Friday, March 26, 2010

အထင်နှစ်မျိုး

အဿာသပဿာသ (ထွက်လေ၀င်လေ)တို့အပေါင်းအစုဟူသော အလင်းပဋိဘာဂအကြည့်ဓာတ်ကို အာရုံပြု၍ ပွားရသော ဘာဝနာသည် ဥပစာရဘာဝနာမည်၏။ ထိုပဋိဘာဂ၌တည်သော သမာဓိသည်လည်း ဥပစာရသမာဓိမည်ပေ၏။ ပထမဈာန်၊ ဒုတိယဈာန်၊ အပ္ပနာဈာန်တို့၏ ၀ိက္ခမ္ဘနနယ်၌ ပါဝင်လာပြီဖြစ်သောကြောင့် ဥပစာရဈာန်ဟု ခေါ်ဆိုရလေသည်။

Image and video hosting by TinyPic

ထိုဥပစာသည် ရုပ်၏ကြည်လင်ခြင်း ရုပ်ဥပစာ၊ နာမ်၏ကြည်လင်ခြင်း နာမ်ဥပစာဟူ၍ နှစ်မျိုးရှိသည်။ အာနာပါနကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်းဖြစ်သောကြောင့် ရှေးဦးစွာ ရုပ်ဥပစာဆိုက်လေသည်။ ရုပ်ဥပစာဆိုက်ခါနီးသောအခါ နံပါတ် ၄၈-၄၉ ပုံများအတိုင်း လမ်းချော်၍ နေတတ်ကြပါသည်။ ၄၈-ပုံအတိုင်းလမ်းလွဲနေပါလျှင် ကမ္မဋ္ဌာန်းပွားတိုင်းပွားတိုင်း ရုပ်ကြည်လင်ခြင်း၊ နာမ်ကြည်လင်ခြင်းများ မဖြစ်ပေါ်လာဘဲ နီမြန်းသော စိန်က္တီပါစောင်ကြီးနှင့် ဖုံးအုပ်ခံထားရသကဲ့သို့လည်းကောင်း၊ မီးဖိုကြီးအလယ်တွင် ထိုင်နေရသကဲ့သို့လည်းကောင်း၊ ဖန်အုပ်ဆောင်း၊ မှန်အုပ်ဆောင်းကြီး ဖုံးခံထားရသကဲ့သို့လည်းကောင်း ထင်မြင်နေတတ်ကြပါသည်။ ယင်းအခြေအနေကို ၀ဏ္ဏ(အဆင်း)ထင်သည်ဟု ဆိုသည်။

Image and video hosting by TinyPic
၄၉-ပုံတွင်ကဲ့သို့ မသာလောင်း၊ လူသေပုတ်၊ ပိုးလောက်အစု၊ အသားစု၊ အရိုးစု၊ အသုဘတို့ ထင်မြင်၍ နေတတ်ကြသည်။ ထိုယောဂီများကား အသု ထင်သည်ဟု ဆိုရသည်။

လေးမှာ ငြိမ်းစေဘိဟူသည့်အတိုင်း ထွက်သက်ဝင်သက်တို့ အမှန်တကယ် ငြိမ်းအောင် အားထုတ်ရပေမည်။ အဘယ့်ကြောင့် ၀ဏ္ဏထင်နှင့် အသုဘထင်တို့ မကောင်းသနည်းဆိုလျှင် မိမိတို့ ရှုမှတ်ရင်း ရည်ရွယ်ချက်ကို ကြည့်ရပေမည်။ ရှုမှတ်ရင်းသဘောက ရင်လယ်တွင် ရပ်တည်နေသော အလင်းပဋိဘာဂနိမိတ်ကို သမာဓိခိုင်မြဲအောင် အားထုတ်ရုံသာ ဖြစ်ပါသည်။ သို့ပါလျှက် ၀ဏ္ဏ၊ အသုဘတို့ ထင်မြင်နေသောကြောင့် ဖြစ်ပါသည်။

လမ်းမှန်အောင် ရှုမှတ်ဖို့ရန် ရှိရင်းစွဲ ပဋိဘာဂနိမိတ်ကို လင်းရာမှ တဖြည်းဖြည်း ကြည်လာအောင် အားထုတ်ရမည်။ ပဋိဘာဂနိမိတ်သည်လည်း အလင်းလုံးမှ တဖြည်းဖြည်း ရောင်ခြည်များ သိမ်းသွားပြီး နောက်ပြီးမှ တဖြည်းဖြည်း ပြန်ကြည်လာသော ရေကဲ့သို့ ရှုမှတ်ရင်း ရှုမှတ်ရင်းဖြင့် နိမိတ်အကြည်လုံးသည် ဖန်ကြည်မှန်ကြည်တို့ထက်မက ကြည်၍ကြည်၍ လာပေလိမ့်မည်။ ဤသို့ဆိုလျှင် ဘာဝနာလမ်းမှန် ဖြစ်တော့သည်။

ဥပမာအားဖြင့် ငမောက်ကျောက်ပတ္တမြားလုံးကို ၀ါဂွမ်းအချိန်တစ်ဆယ်အုပ်လိုက်ရာ ငမောက်ကျောက်၏အနီရောင်များ ၀ါဂွမ်းပုံတစ်ခုလုံးကို ရဲရဲတောက်သွားစေသကဲ့သို့လည်းကောင်း၊ သီဒါမြကောင်းတို့ကို ဂွမ်းနှင့်အုပ်ထားပါက ၀ါဂွမ်းစိုင်ကြီးပါ ကမ္ဗလာအစိမ်းပုံကြီး ဖြစ်သွားသကဲ့သို့လည်းကောင်း၊ အလွန်ကြည်လင်အေးမြသာယာလှသော ပဋိဘာဂအကြည်လုံးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ အကြည်ဓာတ်များပေးသကဲ့သို့ တစ်ကိုယ်လုံး အကြည်တုံးကြီး ဖြစ်သွားရပေမည်။ ဤသည်ကို ရုပ်ဥပစာဆိုက်သည်ဟု ဆိုရသည်။

တစ်ဖန်ဆက်လက်၍ ရှုမှတ်ပွားများနိုင်လျှင် ခန္ဓာကိုယ်အပြင်ပသို့ အကြည်ဓာတ်များ ဖြာထွက်လျှက် ပတ်ဝန်းကျင် တစ်လံနှစ်လံမျှလောက်ပင် အကြည်စိုင် အကြည်ခဲဖြစ်ကာ စိတ်ဓာတ်များပါ ကြည်လင်လာတော့သည်ကို နာမ်ဥပစာဆိုက်သည်ဟု ဆိုရသည်။

အထူးမှာထားချက်ကား ဤကဲ့သို့သောအဆင့်ရောက်နေလျှင် အချို့ယောဂီများမှာ သမာဓိအလွန်အားကြီးပြီး “ငါ့ခန္ဓာကိုယ်ကြီး ပျောက်သွားပြီလား”ဟု ထင်တတ်ကြပါသည်။ တစ်ချို့မှာ မိမိကိုယ်ကို ကျောက်ရုပ်ကြီး ဖြစ်သွားသကဲ့သို့ ဖြစ်နေတတ်ကြသည်။ တစ်ချို့ယောဂီများမှာ သံခဲကြီးရေထဲမြုပ်သွားသကဲ့သို့ မိမိ၏အကြည်တုံးဟူသော အာရုံ၌ နစ်မြုပ်သွားကာ “မျောသွားတာလား၊ သေများသေသွားပြီလား”စသည်ဖြင့် ကြောက်လန့်ကာ အမျိုးမျိုး ဖြစ်နေတတ်ကြပါသည်။

ထိုအခါမျိုးတွင် ကြောက်လန့်ခြင်း မဖြစ်စေဘဲ ရဲဝံ့စွာ ဆက်လက်အားထုတ်ဖို့ လိုအပ်ပါသည်။ သုခ-ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါး ပြဋ္ဌာန်းရသောအဆင့်ဖြစ်၍ စိတ်အချမ်းသာဆုံး အတည်ငြိမ်ဆုံးဖြစ်လာပါလိမ့်မည်။ တစ်ချို့မှာ မိမိနှင့်ကြမ်းပြင်မထိတော့ဘဲ တစ်တောင်နှစ်တောင်စသည် မြင့်တတ်နေသလို ခံစားလာရတတ်သည်။

ဆက်လက်ဖော်ပြပါမည်....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails