Friday, January 8, 2010

ဒုမှာ တိုရှည်သိ (၃)


နံပါတ် ၁၅-ပုံသည် အာနာပါနဒုတိယအဆင့် အရှည်၊ အတိုရှုနည်းတွင် အဓိကအချုပ်စခန်း ဖြစ်ပေသည်။ ဤအဆင့်တွင် ယောဂီတိုင်းယောဂီတိုင်း စေ (၈)ချက်ကို ပိုင်ပိုင်နိုင်နိုင် ရှုမှတ်ဖို့ အရေးကြီးပေသည်။ ထိုစေ ၈-ချက်ကို ပိုင်နိုင်စွာ အားထုတ်နိုင်ပါက တတိယအဆင့်သို့ ကူးပြောင်းအားထုတ်သင့်တော့သည်။ မနိုင်မနင်းဖြစ်နေသေးလျှင်ကား မကူးပြောင်းသင့်သေးပါ။ လိုရာခရီးမရောက် ဖြစ်သွားတတ်ပါသည်။ စေ ၈-ချက်ဆိုသည်မှာ -

၁။ ထောင်စေ

၂။ လဲစေ

၃။ ကွေးစေ

၎။ ကောက်စေ

၅။ ကြီးစေ

၆။ ငယ်စေ

၇။ တိုစေ

၈။ ရှည်စေ တို့ဖြစ်ပါသည်။

ထောင်စေဟု ရှုမှတ်လိုက်လျှင် မည်သည့်ဌာနကထုတ်ထုတ် အထက်သို့သာ၍ အဆုံးမရှိ ထောင်နေအောင် အားထုတ်ရမည်။ လဲစေဟု ရှုလိုက်လျှင်လည်း မည်သည့်ဌာနကထုတ်ထုတ် အတန်းလိုက် အဆုံးမရှိလဲနေအောင် အားထုတ်ရမည်။

ကွေးစေဟု ရှုလိုက်လျှင်လည်း ပုံပြအတိုင်း မှုတ်လေနှင့် လခြမ်းသဏ္ဍာန်ကွေးကာ နားတစ်ဖက်မှ နားတစ်ဖက်၊ ပုခုံးတစ်ဖက်မှ ပုခုံးတစ်ဖက်၊ ရင်ဝမှ နောက်ကျော၊ ဒူးတစ်လုံးမှ ဒူးတစ်လုံးအထိ အကျယ်အ၀န်း လိုသလောက်ချဲ့၍ ရောက်အောင်ပို့ရမည်။ တစ်ဖန် ရှိုက်လေနှင့်အကွေးအတိုင်းပြန်၍ နှာခေါင်းဝ သို့မဟုတ် စတင်လွှတ်ရာဌာနသို့ပြန်ရောက်အောင် မြန်မြန်ပြေး မြန်မြန်ပြန်စေရမည်။

ကောက်စေဟု ရှုမှတ်ရာတွင်လည်း အလင်းနိမိတ်ကို လိုသလောက်ကောက်စေလျှက် အပို့အယူလုပ်ကာ အားထုတ်ရသည်။ ဥပမာအားဖြင့် ထုတ်လေနှင့်မန္တလေးတောင်၊ ထိုတောင်မှတစ်ဆင့် ကျိုက်ထီးရိုးဘုရားသို့အရောက် လိုသလိုကောက်စေပြီးလျှင် လေထုတ်၍ပြေးပို့၊ လေရှူ၍ပြန်လာစေအောင် အားထုတ်ရသည်။

(ကြီးစေ၊ ငယ်စေဟု ရှုမှတ်ရာတွင်လည်း မိမိရရှိထားသောအလင်းနိမိတ်ပမာဏကို ကြီးစေ၊ ငယ်စေဟု ရှုမှတ်ရသည်။ တိုစေ၊ ရှည်စေဟု ရှုမှတ်ရာတွင်လည်း အလင်းနိမိတ်ကို တိုစေ၊ ရှည်စေဟု အမျိုးမျိုး ဖန်တီးနိုင်စွမ်းရှိအောင် (မိမိအလိုသို့လိုက်အောင်) အားထုတ်ရသည်။ အကျယ်ကို ဒဿနပါရဂူကျမ်းတွင် လေ့လာနိုင်ပါသည်။ အထူးမှာလိုသည်မှာ ဤအခန်းကို ရှုမှတ်ရာတွင် ဆရာမရှိဘဲ အားထုတ်၍ မလွယ်ကူနိုင်ပေ။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ ခရီးရောက်နိုင်ပေသည်။ ထိုအပြင် အားထုတ်ပုံကို တသမတ်တည်း ပုံသေမှတ်ထားရမည်ဟု မဆိုလိုပါ။ စေ ၈-ချက်တွင် မိမိနှစ်သက်သလို၊ မိမိဉာဏ်ရှိသလို ရှုမှတ်နိုင်ကြသည်။ အဓိကရည်ရွယ်ချက်မှာ ရရှိထားသောနိမိတ်ကို ပိုင်ပိုင်နိုင်နိုင် စေစားနိုင်မှုကို စမ်းသပ်ခြင်းပင် ဖြစ်ပါသည်။(တင်ပြသူ)


ဖော်ပြပါ နံပါတ် ၁၆-ပုံကား နောက်တွင် ပြခဲ့ပြီးသည့်ပုံများအတိုင်း အလင်းပဋိဘာဂနိမိတ်ကို အချောင်းလိုက်မလွှတ်တော့ဘဲ ကွမ်းသီးလုံးခန့်၊ သံပရာသီးခန့်၊ ရှောက်သီးခန့်၊ အုံးသီးခန့်၊ တင်းတောင်းခန့်၊ ရာဝင်အိုးခန့်၊ အိမ်ကြီး၊ တောင်လုံးကြီးခန့်….မိမိလိုသလို အကြီးအငယ်ဖန်တီးကာ လွှတ်၍လွှတ်၍ အားထုတ်ရပုံကို ပြသထားခြင်း ဖြစ်ပေသည်။

အလုံးပဋိဘာဂကို လွှတ်ရာတွင် ထုတ်လေနှင့်အပြေး၊ ရှူလေနှင့်အပြန် တစ်ပြိုင်တည်း တစ်ထပ်တည်းဖြစ်အောင် မြန်မြန်အာရုံပြုပြီး အားထုတ်ရသည်။ အရောင်အဆင်းကို အ၀ါ၊ အဖြူ၊ အနီ၊ အပြာစသည်ဖြင့် အမျိုးမျိုး ဥပါဒ်ပေးကာ လွှတ်နိုင်အောင် ကြိုးစားရသည်။ အရေးအကြီးဆုံးမှာ အလင်းနိမိတ်ကို လင်းသထက်လင်းစေဖို့နှင့် အရောင်အမျိုးမျိုး ဥပါဒ်ပေးနိုင်ဖို့သာ ဖြစ်ပါသည်။

တစ်ချို့အရပ်များတွင် ကလေးများသည် စပါးရိတ်သိမ်းချိန်ရောက်လျှင် ပင်လုံးကြီးသောစပါးပင်ကို ညီညီညာညာဖြတ်ပြီး အဖျားတစ်ဖက်တွင် အစိတ်အစိတ် ဖြာပြီးခွဲထားသည်။ ပြီးလျှင် ထိုပင်လုံးထိပ်တွင် ရွှံ့လုံးငယ်လေးကို တင်ပြီး အောက်ပိုင်းအဆစ်မှ ပါးစပ်ဖြင့်မှုတ်ပေးကာ ကစားကြသည်။ ကြူလုံးများဖြင့်လည်း ကစားကြသည်ဖြစ်၍ ကြူလုံးမှုတ်ကစားနည်းဟု ခေါ်သည်။ ထိုသို့မှုတ်ပေးရာတွင် လေအားများလျှင် အဆိုပါ ရွှံ့လုံးလေးမှာ အပေါ်သို့မြင့်မြင့် တက်သည်၊ လေအားလျှော့လိုက်လျှင် ပြန်ပြန်ကျလာသည်။ တစ်နည်းအားဖြင့် ခပ်ပြင်းပြင်းမှုတ်က အပေါ်သို့ မြင့်မြင့်တက်သည်၊ အားနည်းနည်းဖြင့်မှုတ်က အပေါ်သို့ နည်းနည်းသာ တက်သည်။ ထိုသို့ မြင့်ချည်၊ နိမ့်ချည်ဖြစ်နေသကဲ့သို့ အလင်းနိမိတ်ကို မှုတ်လေနှင့် လိုရာအရပ်သို့ရောက်အောင် မြန်မြန်မှုတ်၍ ရှိုက်လေနှင့် ပြန်ယူလိုက်သောအခါ လှစ်ခနဲပြန်ပါလာပြီး နှာခေါင်းသို့ပြန်ဝင်လာသောလေနှင့် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ပြေးအောင်ပြန်အောင် အားထုတ်ရမည်။ သဘောပေါက်အောင် စဉ်းစားပြီး ရှုမှတ်ကြနိုင်ကြပါသည်။

သဘောကိုသိလျှင် မည်သည့်အလုပ်မျှ မခက်ပါ။ မည်သည့်အလုပ်တွင်ဖြစ်စေ သဘောတရားသည် အရေးကြီးပါသည်။ သဘောတရားကို သေချာပိုင်နိုင်ပါက လွယ်လွယ်နှင့်ပြီးနိုင်ကြောင်း သိရသည်။ ဤအလုပ်တွင်လည်း သဘောပိုင်နိုင်ဖို့က အရေးကြီးလှပေသည်။

ဒုတိယအဆင့် ဒုမှာ တိုရှည်သိ ပြီးပြီ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails