Sunday, January 17, 2010

ဘက်များ


(၁)
အမြင်ကျယ်လေလေ ဘက်တွေက များလေလေဖြစ်သည်။ သမုတိသစ္စာဖြစ်တဲ့ လောကမှာ ဘယ်အရာဖြစ်ဖြစ် ဘက်က တစ်ခုတည်းရှိမနေ။ အသိပညာနှင့်စဉ်းစားဆင်ခြင်နိုင်စွမ်းများလာသောအခါ အရာရာတွင် ဘက်ပေါင်းစုံရှိနေကြောင်း သိလာတတ်ကြသည်။ ကျွန်ုပ်တို့ ငြင်းကြသည်၊ ခုန်ကြသည်၊ ရန်စောင်ကြသည်၊ ရန်ဖြစ်ကြသည်။ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ကြသည်။ ထိုသို့ဖြစ်သမျှအားလုံးသည် ဘက်အပေါ်တွင် ရှုမြင်နိုင်စွမ်းနည်းပါးမှုကြောင့် ဖြစ်သည်။ “ဒီလူက အတ္တသိပ်အားကြီးတယ်၊ သူ့ဘက် ကိုယ့်ဘက်ကလေးတော့ ကြည့်မှပေါ့”လို့လည်း ပြောတတ်ကြသည်။ “ဟေ့…ကိုယ့်ရှိမှ ကိုယ်စားရတာ၊ ကိုယ့်မရှိရင် ဘယ်သူမှ လာကျွေးနေမှာ မဟုတ်ဘူး”လို့ပြောကာ ဇွတ်လုပ်ကြသူများလည်း ရှိလေသည်။
(၂)
စိတ်ဓာတ်ပိုင်းဆိုင်ရာ အရင့်ကျက်ဆုံး အခြေအနေ သို့မဟုတ် လုံးဝဘက်ပေါင်းစုံမှန်ကန်သောနယ် (ပရမတ်နယ်)သို့ မရောက်သေးသူများသည် လိုသလို ကောက်ချက်ဆွဲ၍မှန်ကန်သည်ဟု ဆိုနိုင်သော သမုတိအမှန်တရားများကို အတ္တများနှင့် ပေါင်းစပ်၍ တိုက်ပွဲဝင်တတ်ကြလေသည်။ “လူသည် လွတ်လပ်သည်၊ သို့ဖြစ်၍ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သည်၊ ကိုယ့်ဖန်တီးမှု၏ အသီးအပွင့်ကိုလည်း ကျေနပ်စွာ လက်ခံနိုင်ရမည်”ဟု ဖြစ်တည်မှုပဓာန၀ါဒက ဆိုသည်။ ယေဘုယျအားဖြင့် ယန်းပေါဆက်ကြီးတို့၏ ဖြစ်တည်မှုပဓာန၀ါဒမှာ ဗုဒ္ဓအမြင်နှင့်ဤနေရာမျှအထိ တူလေသည်။ သို့ရာတွင် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်းဖန်တီးရမည်ဟူသောအပိုင်းတွင်ကား ဗုဒ္ဓ၀ါဒနှင့် နှိုင်းမရ။ ဗုဒ္ဓ၀ါဒက ကံကို ဖန်တီးရာတွင် ကျင့်ဝတ်၊ စံနှုန်းများစွာဖြင့် ၀န်းရံထားသည်။ လွတ်လပ်တာမှန်သော်လည်း လုပ်ချင်တိုင်း မလုပ်ရ။ လူ့ကျင့်ဝတ်စည်းမျဉ်းများအရ သူ့ဘက်ကိုယ့်ဘက် ငဲ့စောင်း၊ ငဲ့ညှာ ကြည့်ရသည်။ လုပ်သင့်မသင့်၊ ပြောသင့်မသင့်၊ တွေးသင့်မသင့် ကြံဆရသည်။ ပြီးမှ အကောင်အထည်ဖော်ရသည်။ စာအားဖြင့် အတ္တနှင့်ပရဟု သုံးနှုန်းသည်။ ကိုယ့်ဘက်ကိုကား အတ္တဟု သုံးနှုန်းပြီး သူများတွေ၏ဘက်ကိုကား ပရဟု သုံးနှုန်းသည်။

(၃)
“ဓမ္မစေတီဆိုတဲ့ပုဂ္ဂိုလ်က သာသနာဖျက်ပဲ၊ မိစ္ဆာဝါဒကို အသက်သွင်းနေတဲ့ မိစ္ဆာကောင်”။ လူငယ်တစ်ဦးက ပေါက်ကွဲစွာ ဆိုလိုက်သည်။ ဘေးက ကောင်မလေးတစ်ယောက် ရှူးရှူးရှဲရှဲဖြစ်သွားသည်။ “နင်က သူများတွေပြောတိုင်း လိုက်ပြောနေတယ်။ ဆရာတော်ဟောလို့ ဒို့ ဗုဒ္ဓဘာသာစစ်စစ်၊ ဗုဒ္ဓဘာသာမှ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုဖြစ်ခဲ့တာ။ ဆရာတော့်တရားတွေသာ မနာခဲ့ရင် ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းတောင် သိအုံးမှာ မဟုတ်ဘူး………..ဆရာတော်ဟောတဲ့ ထေရ၀ါဒနဲ့ပတ်သတ်တဲ့တရားတွေကို နင်နာကြည့်စမ်းပါ…….နင် ငရဲကြီးမှာစိုးလို့ပြောတာပါ”။

“အေး…ဟုတ်တယ်ကွ၊ ငါလည်း သူများရေးတာကိုဖတ်ရင်းနဲ့ အဲဒီလိုပဲ ယူဆမိတာ။ ဆရာတော်ရဲ့ အဓိကအယူအဆက ထေရ၀ါဒစစ်သလား၊ မစစ်သလား ငါက ပိဋကတ်တွေ မသိတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဝေဖန်ရေးရေးတဲ့စာတွေကလည်း ဝေဖန်ရေးအဆင့်မရှိဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ဆဲသလို ဖြစ်နေတယ်။ ဝေဖန်ရေးစာတွေ ရေးပေးနေတဲ့ ဆရာတော်တွေကိုလည်း ငါ မပြစ်မှားပါဘူး။ ငါ့အမြင်ပြောပြတာ၊ ဥပမာကွာ…ဘယ်တရားတော်မှာ ဘယ်အချက်အလက်တွေက ဘယ်လိုမှားနေတယ်။ ဘယ်တရားတော်ကတော့ လူငယ်တွေ သို့မဟုတ် ပရိသတ်ကို သာသနာစိတ်ဓာတ်တွေ၊ ဘာသာရေးအသိအမြင်တွေ ပေးတယ်၊ ဓမ္မစေတီအနေနဲ့ ဘယ်လိုအယူအဆမျိုးတွေကို မဟောသင့်ဘဲ ဘယ်လိုလေးတွေပဲဟောရင် အရမ်းအကျိုးရှိနိုင်ပါတယ်…စသဖြင့်ပေါ့ကွာ။ အဲဒီလိုလေး ဝေဖန်လိုက်ရင် ဗုဒ္ဓဘာသာလည်း လူကြားလို့ မကောင်းတဲ့အရာတွေ မဖြစ်တော့ဘူးပေါ့။ အခုဟာက ဘုန်းကြီးတွေကလည်း ရန်တွေဖြစ်နေသလိုကြီးပဲကွာ။ အခု ငါပြောတာ သိလို့တတ်လို့ မဟုတ်ပါဘူး၊ ကြားရတာ စိတ်မကောင်းလွန်းလို့ပါ၊ ဘာသာခြားတွေ ဟားတိုက်နေကြတာကို ကြည့်ပြီး စိတ်ကိုမကောင်းဘူး” တတိယလူရွယ်က ပြောသည်။

(၄)
လူဆိုသည်မှာ ထောက်တည်ရာဘက်တစ်ခုခုကိုတော့ စွဲမြဲနေတတ်ကြသည်ဖြစ်ရာ မည်သည့်ဘက်တွင်ဖြစ်နေနေ လူသားတို့၏ လွတ်လပ်မှုစံနှုန်းအရ လေးစားမှုလေးတော့ ပေးရမည်ဖြစ်လေသည်။ ဘက်တစ်ခုခုကို စွဲမြဲနေခြင်းမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်၍ အပြစ်မဆိုသာ။ အရာရာတွင် “ငါ”ဟု ယဉ်ပါးနေသောသတ္တ၀ါများအတွက် “အတ္တ”နှင့်ပေါင်းဖက်ရပ်တည်နေသည်ကိုလည်း ရန်စောင်နေ၍ ရမည်မဟုတ်။ ကိုယ့်အတ္တနှင့်ကိုယ့်စွဲလမ်းမှုအရ ဘက်တစ်ဘက်ဘက်တွင် ရပ်တည်နိုင်သည်။ အတ္တတွေအားကြီးပြီး “ငါ့ဘက်ကသာ အမှန်တရား၊ ငါ့ဘက်တော်သားသာ အသိဉာဏ်အပြည့်ဝဆုံး၊ တော်တော်တုံးတဲ့ ဟိုဘက်သားတွေဟာ လောကမှာ မရှိသင့်ဘူး”စသောအတွေးများဖြင့် အခြားဘက်တစ်ခုခုကို တိုက်ပွဲဝင်နေလျှင်ကား ရပ်တည်မိသောဘက်က မှန်ကောင်းမှန်နေနိုင်သော်လည်း ဘက်အပေါ်တွင် ရှုမြင်မှုက လူသားဆန်မှုကို အလွဲသုံးစားပြုမူလိုက်ခြင်းဖြစ်သည်ဟု ဆိုရနိုင်လေသည်။

(၅)
“နင်တို့ ဗုဒ္ဓဘာသာတွေ သိပ်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ့ ဘာဖြစ်နေလို့တုန်း…၊ နင်က နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ထာဝရကောင်းကင်ဘုံဆိုတာ ရှိသလို ထာဝရငရဲဘုံဆိုတာ ရှိတယ်။ နင်တို့က ထာဝရငရဲမှာ ရောက်ရမှာလေ၊ ဘယ်တော့မှ အဲဒီငရဲက တက်နိုင်တော့မှာ မဟုတ်ဘူး”။
“မင်းတို့ ခရစ်ယာန်တွေ တော်တော်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ ဘာဖြစ်နေလို့တုန်း….၊ မင်းက နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ဒီလောကကြီးက ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း တည်နေတာ၊ လူဆိုတာလည်း သူ့ကံနဲ့သူ ဖြစ်လာကြတာ၊ အခုတော့ မင်းတို့က လုပ်သမျှဘုရားချည်းပဲဆိုတော့ ရယ်စရာကြီးကွာ၊ ပြီးတော့ မင်းတို့ထာဝရဘုရားက ကျမ်းဟောင်းထဲမှာ ဣသရေလတွေကို ဦးဆောင်ပြီး စစ်ပွဲတွေ အများကြီးတိုက်တယ်ကွာ၊ မင်းသေသေချာချာဖတ်ကြည့်ရင် စစ်ပွဲတောင်မှ ဒီနေ့လို စစ်ပွဲမျိုးမဟုတ်ဘူး၊ တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေ၊ သူကိုယ်တိုင် ရှေ့ကဦးဆောင်ပြီးကို အပြတ်ချဲတာ၊ သတ်တာမှ လူတင်မဟုတ်ဘူး၊ သိုးတို့၊ နွားပေါက်တို့၊ ဆိတ်တို့စတဲ့ တိရစ္ဆာန်ပေါင်း ငါ့အထင် အနည်းဆုံးတော့ တစ်သိန်းနီးပါးလောက်ရှိမယ်၊ အဲဒါတွေကိုလည်း အမြဲတမ်း စားတယ်တဲ့ကွာ၊ သူများပြောတာ မဟုတ်ဘူးနော်၊ ငါကိုယ်တိုင်ဖတ်တာ၊ အဲဒီလို ဘုရားကို အဟုတ်လုပ်ပြီး ကိုးကွယ်သတဲ့ကွာ။ အဲဒီလို အယူအဆအယုံအကြည်ရှိနေတာကိုက သနားစရာပဲကွာ”။ စသည်ဖြင့်…စသည်ဖြင့် ဘက်များစွာ ရှိနေခဲ့လေသည်။

လူများက ဘာသာရေးကို ငြိမ်းချမ်းရေး၏ လက်နက်အဖြစ် ဆွဲငင်ယူလိုက်သည်။ သူတို့လက်ထဲရောက်သောအခါ အတ္တတန်ဆာ၊ လူသတ်လက်နက်၊ ခိုက်ရန်လက်နက်၊ အငြင်းပွားလက်နက်အဖြစ်သို့ ရောက်မှန်းမသိ ရောက်ခဲ့ရလေသည်။

(၆)
“ဟိုလူကြီးက ပေးတာကမ်းတာ တော်တော်ရက်ရောတာပဲ၊ အမြဲတမ်းပဲ သူများကို ကူညီနေတဲ့သူ”ဟု အနားကဖြတ်လျှောက်သွားသော အသက် ၅၀-ကျော်ခန့် လူကြီးကို ရည်ညွှန်းပြီး လူငယ်တစ်ယောက်က ပြောလိုက်သည်။ “မင်းက ချီးကျူးနေ၊ အဲဒီလူကြီး အကူအညီကောင်းလို့ ဘ၀ပျက်သွားတဲ့ကောင်မလေးတွေ ဘယ်နှယောက်မှန်း မသိဘူး၊ ထွီ..တော်တော်ရွံစရာကောင်းတဲ့လူကြီးပါကွာ”ဟု ပြောလိုက်သံကို တစ်ဆက်တည်း ကြားလိုက်ရပြန်လေသည်။ တစ်ယောက်က လူကြီးဘက်မှ ရပ်တည်လိုက်ပြီး တစ်ယောက်က လူကြီးဘက်ကို ပယ်စွန့်လိုက်သည်ဟု ဆိုနိုင်သည်။ သူတို့မြင်လိုက်သောအရာသည် တစ်ခုတည်းပင်ဖြစ်သော်လည်း ရပ်တည်လိုက်ကြသောဘက်မှာ ကွဲပြားနေတော့သည်။

(၇)
စာစောင်တစ်ခုတွင် ဖတ်ဖူးသည်။ မိသားစုတစ်ခုတွင် သမီးဖြစ်သူက မီးဖိုချောင်အတွင်း စားပွဲပေါ်က ပန်းကန်တစ်ချပ်ကို တိုက်မိပြီး ပြုတ်ကျကွဲသွားစေခဲ့သည်။ ထိုအခါ သူ့အစ်မကို “နင်က ပန်းကန်ကို စာပွဲအစွန်မှာထားတာကိုး၊ ပြုတ်ကျမှာပေါ့၊ ငါ့အပြစ်မဟုတ်ဘူး၊ နင့်အပြစ်”ဟု အပြစ်ဆိုသည်။ တစ်ဖန် အစ်မဖြစ်သူက “အစ်ကိုက စားပွဲပေါ်မှာ သူ့ပစ္စည်းတွေ လာထားလို့ ထားစရာမရှိလို့ အစွန်းမှာ ထားရတာ၊ ဒါကြောင့် ငါ့အပြစ်မဟုတ်ဘူး၊ အစ်ကိုအပြစ်”ဟု လွဲချသည်။ ထိုအခါ အစ်ကိုဖြစ်သူက “ဒါက အမေက ထားခိုင်းလို့ ထားလိုက်တာ၊ ငါထားချင်လို့ ထားတာမဟုတ်ဘူး၊ ဒါကြောင့် အမေ့အပြစ်”ဟု အမေဖြစ်သူကို လက်ညှိုးထိုးသည်။ ထိုအခါ အမေဖြစ်သူက “ဒါ နင့်အဖေ၀ယ်ထားတာချည်းပဲ၊ နင်တို့အဖေကလည်း ကွဲတတ်တဲ့ပစ္စည်းတွေပဲ အများကြီး ၀ယ်နေတာ”ဟု အဖေကို ပုံချသည်။

သူတို့သည် အပြစ်ကို ရှောင်လွှဲလိုသူများ သို့မဟုတ် တာဝန်ယူမှုကို ဘောလီဘောပုတ်တမ်း ကစားနေကြသူများသာ ဖြစ်လေသည်။

ဒုတိယမိသားစုကား ထိုသို့မဟုတ်။ ပန်းကန်ကျကွဲသည်နှင့် သူ့အပြစ်သာဖြစ်ကြောင်း ၀န်ခံသည်။ ထိုအခါ အစ်မဖြစ်သူက “ငါကိုက မလွတ်မလပ်ထားလို့ ပြုတ်ကျရတာ၊ အစ်မအပြစ်ပါကွယ်”ဟု ၀န်ခံသည်။ အစ်ကိုသိသွားသောအခါ အစ်ကိုဖြစ်သူက “ကျွန်တော့်ပစ္စည်းတွေကို စားပွဲပေါ်တင်ထားလို့ ဖြစ်ရတာ၊ ကျွန်တော့်အပြစ်”ဟု ဆိုသည်။ အမေဖြစ်သူကလည်း “ဒီပစ္စည်းတွေကို ငါက ထားခိုင်းတာ၊ ငါ့အပြစ်ပါကွယ်”ဟု ပြောသည်။ အဖေလုပ်သူကလည်း “မင်းတို့အပြစ် တစ်ခုမှ မဟုတ်ပါဘူးကွာ၊ ငါကိုက ကွဲတတ်တဲ့ပစ္စည်းတွေပဲအများကြီး ၀ယ်ထားလို့ပါ”ဟုဆိုပြီး တာဝန်ခံသည်။

မိသားစုနှစ်ခုစလုံးသည် မဇ္ဈိမပဋိပဒါမကျ၊ အစွန်းထွက်နေကြသည်ဟု ထင်သည်။ နေရာတကာတွင် သူမျာကိုချည်း အပြစ်တင်နေ၍ မဖြစ်သလို အမှုကိစ္စတိုင်းတွင် တာဝန်ခံနေ၍လည်း အဓိပ္ပာယ်ရှိနေလိမ့်မည် မဟုတ်ပေ။ အရာရာကို မျက်စိမှိတ်ပြီး တာဝန်ယူနေခြင်းက သင့်တော်မည်မဟုတ်သလို အရာရာကို ခေါင်းရှောင်နေခြင်းကလည်း မိမိကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်ရာကျသည်။

(၈)
ဘက်များကိုပြောကြရာတွင် တစ်ခါတစ်ရံ ကိုယ့်ဘက်၊ သူ့ဘက်ဟု သုံးရသကဲ့သို့ ဘက်နှစ်ခုလုံး၏ အပြင်ဘက်တွင် နေရသောအခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဖန်တီးမည့်သူက တတိယလူ (Third Person)ဖြစ်နေတတ်ပြန်သည်။ လူဆိုသည်က ခက်သည်။ တတိယလူဆိုသော်လည်း တတိယနေရာတွင် အေးအေးဆေးဆေးမနေတတ်။ အဖြစ်အပျက်နှစ်ခု သို့မဟုတ် မိမိတွေ့မြင်ခံစားရမှုနှစ်ခုတို့တွင် တစ်ခုခုဘက်မှ သွားရောက်နေပေးတတ်သည်။ အမှန်တကယ်က တတိယလူအဖြစ်နှင့် အေးဆေးစွာ နေနိုင်သော်လည်း လူ့သဘာဝအရ မှန်သည်ထင်သည့်ဘက်သို့ ပြေးဝင်နေမိတတ်ကြသည်။ သူခိုဝင်မိသောအရပ်သည် သူ့အတွက် အဓိပ္ပာယ်အရှိဆုံးနှင့် အမှန်ကန်ဆုံး နေရာဖြစ်ပေသည်။ သို့ရာတွင် သူမရွေးချယ်မိသော (ပယ်ထားမိသော)ဘက်သည် သူ့ခံစားမှုအရ သနားစဖွယ်အရပ်တစ်ခု ဖြစ်နေရပေသည်။ ဘက်နှစ်ဘက်စလုံးသည် တစ်ဘက်နှင့်တစ်ဘက် ထိုကဲ့သို့သာ(သာ) မြင်နေတတ်ကြလေသည်။

(၉)
စင်္ကာပူ၏ကောင်းကင်က လူတွေနှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ၀ရံတာတွင် ဖျာလေးတစ်ချပ်ခင်းပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ တိမ်လိပ်ဖြူဖြူကြီးတွေ အလိပ်လိုက် အလိပ်လိုက် ပြေးလွှားနေကြသည်။ အစပထမ စိတ်ထဲတွင် တိမ်ဖြူလိပ်ကြီးများ၏ အထက်ကောင်းကင်ယံက ကြယ်ကလေးများ ပြေးလွှားနေကြသည်ဟု ထင်မြင်မိခဲ့လေသည်။ သေချာကြည့်မှ ကြယ်တွေက မပြေး၊ တိမ်တွေသာ ယောက်ယက်ခတ်ပြေးနေကြသည်ကို တွေ့ခဲ့ရသည်။ ဘ၀တွင် အမှတ်မထင် တွေ့မြင်၊ ကြားသိရသောအရာများတွင်လည်း ထိုကဲ့သို့ အထင်အမြင်လွဲမှုလေးများ ရှိနေနိုင်သည်ဟု တွေးမိသောအခါ စိတ်လေးက အလွန်ကြည်လင်ခဲ့လေသည်။

(၁၀)
ဘက်များအကြောင်းကို တွေးရင်းတွေးရင်းဖြင့် တင်းကျပ်စွာဆုပ်ကိုင်ခဲ့မိသော၊ စွဲလန်းရူးသွပ်ခဲ့သောအရာလေးများသည် ခေါင်းထဲတွင် မပီဝိုးတ၀ါး ပေါ်ထွက်လာခဲ့ကြပြီး ရင်ဘက်ထဲမှ ကျကွဲသံအချို့ကိုလည်း ကျယ်လောင်စွာ ကြားလိုက်မိခဲ့လေသည်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails