Tuesday, January 5, 2010

ဒုမှာ တိုရှည်သိ (၂)


အလင်းနိမိတ်ရသည်အထိ အားထုတ်ပြီးသောအခါ ရှေ့ဆက်၍ အားထုတ်ဖွယ်များ ရှိပါသေးသည်။ မည်သည့်အရာမဆို ရအောင်အားထုတ်ဖို့ လိုအပ်သကဲ့သို့ ရပြီးသည်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါသည်။ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် နည်းတစ်နည်းသာ ရှိပါသည်။ ၎င်းမှာ အခြားမဟုတ် ဆက်လက်ပြီး ကြိုးစားအားထုတ်ခြင်းပင် ဖြစ်သည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်မှု (ဘာဝနာ၊ ဘာဝေတဗ္ဗ၊ ဗဟုလီကတ၊ အနုယုဉ္ဖန္တ)သည်ပင် ရှေ့အမှတ်သတိက နောက်အမှတ်သတိအား (အာသေ၀န၊ ဥပနိဿယ၊ အနန္တရ၊ သမနန္တရ စသောပစ္စည်းများဖြင့်) အဆင့်ဆင့် ကျေးဇူးပြုအားပေးပေလိမ့်မည်။ သို့မှသာ ဘာဝနာသည် (ဗလ၀တရ) အရှိန်ပြင်းပြစွာ အားရှိလာလေတော့သည်။

ထိုသို့ အာနာပါနဘာဝနာအားရှိသည်ထက် အားရှိလာသောအခါ နေတစ်ရာ၊ လတစ်ရာတို့ထက် ပို၍လင်းသော အလင်းနိမိတ်များကို ရလာတတ်ပါသည်။ ထွက်လေ၀င်လေပဋိဘာဂနိမိတ်သို့ သိသိသာသာ သက်ရောက်လာတတ်သည်။ အာရုံနိမိတ်ထင်ရှားစွာ ထင်လာမြင်လာပြီဖြစ်၍ သုံးဆယ့်တစ်ဘုံအတွင်း ထွင်းဖောက်ခါ မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုတန်ခိုးကို ရရှိနိုင်ပေသည်။

ထိုအခါ မိမိဖူးမြော်လိုသော ဘုရားစေတီအဆူဆူကို စိတ်က ရည်ရွယ်ပြီး နံပါတ် (၁၃)ပုံအတိုင်း ဖူးမြော်နိုင်စွမ်း ရှိလာပေလိမ့်မည်။ လေအာရုံအလင်း ပဋိဘာဂနိမိတ်တန်းကြီးသည် မြင်လိုရာ ဘုရားစသော အရာဝတ္ထုတို့အထိ သွယ်တန်းလျှက် ဆလိုက်မီးမိ၍နေသောလေယာဉ်ပျံကဲ့သို့ အရောင်အလင်းတန်း၏အဆုံးမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာပြီး ဖူးတွေ့ရပေလိမ့်မည်။ အထက်ပါပုံသည် ကျိုက်ထီးရိုးဘုရားကို ဖူးမြော်နေပုံဖြစ်ပါသည်။ အခြားသော စေတီပုထိုးများကိုလည်း ရရှိထားသောအလင်းနိမိတ်ဖြင့် သွားရောက်ဖူးမြော်နိုင်ကြလေသည်။ မြန်မာပြည်ရှိ တန်ခိုးကြီးဘုရားစေတီများ၊ အိန္ဒိယရှိ သံဝေဇနိယလေးဌာနစသော အထွတ်အမြတ်နေရာများနှင့် စေတီပုထိုးများ၊ သီရိလင်္ကာရှိ ဗုဒ္ဓမြတ်စွယ်တော်၊ ဗောဓိညောင်ပင်စသော ပူဇော်ထိုက်သောနေရာများ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ရှိ စူဠာမဏိစေတီ၊ ဒုဿစေတီစသော လူ့ပြည်၊ နတ်ပြည်ဘုရားများကိုလည်း အထက်ပါအတိုင်း ပကတိမျက်စိဖြင့် တွေ့မြင်နေရသကဲ့သို့ ပို့လွှတ်ဖူးမြော်နိုင်စွမ်းရှိလာပေလိမ့်မည်။

ထိုထက်ပို၍ ဘာဝနာအစွမ်းများ ပြည့်စုံလာသောအခါ ရှေးရှေးကမ္ဘာက ပွင့်တော်မူကြကုန်သော ဒီပင်္ကရာ၊ မေဓင်္ကရာ၊ ပဒုမုတ္တရ၊ ၀ိပဿီစသော ဘုရားရှင်များ၏ ဇာတိ၊ စုတိစသော အဖြစ်အပျက်များကိုပင် မြင်လာနိုင်ကြောင်း အဋ္ဌကထာကျမ်းကြီးများ၌ ပြဆိုထားသည်။
နံပါတ် ၁၄-တွင် ပြဆိုထားသည့်အတိုင်းလည်း ခရေပွင့်ပြထားရာ ငယ်ထိပ်၊ ပုခုံးစသော ဌာနများမှလည်းကောင်း၊ ကြွင်းကျန်သောခန္ဓာကိုယ်အစိတ်အပိုင်းများမှလည်းကောင်း အလင်းပဋိဘာဂနိမိတ်တန်းကြီး ပြေးစေပြန်စေရအောင် အားထုတ်ရပါမည်။ အမှန်တကယ် ကြိုးစားမှုရှိပါက အခက်အခဲ များစွာ မတွေ့နိုင်တော့ပေ။ ပါရမီအထူးရှိ၍ ထူးကဲစွာ ကြိုးပမ်းအားထုတ်သောသူတို့မှာ ဗြဟ္မာမင်း၏လက်ညှိုးကဲ့သို့ တစ်ကိုယ်လုံးမှ စကြာဝဠာအနန္တကို ထွင်းဖောက်ပြေးသွားစေနိုင်ပေလိမ့်မည်။



နံပါတ် ၁၄-ရုပ်ပုံ၏ သဘောတရားအထူးမှာ အားထုတ်သူယောဂီသည် “ငါ၏ အလင်းနိမိတ်ကို အကြင်အရပ်သို့ ပြေးစေရောက်စေမည်၊ ထိုအရပ်မှတစ်ဖန်ပြန်လာစေမည်”ဟု ပို့လွှတ်အရပ်ကို သက်မှတ်ပြီး ပို့လွှတ်တိုင်း ပို့လွှတ်တိုင်း ထွက်လေနှင့် တစ်ပြိုင်တည်းဖြစ်စေရသကဲ့သို့ ပြန်လာတိုင်းပြန်လာတိုင်း ၀င်လေနှင့်တစ်ပြိုင်တည်း ဖြစ်စေရမည်။ မိမိစိတ်က မြန်မြန်အာရုံပြုပေးရသည်။

လေထုတ်လေသွင်းကိုလည်း လွှတ်လိုရာအရပ်သို့ စိတ်က ပြောင်းရွှေ့ပြီး ရှူစေ၊ ထုတ်စေရမည်။ ဥပမာအားဖြင့် အလင်းနိမိတ်သည် ဗြဟ္မာ့ပြည်သို့တိုင်အောင် ထုတ်လိုက ထွက်လေသည် ငယ်ထိပ်မှ ထွက်သည်။ ထိုထွက်လေမကုန်ဆုံးမီ ဗြဟ္မာ့ပြည်ကို ကျော်တက်၍သွားသည်ဟု ထွက်လေကို ပြောင်းပေးရမည်။ ၀င်လေနှင့်ပြန်၍ အလင်းတန်းကြီးကို ဆွဲချလိုက်သောအခါမှာလည်း ၀င်လေသည် ငယ်ထိပ်အတိုင်း ပြန်ဝင်သွားသည်၊ ရှူသည်၊ ရှိုက်သည်ဟု ပကတိလေကို စိတ်အမှတ်ကပြောင်းရွှေ့ပေးရမည်။ သို့မှသာ ဘာဝနာပွား၍ ရပေလိမ့်မည်။ ဤအရာ၌ မိဂဇာတ်တော်တွင် ပဲခင်းရှင်၏ ပိုက်ကွန်အတွင်းမှ လွတ်မြောက်၍ လျင်မြန်စွာထပြေးသော သမင်းငယ်ကဲ့သို့ လေရှူ၊ လေမှုတ်၊ လေသွင်း၊ လေထုတ်ကို နားလည်နိုင်ပါသည်။ (အကျယ်ကို ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှူနိုင်ပါသည်)။

ဒုတိယအဆင့်ကို အားထုတ်ကြရာတွင် အဿာသပဿာသဟူ၍ ဟောတော်မူသော်လည်း မိမိနှာသီးဝမှ ပကတိနေ့စဉ်ဝင်ထွက်နေသော လေရိုးရိုးကို ဟောတော်မူလိုရင်း မဟုတ်ပေ။ ပဋိဘာဂနိမိတ်ကို ဟောတော်မူသည်ဟု မှတ်ရပါမည်။ (အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမေတ္ထ အဿာသပဿာသသမညမေ၀ ၀ုတ္တံ)။

အထူးသတိပြုရန်မှာ ပထမအဆင့် အားထုတ်စဉ်က ခိုင်ခိုင်မြဲမြဲ စွဲတည်ခဲ့သော နိမိတ်ရှိသောကြောင့် ဤဒုတိယအဆင့်သို့ တိုး၍ လွယ်လွယ်ကူကူ အားထုတ်နိုင်ခြင်းဖြစ်သည်။ အခိုက်အတန့်ပေါ်သော နိမိတ်မျိုးဖြင့် ဤအဆင့်အထိရောက်အောင် အားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အမျိုးအစားသုံးမျိုးကို မှတ်သားသင့်ပေသည်။ ၎င်းတို့မှာ

၁။ အခိုက်အတန့်သာ နိမိတ်ရတတ်သော ဥပဋ္ဌာနသား၊

၂။ အခိုက်အတန့် နိမိတ် ဥပဋ္ဌာနအဖြစ်မှ စွဲစွဲမြဲမြဲတည်သော အခြေအနေရောက်လျှင် ဥဂ္ဂဟသား၊

၃။ ပထမအဆင့်တွင် ကြိုးစားအားထုတ်သော်လည်း နိမိတ်ကား မရခဲ့။ သို့ရာတွင် မှတ်တိုင်းမှတ်တိုင်း အမှားမရှိ ရေတွက်အားထုတ်နိုင်လျှင် မဏ္ဍလသားတို့ ဖြစ်ပေသည်။

နိမိတ်မရရှိသေးသော်လည်း မဏ္ဍလသားအဆင့်ဖြစ်သောသူကိုလည်း ဒုတိယအဆင့်သို့ ကူးပြောင်းအားထုတ်စေသင့်သည်ဟု ကျေးဇူးရှင်ဆရာတော် မိန့်တော်မူသည်။ ရှေ့တိုးထိုင်၊ နောက်ဆုတ်ထိုင်၊ ငုတ်တုတ်ထိုင် ပုဂ္ဂိုလ်သုံးယောက်စလုံး အပြီးအဆုံးသို့ ရောက်နိုင်ကြမည် မဟုတ်ပေ။ ရှေ့တိုးထိုင်မဏ္ဍလသားသာလျှင် ခရီးလမ်းဆုံး သွားနိုင်ပေမည်။ ငုတ်တုတ်ထိုင်၊ နောက်ဆုတ်ထိုင်တို့ကား ဆက်လက်အားထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

(မှတ်ချက်။ ။ အထက်ပါ ရှေ့တိုးထိုင်စသော ပုဂ္ဂိုလ်သုံးမျိုးအကြောင်းကို ဤတွင် ဖတ်ရှုနိုင်သည်။ အထူးပြုရှင်းလင်းထားချက်ကား မဟုတ်ပေ။ အထိုက်အလျှောက် သဘောပေါက်စေပါလိမ့်မည်။)

ထို့အပြင်

၁။ အဿာသပုဂ္ဂိုလ် (ထွက်လေကိုသာ မှတ်နိုင်ပြီး ၀င်လေကို မမှတ်နိုင်သူ)

၂။ ပဿာသပုဂ္ဂိုလ် (၀င်လေကိုသာ မှတ်နိုင်ပြီး ထွက်လေကို မမှတ်နိုင်သူ)

၃။ အဿာသပဿာသပုဂ္ဂိုလ် (ထွက်လေ၊ ၀င်လေနှစ်မျိုးလုံးကို ထင်ရှားပြတ်သားစွာ မှတ်နိုင်သူ)ဟုလည်း သုံးမျိုးသုံးစားရှိလေသည်။ ထိုသုံးမျိုးလုံး အာနာပါနဘာဝနာကို ရနိုင်သည်ဖြစ်၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုက်ရပါသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails