Thursday, December 31, 2009

ထွေရာလေးပါး အတွေးများ


(လင်္ကာတမန်နဲ့ ထွေရာလေးပါး)
စာရေးဖို့ စိတ်ကူးနေတာ ကြာပြီ။ ဟိုအကြောင်းရေးမယ်၊ ဒီအကြောင်းရေးမယ်နဲ့ ဘာမှ မရေးဖြစ်ခဲ့ဘူး။ အကြောင်းကတော့ အရင်တစ်ခါပြောသလိုပဲ အကြောင်းအရာတွေ ရှုထောင့်တွေကေ၀၀ါးနေတယ်။ ဦးတည်ချက်က ပျောက်ပျောက်နေတယ်။ တစ်ခါတစ်လေ အကောင်းမြင်ရှုထောင့်ကနေ ရေးဖို့ စိတ်ကူးဖြစ်လိုက်၊ တစ်ခါတစ်လေ အဆိုးမြင်ရှုထောင့်ကနေ ရေးဖို့ စိတ်ကူးဖြစ်လိုက်နဲ့ အတ္တပုံဆောင်ခဲက အမျိုးမျိုး ပြောင်းလဲနေခဲ့တယ်။

အခုတော့ ခေါင်းစဉ်ကို လွတ်လွတ်လပ်လပ်ပေးပြီး လွတ်လွတ်လပ်လပ်ပဲ ရေးပါတော့မယ်။ ထွေရာလေးပါးဆိုတော့ လေးပါးကိုထွေထားတာတော့ မဟုတ်ပါဘူး။ အပါးရေကတော့ အများကြီးပဲ။ မြန်မာစကားထဲမှာက ထွေရာငါးပါးမရှိတော့ လေးပါးလို့ပဲ ခေါင်းစဉ်တပ်လိုက်ရတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရေးချင်တဲ့အရာ ရောက်တတ်ရာ ရေးထည့်လိုက်ပါတယ်။

အခုဆိုရင် မြန်မာကနေ ပြန်ထွက်လာပြီး ၂-လကျော်သွားပြီးတာတောင် ဘာအကြောင်းအရာမှ မရေးဖြစ်ခဲ့ဘူး။ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များရဲ့ လင်္ကာတမန်မဂ္ဂဇင်းနဲ့ အလုပ်ရှုပ်နေခဲ့တာလည်း တစ်စိတ်တစ်ပိုင်းပေါ့။ အလုပ်ရှုပ်တယ်လို့ ပြောတာထက် စိတ်ရှုပ်တာက ပိုမှန်ပါလိမ့်မယ်။ လူတွေနဲ့ပြေလည်ရာ ပြေလည်ကြောင်းစကားပြောတဲ့ ပါရမီကလည်း ပါမလာခဲ့ဘူးလေ။ အရာရာကို ရှင်းရှင်းနဲ့ဘွင်းဘွင်းနဲ့ပြောမှ ကြိုက်တဲ့သူ ပြောတတ်သူဆိုတော့ တစ်ခါတစ်လေ ပျော့လိုက်၊ တစ်ခါတစ်ခါ မာလိုက်လုပ်မှ အဆင်ပြေတဲ့လောက။ ဒါဆိုရင် ဒါပဲဆိုတဲ့စိတ်နဲ့ဆိုတော့ တစ်ခါတစ်လေ အလုပ်လုပ်ရတာ မလွယ်ဘူး။ ဘုန်းကြီးတွေနဲ့ဆက်ဆံရတာက လူတွေနဲ့စာရင် မဆိုးဘူးလို့ ဆိုရမယ်။ စာအုပ်လုပ်ငန်းဆိုတော့လည်း လူတွေနဲ့ ဆက်ဆံရတော့တာပေါ့။ လူဆိုတာက စီးပွားရေးလုပ်ပြီဆိုရင် အမြတ်အစွန်းလေးတော့ ရချင်ကြတာပဲ။ အမြတ်အစွန်းရချင်တာကတော့ အကြောင်းမဟုတ်ပါဘူး။ ပြောထားတဲ့စကားနဲ့ လုပ်လိုက်တဲ့အလုပ် ထပ်တူမကျတာက ဆိုးတယ်။

အဲဒီလို စီးပွားရေးလုပ်တဲ့အထဲမှာ မြန်မာတွေက စကားကို သိပ်အလွယ်ပြောလွန်းတယ် ထင်ပါတယ်။ တစ်ခါတစ်လေ ငါးကျပ်လောက်တန်တဲ့ဟာကို “ဘုန်းကြီးတွေမို့ လျှော့ပေးလိုက်မယ်၊ ၆-ကျပ်နဲ့ ယူသွားပါဘုရား”ဆိုသလိုတွေလည်း ကြုံရသပေါ့။

ဘာပဲဖြစ်ဖြစ် လင်္ကာတမန်မဂ္ဂဇင်းဆိုတာကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မဂ္ဂဇင်းထွက်လာပြီဆိုတော့ အေးဆေးနေရပြီ အောက်မေ့နေတာ။ မပြီးသေးဘူး။ ဖြန့်ဝေရေးတာဝန်ပါ ယူထားနေရတယ်။ အချိန်အခါသင့်တုန်း လည်လို့အဆင်ပြေမယ့် နိုင်ငံလေးတွေကို လည်မယ်အောက်မေ့ပါတယ်။ ဒီမဂ္ဂဇင်းကိစ္စကြီးက တကောက်ကောက်နဲ့ နောက်ကနေ တန်းလန်းကြီးပါလာပြန်တယ်။ မဂ္ဂဇင်းတွေ ပြီးပြီဆိုပြီး ဒါတင် ဘယ်ကမလဲ။ ပို့ဆောင်ရေးတာဝန်ပါ ထပ်တိုးလာပြန်တယ်။ မလေးရှား၊ ရတနာရာမကျောင်းက လင်္ကာကျောင်းသားဟောင်းတွေနဲ့ နေရာခွဲပြီး ပို့ဆောင်ရေး လုပ်ရပြန်တယ်။ တစ်ပါးက သဘောင်္ဆိပ်သွားပြီး သီရိလင်္ကာကို ပို့ဖို့လုပ်။ တစ်ပါးက စင်္ကာပူပို့ဖို့ စင်္ကာပူနယ်စပ်က ဂျိုဟိုးကို ပို့၊ မလေးရှားက အဆင်ပြေမယ့် မြန်မာကျောင်းတိုက်တွေကို ပို့ပေါ့။ “ကဲ…အေးဆေးပေါ့။ ပို့စရာရှိတာလည်း ပို့ပြီးပြီပေါ့”။

ဘယ်ရမလဲ။ သီရိလင်္ကာ ပို့လိုက်တဲ့စာအုပ်တွေက ၁၀-ရက်လည်း ရောက်မသွား၊ ရက် ၂၀-လည်း ရောက်မသွား၊ ၁-လလည်းရောက်မသွား။ ခေါင်းခဲရပြန်ပြီ။ ဘယ်လိုလုပ်ရပါ့မလဲ။ လုပ်ကြပါအုံး။ ဟိုစုံစမ်း၊ ဒီစုန်ဆန်။ ခေါင်းနောက်၊ စိတ်ပူဖြစ်ရပြန်တယ်။

စင်္ကာပူပို့ဖို့ စာအုပ်တွေကလည်း ဂျိုဟိုးက ညောင်ကန်အေးကျောင်းမှာ မလှုပ်မယှက် အိပ်စက်နေရရှာပြန်တယ်။ စာအုပ်တွေခမျာ စာဖတ်သူလက်ထဲ ပြေးဝင်ချင်နေပြီ။ သီရိလင်္ကာက ဥက္ကဋ္ဌကိုလည်း လှမ်းမေးရတာ အမော။ သူကတော့ ပြောပါတယ်။ တပည့်တော်တို့ အားလုံးစီစဉ်ပြီးသွားပါပြီတဲ့။ ဒါပေမယ့် ရောက်မသွားသေးတာက ခက်တယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လက်တွေ့မဖြစ်သေးသရွှေ့ အစီအစဉ်ဆိုတာ အစီအစဉ်အဆင့်ပဲ ရှိတာလေ။ အလုပ်တစ်ခုဆိုတာ လုပ်လိုက်ပြီဆိုတာနဲ့ အခက်အခဲဆိုတာ တွေ့ကြုံရစမြဲ မဟုတ်လား။ မလုပ်ကြည့်သေးဘဲ ပြောလိုက်ရင်တော့ ရွှေပြည်တော်က လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ တကယ်လုပ်ကြည့်ပြီဆိုမှ ရွှေပြည်တော်က မျှော်လင့်တိုင်းဝေးနေတာကို သိလာရတတ်တယ် မဟုတ်လား။

မလေးရှားမှာ စာအုပ်တွေ ပို့ပြီးတာနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတာလို့ပဲ ပြောပြော။ ညည သူ့အကြောင်း စဉ်စားရင်း မောခဲ့ရတယ်။ “ငါတို့ မဂ္ဂဇင်းလေး ပို့တော့ ပို့ခဲ့ရပြီ။ အဲဒီက ကျောင်းထိုင်ဆရာတော်က တရိုတသေမှ ဆက်ဆံပါ့မလား။ သူခမျာ ဗီဒိုတွေထဲမှာပဲ မျက်နှာငယ်ငယ်နဲ့ နေနေရမလား။ ရွှေမြန်မာ စာဖတ်သူတွေလက်ထဲ အားပါးတရ ထည့်ပေးဖို့ ဆန္ဒရှိပါ့မလား”ပေါ့။ တစ်ခါတစ်လေ သဘောကျပြီး စာအုပ်တွေ အများကြီး ယူသွားသတဲ့ဆိုတဲ့ သတင်းလေးကြားရရင် ၀မ်းသာလို့ မဆုံးဘူး။ တစ်နေ့ ပီနန်ကို ပို့လိုက်တဲ့ အုပ်ရေ ၆၀-ထဲက ၃၀-ကို တစ်ဦးတည်းက ယူသွားတယ်၊ နောက်ထပ် ၃၀-လောက် ထပ်ပို့ပေးပါအုံးဆိုတဲ့အကြောင်း ကြားရတော့ ၀မ်းသာလို့ မဆုံးခဲ့ဘူး။ တာဝန်ခံဆရာတော်ဦးဝိစိတ္တရဲ့ ပြည့်ဝတဲ့ စေတနာတွေကြောင့်လို့ဆိုလဲ မမှားပါဘူး။ နောက်ပြီးတော့ “ကိုယ်တော်တို့ပြန်ရင် စာအုပ်ဖိုးတွေ အကုန်ပေးလိုက်မယ်။ တပည့်တော်ဆီက ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ကိစ္စမရှိဘူး”လို့ ခဏခဏ အမိန့်ရှိတဲ့ ဓမ္မ၀ိဟာရဆရာတော်ရဲ့ အားပေးစကားကြားရတော့လည်း အားတက်ခဲ့ပြန်တာပေါ့။

ဒီကြားထဲ ဝေဖန်စကားလေးတွေကလည်း ကြုံရသပေါ့။ ဝေဖန်သံလေးတွေကလည်း ရတနာရာမက လင်္ကာကျောင်းသားဟောင်းပြောတဲ့စကားနဲ့ သိပ်တော့လည်း ခေါင်းမစားခဲ့ရပါဘူး။ “ဘုရားဆိုတာက ထားလိုက်တော့။ ခု ကြည့်ကွာ။ ဒို့ ပီနန်းဆရာတော်ကြီး၊ အများကောင်းကျိုးအတွက် ဘယ်လောက် လုပ်ဆောင်နေသလဲ။ ဒါပေမယ့် မနှစ်က ရစရာမရှိအောင် ဝေဖန်ခံရသေးတယ်၊ စဉ်းစားသာကြည့်၊ ဒို့က ဘာတွေမို့လို့လဲ”။ မှန်လိုက်လေ။ ရင်ထဲမှာလား ဦးနှောက်ထဲမှာလား မသိ။ အလင်းတွေဖြာသွားခဲ့ရတယ်။ သူ့ကိုလည်း ကျေးဇူးတင်မိခဲ့တယ်။ မှန်လိုက်တာ။ “လုပ်လည်း လုပ်ချင်တယ်၊ အဲဒီအလုပ်ကို လုပ်လည်း လုပ်သင့်နေတယ်ဆိုရင် မောင်မင်းကြီးသားရေ လုပ်သာလုပ်ပစ်လိုက်”လို့ စိတ်ဓာတ်တွေ မိုးပေါ်တက်ခဲ့တယ်။ “အလုပ်တစ်ခုဟာ ကောင်းတဲ့အလုပ်လို့ သင်ကိုယ်တိုင် သိနားလည်သောအခါ ထိုအလုပ်ကိုလုပ်ဖို့ ဘယ်တော့မှ ခြွင်းချက်ထားမနေပါတော့နှင့်”ဆိုတဲ့ အတွေးအခေါ်ဆရာကြီးရဲ့ စကားကလည်း ခေါင်းထဲကို ရောက်လာပါတယ်။ အီမန်နူရယ်ကန့်လား၊ အဲလဘက်ကမြူးလား မမှတ်မိတော့ပါ။

အခု မဂ္ဂဇင်းက အမှားအယွင်း အသေးအမွှားလေး နှစ်ခု သုံးခုကလွဲရင် အလွန်ကောင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ အသံတော်တော်များ ကြားလိုက်ရတာက “မင်းတို့ဟာကြီးက ကောင်းလွန်းနေတယ်ကွ။ ဘာလုပ်မှာလဲ”တဲ့။ “ဟင်လား…ဟာလား”ဘယ်လို အာမေဋိတ်ပြုရမှန်းကို မသိတော့ဘူး။ ညံ့များ ညံ့နေခဲ့ရင်ကော။ ရစရာကို ရှိမှာ မဟုတ်တော့ဘူးလို့ ဆိုရမယ်။ “မဟုတ်ဘူး။ ကျုပ်က အလယ်အလတ် မညံ့မကောင်းလေးကို ဆိုလိုတာပါ”လို့ ဆိုချင်လည်း ဆိုပါလိမ့်မယ်။ အဲဒီလို လုပ်လိုက်ရင်လည်း “မင်းတို့ဟာကကွာ…လုပ်မယ့်လုပ် ရှယ်လုပ်ထည့်လိုက်ရမှာ၊ ဒီပုံစံမျိုးတော့ ဘာထူးမှာလဲ”လို့ ပြောနေပါလိမ့်အုံးမယ်။ အချို့ကလည်း ဆိုပါတယ်။ “မင်းတို့မဂ္ဂဇင်းထဲက တစ်ချို့ဓာတ်ပုံတွေက ပုဂ္ဂလိကဆန်နေတယ်”ဟူ၍။ မှန်သောစကားကို ဆိုပါတယ်။ စာမူရွေးကြတာပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံရွေးတာ အထားအသိုကိစ္စကိုပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို နည်းနည်းမှ မကြည့်၊ စာအုပ်အပြင်အဆင်ကောင်းရေးကိုပဲ ကြည့်ခဲ့ပါတယ်။ တစ်ချို့ပုဂ္ဂလိကပုံတွေတော့ ပါပါတယ်။ အဲဒါကလည်း ကြည့်ရှုသူလူအများ ကြည်ညိုသဒ္ဓါ ပွားစေမယ်လို့ ယုံကြည်လို့ ထည့်လိုက်တာပါ။ ထိုပုဂ္ဂိုလ်တို့အား ခင်မင်၍ မဟုတ်ပါ။ ထို့ကြောင့် ဘယ်ဖက်နားက ၀င်လာသော ဝေဖန်သံများအတွက် ဦးနှောက်ထဲမှာ ထည့်သိမ်းဖို့နဲ့ ညာဖက်နားက ပြန်ထုတ်ပစ်ဖို့ လမ်းနှစ်သွယ်သာ ထားရှိခဲ့ပါတယ်။

တစ်ချို့က အားပေးစကားပြောပေမယ့် လိုအပ်ချက်လေး အချို့အတွက်တော့ ခုထိ စိတ်မကောင်းဖြစ်ဆဲပါ။ အဲဒီထဲက မျက်နှာဖုံးစာသားနဲ့ လင်္ကာတမန်လိုဂိုကို စိတ်ရှည်လက်ရှည် စေတနာအပြည့်နဲ့ ဆွဲပေးခဲ့တဲ့ အရှင်တေဇနိယ မဂ္ဂဇင်းထဲမှာ ကျန်ရစ်နေခဲ့တာပါ။ (အရှင်တေဇနိယကတော့ ကိစ္စမရှိပါဘူး။ ရပါတယ်လို့ ဆိုမှာသေချာပါတယ်။ ဒါပေမယ့် လိုအပ်ချက်ကတော့ လိုအပ်ချက်ပါပဲ)။ ချန်ထားခဲ့တာ မဟုတ်ပါ။ အစက “မျက်နှာဖုံးလိုဂို = အရှင်တေဇနိယ”ဆိုပြီး ဒီဇိုင်နာကို ပေးလိုက်တာ ပါပါတယ်။ နောက်မှ စာမျက်နှာတွေ ပြန်ညှိတော့ ဘယ်လိုက ဘယ်လို ကျန်ရစ်ခဲ့တယ် မသိပါ။ ကျန်တဲ့လိုအပ်ချက်လေးတွေကတော့ စာလုံးပေါင်းမှားနေတာ၊ ဓာတ်ပုံအထားအသို မပီပြင်ဖြစ်နေတာတစ်ခု။ အဲဒီလိုလေးတွေပဲ တွေ့ပါတယ်။

ကဲ….ထွေရာလေးပါးဆိုတော့ ရပ်ချင်တဲ့နေရာရပ်လို့ ရလောက်ပါတယ်။ နောက် စိတ်ကူးပေါက်ရင် ဆက်ရေးပါအုံးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

1 comment:

ခြေလှမ်းသစ် said...

မျှဝေလိုက်တဲ့ အတွေ့အကြုံတွေကို မှတ်သားသွားပါတယ် ဘုန်းဘုန်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails