Sunday, August 23, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ

(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

ဘိက္ခု ကေ တန်ချန်ဂျ၊ ဗုဒ္ဓဘာသာချန်နယ်လ်၊ ဇူလိုင် ၁၇

ဗုဒ္ဓဘာသာကမ္ဘာကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဟက်ဝေး ပေါလ်ဆိုသူ ရေးတဲ့ ``ဗုဒ္ဓဘာသာကမ္ဘာမှ လူများ´´ဆိုတဲ့ စာအုပ်ပါပဲ။ ``ခရစ်ယာန်ဘုရားရှိခိုးလမ်းညွှန်စာအုပ်´´လို့လဲ ဆိုပါတယ်။

မနုဿဗေဒအားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသနပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာကမ္ဘာရဲ့ မြေပုံလမ်းညွှန်တွေ ပါဝင်အောင် ရေးထားပါတယ်။ အဲဒီအထဲက အကြောင်းအရာအချို့တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာတွေအနေနဲ့ လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းရိနေတဲ့အချက်တွေ ဖြစ်နေပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားအယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။ ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူ ပြုနေတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိမ်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲဝင် အစီအစဉ်တစ်ခု သို့မဟုတ် တိကျခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခုလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့်ပတ်သက်ပြီး အများစုက မသိကြသေးလို့ပါပဲ။


မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့အစည်းအများစုဟာ ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းက မေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ ပေါတီးပေါ့ဆနေတတ်ဆုံး လူမျိုးတွေထဲမှာ ပါပါတယ်။ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့၊ ကောင်းကင်ဘုံသခင်၊ ဖန်ဆင်းရှင်ထာဝရဘုရားရဲ့ သနားကရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင်စည်းရုံးကြလေ့ရှိပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာဆန့်ကျင်ရေးစာအုပ်ဖြစ်တယ်ဆိုပြီး အပြစ်တင်ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။ လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာသာသနာပြုအဖွဲ့ကိုလဲ အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက်စွပ်စွဲဖို့လဲ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်ဝတဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင်သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခုခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်သွားစေချင်တာပါ။

ဒီလို လုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လို ဝေဖန်ကြမလဲဆိုတာနဲ့ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ ပြဓာန်းဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ ``ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေအနေအရပ်ရပ်အတွက် ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၅၀-တိုင်တိုင် အသက်ရှင်ရပ်တည်ခဲ့တဲ့ ဘာသာတရားတရားတစ်ခု ဖြစ်တယ်´´လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပါတယ်။
အိန္ဒိယတိုက်ကြီးတစ်ခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့ မေ့ဖျောက်ထားနိုင်ခဲ့ကြတဲ့အထိ သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေကို မွတ်စလင်ကျူးကျော်သူတွေ လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။ အိန္ဒိယနဲ့ နီပေါလ်တို့ကိုတော့ ဟိန္ဒူတွေရဲ့လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်းဒေသတွေကိုလဲ ညှိနှိုင်းလို့ မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။ ဒီလို ဆုံးရှုံးမှုကြီးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေဟာ နောက်ထပ် ဘယ်လောက်များများ ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။ ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကျူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမိုင်းကြောင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့ အင်အားဟာ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အခြေစိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မဟာယာနပဲဖြစ်ဖြစ်၊ တိဗတ်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာမဆို သံဃာ့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အဓိကကြောရိုးအဖြစ် တည်ရှိလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှုကို သံဃာ့အဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခုနီတွေနဲ့ သီလရှင်များ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။ သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွှန်မှုအတွက် သံဃာ့အဖွဲ့အစည်းကိုပဲ မှီခိုဖို့ အလားအလာရှိပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခိုအားထားမှုတွေဟာ မှုန့်မှုန့်ညက်ညက်ပျက်စီးနေတဲ့ သွတ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမျိုးမှာ၊ အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့အခါမျိုးမှာ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာတွေ အားနည်းလာတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့အစည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့၊ နောက်လိုက်ပုဂ္ဂိုလ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။ အချို့ရဟန်းတော်တွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွားရေးအတွက် သူတို့ ပိုက်ဆံအိတ်တွေကို ဖြည့်ဆီးပြီး ရိုက်စားတွေလုပ်နေတာနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။ အချို့ရဟန်းတွေ ခမျာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှု မရှိဖြစ်နေရပါတယ်။ အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ ၀န်းကျင်လေးအတွင်းမှာပဲ အာဏာတွေ၊ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။
အဲဒီလို မသတီစရာ အပြုအမှုတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာစက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှုနဲ့ တိုးတက်မှုအလားအလာတွေကို မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေက သံဃာနဲ့ဒါယကာဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို အလျင်အမြန်ပဲ ဖြည့်ဆီးပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အားကိုယ် ကိုးကြ´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်......

Thursday, August 20, 2009

ရန်ကုန်သွားတောလား (၃)

တောထဲ လျှောက်သွားရင်းနဲ့ လူငယ်လေးတစ်ယောက် (သူငယ်ချင်းတွေ ကြားမှာ ဘုန်းကြီးစိတ်ပေါက်နေသူလို့ အသိများသူ)က မေးခွန်းလေး မေးခဲ့တယ်။ ဒီမေးခွန်းကို မြန်မာပြန်ရောက်ကတည်းက ကိုယ့်ကိုယ်ကို ပြန်မေးပြီး စဉ်းစားနေတာ။ သူမေးလာတော့ ချက်ချင်းပဲ ဖြေလိုက်ခဲ့ပါတယ်။

လူငယ်။ ။ အရှင်ဘုရား တစ်နေ့တစ်ခြား တပည့်တော်တို့ ရွှေတိဂုံတို့ ဘာတို့ ၀န်းကျင်မှာ အတွဲတွေ တအားတိုးပွားလာနေတယ်။ ကိုးတန်းအရွယ်လောက် ကောင်လေး၊ ကောင်မလေးတွေက အစ ရည်းစားတွေ ပလူပျံအောင် ထားနေကြတာ ဘာကြောင့်လို့ ထင်လဲ..။ ဘာကြောင့်မို့ မြန်မာနိုင်ငံကြီးမှာ ရည်းစားတိုးပွားနှုန်းတွေ မြင့်တက်နေရတာလဲဘုရား။ ရည်းစားတိုးပွားနှုန်းနဲ့အတူ လူငယ်အေအိုင်ဒီအက်စ်သမားတွေ (အထူးသဖြင့် နယ်တွေက လူငယ်တွေမှာ လိင်ဆက်ဆံမှုနဲ့ မူးယဇ်ဆေးဝါး ထိုးသွင်းမှုတွေကြောင့် အေကိုက်သူတွေ) တိုးပွားနှုန်းကလဲ ကြောက်စရာကောင်းလောက်အောင် တွေ့နေရတယ်။ အဲဒါတွေက ရည်းစားတွေ ထည်လဲတွဲပြီး မစောင့်စည်းကြတော့လို့ အေလူငယ်တွေ တိုးပွားလာနေရတယ်လို့ ထင်ပါတယ်။ အရှင်ဘုရား အမြင်ကို ပြောပါအုံးဘုရား။

ဦးဇင်း။ ။ လူငယ်ဆိုတာ မျှော်လင့်ချက်မဲ့ရင် အလေလိုက်ကြတာပဲ။ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ လူငယ်ကတော့ အဲဒါတွေအတွက် အချိန်မရှိကြဘူး။

Sunday, August 16, 2009

ရန်ကုန်သွား တောလား (၂)

အလုပ်ကိစ္စတွေ မပြတ်သေးတာနဲ့ အမေ့ဆီလည်း မသွားဖြစ်သေးဘူး။ အမေ့ကို လွမ်းတယ်။ ``ရန်ကုန်မှာ အစစအရာရာ ဂရုစိုက်ပါ´´တဲ့ မှာရှာတယ်။ အမေတို့ဆီမှာ မိုးမရွာတာ နှစ်လကျော်ပြီတဲ့။ ``မိုး..မိုး ဘာကြောင့်ရွာ၊ ဖားအော်လို့ ရွာ´´ဆိုလား ဘာဆိုလား ဆိုနေကြတာ ရှိတယ်။ အခုလဲ ပြောင်းပြန်ကြည့်တော့ ဖားမအော်လို့ မိုးမရွာတာလားလို့ ကြံကြံဖန်ဖန် တွေးနေပါတယ်။

ရန်ကုန်က ဒကာတစ်ယောက်ကတော့ ပြောတယ်။ ``သစ်တော ထိန်းသိမ်းရေ အသိပညာတွေ ဦးဇင်းတို့ဆီကို ပြောပြပါအုံး´´တဲ့။ အော်…ခက်ပ…။ ဥတုရာသီ တောကို မှီ။ တောရှိမှ မိုးရွာမယ်။ ရာသီဥတုကောင်းမယ်။ သူတို့လည်း သိကြသပေါ့။ သိပေမယ့် ချက်ပြုတ်ရေးအတွက် လျှစ်စစ်မီးက မရှိ၊ ဘာက မရှိ။ ထမင်းချက်ဖို့ သစ်ပင်တော့ ခုတ်မှ ရပေမပေါ့။ သစ်ပင်မခုတ်ရင်တော့ အစိမ်းစားကြရုံပဲရှိမပေါ့။ အခု ပိုဆိုးတာက မိုးမကောင်းတော့ သီးနှံက မရ၊ သီးနှံမရတော့ စားစရာက မရှိ၊ စားစရာ မရှိတော့ ရှိအောင် ရှာကြံတဲ့အနေနဲ့ ရှိတဲ့သစ်ပင်လေးတွေကို မီးသွေးဖုတ်ကြသတဲ့။ အစစမပြည့်စုံတဲ့ဘ၀တွေကို ဟိုဟာမလုပ်သင့်၊ ဒီဟာ မလုပ်သင့်ဆိုပြီး ဆရာသွားလုပ်ဖို့ကလဲ အရမ်းခက်ပါတယ်။ ဟိုဟာ မလုပ်သင့်ဘူးပြောပြီးရင် ဒါလုပ်သင့်တယ်ဆိုတာကို ပြောပြနိုင်မှ ဖြစ်မယ်လေ။ ရန်ကုန်မှာလဲ ပြောနေကြတယ်။ ``တောင်သာမီးသွေးက သိပ်ကောင်းတယ်´´ဆိုပဲ။ မကောင်းဘဲနေမလား။ ကန္နားပင်(ကန္တာရပင်)တွေကို မီးသွေးဖုတ်ထားတာလေ။ မာတောင်နေတာပဲ၊ အသုံးခံတယ်တဲ့။

သီရိလင်္ကာကို အမှတ်ရတယ်။ ``အိမ်ရှိရင် လျှပ်စစ်မီး ရှိရမယ်´´တဲ့။ သစ်တောတွေ ထိန်းသိမ်းထားလိုက်တာ ကြည်နူးစရာ သိပ်ကောင်းတာပဲ။ နေရာတိုင်းလိုလိုမှာ တောတောင်တွေ၊ စိမ့်စမ်းတွေ၊ ကျေးငှက်သာရကာတွေ၊ သားကောင်တွေ။ အဲဒီလို စိမ်းစိုနေတဲ့ တောလေးတွေ၊ ရွာလေးတွေ မြင်ချင်လိုက်တာ။ တရားခံက ထင်ရှားနေတာတောင် တရားသူကြီးက အခုထိ ရောက်မလာသေးဘူး။


အွန်လိုင်းတက်တိုင်း သူငယ်ချင်းတွေက ပြည်ပကနေပြီး မေးကြတယ်။ ``ဘယ်လိုလဲ အခြေအနေ ဘာထူးလဲ´´တဲ့။ ဒီကို ပြန်လာတော့ ထိုင်းထရန်စစ်နဲ့ ပြန်လာခဲ့ရတယ်။ ထိုင်းလေဆိပ်မှာ သင်္ဘောသားလူငယ်တစ်သိုက်ပြောနေတဲ့ စကားတွေထဲက တစ်ခုကို သတိထားမိခဲ့တယ်။ ``ငါသွားတဲ့ သုံးလေးနှစ်အတွင်း ထိုင်းက အရမ်းကို ပြောင်းလဲသွားပြီကွာ´´။ ဒီလိုနဲ့ မင်္ဂလာဒုံလေဆိပ်ကို ဆင်းမယ်အလုပ်မှာ သူ့ဆီက စကားတစ်ခွန်းကို ကြားလိုက်မိပြန်တယ်။ ``ငါ ရိုးတယ်မှပဲ။ ငါသွားတုန်းကလဲ ဒီအတိုင်းပဲ၊ ပြန်လာတော့လဲ ဒီအတိုင်းပဲ´´တဲ့။ သူငယ်ချင်းတွေကိုလဲ အဲဒီအတိုင်း ဖြေလိုက်ချင်ပါတယ်။

ရန်ကုန်မှာ ထူးတာတွေလဲ အများကြီးပါပဲ။ စူပါမားကတ်တွေ အများကြီးပေါလာတယ်။ တိုက်အသစ်တွေလဲ အများကြီး ပေါလာတယ်။ နောက်ပြီး ကြွယ်ဝသူတွေက နောက်ဆုံးပေါ်ကားကြီးတွေ စီးလို့၊ အနောက်တိုင်းဆန်ဆန် တိုက်ကြီးတွေ ဆောက်လို့။ သားသမီးတွေကို ပညာရေးအဆင့်မြင့်အောင် နိုင်ငံခြားကို လွှတ်၊ ကျောင်းတွေ ထားလို့။ တိုးတက်နေကြတာလား။ အခြားတစ်ဖက်ကို ငဲ့ကြည့်လိုက်မယ်။
အိမ်အပိုင်မပြောနဲ့၊ အိမ်လခ မှန်အောင် မနည်းပေးနေကြရတယ်။ နေစရာ အိမ်မရှိလို့ ဟိုပြေးဒီကပ်နဲ့ ဘ၀တွေကို ဖြတ်သန်းနေရတယ်။ နိုင်ငံလူဦးရေရဲ့ အများစုက ကျောင်းမနေကြရဘူး။ မူလတန်းအဆင့်လောက်နဲ့ ကျောင်းထွက်လိုက်ပြီး အလုပ်ကြမ်းတွေ လုပ်နေရတယ်။ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေဟာ တရားမ၀င်အလုပ်သမားတွေအဖြစ် နိုင်ငံခြားမှာ သွားနေရတယ်။ မွန်ပြည်နယ်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဘယ်ရောက်နေလဲ။ တိုင်းပြည်ကောင်းစားရေးအတွက် ခေတ်နဲ့ရင်ဘောင်တန်းနိုင်အောင် ပညာတွေ သင်နေကြပါသလား။ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေကြပါသလား။ ထိုင်းနယ်စပ်မှာ မိန်းကလေး၊ ယောက်ျားလေး အများကြီး ဒုက္ခသုက္ခတွေနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေကြရတယ်။

တိုင်းတစ်ပါးမှာ အနှိမ်ခံဘ၀ သွားနေရတဲ့ မွန်ပြည်နယ်ရဲ့ ကရင်၊ မွန်၊ ဗမာလူငယ်လေးတွေရဲ့ အနာဂတ်ဟာ တွေးကြည့်တိုင်း ရင်မောစရာပါ။ အဲဒီက ပြန်လာတဲ့လူငယ်တွေဟာ မိန်းကလေး၊ ယောက်ျားလေးအားလုံးနီးပါးဟာ မိမိတို့ရဲ့ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာတွေ ဆုံးရှုံးကုန်ပါတယ်။ ပြန်ရောက်လာတာနဲ့ ဘာမလုပ်တတ်၊ ညာမလုပ်တတ်။ ပျက်စီးကုန်တော့တာပဲ။ ဒါဆိုရင် မသွားဖို့ တားမြစ်ကြပါလား။ မတားမြစ်နိုင်ပါဘူး။ သတင်းစာတွေကနေ ဘယ်လောက်ပဲ မသွားနဲ့ ရေးနေရေးနေ၊ အဲဒီကို သွားမှ သူတို့ရဲ့ဘ၀ အဆင်ပြေနေတာကို လက်တွေ့ကြုံနေကြရတော့ ဘယ်မှာလာလို့ တားရလိမ့်မလဲ။ ဘွဲ့ရပြီး ထိုင်းနယ်စပ်သွား ခြံထဲဆင်းအလုပ်လုပ်နေရအောင် သူရတဲ့ဘွဲ့နဲ့ သူ့နိုင်ငံပညာရေးက ဘာလဲ။ ဘယ်လဲ။

ဝင်ဒါမီဒီယာထဲမှာတောင် မီးအားက အရမ်းနည်းနေတယ်။ ကျောင်းမှာ ကိုရင်တွေ ရေချိုးစရာ ရေမရှိဘူး။ အိမ်သာတက်စရာ ရေမရှိဘူး။ ဘေးကအိမ်တွေကတော့ မီးအားမြှင့်စက် သုံးနေကြတယ် ထင်ပါရဲ့။ မီးတွေ ထိန်လင်းနေပါတယ်။ မီးတွေ ချွေတာသုံးကြနော်၊ မီတာစောင့်ရှောက်ခဆိုပြီး သုံးထောင်ထပ်ပေးဖို့ မနက်က ပြောသွားတယ်တဲ့။ ဆရာတော်က အမိန့်ရှိတယ်။ ``မီတာက ငါ့ကျောင်းမှာ ဒီအတိုင်းထားတာပါကွာ၊ သူတို့လဲ စောင့်ရှောက်တာ မဟုတ်ဘူး´´ ဆရာတော်က ရေရွတ်နေပါတယ်။ မိုးသားတွေတက်လာလို့ မော့ကြည့်လိုက်တယ်။ တိမ်တွေရဲ့ တောက်ပမှုက အရောင်တွေ ကွဲနေတယ်။

အခုတလော မိုးတိမ်တွေ ပြန်ကြည်လင်လာတယ်။ သွားရလာရ အဆင်ပြေလာတယ်။ ကျန်းမာရေးစောင့်ရှောက်ချင်လို့ဆိုပြီး မကြာခဏ လာကြည့်ပေးနေတဲ့ သူတွေက လွဲရင်ပေါ့။ ကိုယ်သွားတဲ့နေရာကို လိုက်စောင့်ရှောက်နေတယ်။ ကျေးဇူးတင်ရမလား။ ကျောင်းတစ်ကျောင်းမှာ စစ်သူနာပြုတစ်ယောက် ထားချင်တယ်ဆိုလား။ အခုလို မကြာခဏ လာနေရတော့ လမ်းစရိတ်ကုန်လို့ ထင်ပါတယ်။ ကျောင်းနားက အိမ်တွေကိုလည်း ည ၁၂-နာရီကျော် အချိန်မတော် ဧည့်စာရင်းလာစစ်လိုစစ်။ တော်တော် ဂရုစိုက်ကြတယ်။
``အရှင်ဘုရား သီရိလင်္ကာကပြန်လာတဲ့ ကိုယ်တော်လား´´။ ဟုတ်ပါတယ်။ မိုးလင်းလို့ အိပ်ယာက ထာတာနဲ့ စစ်သားသုံးယောက်နဲ့ သူနာပြုတစ်ယောက် ကျောင်းရောက်လာတယ်။ နေ့စဉ်လာကြည့်မယ်တဲ့။ အရှင်ဘုရားကျန်းမာရေးအတွက်ပါတဲ့။ ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်ကျန်းမာရေး ကိုယ်က ဂရုစိုက်စရာ မလိုဘူး။ သူတို့က သိပ်အလိုက်သိကြတယ်။ တစ်နေ့ကလဲ မယကလူကြီးဆိုလား ဘာဆိုလား၊ အရှင်ဘုရား ဘွဲ့အမည်လေး ပေးပါအုံးဆိုလို့ ပေးလိုက်ရတယ်။ ``ငါ့သား အစစအရာရာ ဂရုစိုက်ပါ´´ဆိုတဲ့ အမေ့စကား ဒါတွေကို ရည်ညွှန်းသလား မပြောတတ်ပါဘူး။ ဂရုစိုက်လွန်းသူတွေရဲ့ ကြားမှာ မနေတတ်တော့ဘူး၊ အမေ့ဆီ ပြန်တာပဲ ကောင်းတယ်။

လွယ်နေတဲ့ ပြဿနာတွေ
ခက်ခက်သွားတာအတွက်
ဆုတောင်းမနေချင်တော့ဘူး။
ခဏခဏ စီးဆင်းလာနေတဲ့ မျက်ရည်တွေ
ခမ်းခြောက်သွားဖို့တော့
တမ်းတနေမိပါတယ်။

Sunday, August 9, 2009

ရန်ကုန်သွား တောလား

ရန်ကုန်က စိမ်းနေသလား၊ ရန်ကုန်ကိုပဲ စိမ်းနေသလား။ မပြောတတ်။ ရန်ကုန်မြေပေါ်မှာ အစိမ်းရောင်တွေ လွှမ်းနေခဲ့တယ်။ မတွေ့ခင်က တွေ့ချင်မြင်ချင်လှသော အရာများကလဲ ခပ်အမ်းအမ်း ဖြစ်နေခဲ့တယ်။ နှုတ်ဆက်ဖို့ စကားလုံးတွေ ရှာမတွေ့ခဲ့။ လွမ်းနေခဲ့သော ရွှေတိဂုံကို အသွား။ ခြေလှမ်းတွေက အလယ်ပစ္စယံမှာ တန့်နေခဲ့တယ်။ ရှေ့ဆက်လှမ်းလိုစိတ် မရှိတော့။ ရင်မခုန်တာ ကြာခဲ့ပြီဖြစ်သော ထူထဲနေခဲ့တဲ့ ရင်ဘတ်ပြင်တစ်ခုလုံး ဘယ်ညာလား၊ အထက်အောက်လား ခွဲခြားမသိနိုင်လောက်အောင် ခုန်လှုပ်လာခဲ့တယ်။ ရန်ကုန်ကို ရောက်တာ တစ်ပတ်ရှိပြီ။ ရွှေတိဂုံပေါ်ကို

မရောက်သေး။
မေတ္တာမဲ့နေသော
ခပ်စိုက်စိုက်အကြည့်တွေအောက်မှာ
ကိုယ့်ကိုယ်ကိုယ်
သားကောင်များလေလော
ဝေခွဲမရ ဖြစ်နေခဲ့တယ်။

အေးမြတဲ့ သိင်္ဂုတ္တရ၀န်းကျင်မှာ
မုဆိုးတွေ ၀န်းရံခနေခဲ့လို့
ရင်ဘတ်ဖိပြီး လှည့်ပြန်နေရတယ်။


မနေ့က စာအုပ်ဝယ်ဖို့ ၆-မိုးလောက် ကျင်လည်ခဲ့ဖူးတဲ့ ကမ္ဘာအေးကို သွားခဲ့တယ်။ သုံးလမ်းမှတ်တိုင်က ၄၃-ဘတ်စ်ကားပေါ်ကို တက်လိုက်တယ်။ ခပ်ချောင်ချောင် ကားပေါ်မှာ သံဃာခုံပေါ်က ထမပေးနိုင်တဲ့ တိုးတက်နေတဲ့ မြန်မာဗုဒ္ဓဘာသာတွေကို ယောနိသောနဲ့ မေတ္တာပို့ပေးခဲ့တယ်။ ဝေးကွာခဲ့တာ တစ်နှစ်၊ ပြောင်းလဲလာတာက အများကြီး။ ပြောင်းလဲမှုတွေက ရှေ့သို့ဆိုတာ မရှိ။ တဖြည်းဖြည်းနဲ့ အမိမြန်မာပြည် ကျောက်ခေတ်သို့ ပြန်သွားနေခဲ့တယ်။ စီးပွားရေးတွေ မကောင်းဘူး၊ အမြင်တွေ မကျယ်ဘူး။ အကျင့်တွေ ပျက်လာတယ်။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်။ ဒီမှာတော့ လူငယ်တွေ လေနေကြတယ်။ လဘက်ရည်ဆိုင်ထိုင်မယ်။ ရည်းစားရှာမယ်၊ ရည်းစားထားမယ်။ အမေ့ဆီက ပိုက်ဆံတောင်းပြီး ပန်းခြံသွားမယ်။

ရွှေတိဂုံအရှေ့ဘက်မုခ် ကျောင်းဆောင်ပြတင်းကနေ လောကခြင်းရာတွေကို မျက်စိတစ်ဆုံး ငေးနေမိတယ်။ အားတက်စရာတွေ ရှာမရ။ အဖြစ်အပျက်တွေရဲ့ ကွင်းဆက်တွေက နီးလွန်းလို့ ၀ါးဝါးသွားနေခဲ့တယ်။

ကောင်မလေးငယ်ငယ်လေးနဲ့ ဘဘကြီး၊ ဦးဦးကြီးတို့ စုံတွဲများ၊ ကောင်မလေးတွေနောက် တကောက်ကောက်လိုက်နေခဲ့သော ကိုယ်တော်ချောများ၊ အချစ်အတွက်လား၊ အနှစ်အတွက်လား ခွဲခြားမရအောင်ပဲ ဘုန်းဘုန်းနှင့် ကောင်မလေးစုံတွဲများ၊ လိုင်းကားခ တစ်ရာထိ တိုးသွားခြင်းနဲ့ ချစ်လှစွာသော မြန်မာများရဲ့ ရွှေမျက်နှာသုန်မှုန်ခြင်းများ…ထိုအရာများနှင့်…..လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူသားဆန်ခြင်း၊ လက်ဝါးကြီးအုပ်ဝါဒ လွှမ်းမိုးခြင်း၊ ငွေများတရားနိုင်ဖြစ်နေခြင်း၊ တစ်ဦးနဲ့တစ်ဦး ခွက်စောင်းခုတ်ခြင်း၊ တစ်ဖွဲ့ကို တစ်ဖွဲ့က ပြန်ဖားနေကြခြင်း (ရဟန်းယုတ်တွေကို နအဖက ဖား၊ နအဖကို ရဟန်းယုတ်တွေက ပြန်ဖားနေကြခြင်း)၊ …….ထိုအရာများ အဘယ်မျှ ဆက်စပ်နေကြသလဲ တွေးတောရင်း ကမ္ဘာအေးကို ရောက်ခဲ့ပါတယ်။ မိုးတွေရွာပြီးရင်းရွာ တိမ်တိုက်တွေ ရွေ့တာ မြန်လွန်းတယ်။

မြန်မာမှာ သာသနာတိုးတက်နေပါတယ်ဆိုသော အသံကုန်ဟစ်နေမှုများကို ရင်ခုန်သံ တဒုတ်ဒုတ်ဖြင့် တွေးနေခဲ့ပါတယ်။ ၄၃-ကားလေးပေါ်ကနေ ဆင်းလိုက်တယ်ဆိုရင်ပဲ ထူးခြားတဲ့ ရှုခင်းတွေကို သတိထားမိတယ်။ နာဂစ်က ရန်ကုန်ကို ခေါင်းရိတ်ပေးလိုက်ခဲ့တာပါလား။ ကမ္ဘာအေးကုန်းမြေကြီးက သစ်ပင်ကြီးတွေ မရှိတော့ဘူး။ ၀ိသာခါစစ်တပ်အဆောက်အအုံကြီးလဲ သင်တန်းခန်းမကြီး ဖြစ်နေတယ်။ စစ်သားတွေ တစ်ယောက်မှ မရှိတော့ဘူး။ သာသနာ့တက္ကသိုလ် မုခ်ဦးကလဲ သပ်ရပ်နေတယ်။ အရင်က အတွဲတွေ ဖြတ်လျှောက်နေတဲ့ တက္ကသိုလ်အဓိပတိလမ်းမကြီးဘေးမှာတော့ ``………မဆိုင်သူများ ဖြတ်သန်းသွားလာခွင့် မပြု´´တဲ့။ ဆိုင်းဘုတ်လေး တပ်ထားတယ်။ တံခါးဝကို ၀င်ပြီးကာမှ ``ငါကကော ဆိုင်သူလား၊ မဆိုင်သူလား´´ စဉ်းစားမိခဲ့တယ်။
အဆောင်ကို ရောက်တော့ သူငယ်ချင်းတွေ အားလုံး ၀မ်းသာအားရ၊ နှုတ်ဆက်ကြ၊ ပြောကြဆိုကြ၊ အတွေ့အကြုံလေးတွေ ပြောဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေက ဖော်ရွေနေသလောက် အမိတက္ကသိုလ်ကြီးကတော့ မျက်လုံးစိမ်းနဲ့ ကြည့်နေသလို ခံစားခဲ့ရတယ်။ လျှောက်နေခဲ့တဲ့ ခြေလှမ်းတွေက မြေကြီးကို ထိခဲ့ရလား။ အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေလဲ အားလုံးနီးပါးလောက် အရှင်းခံခဲ့ရတယ်။ အတန်းဖော် သူငယ်ချင်း ၇၀-ခန့်ထဲက ၃-ပါးသာ အထဲမှာ ရှိတော့တယ်။

စက်တင်ဘာ….မင်းဟာ မုန်တိုင်းတစ်ခု ပါလားကွယ်…။

မသောက်ရတာ ကြာပြီဖြစ်တဲ့ စူပါကော်ဖီမစ်နဲ့ သူငယ်ချင်းက ဧည့်ခံတယ်။ မီးပျက်နေလို့ ရေနွေးနဲ့ပဲ သောက်ခဲ့ရတယ်။ (ရေပူမဟုတ်ဘူး)။ ၆-နှစ်တာ ကျင်လည်ခဲ့ရတဲ့ ရပ်ဝန်းမှာ သူငယ်ချင်း လေးငါးပါးပဲ ရှိတော့တာ….. ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား…အမျိုးအမည်မသိတဲ့ ခံစားချက်တို့က ရင်ထဲမှာ လွန်းထိုးလာခဲ့တယ်။ ``တက္ကသိုလ်မှာ အသက်ရှည်ဖို့ စာတတ်တာ မတတ်တာ၊ တော်တာ မတော်တာ၊ ဗဟုသုတကြွယ်တာ မကြွယ်တာ….ဒါတွေက အရေးမကြီးဘူး၊ ခပ်အေးအေး နေတတ်တာကမှ အရေးအကြီးဆုံး´´တဲ့လေ။ ရှက်တတ်ရင်တော့ လဲသေဖို့ ကောင်းပါတယ် မေမေရယ်။
ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်….. သင်္ကန်းဝတ်ပြီးတော့ မလုပ်ကြပါနဲ့ဗျာ။ ရင်ထဲမှာ အေးကျင်လာတယ်။ နာကျင်စရာတွေက များလွန်းတော့ ခံစားမှုရေချိန်က အဆုံးထိ တက်မလာခဲ့ဘူး။ အပြန်မှာ အင်တာနက်ဆိုင် ၀င်ထိုင်ခဲ့တယ်။ ဘလော့မပြောနဲ့၊ ၀က်ဘ်ဆိုက်တောင် ဖွင့်မရခဲ့ဘူး။ မေမေရယ်…အမိမြေမှာ ``Access has been denied´´တဲ့။ အဲဒီစာသားလေးအစား ``Evil has been denied´´ဆိုတဲ့စာသားလေးများ ဖြစ်လိုက်ပါတော့လားလို့ တိုးတိုးလေး ရေရွတ်မိခဲ့တယ်။

မျှော်လင့်ချက်မဲ့နေတဲ့ ကောင်းကင်အောက်မှာ အားလုံးဟာ မှုန်ဝါးနေခဲ့ကြတယ်။ မိုးတွေ တသဲသဲ ရွာသွန်းတော့ ရန်ကုန်က မကြည်မလင်၊ အဆင်မပြေမှုတွေသာ ရွာသွန်းနေခဲ့တော့ လမ်းမထက်မှာ ရွှေမျက်နှာများလဲ သုန်မှုန်နေခဲ့ကြတယ်။ လက်သီးဆုပ်ဖို့ ပြင်ကာရှိသေးတယ်၊ ရန်သူရဲ့ မြှားချက်က ရင်ဝမှာ လာစူးဝင်ခဲ့တယ်။ အခုထိ ရာသီဥတုက ကိုယ့်ဘက်လှည့်မယ့်ပုံ မပေါ်သေးဘူး။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails