Wednesday, November 25, 2009

သတိပဋ္ဌာန် အာနာပါနအခန်း

ယခုပြလတံ့သောအခန်းမှာ အာနာပါနသတိပဋ္ဌာန်တရားနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင် ဟောကြားချက်များ၊ သိသင့်သိထိုက်သည်များကို ဖော်ပြမည့်အခန်း ဖြစ်ပါသည်။ အမှန်တကယ် ကျင့်ရမည့် ကျင့်စဉ်နည်းစနစ်များကို နောက်လာမည့် အခန်းတွင် ရုပ်ပုံများနှင့်တကွ စတင် ဖော်ပြပါတော့မည်။ အာနာပါနကျင့်စဉ်မူရင်းဟောကြားချက်နှင့် ထားရှိရမည့်သဘောထားကို သိသာစေရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

“အို..ယောဂီအပေါင်းတို့ ငါဘုရားရှင်၏ သာသနာတော်အတွင်း၌ ရှိကြကုန်သော အသင်ယောဂီအပေါင်းတို့သည် တောအရပ်သို့ကပ်၍လည်းကောင်း၊ သစ်တစ်ပင်ရင်း ၀ါးတစ်ရုံအောက်ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်တစ်ခုခုသို့ကပ်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ (အလိုက်သင့်အောင်ထား၍) ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေရမည်” (ဤကား ကမ္မဋ္ဌာန်းထိုင်ပုံ အစီအစဉ်ဖြစ်ပါသည်)

“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကမ္မာသဓမ္မနိဂုမ်းတွင် အထက်ပါ သတိပဋ္ဌာန်တရားလေးပါးကို ဟောကြားတော်မူခဲ့သည်။ သတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါးတို့တွင် တစ်ပါးပါးကို ခုနှစ်ရက်အားထုတ်ရုံမျှဖြင့် အရိယာဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူထားသည်။ ထိုစကားတော်ကို ယုံကြည်ပါသလော။ ယုံကြည်လျှင် “အာနာပါနဟာ သမထဖြစ်တယ်၊ သတိပဋ္ဌာန်မဟုတ်ဘူး၊ မဂ်ဖိုလ်ရကြောင်း မဟုတ်ဘူး၊ အာနာပါနနှင့် နိဗ္ဗာန်ရတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ပညာရှင်အခေါ်ခံသူများကိုယ်တိုင် ပြောကြားသံကို ကြားရပါသည်။ တချို့လူများက “အာနာပါနက သာသနာပမှာ လုပ်တာ၊ ကျုပ်တို့က သတိပဋ္ဌာန်အလုပ်ကိုမှ ဘုရားအကြိုက်၊ မဂ်ဆိုက်၊ ဖိုလ်ဆိုက် လုပ်ချင်တာ”ဟု ပြောနေကြသံများကိုလည်း ကြားရသည်။

ထိုသူတို့၏ အမှန်တကယ် မသိမှုတွေကြောင့်လော မပြောတတ်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်၊ ဆတော်ဟောမှ တရားမှန်တယ်”ဟူသော စကားအတိုင်း “ပေါ်ဦးလည်း လူတိုင်းထဲကပါပဲဘုရား”ဆိုသကဲ့သို့ ဖြစ်နေသည် ထင်ပါသည်။ အာနာပါနသည် ကာယာနုပဿနာရှုနည်း (၁၄)မျိုးအနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ပါသည်မှ နံပါတ် (၁)အဖြစ် ပါဝင်သည်။ မြတ်စွာဘုရှားရှင်ကိုယ်တော်တိုင် အားထုတ်ခဲ့သော တရားဖြစ်သောကြောင့် ရှေ့ဆုံးကထား၍ ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာနာပါနကျင့်စဉ်ကို သတိပဋ္ဌာန်မဟုတ်သယောင် ပြောနေကြခြင်းသည် ဘုရားစကားတော်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ အာနာပါနသတိပဋ္ဌာန်ကို ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါးလုံးကို ပြည့်စေနိုင်ပါသည်။

ဝိသုဒ္ဓိမဂ်တွင်လည်း “အာနာပါနကမ္မဋ္ဌာန်းကို ပွားများ၍ အာနာပါနကမ္မဋ္ဌာန်းမှ ရအပ်ပြီးသော ဈာန်လေးပါးလျှင် အရင်းခံရှိသော သမထယာနိက၀ိပဿနာဖြင့် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လိုသော အမျိုးကောင်းသားတို့သည် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏”ဟု မိန့်ဆိုထားပါသည်။

နောက်ပြလတံ့သော အခန်းများတွင် အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံအစီအရင်ကို ပြဆိုပါတော့မည်။ အထက်ပါ မြတ်စွာဘုရားနှင့်အဋ္ဌကထာဆရာကြီးများ ဟောကြားထားသည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်း၏ အရေးကြီးပုံကို သဘောပေါက်ပြီး ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ရပါသည်။

အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းတွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, November 22, 2009

ပီနန်ဆရာတော်ကြီးက သီဟိုဠ်သံဃာတွေကို အားကိုးပါတယ်လို့ ကြားဖူးတယ်

Custom Message မှာ “သီဟိုဠ်မှာ ငတ်ကြီးကျတွေက ပိုများတာပဲ……”ဟူ၍ ရေးလိုက်ပါတယ်။ စိတ်ထဲမှာ မကောင်းလွန်း၍ ရေးလိုက်ရခြင်းဖြစ်တယ်။ ကိုယ်လေးစားရသူတွေက အဲသလိုကြီးတော့ မရေးသင့်ဟု ဆုံးမကြတယ်။ ထို့ကြောင့် ဤနေရာမှာ ရေးရခြင်းဖြစ်တယ်။

ကိုယ့်မှာလဲ ကိုယ့်အကြောင်းနှင့်ကိုယ်။
ဒီကိုရောက်လာတဲ့ ဒီအုပ်စုဟာ

အမျိုးကို ဖျက်ဆီးသူများ ဖြစ်တယ်။
သာသနာကို ဖျက်ဆီးသူများ ဖြစ်တယ်။
ဘာသာကို ဖျက်ဆီးသူများ ဖြစ်တယ်။
အာဏာတည်မြဲရေးအတွက် ဘုရားကိုလဲ သေနတ်နဲ့ ပစ်ရဲသူများဖြစ်တယ်။
အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်။

ကိုယ်ကျိုးအတွက် နိုင်ငံကို ဖျက်ဆီးသူများလဲ ဖြစ်တယ်။
အခုအချိန်အထိ အပြစ်မဲ့ပြည်သူတွေ ထောင်ထဲမှာ အကျဉ်းကျနေဆဲလဲ ဖြစ်တယ်။

တိုင်းပြည်မှာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဆိုသူလေးတွေကို ကြည့်ပါ။
ငဲ့ညှာစောင်းကြည့်ပါ။

သူတို့လေးတွေဘ၀ ဘယ်လို ရုန်းကန်နေရသလဲ။
ပညာတွေ တတ်မြောက်ကြသလား။
လူလိုသူလို နေခွင့်ရသလား။
စဉ်းစား။

ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်တယ်။
သူတို့ဟာ လောလောလတ်လတ် သံဃာတွေကို သတ်ဖြတ်ထားသူများ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာပဲ ငါတို့ဟာ ပြည်သူများလဲ ဖြစ်ကြတယ်။
တစ်ပြိုင်တည်းမှာ ငါတို့ဟာ အဖိနှိပ်ခံ လူတန်းစားများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ ပြည်သူတွေဟာ အောက်ကျနောက်ကျ ဖြစ်နေကြရတယ်။
တစ်ပြိုင်တည်းမှာ သူတို့ဟာ ဂုတ်သွေးစုတ်နေကြဆဲလဲ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ အာဏာရှင်တွေ စုတ်ယူဝါးမြိုလာတဲ့
ပြည်သူ့သွေးများကို သီဟိုဠ်သံဃာများက
အားရပါးရ စားသောက်လိုက်ကြတယ်။


တစ်ပြိုင်တည်းမှာ……………………………

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့သွားသော ယာဉ်(၂)မျိုး

မီးတစ်ဆယ့်တစ်ပါး ၀ဋ်ဆင်းရဲတရားတို့မှ ထွက်မြောက်လိုသောကြောင့် သမထ၊ ၀ိဿနာတရားအားထုတ်ကြရာ၌ နိဗ္ဗာန်သွားရောက်နိုင်သော ယာဉ်(၂)မျိုး ရှိပေသည်။ ထိုနှစ်မျိုးတို့တွင် တစ်ခုခုသောယာဉ်ဖြင့် သွားမှသာလျှင် ဧကန်မုချ မဂ်တံခါး၊ ဖိုလ်တံခါးသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုယာဉ်(၂)ဟူသည်မှာ

၁။ သမထယာနိက

၂။ သုဒ္ဓ၀ိပဿနာယာနိက…တို့ဖြစ်ပါသည်။ အဆူဆူသောဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကအရှင်မြတ်များ…..စသော သံသရာတစ်ဖက်ကမ်းသို့ အရောက်ကူးသွားကြသူတိုင်း ဤယာဉ်နှစ်မျိုးဖြင့်သာ ကူးသွားခဲ့ကြသည်။ ဤယာဉ်နှစ်မျိုးမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပြီ။ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်၍ သွားကြရလေသည်။ ဥပမာအားဖြင့် အမေရိကန်၊ ပြင်သစ်နိုင်ငံကြီးများသို့ ရေလမ်းက သင်္ဘောဖြင့်ဖြစ်စေ၊ လေလမ်းက လေယာဉ်ဖြင့်ဖြစ်စေ သွားနိုင်သကဲ့သို့ ဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် တစ်မျိုးကို ရွေးချယ်၍ သွားရောက်နိုင်ပေသည်။ မည်သည့်နည်းဖြင့်သွားသွား နိဗ္ဗာန်ရောက်သည်ဖြစ်စေ၊ မဂ်ရသည်ဖြစ်စေ အကျိုးကား အတူတူပင် ဖြစ်ပါသည်။

သမထယာနိကလမ်းသွားလိုပါက (၃၈)ပါးသော သမထတို့တွင် ဆရာရှာ၍ ဆရာပြသည့်အတိုင်း အားထုတ်ရမည်။ ဆရာညွှန်ပြသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်စသည့် အပ္ပနာဈာန်များကို ပါဒက၊ သမသိတ၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် ရုပ်နာမ်ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ဆိုက်ရောက်အောင် အားထုတ်ကြသည်။ အချို့မှာ အပ္ပနာဈာန်များကို ရအောင်အားမထုတ်တော့ဘဲ ဥပစာရဈာန်မှထ၍ ရုပ်နာမ်တို့ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ရအောင် အားထုတ်ကြသူများလည်း ရှိပါသည်။ သို့ဖြစ်၍ သမထယာနိကနည်းတွင်ပင် အမျိုးမျိုး အားထုတ်ကြသည်များ ရှိသည်။

သမထယာနိကဟူသည်မှာ သမထပဋိဘာဂနိမိတ်ကို အားထုတ်ပြီးနောက် ၀ိပဿနာကို စီးဖြန်းအားထုတ်ရသောနည်း ဖြစ်သည်။ ၀ိပဿနာယာနိကဟူသည်မှာ သမထပိုင်းကို လုံးဝအားထုတ်မှုမပြုဘဲ ၀ိပဿနာသက်သက်ကိုသာ အားထုတ်ရသောနည်းဖြစ်ပေသည်။ (၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ - ၂၊ နှာ - ၃၅၀။ ၃၅၁)

ပထမနည်း သမထယာနိကဖြင့် အားထုတ်လိုလျှင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းဟူသော သမထနှစ်မျိုးမှတစ်ပါး ကျန် (၃ဂ)ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးကို မူတည်အားထုတ်ပြီး ဥပစာရဈာန် သို့မဟုတ် အပ္ပနာဈာန်ရအောင် အားထုတ်ရသည်။ ဤကျမ်းတွင် အာနာပါန၏ ငြိမ်းစေဘိဟူသော ဥပစာရဘာဝနာမှ ၀ိပဿနာကူးပုံကို ပြသထားပါသည်။

ဤနေရာ၌ အချို့ဆရာတို့က `သမထဟာ နိဗ္ဗာန်ကို မရနိုင်၊ မဂ်မရနိုင်´ဟု ပြောလည်း ပြောရဲ၏။ ရေးလည်း ရေးရဲကြ၏။ သမထကို သာသနာပတရားဟူ၍တောင် စွပ်စွဲလိုက်ကြသေး၏။ ဤအချက်၌ သတိထားပါ။ ကျွန်ုပ်တို့ရွာက စံဖြိုးကြီးတွင် ပိုက်ဆံတစ်ပဲတည်းသာ ရှိလေသည်။ တစ်နေ့ ထိုပိုက်ဆံတစ်ပဲနှင့် မုန့်ဆိုင်သို့သွားပြီး မုန့်တစ်ခုကို ၀ယ်စားခဲ့သည်။ ထို့နောက် သူတစ်ပါးအား ပြောပြသည်မှာ `ဒီမုန့်ဆိုင်ကြီး တစ်ဆိုင်လုံးမှာ ငါဝယ်စားတဲ့ မုန့်တစ်ခုသာ အကောင်းဆုံး၊ ကျန်တဲ့မုန့်တွေဟာ ငါဝယ်စားတဲ့မုန့်လောက် အရသာမရှိဘူး၊ ဒါကြောင့် ငါဝယ်စားတာ´ဟု ကြွားလိုက်သေး၏။ အမှန်မှာ ပိုက်ဆံမရှိ၍သာ ထိုကဲ့သို့ ပြောခြင်းဖြစ်ပေသည်။

တစ်အိုးတည်း တစ်ဦးတည်းက အတူတူဖျော်ပြီး ကြော်ထားပါလျှက် သူစားသည့်မုန့်သာ အကောင်းဆုံးဟု ဆိုခြင်းမှာ ယုတ္တိမရှိလှချေ။ ထိုကဲ့သို့ပြောခြင်းကို အခြားမည်သည့်ပုဂ္ဂိုလ်ကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားရှင်တစ်ပါးတည်း ခံတွင်းတော်တစ်ခုတည်းမှ ဟောကြားထားအပ်သော ဓမ္မက္ခန္ဓာချင်းတူပါလျှက် `ဘယ်ဓမ္မက္ခန္ဓာက မဂ်မရဘူး၊ ဘယ်ဓမ္မက္ခန္ဓာကမှ မဂ်ရတယ်´ဟု ပြောဆို၍ ယုတ္တိရှိနိုင်ပါမည်လော။

မဟာသမုဒ္ဒရာသို့ ဆင်းလိုလျှင် ဆင်းရာဌာန ဆိပ်ကမ်းကို ရှာစရာမလိုဘဲ ရောက်ရာဌာနမှ ဆင်းလိုတိုင်း ဆင်းနိုင်ပေသည်။ ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂီပုဂ္ဂိုလ်အား တရားရွေးချယ်ရန်မလို၊ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ချည်းဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ကမ္မဋ္ဌာန်းဟူ၍ မရှိပါ။ (သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ - ၁၊ နှာ ၃၂၅။ မူလပဏ္ဏာသ အဋ္ဌကထာ - ၂၊ ၃၂၀)

မဟာသတိပဋ္ဌာနသုတ်တော်ကြီးတွင်လည်း `ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ = ရဟန်းတို့ (ယောဂီအပေါင်းတို့) သတ္တ၀ါတို့၏ ဉာဏ်အမြင်စင်ကြယ်ဖို့ရန်အတွက် လမ်းသည် တစ်ကြောင်းတည်းသာရှိ၏´ဟု ဟောကြားထားသည်။ အာနာပါနပဗ္ဗ-ကစပြီး သစ္စပဗ္ဗတိုင်အောင် သတိပဋ္ဌာန်အားဖြင့် လေးပါး၊ တရားကွက်အားဖြင့် (၂၁)ပါးတို့သည် ခရီးတူ၊ စခန်းတူ၊ လမ်းအတူ၊ အကျိုးတူ ဧကာယန မဂ္ဂဟု ဟောကြားထားသည်။ ထိုသို့ဖြစ်ပါလျှက် အာနာပါနက သမထအလုပ်၊ မဂ်မရနိုင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူး…စသည်ဖြင့် မပြောကြားသင့်ပေ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် `အာနာပါနကျင့်စဉ်ကို သတိလက်လွတ်၊ အဆင်အခြင်နည်းသူတို့အား ငါမဟော´ဟု မိန့်တော်မူထားသည်။ မဂ်ရကြောင်းမဟုတ်ဘူး၊ သာသနာပတရားကြီးဟု မဟောခဲ့ပေ။ ပါရမီထူးခြားသူတို့ကို ဟောသောတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

`အာနာပါနကမ္မဋ္ဌာန်းသည် ၀န်လေး၏၊ ခဲယဉ်း၏၊ ခဲခဲယဉ်းယဉ်း အားထုတ်မှသာလျှင် ဖြစ်နိုင်၏၊ လေးလေးစားစား ကြိုးပမ်းအားထုတ်မှသာ ဖြစ်နိုင်၏၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနှင့် အာဇာနည်ပါရမီရှင်များသာ နှလုံးသွင်းနိုင်သော ကမ္မဋ္ဌာန်းဖြစ်၏´ဟု အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကလည်း မိန့်တော်မူထားသည်။ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ - ၂၊ နှာ ၉၈။ ပါရာဇိကကဏ္ဍ အဋ္ဌကထာ - ၂၊ ၂၈။ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ - ၁၊ ၂၇၅)

ယခုကာလပေါ်ပေါက်နေသော ကိုစံဖြိုးကြီးတို့ကဲ့သို့ ပြောထားသည်များ ရှိပါသလော။ ထိုကဲ့သို့ ဟောကြားထားချက်များကို ပဋိသမ္ဘိဒါမဂ်စသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ များစွာရှိပါသေးသည်။ ကိုးကားပြ၍သော်မှ ကုန်နိုင်စရာ မရှိပါချေ။ ထို့ကြောင့် `အာနာပါနကမ္မဋ္ဌာန်းသည် မဂ်ကိုလည်း ရစေနိုင်တယ်၊ ဖိုလ်ကိုလည်း ရစေနိုင်တယ်၊ နိဗ္ဗာန်ချမ်းသာသို့လည်း သွားနိုင်သော ဆိပ်ကမ်းကြီးသဖွယ်ဖြစ်တယ်´ဟု ဧကန်မှတ်ယူနိုင်ကြပေသည်။ (အကျယ်သိလိုပါမူ ပါရဂူကျမ်းများတွင် ဖတ်ရှုနိုင်ကြပါသည်။)

Wednesday, November 18, 2009

ကျမ်းပြုရခြင်းအကြောင်းရင်း

ဤသမထယာနိက ၀ိပဿနာဖြတ်လမ်း အာနာပါနသရုပ်ပြဋီကာ လက်စွဲကျမ်းကို ခမ်းခမ်းနားနား ရုပ်ပုံအမြောက်အမြားနှင့် ရေးသားရခြင်းအကြောင်းမှာ ကျေးဇူးရှင်၊ ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရား ရေးသားတော်မူအပ်သော ယောဂိပါရဂူကျမ်း၊ သစ္စပါရဂူကျမ်း၊ ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်း၊ ရွှေဘိုမြို့၊ ပုသိမ်တောကျောင်းဆရာတော် အရှင်ဗုဒ္ဓ၀ံသထေရ်ရေးသားသော ယောဂိပါရဂူကျင့်စဉ်ကျမ်းတို့တွင် ဖော်ပြထားချက်များကို ယောဂီအပေါင်းတို့ ခဲရာခဲဆစ် အဖုအထစ်မရှိဘဲ ကောင်းစွာလိုက်နာကျင့်ကြံနိုင်ကြစေရန် ရေးသားရခြင်း ဖြစ်ပါသည်။

ခဲရာခဲဆစ် အဖုအထစ်ဟူသည်မှာ သံသရာဝဋ်မှာ ကျွတ်လွတ်လိုကြသဖြင့် အာနာပါနစသော သမထ၊ ၀ိပဿနာတရားများကို ကျင့်ကြံကြရာတွင် အားထုတ်သူယောဂီတို့က တရားကိုယ်တရားကွက် လိုအပ်သည်ထက် ပိုသောကြောင့်လည်းကောင်း၊ လိုနေသောကြောင့်လည်းကောင်း ခရီးမပေါက်ဖြစ်တတ်ကြရပေသည်။ ထိုသို့မဖြစ်ဘဲ အာရုံသဘောမှန်ကန်မှသာ မဂ်ဖိုလ်နိဗ္ဓာန်ကို မျက်မှောက်ပြုရပေမည်။

ဘုရားရှင်လက်ထက်တော်က ကြီးခါမှ ရဟန်းပြုရသော တောထွက်အရှင်တစ်ပါးကို မြတ်စွာဘုရားက ဥဒယဗ္ဗယ-ဖြစ်ပျက်တရားကို ပေးသနားတော်မူလတ်သော် ထိုရဟန်းသည် ဂင်္ဂါမြစ်ကမ်းမှ အေးချမ်းသောကျောက်ဖြာထက်တွင် ရေပြင်ကိုကြည့်ရင်း ငါးလာရှာသော ဗျိုင်းအပေါ်တွင် စိတ်ရောက်လျှက် ဥဒယဗ္ဗယ(ဖြစ်-ပျက်)မှ ဥဒကဗက (ရေ-ဗျိုင်း)ဟု အာရုံရောက်သွားတော့သည်။ ထိုသို့ အာရုံလွဲသွားသောကြောင့် တရားမရဖြစ်ခဲ့လေသည်။ မမှားမယွင်း ဖြောင့်စင်းတော်မူကြပါစေ။
အမှန်တကယ်လိုချင်လှသဖြင့် ဤနည်းများအတိုင်း အားထုတ်ကြပါသော်လည်း တရားမတွေ့ဖြစ်ခဲ့ပါလျှင် ဆရာ၏အထံသို့ အမြန်ဆုံး လာရောက်၍ စုံစမ်းမေးမြန်းတော်မူကြပါ။ ၉-ရက်နှင့်အပြီး အားထုတ်နည်းကို ပေးအပ်ပါမည်။ ဤနေရာ၌ အထူးမှာလိုသည်မှာ စာကိုဖတ်၍ အားထုတ်ရခြင်းထက် ဆရာနှင့်အားထုတ်ခြင်းက ပိုကောင်းပါသည်။

ထိုအကြောင်းနှင့်စပ်၍ ဘုရားရှင်လက်ထက်တော်က ဇာတ်ကြောင်းတစ်ခုကို တင်ပြလိုပါသည်။ ဘုရားရှင်လက်ထက်တော်အခါက သံဃာ့ဂိုဏ်းကြီးများကို ပရိယတ်စာပေများကို ပို့ချနေသော မဟာသီဝမထေရ်ကြီးသည် မိမိပို့ချလိုက်သော တရားများဖြင့် ရဟန္တာဖြစ်သွားကြသူများရှိသော်လည်း မိမိကိုယ်တိုင်မူကား တရားမရဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် `မိမိသည် စာတတ်ပေတတ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် အားထုတ်လိုက်လျှင် ခဏချင်း တရားထူးရလိမ့်မည်´ဟု အထင်ကြီးနေသောကြောင့် ဖြစ်ပေသည်။ တပည့်ရဟန္တာများချည်း သုံးသောင်းကျော်ရှိသည်ဟု ဆိုပါသည်။

နောင်သောအခါ မိမိကိုယ်တိုင် အားထုတ်ကြည့်သောအခါ တစ်နေ့ရလိမ့်နိုးနိုး၊ တစ်ညရလိမ့်နိုးနိုး အားထုတ်ပါသော်လည်း တစ်နှစ်မရ၊ နှစ်နှစ်မရ၊ နှစ်ပေါင်း ၃၀-တိုင်တိုင် အားထုတ်ပြီး သုံးခါငိုပြီးနောက်မှ တရားရခဲ့သကဲ့သို့ ဖြစ်တတ်ပါသည်။ သတိပြုသင့်ပါသည်။

Monday, November 16, 2009

အာနာပါနသရုပ်ပြဋီကာ



ကန္နီနည်းဖြင့် သမထအားထုတ်ပုံအကြောင်းကို စိတ်ဝင်စားသူ အတော်များနေကြောင်း သိရသည်။ ထိုသူတို့အတွက် ယခု တင်ပြလတံ့သော အာနာပါနသရုပ်ပြဋီကာ စာအုပ်သည် အပြည့်အ၀တာဝန်ယူ ဖြည့်ဆည်းပေးလိမ့်မည်။ မိမိဘက်က အားထုတ်ဖို့ရန်သာ ရှိပါသည်။ အာနာပါနသရုပ်ပြဋီကာစာအုပ်သည် ရှေးအသုံးအနှုန်းရေးဟန်တို့ဖြင့် ရေးသားထားသည်ဖြစ်ရာ ယနေ့ခေတ် လူတို့အတွက် ဖတ်ရှုရန် အခက်အခဲ ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ ဤစာအုပ်ကို တင်ပြရာတွင် မူရင်းသတ်ပုံအတိုင်း မဟုတ်ဘဲ ပြောင်းလဲပြင်ဆင်၍ ရေးသားတင်ပြပေးသွားမည်။

အမှားအယွင်းများရှိပါက မူလစာအုပ်ရေးသားသူ၏ အပြစ်မဟုတ်ဘဲ ပြင်ဆင်ရေးသားသူ မိမိ၏ အမှားသာဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။ ဤစာအုပ်ပါ ကျင့်နည်းများကို သေချာဂရုစိုက်လေ့လာအားထုတ်လျှင် သမထအဆင့်တွင် အတော်ပေါက်ရောက်နိုင်ပါလိမ့်မည်။ ဤစာအုပ်ကို တစ်ပါတ်လျှင် တစ်ခန်း သို့မဟုတ် နှစ်ခန်း တင်ပြသွားနိုင်အောင် ကြိုးစားပါမည်။ တစ်ကြိမ်တည်းဆက်တိုက်တင်လိုက်လျှင် အမြဲလိုက်ဖတ်ဖို့ အားထုတ်ဖို့ မလွယ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။


နိဒါန်း
(အထူးဖော်ပြချက်များ)
ကျွန်ုပ်တို့၏ ကျေးဇူးရှင် ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားကြီး၏ အာနာပါနသမထယာနိက၀ိပဿနာ ရှုနည်းများသည် မကြုံစဖူး အလွန်ထူးဆန်းအံ့သြဖွယ်ရာ ကောင်းလှပေသည်။ မိမိကိုယ်တိုင် အားထုတ်ဖူးမှသာ သိရှိနိုင်ကြပေလိမ့်မည်။ ဤအချက်များကို ရေးထုတ်မပြသင့်သော်လည်း ဓမ္မမိတ်ဆွေကြီးများ အမှန်တကယ် အကျိုးများစေလိုသော စိတ်ထားနှင့် မလွှဲသာ မရှောင်သာ မျက်စိမှတ်ကာ ရေးသားတင်ပြရပေတော့မည်။ သင်သည် ကမ္မဋ္ဌာန်းတရားအားထုတ်သူ သူတော်ကောင်းကြီး ဖြစ်နေနိုင်၏။ သို့သော် အပါယ်လေးပါး ကျရောက်နိုင်သော အထုတ်ကြီးများကို သိမ်းပိုက်ထားမိလျှက်သာ ဖြစ်နေတတ်ပြန်သည်။ ပါရမီမရင့်သန်သေး၍ တစ်မဂ်တစ်ဖိုလ်မရသေးလျှင် အပါယ်လေးပါး အမွေမပြတ်နိုင်သေးချေ။ သေခါနီးကာလတွင် မဂ်၊ ဖိုလ်ကို အာရုံမပြုနိုင်ပါက ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးတို့တွင် တစ်ပါးပါးကို အာရုံပြုမိလျှက်သားဖြစ်၍ နေပါလိမ့်မည်။ ထိုအာရုံကောင်းလျှင် တော်လှပေသည်။ ထိုအာရုံမှားလျှင် ဒုဂ္ဂတိဘ၀သို့ ရောက်ရပေလိမ့်မည်။ (ဧဠကပတ္တနဂါးမင်းကို ရှု)။

ဤသမထယာနိကလမ်းစဉ်ဖြင့် ဥပစာရသမာဓိ၏ ၀ိက္ခမ္ဘနသတ္တိထူးကြောင့် မမြင်မထင်ဖူးသေးသော ပွင့်တော်မူပြီးသော ၂၈-ဆူသောဘုရားများ၊ မိမိအာရုံစိုက်မိရာ စူဠာမဏိ၊ ဒုဿစေတီစသော တန်ခိုးကြီးဘုရားများ၊ အရှင်သာရိပုတြရာစသော သာဝကအဆူဆူတို့ကို ၀ိက္ခမ္ဘနအနေဖြင့် အာရုံစွဲမြဲယူ၍ ထားနိုင်လေသောကြောင့် သေခါနီးဓမ္မမိတ်ဆွေများ၏ အားကိုးစရာအချက်ကြီး အမှန်ဖြစ်လိမ့်မည်ကို သံသယမရှိသင့်။ ညွှန်ပြသောနည်းစနစ်အတိုင်း ကျင့်ကြံအားထုတ်လျှင် အာရုံဖြောင့်ကြမည်မှာ သေချာပါသည်။

တရားအားထုတ်မှု ရင့်ကျက်ကြသူတိုင်း သမထနည်းဖြင့် အာရုံပြုလိုက်လျှင် ဘုရားဆွမ်းစားကြွခြင်း၊ လူနတ်များကို တရားဟောနေခြင်း စသည်တို့ကို ထင်နိုင်သည်ဟု ဆိုကြသည်။ ထိုမျှမက ဘုရားရှင်၏ အသံတော်ကိုပါ ကြားရသည်ဟု ဆိုသည်။ ဦးဘိုကလေးဆိုသူသည် ငရဲသို့ အာရုံလွှတ်ခိုက် ပင်ပန်းဆင်းရဲလှသော ငရဲသားကို သူ၏အဖြစ်ကို မေးသောအခါ ပြန်ဖြေသည်ဟုပင် အစစ်ခံဖူးပါသည်။ ဤစကားများကို အထူးတိုက်တွန်းလိုသောကြောင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဤကျမ်းတွင် တရားသာဓကအနေဖြင့် ရုပ်ပုံပေါင်း (၅၀)ကျော်တို့နှင့် အချိုးတကျပြသထားပါသည်။ ကျေးဇူးရှင်ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားကြီး၏ အာနာပါနသမထယာနိက ၀ိပဿနာဖြတ်လမ်းကမ္မဋ္ဌာန်းထိုင်နည်းသည် မည်မျှခရီးရောက်နိုင်သည်တို့ကို အကဲဖြတ် ခန့်မှန်းနိုင်ကြပေလိမ့်မည်။ စိတ်ပါလက်ပါ ကမ္မဋ္ဌာန်းဝါသနာထုံသွားကြစေဖို့ ရည်ရွယ်ပါသည်။

စာသဘော စာတွေ့ ပရိယတ်နည်းချည်းသာ အားကိုးပြီး ရေးသားထားရခြင်း မဟုတ်ပါ။ ပရိယတ်၊ ပဋိပတ် နှစ်ဌာနပေါင်းကာ မိမိကိုယ်တွေ့အားထုတ်ခဲ့သည်များ၊ မိမိ၏ ခုနှစ်နှစ်တိုင်တိုင် တရားပြသခဲ့ရာမှ ရရှိခဲ့သော ယောဂီအမျိုးမျိုးတို့၏ အတွေ့အကြုံ၊ ထင်မြင်သမျှတို့ကို စုပေါင်းပြီး ရုပ်ပုံပေါင်း (၅၀)ကျော်မျှဖြင့် တင်ပြထားသည်။

ဤကျမ်းပါ နည်းများသည် အထက်မြန်မာပြည်အရပ်ရပ် ရွှေဘို၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေး၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိတ္ထိလာ၊ မြင်းခြံနယ်များတွင် လွန်စွာသဘောကျအားထုတ်သူများ များပြားလှပေသည်။ ပျော်ဘွယ်၊ တောင်သာ၊ နွားထိုးကြီးမြို့များတွင်လည်း အားထုတ်သူ အလွန်များသည်။

ကျွန်ုပ်တို့ကား ကျေးဇူးရှင်ကို ကျေးဇူးဆပ်သောအနေဖြင့် ရန်ကုန်မြို့ကြီးနှင့်တကွ အောက်မြန်မာပြည်အတွက် နည်းလမ်းပွင့်သွားပြီး တရားကိုယ်စီ အနည်းဆုံးအားဖြင့် တစ်မဂ်၊ တစ်ဖိုလ်တည်လွယ်ကြစေခြင်းအကျိုးငှါ ဤစာအုပ်ကိုထုတ်ဝေ၍ ကန္နီပဋိပတ္တိသာသနာကို အစပြုလိုက်ခြင်းသာ ဖြစ်ပါတော့သည်။ ဤစာအုပ်ငယ်ကို ၀ယ်ယူဖတ်ရှုတော်မူကြကုန်သော အမျိုးကောင်းသား၊ ယောက်ျားသူတော်စွာ ပညာရှင်ဓမ္မမိတ်ဆွေကြီးတို့သည် ဤနည်းလမ်းအတိုင်း အားထုတ်လိုကြပါက အလွယ်ဆုံးနည်းအားဖြင့် ကမ္မဋ္ဌာန်းအားထုတ်ရာနေရာလည်း ရှိ၊ အားထုတ်သူ ၅-ယောက်ထက်မနည်းရှိမည်ဆိုလျှင် မည်သည့်အခါမဆို ပြသပေးပါမည်။ သာသနာပြုရန် ၀န်မလေးပါ။ အကြောင်းကြားစေလိုပါသည်။ ငွေပေးရန် မလိုလားပါ။

အောင်ကြီး

ကန္နီပဋိပတ္တိသာသနာပြု

ကန္နီဖောင်ဒေးရှင်း ၀က်ဘဆိုက်မှ ကူးယူဖော်ပြပါသည်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails