Friday, January 1, 2010

ဒုမှာ တို-ရှည်သိ

အာနာပါန(ထွက်လေ၊ ၀င်လေ)နည်းကို ရှေ့အခန်းတွင် ပြဆိုပြီးသည့်အတိုင်း ရှုမှတ်အားထုတ်ပြီး ဥဂ္ဂဟနိမိတ်စွဲထင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ယောဂီပုဂ္ဂိုလ်သည် နှာသီးဝက ထွက်နေ၀င်နေသည့် လေအာရုံရိုးရိုးကိုလွှတ်ကာ (လေအာရုံရိုးရိုးကို မရှုမှတ်တော့ဘဲ) နိမိတ်ကိုသာ စိတ်မှတ်လျှက် (နိမိတ်ကိုသာ အဓိက ကမ္မဋ္ဌာန်းအာရုံအဖြစ်ထားလျှက်) အထက်အဆင့်စသည်သို့ ကူးပြောင်းသင့်ကြောင်း အဋ္ဌကထာကြီးများတွင် မိန့်ဆိုထားသည်။ ထို့ကြောင့် ဤအခန်းတွင် ဒီဃ၊ ရသ (အတိုအရှည်)ရှုနည်းများကို ပြဆိုပါတော့မည်။
အရှည်ရှုနည်းအရ နိမိတ်တန်းဟူသော လေအာရုံကို ရှည်ရှည်ထုတ်၊ ရှည်ရှည်ရှူ၊ သို့မဟုတ် ပြင်းပြင်းမှုတ်၊ ပြင်းပြင်းရှိုက်ရမည်။ လေအာရုံကို တိုတိုထုတ်၊ တိုတိုရှူ၊ သို့မဟုတ် သာသာမှုတ်၊ သာသာရှိုက်ရမည်။ ထိုကဲ့သို့ အတို၊ အရှည်အားဖြင့် ရှူရှိုက်နေသော နိမိတ်ဟူသောလေအာရုံတန်းကို အမှတ်သတိထားပြီး ရှုမှတ်ပွားများ အားထုတ်နေခြင်းကိုပင် တို၊ ရှည်ရှုနည်း(ဒုမှာ တိုရှည်သိ)ဟု ခေါ်ပေသည်။



ဤရုပ်ပုံနံပါတ် ၁၀-တွင် လေနိမိတ်၏ အတိုအရှည်ရှုမှတ်နေပုံကို မြားပြထားသည်။ နှလုံးသွင်းရှုမှတ်ပုံကား မိမိရရှိစွဲမြဲစွာ ထင်မြင်နေသော လေနိမိတ်အာရုံတန်းကို လက်လေးသစ်ခန့် ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု ရှုမှတ်ရမည်။ ထိုမှတစ်ဆင့် တစ်ထွာခန့်၊ တစ်ပေခန့်၊ တစ်တောင်ခန့်၊ နှစ်တောင်ခန့်၊ သုံးတောင်ခန့် စသည်အားဖြင့် ရှည်ရှည်ထုတ်မည်၊ ပြန်၍ရှိုက်မည်ဟု တစ်ဆင့်ပြီးတစ်ဆင့် ပွားများအားထုတ်ရပါမည်။ ဤအဆင့်သည် မိမိ၏စိတ်ကို သတိပြုပြီး အာရုံကို ထင်ရှားပြတ်သားစေလျှက် ပြဓာန်းထားရသောကြောင့် သတုပ္ပဋ္ဌာနကာရီအဆင့်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။ သို့ဖြစ်၍ မိမိ၏စိတ်ကို ပြောင်းရွှေ့ပေးရခြင်း ဖြစ်သည်။
အားထုတ်ပုံ ထင်ရှားအောင် ဆိုပါအုံးမည်။ လေနိမိတ်တန်း တစ်တောင်ခန့် ရှေ့သို့ ထွက်စေဟု စိတ်ဖြင့် ထွက်လေကို ထုတ်လိုက်သောအခါ လက်နှိပ်ဓာတ်မီးခလုပ်ကို နှိပ်လိုက်ဘိသကဲ့သို့ ထင်းခနဲ့လင်းခနဲ အလင်းတစ်တောင်ခန့် ပြေးထွက်စေရမည်။ တစ်ဖန် မိမိစိတ်ဖြင့် ထိုအလင်းတန်း ပြန်ဝင်လာစေဟု စိတ်ကို ထိုအာရုံနှင့် တစ်ကိုက်တည်းလှစ်ခနဲ ပြန်ဝင်လာစေလျှက် အားထုတ်ရမည်။
နိမိတ်အာရုံတန်းကို တစ်တောင်ခန့်ရှေ့သို့ ထွက်စေဟု နှာသီးဝမှ ထုတ်လေနှင့်မှုတ်လိုက်သောအခါ ဖန်ချောင်းကြီးကို သွင်းလိုက်ထုတ်လိုက် လုပ်နေသကဲ့သို့ အလင်းတန်းကြီး ထွက်လိုက်ဝင်လိုက် လုပ်နေသည်ဟု ထင်မြင်လာတတ်ပါသည်။



ပြဆိုခဲ့ပြီးသော နိမိတ်ရအာနာပါနယောဂီသည် နံပါတ် ၁၁-ပုံမှာကဲ့သို့ တစ်တောင်၊ တစ်လံ စသည် ပို့လွှတ်၍ ရှုမှတ်ရာတွင် ယောဂီလေးမျိုး ကွဲပြားသွားတတ်ပါသည်။ ၎င်းတို့မှာ
၁။ နိမိတ်ကြောင်း၏ အစ၌သာ ထင်မြင်(ထင်ရှား)၍ အလယ်၊ အဆုံးတို့၌ မထင်မြင်သူ (အာဒိလဒ္ဓပုဂ္ဂိုလ်)
၂။ နိမိတ်ကြောင်း၏ အလယ်၌သာ ထင်မြင်(ထင်ရှား)၍ အစ၊ အဆုံးတို့၌ မထင်မြင်သူ (မဇ္စျေလဒ္ဓပုဂ္ဂိုလ်)
၃။ နိမိတ်ကြောင်း၏ အဆုံး၌သာ ထင်မြင်(ထင်ရှား)၍ အစ၊ အလယ်တို့၌ မထင်မြင်သူ (အန္တောလဒ္ဓပုဂ္ဂိုလ်)
၎။ နိမိတ်ကြောင်း၏ အစ၊ အလယ်၊ အဆုံး သုံးဌာနလုံး၌ ထင်မြင်သူ (တယောလဒ္ဓပုဂ္ဂိုလ်) တို့ဖြစ်ပါသည်။ ထိုလေးပါးတို့တွင် နံပါတ်လေးဖြစ်သော တယောလဒ္ဓဖြစ်အောင် အားထုတ်နိုင်သူဖြစ်မှသာ အထက်အထက် အဆင့်တို့သို့ ကူးပြောင်းရှုမှတ်သွားနိုင်လေသည်။
ထိုကဲ့သို့ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးတို့ကို ထင်ထင်ရှားရှား ရှုမှတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်သည် မိမိပို့လွှတ်လိုက်သော နိမိတ်တန်းကြောင်းမှာ အရင်းအဖျား တညီတညာတည်းရှိလျှက် မီးရထားခေါင်းသင်္ဘောဦးဖျားက အဝေးကြည့် ဆလိုက်မီးတန်း လင်းနေသကဲ့သို့လည်းကောင်း၊ အလွန်အားကောင်းသော လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သကဲ့သို့လည်းကောင်း၊ ရန်သူ၏လေယာဉ်ပျံကို ထိုး၍ရှာသော ဆလိုက်မီးတန်းကြီးကဲ့သို့လည်းကောင်း ကြည်လင်ပြတ်သားသော နိမိတ်မျိုး ဖြစ်လေတော့သည်။ ဤကဲ့သို့ ပွားများအားထုတ်ရကြောင်းကို “ဣတိ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ၀ိဟရတိ”ဟူ၍ ဟောတော်မူထားသည်။



ဤရုပ်ပုံနံပါတ် ၁၂-တွင်လည်း အစ၊ အဆုံးတို့၌ မထင်မြင်၊ အလယ်၌သာ ထင်မြင်သော ယောဂီပုဂ္ဂိုလ်မျိုးကို ပြသထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်နေလျှင် အစ၊ အလယ်၊ အဆုံးသုံးပါးလုံးကို ထင်မြင်အောင်အားထုတ်နိုင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် အားထုတ်ဖို့ တိုက်တွန်းလိုပါသည်။ အစ၊ အလယ်၊ အဆုံးသုံးပါးလုံး၌ ထင်မြင်ပြီး ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားဖြစ်မှသာ အာနာပါနဘာဝနာ၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဘာဝနာဗလ(ဘာဝနာအား)ဖြစ်နိုင်လေသည်။
ထိုကဲ့သို့ ဘာဝနာအားရှိလာသောအခါ အထက်တွင်ပြဆိုခဲ့သော ဆလိုက်မီးတန်းစသော ဥပမာများကဲ့သို့ ထင်မြင်လာပေလိမ့်မည်။ ထိုသို့ နိမိတ်လွှတ်ရာ၊ သိမ်းရာတို့၌ လိုရင်းပဓာနအချက်ကား မြန်မြန်နှင့်လင်းလင်းပြေးစေ၊ ပြန်စေနိုင်ခြင်း၊ ကြီးလိုသမျှ ကြီးစေပြီး ငယ်လိုသမျှ ငယ်စေနိုင်ခြင်း၊ အ၀ါရောင်ဖြစ်စေ၊ ပြာစေ၊ နီစေ၊ စိမ်းစေ၊ ဖြူစေစသော အရောင်အနုအရင့် စသည်အားဖြင့် ယောဂီ၏စိတ်ကြိုက် လိုက်ပါစေခြင်းတို့ပင် ဖြစ်ပါသည်။
ထိုကဲ့သို့ ခန္ဓာကိုယ်ပြင်ပ (ဗဟိဒ္ဓ)သက်သက် ထွက်လေ၀င်လေတို့ကို ပွားများအားထုတ်ရခြင်းသည် ရှေ့တွင်အဓိကအာရုံဖြစ်လတံ့သော ပဋိဘာဂထင်လာစေရန်အတွက် ဖြစ်ပါသည်။ အကယ်၍ လေနိမိတ်ကား ပြေးစေ၊ ပြန်စေအောင် ပြုနိုင်ပါ၏။ အလင်းသဘောမရနိုင်ဘဲ ရှိပါမူ မိမိစိတ်ဖြင့် ဓာတ်မီးချောင်းကြီး မိမိ၏နှာခေါင်းဝမှ ထွက်ရမည်၊ ၀င်ရမည်ဟု စိတ်ဖြင့် ဥပါဒ်၍ (ဖန်ဆင်း၍) အားထုတ်ရမည်။ အချိန်အတိုင်းအတာတစ်ခုထိ အားထုတ်ပြီးသောအခါ အမှန်တကယ် လင်းထိန်နေသော ပဋိဘာဂနိမိတ်အလင်းတန်းကြီး ထင်ရှားဖြစ်ပေါ်၍ လာပေလိမ့်မည်။ နေမွန်းတည့်အချိန်တွင် ထွက်ပေါ်နေသော စူးရှနေသော နေမင်းကြီး၏အလင်းရောင်ကဲ့သို့ မိမိ၏ အလင်းနိမိတ်ကို လင်းထိန်နေအောင် စိတ်ကပြုပြင်ဖန်ဆင်း၍ ဆထက်ထမ်းပိုး ကြိုးစားအားထုတ်ကြရပါမည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails