Friday, May 29, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်......

ပူဇော်သူ၏ အင်္ဂါရှစ်ပါး

မဟာဝိဇိတမင်းသည် ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံ၏။
(၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ။
(၂) အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ ဗြဟ္မာနှင့်တူသော အဆင်းရှိ၏၊ ဗြဟ္မာနှင့်တူသော ကိုယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။
(၃) ကြွယ်ဝ၏၊ များသော ဥစ္စာရှိ၏၊ များသော စည်းစိမ်ရှိ၏၊ များသော ရွှေငွေရှိ၏၊ များသောနှစ်သက်ဖွယ် အသုံးအဆောင်ရှိ၏၊ များသော ဥစ္စာစပါးရှိ၏၊ ပြည့်သော ဘဏ္ဍာတိုက် ကျီကြရှိ၏။
(၄) ဗိုလ်ပါအင်အား ရှိ၏၊ သစ္စာရှိသော အမိန့်ကို ရိုသေစွာ လိုက်နာသော အင်္ဂါလေးပါးရှိသောစစ်သည်နှင့် ပြည့်စုံ၏၊ (စစ်သည်ဗိုလ်ပါ) အခြံအရံဖြင့် ရန်သူတို့ကို ဖိနှိပ်လွှမ်းမိုးနေသကဲ့သို့ ဖြစ်၏။
(၅) သဒ္ဓါတရားရှိ၏၊ ပေးကမ်းစွန့်ကြဲတတ်၏၊ (အမြတ်ကို ပေးတတ်သော) အလှူရှင်ဖြစ်၏၊ ရဟန်းပုဏ္ဏား အထီးကျန်သူ ခရီးသွား ဖုန်းတောင်းယာစကာတို့အတွက် မပိတ်သော တံခါးရှိ၏၊ ရေတွင်းသဖွယ်ဖြစ်၍ ကောင်းမှုတို့ကို ပြု၏။
(၆) အထူးထူး အပြားပြား များသော အကြားအမြင်နှင့် ပြည့်စုံ၏။
(၇) ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်း၊ ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်းဟု ထိုထိုစကား၏ အနက်အဓိပ္ပါယ်ကို သိ၏။
(၈) ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အကျိုးတို့ကို့ကြံဆခြင်းငှါ စွမ်းနိုင်၏။
မဟာဝိဇိတမင်းသည် ဤရှစ်ပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤသို့လျှင် ရှစ်ပါးသော ဤအင်္ဂါတို့သည်လည်း ထိုယဇ်၏သာလျှင် အရံအတားများ ဖြစ်ကြကုန်၏၊

လေးပါးသော အင်္ဂါအကြောင်း
အကြံပေးဖြစ်သူ ပုရောဟိတ်ပုဏ္ဏားသည်လည်း လေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။
(၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက် တိုင် အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့ မခံရ။
(၂) ဝေဒကျမ်းလာ ဂါထာတို့ကို ရွတ်ဆိုတတ်၏၊ ဝေဒကျမ်းတို့ကို ဆောင်၏၊ အဘိဓာန် 'နိဃဏ္ဍု' ကျမ်း၊ အလင်္ကာ 'ကေဋုဘ' ကျမ်း၊ သဒ္ဒါ 'အက္ခရပ္ပဘေဒ' ကျမ်း၊ ငါးခုမြောက် ဣတိဟာသ ကျမ်းနှင့်တကွဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏၊ ပဒကျမ်းကို တတ်၏၊ ဗျာကရုဏ်းကျမ်းကို တတ်၏၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။
(၃) သီလရှိ၏၊ ကြီးပွါးသော သီလရှိ၏၊ ကြီးပွါးသော သီလနှင့် ပြည့်စုံ၏။
(၄) ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်၏။
ပုရောဟိတ်ပုဏ္ဏားသည် ဤလေးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏၊ ဤသို့လျှင် လေးပါးသောဤအင်္ဂါတို့သည်လည်း ထိုယဇ်၏သာလျှင် အရံအတားများ ဖြစ်ကြကုန်၏။

ဤနေရာ၌ ယဇ်ယောက်မကိုင်ဟူသည်မှာ လူတိုင်းကိုင်နိုင်သောအရာ မဟုတ်၊ အတော်အတန် ဉာဏ်ပညာကြီးသော ပုဏ္ဏားတို့သာ ကိုင်ခွင့်ရနိုင်သည်။ ပုရောဟိတ်ပုဏ္ဏားသည်လည်း ထိုယဇ်ယောက်မကို ကိုင်ခွင့်ရှိသော ပထမအကြီးအကဲ၊ သို့မဟုတ် ဒုတိယအကြီးအကဲအဆင့်ရှိသည်။

ပူဇော်သူ၏ စိတ်ထားသုံးပါး
ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား ယဇ်မပူဇော်မီ ရှေးဦးစွာရှိသင့်သော စိတ်ထားသုံးပါးတို့ကို ညွှန်ကြား၏ -
(၁) ယဇ်ကြီးပူဇော်ရန် ကြံစည်တောင့်တနေသော (ကာလ၌) အသျှင်မင်းအား ''များစွာသော ငါ၏စည်းစိမ်အစုသည် ကုန်ခန်းလိမ့်တကား''ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။
(၂) ယဇ်ကြီးပူဇော်ဆဲ (ကာလ၌) အသျှင်မင်းအား ''များစွာသော ငါ၏ စည်းစိမ်အစုသည် ကုန်ခန်း၏တကား''ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။
(၃) ယဇ်ကြီးပူဇော်ပြီးသော (ကာလ၌) အသျှင်မင်းအား ''များစွာသော ငါ၏ စည်းစိမ်အစုသည် ကုန်ခန်းလေပြီတကား''ဟု တစ်စုံတစ်ခုသော နှလုံးမသာခြင်းသည် ဖြစ်ရာ၏၊ အသျှင်မင်းသည် ထို (သို့သော) နှလုံးမသာခြင်းကို မဖြစ်စေသင့်ပါ။
အမှန်အားဖြင့် ပုဗ္ဗစေတနာ (အလှူမပြုမီ ကြိုတင်ပြီး ကုသိုလ်စိတ်များ ဖြစ်နေခြင်း)၊ မုဉ္စစေတနာ (လှူနေဆဲအခိုက်အတံ့တွင်လည်း ကုသိုလ်စိတ်များ ဖြစ်နေခြင်း)၊ အပရစေတနာ (လှူပြီးနောက်ကာလတွင်လည်း အလှူအကြောင်းပြန်တွေးပြီး ကုသိုလ်စိတ်များဖြစ်နေခြင်း)ဟူသော စေတနာသုံးတန်ပြည့်စုံနေရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အခြင်းအရာဆယ်ပါး
ပုရောဟိတ်ပုဏ္ဏား ညွှန်ပြသော အခြင်းအရာ ဆယ်ပါးမှာ ယနေ့အလှူပေးပုဂ္ဂိုလ်တို့အတွက် မှတ်သားစရာ အလွန်ကောင်းပါသည်။ အခြင်းအရာဟူသည်မှာ အလှူပေးရာတွင် ဖြစ်လေ့ဖြစ်ထရှိသော၊ ကြုံတွေ့ရတတ်သော အနေအထားဟု ဆိုရမည် ထင်ပါသည်။ ဤအနေအထားဆယ်ချက်ကို ကြိုတင်သိမြင်ထားမှသာ အလှူပေးရာ၌ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပေလိမ့်မည်။ ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား အခြင်းအရာ ဆယ်ပါးကို ကြိုတင်ပြောပြထားခြင်းအားဖြင့် စေတနာသုံးတန်ပြည့်စုံအောင် ညွှန်ပြထားသည်။

ပုရောဟိတ်ပုဏ္ဏားသည် မဟာဝိဇိတမင်းအား -
(၁) အသျှင်၏ ယဇ်ပွဲသို့ အသက်ကို သတ်လေ့ရှိသော သူတို့သည်လည်းကောင်း၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သော သူတို့သည်လည်းကောင်း လာကုန်လတ္တံ့၊ ထိုသူတို့တွင် အကြင်သူတို့သည် အသက်ကို သတ်လေ့ရှိကုန်၏၊ ထို (အသက်သတ်ခြင်း)ကြောင့် ထိုသူတို့အားသာ (မကောင်းကျိုးဖြစ်ပါလတံ္တ့)၊ ထိုသူတို့တွင် အကြင်သူတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ထို သူတို့ကို အာရုံပြု၍ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။
(၂) အသျှင်၏ ယဇ် (ပွဲ) သို့ ခိုးယူလေ့ရှိသော သူတို့သည်လည်းကောင်း၊ ခိုးယူခြင်းမှ ရှောင်ကြဉ် သောသူတို့သည်လည်းကောင်း လာကုန်လတ္တံ့။ပ။
(၃) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိသော သူတို့သည်လည်းကောင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။
(၄) မဟုတ်မမှန်ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်သောသူတို့သည်လည်းကောင်း။
(၅) ကုန်းစကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ကုန်းစကားမှ ရှောင်ကြဉ်သောသူတို့သည်လည်းကောင်း။
(၆) ရုန့်ကြမ်းသော စကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ရုန့်ကြမ်းသော စကားမှ ရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။
(၇) ပြိန်ဖျင်းသော စကားကို ပြောလေ့ရှိသော သူတို့သည်လည်းကောင်း၊ ပြိန်ဖျင်းသော စကားမှရှောင်ကြဉ်သော သူတို့သည်လည်းကောင်း။
(၈) လိုချင်တပ်မက်ခြင်း 'အဘိဇ္ဈာ' ရှိသော သူတို့သည်လည်းကောင်း၊ လိုချင်တပ်မက်ခြင်း 'အဘိဇ္ဈာ' မရှိသော သူတို့သည်လည်းကောင်း။
(၉) ပျက်စီးစေလိုသော စိတ်ရှိသော သူတို့သည်လည်းကောင်း၊ ပျက်စီးစေလိုသော စိတ်မရှိသောသူတို့သည်လည်းကောင်း။
(၁ဝ) မှားသော အယူရှိသော သူတို့သည်လည်းကောင်း၊ မှန်သော အယူရှိသော သူတို့သည်လည်းကောင်း လာကုန်လတ္တံ့၊ ထိုသူတို့တွင် အကြင်သူတို့သည် မှားသော အယူရှိကုန်၏၊ ထို (မှားသောအယူ) ကြောင့် ထိုသူတို့အားသာ (မကောင်းကျိုးဖြစ်ပါလတ္တံ့) ထိုသူတို့တွင် အကြင် သူတို့သည်မှန်သော အယူရှိကုန်၏၊ ထိုသူတို့ကို အာရုံပြု၍ အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည်စွန့်ကြဲပါလော့၊ အသျှင်သည် ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာကြည်စေပါလော။

အထက်ပါ လမ်းညွှန်စကားရပ်ကို အနှစ်ချုပ်ကြည့်လျှင် - အလှူခံရောက်လာသူပုဂ္ဂိုလ်တို့တွင် ဒုစရိုက် (၁၀)ပါးကို ပြုကျင့်သူများလည်း ပါလာတတ်သည်။ ဒုစရိုက်ဆယ်ပါးကို မပြုကျင့်သူများ (သီလဖြူစင်သူများ)လည်း ပါဝင်လိမ့်မည်။ ထိုပုဂ္ဂိုလ်တို့တွင် ဒုစရိုက်ပြုသူများသည် သူ့အပြစ်နှင့်သူ မကောင်းကျိုး ရပါလိမ့်မည်။ (သူ့စရိတ်နှင့်သူ သွားပါလိမ့်မည်။) အရှင့်အနေဖြင့် သီလရှိသူများကိုသာ အာရုံပြုပြီး လှူလိုက်ပါဟု ဆိုလိုရင်း ဖြစ်ပါသည်။

အလှူပြုသူများအတွက် မှတ်သားသင့်ပါသည်။ တခါတရံ အလှူရှင်ပုဂ္ဂိုလ်များသည် အလှူမပြုခင်က ကုသိုလ်စိတ်များဖြစ်ပေါ်ပြီး ပုဗ္ဗစေတနာအားကောင်းခဲ့သော်လည်း အလှူပြုစဉ်တွင် သီလ၊ သမာဓိမရှိသော အလှူခံပုဂ္ဂိုလ်များကို မိမိအလှူတွင် တွေ့မြင်လာရသောကြောင့် မုဉ္စစေတနာ၊ အပရစေတနာများ ပျက်ယွင်းပြီး စိတ်ညစ်စရာများ ကြုံတွေ့သွားရတတ်ပါသည်။
အလှူဒါနကြီးပြုလုပ်ခြင်းဖြစ်၍ မိမိ၏ အလှူသို့ သီလရှိသူများသာမက၊ အကျင့်စာရိတ္တပျက်ယွင်းနေသော အလှူခံများလည်း ရောက်လာပေလိမ့်မည်။ ထိုသို့ ရောက်လာလျှင်လည်း `သူ့အကုသိုလ်နှင့်သူ သွားပေလိမ့်မယ်´ဟု သဘောထားပြီး သီလရှိသူများကိုသာ အာရုံပြုလှူဒါန်းခြင်းအားဖြင့် စေတနာသုံးတန် မပျက်ယွင်းအောင် ကြိုးစားလှူဒါန်းသင့်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

Tuesday, May 26, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်.....

(၃)
မဟာဝိဇိတမင်းနှင့် တိုင်းပြည်ငြိမ်းချမ်းရေး

ပုဏ္ဏား ရှေး၌ ဖြစ်ဖူးသည်ကား မဟာဝိဇိတ မည်သောမင်းသည် ရှိ၏၊ (ထိုမင်းသည်) ကြွယ်ဝ၏၊ များသော ဥစ္စာစပါးရှိ၏၊ ပြည့်သောဘဏ္ဍာတိုက် ကျီကြရှိ၏။ မဟာဝိဇိတမင်းသည် တစ်ယောက်တည်း တွေးနေမိ၏ - ''ငါသည် ပြန့်ပြောသော လူ့စည်းစိမ်တို့ကို ရလျက်ရှိ၏၊ ကျယ်ပြန့်သော မြေအဝန်းကို အုပ်စိုး၍နေ၏၊ ငါသည် ယဇ်ကြီးကို ပူဇော်ရမူ ကောင်းလေစွ၊ ယင်းသို့ ပူဇော်ခြင်းသည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာ အလို့ငှါ ဖြစ်ရာ၏''ဟု အကြံဖြစ်၏။

မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ သူ့စိတ်ကူးကို ပြောပြ၏။ လိုအပ်သောအကြံဉာဏ်များပေးရန်လည်း တောင်းပန်၏။ ''အသျှင်မင်း၏ နိုင်ငံ၌ ဆူးငြောင့်ဟူသော ခိုးသူရှိ၏၊ (ခိုးသူ) နှိပ်စက်ခြင်းရှိ၏၊ ရွာကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ နိဂုံးကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ မြို့ကို ဖျက်ဆီးခြင်းတို့သည်လည်း ထင်ရှားကုန်၏၊ ခရီးသွားတို့ကို လုယက်ခြင်းတို့သည်လည်း ဖြစ်ပေါ်ကုန်၏။ ဤအခြေအနေဖြစ်နေသောနိုင်ငံ၌ အခွန် အတုပ်ကိုကောက်ယူနေလျှင် မပြုသင့်သည်ကို ပြုသည် ဖြစ်ရာ၏၊

(ဤအရာ၌) အသျှင်မင်းအား ဤသို့ အကြံသည် ဖြစ်သော်လည်း ဖြစ်ရာ၏၊ ' ငါသည် ဤခိုးသူဆူးငြောင့်ကို သတ်ဖြတ်ခြင်းဖြင့်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ (ဒဏ်တပ်၍ ဥစ္စာ) ဆုံးရှုံးစေခြင်းဖြင့်လည်းကောင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းဖြင့်လည်းကောင်း၊ (တိုင်းပြည်မှ) နှင်ထုတ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှားအံ့'ဟု ဖြစ်သော်လည်း ဖြစ်ရာ၏၊
(သို့ရာတွင်) ဤနည်းဖြင့် ဤခိုးသူဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း မဖြစ်နိုင်ပါ၊ သတ်ဖြတ်ညှဉ်းဆဲ ခံရသည်မှ ကြွင်းကျန်သောခိုးသူတို့သည် နောက်အခါ၌ မင်း၏ နိုင်ငံကို ဖျက်ဆီး၊ ညှဉ်းဆဲကုန်လတ္တံ့၊ စင်စစ်မူကား ဤ (ဆိုလတ္တံ့သော) အစီအရင်ကို စွဲမှီ၍ အောက်ပါနည်းဖြင့်သာလျှင် ယင်းခိုးသူ ဆူးငြောင့်ကို အကြွင်းမဲ့ ဖယ်ရှားခြင်း ဖြစ်နိုင်ပါ၏၊

တိုင်းပြည်အေးချမ်းစေနည်း

အသျှင်မင်း၏ နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို့အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် အရင်းအနှီးကိုထောက်ပံ့ပေးကမ်းပါလော့၊ အသျှင်မင်း၏ နိုင်ငံ၌ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား အသျှင်မင်းသည် လခရိက္ခာကို စီမံပေးပါလော့၊

(ဤသို့ ပြုသည်ရှိသော်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည် ဖြစ်၍ အသျှင်မင်း၏ နိုင်ငံကိုမညှဉ်းဆဲကုန်လတ္တံ့၊ အသျှင်မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်လတ္တံ့၊ နိုင်ငံ၌ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည်ဖြစ်၍နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ကစေကုန်လျက် အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်ကုန်လတ္တံ့''ဟု လျှောက်၏။

ပုဏ္ဏားက ထိုကဲ့သို့ လျှောက်သောအခါ မဟာဝိဇိတမင်းသည် ''အချင်း ကောင်းပါပြီ''ဟု ဝန်ခံပြီးလျှင် မိမိ၏နိုင်ငံ၌ လယ်ယာလုပ်မှု နွားမွေးမှုတို့ကို အားထုတ်ကုန်သော သူတို့အား မျိုးရိက္ခာကို ထောက်ပံ့ပေးကမ်း၏၊ ကုန်သွယ်မှုကို အားထုတ်ကုန်သော သူတို့အား အရင်းအနှီးကို ထောက်ပံ့ ပေးကမ်း၏၊ မင်းမှုထမ်းအလုပ်တို့ကို အားထုတ်ကုန်သော သူတို့အား လခရိက္ခာကို စီမံပေး၏၊ (ဤသို့ ပြုသဖြင့်) ထိုနိုင်ငံသူ နိုင်ငံသားတို့သည်လည်း မိမိတို့ အလုပ်အကိုင်၌ အားထုတ်နေကုန်သည်ဖြစ်၍ မင်း၏ နိုင်ငံကို မညှဉ်းဆဲကုန်၊ မင်းအား များပြားသော (ဥစ္စာစပါး) အစုသည်လည်း ဖြစ်၏၊ နိုင်ငံ၌ ငြိမ်းချမ်းခြင်းရှိသည်ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည်ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည်ဖြစ်၍ နိုင်ငံသူနိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လို ဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက်အိမ်တို့ကို မပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်လေကုန်၏။

တိုင်းသူပြည်သားတို့၏ အလိုဆန္ဒကို ဖြည့်ဆီးပေးခြင်းအားဖြင့် လူထုမေတ္တာကို ရရှိခြင်း၊ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုအားကောင်းလာခြင်း၊ တိုင်းပြည်စီးပွားရေးတိုးတက်လာခြင်းတို့ကို မျက်ဝါးထင်ထင် တွေ့မြင်လာရ၏။ ထိုသို့ တိုင်းပြည်စီးပွားရေးကောင်းမွန်မှသာလျှင် ယခင် စိတ်ကူးထားခဲ့သော အလှူကြီးပေးလှူဖို့ကိစ္စကို ဆက်လက်ပြောကြားလေသည်။
ဤနေရာတွင် စဉ်းစားစရာရှိပါသည်။ `အလှူဒါနလုပ်တာပဲ လုပ်ပေါ့၊ ဘာကို ဂရုစိုက်စရာလိုသလဲ´။ `ကောင်းတာလုပ်တာ ဘယ်သူ့ဂရုစိုက်စရာလိုသလဲ´။ `ကောင်းတဲ့ဟာလုပ်တာပဲ လုပ်´ဟု မညွှန်ကြားခဲ့ပေ။ တိုင်းပြည်က ဆင်းရဲတွင်းနက်နေလျှင်၊ ပြည်သူပြည်သားများက ထမင်းတစ်လုတ်အတွက် မနည်းရုန်းကန်နေရသည့်အချိန်ဖြစ်နေလျှင်၊ တိုင်းပြည်အုပ်ချုပ်သူကို ပြည်သူတို့ သဘောမကျဖြစ်နေလျှင်၊ တိုင်းပြည်စီးပွားရေးမကောင်း၊ စားဝတ်နေရေးမပြေလည်၍ အုပ်ချုပ်သူတို့ကို ပုန်ကန်ခြားနားနေလျှင်၊ ပုန်ကန်ခြားနားသူများ၍ တိုင်းပြည်မငြိမ်မသက်ဖြစ်နေလျှင် ဤမျှကြီးကျယ်ခမ်းနားသော အလှူကြီးကို မပြုသင့်ဟု ပုရောဟိတ်ပုဏ္ဏားက တင်ပြသည်။

မှတ်သားစရာ ဖြစ်ပါသည်။ တိုင်းပြည်က ဆင်းရဲအ၀ီစိနက်နေချိန်တွင် ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး စေတီကြီးများတည်ခြင်း၊ မတန်မရာ နေပြည်တော်တည်ခြင်း စသည်..စသည့်အဖြစ်အပျက်တို့ကို ပုရောဟိတ်ပုဏ္ဏားညွှန်ကြားချက်နှင့် ချိန်ထိုးစဉ်းစားကြဖို့ ဖြစ်ပါသည်။ မဟာဝိဇိတမင်း၏ ပညာရှိစကား နားထောင်မှုကြောင့် တိုင်းပြည်ငြိမ်းချမ်းခဲ့လေသည်။ စီးပွားရေးလည်း တိုးတက်ခဲ့သည်။

မဟာဝိဇိတမင်းသည် ပုရောဟိတ်ပုဏ္ဏားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ - ''အချင်း သင်၏ အစီအရင်ကြောင့် နိုင်ငံ၌ ဥစ္စာဆန်ရေစပါး ပေါများကြွယ်ဝလာ၏။ ငြိမ်းချမ်းခြင်းရှိသည် ဖြစ်၍ (ခိုးသူ) ဆူးငြောင့် မရှိသည် ဖြစ်၍ (ခိုးသူ) နှိပ်စက်ခြင်း မရှိသည် ဖြစ်၍ နိုင်ငံသူ နိုင်ငံသားတို့သည်လည်း (အချင်းချင်း) နှစ်လိုဝမ်းမြောက်ကုန်လျက် သားသမီးတို့ကို ရင်ခွင်၌ ကစေကုန်လျက် အိမ်တို့ကိုမပိတ်ကုန်ဘဲလျက် နေကြရသကဲ့သို့ ဖြစ်ကုန်၏၊ ပုဏ္ဏား ငါသည် ယဇ်ကြီး ပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသော ကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်သည် ငါ့ကို ဆုံးမ (ညွှန်ကြား) ပါလော့''ဟု မိန့်ဆို၏။

ဤနေရာတွင် အလွန်မှတ်သားဖွယ်ရာ ရှိပါသည်။ အကြံပေးပုရောဟိတ်ပုဏ္ဏား ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံခြင်း၊ မဟာဝိဇိတမင်း၏ ပညာရှိစကား နားထောင်တတ်ခြင်းတို့မှာ လေးစားဖွယ်ရာ ဖြစ်ပါသည်။ မဟာဝိဇိတမင်းသည် တိုင်းပြည်တွင်း ဆူပူသောင်းကျန်းပြီး အုပ်ချုပ်သူကို သဘောမကျဖြစ်နေသည်ကို သိရှိခဲ့သည်။ သူ့ကို သဘောမကျသော တိုင်းသူပြည်သားများကို ရန်သူဟု သတ်မှတ်ပြီး နှိမ်နင်းမှု မပြုခဲ့။ `တိုင်းသူပြည်သားများအလိုသို့ လိုက်ရခြင်း´ဟူသော မင်းကျင့်တရားနှင့်အညီ ပြည်သူတို့ ဆန္ဒကို ဖြည့်ဆီးပေးခဲ့၏။ ပြည်သူ့ဆန္ဒကို ဖြည့်ဆီးပေးခြင်းဖြင့် ပြည်သူ့အချစ်ကို ရယူခဲ့သည်။ ဤသည်မှာ ဓမ္မနည်းလမ်းကျသည်။ `ငါ့မှာ အာဏာရှိတယ်၊ ငါ လုပ်ချင်ရာလုပ်မယ်´ဟု အာဏာဖြင့် တိုင်းသူပြည်သားများကို အနိုင်မကျင့်ခဲ့။

ထို့အပြင် ပညာရှိစကား အလေးထားပုံမှာလည်း လေးစားဖွယ်ရာ ဖြစ်ပါသည်။ ပုရောဟိတ်ပုဏ္ဏား၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်သောကြောင့် တိုင်းပြည်ငြိမ်းချမ်းတိုးတက်ခဲ့ရသည်။ ထိုသို့ တိုးတက်ခဲ့သောအခါ `အခု တိုင်းပြည်တိုးတက်သာယာပြီ၊ အလှူဒါနလုပ်ချင်တယ်၊ ဆုံးမညွှန်ကြားပါ´ဟု ပညာရှိတို့ထံ ဆည်းကပ်ပြီး တိုင်ပင်၏။

(၄)
ပူဇော်သူ၏ လေးပါးသော အင်္ဂါ

အရှင်မင်း၏ နိုင်ငံ၌ နိဂုံးဇနပုဒ်နေ အကြင် အရံမင်း(မြို့စား၊ နယ်စားမင်း)တို့သည်(၁) ရှိကုန်၏၊ ထို (အရံမင်း)တို့ကို ''အသျှင်တို့ ငါသည် ယဇ်ကြီးပူဇော်ရန် အလိုရှိ၏၊ ယင်း (ယဇ်ပူဇော်ခြင်း) သည် ကြာမြင့်စွာသောကာလပတ်လုံး ငါ၏ စီးပွားချမ်းသာအလို့ငှါ ဖြစ်ရာ၏၊ အသျှင်တို့သည် ငါ့အား (ယဇ်ပူဇော်ရန်) သဘောတူကြပါသလော''ဟု တိုင်ပင်တော်မူပါ။ ထို့အပြင် အမတ် မင်းမှုထမ်းများ(၂)၊ ပုဏ္ဏားသူကြွယ်များ(၃)၊ သူဌေးများ(၄)ကိုလည်း အရှင်၏ ယဇ်ကြီးပူဇော်မှုနှင့်ပတ်သတ်၍ တိုင်ပင်ညှိနှိုင်းပါဟု ညွှန်ကြား၏။ မဟာဝိဇိတမင်းသည် ပုဏ္ဏား ညွှန်ကြားသည့်အတိုင်း တိုင်ပင်ညှိနှိုင်းသည်။ အတိုင်အပင်ခံပုဂ္ဂိုလ်အားလုံးက ''အသျှင်မင်းသည် ယဇ်ပူဇော်တော်မူပါလော့၊ ယဇ်ပူဇော်ရန် သင့်သော အချိန်ပင်ဖြစ်ပါသည် မင်းကြီး''ဟု လျှောက်ကုန်၏။

မေးမြန်းသူက မေးမြန်းသောကြောင့် ပုရောဟိတ်ပုဏ္ဏားကလည်း ညွှန်ကြားရသည်။ တိုင်းပြည်တစ်ခုတွင် ယေဘုယျအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားဟု လူတန်းစားနှစ်ရပ်ရှိသည်။ ရှေးယခင် ခေတ်ကာလများတွင်ကား ဘုရင်စနစ်၊ ဧကရာဇ်မင်းစနစ်ကျင့်သုံးကြသည်ဖြစ်၍ အုပ်ချုပ်သူက လုပ်ချင်တိုင်း လုပ်နိုင်၏။ အုပ်ချုပ်သူ ဖြစ်ချင်သည့်အရာကို စီမံနိုင်၏။ အုပ်ချုပ်သူက `ဒါ လုပ်´ဆိုလျှင် လုပ်ရ၏။ စောဒကတက်ခွင့်မရှိ။ အုပ်ချုပ်သူက `သတ်စေ´ဟုဆိုလျှင် သေဖို့သာရှိပါသည်။ နောက်ပိုင်းခေတ်များတွင်ကား လူသား၏အသိဉာဏ်အမြင်များ တိုးတက်လာသည့်အလျောက် ခေတ်စနစ်များမှာလည်း တိုးတက်လာခဲ့သည်။ အုပ်ချုပ်သူက စိတ်ကြိုက်လုပ်ဆောင်ခွင့်မရ၊ စုပေါင်းတိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်ရသောဓလေ့များ ၀င်ရောက်လာသည်။

လူတို့၏ အသိဉာဏ်ပညာအရ စည်းမျဉ်းအသစ်များ တိုးတက်ဖြစ်ထွန်းလာရသည်။ ဥပဒေများ သတ်မှတ်ပြဓာန်းလာကြသည်။ ယခင်က အမိန့်သည် အုပ်ချုပ်သူ၏ လက်ထဲတွင် ရှိသော်လည်း ယခုကား ထိုသို့မဟုတ်၊ အမိန့်အာဏာသည် ဥပဒေဟူသော စည်းမျဉ်းများအတိုင်းသာ ဖြစ်လာခဲ့သည်။ နေရာဒေသနှင့် ယဉ်ကျေးမှုအလိုက် ထားရှိသောစံနှုန်းများအရ အမျိုးမျိုး ကွဲပြားနိုင်သော်လည်း လူက အဓိက မဟုတ်တော့ဘဲ မူကအဓိကဖြစ်လာခဲ့သည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားတို့မှာ အချင်းချင်း အမှီသဟဲ ပြုလာရသည်။ အုပ်ချုပ်သူဟူသည်မှာ အုပ်ချုပ်ခံလူတန်းစားတို့၏ တာဝန်ကို ထမ်းဆောင်ရန် ယုံကြည်ခန့်အပ်ခံရသော နိုင်ငံဝန်ထမ်းအသွင်သို့ ရောက်လာခဲ့သည်။

ပုရောဟိတ်ပုဏ္ဏား၏ လမ်းညွှန်ချက် သို့မဟုတ် အကြံပေးချက်မှာ အုပ်ချုပ်သူက ငါတကော ကောနိုင်သော သူ့ခေတ်အခါနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်အံ့သြဖွယ်ကောင်းသော အကြံပေးချက်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အလှူဒါနအကြီးအကျယ်ပြုလုပ်ဖို့ရန်အတွက် အထက်ပါ လက်အောက်ငယ်သားများ၊ သူဌေးသူကြွယ်များကို တိုင်ပင်ပြီးမှ ပြုလုပ်ပါဟု ဆိုခြင်းကြောင့် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

Sunday, May 24, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်.....
ရဟန်းဂေါတမသည် (အသက်) ငယ်သူလည်း ဖြစ်၏၊ ရဟန်းငယ်လည်း ဖြစ်၏။ အရှင့်ကို ဗိမ္ဗိသာရမင်းသည် အရိုအသေပြု၏၊ အရှင့်ကို ပေါက္ခရသာတိပုဏ္ဏားသည် အရိုအသေပြု၏၊ အရှင်သည် စမ္ပာမြို့ကို အုပ်ချုပ်၍ နေ၏၊ ဤအကြောင်းများကြောင့် အရှင်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် မသွားထိုက်ပါ၊ ရဟန်းဂေါတမသည်သာ အရှင့်ကို ဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါ၏ဟု ဆိုကုန်၏။

ဤသည်မှာ လူ့သဘာဝဖြစ်၏။ ကိုယ်လေးစားမြတ်နိုးရသော ခေါင်းဆောင်ကို အမြင့်ဆုံးမှာသာ ထားလိုကြ၏။ ကိုယ့်ဆရာကို အခြားပုဂ္ဂိုလ်တစ်ယောက်ယောက်၏ လက်အောက်ခံ မဖြစ်စေလိုကြ။ ကူဋဒန္တသည်လည်း သူ့အရပ်ဒေသတွင် ဘုန်းတန်ခိုးကြီးမားသူ၊ ချမ်းသာကြွယ်ဝသူ၊ အသိဉာဏ်ပညာပြည့်စုံသူ၊ တပည့်တပန်းပေါများသူ…စသော ဂုဏ်သတင်းများဖြင့် ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်၏။ ထိုအရည်အချင်းများကြောင့် သူ့ကို ဆရာကြီးတစ်ဆူကဲ့သို့ လေးစားနေသူများမှာလည်း များစွာပင် ဖြစ်၏။ ထိုခေတ်အခါအရ ဇာတ်စနစ်သည် ရှေ့တန်းက သက်ဝင်လှုပ်ရှားနေ၏။ ပုဏ္ဏား၊ မင်း၊ သူကြွယ်၊ သူဆင်းရဲဟူသော အမျိုးဇာတ်လေးပါးတွင် ပုဏ္ဏားများသည် သူတို့ကိုယ်တိုင်ကရော၊ အခြားအမျိုးများကပါ အမြင့်မြတ်ဆုံးဟု သဘောထားကြသော ခေတ်ဖြစ်၏။ ထို့ကြောင့် အမျိုးဇာတ်အားဖြင့် အမြင့်မြတ်ဆုံးဖြစ်နေသော သူတို့ဆရာကို မြတ်ဗုဒ္ဓထံ မသွားစေလိုကြ။

ယနေ့ခေတ်ကာလအထိ ဤအတွေးအမြင်များမှာ မပျောက်ဆုံးသေး။ ကိုယ်လေးစားမြတ်နိုးရသောသူက အခြားအဖွဲ့အစည်းမှ ပုဂ္ဂိုလ်တစ်ဦးဦးကို ခယရိုကျိုးနေလျှင် မခံချိမခံသာ ခံစားကြရ၏။ `ဒီလူကို လျှော့မတွက်နဲ့၊ ဘယ်သူကတောင် လာတွေ့ရတာ´..စသည်စသည်တို့မှာ ဤအတွေးအမြင်မှာ အရင်းခံ၏။ ကိုယ်ခယမိလိုက်သော သူက ကိုယ့်လောက်မြင့်မြတ်မှုရှိလျှင် သို့မဟုတ် သီလ၊ သမာဓိ၊ ပညာရှိလျှင် ဆိုဖွယ်ရာမရှိ။ ကိုယ့်လောက်မှ အကျင့်သိက္ခာမရှိသောသူကို အောက်ကျို့ပေါင်းသင်းနေတတ်သောသူများကိုလည်း မတွေ့ချင် မမြင်ချင်းအဆုံး ဖြစ်၏။

ကူဋဒန္တ၏ တပည့်များမှာ အပြစ်ဆိုဖွယ်မရှိ။ သူတို့သည် သူတို့ဆရာကိုသာ အမြင့်မြတ်ဆုံးဟု ယူဆထားသောကြောင့် ဗုဒ္ဓမြတ်စွာထံ မသွားစေချင်ကြခြင်း ဖြစ်၏။ အမှန်တကယ်လည်း ထိုခေတ်အခါအရ ဗြဟ္မဏများမှာ အမြင့်မြတ်ဆုံးဟု သမုတ်ထားသော အမြင်ဖြစ်၏။ ဗုဒ္ဓမြတ်စွာ၏ ဇာတ်စနစ်ပပျောက်ရေး ဟောကြားချက်များကြောင့်သာ အချို့ပုဂ္ဂိုလ်များ အမြင်မှန် ရနေကြခြင်း ဖြစ်၏။ အိန္ဒိယနိုင်ငံသမိုင်းကို ကြည့်လျှင် ဗြဟ္မဏများကသာ ခေတ်ကာလပေါင်းစွာ အမြင့်မြတ်ဆုံး လူသားအဖြစ် ရှေ့တန်းမှာ ရှိနေခဲ့ကြ၏။ တစ်ချို့ခေတ်များတွင်ကား ခတ္တိယခေါ် တိုင်းပြည်အုပ်ချုပ်သူများက သြဇာပိုသက်ရောက်ခဲ့ကြသည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်၊ အနော်ရထာမင်းကြီး လက်ထက်မှစတင်ပြီး ရဟန်းသံဃာတော်တို့မှာ တိုင်းပြည်အုပ်ချုပ်သူတို့၏ အထက်တွင်သာ ရှိနေခဲ့၏။ ဘာသာရေးရှုထောင့်အရ သံဃာတော်များမှ အခါအားလျော်စွာ သြ၀ါဒများပေးကြသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အပြုအမူ ဖြစ်သည်။ စနစ်ကောင်း၊ အစဉ်အလာကောင်းတစ်ခုပင် ဖြစ်ပါ၏။ သို့ရာတွင် စနစ်ဟူသည်မှာ လူအပေါ်တွင် မူတည်နေရာ လူမကောင်းလျှင် စနစ်လည်း သိက္ခာကျရတော့သည်မှာ ဓမ္မတာပင် ဖြစ်သည်။ လူက မကောင်း၍ စနစ်သိက္ခာကျခဲ့ရသော ခေတ်များလည်း မရှိမဟုတ် ရှိခဲ့သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် ယခင်က သံဃာအကြီးအကဲများက သြ၀ါဒပေးသူများ ဖြစ်ခဲ့ကြသော်လည်း ယနေ့အချိန်အခါတွင်ကား ဤသို့မဟုတ် အာဏာရှိပုဂ္ဂိုလ်တို့၏ အာဏာတည်မြဲရေး ဒေါက်တိုင်များအဖြစ်သို့ ရောက်မှန်းမသိ၊ ရောက်လာခဲ့ရ၏။ ကူဋဒန္တပုဏ္ဏား၏ တပည့်များနည်းတူ တတ်သိနားလည်သူတို့လည်း အာဏာရှိပုဂ္ဂိုလ်များကို ကိုယ်က မချဉ်းကပ်သင့်၊ သူတို့ကသာ ချဉ်းကပ်သင့်သည်ဟု အမျိုးမျိုး ပြောဆိုခဲ့ကြပါသည်။

ကူဋဒန္တချဉ်းကပ်သည်မှာ ဗုဒ္ဓမြတ်စွာဖြစ်၍ တပည့်ပုဏ္ဏားတို့အတွက် သိက္ခာကျစရာအကြောင်းမရှိ။ ဂုဏ်ငယ်စရာအကြောင်းမရှိ။ ဂုဏ်တက်ဖို့ရာသာ ဖြစ်ပါသည်။ လက်ရှိစာရေးသူတို့ ရဟန်းငယ်များ ကြုံတွေ့နေရသည်မှာကား အရှက်ရဖွယ် ဖြစ်၏။ ဘာသာခြားတို့၏အကြားတွင် မျက်နှာငယ်စရာ ဖြစ်၏။ `ဦးဇင်းတို့ရဲ့ သံဃာ့ထိပ်ခေါင်၊ သံဃာ့ထိပ်သီးကြီးများက အာဏာရှင်တို့အလိုကျ လုပ်ဆောင်ပေးနေကြတယ်နော်၊ ဘယ်လို ဖြစ်တာလဲ´။ ဒီစကားတွေက ပလူပျံနေ၏။ သမိုင်းတွင် ဗုဒ္ဓဘာသာ၏ အရှက်ရစရာခေတ်တစ်ခု ကျရောက်ခဲ့လေပြီဟု တွေးရင်း ရင်ထဲမှာ ခံစားနေရပါသည်။

ကူဋဒန္တပုဏ္ဏားသည် ပညာရှိပီပီ တပည့်ပုဏ္ဏားတို့အား ဤစကားကို ဆို၏ - ''အချင်းတို့ သို့ဖြစ်လျှင် ငါ၏စကားကိုလည်း နားထောင်ကြပါဦး၊ ငါတို့သည်သာ ထိုအသျှင်ဂေါတမကိုဖူးမြော်ရန် ချဉ်းကပ်ထိုက်ပါကုန်၏၊ ထိုအသျှင်ဂေါတမကား ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှကောင်းသောဇာတ်ရှိ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သောစကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။ အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် များပြားသော ဆွေမျိုးအပေါင်းကို ပယ်စွန့်၍ရဟန်းပြုခဲ့၏။ ရဟန်းဂေါတမသည် များစွာသော ရွှေငွေကို ပယ်စွန့်၍ ရဟန်းပြုခဲ့၏။ အရွယ်ကောင်းချိန်မှာ အားလုံးကို စွန့်ပစ်၍ တောထွက်ခဲ့၏။ အမိအဖတို့ မလိုလားကုန်၍ မျက်ရည်ရွှဲစို ငိုယိုကုန်စဉ် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။ မြတ်သော သီလရှိ၏၊ ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ များစွာသော သူတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာဖြစ်၏။ ကာမဂုဏ်၌ တပ်မက်ခြင်း ကုန်ခန်းပြီးဖြစ်၏၊ လျှပ်ပေါ်ခြင်း ကင်း၏။ ကံကို ယုံကြည်သော ဝါဒရှိ၏၊ အကြောင်းကို ယုံကြည်သော ဝါဒရှိ၏၊ ပုဏ္ဏားပရိသတ်၏ ကောင်းကျိုးကိုသာလျှင် ရှေးရှု၏။ မြင့်မြတ်သော အမျိုးမှရဟန်းပြု၏။ တိုင်းနိုင်ငံ တစ်ပါးသော ဇနပုဒ်တို့မှ လူတို့သည် ပြဿနာမေးအံ့သောငှါ ရဟန်းဂေါတမထံသို့ လာကုန်၏။ ရဟန်းဂေါတမကို ထောင်ပေါင်းများစွာသော နတ်တို့သည် အသက်နှင်း၍ ကိုးကွယ်ကုန်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမ၏ ဂုဏ်တော် (၉)ပါးဟူသော ကျော်စောသတင်းသည် ပျံ့နှံ့၍ထွက်၏။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတို့နှင့်ပြည့်စုံ၏။ ရဟန်းဂေါတမသည် ''လာလော့၊ ကောင်းသော လာခြင်းတည်း''ဟုဆိုလေ့ရှိ၏၊ နူးညံ့သော စကားရှိ၏၊ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်တတ်၏၊ ရွှင်လန်းသော မျက်နှာရှိ၏၊ ပေါ့ပါးသော နှုတ်ရှိ၏၊ ရှေးဦးစွာ ဆိုလေ့ရှိ၏။ ရဟန်းဂေါတမကို ပရိသတ်လေးပါးတို့သည် အရိုအသေပြုကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ရဟန်းဂေါတမရောက်ရှိရာ ရွာနိဂုံး၌ လူတို့ကို ဘီလူးတို့သည် မညှဉ်းဆဲကုန်။

အချင်းတို့ စင်စစ်သော်ကား သံဃာနှင့် ပြည့်စုံသော ဂိုဏ်းနှင့်လည်း ပြည့်စုံသော ဂိုဏ်းဆရာလည်းဖြစ်သော ရဟန်းဂေါတမကို အယူဝါဒ တည်ထောင်သူတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏၊ အချင်းတို့အကြောင်းမူကား ရဟန်းဂေါတမ၏ ကျော်စောခြင်းသည် ထိုအယူဝါဒတည်ထောင်သူ သမဏဗြဟ္မဏတို့၏ ကျော်စောခြင်းကဲ့သို့ ထိုထို ဤဤ အကြောင်းဖြင့် ဖြစ်ပေါ်သည်မဟုတ်၊ အမှန်အားဖြင့်ဆိုလျှင် အတုမရှိသော အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံခြင်းကြောင့်သာလျှင် ဖြစ်ပေါ်၏။
အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမကို သေနိယမည်သော မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်း၊ ပသေနဒီကောသလမင်း၊ ပေါက္ခရသာတိပုဏ္ဏားစသော မင်းပညာရှိ၊ ပုဏ္ဏာပညာရှိတို့သည် သားမယား ပရိသတ် အမတ်တို့နှင့်တကွ အသက်နှင်း၍ ကိုးကွယ်၏။

အချင်းတို့ စင်စစ်သော်ကား ရဟန်းဂေါတမသည် စမ္ပာမြို့သို့ ရောက်လာတော်မူ၍ ဂဂ္ဂရာမည်သောရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ အချင်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ငါတို့၏ မြို့ရွာနယ်ပယ်သို့ လာကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဧည့်သည်များ ဖြစ်ကုန်၏၊ ဧည့်သည်တို့ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ အချင်းတို့ ရဟန်းဂေါတမသည်ငါတို့၏ ဧည့်သည်တော် ဖြစ်ပေ၏၊ ဧည့်သည်တော်ကို ငါတို့သည် အရိုအသေ ပြုသင့်ကုန်၏၊ အလေးပြုသင့်ကုန်၏၊ ဤအကြောင်းကြောင့်လည်း ထိုရဟန်းဂေါတမသည် ငါတို့ကို ဖူးမြော်ရန် မချဉ်းကပ်ထိုက်ပါ၊ အမှန်အားဖြင့်ဆိုလျှင် ငါတို့သည်သာ ထိုအသျှင်ဂေါတမကို ဖူးမြော်ရန် ချဉ်းကပ် ထိုက်ပါကုန်၏။ (ဧည့်သည်ကို သွားရောက်တွေ့ဆုံရဖို့သည် အိမ်ရှင်တို့၏ တာဝန်ဖြစ်၏)။

အချင်းတို့ ငါသည် ထိုအသျှင်ဂေါတမ၏ ဤမျှလောက်သော ဂုဏ်တို့ကိုသာ သိ၏၊ ထိုအသျှင်ဂေါတမသည်ကား ဤမျှလောက်သော ဂုဏ်တို့နှင့်သာ ပြည့်စုံသည် မဟုတ်ပေ၊ အမှန်အားဖြင့်သော်ကား ထိုအသျှင်ဂေါတမသည် အတိုင်းမသိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပါပေ၏''ဟု ဆို၏။

ထိုပုဏ္ဏားတို့သည် သောဏဒဏ္ဍပုဏ္ဏားအား ဤသို့ ပြန်ကြားပြောဆိုကုန်၏- အခုပြောသွားသော အရှင့်၏ စကားအတိုင်းဆိုလျှင် ထိုအသျှင်ဂေါတမသည် ဤမှ ယူဇနာတစ်ရာ (မိုင်ပေါင်း ၁၂၀၀-ခန့်)ဝေးကွာသောအရပ်၌ နေစေကာမူ သဒ္ဓါတရားရှိသောအမျိုးသားသည် ရိက္ခာထုပ်ဆောင်၍သော်လည်း ဖူးမြော်ရန် ချဉ်းကပ်သင့်သည်သာတည်း၊ သို့ဖြစ်၍ အကျွန်ုပ်တို့ အားလုံးပင် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ပါကုန်အံ့''ဟုပြောကြားပြောဆိုကုန်၏။

ကူဋဒန္တပုဏ္ဏားသည် များစွာသော ပုဏ္ဏားအပေါင်းနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မြတ်စွာဘုရားထံသို့ သွားပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်၏။

ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသား အချို့တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ်ချီကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည်တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏ - ''အသျှင်ဂေါတမ 'ရဟန်းဂေါတမသည်သုံးပါးသော စိတ်ထားနှင့်တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ယဇ်ကို သိတော်မူ၏'ဟု အကျွန်ုပ် ကြားဖူးပါ၏၊ အကျွန်ုပ်သည်ကား ထိုယဇ်ကို မသိပါ၊ အကျွန်ုပ်သည် ယဇ်ကြီး ပူဇော်ရန်လည်း အလိုရှိပါ၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ထိုယဇ်ကို အကျွန်ုပ်အား ဟောတော်မူပါ''ဟု လျှောက်၏။

ဗုဒ္ဓမြတ်စွာသည် အတိတ်ဇာတ်ကြောင်းဖြင့် ရှင်းပြတော်မူခဲ့သည်။ ယင်းအတိတ်ဇာတ်ကြောင်းသည် ဗုဒ္ဓမြတ်စွာ ပါရမီဖြည့်စဉ်ဘ၀တစ်ခုတွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဗုဒ္ဓမြတ်စွာသည် ကူဋကန္တပုဏ္ဏား၏အမေးကို တိုက်ရိုက်မဖြေဘဲ ဇာတ်လမ်းထုတ်၍ ရှင်းပြခဲ့ခြင်းဖြစ်သည်။ `စိတ်ထား (၁၆)ပါးဟူသည် ဤအချက်တို့ ဖြစ်၏´ဟု ရှင်းပြလိုက်လျှင် ပြီးပြီ။ သို့ရာတွင် ၀တ္ထုဇာတ်ကြောင်းထုတ်ပြီး ရှင်းပြတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာအနေဖြင့် အဘယ်ကြောင့် ဇာတ်လမ်းရှည်ကြီးတစ်ခုဖြင့် ရှင်းပြလေသနည်း။ ဤမေးခွန်းမှာ အတိတ်ဇာတ်လမ်းကို ဆုံးအောင်ဖတ်ရှုလိုက်လျှင် အဖြေထွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်...

Wednesday, May 20, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)......အဆက်

(၁)

စာပေကို ချဉ်းကပ်ရာတွင် နည်းအမျိုးမျိုး ရှိပါသည်။ ချဉ်းကပ်မှုအပေါ်မူတည်၍ အတွေးအမြင်များလည်း ကွဲပြားစွာ ဖြစ်တည်လာရသည်။ ချဉ်းကပ်မှုကြောင့် အတွေးအမြင်၊ အယူအဆများ ကွဲပြားသွားသော်လည်း မူရင်းအနှစ်သာရကို ဆုတ်ကိုင်မိဖို့လည်း အရေးကြီးပါသည်။ တစ်နည်းအားဖြင့် မူရင်းအနှစ်သာရကို ဆုတ်ကိုင်ပြီး သင်္ခန်းစာကိုကား မိမိရှုထောင့်အလိုက်၊ ဘ၀ဖြတ်သန်းမှုအလိုက်၊ ကိုယ်ခံအားအလိုက် အမျိုးမျိုး ထုတ်ယူကြပါလိမ့်မည်။

အမှန်အားဖြင့် ဤကူဋဒန္တသုတ်တော်ကို စာတမ်းတစ်စောင်၊ ကျမ်းတစ်စောင်အနေအားဖြင့် ရှုထောင့်ပေါင်းစုံမှ အကျယ်တ၀င့်လေ့လာတင်ပြနိုင်လျှင် ပို၍ ပြည့်စုံကောင်းမွန်သွားနိုင်စရာ ရှိပါသည်။ စာပေတစ်ခု သို့မဟုတ် အခြင်းအရာတစ်ခုကို ချဉ်းကပ်ရာတွင် Philosophical Approach, Sociological Approach, Political Approach စသည်ဖြင့် ချဉ်းကပ်ပုံအမျိုးမျိုး ရှိနိုင်ပါသည်။ ယခု စာရေးသူက ဤဆောင်းပါးရှည်ကို အဘယ်ရှုထောင့်မှ ချဉ်းကပ်သည်ဟု သတ်မှတ်ပိုင်းခြားမထားပေ။ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်ကို ဖတ်ရှုရင်း ရရှိလာသော ရိုက်ခတ်မှုကလေးမျှကို ခံစားတင်ပြထားခြင်းသာ ဖြစ်ပါသည်။

စာရေးသူက ဒုတိယခေါင်းစဉ်အဖြစ် `တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေး´ဟု အမည်ပေးထားသော်လည်း တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးသာမက ဘ၀လွတ်မြောက်ရေးကိုလည်း ဤသုတ်တော်က ကိုယ်စားပြုနေပါသည်။ သို့ရာတွင် တိုင်းပြည်က ငြိမ်းချမ်းမှု၊ တိုးတက်မှု မရှိလျှင်၊ ရှိသင့်ရှိထိုက်သော တရားမျှတမျှများ ဆိတ်သုဉ်းနေလျှင် ဘ၀လွတ်မြောက်ရေးသို့ တက်လှမ်းရာတွင် အခက်ကြုံတတ်ပုံ၊ သို့မဟုတ် တိုင်းပြည်က အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားတို့ သဟဇာတမဖြစ်လျှင်၊ သို့မဟုတ် စည်းလုံးညီညွတ်မှုမရှိလျှင် တိုင်းပြည်ငြိမ်းချမ်းတိုးတက်ဖို့ မလွယ်ကူပုံတို့ကို မီးမောင်းထိုးပြထားပါသည်။ လောကီအရေးနှင့် လောကုတ္တရာအရေးတို့မှာ ကြောင်လှောင်သံကွင်းဆက်ကဲ့သို့ အချင်းချင်း အမှီသဟဲ ဖြစ်နေပုံတို့ကို ဟောကြားထားခဲ့သည်။

မူရင်းပါဠိတော်မြန်မာပြန်တို့ကို လူသာမန်တို့အနေဖြင့် (စာပေဟန်ကြောင့်) ပြည့်ပြည့်၀၀ နားလည်ဖို့ မလွယ်ကူပေ။ အဆိုပါ အခက်အခဲတစ်ခုကို ဖြေရှင်းပေးခြင်းဖြင့် ကုသိုလ်ဖြစ်လိုသောကြောင့် ဤစာကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အစစ အရာရာ ပြည့်စုံနားလည်ပြီးသော ပညာရှင်များအတွက် စာရေးသူတင်ပြမှုကြောင့် မူရင်းအရသာပျက်သည်ဟု ဆိုလျှင်လည်း အပြုံးမပျက် နားလည်ပေးပါမည်။ စာရေးသူအတွက်မူကား မိမိကုသိုလ်နှင့်မိမိ ပီတိဖြစ်နေပါလိမ့်မည်။

(အထူးမှာချင်သည်မှာ အချို့အချက်များကို စာရေးသူက ဖြည့်စွက်တင်ပြထားမှုမရှိသော်လည်း (အချက်တိုင်းကို)လေးလေးနက်နက် တွေးဆပြီး ဖတ်ရှုစေလိုပါသည်။ တွေးတွေးဆဆ ဖတ်ရှုလေလေ မိမိ၏ စိတ်ပိုင်းဆိုင်ရာ အယူအဆများကို ဆန်းစစ်မိပြီး အစဉ်အလာမှားယွင်းမှုများကို သိမြင်လာလေလေ ဖြစ်မှာသေချာပါသည်။ `ဗုဒ္ဓ၀ါဒအစစ်အမှန်ဟာ ဘာလဲ´ဟူသည့်အမေးကိုလည်း မိမိကိုယ်တိုင် ဖြေတတ်သွားလိမ့်မည်။ ထိုသို့ သိမြင်နားလည်သည့်အလျောက် ဗုဒ္ဓမြတ်စွာအား လေးစားကြည်ညိုမှုများ တိုးပွားလေမည်။ ကြည်ညိုမှုများ တိုးပွားသည့်အလျောက် ကုသိုလ်စိတ်များ တိုးပွားလာပေလိမ့်မည်။ သို့ဖြစ်၍ ဂရုတစိုက် မှတ်သားဖတ်ရှုစေလိုကြောင်း တိုက်တွန်းမှာကြားလိုပါသည်။)

(၂)

ဗုဒ္ဓမြတ်စွာသည် ဘ၀လွတ်မြောက်မှုကို လောကတွင်း ရှင်သန်လှုပ်ရှားမှုများနှင့် မကွာမလွတ်စေရ။ လောကတွင်းမှာ နေရင်းဖြင့် သောကကင်းသော လွတ်မြောက်မှုကို ရနိုင်ဖို့ ညွှန်ပြ၏။ ကူဋဒန္တသုတ်သည် အမှန်အားဖြင့် လောကငြိမ်းချမ်းရေးမှသည် ဘ၀လွတ်မြောက်မှုသို့ ကောက်ကြောင်းပေးထားသော သုတ်ဖြစ်၏။ ဘ၀နေထိုင်ရေးလမ်းညွှန်ချက်ဖြစ်သကဲ့သို့ နိုင်ငံရေးသဘောတရားတစ်ရပ်လည်း ဖြစ်၏။ ရုပ်ဝတ္ထုကြွယ်ဝရေးတရားဖြစ်သကဲ့သို့ စိတ်အေးချမ်းမှု ရစေနိုင်သောတရားလည်း ဖြစ်၏။ နိုင်ငံတိုင်း နိုင်ငံတိုင်း ဗုဒ္ဓညွှန်ပြထားသော ဤလမ်းညွှန်ချက်နဲ့အညီ အုပ်ချုပ်နိုင်လျှင် နိုင်ငံတော်၏ ချမ်းသာကြွယ်ဝမှုနှင့် စိတ်ငြိမ်းချမ်းရေးကို ပူးတွဲပိုင်ဆိုင်နိုင်လာမည်မှာ သေချာ၏။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့် ခါဏုမတအမည်ရှိသော ပုဏ္ဏားရွာသို့ ကြွရောက်လာခဲ့၏။ ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ဗိမ္ဗိသာရမင်းက ဆုလာဘ်အဖြစ်ဖြင့် အပိုင်စားပေးထားသော `ခါဏုမတ´ရွာကို အုပ်ချုပ်နေ၏။ ထိုစဉ်အခါ၌ ကူဋဒန္တပုဏ္ဏားသည် ယဇ်ကြီး(အလှူကြီး)ကို စီရင်လျက် ရှိ၏၊ (ထိုသို့စီရင်ရာ၌) ယဇ်ပူဇော်ရန်အတွက် နွားလား ခုနစ်ရာ၊ နွားထီးငယ် ခုနစ်ရာ၊ နွားမငယ် ခုနစ်ရာ၊ ဆိတ် ခုနစ်ရာ၊ သိုး ခုနစ်ရာတို့ကို ယဇ်တိုင်သို့ ပို့ဆောင်ထားကုန်၏။

သူ့ခေတ် သူ့အခါအရ လွှမ်းမိုးထားသော ဘာသာရေးအသိဉာဏ်များအရ ကုသိုလ်ကောင်းမှု၏ စံနှုန်းကား ယဇ်ပူဇော်ခြင်းပင် ဖြစ်၏။ ယနေ့ခေတ်အခါမှာ စီးပွားရေးမကောင်းလျှင်၊ ကျန်းမာရေးမကောင်းလျှင်…မိမိတို့ ကိုးကွယ်မှုအလျောက် ဘာသာရေးထုံးတမ်းများကို စီရင်ပြုလုပ်လေ့ရှိ၏။ မည်သူမျှ မသိမမြင်နိုင်သော နတ်ဘုရားများကို သတ္တ၀ါများသတ်ဖြတ်ပူဇော်ခြင်းဖြင့် ယဇ်ပူဇော်ခြင်းသည် ထိုခေတ်အခါက လုပ်ရိုးလုပ်စဉ်ဖြစ်၏။

အချို့ဘာသာကြီးများ၏ ကျမ်းစာများတွင်လည်း တိရစ္ဆာန်များ ထောင်သောင်းများစွာ သတ်ဖြတ်၍ ယဇ်ပူဇော်မှုကို ယနေ့တိုင်အောင် ယုံကြည်အားကိုးမြဲ အားကိုလျှက်ရှိ၏။ သိုးအကောင်ရေ ၅၀၀၀၊ နွားအကောင်ရေ ၁၀၀၀၀…စသည်တို့ကို သတ်ဖြတ်၍ သူတို့ကိုးကွယ်အားထားသော ဘုရားသခင်ကို သတ်ဖြတ်ပူဇော်ကြ၏။ ထိုကဲ့သို့သော ယဇ်ကြီးများကို (မြင်မကောင်းရှုမကောင်း၍) ယနေ့ကာလများတွင် မတွေ့နိုင်တော့သော်လည်း ယင်းယဇ်ပူဇော်မှုများ ရေးမှတ်ထားသောကျမ်းစာကိုကား အမြတ်တနိုး ထားမြဲထားလျှက်ရှိ၏။

ကူဋဒန္တသည်လည်း တိုင်းပြည်တွင်း ဆူပူသောင်းကျန်းသူများ ပေါများပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေသဖြင့် အထက်ပါ ယဇ်ကြီးကို ပြုလုပ်လိုခြင်း ဖြစ်၏။ သတ္တ၀ါ ၇၅၀၀-သည် တိုင်းပြည်စီးပွားရေး မကောင်းမှုကြောင့် သွေးချောင်းစီးရတော့မည့်သဘော ကြုံတွေ့နေရ၏။

ထိုအချိန်အခါတွင် ဗုဒ္ဓမြတ်စွာ ကြွရောက်လာ၏။ ခါဏုမတရွာနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဗုဒ္ဓမြတ်စွာ ကြွလာကြောင်းကို ကြားသိရ၍ ဘုရားရှင်တည်းခိုရာ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) ဆီသို့ သွားကြ၏။ ကူဋဒန္တပုဏ္ဏားသည် ပြာသာဒ်ထက်၌ နေ့အချိန် လျောင်းစက်နေစဉ် ဗုဒ္ဓမြတ်စွာထံသို့ သွားကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့ကိုမြင်သောအခါ ''ရဟန်း ဂေါတမဟာ စိတ်ထားသုံးမျိုး၊ အရံအတား (၁၆)ပါးနှင့်ပြည့်စုံတဲ့ ယဇ်ကို သိတယ်လို့ ငါ ကြားဖူးတယ်။ ငါကတော့ မသိဘူး၊ ယဇ်ကြီးလဲ ငါ ပူဇော်ချင်တယ်၊ ရဟန်းဂေါတမထံသွားပြီး မေးရရင် ကောင်းမယ်''ဟု အကြံဖြစ်၏။

ရာပေါင်းများစွာသော ပုဏ္ဏားတို့သည် ''အရှင် ရဟန်းဂေါတမထံသို့ မသွားသင့်ပါ။ ရဟန်းဂေါတမထံသွားလျှင် အရှင်၏ ဂုဏ်သိက္ခာကျလိမ့်မည်၊ ရဟန်းဂေါတမ၏ ဂုဏ်သတင်းသည် တိုးပွါးပါလိမ့်မည်၊ ရဟန်းဂေါတမကသာ အရှင့်ကို ဖူေးမြာ်လာသင့်ပါ၏။ အရှင်သည် ဇာတ်အားဖြင့်လည်း ရဟန်းဂေါတမထက် မြင့်မြတ်၏။ ရဟန်းဂေါတမထက်လည်း စည်းစိမ်ကြွယ်ဝ၏။ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ တတ်မြောက်၏။ အရှင်သည် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ ခံ့ညားသော ကိုယ်ခန္ဓာရှိ၏။ အရှင်သည် သီလလည်း ရှိ၏၊ အပြောလည်း ကောင်း၏။ လူများစွာတို့၏ ဆရာဖြစ်၏၊ ဆရာ့ဆရာလည်း ဖြစ်၏၊ လုလင်သုံးရာတို့အား ဝေဒကျမ်းတို့ကို ပို့ချ၏၊ အရှင်သည် အိုမင်း၏၊ (အသက်) ကြီး၏၊ (အရွယ်) ရင့်၏၊ ရှေးမီ၏၊ နောက်ဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊

ဆက်လက်ဖော်ပြပါမည်...

Monday, May 18, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)


နိဒါန်း
ဗုဒ္ဓဘာသာကို ဒီိမိုကရေစီနည်းကျသည်ဟု ဆိုကြ၏။ ဒီမိုကရေစီကို ယနေ့ခေတ်ကာလ၏ အကောင်းဆုံးသော အခင်းအကျင်းအဖြစ် လက်ခံထားကြ၏။ သို့ဖြစ်၍ ကမ္ဘာ့လူသား၏ စံနှုန်းများကို သတ်မှတ်ဝေဖန်ကြရာတွင် ဒီမိုကရေစီနည်းကျမကျ သုံးသပ်ကြလေ့ရှိ၏။ အချို့ကလည်း မိမိတို့ အဆုံးစွန်တန်ဖိုးထားသော ဘာသာတရားကို ဒီမိုကရေစီဟူသော မရေမရာ ခေတ်ကာလရေပန်းစားသော နိုင်ငံရေးသဘောတရားတစ်ခုမျှသာဖြစ်သော နိုင်ငံရေးစနစ်တစ်ခုနှင့် နှိုင်းယှဉ်အကဲဖြတ်မှုကို ဘ၀င်မကျချင်ကြ။

ယနေ့ကမ္ဘာတွင် ဗုဒ္ဓဘာသာသည် ဘာသာကြီးလေးခုတွင် ကိုးကွယ်မှုဦးရေအားဖြင့် အောက်ဆုံးရောက်နေ၏။ သို့သော်လည်း ပေါ်ပြူလာဖြစ်ခြင်းနှင့် အနှစ်သာရပြည့်ဝခြင်းတို့မှာ တစ်ထပ်တည်းကျသည်ဟု မဆိုနိုင်။ ပေါ်ပြူလာဖြစ်တိုင်းလည်း အနှစ်သာရပြည့်ဝသောကြောင့်ဟု မဆိုနိုင်သလို အနှစ်သာရပြည့်ဝတိုင်းလည်း ပေါ်ပြူလာဖြစ်မည်ဟု မဆိုနိုင်။ ဤသည်မှာ လောကကြီး၏ နိယာမဟု ဆိုရမလို ရှိ၏။ သို့ဖြစ်၍ ကိုးကွယ်သူဦးရေ အောက်ဆုံးရောက်နေသော ဗုဒ္ဓဘာသာကို အနှစ်သာရနည်းပါးမှုကြောင့်ဟု မဆိုအပ်။

ယနေ့ကမ္ဘာ့ပညာရှင်များ၏ မျက်လုံးထဲကို ကြည့်လိုက်လျှင် ဗုဒ္ဓဘာသာကို လေးလေးနက်နက် စဉ်းစားလာနေကြ၏။ ဗုဒ္ဓဘာသာ၏ အမှီအခိုကင်းမဲ့မှု (ကိုယ့်ကိုကိုယ် အားကိုးရမယ်)သည် ရှေးယခင်က ဘာသာခြားတို့၏ ထိုးနှက်ကဲ့ရဲ့စရာ အားနည်းချက်ကြီးတစ်ခုလို ဖြစ်ခဲ့သော်လည်း ယခုအခါမှာကား လောကလူသားတို့၏ ကိုယ့်အားကိုယ် ကိုးနေရမှုကို မျက်ဝါးထင်ထင် မြင်လာနေပြီ ဖြစ်၏။ ဘ၀၏ မှီခိုရာကင်းမဲ့မှုကို မျက်ဝါးထင်ထင် မြင်လာကြရ၏။ အချို့နိုင်ငံများတွင် အသက်အရွယ်ကြီးရင့်လာလျှင် ပို၍ဆိုး၏။ သားသမီးများမှာလည်း တဟုန်ထိုးလှိမ့်ဆင်းနေသော ခေတ်ကာလ ရေးစီးကြောင်းထဲတွင် ၀ရုန်းသုန်းကား လိုက်ပါသွားနေရ၏။ သို့ဖြစ်၍ လူကြီးသူမများမှာ ပို၍ အထီးကျန်လာရ၏။ အမှီအခို ကင်းလာ၏။ ကိုးကွယ်ရာဟူ၍ ရှာမတွေ့။

နှလုံးသားဖြင့် စတင်ခဲ့ပုံရသော ကမ္ဘာ့ကြီးသည် တဖြည်းဖြည်း နှလုံးသားကို နှစ်လပေါင်းများစွာ မေ့လျော့ထားခဲ့ကြ၏။ ရုပ်ဝတ္ထုများနောက် စုံမှိတ်လိုက်ပါခဲ့ကြ၏။ ယခုအခါ မေ့လျော့ခံ နှလုံးသားကို ပြန်လည်ကြည့်မြင်လာတတ်ကြပြီ ဖြစ်၏။ နှလုံးသားတွင် အထီးကျန်ဆန်ခြင်းနှင့် အမှီအခိုမဲ့မှု၊ မလုံခြုံမှုတို့ကို ရိပ်စား(ရိပ်စား)မိလာကြ၏။ အစဉ်ထာဝရ ရိုက်ခတ်လာနေသော ကောင်းမှု၊ မကောင်းမှုတို့က နှလုံးသားမှာ ကြေးမှုံပြင်လို ထင်ရှားနေတာကို တွေ့လိုက်ကြရ၏။ ကံသုံးပါးနဲ့လုပ်ဆောင်လိုက်သမျှသည် နှလုံးသားမှာ ရိုက်ခတ်လာ၏။ ရိုက်ခတ်လာသော နှလုံးခုန်သံနှင့် ကံအသစ်တို့ကို ထပ်လောင်းလုပ်ဆောင်ဖြစ်ကြ၏။ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ။ လောက၏ အဖြစ်အပျက်တို့မှာ ပြုလုပ်ဖန်ဆင်းသူသည် ကိုယ်ကိုယ်တိုင်ကလွဲ၍ အခြားမရှိ။ ငါသာလျှင် ငါ့ဘ၀ရဲ့ ဖန်ဆင်းရှင်ပါလားဟူ၍ ရိပ်စားမိလာကြပြီ။

ဤသို့ဖြင့် ဗုဒ္ဓစာပေကို လေ့လာနေသူများလည်း တစ်နေ့တစ်ခြား တိုးပွားလာနေ၏။ လေ့လာသူတို့အနေဖြင့် သူတို့လေ့လာနိုင်စွမ်းရှိလာလေလေ ဗုဒ္ဓဘာသာ၏ လူသားဆန်မှု၊ ဓမ္မဓိဋ္ဌာန်ကျသော လောကအမြင်တို့ကို တွေ့မြင်သိရှိလာကြလေလေ ဖြစ်နေကြ၏။ ထိုအထဲမှ ယနေ့ခေတ်ကာလ၏ ရေပန်းစားသော နိုင်ငံရေးအမြင်တစ်ခုဖြစ်သော ဒီမိုကရေစီသဘောတရားများကို ဗုဒ္ဓတရားတော်များတွင် အမှတ်မထင်လေ့လာရင်းကနေ အမှတ်ထင်ထင် တွေ့ရှိလိုက်ကြရ၏။ လေ့လာသူတို့ ဘ၀င်အခိုက်စေဆုံး သုတ္တန်က ကာလာမသုတ်ခေါ် ကေသမုတ္တိသုတ္တန်ဖြစ်၏။ ဒီနေရာမှာ မေ့နေသော သုတ္တန်တစ်ခုရှိ၏။ ယင်းမှာ ကူဋဒန္တသုတ်တော်ဖြစ်ပါ၏။ ကူဋဒန္တသုတ်တော်မှာ သေသေချာချာ ဖတ်ရှုလေလေ မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို သဘောအကျကြီး ကျမိလေလေ ဖြစ်ရ၏။

ဗုဒ္ဓမြတ်စွာသည် လူ့လောကအတွင်း ရှောင်လွှဲ၍မရနိုင်သော လူသားထုတစ်ရပ်လုံးအရေးအတွက် လမ်းညွှန်ချက်ပေးထားသည်မှာ လေးစားကြည်ညိုဖွယ်ရာ ဖြစ်ရပါသည်။ ယခု စာရေးသူက ကူဋဒန္တသုတ်တော်ကို ဗဟိုပြုရင်း ဗုဒ္ဓမြတ်စွာ၏ ကြည်ညိုဖွယ်ရာများကို ဖော်ထုတ်တင်ပြသွားပါမည်။

Tuesday, May 12, 2009

အပြောင်းအလဲများနှင့် ဆန်းသစ်ခြင်း

(ဘာရယ်တော့ မဟုတ်။ တစ်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)နှစ်ပတ်လည် မဂ္ဂဇင်းကို ကောက်လှန်ဖြစ်တော့ ဦးဇင်းရဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ကြည့်မိတယ်။ တက္ကသိုလ်မှာ စာသင်နေတဲ့ ရဟန်းငယ်တစ်ပါးအနေဖြင့် အဟောင်းတွေကို ဆန်းသစ်ပြီး အသစ်များဖြင့် ကဏ္ဍသစ်များ ထွန်းသစ်စေဖို့ ဆန္ဒပြုရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ရတော့ စိတ်ကလဲ အတိတ်ကို ပြန်ရောက်သွားပါတယ်။ အချက်အလက်အချို့ကို ယနေ့အခါမှာ သဘောမကျနိုင်တော့ပေမယ့် အပြောင်းအလဲကို လိုလားတဲ့ စိတ်ကတော့ ယနေ့အထိ ရင်ထဲမှာ ကိန်းလျှက်ပါပဲ။ တတ်သလောက် မှတ်သလောက်လေးနဲ့ အပြောင်းအလဲကို ရေးထားခဲ့တာကို အခု ဖတ်ချင်သူတွေ ဖတ်ရအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်)



`တပည့်တော်တို့ တက္ကသိုလ်ကို ပညာရေးမြှင့်တင်ဖို့ အစီအစဉ်တွေ ချမှတ်နေပါပြီ´

ဤစကားလေးကို ရင်ခုန်လှိုက်လှဲစွာ ကြိုဆိုမိပါသည်။ နာယကဆရာတော် မိန့်ကြားလိုက်သော စကားပါ။ ထိုစကားကို ကြားရပြီးမှ ဤစာကို ရေးပါသည်။ အမြင့်ကိုရောက်ခြင်းဟူသည် မည်သည့်အရာဖြစ်ဖြစ် လူကမြှင့်မှ ရောက်ခြင်းဖြစ်သည်။ မမြှင့်ဘဲနှင့် မမြင့်ပါ။ ဤ၌ အခြေခံအကျဆုံးက မြှင့်တင်လိုစိတ်ပင် ဖြစ်၏။ လူသားများ၏ ယုံကြည်ချက်နှင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည်များသည် ဝေါဟာရအနေအားဖြင့် ရှေးခေတ်များနှင့် အတူတူပင်ဖြစ်သော်လည်း အသွင်သဏ္ဌာန်အားဖြင့်ကား မိုင်ပေါင်းကုဋေကဋာ ဝေးကွာခြားနားခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ အသစ်ကို လိုလားမှု၊ မြှင့်တင်လိုမှုတို့မှ ရွေ့လျောစီးဆင်းလာခဲ့ရခြင်း ဖြစ်ပါသည်။ လူတိုင်း၏ ပကတိစိတ်မှာ (ငဲ့ညှာ၊ ထောက်ထား၊ တွယ်တာမှုများနှင့် ဖုံးကွယ်မထားလျှင်) မြှင့်တင်လိုစိတ်ရှိပါသည်။

ဆင်ခြင်တုံတရားမပါသော ငဲ့ညှာမှုများ၊ အမှန်တရားကို ဦးစားမပေးသော ထောက်ထားမှုများ၊ အဟောင်းတိုင်းကို အကောင်းချည်းဟု ထင်မှတ်ထားမိသော တွယ်တာမှုများသည် လူများ၏ အတ္တစိတ်ကို မြင့်တက်စေပါသည်။ အတ္တစိတ်များ မြင့်မားလာပြီဆိုလျှင် မည်မျှပင် ကောင်းမွန်မြင့်မြတ်သော ဖန်တီးမှုပင်ဖြစ်ပါစေ အသစ်ကို မဖန်တီးလိုတော့။ သူတို့ပြောမည့်စကားသည် ထုံးစံအတိုင်းပင် ဖြစ်သည်။ `ဒီထက်ကောင်းတာ မရှိတော့ဘူး၊ ဒါ ပရိပုဏ္ဏပဲ´။

အပြောင်းအလဲကို ဘာသာရေးယုံကြည်မှုအပိုင်းမှ ချဉ်းကပ်ကြည့်ပါမည်။ လူအများသည် (နားမလည်၍) အံ့သြဘနန်းဖြစ်ခြင်း၊ အကြောက်တရားဝင်လာခြင်းတို့မှစပြီး ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသည်။ ပညာရှင်များလည်း သိပြီးဖြစ်ပါသည်။ သစ်ပင်၊ တောတောင်စသည့် ရောက်တတ်ရာရာကို ကိုးကွယ်ခဲ့ကြသည်။ ဘုရားများကို မိမိတို့ စိတ်ကူးဖြင့် ဖန်တီးပြီး ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဘုရားအမည်ခံပုဂ္ဂိုလ်တို့ သူ့နည်းသူ့ဟန်နှင့်သူ သြဇာကြီးမားရာ အရပ်၌ ပေါ်ထွန်းလာခဲ့သည်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာသည် ထိုအမည်ခံပုဂ္ဂိုလ်တို့နှင့် ဆန့်ကျင်ဘက် စစ်မှန်သောဓမ္မကို ဖော်ထုတ်လိုက်ပါသည်။ ဤသည်မှာ ဘာသာရေးမြှင့်တင်မှု ဖြစ်သည်။ ဓမ္မဟူသည်မှာလည်း လေ့လာရေး၊ သင်ကြားရေး၊ နားလည်ရေးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာပညာရေး(Buddhist Education)ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် လောကလူသားတို့၏ ပညာရေးကို အကောင်းဆုံး မြှင့်တင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဗုဒ္ဓမြတ်စွာကိုလည်း အကောင်းဆုံးသော အပြောင်းအလဲကို ဖန်တီးသူဟု ဆိုရပေမည်။

ရှေးခေတ်ပညာရေးဟူသည် ဘာသာရေးနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများချည်း ဖြစ်ခဲ့သည်။ ထိုခေတ်များ၏ စီးပွားရေးဟူသည်မှာလည်း ဘာသာရေးနှင့်သာ နှီးနွယ်စပ်ယှက်မှု ရှိနေခဲ့သည်။ ထိုကာလများမှ နောက်ပိုင်းခေတ် ကာလပေါင်းများစွာ ကျော်ဖြတ်ချီတက်လာခဲ့ပြီးသောအခါ ဒေသတစ်ခုအတွင်း၌ရှိသော ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုစသည်တို့သည် တစ်နေရာတည်း၌ အသေရပ်တည်ခွင့်မရှိ ဖြစ်လာခဲ့ပါသည်။ နေရာဒေသအနှံ့အပြားသို့ ရောက်ရှိပြန့်နှံ့သွားပြီး လူသားများက လေ့လာသုံးသပ်ရင်းနှင့် လူသားများစွာ၏ အသိဉာဏ်ဖွံ့ဖြိုးမှုမှာ တောက်ပြောင်လာခဲ့ရသည်။ အပြောင်းအလဲများနှင့် ဆန်းသစ်တောက်ပလာခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဆီမှ စာပေကျမ်းဂန်များသည် အနော်ရထာမင်းလက်ထက်မှစပြီး ခေတ်အဆက်ဆက်တိုင်အောင် ရောက်ရှိလာခြင်းကြောင့် မြန်မာ့စာပေနှင့်ပညာရေးသည်လည်း သူ့ခေတ်သူ့အခါအလိုက် ပြောင်းလဲဆန်းသစ်နေမှာ သေချာပါသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု မဆိုနိုင်သော်လည်း အဟောင်းအဟောင်းများကိုသာ ဖက်တွယ်ပြီး မျက်စိမှိတ်နားပိတ် ကလေးဆိုးကဲ့သို့ ကျားကန်ကန် စုံရပ်နေလျှင်ကား ခေတ်ကာလပေါင်းများစွာ နောက်ကျကျန်ရစ်နေလိမ့်မည်ဟု အသေအချာ ပြောလိုက်ချင်ပါသည်။

မြန်မာ့စာပေ စီးဆင်းတိုးတက်မှု၌ဖြစ်စေ၊ ကမ္ဘာ့စာပေစီးဆင်းတိုးတက်မှု၌ဖြစ်စေ အပြောင်းအလဲများ၊ ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထင်အရှား တွေ့ရှိနိုင်ပါသည်။ အပြောင်းအလဲများအတွက် သဘောထားကြီးကြီး ထားတတ်လေလေ တိုးတက်မှုရရှိလေလေ ဆိုသည်မှာလည်း သမိုင်း၏ အရှိတရားဖြစ်နေပါပြီ။ မြန်မာနိုင်ငံ၏ ပျို့၊ ကဗျာ၊ လင်္ကာစာပေသည်လည်း တစ်ခေတ်နှင့်တစ်ခေတ် ဆန်းသစ်တီထွင်မှုများကြောင့် ပြောင်းလဲတိုးတက်လာခဲ့ရပုံကို ပညာရှင်တိုင်း သိပြီးဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပို့စ်မော်ဒန်ကဗျာများသည် သမိုင်း၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လှုပ်ရှားနေပြီ ဖြစ်သည်။ ကိုယ်ခံစား၍ မရတာတစ်ခုတည်းနှင့် မည်သည့်အရာကိုမျှ တန်ဖိုးလျှော့ချပစ်၍ မရပါ။ ရွှေသမင်သည် ပတ္တမြားကို တန်ဖိုးလျှော့ချပစ်သည်။ အကြောင်းမှာ သူခံစား၍ မရခြင်းကြောင့် ဖြစ်သည်။ ဤနေရာ၌ ကဗျာအကြောင်း ပြောဖို့မဟုတ်ပါ။ ပြောင်းလဲဆန်းသစ်လာမှုတိုင်းသည် သူ့သဘောသူ ဆောင်နေပါသည်။ သမိုင်းမှာ ကိုယ်က ရွှေသမင်မဖြစ်ဖို့ကား အမှန်တကယ် လိုအပ်သည်ဟု ဆိုချင်ပါသည်။

ကဗျာကဲ့သို့ပင် ၀တ္ထုစာပေ၊ သို့မဟုတ် မြန်မာစကားပြေအရေးအသားသည်လည်း ခေတ်ကာလများစွာကို ခြုံကြည့်လျှင် နောက်နောက် ဖန်တီးသမျှသည် ရှေးရှေးဖန်တီးသမျှထက် ယေဘုယျအားဖြင့် ပိုမိုဆန်းသစ်လှပနေသည်ကို တွေ့ရပါမည်။ ပုဂံခေတ်တွင် ကျောက်စာစကားပြေ စတင်ထွန်းကားခဲ့သည်။ သူ့ခေတ်သူ့အခါအရ ရာဇကုမာရ်ကျောက်စာအရေးအသားသည် ရာဇကုမာရ်၏ စေတနာကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ သို့သော် မြန်မာစကားပြေရေးဟန်အနေဖြင့် `အရိုးခံရေးဟန်´ဟု ပညာရှင်များကို ဆိုကြသည်။ ပင်းယခေတ်ရောက်သောအခါတွင် `အရိုးခံရေးဟန်´မှ `ဝေေ၀ဆာဆာရေဟန်´သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်များအထိ ပုဂံနှင့်ပင်းယခေတ်တို့မှ စတင်စီးဆင်းလာခဲ့သော ကျောက်စာ၊ မင်စာ၊ စကားပြောများသည် ဆက်လက်ထွန်းကားနေဆဲ ဖြစ်ပါသည်။

တစ်ခုပြောစရာရှိသည်မှာ ထိုကျောက်စာ၊ မင်စာများနှင့်အတူ မေတ္တာစာ၊ ၀တ္ထု၊ ရာဇ၀င်၊ အရေးတော်ပုံ၊ မင်းမှုရေးရာမှတ်တမ်း၊ ဓမ္မသတ်၊ လျှောက်ထုံးစသော ပေစာ၊ ပုရပိုက်စာ၊ စကားပြေများကိုလည်း ပြောင်းလဲဆန်းသစ်လာသော တီထွင်ဖန်တီးမှုများအနေနှင့် တွေ့လာရပြီ ဖြစ်သည်။ ယင်းဖန်တီးမှုများကို `ပုံသဏ္ဌာန်သစ်စကားပြေများ´ဟု ပညာရှင်များက သတ်မှတ်ကြသည်။

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ကုန်ဆုံးချိန်အထိ နှစ်ပေါင်း ၇၂၀-ကျော်အတွင်း မြန်မာစကားပြေအရေးအသားသည် အဟောင်းများနှင့်သာ လုံးချာလိုက်နေသည်မဟုတ်ပါ။ ကျောက်စာ၊ မင်စာ၊ စကားပြေမှ ပုံနှိပ်စကားပြေအထိ တဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်လာခဲ့သည်။ စကားပြေရေးဟန်အနေဖြင့် ဇာတ်ဝတ္ထုရေးဟန်များပင် ဖြစ်သည်။ စကားပြေများအတွင်း၌လည်း ကာရန်နဘေများဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားလေ့ရှိခဲ့သည်။ နောက်ပိုင်းခေတ်များတွင် ဂျိမ်းလှကျော်က အလက်ဇန္ဒားဒူးမား၏ မွန်တိခရစ်စတို (The court of Monte Cristo)၀တ္ထုကို မောင်ရင်မောင်၊ မမယ်မအမည်ဖြင့် ၀တ္ထုတစ်ပုဒ် ဖန်တီးခဲ့သည်။ ဤစာအုပ်နှင့်ပတ်သတ်၍ ဆရာဇော်ဂျီက `ဤ၀တ္ထုအရေးအသားက နဘေကာရန် ညှပ်ထားသော စကားပြေအဖွဲ့အနွဲ့ကို တော်လှန်လိုက်သည်´ဟု ဆိုသည်။ အမှန်အားဖြင့် စာပေရေးရာ ပြောင်းလဲတိုးတက်မှုများမှာ ပြောမဆုံးပေါင် တောသုံးတောင်ပင် ဖြစ်သည်။ အဓိက ပြောလိုသည်မှာ ပြောင်းလဲတိုးတက်မှုတိုင်းတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိနေသည်။

အပြောင်းအလဲများ ကြုံတွေ့လာတိုင်း လူ၏ နှလုံးသားတွင် အထိတ်တလန့် ဖြစ်တတ်သည်မှာလည်း သဘာဝဟု ဆိုရပါမည်။ အချိန်တန်လာသော်လည်း ထိုပြောင်းလဲလာသော အသစ်များနှင့် လောကလူသားများသည် နေသားတကျ ဖြစ်သွားတော့ပြန်သည်။ စာသင်တိုက်တစ်ခုမှ မိတ်ဆွေတစ်ပါးက မေးလာသည်။ `အပြင်ဓမ္မာစရိယနဲ့ တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´။
ဤနေရာတွင် မင်းကွန်းဆရာတော်သည် ဤတက္ကသိုလ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် အားသွန်ကြိုးပမ်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသနည်း။ ဓမ္မာစရိယသင်ရိုးများကို သင်ကြားနေသော စာသင်တိုက်ကြီးများစွာ ရှိပြီး မဟုတ်ပါလော။ ဆရာတော့်အနေဖြင့် ဓမ္မာစရိယသင်ရိုးကိုသာ အဓိကထား သင်ကြားစေရမည်ဟု ရည်ရွယ်ချက် ထားပါမူ တက္ကသိုလ်ဟူသော အမည်ကို သုံးစွဲလိမ့်မည်မဟုတ်ဟု ယူဆပါသည်။ အစိုးရဓမ္မာစရိယ သင်ရိုးပုံစံသည် ဤခေတ်သာသနာပြန့်ပွားရေးအတွက် မလုံလောက်တော့ဟု ဆရာတော်မြင်သိခဲ့သည်မှာ သေချာပါသည်။ ထို့ကြောင့် ပစ်ပမယ်၍မရသော ဓမ္မာစရိယသင်ရိုးများအပြင် အခြားဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားလေ့လာစေခဲ့သည်။ သို့ဖြစ်၍ ယခုအချိန် အဓိကဘာသာရပ်မဟုတ်ဟု ဆိုထားသော ဘာသာရပ်များကိုလည်း အဓိကထား လေ့လာသင်ကြားသင့်သည်ဟု မြင်ပါသည်။

`ဒီဘာသာရပ်တွေဟာ အဓိက မဟုတ်ပါဘူးကွာ´ဟု သာမန်ကာလျှံကာ သဘောထားလျှင် အပြင်ဓမ္မာစရိယနှင့် ထူးမခြားနားပင် ဖြစ်သွားပေလိမ့်မည်။ ပင်မဘာသာဟု အမည်တပ်ထားသော ဘာသာရပ်များမှ အခြားသောဘာသာရပ်များ၌ နှံ့စပ်ကျွမ်းကျင်မှုရှိလေလေ သာသနာပြန့်ပွားရေးဆောင်ရွက်ရာတွင် အကျိုးများလေလေ ဖြစ်နေသည်ကား ငြင်းမရသော အမှန်တရား ဖြစ်နေလေပြီ။

အမှန်အတိုင်း ၀န်ခံရလျှင် `အပြင်ဓမ္မာစရိယနှင့် တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´ဟူသော မေးခွန်းမျိုးကို မဖြေလိုပါ။ `ငါတို့တက္ကသိုလ်နှင့် မင်းတို့တက္ကသိုလ်ဘာကွာသလဲ´ဟူသော မေးခွန်းမျိုး မေးလာလျှင်ကား ဂုဏ်ယူဝင်ကြွားစွာ ဖြေဆိုနိုင်ချင်ပါသည်။ `မင်းတို့လက်ထက်ကျမှ လုပ်ပေါ့´ဟုကား အပြောမခံလိုပါ။ ထိုအချိန်အထိ လိုက်၍မမီအောင် နောက်ကျကျန်ရစ်ခဲ့ပါလိမ့်မည်။ နောက်ကျနေမှန်းမသိဘူးဟု ဆိုလျှင်ကား ပျော်ပျော်ပါးပါး နေလိုက်ရုံသာ ရှိပါသည်။ လူဆိုသည်မှာ ကိုယ့်ဖြစ်တည်မှုနှင့်ကိုယ် ကျေနပ်နှစ်သိမ့်နိုင်ခွင့်ရှိပါသည်။

လူတိုင်းလူတိုင်း၌ ကိုယ်ပိုင်အတွေးအမြင်ဖြင့် အကောင်းအဆိုး သတ်မှတ်ထားသော ပုဂ္ဂလဓိဋ္ဌာန်ဟူ၍ ရှိပါသည်။ တက္ကသိုလ်ပညာသင်ကြားရေးတွင် ပုဂ္ဂလဓိဋ္ဌာန်များကို ရှေ့တန်းတင်လွန်းအားကြီးလျှင် `မမြင့်သေးဘူး´ဟု မြင်ပါသည်။ ပညာရပ်တစ်ခုကို တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်လေ့လာနိုင်ပြီဆိုလျှင် `ပညာရေးအဆင့်အတန်း မြင့်သည်´ဟု မြင်ပါသည်။ မိမိ၏ ဘော့ပင်မင်ချောင်းထဲတွင် `ဒါ့ထက်ကောင်းတာ မရှိဘူးဟု စွဲထည့်ထားလျှင် ရေးလိုက်သမျှသည် ဒါ့ထက်ကောင်းတာ မရှိဘူး´ဟုသာ ထွက်လာပေလိမ့်မည်။

ယနေ့ကမ္ဘာတွင် နည်းပညာများ၊ အတတ်ပညာများ ယဉ်ကျေးမှုများသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်ပြောင်းလဲလျှက် ရှိသည်။ ယင်းသို့ ချီတက်ရာ၌ မိမိတို့အနေဖြင့် အခြားလူများနှင့် တန်းတူ ရင်ဘောင်တန်း ချီတက်မည်လား။ နောက်ဆုံးမှ ဒရွတ်တိုက် လိုက်ပါချီတက်မည်လား။ ဤအချက်တို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကြဖို့ ဖြစ်ပါသည်။ နာယကချုပ်ဆရာတော်၏ သြ၀ါဒသည် အပြောင်းအလဲများ၏ အရုဏ်ဦးဖြစ်ပါစေဟု ဆုမွန်ချွေမိပါသည်။ ။

Thursday, May 7, 2009

ဝိဆက်ပွဲတော်

(ဗုဒ္ဓဘာသာဝင်အပေါင်းတို့…..ဒီနေ့ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ ဘုရားအဖြစ်ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ သီရိလင်္ကာရဲ့ ၀ိဆက်ပွဲတော်ကျင်းပပုံများနဲ့ မနှစ်က ၀ိဆက်နေ့မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကို မျှဝေလိုက်ပါတယ်။ အချို့အချက်အလက်များကို ဟိုဟိုဒီဒီ အင်တာနက်စာမျက်နှာများမှ ရရှိပါတယ်။ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အစဉ်အလားများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဓမ္မအနှစ်သာရများဆီ တက်လှမ်းနိုင်ကြပါစေ….)



“၀ိဆက်”ဆိုတာ ဗုဒ္ဓဘာသာပွဲတော်တွေအနက် အရေးအကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ယင်းပွဲတော်ကို မေလရဲ့လပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓမွေးနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ အချို့ဗုဒ္ဓဘာသာတွေအတွက်ကတော့ မြတ်ဗုဒ္ဓရဲ့ မွေးနေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူသောနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ စာပေအရ ဗုဒ္ဓဆိုတာ နိုးကြားပြီးသောသူ သို့မဟုတ် ဉာဏ်အလင်း ရရှိပြီးသူလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဆိုတဲ့ဝေါဟာရဟာ ထူးကဲသာလွန်သောဉာဏ်ပညာနဲ့ ကရုဏာတရားရှိသောပုဂ္ဂိုလ်ကို ရည်ညွှန်းပါတယ်။ ဗုဒ္ဓဘာသာတွေအတွက် ညာဏ်အလင်းဆိုတာ ပုဂ္ဂိုလ်အသီးသီး တဏှာနဲ့ဒုက္ခတရားတို့မှ လွန်မြောက်ရာ နိဗ္ဗာန်ကို ရရှိတဲ့ ကောင်းမြတ်သော အခြေအနေတစ်ခုဖြစ်ပါတယ်။

ဝိဆက်ပွဲတော်ကို သီရိလင်္ကာ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ အထူးသဖြင့် ကျင်းပလေ့ရှိပါတယ်။ ၀ိဆက်ပွဲတော်ဟာ မြန်မာမှာတော့ အကြီးကျယ်ဆုံးပွဲတော် မဟုတ်ပါဘူး။ မြန်မာမှာ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်လောက်ပဲ ကျင်းပကြတာ များပါတယ်။ သီရိလင်္ကာမှာတော့ နိုင်ငံရဲ့ အကြီးကျယ်ဆုံး ပွဲတော်ကြီး ဖြစ်တယ်။ အဓိကကတော့ မီးအလှဆင်ထွန်းညှိခြင်းပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မီးအလှတွေနဲ့ တန်ဆာဆင်ထားတဲ့ မဏ္ဍပ်ကြီးတွေ၊ ဘုရားပုံတော်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ..တည်ဆောက်ပြီး အကြီးအကျယ် ကျင်းပလေ့ရှိပါတယ်။





နိုင်ငံများစွာမှ ၀ိဆက်ပွဲတော်ကျင်းပပုံများကို လေ့လာကြည့်ရင် တူညီတဲ့ အစဉ်အလာတွေကို တွေ့ရပါတယ်။ ပွဲတော်ကို ရောင်စုံမီးပုံးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ အိမ်တွေကို သန့်ရှင်းသပ်ရပ်စွာထားပြီး တန်ဆာဆင်ကြတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ၀ိဆက်နေ့ထူးနေ့မြတ်မှာ စက္ကူများ၊ သစ်သားများဖြင့် မီးအိမ်များကို ပြုလုပ်လေ့ရှိကြသလို လှောင်အိမ်ထဲမှငှက်များကိုလဲ ကြီးကျယ်သော အခမ်းအနားဖြင့် လွှတ်ပေးလေ့ရှိပါတယ်။ ပွဲတော်ရက်အတွင်း နိုင်ငံအများအပြားတွင် ဗုဒ္ဓဘာသာဝင်များဟာ နီးစပ်ရာ ကျောင်းများသို့သွားကာ ရဟန်းတော်များအား အစားအသောက်၊ ဖယောင်းတိုင်၊ ပန်းများကို လှူဒါန်းလေ့ရှိပါတယ်။



ရွတ်ဖတ်သရဇ္ဈယ်ခြင်းနဲ့ ဆုတောင်းခြင်းဟာ ၀ိဆက်နေ့ထူးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ဘုရားရှင်အား ရေသပ္ပါယ်ခြင်း အခမ်းအနားကိုလဲ ကျင်းပလေ့ရှိပါတယ်။ မြတ်စွာဘုရားရဲ့ ပခုံးတော်အထက်မှ ရေသွန်းလောင်းခြင်းများကိုလဲ ပြုလေ့ရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့စိတ်သန္တာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟများကို ဖြူစင်စေဖို့ ဖြစ်ပါတယ်။ တရုတ် နိုင်ငံတွင်ကား အဆိုပါ အစီအစီအစဉ်များအပြင် မိမိတို့ရဲ့ ရှိရင်းစွဲယဉ်ကျေးမှုများကိုလဲ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဥပမာအားဖြင့် နဂါးအကများ ပါဝင်စေခြင်းဖြစ်ပါတယ်။ လှူဖွယ်ဝတ္ထုများကိုလဲ မြတ်ဗုဒ္ဓဆင်းတုတော်ကို လှူဒါန်းဖို့ ယူဆောင်သွားလေ့ရှိပါတယ်။ ဒီလို ကျင်းပတာဟာ မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်တော်စဉ်နဲ့ တရားတော်များကို လေးစားမှု၊ ကျေးဇူးတင်မှုတို့ကို ပြသရာရောက်ပါတယ်။ ပွဲတော်ရက်အတွင်း သတ္တ၀ါများကို မညှင်းဆဲသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် သက်သတ်လွတ် စားလေ့ရှိကြပါတယ်။







သီရိလင်္ကာနိုင်ငံက ၀ိဆက်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နှစ်စဉ် အားလပ်ရက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယမဟာယာနဗုဒ္ဓဘာသာဓလေ့ထုံးစံအရ အဆိုပါ ၀ိဆက်နဲ့ အဓိပ္ပါယ်ထပ်တူဖြစ်တဲ့ ၀ိဆာခဆိုတဲ့အမည်အားဖြင့် လူသိများတဲ့ အားလပ်ရက်ဖြစ်ပါတယ်။ ၀ိဆက် ဆိုတဲ့ဝေါဟာရဟာ ၀ိဆာခဆိုတဲ့ ပါဠိကနေပြောင်းလဲလာတဲ့ ဆင်ဟာလဝေါဟာရဖြစ်ပါတယ်။ “၀ိုင်း ဆာခ” ဆိုတာကတော့ ဟိန္ဒူပြက္ခဒိန်မှာ ဒုတိယမြောက်လရဲ့အမည်ဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာကတော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)(Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော်တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။





မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက်ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက်လေ့ရှိပါတယ်။

တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတဉာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေလို့ ထူးခြားပြီး ကျော်ကြားတဲ့ ပွဲတော်များ ကျင်းပကြခြင်း ဖြစ်ပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ ဖွားတော်မူရာနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော် မူရာနေ့များကို အောက်မေ့အမှတ်ရ ဂုဏ်ပြုလေ့ရှိကြပါတယ်။





















ပွဲတော်ရက်မှာဆိုရင် သတ္တ၀ါများကို သတ်ဖြတ်လေ့မရှိကြပါဘူး။ သက်သတ်လွတ်သာ စားလေ့ရှိပါတယ်။ တိုင်းပြည်များ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာဆိုရင် ၀ိဆက်နေ့ကို အပိုနှစ်ရက်ပါ ထည့်ပေးထားပါတယ်။ ရံပေးထားပါတယ်။ သီရိလင်္ကာအစိုးရဟာ ထိုနေ့မှာ အရက်ရောင်းခွင့်၊ သောက်စားခွင့်ကို အထူးပိတ်ပင်ထားပါတယ်။ ထောင်ပေါင်းများစွာသော သတ္တ၀ါများကိုလဲ ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အများစုက ပွဲတော်ရက်မှာ ပိတ်ဖြူစင်ကြယ်ကိုပဲ ၀တ်ဆင်လေ့ ရှိကြပါတယ်။ တစ်နေ့လုံး ဘုန်းတော်ကြီးကျောင်းများမှာ ရှစ်ပါးသီလဆောက်တည်ပြီး တရားနာယူကာ နေလေ့ရှိကြပါတယ်။ သီရိလင်္ကာမှာဆိုရင် သာမဏေ၀တ်တဲ့အလေ့အထလဲ ရှိပါတယ်။





တိုင်းပြည်အများအပြားမှာ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာ သာသနာ့အလံတော် လွှင့်တင်ခြင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဆိုတဲ့ ရတနာသုံးပါးကို ပူဇော်ထားသော ဓမ္မတေးသီချင်းများ သီဆိုခြင်းများကို ပြုလေ့ရှိပါတယ်။ သူတို့ဟာ ပကာသနများ ခြယ်သ,မထားသော ပန်းများနဲ့လဲ ပူဇော်လေ့ရှိကြတယ်။ ဖယောင်းတိုင်များ၊ ဆီမီးများ၊ အမွှေးတိုင်များနဲ့လဲ ပူဇော်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမွှေးတိုင် ပူဇော်ခြင်းရဲ့ ထူးခြားတဲ့ ရည်ရွယ်ချက်က လောကရဲ့ မမြဲခြင်းတရားကို ထင်ဟပ်စေဖို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့ တိုင်းပြည်အမျိုးမျိုးသို့ ရောက်ရှိပြန့်နှံ့ခဲ့တဲ့ အတွက် ၀ိဆက်ပွဲတော်ကျင်းပပုံဟာလဲ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုများအလိုက် ပုံစံအမျိုးမျိုးကွဲပြား သွားခဲ့ပါတယ်။ တူညီတာကတော့ မြတ်ဗုဒ္ဓအား အောက်မေ့အမှတ်တရ ဂုဏ်ပြုပူဇော်ခြင်းပဲ ဖြစ်ပါတယ်။ ။

(ဘုန်းဘုန်းဦးဝိစိတ္တ(ကိုရီးယား)ရဲ့ ဒီပိုစ်လေးကိုလဲ ဖတ်သင့်တယ်)

Wednesday, May 6, 2009

ချစ်ခြင်းတရားနောက်ကို လိုက်လိုသူ သို့မဟုတ် Hsin Tao နှင့် တွေ့ဆုံခြင်း...အဆက်

ယခင်က အဆက်.......
(ဘာသာရေးယောင်ယောင် ဘာယောင်ယောင်နဲ့ ချောက်ထဲက တိုင်းပြည်ကို ပြုံးပြုံးကြီး ကြည့်နေနိုင်တဲ့ ဘာသာရေးသမားအမည်ခံသူများသို့ ရည်ညွှန်းလိုပါသည်)

....မတူညီတဲ့ ဘာသာရေးအဖွဲ့အစည်းတွေဟာ ရည်မှန်းချက်တစ်ခုတည်းထားပြီး အလုပ်လုပ်နေကြတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ အရာတစ်ခုပေါ်မှာ အာရုံစိုက်ထားတယ်။ ကမ္ဘာကြီးနဲ့လူသားတွေကို ဖျက်ဆီးနေတဲ့ အနုမြူလက်နက်တွေ၊ ဓာတုဗေဒတွေပါဝင်တဲ့ လက်နက်ကြီးတွေကို စွန့်လွှတ်ဖို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေ၊ နိုင်ငံရေးသမားတွေကို စတင်ပြောကြားနေကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို အဆက်မပြက်မြှင့်တင်ပေးဖို့ရန်အတွက် ကျွန်ုပ်ကိုကျွန်ုပ် စံပြပုဂ္ဂိုလ်အဖြစ်သာမက သီးခံခြင်း၊ မဆုတ်မနစ်ကြိုးစားခြင်းနဲ့ မေတ္တာတရားတွေအဖြစ် ပြောင်းလဲပစ်နိုင်အောင် ကြိုးစားနေပါတယ်။

ကျွန်ုပ်ကျင့်ကြံအားထုတ်ထားတဲ့
သမထ၊ ၀ိပဿနာအကျင့်တွေကြောင့်

ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့
ယုံကြည်ချက်က
ခိုင်ခိုင်မာမာ ရှိနေပါတယ်။
သီးခံခြင်းနဲ့မေတ္တာတရားတွေလဲ

ပြည့်ဝနေအောင် ကြိုးစားထားပါတယ်။
ဒါက ကျွန်ုပ်ရဲ့ ကိုယ်ပိုင်လမ်းစဉ်ပါပဲ။


ဘာသာတရားတွေအချင်းချင်းကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ၊ သီးခံခြင်းတရားတွေနဲ့ အပြန်ပြန်အလှန်လှန် လေးစားမှုတွေ တည်ဆောက်ဖို့ ကမ္ဘာ့ဘာသာရေးပြတိုက်(Museum of World Religions)တစ်ခုကို တည်ထောင်ထားပါတယ်။ မတူခြားနားတဲ့ ကမ္ဘာ့ဘာသာကြီးတွေကြားမှာ တံတားထိုးပေးတဲ့သဘော ဖြစ်စေဖို့ပါ။ ကံကောင်းထောက်မစွာနဲ့ လွန်ခဲ့တဲ့ငါးနှစ်၊ ခြောက်နှစ်လုံးလုံး အားပေးထောက်ခံမှုတွေ၊ ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေများစွာကို လက်ခံရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ပညာရေးအားဖြင့် ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ကမ္ဘာ့ဘာသာကြီးများတက္ကသိုလ် (University of World’s Religions)ကိုလဲ စတင်တည်ထောင်နေပါပြီ။

ဒီတက္ကသိုလ်ကြီးဟာ ကမ္ဘာ့ဘာသာကြီးများကောင်စီတို့မှာရှိတဲ့ ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နေသူ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ရည်ညွှန်းပါတယ်။ လက်တွဲမဖြုတ်ဘဲ ငြိမ်းချမ်းရေးကို မြှင့်တင်ပြီး နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် အခြားသောအဖွဲ့အစည်းတွေကိုလဲ ဖိတ်ခေါ်ပါတယ်။ ကျွန်ုပ်အထင် ဘာသာရေးယုံကြည်ချက်ရှုထောင့်အရဆိုရင် ငြိမ်းချမ်းရေးဆိုတာ ကျွန်ုပ်တို့ ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။

ကျွန်ုပ်တို့ဟာ အဲဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်
ကိုယ့်ကိုကိုယ် ဘာသာရေးသမားလို့တောင်

ဆိုလို့မရတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့

လူသားအချင်းချင်း
ချစ်ကြည်ရင်းနှီးမှု မေတ္တာတရားမှ မရှိထားရင်
ဘာသာတရားဆိုတာ

ဘာအဓိပ္ပာယ်ရှိတော့မလဲ။

နိုးကြားတက်ကြွမှုတွေ ဆိတ်သုဉ်းပြီဆိုတာနဲ့
အမုန်းတရားတွေကို မေတ္တာတရားအဖြစ်
အသွင်ပြောင်းပေးဖို့
ဘယ်ကလာပြီး အားအင်တွေ ရှိနိုင်တော့မလဲ။


ကျွန်ုပ်တို့ ဒီအတွက် တကယ့်ကို နိုးနိုးကြားကြား ရှိနေဖို့လိုပါတယ်။ ဒါကြောင့် ကျွန်ုပ် ယုံတယ်။ ဒီအလုပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးအလုပ်ပဲ။

Travis Rejman = ကျေးဇူးတင်ပါတယ် ဆရာတော်။ ကမ္ဘာ့တစ်ဝှမ်းက လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ စစ်ဘက်တာဝန်ထမ်းဆောင်နေရတဲ့ သန်းပေါင်းများစွာသော လူငယ်လေးတွေရှိနေတယ်ဆိုတာကို ဆရာတော် သိရှိပြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဆရာတော်ပြောခဲ့တဲ့အထဲမှာ စစ်တပ်ထဲမှာ `ကံကောင်းခဲ့တယ်´ဆိုတဲ့စကားကို နှစ်ကြိမ်တိတိ ပြောသွားပါတယ်။ ဆရာတော့်ကံက အလွန်ထူးခြားတယ်။ စစ်တပ်ကနေ မထွက်နိုင်ခဲ့ဘူးပေါ့။ ဆိုတော့ ကျွန်ုပ်တို့ အသင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ထဲမှာ ရှိနေတဲ့ ကလေးငယ်တွေကို အပြင်ရောက်လာအောင် အင်တာနက်ပေါ်ကနေ ဘယ်လို အကူအညီပေးနိုင်မလဲ။ လူ့အဖွဲ့အစည်းထဲကို ဘယ်လို ပူးပေါင်းပါဝင်လာအောင် အကူအညီပေးနိုင်မလဲ။ အကြံဉာဏ်ပေးပါအုံး။

Dharma Master Hsin Tao = ကျွန်ုပ်အထင် ကုလသမဂ္ဂကသာလျှင် အကူအညီပေးဖို့ အဓိက တတ်နိုင်လိမ့်မယ်။ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်းတွေကလဲ အကူအညီပေးနိုင်တာပါပဲ။ ဒီကိစ္စက ပြောင်းလဲပစ်ဖို့ တော်တော်ခက်ပါတယ်။ ဥပမာပြောရရင် မူးယဇ်ဆေးပါးရောင်းဝယ်တာကို ပပျောက်အောင်လုပ်ဖို့ မလွယ်သလိုပေါ့။ အဲဒါတွေ ပပျောက်ဖို့ဆိုရင် နည်းလမ်းသစ်တွေကို ရှာကြံရပါမယ်။ အဲဒီထဲက အကောင်းဆုံးနည်းလမ်းကတော့ ဖိအားပေးတဲ့နည်းနဲ့ ကာကွယ်ပေးဖို့ပါပဲ။ ကလေးစစ်သားပပျောက်ဖို့ဆိုရင်လဲ ဒီသဘောပါပဲ။ ဒါက ခက်ခဲတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေများစွာတော့ လိုအပ်ပါလိမ့်မယ်။

ကလေးစစ်သားတွေရှိတဲ့ နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ သူတို့နိုင်ငံအစိုးရကို တောင်းပန်ဖို့ တိုက်တွန်းဖို့ လိုပါတယ်။

အစ္စလာမ်နိုင်ငံတွေမှာတော့ ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့အစိုးရအပေါ်မှာ သြဇာအာဏာသက်ရောက်ပြီး တိုက်တွန်းလို့ ရတတ်ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အချို့နိုင်ငံက ဘာသာရေးအဖွဲ့အစည်းတွေဟာ သူတို့အစိုးရအပေါ်မှာ သြဇာသက်ရောက်မှုမရှိကြပါဘူး။ အစိုးရရဲ့ သြဇာအောက်မှာပဲ ရှင်သန်နေကြရတယ်။ ဘာသာရေးခေါင်းဆောင်က လမ်းညွှန်မှုမပေးရဘဲ အစိုးရခေါင်းဆောင်တွေကပဲ လမ်းညွှန်မှု ပြန်ပေးတာကို ခံနေကြရပါတယ်။ ဒါဟာ တကယ့်ကို ကံဆိုးမိုးမှောင်ကျမှုပါ။ ဒါကို ကျွန်ုပ်တို့ကတော့ အကြမ်းဖက်အစိုးရ (governmental violence)လို့ ပြောရပါလိမ့်မယ်။

Travis Rejman = တိုင်ပေမှာ သောက်ရေသန့်ကောင်းကောင်းရဖို့ လက်တွဲလုပ်ဆောင်ခဲ့ကြသလိုမျိုး လုပ်ဖော်ကိုင်ဖက်တွေ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေအားလုံး၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ၊ စီးပွားရေး၊ ပညာရေးနဲ့ အခြားအသင်းအဖွဲ့အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ ကြိုးစားနေကြပါတယ်။ ကလေးစစ်သားပပျောက်ရေးကိစ္စမှာလဲ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ချက်ချင်းလက်ငင်းအကျိုးဖြစ်ထွန်းမှုမရှိသေးတဲ့ အခြေအနေကို မြှင့်တင်ဖို့ ကျွန်ုပ်တို့ စွမ်းအားရှိသမျှ ကြိုးစားနေပါတယ်။

တိုင်ပေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ဆောင်နေသလိုမျိုး ကိုလံဘီယာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လဲ ယဉ်ကျေးမှုအမွေအနှစ်တွေ ကြာရှည်တည်တံ့ဖို့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အထူးအားဖြင့် အမျိုးသားရေးပြဿနာတွေကို အမှန်တကယ် ကိုင်တွင်နိုင်ဖို့အတွက် စီးပွားရေးခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးပါဝင်တဲ့ အမျိုးသားရေးဆိုင်ရာ မူဝါဒချမှတ်ဖို့ ကိုလံဘီယာက လုပ်ဖော်ကိုင်ဖက်တွေက ကြိုးစားနေကြတယ်။ ကြိုတင်ကာကွယ်ရေး၊ ပြန်လည်ပူးပေါင်းဆောင်ရွက်ရေးနဲ့ သက်ဆိုင်တဲ့ လူမှုရေးသဘောတူညီချက်တွေကို တည်ဆောက်ရပါလိမ့်မယ်။ ဒါတွေကို လုပ်ဆောင်နေတဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘာအကြံများ ပေးချင်ပါသလဲ။

Dharma Master Hsin Tao = အခြေခံအနေနဲ့ ပထမဆုံး အတွေ့အကြုံကောင်းတွေ စုဆောင်းရမယ်။ ပြီးမှ အဲဒီအတွေ့အကြုံကနေ ရှေ့သို့…..

Travis Rejman = ဆရာတော့်ဆီက အကြံဉာဏ်ရယူတဲ့နေရာမှာ စိတ်ဝင်စားတဲ့အရာတွေအနက် ကျွန်ုပ်ကို အချိန်တော်တော်ကြာကြာ စိတ်ရှုပ်ထွေးစေတဲ့ (နားမလည်တဲ့) အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကလေးစစ်သားဟောင်းတွေကို ကြိုဆိုတဲ့နေရာမှာ ပိုပြီးသတိပြုမိအောင် မလုပ်ပေးနိုင်ဖြစ်နေတာကို ကျွန်ုပ်တို့ ဘယ်လို ကူညီပေးနိုင်မလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်ုပ် ကိုလံဘီယာကို ရောက်တုန်းက မကြာသေးခင်ကမှ ပြောက်ကျားတပ်တွေကနေ ထွက်လာတဲ့ လူငယ်တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။

သူတို့ဟာ အသက် ၈-နှစ်၊ ၉-နှစ်၊ ၁၀-နှစ်၊ ၁၁-နှစ်အရွယ်ကတည်းက ပြောက်ကျားစစ်တပ်မှာ အမှုထမ်းခဲ့ကြရတယ်။ ကျွန်ုပ်တို့ စားပွဲမှာ စည်းဝေးထိုင်နေတဲ့ အချိန်မှာတောင် သူတို့ဟာ ကလေးတွေပဲ ရှိပါသေးတယ်။ သူတို့ဟာ သူတို့သူငယ်ချင်းတွေအကြောင်း၊ ဂီတအကြောင်းတွေ ပြောနေကြပါတယ်။ သူတို့ကို လက်ရှိလူ့အဖွဲ့အစည်းထဲမှာ ပြန်လည်ဝင်ရောက်ဖို့ ပြောကြတော့ သူတို့နဲ့ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းကြားမှာ တံတိုင်းကြီးတစ်ခု ခြားထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ပညာရေးနဲ့ဆိုင်တဲ့ သင်တန်းတွေတက်၊ အလုပ်သင်တန်းတွေ တက်ပြီး အလုပ်လိုက်ပြီး လျှောက်ကြတယ်။ ဒါပေမယ့် သူတို့ကို ဘယ်သူမှ အလုပ်မပေးကြဘူး။ ကလေးစစ်သားဟောင်းဖြစ်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးက မေးတယ်။ `ရှင့်ကလေးကို ထိန်းပေးဖို့ ကျွန်မကို ငှါးပါလား´တဲ့။ ဒါနဲ့ ကျွန်တော်လဲ မသိပါဘူးလို့ ဖြေခဲ့လိုက်တယ်လို့ ထင်ပါတယ်။ ပြန်လည်ပေါင်းစည်းပေးဖို့ အခက်အခဲနဲ့ လူမှုဝန်းကျင်က လက်ခံဖို့ ကိစ္စမှာ ကျွန်တော် တော်တော် စိုးရိမ်မိပါတယ်။ ကလေးစစ်သားဘ၀နဲ့ ယုတ်မာဆိုးရွားတာတွေ ကျူးလွန်ခဲ့ဖူးတဲ့သူတွေကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သတ်တဲ့ ဆရာတော့်အတွေးလေးများရှိရင် ကျွန်ုပ်တို့ကို မျှဝေပေးပါအုံး။

Dharma Master Hsin Tao = ဟုတ်ပါတယ်။ သူတို့ဟာ လူမူဝန်းကျင်ကနေ ကျဉ်ဖယ်ခံထားရတယ်။ လူရာလဲ မသွင်းချင်ကြဘူး။ လူမှုဝန်းကျင်နဲ့ စစ်တပ်ထဲမှာ နေရတဲ့ သူတို့ဘ၀ကလဲ အလွန်ပဲ ခြားနားပါတယ်။ ဒါကြောင့်ပဲ လူမှုဝန်းကျင်နဲ့ ပြန်လည်ဆက်သွယ်ရတဲ့အခါ အရာရာကို အစကနေ ပြန်လည်သင်ယူရတယ်။ သူတို့ကိုယ်သူတို့ အသုံးဝင်အောင် ပြန်လည်လေ့ကျင့်ယူကြရတယ်။ ဒါဟာ သဘာဝစည်းမျဉ်းတစ်ခုလဲ ဖြစ်ပါတယ်။

သူတို့နဲ့စကားပြောကြည့်ပြီး သူတို့စကားကို နားထောင်ရတဲ့အခါမှာ ဒါဟာ ဘယ်လောက်အရေးကြီးကြောင်း၊ ရှေ့ဆက်လုပ်ဆောင်သင့်ကြောင်း သိသာနေပါတယ်။ ဒီနေရာမှာ ပညာရေးကနေလာတဲ့ ယဉ်ကျေးမှုကနေ ကူညီပေးနိုင်တာတွေလဲ ရှိပါတယ်။ ကလေးစစ်သားတွေအတွက်ကတော့ ဘာသာရေးယုံကြည်ချက်ကလဲ တော်တော်လေး အကူအညီပေးနိုင်ပါတယ်။ ဒီကလေးစစ်သားလေးတွေကို သင်ကြားပေးဖို့အတွက်ဆိုရင် တကယ့်လူမှုဝန်းကျင်ရဲ့ အမှန်တရားတွေကို နားလည်အောင် ပြုလုပ်ပေးရပါမယ်။ ဒီကလေးတွေဟာ စစ်တပ်ထဲမှာ နေထိုင်ခဲ့ရတဲ့အတွက် လူမှုဝန်းကျင်ကနေ ကင်းကွာနေတတ်တယ်။ ဒါကြောင့် သူတို့ကို လူ့လောကနဲ့ ပြန်လည်ပေါင်းကူးပေးတဲ့အခါမှာ စိတ်ပညာရှင်တွေနဲ့ အထူးသဖြင့် ဘာသာရေးစိတ်ပညာရှင်တွေရဲ့ အကူအညီကို များစွာလိုအပ်ပါတယ်။

Travis Rejman = ကိုယ်ရေးကိုယ်တာနဲ့ ပိုသက်ဆိုင်တဲ့ မေးခွန်းတစ်ခု မေးပါရစေ။ ဗုဒ္ဓဘာသာလမ်းစဉ်ကို အကျိုးသက်ရောက်မှုရှိစေခဲ့တဲ့ ကလေးစစ်သားတစ်ယောက်အနေနဲ့ သင့်ရဲ့ အတွေ့အကြုံတွေကို ဘယ်လို အသုံးချခဲ့သလဲ။

Dharma Master Hsin Tao = မြတ်ဗုဒ္ဓဟာ လူ့ဘ၀တွေရဲ့ ရှုထောင့်အားလုံးကို ဆက်စပ်အောင် ညွှန်ကြားထားတယ်။ ကျွန်ုပ် ကလေးစစ်သားဘ၀တုန်းက ထူးခြားတဲ့ ညီညွတ်တဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ခဲ့ကြရတယ်။ ကလေးစစ်သားဘ၀ကနေ လွတ်မြောက်လာတော့ လက်တွေ့လူမှုဝန်းကျင်မှာ သိပ်အဆင်မပြေချင်တော့ဘူး။ ကျင့်သားမရဖြစ်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လူ့လောကမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ကျွန်ုပ်ဟာ ကိုယ့်ကိုကိုယ် တဖြည်းဖြည်း ပြုပြင်လာခဲ့ရတယ်။

ကျွန်ုပ်တစ်ယောက်တည်းအနေနဲ့ ပြောရမယ်ဆိုရင်
ကျွန်ုပ်မှာ ဘာသာရေးယုံကြည်ချက်ရှိတယ်။
ယုံကြည်မှုနဲ့ထပ်တူပါလာတဲ့ အကျင့်စရဏအပေါ်မှာ
အာရုံအပြည့်စိုက်တယ်။
ဒါကြောင့် ဘယ်နေရာမှာ ဘာပဲလုပ်ရလုပ်ရ ကျွန်ုပ်ဟာ လူမှုဘ၀နဲ့ တစ်သားတည်းဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘ၀မှာ ဘယ်လိုအခက်အခဲတွေ၊ ပဋိပက္ခတွေပဲတွေ့တွေ့ ကျွန်ုပ်ကျင့်သုံးထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သမထ၊ ၀ိပဿနာနဲ့ အသွင်ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဘာသာရေးယုံကြည်ချက်က တော်တော်လေးကို အံ့သြစရာကောင်းပါတယ်။ စကားလုံးတွေနဲ့လဲ ဖော်ပြလို့ မရနိုင်ပါဘူး။ တကယ်တော့ ကျွန်ုပ်ရဲ့ ဘာသာရေးယုံကြည်ချက်က အံ့သြစရာတွေကို သိချင်စိတ်၊ စူးစမ်းစိတ်ကနေ ဖြစ်ပေါ်လာခဲ့တာပါ။

အချင်းချင်း ဆက်သွယ်မှုရှိနေတဲ့
ငြိမ်းချမ်းခြင်း၊
ချစ်ခြင်းမေတ္တာတရားနဲ့
လုံ့လ၀ီရိယတွေရဲ့ ဆွဲဆောင်မှုနောက်ကို
ကျွန်ုပ် တစိုက်မတ်မတ် လိုက်လာခဲ့တယ်။

ပြီးပါပြီ။

http://www.goldininstitute.org/ က

Dharma Master Interview ကို ဘာသာပြန်ထားတာ

Tuesday, May 5, 2009

ချစ်ခြင်းတရားနောက်ကို လိုက်လိုသူ သို့မဟုတ် Hsin Tao နှင့် တွေ့ဆုံခြင်း


ဦးဇင်းရဲ့နိဒါန်း

ကန္နီနည်းနဲ့ စိတ္တလတောင်မှာ တရားအားထုတ်ခဲ့တဲ့ အတွေ့အကြုံဆောင်းပါးလေးတွေ အဆက်မပြတ် တင်သွားဖို့ စိတ်ကူးထားတာ။ အမှတ်မထင် အင်တာနက်စာမျက်နှာတစ်ခုမှာ အောက်ပါ အင်တာဗျူးတစ်ခုကို သွားတွေ့မိတယ်။ အင်တာဗျူးက ဦးဇင်းကို တော်တော်လေး ဆွဲဆောင်သွားတယ်။ နောက်ပြီး သူက မြန်မာမှာ ဖွားပြီး စစ်အတွင်းမှာ ကလေးစစ်သားဖြစ်ခဲ့ရတယ်။ မြန်မာဖွားဆိုတော့ ဘာမဆိုင် ညာမဆိုင် ပိုစိတ်ဝင်စားမိတယ်။ ဦးဇင်းကလဲ မြန်မာဆိုတဲ့ အသံကြားရင် စိတ်က မရဘူး။ စိတ္တလတောင်မှာ နှစ်လတာ တရားအားထုတ်စဉ်ကတောင်မှ မြန်မာနိုင်ငံအခြေအနေကို မေ့လို့မရခဲ့ဘူး။

သမထကျင့်စဉ်တွေ ကျင့်ရင်း အလင်းနိမိတ်နဲ့ အနီးအဝေးနေရာတွေကို နိမိတ်ပို့လွှတ်ရတဲ့အခါမှာ နတ်ပြည်တွေကိုလဲ သွားရောက်လို့ ရခဲ့တယ်။ အဲဒီလို အဆင့်ရောက်ရင် ကိုယ်သိချင်တဲ့ ပုဂ္ဂိုလ်ရဲ့ ရောက်နေတဲ့နေရာကို အာရုံပြုနိုင်တယ်လို့ ဦးဇင်းရဲ့ ဆရာတော် ဘုန်းကြီးဦးဇနိတက မိန့်တော့ ဦးဇင်းပထမဆုံး ကြည့်ချင်မိတာက ဗိုလ်ချုပ်အောင်ဆန်းပါ။ ဦးဇင်းဟာ ဗုဒ္ဓတရားတော်တွေနဲ့သာ ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ဘူး၊ ဗုဒ္ဓတရားတော်တွေကိုသာ မသိခဲ့ဘူးဆိုရင် ဗိုလ်ချုပ်ကို ဘုရားလို ကိုးကွယ်ဖြစ်မှာပါ။ ဒီဘက်ခေတ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို ချောင်ထိုးနေတာတွေ့တော့ စိတ်ထဲမှာ ဘယ်လိုမှ ဖြေမဆည်နိုင်ဖြစ်ရပါတယ်။ ဘာမှမတတ်နိုင်တော့လဲ လက်ပိုက်ကြည့်နေရတော့တာပဲ။

ဒီလိုအခြေအနေကြားထဲမှာ ရဟန်းတော်တစ်ပါးဖြစ်လာတဲ့ ဦးဇင်းအတွက် `ဘာသာရေးဟာ အမျိုးသားရေးနဲ့ တသီးတသန့် ရှိမနေသင့်ဘူး´လို့ ကိုယ့်ဘ၀လမ်းကြောင်းတစ်ခုကို ချမှတ်လိုက်ရတော့တယ်။ ဒီအတွက်လဲ သာသနာနဲ့နိုင်ငံရေးဆိုပြီး အခန်းဆက်ဆောင်းပါးတွေ ရေးဖူးပါတယ်။ Dharma Master Hsin Tao ဟာလဲ ဘာသာရေးကို လောကအရေးနဲ့ ခွဲခြားလို့ မရစကောင်းဘူးလို့ ခံယူထားသူဆိုတာ ထင်ရှားနေပါတယ်။ သူဟာ သာမန်ရဟန်းတော်တွေတောင် မကျင့်သုံးနိုင်တဲ့ ဓုတင် ၁၃-ပါးမှာ ၁၁-ပါးကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လောကအရေးမှာ ဘယ်လောက်အာရုံစိုက်နေသလဲဆိုတာကို အောက်မှာတွေ့ရမယ့် သူ့စကားတွေကြည့်ရင် သိသာပါတယ်။ ကိုယ်ခံယူထားတဲ့ လမ်းစဉ်နဲ့ ဒီလိုဒီလို ကိုက်ညီနေလို့ ဦးဇင်းသဘောကျမိတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် Dharma Master Hsin Tao ရဲ့ လောကအမြင်၊ ဘ၀အမြင်အချို့ဟာ စာဖတ်သူရှေ့ကို ရောက်လာပါပြီ။ ကိုယ်တိုင် ဖတ်ရှုပြီး ဘ၀အမြင်အချို့ ရရှိသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သူ့ရုပ်ပုံလွှာ

Dharma Master Hsin Tao ဟာ ကလေးစစ်သား ပပျောက်ရေးအတွက် တိုက်ပွဲဝင်ရာမှာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဘာသာတရားတွေအချင်းချင်း နားလည်မှုရရှိရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တွန်းအားပေးနေသူလဲ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး လေးနှစ်သားအရွယ်မှာ မိဘမဲ့ကလေးတစ်ဦးအဖြစ် ရှင်သန်ခဲ့ရပါတယ်။ ကိုးနှစ်သားအရွယ်မှာ ပြောက်ကျားစစ်တပ်ထဲကို အတင်းအဓမ္မ သိမ်းသွင်းခံခဲ့ရပါတယ်။

စစ်တပ်တွေ ထိုင်ဝမ်ကို ပြန်ရုတ်သိမ်းမသွားခင်အထိ ခြောက်နှစ်တိုင်တိုင် ကလေးစစ်သားအဖြစ်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အသက်နှစ်ဆယ့်ငါးနှစ်မှာတော့ ဆင်းတာအိုဟာ (မဟာယာန)ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်လာခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးတဲ့နောက် ထိုင်ဝမ်က ဗုဒ္ဓဘာသာတက္ကသိုလ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး လေ့လာခဲ့ပါတယ်။ သူဟာ ၁၉၈၉ ခုနှစ်ကစပြီး နှစ်ပေါင်းများစွာ ခက်ခဲပြင်းထန်တဲ့ အကျင့်တွေကျင့်ရင်း လူသူမနီးတဲ့ တောအရပ်မှာ နေထိုင်သီတင်းသုံးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကမ္ဘာ့ဘာသာအချင်းချင်း နားလည်မှုရရှိရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလွန်ကို ထက်သန်တက်ကြွသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၀ုရှန်းဗုဒ္ဓဘာသာကျောင်းတစ်ခုကို လင်းဂျီတောင်မှာ တည်ထောင်ထားပါတယ်။ ဒီတောင်က နှစ်နှစ်တာ ဓုတင်အကျင့်ဆောက်တည်ကျင့်သုံးခဲ့တဲ့ နေရာလဲ ဖြစ်ပါတယ်။ ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရအောင် မြှင့်တင်လုပ်ဆောင်နေတဲ့ သူ့ရဲ့ ကြိုးပမ်းမှုကို အသက်ဆက်တဲ့အနေနဲ့ ၁၉၉၅-ခုနှစ်မှာ ကမ္ဘာ့ဘာသာတရားများပြတိုက်(World Religions Museum)ကို တိုင်ပေမှာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ကို Travis Rejmanက အင်တာဗျူးထားပါတယ်။

အမေးအဖြကဏ္ဍ

Travis Rejman = ဆရာတော် ဆင်တာအို၊ တွေ့ရတာ အလွန်ဝမ်းသာပါတယ်။ ယခင် ကလေးစစ်သားဘ၀က ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ပတ်သတ်ပြီး Goldin Institute Online အတွက် အင်တာဗျူးကို လက်ခံတဲ့အတွက်လဲ ကျေးဇူးအများကြီး တင်ပါတယ်။ ပထမဆုံး ကျွန်ုပ်တို့ရဲ့ ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသလဲ။

Dharma Master Hsin Tao = လေးစားရပါသော ပရိသတ်ကြီး၊ ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးကို ချစ်တယ်။ ကမ္ဘာကြီးကို ချစ်သလို ငြိမ်းချမ်းရေးကိုလဲ ချစ်တယ်။ လူသားတိုင်း ငြိမ်းချမ်းစွာ နေနိုင်ဖို့၊ ငြိမ်းချမ်းမှုထဲမှာ ထာဝရတည်ရှိနိုင်ဖို့အတွက်လဲ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းတဲ့ မေတ္တာတရားတွေ ထွန်းကားတဲ့ သာတူညီမျှကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့လဲ ကျွန်ုပ်မျှော်လင့်နေပါတယ်။

Travis Rejman = ကျွန်ုပ် ရှေ့မှာ မျှဝေခဲ့သလိုပဲ ကလေးစစ်သားဟောင်းတွေ ပြန်လည်ပေါင်းစည်းခြင်းနှင့်သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို ရသတ္တပတ်လေးပတ် ပို့ချပေးဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ အင်တာဗျူးလုပ်ပြီး ပုံနှိပ်ထုတ်ဝေဖို့လဲ အစီအစဉ်ဆွဲထားပါတယ်။ ဆရာတော်နဲ့ အင်တာဗျူးခွင့်ရလို့ အကြောင်းနှစ်ချက်ကြောင့် အလွန့်ကို ပီတိဖြစ်မိပါတယ်။ ဆရာတော်ဟာ ဒီအင်စတီကျုနဲ့ နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေဖြစ်ခဲ့တယ်။ ဒီအင်စတီကျုက ကလေးစစ်သားဟောင်းတွေကို ဘယ်လိုကြိုဆိုနေသလဲဆိုတာကို သိဖို့အတွက် ဆရာတော်မှာ အတွေ့အကြုံကောင်းတွေ အများကြီးရှိမယ်ဆိုတာကို ကျွန်ုပ်တို့ သိထားပါတယ်။

ဒုတိယအနေနဲ့ ကျွန်ုပ်တို့ စိတ်ဝင်အစားဆုံးအချက်ကတော့ ဆရာတော်အနေနဲ့ ကလေးစစ်သားဟောင်းဘ၀ကနေ ယခုလို ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးတစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ဘယ်လိုရောက်ရှိလာသလဲဆိုတာကိုပါပဲ။

အထူးအားဖြင့် ဆရာတော့်ရဲ့ အတွေးအမြင်တွေကို မျှော်လင့်နေပါတယ်။ ကလေးစစ်သားပပျောက်ပြီး လူ့အခွင့်အရေးပြည့်ဝတဲ့ ငြိမ်းချမ်းတဲ့ဘ၀များ တည်ဆောက်နိုင်ရေးဆောင်ရွက်တဲ့နေရာမှာ ဘာသာရေးအဖွဲ့အစည်းတွေဟာ အခြားသောအဖွဲ့အစည်းတွေနဲ့ ဘယ်လိုလုပ်ပြီး အတူတကွ လုပ်ဆောင်နိုင်ကြသလဲ။

Dharma Master Hsin Tao = ကလေးစစ်သားဆိုတာ ပုံမှန်အားဖြင့်တော့ သူ့အလိုဆန္ဒမပါဘဲ ဖြစ်လာကြရသူတွေပါ။ ဆော့ကစားတဲ့အရွယ်ဖြစ်တဲ့ မိဘမဲ့ကလေးတွေက အများဆုံး ဖြစ်နေတတ်တာ တွေ့ရပါတယ်။ အဲဒီကလေးဟာ စစ်သားဖြစ်လာခဲ့ပြီးရင် မိသားစုဝင်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခြင်းခံရပါတယ်။ စစ်သားဘ၀က မလွတ်မြောက်မချင်း သူဟာ တစ်ကောင်ကြွက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် အဲဒီ စစ်သားကလေးဟာ မိသားစုဆီကနေ နွေးထွေးတဲ့ မေတ္တာဓာတ်တွေ ချို့ငဲ့နေလိမ့်မယ်ဆိုတာ ကျွန်ုပ်တို့ သေချာပေါက် ပြောနိုင်ပါတယ်။ ဒါ ရက်စက်မှုပါ။ ဒါပေမယ့် ကံကောင်းခြင်းတွေ ဆိတ်သုဉ်းခဲ့တော့ ကျွန်ုပ်တို့ဟာ ကလေးစစ်သားဆိုတာတွေ ဖြစ်နေခဲ့ရပါတယ်။
ကျွန်ုပ်ဆိုရင် ကလေးလေးဘ၀ကတည်းက ပြောက်ကျားတပ်ဖွဲ့ဝင် ဖြစ်နေခဲ့ရတယ်။ ကျွန်ုပ်တို့ဟာ စစ်မြေပြင်ကို သွားရတယ်။ ထရိန်နင်းတွေ ပေးခံရတယ်။ အန္တရာယ်အလွန်များတဲ့ အခက်အခဲအမျိုးမျိုးကို ကျော်လွှားခဲ့ရတယ်။

ကံကောင်းထောက်မစွာနဲ့ ကျွန်ုပ်ကတော့ အန္တရာယ်များတဲ့ ထရိန်နင်းတွေနဲ့ မကြုံတွေ့ခဲ့ရသလို ဘယ်သူ့ကိုမှလဲ သတ်ခွင့်မကြုံခဲ့ရဘူး။ ကျွန်ုပ် ကံကောင်းခဲ့ပါတယ်၊ အကာအကွယ်တွေလဲ အများကြီး ရခဲ့ပါတယ်။ . ကလေးစစ်သားများအနေနဲ့ ကျွန်ုပ်တို့ဟာ သင်င်္ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ အများအားဖြင့်တော့ ဖမ်းဆီးခံထားရတဲ့ မိဘမဲ့တွေပါပဲ။ ဘာသာရေးရှုထောင့်အရဆိုရင် ကလေးတိုင်းကလေးတိုင်းမှာ မိဘရှိရမယ်၊ ပညာရေးကောင်းမွန်မှုရှိရမယ်၊ ခိုင်မာတဲ့ မိသားစုတစ်ခု ရှိရမယ်။ ကျွန်ုပ်တို့အားလုံး ဒါကို မျှော်လင့်ထားကြပါတယ်။

ကလေးတစ်ယောက်အနေနဲ့ စစ်သားဘ၀မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ကျွန်ုပ်ကလေးစစ်သားဘ၀တုန်းက စစ်တပ်ထဲမှာ အများကြီး သင်ယူခဲ့ရပါတယ်။ စစ်တပ်ထဲမှာ ကြီးပြင်းပြီး အင်မတန်ကောင်းမွန်တဲ့ အခြေခံတွေ ရရှိခဲ့ပါတယ်။ ကျွန်ုပ်အထင် မိဘတွေပေးနိုင်တဲ့ အရာတွေထက်တောင် ပိုကောင်းနေပါတယ်။ စစ်တပ်ထဲမှာ အောင်မြင်မှုတစ်ခုရဖို့ဆိုရင် အသုံးပြုရတဲ့ နည်းစနစ်တွေက အများကြီးရှိပါတယ်။ စစ်အတွင်းမှာ အပျက်အစီးတွေ အတုန်းအရုန်း တွေ့မြင်ခဲ့ရတယ်။ အလောင်းတွေလဲ မမြင်ချင်အဆုံး။ မိဘတွေ ဆုံးပါးသွားတဲ့ လေလွင့်ကလေးငယ်တွေ အများကြီးကို တွေ့ခဲ့ရတယ်။

ကျွန်ုပ်လိုပဲ မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ကျွန်ုပ်နဲ့အတူ မိဘမဲ့ကလေး ၁၀၀-လောက် စုပြီး နေထိုင်ကြရပါတယ်။ ဒါက ကျွန်ုပ်နဲ့အတူနေရတဲ့ အဖွဲ့လေးပဲ ရှိပါသေးတယ်။ ကျွန်ုပ်တို့ဟာ ညီရင်းအစ်ကိုလို ဆက်ဆံခဲ့ကြလို့ နေပျော်တဲ့ဘ၀လေးတွေ ရရှိခဲ့ကြပါတယ်။ ခုချိန်ထိ အဲဒီထဲက အချို့နဲ့ အဆက်အသွယ်ရှိဆဲပါပဲ။ မတူညီတဲ့ နောက်ခံဘ၀၀န်းကျင်တွေက လာခဲ့ကြပေမယ့် အဲဒီတုန်းက ရင်းနှီးကျွမ်းဝင်မှုကို အခုချိန်ထဲ ထိန်းထားနိုင်ဆဲပါပဲ။ ကျွန်ုပ်တို့ မိဘမဲ့တွေဟာ ကိုယ်စီပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့အဖွဲ့ထဲက သူငယ်ချင်းတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လက်တွေ့ကျတဲ့ဘ၀မှာ ရိုးသားသူတွေ ဖြစ်လာခဲ့ကြပါတယ်။

ကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဘာသာရေးယုံကြည်ချက်အကြောင်း ပြောရမယ်ဆိုရင် စစ်ပွဲအတွင်းမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတော့ ဘာသာရေးလိုက်စားသူတစ်ဦးအဖြစ် ကြီးပြင်းခဲ့ပါတယ်။ မိဘမဲ့နေတဲ့ ကလေးငယ်တွေ၊ အပျက်အစီးတွေနဲ့ စစ်ပွဲက လက်ဆောင်ပေးလိုက်တဲ့ နာကျင်မှုတွေက ကျွန်ုပ်ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို ဘယ်လို ကာကွယ်ရမယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းစွာ ရပ်တည်ဖို့ နာကျင်မှုတွေကို ဘယ်လို လျော့ချရမယ်ဆိုတာကို တွေးခေါ်တတ်အောင် ဒီအတွေ့အကြုံတွေက လမ်းပြပေးခဲ့တယ်။

ကလေးစစ်သားတစ်ယောက်အနေနဲ့ ဘ၀ရဲ့ နာကျင်မှုတွေကို အများကြီး ကြုံတွေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ အရမ်းကို ရဲရင့်တဲ့ စစ်သားတစ်ယောက်လုပ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီစစ်သားဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ ရန်သူအားလုံးကို ကျော်လွှားနိုင်ရမယ်။ ဒါကတော့ လူသားထုတစ်ရပ်လုံးကို ကြည့်ရှုစောင်မဖို့ ကူညီဖို့ စွမ်းနိုင်တဲ့ ဘာသာရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်ုပ်ဟာ ဘုန်းကြီးဘ၀ကို ရလာခဲ့တယ်။ ဒီဘ၀ကို ရွေးချယ်ဖို့အတွက် ကျွန်ုပ်မှာ ဒွိဟဖြစ်ရင်း အချိန်များစွာ ကုန်ဆုံးခဲ့ပါသေးတယ်။

နောက်ဆုံးမှာတော့ နှလုံးသားမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတွေ ကိန်းအောင်အားထုတ်ဖို့ ရဟန်းဘ၀ကို ခံယူခဲ့ပါတယ်။ ကျွန်ုပ်ဟာ စစ်ပွဲတွေ ဆိတ်သုဉ်းအောင်၊ ငြိမ်းချမ်းမှုတွေ တိုးပွားအောင် ကူညီနိုင်စွမ်းရှိလာပါတယ်။ ပထမဆုံး စစ်ပွဲတွေ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို စဉ်းစားတယ်။ အထင်ရှားဆုံးအရာကတော့ ဘာသာတရားတွေအချင်းချင်းကြားမှာဖြစ်တဲ့ ပဋိပက္ခတွေ ဦးစားပေးစဉ်းစားဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဟာ ယုံကြည်ချက်မရှိဘဲ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့်ပဲ ဘာသာတရားတွေကတော့ ရှိနေပါလိမ့်မယ်။ အဖွဲ့အစည်းတွေရဲ့ကြားမှာ ယုံကြည်ချက်တွေ၊ ဘာသာတရားတွေအများကြီး ကွဲပြားနေပါတယ်။ ဒါတွေကလဲ သဘာဝအားဖြင့် ဆန့်ကျင်ဘက်အမြင်တွေ ပေါ်ပေါက်လာစေတယ်။ ဒီဆန့်ကျင်ဘက်သဘောတရားတွေကို ဘယ်လိုများ ပပျောက်အောင် လုပ်နိုင်မလဲ။

ဘာသာတရားတွေရဲ့ စွမ်းအားကို ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ ငြိမ်းချမ်းရေးအဖြစ် ဘယ်လို အသွင်ပြောင်းပေးနိုင်မလဲ။ အထူးအားဖြင့် ဒီနေ့ခေတ်မှာ လူသားတွေဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရပါတယ်။ ဒါကို ကျွန်ုပ်တို့ဘာသာရေးအဖွဲ့အစည်းတွေက ကမ္ဘာကြီးငြိမ်းချမ်းအောင် ဘယ်လို ကယ်တင်ပေးနိုင်မလဲ။

ဆက်လက်ဖော်ပြပါမည်.....
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails