Sunday, November 22, 2009

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့သွားသော ယာဉ်(၂)မျိုး

မီးတစ်ဆယ့်တစ်ပါး ၀ဋ်ဆင်းရဲတရားတို့မှ ထွက်မြောက်လိုသောကြောင့် သမထ၊ ၀ိဿနာတရားအားထုတ်ကြရာ၌ နိဗ္ဗာန်သွားရောက်နိုင်သော ယာဉ်(၂)မျိုး ရှိပေသည်။ ထိုနှစ်မျိုးတို့တွင် တစ်ခုခုသောယာဉ်ဖြင့် သွားမှသာလျှင် ဧကန်မုချ မဂ်တံခါး၊ ဖိုလ်တံခါးသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုယာဉ်(၂)ဟူသည်မှာ

၁။ သမထယာနိက

၂။ သုဒ္ဓ၀ိပဿနာယာနိက…တို့ဖြစ်ပါသည်။ အဆူဆူသောဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကအရှင်မြတ်များ…..စသော သံသရာတစ်ဖက်ကမ်းသို့ အရောက်ကူးသွားကြသူတိုင်း ဤယာဉ်နှစ်မျိုးဖြင့်သာ ကူးသွားခဲ့ကြသည်။ ဤယာဉ်နှစ်မျိုးမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပြီ။ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်၍ သွားကြရလေသည်။ ဥပမာအားဖြင့် အမေရိကန်၊ ပြင်သစ်နိုင်ငံကြီးများသို့ ရေလမ်းက သင်္ဘောဖြင့်ဖြစ်စေ၊ လေလမ်းက လေယာဉ်ဖြင့်ဖြစ်စေ သွားနိုင်သကဲ့သို့ ဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် တစ်မျိုးကို ရွေးချယ်၍ သွားရောက်နိုင်ပေသည်။ မည်သည့်နည်းဖြင့်သွားသွား နိဗ္ဗာန်ရောက်သည်ဖြစ်စေ၊ မဂ်ရသည်ဖြစ်စေ အကျိုးကား အတူတူပင် ဖြစ်ပါသည်။

သမထယာနိကလမ်းသွားလိုပါက (၃၈)ပါးသော သမထတို့တွင် ဆရာရှာ၍ ဆရာပြသည့်အတိုင်း အားထုတ်ရမည်။ ဆရာညွှန်ပြသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်စသည့် အပ္ပနာဈာန်များကို ပါဒက၊ သမသိတ၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် ရုပ်နာမ်ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ဆိုက်ရောက်အောင် အားထုတ်ကြသည်။ အချို့မှာ အပ္ပနာဈာန်များကို ရအောင်အားမထုတ်တော့ဘဲ ဥပစာရဈာန်မှထ၍ ရုပ်နာမ်တို့ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ရအောင် အားထုတ်ကြသူများလည်း ရှိပါသည်။ သို့ဖြစ်၍ သမထယာနိကနည်းတွင်ပင် အမျိုးမျိုး အားထုတ်ကြသည်များ ရှိသည်။

သမထယာနိကဟူသည်မှာ သမထပဋိဘာဂနိမိတ်ကို အားထုတ်ပြီးနောက် ၀ိပဿနာကို စီးဖြန်းအားထုတ်ရသောနည်း ဖြစ်သည်။ ၀ိပဿနာယာနိကဟူသည်မှာ သမထပိုင်းကို လုံးဝအားထုတ်မှုမပြုဘဲ ၀ိပဿနာသက်သက်ကိုသာ အားထုတ်ရသောနည်းဖြစ်ပေသည်။ (၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ - ၂၊ နှာ - ၃၅၀။ ၃၅၁)

ပထမနည်း သမထယာနိကဖြင့် အားထုတ်လိုလျှင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းဟူသော သမထနှစ်မျိုးမှတစ်ပါး ကျန် (၃ဂ)ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးကို မူတည်အားထုတ်ပြီး ဥပစာရဈာန် သို့မဟုတ် အပ္ပနာဈာန်ရအောင် အားထုတ်ရသည်။ ဤကျမ်းတွင် အာနာပါန၏ ငြိမ်းစေဘိဟူသော ဥပစာရဘာဝနာမှ ၀ိပဿနာကူးပုံကို ပြသထားပါသည်။

ဤနေရာ၌ အချို့ဆရာတို့က `သမထဟာ နိဗ္ဗာန်ကို မရနိုင်၊ မဂ်မရနိုင်´ဟု ပြောလည်း ပြောရဲ၏။ ရေးလည်း ရေးရဲကြ၏။ သမထကို သာသနာပတရားဟူ၍တောင် စွပ်စွဲလိုက်ကြသေး၏။ ဤအချက်၌ သတိထားပါ။ ကျွန်ုပ်တို့ရွာက စံဖြိုးကြီးတွင် ပိုက်ဆံတစ်ပဲတည်းသာ ရှိလေသည်။ တစ်နေ့ ထိုပိုက်ဆံတစ်ပဲနှင့် မုန့်ဆိုင်သို့သွားပြီး မုန့်တစ်ခုကို ၀ယ်စားခဲ့သည်။ ထို့နောက် သူတစ်ပါးအား ပြောပြသည်မှာ `ဒီမုန့်ဆိုင်ကြီး တစ်ဆိုင်လုံးမှာ ငါဝယ်စားတဲ့ မုန့်တစ်ခုသာ အကောင်းဆုံး၊ ကျန်တဲ့မုန့်တွေဟာ ငါဝယ်စားတဲ့မုန့်လောက် အရသာမရှိဘူး၊ ဒါကြောင့် ငါဝယ်စားတာ´ဟု ကြွားလိုက်သေး၏။ အမှန်မှာ ပိုက်ဆံမရှိ၍သာ ထိုကဲ့သို့ ပြောခြင်းဖြစ်ပေသည်။

တစ်အိုးတည်း တစ်ဦးတည်းက အတူတူဖျော်ပြီး ကြော်ထားပါလျှက် သူစားသည့်မုန့်သာ အကောင်းဆုံးဟု ဆိုခြင်းမှာ ယုတ္တိမရှိလှချေ။ ထိုကဲ့သို့ပြောခြင်းကို အခြားမည်သည့်ပုဂ္ဂိုလ်ကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားရှင်တစ်ပါးတည်း ခံတွင်းတော်တစ်ခုတည်းမှ ဟောကြားထားအပ်သော ဓမ္မက္ခန္ဓာချင်းတူပါလျှက် `ဘယ်ဓမ္မက္ခန္ဓာက မဂ်မရဘူး၊ ဘယ်ဓမ္မက္ခန္ဓာကမှ မဂ်ရတယ်´ဟု ပြောဆို၍ ယုတ္တိရှိနိုင်ပါမည်လော။

မဟာသမုဒ္ဒရာသို့ ဆင်းလိုလျှင် ဆင်းရာဌာန ဆိပ်ကမ်းကို ရှာစရာမလိုဘဲ ရောက်ရာဌာနမှ ဆင်းလိုတိုင်း ဆင်းနိုင်ပေသည်။ ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂီပုဂ္ဂိုလ်အား တရားရွေးချယ်ရန်မလို၊ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ချည်းဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ကမ္မဋ္ဌာန်းဟူ၍ မရှိပါ။ (သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ - ၁၊ နှာ ၃၂၅။ မူလပဏ္ဏာသ အဋ္ဌကထာ - ၂၊ ၃၂၀)

မဟာသတိပဋ္ဌာနသုတ်တော်ကြီးတွင်လည်း `ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ = ရဟန်းတို့ (ယောဂီအပေါင်းတို့) သတ္တ၀ါတို့၏ ဉာဏ်အမြင်စင်ကြယ်ဖို့ရန်အတွက် လမ်းသည် တစ်ကြောင်းတည်းသာရှိ၏´ဟု ဟောကြားထားသည်။ အာနာပါနပဗ္ဗ-ကစပြီး သစ္စပဗ္ဗတိုင်အောင် သတိပဋ္ဌာန်အားဖြင့် လေးပါး၊ တရားကွက်အားဖြင့် (၂၁)ပါးတို့သည် ခရီးတူ၊ စခန်းတူ၊ လမ်းအတူ၊ အကျိုးတူ ဧကာယန မဂ္ဂဟု ဟောကြားထားသည်။ ထိုသို့ဖြစ်ပါလျှက် အာနာပါနက သမထအလုပ်၊ မဂ်မရနိုင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူး…စသည်ဖြင့် မပြောကြားသင့်ပေ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် `အာနာပါနကျင့်စဉ်ကို သတိလက်လွတ်၊ အဆင်အခြင်နည်းသူတို့အား ငါမဟော´ဟု မိန့်တော်မူထားသည်။ မဂ်ရကြောင်းမဟုတ်ဘူး၊ သာသနာပတရားကြီးဟု မဟောခဲ့ပေ။ ပါရမီထူးခြားသူတို့ကို ဟောသောတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

`အာနာပါနကမ္မဋ္ဌာန်းသည် ၀န်လေး၏၊ ခဲယဉ်း၏၊ ခဲခဲယဉ်းယဉ်း အားထုတ်မှသာလျှင် ဖြစ်နိုင်၏၊ လေးလေးစားစား ကြိုးပမ်းအားထုတ်မှသာ ဖြစ်နိုင်၏၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနှင့် အာဇာနည်ပါရမီရှင်များသာ နှလုံးသွင်းနိုင်သော ကမ္မဋ္ဌာန်းဖြစ်၏´ဟု အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကလည်း မိန့်တော်မူထားသည်။ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ - ၂၊ နှာ ၉၈။ ပါရာဇိကကဏ္ဍ အဋ္ဌကထာ - ၂၊ ၂၈။ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ - ၁၊ ၂၇၅)

ယခုကာလပေါ်ပေါက်နေသော ကိုစံဖြိုးကြီးတို့ကဲ့သို့ ပြောထားသည်များ ရှိပါသလော။ ထိုကဲ့သို့ ဟောကြားထားချက်များကို ပဋိသမ္ဘိဒါမဂ်စသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ များစွာရှိပါသေးသည်။ ကိုးကားပြ၍သော်မှ ကုန်နိုင်စရာ မရှိပါချေ။ ထို့ကြောင့် `အာနာပါနကမ္မဋ္ဌာန်းသည် မဂ်ကိုလည်း ရစေနိုင်တယ်၊ ဖိုလ်ကိုလည်း ရစေနိုင်တယ်၊ နိဗ္ဗာန်ချမ်းသာသို့လည်း သွားနိုင်သော ဆိပ်ကမ်းကြီးသဖွယ်ဖြစ်တယ်´ဟု ဧကန်မှတ်ယူနိုင်ကြပေသည်။ (အကျယ်သိလိုပါမူ ပါရဂူကျမ်းများတွင် ဖတ်ရှုနိုင်ကြပါသည်။)

1 comment:

Nge Naing said...

ဖတ်မှတ်သွားပါတယ်ဘုရာ။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails