Thursday, July 16, 2009

ဒါန၏ အရေးပါမှု

(၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းမှာ မြန်မာရဟန်းတော်များအား နေ့ဆွမ်းဒါနပြုလုပ်သော ဒါယကာများအား ဟောကြားခဲ့သော အနုမောဒနာတရားကို ကောက်နှုတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ သုမနာမင်းသမီးမေးမြန်းလျှောက်ထားခဲ့တဲ့ ဒါနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက အတော်မှတ်သားစရာ ဖြစ်ပါတယ်။)



ဒါနဆိုတာ ပေးလှူခြင်းပေါ့။ `ပေးလှူတယ်´လို့ စကားအရ လွယ်လွယ်လေး ပြောနိုင်ပေမယ့် တကယ်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ နည်းတဲ့သတ္တိမဟုတ်ပါဘူး။ ဒါနပြုသူတွေ အများကြီးတွေ့နေလို့ ဒါနပြုတယ်ဆိုတာ သိပ်ခက်တဲ့အရာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။ အမှန်က ကိုယ်တိုင်စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒီနေ့ ဒကာတို့ အလှူဒါနဟာလဲ သိပ်ကို မွန်မြတ်တယ်၊ အနှောင်အဖွဲ့သိပ်ကို ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အလှူခံဖြစ်တဲ့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များနဲ့ ဒကာတို့ဟာ အဝေးတစ်နေရာစီမှာ နေနေကြရတာဖြစ်လို့ ဒီဒကာတို့ အလှူဟာ စေတနာကို အရင်းခံတဲ့ မွန်မြတ်တဲ့အလှူဆိုတာ ငြင်းစရာ မရှိပါဘူး။

ပေးကမ်းလှူဒါန်းခြင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အနှစ်အချုပ်သုံးခုမှာ ပထမဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ ပေးကမ်းခြင်းဟာ လောကုတ္တရာအထက်တန်းကို လှမ်းဖို့အတွက် ပထမဆုံး ခြေလှမ်းပါ။ ပထမဆုံးခြေလှမ်းက သိပ်အရေးကြီးပါတယ်။ ပေးကမ်းလှူဒါန်းခြင်းအလုပ်ဟာ ဘယ်လောက်ထိ အကျိုးကြီးတယ်ဆိုတာကို ဒကာကြီးတို့ နေ့စဉ်ပတ်ဝန်းကျင်မှာလဲ တွေ့နိုင်ပါတယ်။ ပေးတတ်ကမ်းတတ်တဲ့သူဟာ လူချစ်လူခင်ပေါများပါတယ်။ စီးပွားရေးလောကမှာ ပေးကမ်းသင့်သူ၊ ချီးမြှောက်သင့်သူများကို ပေးကမ်းချီမြှောက်တဲ့သူဟာ အောင်မြင်တတ်တယ်ဆိုတာ ဒကာကြီးတို့ အသိဆုံး ဖြစ်ပါတယ်။ လောကီအကျိုးမှာ ဒီလောက်အကျိုးများရင် လောကုတ္တရာပိုင်းအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။


ဒါနနဲ့ပတ်သက်တဲ့ မြတ်စွာဘုရားလက်ထက်က ဇာတ်ကြောင်းလေးတစ်ခုကို အင်္ဂုတ္တရနိကာယ်မှာ လာရှိတဲ့ သုမနသုတ်ကို အခြေခံပြီး အနည်းငယ် ပြောပြပါမယ်။ အခါတစ်ပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ(သီတင်းသုံး) နေတော်မူတုန်းက သုမနာမင်းသမီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို အခုလို လျှောက်ထားပါတယ်။

''အရှင်ဘုရား ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် သဒ္ဓါတရားလဲ တူကြတယ်၊ သီလတရားလဲ တူကြတယ်၊ ပညာလဲ တူကြတယ်။ ဒါပေမယ့် တစ်ဦးက ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့ သေသွားလျှင် ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ကုန်ရာ၏။ အရှင်ဘုရား…ထိုပုဂ္ဂိုလ်နှစ်ဦးတို့ရဲ့ နတ်စည်းစိမ်က အတူတူ ဖြစ်နိုင်ပါသလော ဒါမှမဟုတ် ကွဲပြားနိုင်ပါသလော''ဟု လျှောက်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက `ချစ်သမီး သုမနာ…မတူနိုင်ဘူး။ ကွဲပြားတာပေါ့´လို့ မိန့်တော်မူပါတယ်။ ဘယ်လိုမတူသလဲဆိုတော့ `နတ်တို့ရဲ့ အသက်။ နတ်တို့ရဲ့ အဆင်း၊ နတ်တို့ရဲ့ ချမ်းသာ၊ နတ်တို့ရဲ့ အခြံအရံ၊ နတ်တို့ရဲ့ အာဏာ´တွေမှာ မတူနိုင်ဘူး´လို့ မိန့်ပါတယ်။ ဒါနပြုသူက မပြုသူထက် အဲဒီအကျိုးတရားတွေ သာလွန်နိုင်ပါတယ်။

ဒါနဲ့ သုမနာက မကျေနပ်သေးဘဲ ဆက်လက်မေးလျှောက်ပါတယ်။ `အရှင်ဘုရား…အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး နတ်အဖြစ်က သေလွန်ပြီး လူ့ပြည်ပြန်ရောက်လာတယ်ဆိုပါတော့..။ အဲဒီအထိ သူတို့မှာ ကွဲပြားမှုရှိနိုင်သေးပါသလား´
အဲဒီတော့ မြတ်စွာဘုရားက `ရှိသေးတာပေါ့။ စောစောကလိုပဲ အသက်တိုရှည်၊ အဆင်းလှမလှ၊ ချမ်းသာဆင်းရဲ၊ အခြံအရံများမများ၊ အာဏာရှိမရှိ ကွဲပြားပါလိမ့်မယ်´လို့ မိန့်တော်မူပါတယ်။

သုမနာမင်းသမီးက ဒီလောက်နဲ့ မရပ်သေးပါဘူး။ သူသိချင်တာကို ဆက်မေးပြန်ပါတယ်။ `ဟုတ်ပါပြီဘုရား၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်က လူဘ၀မှာ မပျော်လို့ ရဟန်းဝတ်သွားကြတယ်ဆိုပါစို့၊ အဲဒီတော့ကော သူတို့မှာ ကွဲပြားနိုင်ပါသေးသလားဘုရား´
ဒီတော့ မြတ်စွာဘုရားက `ဒါနပြုမပြု ကွဲပြားခဲ့လို့ ရဟန်းဖြစ်တာတောင်မှ သူတို့အနေအထားက ဘယ်လိုမှ မတူနိုင်ပါဘူး သုမနာ၊ ဘယ်လို မတူနိုင်သလဲဆိုတော့ ပေးလှူတတ်တဲ့ရဟန်းဟာ သင်္ကန်းဆိုရင်လဲ မတောင်းဘဲ၊ အလှူခံစရာ မလိုဘဲ ရတတ်တယ်၊ ဆွမ်းကိုလဲ တကူးတက အလှူခံစရာ မလိုဘူး၊ ကျောင်းတိုက်တွေလဲ မတောင်းဘဲ ရတတ်တယ်၊ ဆေးပစ္စည်းဆိုရင်လဲ သူများဆီ လက်မဖြန့်ရဘဲ ရလာတတ်တယ်။ ဒါတင်မကသေးဘူး သုမနာ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းဝတ္ထုကို အခြားပုဂ္ဂိုလ်တွေကို ပေးလှူတတ်လို့ သူ့ကို အခြားရဟန်းတွေက ၀ိုင်းချစ်ကြတယ်။ သူ့လိုပုဂ္ဂိုလ်ကို မချစ်တဲ့သူဆိုတာ နည်းတယ်။ သူ့ကို စကားပြောရင်လဲ အားလုံးက ချစ်စဖွယ်အမူအရာနဲ့ပဲ ပြောကြတယ်။ မုန်းတဲ့အမူအရာနဲ့ ပြောသူဆိုတာ ရှားပါတယ်။ ဒီလို အကျိုးထူးတွေ ရှိပါတယ် သုမနာ´လို့ မိန့်တော်မူလိုက်ပါတယ်။

သုမနာဆိုတဲ့ အမျိုးသမီးကလဲ ဒီအဖြေလောက်နဲ့ မကျေနပ်သေးဘူး။ အမေးအမြန်းထူပါတယ်။ သူ အမေးအမြန်းထူတာက ဦးဇင်းတို့အတွက်တော့ ပိုကောင်းတယ်လို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သုမနာမင်းသမီးလေးသာ ဘုရားရှင်ကို မမေးမြန်းခဲ့ဘူးဆိုရင် ဦးဇင်းတို့ ဒကာကြီးတို့ ဘယ်လိုလုပ် သိနိုင်တော့မလဲ။ ဟုတ်ဘူးလား။ ကဲ…စောစောက ဇာတ်လမ်း ပြန်ဆက်ရအောင်…
`ကောင်းပါတယ်ဘုရား။ တပည့်တော် ထက်သိချင်ပါသေးတယ်။ အဲဒီရဟန်းနှစ်ပါးစလုံး ရဟန္တာဖြစ်သွားကြပြီ ဆိုပါစို့။ သူတို့နှစ်ပါး အခြေအနေချင်း ကွဲပြားသေးလားဘုရား´

`သုမနာမင်းသမီး….တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုဟာ အခြားတစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုနဲ့ ကွဲပြားတယ်လို့ ငါမဟောပါ´လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီနေရာမှာ အခြားအခြားသော အခြေအနေတွေမှာ ကွဲပြားခဲ့ပေမယ့် ရဟန္တာဖြစ်မှု သို့မဟုတ် ဘ၀လွတ်မြောက်မှုပိုင်းမှာတော့ အားလုံးဟာ အတူတူပါပဲ။ ဒါကို မှတ်သားသင့်ပါတယ်။ သူကတော့ ကိလေသာနည်းနည်းလေး ပယ်ပြီး ရဟန္တာဖြစ်တာ၊ သူကတော့ ကိလေသာတွေ အများကြီးပယ်ပြီး ရဟန္တာဖြစ်တာလို့ မဆိုနိုင်ပါဘူး။ ရဟန္တာဖြစ်ပြီဆိုကတည်းက ဘ၀လွတ်မြောက်မှုကတော့ အတူတူပါပဲ။ အထက်ပါအတိုင်း အပြန်အလှန် မေးမြန်းဖြေဆိုကြပြီးတော့ သုမနာမင်းသမီးဟာ အောက်ပါအတိုင်း မြတ်စွာဘုရားရှင်ကို လျှောက်ပါတယ်။

`အရှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အရှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကိုပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ပါပေကုန်၏´
အဲဒီအခါမှာ မြတ်စွာဘုရားကလဲ အောက်ပါအတိုင်း ဟောတော်မူပါတယ်။

''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသောကြယ် (တာရာ) အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြောဝန်တိုခြင်းရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန်တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့်ပြည့်စုံသော မိုးသည်ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေသကဲ့သို့။ ဤအတူသာလျှင် (သောတာပတ္တိ) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုး တို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် (ပေးလှူအပ်သော) စည်းစိမ်ဥစ္စာတို့က တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ (အကျော်အစော) ဖြင့်လည်းကောင်း၊ ရုပ်အဆင်း ဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။

အဲဒီတော့ ဒါနရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ဒကာကြီးတို့ အထိုက်အလျောက် သိသွားပြီပေါ့။ ဒါနအလှူပေးခြင်းက လောကီလူ့ဘ၀သာမက လောကုတ္တရာရဟန်းဘ၀မှာတောင် အကျိုးပေးပုံချင်း ကွဲပြားပါတယ်။ ဒီတော့ ယနေ့ဆွမ်းလှူဒါန်းကြတဲ့ ဒကာကြီးတို့အနေနဲ့ အထက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ မလွဲပါဘူး။ လောကီအနေနဲ့ ဒီအကျိုးကျေးဇူးတွေက လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဦးဇင်းတိုက်တွန်းချင်တာက နောက်ဆုံးဟောကြားချက်အတိုင်း ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ဆိုတဲ့ လောကရဲ့ ကွဲပြားမှုတွေနဲ့ ဝေးရာ ကိလေသာကုန်ခမ်းရာ နိဗ္ဗာန်ရောက်ကြောင်းတွေကို ကျင့်ဖို့ လိုပါသေးတယ်။ အဲဒီလို အခြေအနေတွေကို ရောက်ရှိခဲ့ရင် အားလုံးဟာ တန်းတူညီတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဦးဇင်းတို့၊ ဒကာကြီးတို့အနေနဲ့ ဆင်းရဲချမ်းသာ၊ ရုပ်ချောမချော၊ အသက်တိုရှည်၊ အာဏာပါဝါနည်းမှုများမှုစတဲ့ လူ့လောကရဲ့ အနိမ့်အမြင့်တွေကနေ လွတ်မြောက်ချင်ရင် ရဟန္တာဖြစ်အောင် အားထုတ်ကြဖို့ပဲ ရှိပါတယ်။

ဒီနေ့ လှူဒါန်းရတဲ့ ဆွမ်းအလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသော အကျိုးတရားများ ရရှိပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။ အဆိုပါ လောကီအကျိုးတရားများအပြင် ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ အနုမောဒနာကို နိဂုံးချုပ်လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails