Thursday, September 24, 2009

ရန်ကုန်သွားတောလား (၄)

စကားများများ မပြောချင်လို့ မြို့ထဲလမ်းဘေးအဟောင်းဆိုင်များသို့ သွားရင်းငေးရင်းဖြင့်သာ အချိန်တွေ ကုန်နေတော့သည်။ တွေ့သင့်တဲ့သူတွေကိုလဲ တွေ့ဖို့ ပျက်ကွက်နေခဲ့လေသည်။ သူငယ်ချင်းများ ပါးလိုက်သော လက်ဆောင်များလဲ အကုန်ပေးပြီးဖြစ်၍ စိတ်ငြိမ်းအေးမှုတစ်ခုကို ခံစားလာရသည်။ နေ့စဉ်နေ့တိုင်းတွေ့နေခဲ့ရသော နိစ္စဓူဝ ရုန်းကန်နေပုံများကို ကြည့်ရင်း ရင်တွေ မောပြီးရင်း မောနေခဲ့သည်။ တွေ့နေရတဲ့ဘ၀တွေက နိုင်ငံခြားသွားပြီး ဒေါက်တာဘွဲ့ဆိုတာကို မလုပ်သင့်ဘူးလို့ တားမြစ်နေကြသလို ခံစားနေရသည်။

နာဂစ်ရဲ့ခေါ်ဆောင်ရာနောက်သို့ တိမ်တွေလို လွင့်ပါသွားရသူများကိုလဲ တွေ့ရသည်။ “တပည့်တော်ကတော့ နာဂစ်ကြောင့် နယ်ကို မိသားစုလိုက် ပြေးခဲ့ရတာဘုရား၊ အဲဒီတုန်းက ဒုက္ခတွေ ရောက်လိုက်တာဘုရား၊ စားစရာမရှိ၊ နေစရာ မရှိ”။ ဒကာကြီးက စကားကို ရပ်ပြီး ငေးနေခဲ့လေသည်။ သူ့မျက်နှာမှာ မျက်ရည်တွေ ဝေ့၀ဲလို့။ “တပည့်တော်ရဲ့ ငါးနှစ်အရွယ်သမီးလေးက သေသွားသလား၊ အသက်ရှင်နေသေးလား တပည့်တော် အခုထိ မသိရဘူးဘုရား”။ “အကူအညီတွေ မပေးကြဘူးလား”ဆိုတော့ “အလကားပါဘုရား၊ ဂိုထောင်ထဲထည့်ခိုင်းလို့ ပြန်လှည့်သွားကြတဲ့ အလှူရှင်တွေက မနည်းဘူး”။ အဖြစ်အပျက်တွေက ခန့်မှန်းပြီးသားဖြစ်နေခဲ့သော်လည်း လက်တွေ့ကြုံခဲ့သူတစ်ဦးက ပြောဆိုခြင်းဖြစ်၍ ရင်ခုန်သံတွေက သစ်နေခဲ့လေသည်။
“တပည့်တော်တို့အိမ်ဆိုရင် သစ်ပင်က ပိသွားတော့ အိမ်ရော၊ ပရိဘောဂတွေကော အားလုံး ရစရာကို မရှိတော့ဘူး။ လယ်ထဲက စပါးတွေအားလုံး ပျက်စီးသွားတော့ အခြေအနေက တော်တော်ဆိုးခဲ့တယ်ဘုရား၊ အသက်မသေတာပဲ ကံကောင်းတယ်”။ ဧရာဝတီမြို့တစ်မြို့က ကရင်ဒကာကြီးက ရင်ဖွင့်ပြတယ်။


ရန်ကုန်မြို့ထဲ လျှောက်သွားရင်း လမ်းဘေးမှာ တောင်းစားနေရသော ကလေးငယ်များကိုတွေ့တိုင်း နာဂစ်ရဲ့သားကောင်လေးတွေလားလို့ စိတ်ထဲမှာ တွေးထင်နေခဲ့သည်။ ပိုက်ဆံတွေ ချမ်းသာလို့ မဟုတ်သော်လဲ တတ်နိုင်သရွေ့ပေးကမ်းနေဖြစ်ခဲ့သည်။ “ငါသာ ပိုက်ဆံရှိရင် ဒီကလေးလေးတွေကို ကျောင်းထားပေးချင်တယ်”။ သီရိလင်္ကာက အခမဲ့ပညာရေးစနစ်ကိုလဲ လွမ်းနေမိပါသည်။
ကရင်ပြည်နယ်က ကျောက်တစ်လုံးဆရာတော်ရဲ့ သတင်းကြားရတာတော့ ၀မ်းသာစရာ အလွန်ကောင်းပါသည်။ ကျောင်းသားပေါင်း ၅၀၀၀-ကျော်ကို အခမဲ့ပညာသင်ကြားပေးနေသည်။ အ၀တ်အစားအနေအထိုင်မှစပြီး အစစအရာရာ အဆင့်မီမီ သင်ကြားပေသည်ဟု သိရသည်။ ကျောင်းထဲမှာ ကျောင်းသား၊ ကျောင်းသူလေးများကို အင်တာနက် စိတ်ကြိုက်သုံးခွင့်ပေးထားသည်ဟု ဆိုသည်။ “တိုင်းပြည်အနှံ့ ငါတို့ဘုန်းကြီးတွေက အဲဒီလို လုပ်ပေးနေရင် ဘယ်လောက်ကောင်းမလဲ”။ အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေက နာမည်ကြီးဖို့၊ ဘဏ်မှာ ပိုက်ဆံများများ အပ်နိုင်ဖို့လောက်ကိုသာ အာရုံကျနေခဲ့ကြလေသည်။

“ထမင်းငတ်နေသူအတွက် ထမင်းကျွေးသောသူဟာ ကျေးဇူးရှင်ဖြစ်သည်၊ ထမင်းကျွေးသော ဘာသာဟာ သူတို့အတွက် မှီခိုရာဖြစ်သည့်အတွက် ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ပျက်စီးတိမ်းပါးနေကြသည်”ကို လစ်လျူမရှုသင့်တော့။ အမေရိကန်သမ္မတအိုဘားက Change ဟု အော်နေသလို မြန်မာက ဘုန်းကြီးများ (နိုင်ငံဆိုတာကိုတော့ မပြောတော့ဘူး) အတွက်လဲ အဲဒီစကားလုံးက အရမ်းကို လိုအပ်နေပါပြီ။ ရန်ကုန်က မိုးနည်းလာလို့ သွားရလာရ အိုက်စပ်နေခဲ့သည်။

တစ်နေ့က သူငယ်ချင်းစာရေးဆရာတစ်ဦးဆီ ရောက်ခဲ့သည်။ “ကိုယ့်လူ ကျောင်းလေးဘာလေး မထိုင်သေးဘူးလား” မေးတော့ “အေး…ကျောင်းထိုင်မယ်ဆိုရင်တော့ ထိုင်သင့်နေပြီ။ အခုလောက် အလုပ်တွင်ကျယ်အောင် မလုပ်နိုင်ဖြစ်နေမှာစိုးလို့ မထိုင်ချင်သေးဘူး၊ အရင်ကတော့ ရန်ကုန်မှာ ကျောင်းလေးဘာလေး ရအောင်ဖန်တီးပြီး နေမလို့ပဲ။ အခုတော့ အဲဒီစိတ်ကူးတွေ တစ်ခုမှ မရှိတော့ဘူး၊ အရင်က ရအောင်ဆိုပြီး စိတ်ကူးခဲ့တာ၊ အခု စိတ်ကူးတွေက တစ်မျိုး ဖြစ်ကုန်ပြီ၊ ငါ ဘယ်လို ပေးဆပ်ရမလဲ၊ အဲဒီလိုပဲ စိတ်ကူးရှိတော့တယ်၊ ဘုန်းကြီးတစ်ပါးအနေနဲ့ နေရာဆိုတာကြီးကို ကြောင့်ကြစိုက်နေကတည်းက ပုံစံမကျတော့ဘူး၊ အဲဒီလိုပဲ မြင်လာခဲ့ပြီ”။ သူငယ်ချင်းက သောက်လက်စ ပရီမီယာကော်ဖီခွက်ကို ကြိုက်ချလိုက်သည်။ ပြီးမှ `လူရှေ့သူရှေ့မှာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ၀ိနည်းလေးစားသလိုလို၊ တရားကျင့်သလိုလို၊ တစ်လောကလုံးကောင်းစားရေးအတွက် စိတ်ကူးရှိသလိုလိုနဲ့ ဘဏ်အကောင့်မှာ ငွေတွေ ဖြည့်နေတဲ့ ဘုန်းကြီးတွေ၊ ကျောင်းကြီးတွေ ဟိန်းနေအောင်ဆောက်ပြီး မရှိဆင်းရဲသားတွေကို ကူညီဖော်မရဘဲ စည်းစိမ်ယဇ်နေတဲ့ ဘုန်းကြီးတွေ…အဲဒီဘုန်းကြီးတွေကို ငါသိပ်မုန်းလာပြီကွာ´။ ပြောရင်းနဲ့ သူငယ်ချင်းက လမ်းဘေးက သစ်ငုတ်တိုကြီးကို လှမ်းမျှော်ငေးနေခဲ့လေသည်။

နေရာတိုင်းမှာ စုတ်ပြတ်သတ်နေအောင် တစ်ဝမ်းတစ်ခါးလှဖို့ ရုန်းကန်နေသူ လူငယ်လေးတွေ၊ လူကြီးတွေ အများကြီး တွေ့နေရတယ်။ စာသင်ရမယ့်အရွယ်တွေ၊ တောရွာတွေမှာလဲ တချို့ကလေးတွေဟာ ဉာဏ်ကောင်းပါလျက်နဲ့ လေးတန်းလောက်အဆင့်မှာ ကျောင်းထွက်၊ အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ အချို့က ရန်ကုန်တက် လက်ဖက်ရည်မှာ စားပွဲထိုးလုပ်။ သူတို့ဘ၀တွေရဲ့ ရှေ့ရေး ဘယ်လို ဆက်တွေးရမလဲ။ ဒီလို လူငယ်တွေဟာ နိုင်ငံနဲ့အ၀ှမ်း။ ကြေတော့ ကြေငြာပါတယ်။ “မြန်မာနိုင်ငံဟာ စာတတ်မြောက်မှုနှုန်း ၉၀ ဆိုလား၊ ၉၅ ဆိုလား”။ ဘယ်လိုပေတံနဲ့ တိုင်းပါလိမ့်။ မတွေးတောဘဲ သိနေခဲ့လေသည်။ အဘယ့်ကြောင့် ဆိုသော မေးခွန်းအတွက် စာကြည့်တိုက်များ တစ်ရွာတစ်ခုရှိသည်ဆိုသော အဖြေသာ ဖြစ်ပါသည်။ အမှန်တကယ် လက်တွေ့မှာတော့ ၁၀-ရွာတွင် ၅-ရွာမှာ စာကြည့်တိုက်ရှိသည်ဟု ဆိုလျှင် လွန်ကောင်းလွန်သွားနိုင်ပါသည်။ ထို ၅-ရွာမှာ စာကြည့်တိုက် ၅-တိုက်တွင် တာဝန်သိ စာရေးဆရာဦးဇင်းများ ဆောက်လုပ်သော စာကြည့်တိုက်မှာ ၃-တိုက်လောက် ပါဝင်နေပါလိမ့်မည်။
ထိုမျှ များပြားနေသော စာကြည့်တိုက်ကြီးများဖြင့် စာတတ်မြောက်မှုနှုန်းထားကို တွက်ချက်ပြနေသော်လည်း “မြန်မာနိုင်ငံမှာ စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေဘယ်လောက် ရိုက်လေ့ရှိပါသလဲ”။ “အုပ်ရေ ငါးရာ၊ တစ်ထောင် ရိုက်နှိပ်ပါတယ်”။ “အဲဒီအုပ်ရေ ၅၀၀-ကို ဘယ်နှစ်ရက်ရောင်းရပါသလဲခင်မျာ”။ ဒီတစ်ခါတွင် အဖြေရကျပ်သွားသည်။ အမေးရှိသော်လည်း အဖြေကား ရှိမနေခဲ့ပါ။

ခက်မောမောဖြင့် ဆက်လက်ဖော်ပြပါအုံးမည်…..

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails