်။ ၀ိပဿနာ = အထူးမြင်ခြင်း၊ အထူးသိခြင်းဟု ဆိုလိုသည်။ မည်သည့်အရာများကို အထူးမြင်၊ အထူးသိပါသနည်း။ ပညတ်တရားများ အထပ်ထပ် ဖုံးအုပ်နေသော ပရမတ်တို့ အမြဲမတည် ဖြစ်ချည်ပျက်ချည်သာ ရှိကုန်သဖြင့် အနိစ္စဧကန်အမှန်၊ ဒုက္ခဧကန်အမှန်၊ အနှစ်သာရ တစ်ခုမျှမရှိသော အနတ္တဧကန်အမှန်ဟု သစ္စဉာဏ်ဖြင့် အမှန်ကို အထူးမြင်၊ အထူးသိခြင်းပင် ဖြစ်ပါတော့သည်။ ဥပမာအားဖြင့် ကျွဲ၊ နွား၊ မြင်းစသော သတ္တ၀ါတို့သည် အဆီအနှစ်မရှိသော မြက်ခြောက်၊ မြက်ကြမ်း၊ မြက်ဆွေးတို့ကို စားဖို့ဝေးစွ နမ်းပင် နမ်းမကြည့်လိုကြပေ။ သို့ရာတွင် မြက်ရှားပါးသော အာဖရိကဒေသများတွင် ကျွဲ၊ နွား၊ မြင်းစသော သတ္တ၀ါတို့သည် အိန္ဒိယစသော နိုင်ငံခြားမှ တင်ပို့သော မြက်ခြောက်၊ မြက်ကြမ်း၊ မြက်ဆွေးများကို ရေစိုပက်ဖြန်းပြီး မျက်မှန်စိမ်းတပ်ပေးလိုက်သောအခါ စားလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတတ်ကြသည်ဟု ဆိုပါသည်။
ထိုဥပမာကဲ့သို့ပင် သတ္တ၀ါအပေါင်းတို့သည်လည်း တဏှာ၊ မာန၊ ဒိဋ္ဌိတို့နှင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တတည်းဟူသော အဆီအနှစ်တွေက တရွဲရွဲ အခဲလိုက်အခဲလိုက်နေသည်ဟု ထင်ရလောက်အောင် လှည့်ဖျားကာကွယ်၍ပေးနေသော ၀ိပလ္လာသ ၁၂-ပါး မျက်မှန်စိမ်းကြီးများကြောင့် အမှန်ကို မသိနိုင်ဘဲ အထင်အမြင်များ လွဲနေကြရလေသည်။
ဝိပဿနာဉာဏ်အမြင်သန်တော့မှ မျက်မှန်စိမ်းကြီးများ ပြုတ်နိုင်သည်။ မျက်မှန်စိမ်းပြုတ်မှ ငါတို့ ထင်ခဲ့သော မြင်ခဲ့သောအရာများသည် ငါတို့ ထင်သလို မမြဲဘူး၊ မချမ်းသာဘူး၊ ငါတို့ အလိုသို့ ဘာမျှ မလိုက်ဘူး၊ တင့်တယ်မှုလည်း မရှိဘူးဟု ဟုတ်တိုင်းမှန်ရာ ယထာဘူးတဉာဏ်ဖြစ်လာကြခြင်းဖြင့် ထူးသောအမြင်၊ ထူးသော အသိမျိုးကို ၀ိပဿနာဉာဏ်ဟု ဆိုရပါတော့သည်။
အိမ်သာပေါ်တွင် အချိန်တော်တော်ကြာ နေလိုက်လျှင် အိမ်သာနံ့နံမှန်း မသိတော့သလို သက္ကာယဒိဋ္ဌိစွဲက မြဲပြီး ကြာရှည်နေသောကြောင့် လွဲနေသည်၊ မှားနေသည်ဟု မသိနိုင်တော့ပေ။ အလွဲကြာလာသောကြောင့် အာရုံခြောက်ပါး၊ ဒွါရခြောက်ပါး မှားချင်တိုင်း မှားကြပြီး အောက်လမ်းသံသရာမှာ လူးလာခေါက်ပြန် စုံဆန်မြောမေ့ ထွက်လမ်းမတွေ့ ဖြစ်နေကြတော့သည်။
“အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ။
တံ တံ ဂေါတမ ပုစ္ဆာမိ၊ ကော ဣမံ ၀ိဇဋယေ ဇဋံ။
“ဂေါတမနွယ်ဖွား အို ရှင်တော်မြတ်ဘုရား၊ သတ္တ၀ါအပေါင်းတို့သည် စာပေါင်းသိုက်ကဲ့သို့ အတွင်း၌လည်း ရှုပ်ပွေ၍ နေကြပါကုန်၏၊ ကောက်ရိုးဆွေးကဲ့သို့ အပြင်မှာလည်း ရှုပ်ပွေ၍ နေကြပါကုန်၏၊ သတ္တ၀ါအပေါင်းတို့သည် တဏှာတည်းဟူသော အမြှေးဖြင့် ခေါင်းမြီးခြုံမြှေးယှက်၍ နေကြပါကုန်၏၊ ထိုအရှုပ်အထွေးကို မည်သို့ ဖြေရှင်းရပါမည်နည်း မြတ်စွာဘုရား”ဟု နတ်သားတစ်ပါးက မြတ်စွာဘုရားကို မေးလျှောက်သည်။
ထိုအခါ မြတ်စွာဘုရားက “သီလေ ပတိဋ္ဌာယ နရော သပညော - အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားတော်မူခဲ့သည်။
ထိုသိက္ခာသုံးပါး အကျင့်တရားတို့တွင် အဓိသီလအပြီး အဓိစိတ္တသိက္ခာကို ပေါင်းပြီး ရုပ်ပုံပေါင်း ၄၀-ကျော်တို့ဖြင့် ပြခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် အဓိပညာကို ဖြည့်ဆီးဖို့ရန် ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပွားများရပုံများကို ရုပ်ပုံများနှင့်တကွ ပြဆိုပါအုံးမည်။
အဓိပညာသိက္ခာဖြစ်သော ၀ိပဿနာအားထုတ်ခြင်းအမှုသည် လွယ်ကူသည်တော့ မဟုတ်ပေ။ ရှေ့အဓိစိတ္တကို အားထုတ်ရာတွင် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိမျိုး ဖြစ်ခဲ့အံ့။ မြန်မြန်ခရီးရောက်လွယ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အတွင်းကျကျ ရှုမှတ်နိုင်စွမ်းရှိသော သမထယာနိကလမ်းစဉ်ဖြင့် အားထုတ်ခဲ့သော ယောဂီပုဂ္ဂိုလ်အား ရရှိခဲ့သော အဓိစိတ္တသိက္ခာသည် ၀ိပဿနာရှုမှတ်ဖို့ရန် အလွန်အကျိုးများသောကြောင့် ဖြစ်ပါသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails