Wednesday, April 29, 2009

စိတ်အာဟာရ


သတ္တ၀ါတွေကို လိုရာပို့ဆောင်ပေးနိုင်စွမ်းရှိလို့ အာဟာရလို့ ခေါ်ပါတယ်။ မှန်ပါတယ်။ အာဟာရရှိမှသာ လူဟာ လိုရာကို သွားနိုင်ပါတယ်။ ရောက်နိုင်ပါတယ်။ အာဟာရ ပြတ်လပ်ပြီဆိုရင် အသက်ဆုံးရဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် သတ္တ၀ါတွေဟာ မိမိနဲ့သင့်လျော်ရာ အာဟာရတွေကို နေ့စဉ်နဲ့အမျှ မှီဝဲစားသောက်နေရပါတယ်။ လူတိုင်း၊ သတ္တ၀ါတိုင်း အာဟာရကို မှီဝဲစားသုံးနေရပေမယ့် နေရာဒေသနဲ့ သတ္တ၀ါအမျိုးအစားအားလျော်စွာ အာဟာရတွေကတော့ ကွဲပြားလှတယ်။
လူသားတွေဟာ မီးကို မတွေ့ရှိခင်ကာလကတည်းက သားစိမ်းငါးစိမ်းတွေစားပြီး အာဟာရဖြည့်ခဲ့ကြတယ်။ မီးကို တွေ့ရှိလာတော့လဲ မီးနဲ့ချက်ပြုတ်စားလာကြတယ်။ နောက်ပိုင်း အခြားအာဟာရဖြစ်စေမယ့် သစ်သီးဝလံတွေကို စားသုံးခဲ့ကြတယ်။ ယနေ့အချိန်အခါမှာဆိုရင်လဲ အာရှအစားအစာ၊ ဥရောပအစားအစာ၊ အာဖရိကအစားအစာ စသဖြင့် အမျိုးမျိုးပါပဲ။ အာရှမှာတောင်မှ အိန္ဒိယ၊ သီရိလင်္ကာနဲ့ နိုင်ငံအချို့မှာ စားသောက်ကြတဲ့ အစားအစားနဲ့ အခြားနိုင်ငံမှာရှိတဲ့အစားအသောက်တွေဟာ အရမ်းကို ကွာခြားပါတယ်။ တစ်နိုင်ငံတည်းမှာကိုပဲ အစားအသောက်တွေက ခြားနားနေတာတွေ ရှိတတ်ပါတယ်။ တစ်ခါ အချို့ သားငါးမပါတဲ့ သက်သတ်လွတ်အာဟာရကို စားသုံးကြတယ်။ အချို့ကျတော့လဲ အသားငါးပါမှ စားတတ်ပါတယ်။ ဆိုချင်တာက လူဆိုတာ အာဟာရနဲ့ အသက်ရှင်နေကြရတယ်။ ဗုဒ္ဓဘာသာမှာလဲ “သဗ္ဗေ သတ္တာ အာဟာရဌိတိကာ = သတ္တ၀ါအားလုံးဟာ အာဟာရအပေါ်မှာ မှီတည်နေရတယ်”လို့ ဆိုပါတယ်။

ဒီစာလေးကို တရားထိုင်တုန်းက ရေးဖို့ စိတ်ကူးရလာခဲ့တာပါ။ တရားထိုင်တုန်း အောက်ပိုင်းခြေထောက်တွေ၊ တင်ပါးတွေဟာ ပူလောင်ပြီး အတော်ကို ခံရခက်နေခဲ့တယ်။ ပြီးတော့ နေ့ခင်းက အနည်းငယ်သာ ဆွမ်းစားခဲ့လို့ ဗိုက်ကလဲ တကွိကွိနဲ့ အရမ်းကို ဆာနေခဲ့တယ်။ အတန်ကြာ စူးစိုက်ပြီး ကြိတ်မှိတ်ရှုမှတ်လိုက်တော့ အံ့သြစွာနဲ့ စောစောက ခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ကြက်ပျောက်ငှက်ပျောက် လွင့်စင်ကုန်ပါတယ်။ ဝေဒနာတွေ မရှိတော့တဲ့အပြင် အေးငြိမ်းတဲ့ရသကိုပါ ခံစားလိုက်ရပါတယ်။ ဗိုက်ဆာနေတဲ့စိတ်ကလဲ ဘယ်ရောက်သည် မသိ။ ဆာလဲ မဆာတော့ဘူး။ တော်တော်ကို အားထုတ်ရ အရသာတွေ့ခဲ့တယ်။ အဲဒီအချိန်မှာ ငယ်ငယ်က ဆရာသမား ပြောခဲ့တဲ့ “တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏”ဆိုတဲ့ စာပိုဒ်လေး ခေါင်းထဲဝင်ရောက်လာပါတယ်။ ပီတိကို စားတာ အားရှိသတဲ့။ ငါလဲ ပီတိနဲ့ အာဟာရတွေ ဖြစ်သွားခဲ့တာပါလား။

တရားဖြုတ်ပြီးတဲ့အခါမှာလဲ အဲဒီအဖြစ်အပျက်လေးက ခေါင်းထဲက ထွက်မသွားခဲ့ဘူး။ ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ အာဟာရပစ္စည်းအကြောင်းကိုလဲ စိတ်ရောက်သွားပါတယ်။ ပဋ္ဌာန်းရွတ်နေသူတွေလဲ သတိထားမိလိမ့်မယ်။ အာဟာရပစ္စည်းမှာ အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ နောက်တစ်ချက်က အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပထမအချက်ရဲ့ အဓိပ္ပာယ်က မိမိတို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲက ကဗဠီကာရာဟာရဆိုတဲ့ သြဇာလေးက သတ္တ၀ါတွေကို အာဟာရပစ္စည်းနဲ့ ကျေးဇူးပြုနေတယ်တဲ့။ ဒါကတော့ ရှင်းပါတယ်။ ထူးခြားတာက နောက်တစ်ချက်မှာပါ။ အရူပလို့ဆိုတဲ့ နာမ်(စိတ်)တရားက ရုပ်တရားကို အာဟာရသတ္တိနဲ့ ကျေးဇူးပြုသတဲ့။ ဆိုလိုတာက စိတ်ကလဲ လူကို အာဟာရဖြစ်စေနိုင်စွမ်းရှိတယ်လို့ ဆိုလိုတာပဲ။ တရားထိုင်ရင်း အညောင်းအညာတွေ ပြေသွားပြီး အာဟာရတွေ ပြည့်သွားသလို ခံစားရတာဟာ ပီတိဆိုတဲ့ စိတ်က လူကို အာဟာရအဖြစ် တိုက်ကျွေးလိုက်တာပဲပေါ့။ ဒါဆိုရင် အစာမစားဘဲ နေနိုင်တယ်ဆိုတဲ့ အဖြစ်တွေဟာ လောကမှာ တကယ်ရှိနိုင်တယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓမြတ်စွာနဲ့ အချို့ ရဟန္တာတွေဟာ ဘာအစားအစာမှ မစားဘဲ ခုနှစ်ရက်ပတ်လုံး သမာပတ်ဝင်စားနိုင်တယ်ဆိုတာလဲ ဒီသဘောပဲ ဖြစ်မှာပါ။

အာဟာရနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေက အဲဒီနေ့မှာတင် အပြီးသတ် မသွားခဲ့ဘူး။ နောက်တစ်နေ့ ကျားသစ်က သမင်ကို ဆွဲသွားတဲ့အကြောင်း ပြောနေကြတယ်။ ညည အသွားအလာတွေမှာ သတိထားဖို့ ပြောနေကြတယ်။ အရင်ကလဲ တောထဲက စစ်သားတွေ ချစ်တဲ့ ခွေးတစ်ကောင်ကို ကျားသစ်က ဆွဲသွားပြီးပါပြီ။ စိတ်က ကျားသစ်ရဲ့ အာဟာရဆီ ရောက်သွားတယ်။ သူ့ အာဟာရအတွက် အတော်လေးကို ရင်ထဲမချိဖြစ်ရပါတယ်။ အစားခံရတဲ့ သမင်လေးတွေနဲ့သားကောင်လေးတွေကို သနားမိသလို သူများအသွေး၊ အသားနဲ့မှ အာဟာရဖြစ်ပြီး အသက်ရှင်နေထိုင်နိုင်တဲ့ ကျားသစ်ကိုလဲ ကရုဏာသက်မိတာပဲ။

ဘုန်းကြီးဦးဇနိတတို့ ညအခါ သီတင်းသုံးတဲ့ ကျောင်းလေးရဲ့ ရှေ့မှာ ရေအိုင်သေးသေးလေးတစ်ခု ရှိပါတယ်။ ရေအိုင်လေးကသေးပေမယ့် မိချောင်းအကြီးကြီး နှစ်ကောင်နဲ့ မိချောင်းပေါက်စလေးတစ်ကောင်ရှိပါတယ်။ သူတို့ဟာ ရေအိုင်မှာ လာပြီးရေသောက်တဲ့ သမင်တို့၊ မျောက်တို့၊ ဆတ်တို့ကို ရေစပ်ကနေ ချောင်းပြီး သတ်ဖြတ်စားသောက်လေ့ရှိပါတယ်။ ရံဖန်ရံခါ ရေစပ်မှာ ၀ပ်ပြီး သားကောင်ချောင်းနေတာကို တွေ့ရတတ်ပါတယ်။ အဲဒီလို အမြဲတမ်းချောင်းနေတတ်လို့ မိချောင်းခေါ်သလား မဆိုနိုင်ဘူး။ သူတို့လဲပဲ သူများအသွေးအသားနဲ့မှ ရှင်သန်နိုင်တဲ့သတ္တ၀ါတွေပဲ ဖြစ်တယ်။

တစ်ညက ဂူအပြင်ဘက်မှာ တချွပ်ချွပ် အသံကြားလို့ ဓာတ်မီးနဲ့ လှမ်းထိုးကြည့်လိုက်တော့ ရှဥ့်တစ်ကောင်ကို တွေ့ရတယ်။ ရှေ့ကနေ ခြတွေက ရွံ့တွေနဲ့ အိမ်ဆောက်ဆောက်သွားကြတယ်။ နောက်ကနေ သူက အဲဒီဆောက်လက်စ ရွံ့တွေကို ခွါပြီး အထဲက ခြအသေးအကြီးအကောင်အားလုံးကို ခပ်သွက်သွက်နဲ့ စားပစ်နေတာ တွေ့ရတယ်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားမိလိုက်တယ်။ သက်ပြင်းလဲ အကြိမ်ကြိမ် ချမိပါရဲ့။

သတ္တလောကကြီးဟာ တစ်ခါတစ်လေ လူကို ထူးဆန်းစေသလို တစ်ခါတစ်လေ ရိုးရှင်းစေပါတယ်။ လောကမှာ ရေပန်းစားနေတဲ့ မေတ္တာတို့ အချစ်တို့ဟာလဲ တစ်ခါတစ်လေ လူကို ရှုပ်ထွေးစေပြီး တစ်ခါတစ်လေ ရှင်းလင်းစေတယ်။ မေတ္တာရဲ့သဘောကလဲ အသွားအပြန်သဘောနဲ့ ရှင်းလင်းနေတတ်သလို နှောင်ဖွဲ့ခြင်းသဘောနဲ့လဲ ပွေလိမ်နေတတ်ပြန်တယ်။ လောကရဲ့အမှန်တရားဆိုတာတွေဟာ တကယ်မမှန်ဘူးဆိုတဲ့ ဗုဒ္ဓစကားနဲ့ အရာရာကို ချိန်ထိုးကြည့်နေမိတယ်။ တကယ်တော့ လောကကြီးကိုက နိုင်ရာစားဖြစ်နေပြီ ထင်ပါရဲ့။

လူတွေ ကြည့်လိုက်ရင်လဲ ဒီအာဟာရအတွက်နဲ့ စစ်ပွဲတွေဖြစ်လို့၊ ရန်ပွဲတွေ ဖြစ်လို့။ အိမ်နီးနားချင်းတွေ စောင်းမြောင်းလို့။ ဆိုင်ချင်းကပ်ရပ်တွေ မနာလိုတိုရှည်ဖြစ်လို့၊ ဣဿာမစ္ဆရိယတွေ ဖြစ်လို့။ တောရွာတွေမှာဆို ယာတောမှာ သူတစ်ပါးလယ်ယာဘက်ကို ထယ်သွားတစ်ခုစာ(တစ်ထွာခန့်)ကျူးလွန်မိလို့ လူသတ်မှုတွေ ဖြစ်တဲ့အထိတောင် ပြဿနာတွေ တက်ကြတယ်။ လောကမှာ ထမင်းတစ်လုပ်အတွက်နဲ့ စွန်းနေခဲ့တဲ့၊ စွန်းနေဆဲဖြစ်တဲ့ သွေးတွေဟာ မနည်းတော့ဘူး။ ထမင်းတစ်လုပ်ကို မိသားစုတစ်ခုက မြိန်ရေယှက်ရေ စားသုံးနေတဲ့အချိန်မှာ အခြားမိသားစုတစ်ခုမှာ မျက်ရည်နဲ့မျက်ခွက်။ သောကတွေ ပင်လယ်ဝေနေရတယ်။ တိရစ္ဆာန်လောကမှာသာမက လူ့လောကအထိမှာပါ နိုင်ရာစားစိတ်ဓာတ်တို့ လွှမ်းမိုးလာကြပြီလား။

နေ့စဉ် ညနေဆိုရင် ရောက်ရောက်လာတတ်တဲ့ သမင်လေးတွေ ကြည့်ရတာပဲ စိတ်ချမ်းသာတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ သူတို့စားတာကလဲ သစ်ရွက်နဲ့မြတ်တွေပဲ စားတယ်။ သူတို့စားသောက်တဲ့ အာဟာရကြောင့် ဘယ်သူမှ စိတ်ဆင်းရဲစရာ မရှိဘူး။ မြက်ခင်းပြင်တွေကိုတောင် ပိုမိုပြီးလှပစေပါတယ်။ ကျားသစ်တို့ အစာအာဟာရနဲ့ ယှဉ်ကြည့်ပြီး သံဝေဂတွေ ပွားနေမိပါတယ်။
တိရစ္ဆာန်တွေရဲ့ အာဟာရတွေကို စဉ်းစားမိတာကနေ အာဟာရနှစ်မျိုးရှိတာကို သွားတွေ့မိပါတယ်။ သွေးစွန်းနေတဲ့ အာဟာရနဲ့စင်ကြယ်တဲ့ အာဟာရ။ သွေးစွန်းနေတဲ့ အာဟာရတွေမှာ သတ္တ၀ါတွေရဲ့ သောကတွေ၊ ဒေါသတွေ၊ မာန်မာနတွေပါတယ်။ ကိုယ်တစ်ယောက်ကောင်းစားဖို့အတွက် အများသူငါတွေ သွေးစွန်းပေးရတယ်။ အသက်သွေး၊ ချွေးတွေ ပေးရတယ်။ သွေးစွန်းနေတဲ့အာဟာရဟာ စားသုံးသူကော၊ စားသုံးခံရသူတွေပါ သောကပင်လယ်ဝေရ၊ ဒေါသလှိုင်းတွေ ထကြွရပါတယ်။ သွေးစွန်းနေတဲ့အာဟာရမှာ မြင့်မြတ်ခြင်းတရားဆီ သွားဖို့ လမ်းမရှိပါဘူး။ သမင်လေးတွေ ကြည့်၊ ဘယ်လောက် ဖြူစင်ကြသလဲ။ ကျောင်းမှာ ယဉ်ပါးနေတဲ့ သမင်ဆိုရင် သားငါးကို ကျွေးတာတောင် မစားဘူး။ သမင်တွေရဲ့ အာဟာရဟာ သောကတွေ ကင်းလွန်းပါတယ်။ သူတို့အာဟာရအတွက် ဘယ်သူမှ ကြောက်လန့်ပြီး ပြေးစရာမလိုဘူး။ ဘယ်သူမှ သောကဖြစ်စရာ အကြောင်းမရှိဘူး။

သွေးစွန်းနေတဲ့ အာဟာရ၊ စင်ကြယ်တဲ့ အာဟာရ။ ဟုတ်ပြီ။ ကိုယ့်ကိုကိုယ် မေးကြည့်ကြဖို့ပါ။ “ငါ နေ့စဉ် စားနေတဲ့ အာဟာရကရော ဘယ်လောက်ထိ စင်ကြယ်မှု ရှိပါသလဲ၊ သွေးစွန်းနေပြီလား” “ငါ စားသုံးလိုက်တဲ့ အာဟာရဟာ သူတစ်ပါးတွေ မျက်ရည်ကြီးငယ်ကျပြီးမှ ရလာတဲ့ အာဟာရလား”။ သူတစ်ပါးတွေ မျက်ရည်ကြီးငယ်ကျမှ စားသုံးရတဲ့ အာဟာရဟာ သွေးစွန်းနေတဲ့ မစင်ကြယ်တဲ့ အာဟာရလို့ ဆိုရမှာပါ။

လောကလူသားတွေအနေနဲ့ ရှဥ့်လဲလျှောက်သာ၊ ပျားလဲစွဲသာဆိုတဲ့ အနေအထားကနေ မိမိတို့ရဲ့ နေ့စဉ်အာဟာရတွေကို ဖြူစင်သန့်ရှင်းအောင် အားထုတ်သင့်ကြပါတယ်။ “၂၁-ရာစုမှာ လည်တဲ့သူမှ စားရလိမ့်မယ်”လို့ဆိုရအောင် လောကလူသားတွေဆိုတာ တိရစ္ဆာန်တွေမှ မဟုတ်တာ။ ။

Friday, April 24, 2009

အကြောက်တရားနှင့်လူ

လူတိုင်း ကြောက်ကြ၏။ လူမျိုးစုံသကဲ့သို့ အကြောက်တရားများကလဲ မျိုးစုံ၏။ လူဟာ တစ်ဦးနှင့်တစ်ဦး မတူသလို အကြောက်တရားများကလဲ တစ်ခုနှင့်တစ်ခု မတူ။ အလွန်ကွဲပြား၏။ လူတွေရဲ့အမြင်တွေကို ပေါင်းခြုံကြည့်လျှင် လောကမှာ ရှိရှိသမျှအရာအားလုံးသည် ကြောက်စရာချည်းဖြစ်၏။
သူတော်စင်များက တောထဲမှာ တစ်ယောက်ထဲနေပြီး ကျား၊ ခြင်္သေ့၊ ဆင်ရိုင်းစသော သတ္တ၀ါများကို မကြောက်။ အချို့က တီကောင်လေး၊ ဖားလေးများကို ကြောက်ကြ၏။ အချို့က လှေကလေးဖြင့် မြစ်ကျဉ်းကို ကူးရမှာကြောက်၏။ သို့ရာတွင် လေယာဉ်ခပ်စုတ်စုတ်ဖြင့် ခရီးရှည်သွားရဲ၏။ အချို့က တစ်ယောက်ထဲနေရမှာကို ကြောက်၏။ အချို့က အများနှင့်နေရမှာကို ကြောက်၏။
“ကြောက်လို့ တောထဲ သွားနေတာ”ဟုဆိုသော တောင်ဖီလာဆရာတော်ကြီး၏ စကားကို မှတ်သားသင့်၏။ တစ်နေ့ တောင်ဖီလာဆရာတော်ဘုရားကြီး ……ဘက်မှာ တောရဆောက်တည်နေစဉ် …….မင်းဆရာလုပ်နေသော ရွှေဥမင်ဆရာတော် တောရကျောင်းလေးသို့ ရောက်လာ၏။ ထိုအခါ ရွှေဥမင်ဆရာတော်က “အရှင်ဘုရား တောထဲမှာ တစ်ပါးတည်းနေတာ မကြောက်ဘူးလား”ဟု မေး၏။ ထိုအခါ တောင်ဖီလာဆရာတော်က အထက်ပါအတိုင်း ဖြေလိုက်ပုံမှာ ရာဇ၀င်တွင်သွားခဲ့၏။ ရာဇ၀င်တွင်မည်ဆိုလည်း တွင်စရာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဓမ္မဘက်ကကြည့်လျှင် လောကီလူ့ဘောင်ဟူသည် အတော်ကို ရှုပ်ထွေးပွေလီ၍ ကြောက်စရာကောင်းနေ၏။
စိတ္တလတောင်မှာ တရားအားထုတ်စဉ်ကလည်း လေးစားကြည်ညိုဖွယ်ရာ သီရိလင်္ကာကိုယ်တော်လေးတစ်ပါးနှင့် တွေ့ဆုံခွင့်ရ၏။ သူသည် တစ်ဝါမျှ ရသေး၍ ငယ်ရွယ်သူပင်ဖြစ်သော်လဲ မကြောက်မရွံ့ တောထဲမှ မလုံမခြုံ ဂူလေးတွင် တစ်ပါးတည်း နေ၏။ စာရေးသူမှာ လူသူဝေးသောအရပ်မပြောနှင့် နီးသောအရပ်မှ ဂူထဲမှာပင် အစပိုင်းတွင် အတော်ကြောက်ကြောက်နှင့် နေခဲ့ရ၏။ ကြောက်သည်ဆိုရာမှာလည်း သံသရာကို ကြောက်နေခြင်းမဟုတ် သားရဲ၊ တိရစ္ဆာန်များကို ကြောက်နေခြင်းဖြစ်၏။

အရာရာတိုင်း အရှက်အကြောက်တရားကို မကောင်းဟု၊ သူရဲဘောနည်းခြင်းဟု မယူဆသင့်။ အနောက်တိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြော၏။ “အကြောက်တရားက လူကို ဘုရားသခင်နဲ့ နီးစပ်စေတယ်”ဟူ၍တည်း။ သူကတော့ ဘာသာခြားဖြစ်၍ သူတို့ကိုးကွယ်သော စိတ်ကူးဘုရားများကို ချစ်လဲ ချစ်ရမှာဖြစ်သလို ကြောက်လဲ ကြောက်ရမှာဟု ပြောလိုရင်းဖြစ်၏။ အဆိုပါ သူတို့ဘုရားများကို ကြောက်လျှင် မဟုတ်တာ၊ မကောင်းတာ မလုပ်ရဲတော့။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ကောင်း၏ဟု ဆိုခြင်းဖြစ်၏။ သို့ရာတွင် အဆိုပါ ဘာသာခြားဘုရားကိုယ်တိုင် သူ့လူမျိုးတွေ ဒုက္ခရောက်မှာကြောက်၍ အခြားလူမျိုး သူ့မကိုးကွယ်သူ ထောင်သောင်းများစွာကို သတ်ဖြတ်ခြင်းအကြောင်းကို မေးတော့ သူမဖြေတော့။ အတ္တကို ဗဟိုပြုထားသော အကြောက်တရားဟာ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်တယ်။
အကြောက်တရားက အကောင်းတွေကို လုပ်ဖြစ်စေသည်မှာ မှန်ပါ၏။ မီးကို တီထွင်ခဲ့တာဟာလဲ အမှောင်ကို ကြောက်လို့၊ အလိုမရှိလို့ တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်၏။ ထို့ထက် ပိုသေချာစေခဲ့တာကတော့ စာရေးသူ စိတ္တလပဗ္ဗတမှာ ရှိစဉ်က ကျောက်ဂူလေးတစ်လုံးထဲမှာ တစ်ပါးတည်း နေတယ်။ ညညဆိုရင် ဂူရဲ့အပြင်ဘက်မှာ ခြေသံလိုလို အသံများ၊ သစ်ပင်တိုးသံ၊ နှာဆပ်သံ၊ အသံမျိုးစုံ ကြားရတယ်။ အစရက်ပိုင်းတွေမှာ ကြောက်စိတ်တွေ ၀င်ခဲ့ရတယ်။ အဲဒီအခါမျိုးမှာ ဂူတံခါးကို သေချာပိတ်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ၊ ပရိတ်တွေရွတ်၊ မေတ္တာတွေပို့…စသည်ဖြင့် အလုပ်တွေ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဒါဟာ အကြောက်တရားက ကောင်းတာတွေ လုပ်ဖြစ်ဖို့ တွန်းအားပေးတာပါပဲ။ နောက်ပိုင်းကျတော့လဲ နေသားကျသွားပြီး ကြောက်စိတ်မဖြစ်တော့ပါဘူး။ ကောင်းတာလုပ်တဲ့ အလေ့အကျင့်လေးတော့ ကျန်သွားခဲ့တယ်။ ဗုဒ္ဓမြတ်စွာကလဲ ဓဇဂ္ဂသုတ်တော်မှာ ကြောက်ရင် ငါ့ကို သတိရလိုက်လို့ မိန့်ပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ အကြောက်တရားကတော့ အတ္တ၊ ပရ မျှထား၏။ ဗုဒ္ဓမြတ်စွာ ညွှန်ပြသော အကြောက်တရား၌ မည်သည့် သြဇာလွှမ်းမိုးမှုမျှ မရှိ။ မိမိပြုလိုက်သောကိစ္စတစ်ခုဟာ မိမိ၊ သူတစ်ပါးအတွက် အကျိုးမရှိလျှင် ထိုအလုပ်မျိုးကို ကြောက်ရမည်ဟု ညွှန်ပြ၏။ ကောင်းကျိုးဖြစ်ထွန်းမည်ဆိုက မကြောက်သင့်။ ဆက်လက်လုပ်ဆောင်ရမည်ဟု ဆို၏။ ဘယ်အကြောင်းတရားနဲ့မှ ချေဖြတ်၍ မပျက်နိုင်သော ဓမ္မဓိဋ္ဌာန်ကျသော လမ်းညွှန်ချက်ဖြစ်ပါ၏။
ကြောက်တယ်ဆိုတာ တုန်လှုပ်တာ၊ တုန်ခါတာ။ တုန်လှုပ်မှု၊ တုန်ခါမှုဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။ အနေတော်ဆိုရင် အံဝင်ခွင်ကျဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်က အမေ ဆန်ပြာနေပုံကို မြင်ယောင်မိပါတယ်။ များသောအားဖြင့် တောအရပ်က စားရတဲ့ ဆန်တွေမှာ စပါးလုံးတွေ ပါတတ်ပါတယ်။ အဲဒါတွေကို စကောထဲမှာထည့်ပြီး ခါထုတ်၊ ရွေးထုတ်ရပါတယ်။ အဲဒါကို ဆန်ပြာတယ်လို့ တောမှာ ခေါ်ပါတယ်။ စကောကို ရှေ့တိုးနောက်ငင်လုပ်ပြီး ခပ်ဆတ်ဆတ်ခါထုတ်ရပါတယ်။ ဆိုလိုတာက အဲဒီလို လုပ်တဲ့နေရာမှာ အချိန်အဆလိုပါတယ်။ အရမ်းလှုပ်ခါလိုက်ရင် ဆန်စေ့တွေပါ လွင့်စင်ကုန်မှာ သေချာတယ်။ အောက်ကိုလဲ မကျအောင်၊ စပါးလုံးတွေလဲ ပေါ်လာအောင် အနေတော်ကလေး လှုပ်ခါရပါတယ်။ အဲဒီလိုပဲ စိတ်ရဲ့ တုန်ခါမှုတွေဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။
ဝိပဿနာတရားအားထုတ်တဲ့နေရာမှာလဲ ကြောက်စိတ်ဝင်လာတယ်ဆိုရင် တရားအဆင့်က မနည်းတော့ပါဘူး။ ဆိုလိုတဲ့ကြောက်စိတ်ကတော့ သာမန်ကြောက်စိတ်နဲ့ မတူတော့ပါဘူး။ ဘ၀သံသရာကို ကြောက်လာတဲ့စိတ်ပါပဲ။ ဘ၀သံသရာကို ကြောက်လာပြီဆိုရင် ရှေ့ဆက်ပြီး တရားအဆင့်ဆင့် တိုးတက်အောင် အားထုတ်လိုစိတ်တွေ ဖြစ်လာပါတော့မယ်။ သို့အတွက်ကြောင့် ကြောက်စိတ်ဟာ ဘ၀လွတ်မြောက်ရေးအတွက်ပါ အကျိုးများပါတယ်။
ဓမ္မပဒတွင် ပိပ္ပလိနှင့်မယ်ဘဒ္ဒတို့အကြောင်းကို ဖတ်ရ၏။ သူတို့သည် စည်းစိမ်ဥစ္စာအားဖြင့်လည်း တစ်သက်စားမကုန်အောင် ပြည့်စုံ၏။ ကြီးကျယ်ခမ်းနားသော အိမ်ကြီးဖြင့်လည်း နေရ၏။ စားစရာသောက်စရာများကလည်း အလျှံပယ် ရရှိနေ၏။ အခြွေရံသင်းပင်းများလည်း ပြည့်စုံလှပါ၏။ သာမန်အမြင်အားဖြင့်ဆိုလျှင် သူတို့နှစ်ဦးသားအတွက် ဘာမျှ လိုလေးသေးမရှိ။ ပြည့်စုံနေပြီ ဖြစ်၏။ တစ်နေ့ သူတို့ပိုင်ဆိုင်သော လယ်ယာများသို့ သွားရောက်သောအခါ လယ်ယာထွန်ခြင်းကြောင့် ပိုးကောင်လေးများ သေသည်ကို တွေ့ရ၏။ ပိုးကောင်လေးများ သေသည်မှာ သူ့အပြစ်မကင်းဟု ယုံကြည်ပြီး လောကီလူ့ဘ၀ကို ကြောက်လာ၏။ ကြောက်လာခြင်းကြောင့် ဇနီးမောင်နှံတိုင်ပင်ပြီး ရသေ့ရဟန်းဝတ်လိုက်ကြ၏။ ဇနီးမောင်နှံနှစ်ဦးလုံး ဘ၀လွတ်မြောက်မှု ရသွားခဲ့ကြ၏။ ကြောက်တဲ့အကြောက်တွေထဲမှာ သံဝေဂဉာဏ်နှင့်ယှဉ်သော အကြောက်တရားက လူကို ဘ၀အမြင်သစ်တွေ ရရှိစေပါတယ်။
တစ်ခါတစ်လေတော့ မကြောက်သင့်တဲ့နေရာမှာ ကြောက်လို့ ပျော်ရွှင်မှုနဲ့ဝေးနေသူများလဲ ရှိပါသည်။ အချို့က နေရင်းထိုင်ရင် သူများအထင်သေးမှာကို၊ သူများတွေ သူ့ကိုအထင်မကြီးမှာကို ကြောက်နေတတ်ကြပါတယ်။ နေရင်းထိုင်ရင်း သူများရဲ့ အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတတ်ကြပါတယ်။ ဒီဗူးဗွားရဲ့ ရေပွက်ပမာ(မြသန်းတင့် ဘာသာပြန်)၀တ္ထုထဲမှာ ထင်ပါတယ်။ ဇာတ်လိုက်အမျိုးသမီးရဲ့မိခင်ဟာ သူများအထင်သေးမှာကို အရမ်းကြောက်ပြီး အထင်ကြီးခံရအောင်၊ ချစ်ခင်လေးစားခံရအောင် တမင်သက်သက် လိုက်လုပ်နေပါတယ်။ ဒါကြောင့် သမီးဖြစ်သူက “အမေဟာ သူများရဲ့ ချစ်ခင်လေးစားမှု၊ အထင်ကြီးမှုကို အမြဲတမ်းလိုချင်နေပါတယ်။ အဲဒီလို လိုချင်နေတဲ့စိတ်ကြောင့်ပင်လျှင် အများက သူ့ကို အထင်မကြီးကြခြင်း ဖြစ်လေသည်”လို့ ကောက်ချက်ချထားပါတယ်။ (မူရင်းနဲ့ ကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ်။ မှတ်မိသမျှ ချရေးလိုက်ခြင်း ဖြစ်ပါတယ်။) ရေပွက်ပမာထဲက အဲဒီအမျိုးသမီးကြီးလိုပဲ စာရေးသူတို့ နေ့စဉ်လောကမှာ အချောင်သက်သက် သူများရဲ့ အထင်ကြီး၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့သူတွေ တွေ့ရတတ်ပါတယ်။
တကယ်တော့ အများရဲ့ အထင်ကြီးမှုဆိုတာ နေရင်းထိုင်ရင်း ဖြစ်ပေါ်လာတတ်တဲ့ အရာမဟုတ်ဘူးလေ။ သူများတွေ အထင်ကြီးနိုင်တဲ့၊ လေးစားချစ်ခင်မှုကို ဖြစ်စေတဲ့ မိမိတို့ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အတွေးအကြံတွေကို တည်ဆောက်ဖို့ လိုပါတယ်။ သူများကိုလိုက်ပြီး “ငါ့ကို အထင်ကြီးကြစမ်းပါကွာ”လို့ လိုက်ပြောနေဖို့ မလိုအပ်ပါဘူး။ သူများအထင်ကြီးအောင် လူရှေ့သူရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်ကလေးလို့ သေသေ၀ပ်ဝပ်လေးနေပြီး ကွယ်ရာမှာ ထင်တိုင်းကြဲနေတဲ့သူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ထိုသူတွေဟာလဲ အများရဲ့ အထင်ကြီးမှုကို ရနိုင်ပေမယ့် အခိုက်အတံ့ပဲ ဖြစ်ပါလိမ့်မယ်။ ကြာရှည်တည်တံ့တဲ့သဘော မရှိပါဘူး။ သူ့ရဲ့စိတ်ဓာတ်ကို ပတ်ဝန်းကျင်က သိသွားတဲ့နေ့ အဲဒီပတ်ဝန်းကျင်မှာ သူ မျက်နှာငယ်ရမယ့်နေ့ပါပဲ။
စာသင်သားဘ၀တုန်းက ဘုန်းကြီးတစ်ပါး တွေ့ဖူးတယ်။ သူက စာသင်သားတွေရဲ့ အချစ်ကို အရမ်းလိုချင်တဲ့ ဘုန်းကြီးပေါ့။ နေတာထိုင်တာ၊ စားတာသောက်တာ အရမ်းကို သေသေ၀ပ်ဝပ်နဲ့ နေပါတယ်။ ဒါပေမယ့် သူ့မှာ ရောဂါတစ်ခုက စွဲကပ်နေတယ်။ သူများတွေ ငါ့ကို ဘာလို့ အထင်မကြီးတာပါလိမ့်ပေါ့။ သူ့ ဒကာ၊ ဒကာမတွေ လာရင်အမြဲတမ်း ရင်ဖွင့်နေတတ်တယ်။ “ဘုန်းကြီး သူတို့အပေါ် ဒီလောက်ကောင်းတာ သူတို့က ဘာလို့ ဘုန်းကြီးကို နားမလည်ကြလဲ မသိပါဘူး”တဲ့။ စာသင်သားတွေ မကြိုက်တာက သူဟာ သူများရဲ့အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့ သူ့စိတ်ဓာတ်ကိုပဲ။ သူကလဲ သူများရဲ့ အထင်ကြီးမှုကို လိုချင်နေရုံ မဟုတ်ဘူး။ စာသင်သားတွေက သူ့ကို ဆရာကြီးတစ်ဆူလို ရိုရိုသေသေ၊ ပျပ်ပျပ်ဝပ်ဝပ်ဖြစ်နေတာကို သူ လိုချင်နေတယ်။
နောက်ဆုံး ဘယ်လောက်ထိဖြစ်ကုန်သလဲဆိုတော့ စာသင်သားတွေနဲ့ တစ်ဆောင်ထဲ အတူနေကြရပေမယ့် စာသင်သားတွေဟာ သူ့မျက်နှာကို တွေ့ရင် ကျက်သရေတုံးတယ်လို့ကို ပြောနေကြတော့တာ။ အခုဆိုရင် စာသင်သားတွေကလဲ သူ့မျက်နှာမကြည့်ချင်၊ သူကလဲ ကြည့်မရနဲ့ တစ်သီးတစ်ခြားစီကြီး ဖြစ်သွားကြတယ်။ စာသင်သားဝန်းကျင်ရဲ့အမြင်မှာ သူဟာ ရွံစရာပုဂ္ဂိုလ်ကြီး ဖြစ်သွားတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀င်ရောဂါနဲ့ပြောတဲ့စကားလုံးတွေက လူတွေကိုတော့ ဆွဲဆောင်သိမ်းသွင်းနိုင်လိုက်တယ်။ ဒါက စာရေးသူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ ဆိုလိုတာက လူဆိုတာ ပတ်ဝန်းကျင်နဲ့မကင်းပေမယ့် ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုကို အရမ်းကာရော လိုချင်နေလို့ မရဘူး။ ပြောရရင် လုပ်ယူစရာ မလိုဘူး။ ဗုဒ္ဓမြတ်စွာဟာ လူအထင်ကြီးအောင်ဆိုပြီး ဘာမှ မလုပ်ခဲ့ပေမယ့် လုပ်လိုက်သမျှကတော့ အထင်ကြီးစရာ၊ လေးစားစရာ၊ ချစ်ခင်ကြည်ညိုစရာတွေ ဖြစ်သွားခဲ့ရတာပဲ မဟုတ်ပါလား။
အကြောက်တရားမှာ အစွန်းနှစ်ပါးရှိတယ်လို့ မှတ်သားရဖူးပါတယ်။ စိန်ခေါ်ခြင်းအစွန်းနဲ့ ဒူးထောက်ခြင်းအစွန်းတို့ ဖြစ်ပါတယ်။ လူတွေပဲဖြစ်ဖြစ် တိရစ္ဆာန်တွေပဲဖြစ်ဖြစ် အကြောက်တရားဝင်လာပြီဆိုရင် ဒီအစွန်းနှစ်ပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတတ်ကြတယ်။ အချို့က စောကြောချင်ကြလိမ့်မယ်။ ကြောက်လို့ ဒူးထောက်တာတော့ ဟုတ်ပါပြီ။ ကြောက်လို့ စိန်ခေါ်တယ်ဆိုတာ ဘယ်လိုကြီးလဲလို့။ စိတ်ပိုင်းဆိုင်ရာကို သေချာကြည့်ပြီး လက်ရှိအဖြစ်အပျက်တွေကို သေချာကြည့်ရင် စိန်ခေါ်တယ်ဆိုတာ အကြောက်တရားနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။ စိန်ခေါ်ခြင်းဟာ အကြောက်တရားတို့ရဲ့ ထိုးထွက်လာတဲ့ အစွန်းဖြစ်ပြီး ဒူးထောက်ခြင်းကတော့ အကြောက်တရားတို့ရဲ့ ငုပ်လျိုးညွတ်ခွေသွားသောအစွန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓမြတ်စွာက သဘာဝကျကျ ရှက်တတ်အောင်၊ သဘာဝကျကျ ကြောက်တတ်အောင် ဟိရိ၊ သြတ္တပ္ပဟူသော လောကပါလတရားနှစ်ပါးကို သင်ပြခဲ့ပါတယ်။ လောကပါလဟူသည်မှာ လောကကို စောင့်ရှောက်တတ်သောတရားများဟု အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓမြတ်စွာက ရှက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ မရှက်ဖို့၊ ကြောက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ ကြောက်မနေဖို့ ညွှန်ပြ၏။ ရှက်သင့်တဲ့နေရာမှာ ရှက်၊ ကြောက်သင့်တဲ့နေရာမှာ ကြောက်ဖို့ ဆုံးမ၏။ ဘာက ရှက်သင့်ကြောက်သင့်ပြီး ဘာကတော့ မရှက်မကြောက် လုပ်သင့်တာလဲ။
ဗုဒ္ဓမြတ်စွာ၏ သတ်မှတ်ချက်က ရှင်းပါတယ်။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား ဆုတ်ယုတ်စေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကို ရှက်သင့်၊ ကြောက်သင့်တယ်”။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကိုတော့ မရှက်သင့်၊ မကြောက်သင့်”လို့ သတ်မှတ်ညွှန်ပြပေးတော်မူထားပါတယ်။ ဗုဒ္ဓညွှန်ပြတဲ့ အရှက်၊ အကြောက် ဖွင့်ဆိုချက်ကတော့ ဓမ္မဓိဋ္ဌာန်လဲကျသလို ရှင်းလဲရှင်းနေပါတယ်။
ကဲ..ဒီစာလေးကို ဖတ်ပြီးတာနဲ့ စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့။ ငါဟာ ရှက်သင့်၊ ကြောက်သင့်တဲ့နေရာမှာ ရှက်စိတ်၊ ကြောက်စိတ်ရှိနေရဲ့လား။ မရှက်၊ မကြောက်သင့်တဲ့နေရာတွေမှာရော ရှက်နေ၊ ကြောက်နေခဲ့လား။ အရှက်တရား၊ အကြောက်တရားမရှိဘဲ လူ့လောကပျက်စီးရေးကို ဦးတည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေမှာ ငါ ပါဝင်မိနေပြီလား။ စာရေးသူလဲ ရေးရင်းနဲ့ မရှက်မကြောက်သင့်ပါပဲ ရှက်ခဲ့ကြောက်ခဲ့မိတဲ့အဖြစ်အပျက်လေးတွေကို ပြန်တွေးမိပြီး မလုံမလဲဖြစ်နေမိပါတယ်။

Tuesday, April 21, 2009

လင်္ကာနှစ်သစ်ကူး၊ သမိုင်းအပိုင်းအစနှင့် မြန်မာ့သင်္ကြန်အရွေ့

သီရိလင်္ကာနိုင်ငံ၊ အလုသ၀ုရုဓု (Aluth Avurudhu)လို့ ခေါ်တဲ့ နှစ်သစ်ကူးကာလဟာ နှစ်စဉ် ဧပြီလ ၁၃-ရက်၊ ၁၄-ရက်မှာ ကျရောက်ပါတယ်။ ဆင်ဟာလ(သီရိလင်္ကာ)ဒဏ္ဍာရီအလိုအရ နေမင်း ကြီးဟာ မီးဧနရရှိယ(Meena Rashiya)ကနေ မေရှရရှိယ(Mesha Rashiya)ကို ရွှေ့ပြောင်းသွားတဲ့ အခါ သီရိလင်္ကာနှစ်သစ်ကူးတယ်လို့ ဆိုပါတယ်။ စပါးရိတ်သိမ်းပြီးချိန် နွေရာသီရဲ့ အဆုံးမှာ ကျရောက်တယ်လို့လဲ အမှတ်အသားပြုကြပါတယ်။ ဒီနှစ်သစ်ကူးကာလရောက်ရင် မိုးတွေလဲ သဲကြီးမဲ ကြီး စတင်ရွာပါတော့တယ်။ ပန်းတွေကလဲ သူ့ထက်ငါ ဦးအောင် အလုအယက်ပွင့်ကြပါတော့တယ်။ သရက်ပင်၊ ဒူးရင်းပင်၊ စွန်ပလွန်ပင် စတဲ့ အပင်များကလဲ အသီးတွေ စုပြုံသီးကြပါတော့တယ်။
သီရိလင်္ကာနှစ်သစ်ကူးကာလဟာ နော်နဂသေ(Nonagathe)လို့ခေါ်တဲ့ စောင့်ရှောက်ထိန်းသိမ်း မှုတွေနဲ့ စတင်ပါတယ်။ နှစ်သစ်ကူးကာလမှာ ဘာအလုပ်မှ မလုပ်ရပါဘူး။ တစ်ခုခုလုပ်တယ်ဆိုရင် ကျက်သရေမင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို သွားကြပြီး ဘာသာရေး ဓလေ့ထုံးစံများနှင့်အညီ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။ ဆရာတော်၊ သံဃာတော်တွေရဲ့ တရားဓမ္မနဲ့ ကောင်းချီးပေးမှုကို ခံယူကြပါတယ်။ ကျေးရွာတွေမှာရှိတဲ့ အမျိုးသမီးတွေဟာ တစ်နေရာမှာ စုဝေးကြပြီး ရိုးရာနှစ်သစ်ကူးအစဉ်အလာများကို စတင်လုပ်ဆောင်ကြဖို့ ရဘန(rabana)လို့ခေါ်တဲ့ ဒရမ်များတီးပြီး ကြေငြာမောင်းခတ်ကြလေ့ရှိပါတယ်။

ပြည်သူတွေဟာ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့မှာ အခမ်းအနားနဲ့ စုပေါင်းပြီး ရေချိုးကြခြင်း အားဖြင့် ရိုးရာနှစ်သစ်ကူးကာလကို ဆင်နွှဲကြပါတယ်။ ရေမချိုးခင်မှာ နာနု(Nanu)လို့ခေါ်တဲ့ ဆေးသစ် ရွက်၊ သစ်ခေါက်တွေနဲ့ ရောထားတဲ့ အမွှေးအကြိုင်တွေကို သုတ်လိမ်းကြပါတယ်။ ဒီအမွှေးအကြိုင် တွေက သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်တွေကို စင်ကြယ်စေတယ်လို့ ယူဆကြပါတယ်။ ဆီသုတ်လိမ်း ခြင်းအခမ်းအနားပြုလုပ်ပြီး နှစ်သစ်ကူးပွဲတော်ကို အဆုံးသတ်ကြပါတယ်။ မင်္ဂလာရှိသော ဆီသုတ် လိမ်းပွဲတော်မှာ လူကြီးသူမများက လူငယ်များကို သစ်ခေါက်၊ သစ်ရွက်များဖြင့် ပြုလုပ်ထားသော အမွှေးအကြိုင်ဆီများဖြင့် သုတ်လိမ်းပေးကြပါတယ်။ ပြီးလျှင် အလုပ်သွားရမယ့် မင်္ဂလာအချိန်ကို သတ်မှတ်လေ့ရှိကြပါတယ်။
နှစ်သစ်ကူးကာလမှာ ပြုလုပ်တဲ့ ထူးခြားချက်တစ်ခုကတော့ မိဘနှစ်ပါးနှင့် အသက်အရွယ်ကြီး ရင့်သူတို့အား ကွမ်းယာပေးကမ်းကြခြင်းပါပဲ။ ဒီကွမ်းယာဟာ မေတ္တာတရားနဲ့ ကျေးဇူးတရားတွေရဲ့ အမှတ်သင်္ကေတလို့ ဆိုကြပါတယ်။ မိဘတွေနဲ့ ဘိုးဘိုး၊ ဘွားဘွားများကလဲ ကွမ်းယာကို လက်ခံပြီး ဆုမွန်ကောင်းများ ပြန်လည်ပေးကြပါတယ်။
နှစ်သစ်ကူးမှာ ကွမ်းယာပေးကမ်းတဲ့ ယဉ်ကျေးမှုမှာ အဓိပ္ပာယ်တွေအများကြီး ရှိပါတယ်။ ကွမ်း ယာမှာ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့အရာတွေ အများကြီး ရှိပါတယ်။ ကွမ်းရွက်၊ ကွမ်းသီး၊ ဖာလာ၊ လေးညှင်း စတဲ့အရာတွေဟာ ဆေးဖက်ဝင်တဲ့ အရာတွေချည်းပါပဲ။ သွားဖုံးတွေ သန်မာစေဖို့အတွက် အကောင်းဆုံးကုသနည်းကတော့ ကွမ်းဝါးခြင်းလို့ ဆိုပါတယ်။ ဒါ့အပြင် ခံတွင်းကို သန့်ရှင်းစေပြီး ခံတွင်း အနံ့အသက်တွေကိုလဲ ကောင်းမွန်စေပါတယ်။ အထူးသဖြင့် ကွမ်းရွက်ဆိုတာ ဆေးဖော်စပ်မှု အတော်များများမှာ မပါမဖြစ်တဲ့ အရွက်ဖြစ်ပါတယ်။ ကွမ်းရွက်ဟာ အစာကို ကြေညက်စေသလို ခန္ဓာ ကိုယ်ကို ဘေးဥပါဒ်ဖြစ်စေတဲ့ ကလာပ်စည်းတွေကိုလဲ ချေမှုန်းပစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓကျမ်းဂန် တွေမှာလဲ ကွမ်းယာရဲ့ ကောင်းကျိုးတွေကို ရှင်းပြထားချက်တွေ ရှိပါတယ်။ သို့ရာတွင် ထုံးနှင့်ဆေးတို့၏ အကျိုးတရားကိုကား ဖော်ပြထားခြင်း မရှိပေ။
အစားအသောက်ကတော့ သီရိလင်္ကာနှစ်သစ်ကူးကာလရဲ့ အဓိကအစိတ်အပိုင်းပါပဲ။ သီရိလင်္ကာအစားအစာဟာ အာဟာရဓာတ်တွေ အတော်ကြွယ်ဝတယ်လို့ ဆိုနိုင်ပါတယ်။ ကောက်ဦးနဲ့နို့ကို ပြင်ဆင်ချက်ပြုတ်ထားတဲ့ ကိရိဘတ်(Kiri Bhaat)ဆိုရင် အလွန်အာဟာရပြည့်ဝပြီး ရှေးဘိုးဘွားများ လက်ထက်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာအစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ ကိရိဘတ်လို့ခေါ်တဲ့ နို့ထမင်းကို အိမ်ထောင်ဦးစီးကပဲ ချက်ပြုတ်ရတယ်လို့ ဆိုပါတယ်။ တစ်မိသားစုလုံးဟာ အလွန်အရသာရှိတဲ့ နှစ်သစ်ကူးအစားအစာကို အတူတကွ ပျော်ပျော်ကြီး စားသောက်ကြလေ့ရှိပါတယ်။
နှစ်သစ်ကူးကာလမှာ အိမ်တွေကို ဖြူဖွေးနေအောင် ထုံးသုတ်ထားလေ့ရှိပါတယ်။ အိမ်တွေမှာလဲ မီးရောင်စုံထွန်းပြီး အလှဆင်ကြပါတယ်။ ဒါကို နှစ်သစ်ကူးကာလမရောက်ခင် မပြုလုပ်ရပါဘူး။ နှစ် သစ်ကူးမတိုင်ခင် အိမ်အလှဆင်တာဟာ မင်္ဂလာမရှိဘူးလို့ ယူဆကြပါတယ်။ သီရိလင်္ကာနှစ်သစ်ကူးရဲ့ အဓိကအပြင်အဆင်ကတော့ အိမ်ကို မီးအလှဆင်ခြင်းပါပဲ။ အိမ်သူအိမ်သားတွေဟာ အ၀တ်အစား သစ်တွေ ၀တ်ဆင်ပြီး အပြန်အလှန် လက်ဆောင်တွေ ပေးကြပါတယ်။
နှစ်သစ်ကူးကာလမှာ ခရစ်ကတ် သို့မဟုတ် ဘေ့စ်ဘောလ်နဲ့အလားသဏ္ဍာန်တူတဲ့ ဂုဒ္ဒုလို့ခေါ်တဲ့ ကျော်ကြားတဲ့ကစားနည်းတစ်ခုကို ကလေးလူကြီး အားလုံး ကစားလေ့ရှိကြပါတယ်။ နောက် ထင်ရှားတဲ့ ကစားနည်းကတော့ အုန်းသီးပစ်တမ်းကစားနည်းပါပဲ။ အချို့ကတော့ ဒက်ခ်ျလူမျိုးတွေ မိတ်ဆက်ပေးခဲ့တယ်လို့ဆိုတဲ့ အပျော်ဖဲကစားကြပါတယ်။ သီရိလင်္ကာလူမျိုးတွေဟာ နှစ်သစ်ကူး ကာလမှာ မိမိတို့ရဲ့ ဆွေမျိုးများ၊ သူငယ်ချင်းများရှိရာ ရွာများသို့ သွားရောက်ပြီး ကျက်သရေရှိသော လက်ဆောင်အမျိုးမျိုး ပေးလေ့ရှိကြပါတယ်။ နှစ်သစ်ကူးပွဲတော်ပြီးတာနဲ့ အချို့သူတွေဟာ လုပ်ငန်း အသစ်တွေကို စွန့်စားလုပ်ကိုင်ကြပြီး အချို့ကတော့ မိမိတို့ရဲ့ ချစ်လှစွာသော သမီးပျိုတွေကို အိမ်ထောင်ရက်သားချပေးဖို့ ပြင်ဆင်ကြပါတယ်။
သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ကို ဘယ်နှစ်ဘယ်ကာလရယ်လို့ မဆိုနိုင်တဲ့ နှစ်ကာလပေါင်းများ စွာကတည်းက စတင်ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့ရာတွင် ရှေးအခါက နှစ်သစ်ကူးပွဲတော်ကို မတ်လမှာကျင်းပခဲ့ကြပါတယ်။ နောက်ပိုင်းနှစ်များကျမှ တမီးလ်နှစ်သစ်ကူးပွဲတော် (Pudu Varsham) နှင့် အချိန်တူအောင် ဧပြီလသို့ နယက္ကာမင်း(Nayakkar King)အမိန့်နဲ့ ပြောင်းရွှေ့ကျင်းပလိုက်ကြ တယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့လူဦးရေအများဆုံးဖြစ်တဲ့ ဆင်ဟာလနဲ့တမီးလ်တို့ကို ပူးပေါင်းပေးခြင်း အားဖြင့် နိုင်ငံ့ဝိညာဏ် သို့မဟုတ် အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွပေးနိုင်တယ်လို့ ယူဆလိုက်ပုံရ ပါတယ်။
ရှေးယခင်က သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ကို ဆင်ဟာလဗုဒ္ဓဘာသာဝင်များနဲ့ ဟိန္ဒူတမီးလ် လူမျိုးတွေကသာ ဆင်နွဲကျင်းပခဲ့ကြတာပါ။ အခုဆိုရင် ခရစ်ယာန်ဘာသာဝင်များပါ ၀င်ရောက်ဆင်နွဲ လာကြလို့ အမျိုးသားပွဲတော်လို့ ဆိုရမလို ဖြစ်လာပါတယ်။ အီစတာပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူး ပွဲတော်တို့ဟာ ဒီကာလမှာပဲ ကျရောက်လေ့ရှိပါတယ်။ အံ့သြစရာကောင်းတာကတော့ သီရိလင်္ကာ နှစ်သစ်ကူးကာလဟာ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဂျပန်၊ တရုတ်နဲ့ အခြားသော အာရှနိုင်ငံ များနဲ့ မတိမ်းမယိမ်းကျင်းပလေ့ရှိကြတာပါပဲ။
နှစ်သစ်ကူးအစဉ်အလာလုပ်ဆောင်မှုတွေက ဂျူးလူမျိုးတွေရဲ့ အီစတာပွဲတော် သို့မဟုတ် ပဆိုဗာပွဲတော်(Pass-over)နဲ့ ဆင်တူနေပါတယ်။ ဂျူးလူမျိုးတွေဟာ နှစ်ပေါင်းလေးရာကျော် အီဂျစ် တွေရဲ့ ကျွန်အဖြစ်နဲ့ နေခဲ့ရပါတယ်။ နောက်ဆုံး မိုးဆက်ရဲ့ ဦးဆောင်မှုနဲ့ ကတိတော်နယ်မြေ (Promised Land)လို့ဆိုတဲ့ ပါလက်စတိုင်းနယ်မြေကို ဖြတ်ကျော်ပြီး လွတ်လပ်ခဲ့ကြပါတယ်။ ဂျူးတွေဟာ ဒီကာလကို ပဆိုဗာ(pass-over)ပွဲတော်အဖြစ် ဆင်ယင်ကျင်းပခဲ့ကြပါတယ်။ ပွဲတော်ကျင်းပပုံတွေက သီရိလင်္ကာနှစ်သစ်ကူးမှာ လုပ်ဆောင်တာတွေနဲ့ အတော်ကို တူလွန်းပါတယ်။ သူတို့လဲ နှစ်သစ်ကူးမှာ ဘာအလုပ်မှ မလုပ်ဘဲ ဥပုသ်စောင့်ကြပါတယ်။ အိမ်တွေကို မီးထွန်းတယ်၊ သိုးစတဲ့ သတ္တ၀ါမျိုးစုံကို သတ်ဖြတ်ပြီး ယဇ်ပူဇော်တယ်။ စားပွဲသောက်ပွဲကျင်းပတယ်။ လင်္ကာရဲ့နှစ်သစ်ကူးနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့အရာထဲက ထူးခြားမှုတစ်ခုကတော့ ပဆိုဗာပွဲတော်ရောက်ရင် အမျိုးသမီးတွေဟာ ခရစ်တော်ကို ဆီသုတ်လိမ်းပေးကြတယ်လို့ ဆိုပါတယ်။ သားကောင်တွေကို သတ်ဖြတ်ပြီး ယဇ်ပူဇော်ကြတာကိုတော့ သီရိလင်္ကာ ဗုဒ္ဓဘာသာနှစ်သစ်ကူးနဲ့ ထပ်တူပြုလို့ မရဘူးပေါ့။ ဗုဒ္ဓဘာသာမှာက ယဇ်ပူဇော်မှုက မရှိဘူး မဟုတ်လား။
တစ်ချို့ပညာရှင်တွေကတော့ တစ်ခြားနိုင်ငံ နှစ်သစ်ကူးပွဲတော်ဆိုတာ ဂျူးတွေရဲ့ ပဆိုဗာပွဲတော် ကနေ ဆင်းသက်လာပြီး ဒေသဆိုင်ရာ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရောနှောသွားခဲ့ကြတယ်လို့ ကောက် ချက်ချကြတယ်။ ဘယ်လောက်ထိ သမိုင်းကြောင်းဆိုင်ရာ မှန်ကန်မှုရှိနိုင်သလဲဆိုတာကတော့ စာရေးသူလဲ လက်လှမ်းမမီပါဘူး။ တကယ်တော့ ဘယ်သမိုင်းဆရာမှလဲ ဒါကို သမိုင်းကြောင်း အထောက်အထား အပြည့်အစုံနဲ့ မတင်ပြနိုင်ကြသေးပါဘူး။ တခြားနိုင်ငံနှစ်သစ်ကူးပွဲတော်တွေဟာ ပဆိုဗာပွဲတော်ကျင်းပတဲ့ကာလနောင် နှစ်ပေါင်းများစွာကြာမှ ပေါ်ပေါက်လာကြတယ်ဆိုတာလောက်ပဲ ဆိုနိုင်ပါတယ်။
ပဆိုဗာပွဲတော်နေ့မှာ အမျိုးသမီးတွေဟာ ခရစ်တော်ကို အဆီတွေနဲ့ သုတ်လိမ်းပေးကြတာဟာ သီရိလင်္ကာနိုင်ငံ နှစ်သစ်ကူးပွဲတော်မှာ အသက်ကြီးရင့်သူတွေက လူငယ်တွေကို အမွှေးနံ့သာ ဆီသုတ်လိမ်းပေးတာနဲ့ တူနေပါတယ်။ ယုံကြည်မှုကလွဲပြီး ပွဲတော်ကျင်းပပုံတွေက သိပ်ကို တူလွန်း နေပါတယ်။ ဒါပေမယ့် ပဆိုဗာပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူးပွဲတော် ဘယ်လိုဆက်နွယ်မှုရှိသလဲ ဆိုတာကိုတော့ ဘယ်သမိုင်းပညာရှင်ကမှ သေချာမပြောနိုင်ကြပါဘူး။
ရှေးခေတ် အီဂျစ်ပြည်မှာ သြဆိရိစ်(Osiris)လို့ခေါ်တဲ့ သဘာဝထာဝရဘုရားသခင်ကို ကိုးကွယ် ကြတယ်။ အဲဒီထာဝရဘုရားသခင်ဟာ သေခြင်းတရားနဲ့ ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတဲ့ အနှစ်သာရနဲ့ နေနတ်မင်းကြီး(Sun God)ကို ကိုယ်စားပြုတယ်။ ဂျူးတွေအပါအ၀င် ဆီမစ်တစ် လူမျိုးတွေ(အာရပ်၊ ဖီနီးရှင်း၊ အဆီးရီးယန်း)ဟာ နေနတ်မင်းကြီးအဖြစ် သြဆိရိစ်(Osiris) နတ်ဘုရား ကို ပြန်လည်ရှင်သန်ခြင်းကို ပေးတယ်လို့ ယုံကြည်ပြီး ကိုးကွယ်ကြတယ်။ အဲဒီကနေ အာရှဘက်ကို ပြန်ကြည့်တော့ အာရှမှာလဲပဲ နေကို ကိုးကွယ်တဲ့ လူမျိုးစုတွေ အများကြီးရှိတာကို တွေ့ရမှာပါ။ ဟိန္ဒူ နှစ်သစ်ကူးမှာလဲ နေနတ်မင်းကို ပုံစံတစ်မျိုးနဲ့ ပူဇော်ပသကြတာတွေ ရှိပါတယ်။
အာရှလူမျိုး အတော်များများကလဲ နွေရာသီ ရောက်လာပြီဆိုရင် နတ်မင်းတစ်ပါးကနေ နောက်နတ်မင်းတစ်ပါးကို တာဝန်လွှဲတဲ့ကာလ(နှစ်ကူးကာလ)လို့ ယုံကြည်ကြပါတယ်။ နှစ်သစ်ကူး အားလုံးဟာ ရှိနေတဲ့၊ တွေ့ထားတဲ့ သမိုင်းအချက်အလက်တွေအရ ဒီသမိုင်းဖြစ်စဉ်တွေအပေါ်မှာ အနည်းနဲ့အများ အခြေခံနေတယ်ဆိုတာကို တွေ့ရမှာပါ။ နောက်ပိုင်းမှာမှ တိုင်းပြည်ဒေသအမျိုးမျိုး၊ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးတို့နဲ့ ရောယှက်ပြီး အစပျောက်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်ရောရော အားလုံးလုပ်ဖြစ်နေဆဲအရာကတော့ ရေလောင်းခြင်း၊ မီးထွန်းခြင်းနဲ့ ဆီသုတ်လိမ်းကြခြင်းပါပဲ။
သီရိလင်္ကာနှစ်သစ်ကူးကာလမှာ ထူးခြားတာတစ်ခုကတော့ အဖေ၊ အမေတွေက သားသမီးတွေ နဲ့လာလည်သူတွေကို အကြွေစေ့လေးတွေ ပေးကမ်းကြတာပါပဲ။ သားသမီးတွေရော၊ ဆွေမျိုးတွေပါ အဆိုပါအကြွေစေ့ကို အတော်လိုချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်သစ်မှာရတဲ့ပထမဆုံး ငွေဖြစ်လို့ပါလို့ ဆိုပါတယ်။
ဒဏ္ဍာရီအဆိုတစ်ခုရှိပါတယ်။ ဣန္ဒြဒေ၀(Indradeva)လို့ခေါ်တဲ့ ငြိမ်းချမ်းရေးနတ်သားဟာ ငြိမ်းချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေပေးဖို့ လူ့ပြည်ကို ဆင်းသက်လာတယ်။ ငြိမ်းချမ်းရေးနတ်သားဟာ အဖြူရောင်အ၀တ်အစားတွေ ၀တ်ဆင်ပြီး ခေါင်းမှာလဲ ပန်းတွေနဲ့သရဖူခုနှစ်ခုကို ဆောင်းထားတယ်လို့ ဆိုပါတယ်။ ဝေါဟာရအနေအထားအရ “ဣန္ဒြ”ဆိုတဲ့ စကားလုံးဟာ “ဣန္ဒ”ဆိုတဲ့ပါဠိစကားနဲ့အတူတူ ပါပဲ။ သိကြားမင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာမှာလဲ သင်္ကြန်ရောက်ရင် သိကြားမင်းဆင်းတယ်လို့ ယုံကြည်ကြပါတယ်။ သိကြားမင်းစီးတဲ့ အကောင်တွေကလဲ တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ ဆင်၊ မြင်း၊ နွား စသဖြင့် အတော်များပါတယ်။
သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ နောက်ထပ် ယုံကြည်မှုတစ်ခုလဲ ရှိပါတယ်။ အဲဒါကတော့ နှစ်သစ်ကူးကာလမှာ အ၀ုရုဒု ကုမာရယ (Avurudu Kumaraya)ဆိုတဲ့ နတ်အသစ်တစ်ပါး ရောက်လာတယ်ဆိုတဲ့ ယုံကြည်မှုပါပဲ။ သီရိလင်္ကာနိုင်ငံရဲ့ အချို့ဒေသတွေမှာ နှစ်သစ်မှာ ရောက်လာ မယ့်နတ်မင်းအတွက် ယဇ်ပလ္လင်များကို အုန်းလက်များဖြင့် တည်ဆောက်ထားလေ့ရှိတယ်လို့ ဆိုပါ တယ်။ ဂျူးလူမျိုးတွေရဲ့ ယဇ်ပလ္လင်လုပ်ပြီး ပူဇော်ခြင်းနဲ့ အုန်းလက်နဲ့ယဇ်ပလ္လင်လုပ်တာဟာ တူတယ် လို့ ဆိုပေမယ့် မတူတဲ့အရာတွေကတော့ အများကြီး ရှိနေပါတယ်။ ခရစ်ယာန်တွေက သိုး၊ ဆိတ်စတဲ့ သတ္တ၀ါတွေကို သတ်ဖြတ်ပြီး နတ်ဘုရားကို ယဇ်ပူဇော်ဖို့ဖြစ်ပြီး သီရိလင်္ကာသားတွေကတော့ ကောက်ပဲသီးနှံနဲ့ စတုဒိသာကျွေးမွေးဖို့ ဖြစ်ပါတယ်။ မြန်မာမှာတော့ ရေလောင်းဖို့ အုန်းလက်တွေနဲ့ မဏ္ဍပ်တွေ ဆောက်ကြပါတယ်။ အချို့ဒေသမှာတော့ အိမ်ရဲ့တောင်ဘက်အရပ်မှာ နတ်မင်းအသစ်အတွက် မီးအိမ်တစ်ခု ထားလေ့ရှိပါတယ်။ အချို့နိုင်ငံတွေမှာတော့ နှစ်သစ်ကူး ကာလဟာ ကောက်ရိတ်သိမ်းပွဲကာလနဲ့ ထပ်တူဖြစ်ပါတယ်။ အဲဒီကာလမှာ ရာသီသစ်မှာ တာဝန် အသစ်နဲ့ရောက်လာမယ့် နတ်မင်းတွေကို ပူဇော်ပသကြပါတယ်။
နှစ်သစ်ကူးပွဲတော်ရဲ့ အစဖြစ်ရာဟာ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ချစ်စရာယဉ်ကျေးမှုများနဲ့ နှစ်သစ်ကူးပွဲတော်ကျင်းပပုံတွေကတော့ ဗုဒ္ဓဘာသာက စတယ်လို့ ဆိုနိုင်ပါတယ်။ ပွဲတော်ကာလ တွေမှာ ဗုဒ္ဓတရားတော်နဲ့အညီ ကုသိုလ်တရားများ ဆည်းပူးဖို့ရန်အတွက် ဘာအလုပ်မှ မလုပ်ဘဲ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး သီတင်းသီလဆောက်တည်ခြင်း၊ ကျွေးမွေးလှူဒါန်းခြင်း များပြုလုပ်ကြပါတယ်။ စေ့စေ့စပ်စပ်ပြောကြမယ်ဆိုလျှင် ဗုဒ္ဓတရားတော်များမှာ မင်္ဂလာရှိသော အခါသမယအတွက် နေရာ၊ နေ့ သက်မှတ်ထားခြင်းမျိုးတော့ မရှိပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို မင်္ဂလာရှိအောင် လုပ်ဆောင်နိုင်ကြပါတယ်။ သီရိလင်္ကာဗုဒ္ဓဘာသာရဲ့ အဓိကပွဲတော်တွေထဲမှာ နှစ်သစ်ကူးပွဲတော် မပါဝင်ပါဘူး။ ၀ိဆက်ပွဲတော်၊ ပိုဆွန်ပွဲတော်နဲ့ ဧဆလပွဲတော်တို့ကသာ အဓိကဖြစ်ပါတယ်။
သီရိလင်္ကာရှိ ခရယာန်အချို့က နှစ်သစ်ကူးပွဲတော်ကို ခရစ်ယာန်အီစတာပွဲတော်နဲ့ ပူးပေါင်းလို ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါကို အကြီးအကျယ်ဒေါသဖြစ်နေတဲ့ သူတွေလဲ မနည်းပါဘူး။ ပူးပေါင်းချင်တဲ့ ရည်ရွယ်ချက်ကတော့ ခရစ်ယာန်တွေရဲ့ ထုံးစံအတိုင်း သူတို့ရဲ့ ခရစ်ယာန်ထုံးတမ်း စဉ်လာတွေကို ရောက်ရှိရာ အရပ်ဒေသလူမျိုးတွေ၊ ယဉ်ကျေးမှုတွေရဲ့အကြားမှာ ပူးဝင်ပြန့်နှံ့စေချင် ကြလို့ပါပဲ။ ဒီလိုနည်းနဲ့ ခရစ်ယာန်ယဉ်ကျေးမှုဟာ ရောက်ရှိရာအရပ်ဒေသတွေမှာ အနည်းနဲ့အများ ပူးဝင်ကပ်ပါနေရခြင်းဖြစ်ပါတယ်။ ပူးပေါင်းမှုကို ကန့်ကွက်ဆန့်ကျင်ကြတဲ့သူတွေကတော့ ဆန့်ကျင် ဘက်အမြင်ရှိပါတယ်။ သူတို့ကတော့ သီရိလင်္ကာနှစ်သစ်ကူးနဲ့ပူးပေါင်းခြင်းအားဖြင့် ခရစ်ယာန်ထုံး တမ်းစဉ်လာတွေ၊ စံတွေ၊ တန်ဖိုးတွေ လျော့ပါးသွားမှာကို စိုးရိမ်ကြပါတယ်။ သူတို့စိုးရိမ်မယ်ဆိုလဲ အပြစ်မဆိုသာဘူး။ သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်က 7%မျှသာ ရှိပါတယ်။ ခရစ်ယာန်တွေဟာ သူတို့ရဲ့ အီစတာပွဲတော်ကို သီရိလင်္ကာနှစ်သစ်ကူးပွဲတော်ရဲ့အောက်မှာ သိမ်သိမ်ငယ်ငယ် ကျင်းပ နေရတာကို မမျှတဘူးလို့ ပြောနေကြတယ်။ ဒါ့အပြင် ခရစ်ယာန်တွေက သူတို့ရဲ့ အီစတာပွဲတော်ကို အမျိုးသားပွဲတော် (national festival)အဖြစ် သတ်မှတ်မပေးလို့ မကျေနပ်ချင်ကြပါဘူး။ ဒီလူဦးရေနဲ့ ဒီလို နှစ်ကာလပေါင်းများစွာ ဗုဒ္ဓသာသနာထွန်းကားတဲ့ဒေသမှာ ဒီလို တောင်းဆိုကြတာဟာ သင့်တော်၏၊ မတော်၏ စဉ်းစားကြဖို့တော့ ကောင်းပါတယ်။ ကိုလိုနီစိတ်ဓာတ် မကုန်ကြသေးသူများ လို့ အားနာပါးနာ ပြောလိုက်ရမလိုဖြစ်နေပါတယ်။ ခရစ်ယာန်ဘာသာထွန်းကားတဲ့ နိုင်ငံကြီးတစ်ခုမှာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို နိုင်ငံတော်ပွဲတော်(National Festival)အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုရင် ဘယ်လိုနေမလဲ။ ဘာပြောကြမလဲ။
သီရိလင်္ကာမှာ နှစ်သစ်ကူးကာလရောက်ပြီဆိုရင် ခြောက်သွေ့တဲ့ရာသီဥတုပြီးဆုံးပြီး မိုးတွေအလျှံပယ် ရွာပါ တော့မယ်။ သစ်ပင်တွေမှာ ရွက်သစ်တွေ ဖူးဝေလို့ နေရာတိုင်း စိမ်းလန်းနေတယ်။ ငှက်တွေကလဲ တေးဆိုလို့ ပန်းတွေလဲ အလုအယက်ပွင့်လာကြတယ်။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေလဲ စားလို့မကုန်အောင် ပေါများလို့ပေါ့။ ဒီအချိန်ဆို လူငယ်တွေလဲ ချစ်သူနဲ့အတူ ဘ၀တစ်သက်စာ လက်တွဲဖို့ ဆုံးဖြတ်၊ လက်ထပ်လေ့ရှိကြတယ်။
သဘာဝအားဖြင့် နှစ်သစ်ကူးကာလဆိုတာ ညသန်းခေါင်မှာ ဖြစ်လေ့ရှိပေမယ့် မြန်မာနှစ်သစ်ကူးလိုပဲ သီရိလင်္ကာနှစ်သစ်ကူးကတော့ ဝေဒပညာရှင်တွေရဲ့ အကြံပေးတဲ့အချိန် ဖြစ်ပါတယ်။ နှစ်ကူးတဲ့ရက်ကို ပုံသေသတ်မှတ်ထားခြင်းမရှိပါဘူး။ ဝေဒပညာရှင်တွေက နှစ်ဟောင်းရဲ့အဆုံးနဲ့ နှစ်သစ်ရဲ့အစကို သတ်မှတ်ပေးလေ့ရှိပါတယ်။
မြန်မာ့သင်္ကြန်ပွဲတော်နဲ့ သီရိလင်္ကာနှစ်သစ်ကူးဟာ ပုံသဏ္ဌာန်အားဖြင့် တူတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ့သင်္ကြန်တွင်းမှာ ကလေး၊ လူကြီးမရွေး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဥပုသ်သတင်း ဆောက်တည်ကြပါတယ်။ အချို့ဆိုလျှင် နှစ်သစ်ကူးကာလအတွင်း ဒုလ္လဘရဟန်းဝတ်ခြင်း၊ အမျိုးသမီးများက သီလရှင်ဝတ်ခြင်းများ ပြုလုပ်ကြပါတယ်။ မိဘတွေကလဲ သူတို့ရဲ့ ရင်နင့်သည်းချာ သားသမီး အလိမ္မာများကို ကိုရင်၊ ရဟန်းဝတ်ခိုင်းခြင်း၊ သီလရှင်ဝတ်ခိုင်းခြင်းများပြုလုပ်စေကြသည်မှာ မည်သည့်နိုင်ငံတွင်မှ မတွေ့နိုင်တဲ့ အသည်းခိုက်စရာ ဓလေ့လေးဖြစ်ပါတယ်။ သင်္ကြန်တွင်းမှာ (အထူးသဖြင့် တောအရပ်ဒေသတွေမှာ)လူကြီးသူမများကို ရေချိုးပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အုန်းဆီများလိမ်းပေးခြင်း၊ မိမိတို့ တတ်နိုင်သမျှ ကြွေးမွေးထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ကြသည်မှာ ၀မ်းသာစရာမြင်ကွင်းများအဖြစ် တွေ့မြင်ရပါတယ်။ ဒါပေမယ့် လက်ရှိမြန်မာ့နှစ်သစ်ကူးပွဲတော်ကိုကြည့်ရင် အထက်ပါ ဓလေ့လေး တွေဟာ လွမ်းစရာအတိတ်တွေ ဖြစ်လို့နေခဲ့ပြီလို့ ၀မ်းနည်းစွာ ဆိုရတော့မှာပါ။
လက်ရှိ မြန်မာမှာ ဖြစ်နေတဲ့အနေအထားတွေအရတော့ အလွန့်အလွန်ကို ကွာခြားသွားပါပြီ။ သီရိလင်္ကာနှစ်သစ်ကူးမှာ အကုသိုလ်ဖြစ်စေနိုင်တဲ့ အပြုအမူမျိုးကို မတွေ့ရသလောက်ဖြစ်ပြီး မြန်မာ့သင်္ကြန်ကတော့ (အများစုကို ကြည့်ပြီး ခြုံငုံသုံးသပ်ရရင်) အကုသိုလ်တွေ မိုးမွှန်အောင်လုပ်တဲ့ ပွဲကြီးအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာနေတယ်။ အထူးသဖြင့် သင်္ကြန်ဆိုရင် အရက်သေစာ သောက်စားပွဲကြီး၊ လူငယ်လူကြီး မျာပွေပွဲကြီးလို့ ဆိုရတော့မယ့်ကိန်း ဆိုက်နေပြီဖြစ်လို့ ချစ်စရာ ယဉ်ကျေးမှုတွေ မပျက်သုဉ်းခင် တစ်ခုခု လုပ်သင့်နေတာတော့ အမှန်ပါပဲ။ ။

Ref:
1. New Year - a national festival for Sri Lanka; By W. T. A. Leslie Fernando
2. Sinhala Avurudu: Festival overlaid by legend and myth and shrouded by superstition; By Punyakante Wijenaike
3. Sinhala Avurudu: Recalling a New Year of yesteryear; By Sybil Wettasinghe
4. Avurudu Rituals: The Ayurveda system; By Dr. Upali Pilapitiya

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails