သုံးချက်သိမှာ တတိယာ (၅)





ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။

အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။

နံပါတ် ၃၆-ပုံကို အသေအချာ စဉ်းစဉ်းစားစား သဘောပေါက်အောင် တရားကွက်ပိုင်အောင် အထပ်ထပ် ဖတ်၊ အထပ်ထပ် ကြံစည်စဉ်းစားဖို့ လိုပါသည်။ သို့မှသာ အခက်အခဲမရှိ ဖြစ်ပါလိမ့်မည်။ အဇ္ဈတ္တသုံးချက်ရှုမှတ်ကြရာတွင် အချို့ယောဂီများမှာ မျက်စိကို အသုံးပြုသဖြင့် အဇ္ဈတ္တမဖြစ်ဘဲ ဗဟိဒ္ဓဖြစ်နေတတ်ကြပါသည်။ အာရုံမှန်မှန်နှင့်အတွင်းဘက်ဖြစ်ရန်ကား နောက်ကျောဘက်မှ ရှုမှတ်က လွယ်လွယ်ကူကူဖြင့် အတွင်းသဘောမှန်ကန်အောင် ရှုမှတ်နိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့် ကျောဘက်မှ ရှုမှတ်ပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အားထုတ်တိုင်း အားထုတ်တိုင်း မိမိတို့၏ စိတ်ကလေးကို နောက်ကျောဘက်မှသာ စိတ်ကို ထား၍ ရှုမှတ်ကြပါလေ။
အားထုတ်ရှုမှတ်ရပုံမှာ ၃၅-ပုံတွင် ထုတ်လေနှင့်ထုတ်ထားခဲ့ပြီးသော အလင်းနိမိတ်ကို ၃၆-ပုံတွင် ငယ်ထိပ်မှမြားလမ်းအတိုင်း ရှိုက်သောလေနှင့် ရှိုက်လိုက်ရမည်။ ၀င်လေဆုံးသောအခါ ချက်နှင့်တဲ့တဲ့ဖြစ်သော ၀မ်းခေါင်းကြီးထဲတွင် အရောင်များ တလဲ့လဲ့ဖြာထွက်လျှက် သံပရာသီးလုံးခန့်၊ လိမ္မော်သီးလုံးခန့် ပဋိဘာဂနိမိတ်အလုံးကြီး ကွန့်မြူးစမ္ပာယ်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။

ထိုကဲ့သို့ အဇ္ဈတ္တသို့ ရှိုက်၍ဆွဲချလိုက်ရာတွင် ၃၅-ပုံအတိုင်း ထုတ်၍ထားသောအလင်းချောင်းသည် ပုတိုလျှက်ဝင်သွားသည်ကို ပုလင်းဖြူဖြူကြီးထဲ ပြဒါးရေများ လောင်းချလိုက်သောအခါ မြင်တွေ့ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ချက်အရပ်တည့်တည့်တွင် အဘယ့်ကြောင့် တည်ရသနည်းဟုဆိုလျှင် ၀င်လေသည် နှာသီးဝမှစပြီး ရင်လယ်ကို ဗဟိုပြုကာ ချက်အရပ်တွင် လေအဆုံးသတ်သောကြောင့် ဖြစ်လေသည်။ အလုံးမှိန်မှိန်နှင့်ရှုလျှင် စိတ်ကြည်လင်မှု မဖြစ်နိုင်သောကြောင့် အလွန်လင်းအောင် အားထုတ်ရပါမည်။

ထှို့နောက် နံပါတ် ၃၆-တွင် ပြခဲ့သည်အတိုင်း ရှုမှတ်ပြီး လေဆုံးရာအရပ် ချက်တည့်တည့်တွင် အလင်းနိမိတ် ထွန်းပနေပုံကို သိခဲ့ရပြီ။ ယခုအခါတွင် အဆိုပါ ချက်အရပ်မှာ တည်နေသောအလင်းနိမိတ်ကို ပြန်ထုတ်ရပုံကို ပြလို၍ နံပါတ် ၃၇၊ ၃၈-ပုံများကို ပြရပြန်လေသည်။ အထူးမှတ်ရန်မှာ ၀င်လေသည် နှာသီးဝအစ၊ ရင်အလယ်၊ ချက်အဆုံး။ တစ်ဖန် ထွက်လေသည် ချက်အစ၊ ရင်အလယ်၊ နှာသီးဝအဆုံးဟု သိထားရမည်။ အတွင်းရှုနည်းဖြင့် ရှုရာတွင် အလင်းနိမိတ်ကို အပြင်ပသို့ မရောက်ရအောင် အထူးဂရုစိုက်ရမည်။ ၃၇-ပုံသည် ထွက်လေ၊ ၀င်လေတို့၏အလယ်ဖြစ်သော ရင်လယ်တွင် ထွန်းပနေပုံကို ပြသထားခြင်းဖြစ်သည်။ ၃၈-ပုံသည် ထွက်လေ၏အဆုံးဖြစ်သော နှာသီးဝတည့်တည့် လည်ချောင်းအခေါင်းတည့်တည့်တွင် ထွန်းပတည်နေပုံကို တွေ့မြင်ရပုံ ဖြစ်ပေသည်။

အချို့က ထိုကဲ့သို့ ရှုမှတ်ရာတွင် ပကတိလေကိုသာ ရှုမှတ်ရမည်ဟု ဆိုတတ်ကြသည်။ အမှန်အားဖြင့် ပကတိလေကို ရှုမှတ်၍ မရ။ လေနှင့်အတူတကွ ဖြစ်ပေါ်လာသော အလင်းပဋိဘာဂနိမိတ်ကိုသာ သုံးချက်ရှု၍ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် ….

၁။ အစတစ်ချက်ကိုသာ မြင်သော အာဒိလဒ္ဓပုဂ္ဂိုလ်

၂။ အလယ်တစ်ချက်ကိုသာ မြင်သော မဇ္စျေလဒ္ဓပုဂ္ဂိုလ်

၃။ အဆုံးတစ်ချက်ကိုသာ မြင်သော အန္တောလဒ္ဓပုဂ္ဂိုလ်

၎။ အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ထိုတွင် အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် ပွားများကြရပါမည်။

Comments