Thursday, January 14, 2010

သုံးချက်သိမှာ တတိယာ (၂)

အထက်တွင် ဖော်ပြခဲ့ပြီးသော နံပါတ် ၁၈-ပုံအတိုင်း အကျယ်ချဲ့ထားပြီးသော နိမိတ်အလင်းကြီးကို ရှိုက်လေနှင့်ဆွဲ၍ချရပုံကို ပြဆိုခဲ့ပေပြီ။ ယခုတစ်ဖန် ထုတ်လေနှင့် သူ့နေရာအထက်သို့ ပြန်ရောက်အောင် ဆွဲယူရပေဦးမည်။ အောက်ဖော်ပြပါ နံပါတ် ၂၂၊ ၂၃၊ ၂၄-ပုံများသည် မိမိအောက်သို့ရောက်နေသော အလင်းတုံးကြီးကို ထုတ်လေဖြင့် အထက်ပြန်ရောက်အောင် တင်ပို့ရပုံကို ပြထားခြင်းဖြစ်သည်။ ယောဂီ၏စိတ်က အလင်းတုံးကြီး ထုတ်လေနှင့်တစ်ကိုက်တည်း ရိပ်ရိပ်ရိပ်ရိပ်နှင့်တက်လာသည်ကို သိရပေလိမ့်မည်။ ထုတ်လေဆုံးလျှင် ၂၄-ပုံအတိုင်း နိမိတ်အလင်းကြီး မိမိ၏ဦးခေါင်းထိပ်သို့ ပြန်ရောက်လာတော့သည်။

ဤကဲ့သို့ ထုတ်လေနှင့်အထက်တက်၊ ရှုလေနှင့်အောက်ပြန်ဆင်းအောင် အားထုတ်ခြင်းအားဖြင့် မြန်မြန်အာရုံပြု၊ မြန်မြန်ရှုရှိုက်ကာ အားထုတ်ရမည်။ နိမိတ်အလင်းကြီးသည် မိမိ၏ကိုယ်ပေါ်၌ဖြတ်လျှက် တက်တုံသက်တုံ (တက်လိုက်ဆင်းလိုက်)ဖြစ်နေသည်ကို တွေ့လာပေလိမ့်မည်။ ကြာသောအခါ အထက် ၆-တောင်၊ အောက် ၆-တောင်အားဖြင့် နိမိတ်ဆက်မိကာ တစ်ဆက်တည်းဆက်နေသည်ဟု ထင်မြင်လာပေလိမ့်မည်။

ထိုအခါ မိမိ၏ခန္ဓာကိုယ်သည် အလင်းနိမိတ်ကြီး၏ အလယ်တွင် တဖြည်းဖြည်း မှေးမှိန်လာရလေသည်။ မှန်တိုင်ကြီး၏ အလယ်တွင်သွင်းထားသော ရွှေဆင်းတုလေးကဲ့သို့ မိမိကိုယ်ကို တွေ့မြင်လာပေလိမ့်မည်။ မီးစတစ်စကို ကိုင်၍ အထက်အောက်မြန်မြန် ရမ်းကြည့်သောအခါ မီးတန်းကြီးတစ်ဆက်တည်းဖြစ်နေသကဲ့သို့ မှုတ်လေထွက်သက်နှင့် အထက်ရောက်၊ ရှုလေ၀င်သက်နှင့်အောက်ရောက်အားဖြင့် ဖော်ပြလတံသော နံပါတ် ၂၅-ပုံအတိုင်း နိမိတ်ချင်းဆက်သွားသည်ကို သတိပြုနိုင်သည်။

အထူးအားဖြင့် နံပါတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄-ပုံများမှာ ၆-မျိုးခွဲခြားပြီးပြသထားသော်လည်း အခိုက်အတန့်ကလေးအရသာ ဖြစ်ပါသည်။ ရှုလေတစ်ချက်တည်းနှင့် ၁၉၊ ၂၀၊ ၂၁ ပုံများ၊ ထုတ်လေတစ်ချက်တည်းနှင့် ၂၂၊ ၂၃၊ ၂၄-ပုံများ ဖြစ်သွားပေလိမ့်မည်။ အကြိမ်ကြိမ်သဘောပေါက်အောင် စဉ်းစားပြီးမှ ရှုမှတ်လျှင် ပို၍လွယ်ကူပေလိမ့်မည်။ အကျယ်ကို ရှုမှတ်လိုပါက အာနာပါနပါရဂူကျမ်းတွင် ကြည့်ရှုနိုင်ပါသည်။


ပြဆိုပြီးသည့်အတိုင်း အထက်အောင် အလင်းနိမိတ်ချင်း သန္တတိစပ်၍တစ်ချောင်းတည်း၊ တစ်ခုတည်းကဲ့သို့နေသောအခါ ခန္ဓာကိုယ်ပျောက်ကွယ်သွားရသည်ဟု ဆိုရာတွင် နံပါတ် ၂၅-ပုံကဲ့သို့ အလင်းတိုင်ကြီး၏အလယ်တွင် မိမိကိုယ်ကလေးတဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံး၌ ရိပ်ခနဲ ပျောက်ကွယ်သွားတတ်ပေသည်။ ထိုသို့ပျောက်ကွယ်ပြီးနောက် နံပါတ် ၂၆-ပုံအတိုင်း တဖျက်ဖျက်ဖြင့် သက်တုံတက်တုံဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့တဖြည်းဖြည်း သေးငယ်သွားပြီး ပျောက်ကွယ်သွားသည်ကို အာနာပါနပါရဂူကျမ်းတွင် အကျဉ်းပျောက်ဟူ၍ ပြဆိုထားပေသည်။

အကျဉ်းပျောက်ဟုဆိုသဖြင့် အကျယ်ပျောက်လည်း ရှိရပေမည်။ အကျယ်ပျောက်ဟူသည်မှာ - ပူဖောင်းကို မှုတ်လိုက်သောအခါ ပူဖောင်းသည် တဖြည်းဖြည်းကြီး၍ကြီး၍ နောက်ဆုံးတွင် ပေါက်ကွဲပျောက်ပျက်သွားပေသည်။ ထိုဥပမာကဲ့သို့ပင် တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားရပေသည်။ ထိုကဲ့သို့ ကြီးလာပြီးပျောက်ပျက်သွားခြင်းကို အကျယ်ပျောက်ဟု ဆိုရပေသည်။

အထက်တွင် ဖော်ပြခဲ့သောနည်းများအတိုင်း အားထုတ်ရခြင်းမှာ ရည်ရွယ်ချက်များစွာ ရှိပါသည်။ မိမိအားထုတ်မှုအားကြီးသည်ထက် အားကြီးလာစေနိုင်သည်။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိမရှိကိုလည်း အကဲခတ်နိုင်ပါသည်။ ဤအဆင့်၌ပင် နိမိတ်ကို အဇ္ဈတ္တကာယသို့ သွတ်သွင်းရှုမှတ်သောအခါ တည်ငြိမ်သောသမာဓိရှိမရှိကိုလည်း စမ်းသပ်နိုင်ပါသည်။ ထို့အပြင် ရုပ်နာမ်တို့ကို ၀ိပဿနာဉာဏ်စိုက်၍ ရှုမှတ်လိုက်သောအခါ နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ရှုနိုင်စွမ်းရှိမရှိတို့ကိုလည်း ခန့်မှန်းသိနိုင်ပါသည်။ ထိုအကျိုးများကို ရည်ရွယ်၍ နိမိတ်စားခြင်းဖြင့် အားထုတ်စေရခြင်း ဖြစ်ပါသည်။

အထူးမှတ်ထားသင့်သည်မှာ အာနာပါနအလုပ်ကို ကျကျနနပြသသူ ဆရာမရှိဘဲ၊ အားထုတ်နည်းပြ ဤကဲ့သို့သောကျမ်းစာများကို မဖတ်ဖူးဘဲ စာတွေ့စိတ်ထင်နှင့် အားထုတ်လျှင် အချိုးကျကျ အဇ္ဈတ္တ၊ ဗဟိဒ္ဓရှုမှတ်နည်းများကို ပွားများအားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အားမထုတ်ဖူးပါကလည်း ဤကျမ်းတွင် ဖော်ပြထားသောရုပ်ပုံများ၏ သဘောသဘာဝကို သိမြင်နားလည်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ နားမလည်သည့်အပြင် အကန်းကို အရုပ်ရေးပြသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ “အလကားဟာတွေပါ”ဟု မပြောကြလျှင် တော်သေး၏ဟု ဆိုရပေမည်။ ကိုယ်တွေ့ဒိဋ္ဌသိရှိကြရအောင် ဆရာနှင့် အမြန်ဆုံး သွားရောက်အားထုတ်ကြည့်စေလိုပါသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails