Sunday, July 5, 2009

ဝါဆိုလပြည့်နေ့မှာ……




ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရားရှင်နှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များအဖြစ် သက်မှတ်ထားသော နေ့များအနက် ၀ါဆိုလပြည့်နေ့လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၀ါဆိုပြီဆိုသည်နှင့် ရဟန်းသံဃာများလည်း ၀ါဆိုဖို့ရန် သင့်တော်ရာ ကျောင်းနေရာများ ရွေးပြီး ၀ါတွင်းကာလနေထိုင်ကြဖို့ စီမံကြရလေသည်။ စာရေးသူတို့ သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များကတော့ ဆက်စပ်ပတ်သတ်ရာ ကျောင်းများတွင် ၀ါဆိုကြရသည်။ အမိနိုင်ငံတွင် ၀ါဆိုပွဲကို ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ ကျင်းပကြသည်။ သီရိလင်္ကာတွင်ကား ၀ါဆိုလပြည့်နေ့ညမှာပင် ၀ါဆိုကြသည်။

အမိမြန်မာနိုင်ငံတွင် ရဟန်းသံဃာများ ၀ါဆိုလျှင် ဒကာ၊ ဒကာမများက ကျောင်းသို့ ရောက်လာပြီး သပြေခက်စသော ပန်းများကို ရဟန်းတော်များကို ဆက်ကပ်လေ့ရှိကြသည်။ ဥပုသ်ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလေ့ရှိကြသည်။ ဤနိုင်ငံတွင်ကား ၀ါဆိုလပြည့်နေ့တွင် ဥပုသ်နေ့ ထုံးစံအတိုင်း သီတင်းသီလဆောက်တည်လေ့ရှိကြသော်လည်း ရဟန်းတော်များ ၀ါဆိုခြင်းအတွက် မည်သည့်အခမ်းအနားမျှ ပြုလေ့မရှိပေ။ ညအချိန်တွင် ကျောင်းရှိသံဃာလေးငါးပါးစုရုံးပြီး `ဤကျောင်းတွင် ၀ါတွင်းကာလ နေထိုင်ပါမည်´ဟု အဓိဋ္ဌာန်ပြုပေးရုံသာ ဖြစ်ပါသည်။

ကိုလံဘိုမြို့ရှိ၊ မြန်မာကျောင်းသားရဟန်းတော်များ မှီခိုအားထားရာ မကုဋာရာမမြန်မာကျောင်းတော်ကြီးတွင် ၀ါဆိုခွင့်ရသော သံဃာတော်များကတော့ မိမိတို့ မြန်မာ့ရိုးရာအတိုင်း ၀ါဆိုကြလိမ့်မည် ထင်ပါသည်။
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာနှင့်ပတ်သက်သော ထူးခြားအဖြစ်အပျက် (၃) ခု ရှိပါသည်။ ၎င်းတို့မှာ
(၁) ဘုရားလောင်း ပဋိသန္ဓေတည်ခြင်း= မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) ဘုရားလောင်း တောထွက်တော်မူခြင်း = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဗုဒ္ဓမြတ်စွာ ဓမ္မစကြာတရားဦးဟောတော်မူခြင်း = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) တို့ ဖြစ်ပါသည်။


ဓမ္မစကြာတရားတော်ကို ဗုဒ္ဓဓမ္မအနှစ်ချုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓမြတ်စွာကို အကဲဖြတ်ရာတွင် ဤဓမ္မစကြာသုတ်တော်က အလွန်အရေးပါလှသည်။ ဗုဒ္ဓမြတ်စွာ၏ စည်းရုံးရေးပညာကို အထင်အရှား ပြနိုင်ခဲ့သော တရားတော်လည်း ဖြစ်သည်။ ပဉ္စ၀ဂ္ဂီငါးဦးက ပထမ ဘုရားလောင်းကို ပြုစုလုပ်ကြွေးခဲ့သည်။ ခြောက်နှစ်ဒုက္ကရစရိယာကျင့်ပြီး ဘုရားမဖြစ်၊ အစားအသောက်ပုံမှန်စားသောက်ပြီး ကျင့်နေသော ဘုရားလောင်းကို `ခြောက်နှစ်လုံးလုံး အပြင်းအထန် ကျင့်တာတောင် ဘုရားမဖြစ်တာ၊ ဒီပုံစံနဲ့တော့ ဘုရားမဖြစ်လောက်တော့ပါဘူး´လို့ ထင်မှတ်ပြီး စွန့်ခွါသွားကြသူများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးနောက် `ဘယ်သူ့ကို တရားစဟောရပါ့မလဲ´လို့ စဉ်းစားသောအခါ ပထမဆုံး လောကီဈာန်အကျင့်ကို နည်းပြပေးခဲ့သော အာဠာရရသေ့ကြီးက ပထမဆုံး ပေါ်လာပါသည်။ သို့ရာတွင် အာဠာရရသေ့ကြီးက သေလွန်ပြီး ဗြဟ္မာ့ပြည်ရောက်နေခဲ့လေသည်။ ထို့နောက်မှ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟောရန် ဥရုဝေလတောအုပ်သို့ ကြွလှမ်းလာခဲ့သည်။
ပဉ္စ၀ဂ္ဂီငါးဦးသည် သူ့ခေတ်အခါအရ ပညာတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အဝေးက ဗုဒ္ဓမြတ်စွာကြွလာသောအခါ `အရှင်တို့….ဂေါတမတော့ ငါတို့ဆီ လာနေပြန်ပြီ။ သူ့ကို ဘယ်သူမှ မကြိုဆိုကြနဲ့၊ ခရီးဦးကြိုမပြုကြနဲ့၊ နေရာလည်း မပေးကြနဲ့၊ ခပ်တည်တည်ပဲ နေကြရအောင်´ဆိုပြီး ကတိက၀တ် လုပ်ထားခဲ့ကြသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာ အနီးအနားရောက်လာသောအခါ မည်သူမျှ ခရီးဦးကြို မပြုဘဲ မနေနိုင်ကြဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ဤနေရာတွင် မဟာယာနအယူအဆ၊ ထေရ၀ါဒအယူအဆစသည်ဖြင့် စိတ်ဝင်စားစရာ များစွာရှိသော်လည်း ချန်ထားခဲ့ပါမည်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မကြောင်းအရ စိတ်ဝင်စားစရာ ဖြစ်သလို ဟောကြားသွားသည့် `ဟန်´ကလည်း အလွန့်ကို စည်းစနစ်ကျပါသည်။ ဗုဒ္ဓမြတ်စွာသည် တရားဟောရာတွင် ပုဂ္ဂိုလ်အလိုက် နည်းအမျိုးမျိုးဖြင့် ဟောကြားလေ့ရှိပါသည်။ ဤဓမ္မစကြာသုတ်ကို Dialogue Method ဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး ဓမ္မစကြာကို `ငါ့ရှင်တို့ လူ့ဘောင်မှ စွန့်ခွါခဲ့သူတွေမှာ ရှောင်ရမယ့် အစွန်းနှစ်ပါး ရှိတယ်၊ အဲဒီနှစ်ပါးက ဘာတွေလဲ၊ ကာမဂုဏ်အလွန်အကျွံ လိုက်စားခြင်း (Self-indulgence)နဲ့ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့် (Self-mortification)တို့ ဖြစ်တယ်၊ အဲဒီ အစွန်းနှစ်ပါးကနေ လွတ်တဲ့ အလယ်အလတ်လမ်းစဉ်(မဂ္ဂင်လမ်းစဉ်)ဆိုတာ ရှိတယ်၊ ရဟန်းဆိုတာ အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းရမယ်´စသည်ဖြင့် စီကာစဉ်ကာ ဟောကြားသွားခဲ့ပါသည်။

ဤနေရာတွင် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)ကို ဗုဒ္ဓဘာသာများ နားလည်မှုလွဲနေကြသည်ကို ပြောပြလိုသည်။ `အလယ်အလတ်လမ်းစဉ်ဆိုတာ အစွန်းနှစ်ပါးရဲ့ အလယ်မှာ ရှိတဲ့အရာပေါ့´လို့ ဆိုနေတတ်ကြသည်။ သာမန်တွေးရင်တော့ ဟုတ်သလိုလိုတော့ ရှိပါသည်။ ဤသို့ဆိုလျှင် ကာမဂုဏ်ကို အလွန်အကျွံလိုက်စားခြင်းက ကာမသုခလ္လိကာနုယောဂဆိုတော့ အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ကာမဂုဏ်လိုက်စားလျှင် အစွန်းမရောက်ဟု ဆိုရမလို ဖြစ်နေပါသည်။ အမှန်မှာ အစွန်းနှစ်ပါး၏အလယ်တွင် ရှိသောလမ်းစဉ်က မဇ္ဈိမပဋိပဒါမဟုတ်ပေ။ အစွန်းနှစ်ပါးမှ လွတ်သော သီးခြားလမ်းစဉ်တစ်ခုကသာ မဇ္ဈိမပဋိပဒါ- အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

နောက်ထပ် ဓမ္မစကြာသုတ်က ဗုဒ္ဓမြတ်စွာ၏ လေးစားကြည်ညိုဖွယ်ရာ သို့မဟုတ် စကားပြောကျွမ်းကျင်မှု သို့တည်းမဟုတ် အရှည်မြော်မြင်မှုကို မီးမောင်းထိုးပြနေပြန်ပါသည်။ ဓမ္မစကြာတွင် အစွန်းနှစ်ပါး၏ အပြစ်ကို ဖော်ပြထားသည်။ အစွန်းနှစ်ပါး၏အပြစ်ကို ပြောရာတွင် တစ်ခုနှင့်တစ်ခု မတူပါ။

နံပါတ် (၁) ကာမသုခလ္လိကာအစွန်း၏ အပြစ်ကို ပြရာတွင် ``(က) ဟီနော = ယုတ်ညံ့တယ်၊ (ခ) ဂမ္မော = ရွာသူရွာသား(လူများ)၏အလုပ်ဖြစ်တယ်၊ (ဂ) ပေါထုဇ္ဇနိကော = ပုထုဇဉ်တို့၏ အလုပ်ဖြစ်တယ်၊ (ဃ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (င) အနတ္တသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်ငါးမျိုး ပြတော်မူသည်။

နံပါတ် (၂) အတ္တကိလမထာနုယောဂအစွန်း၏ အပြစ်ကို ပြရာတွင်ကား ``(က) ဒုက္ခော = ဆင်းရဲတယ်၊ (ခ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (ဂ) အနတ္ထသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်သုံးမျိုးကိုသာ ပြပါသည်။ `ဟီနော = ယုတ်ညံ့တယ်´ဟု ဟောတော်မမူခဲ့ပေ။ မဟာစည်ဆရာတော်ကလည်း ဓမ္မစကြာတရားတော် စာအုပ်တွင် စိတ်ဝင်စားစရာကောင်းသော ဤပွိုင့်ကို ထောက်ပြဆွေးနွေးပြထားပါသည်။ ဆရာတော်ကြီးကတော့ အသေးစိတ်ကျမ်းဂန်များညှိပြီး ပြထားပါသည်။ ထိုခေတ်အခါက အတ္တကိလမထနုယောဂအကျင့်ကို လောက၏ အမြတ်ဆုံးအကျင့်အဖြစ် သဘောထားနေကြသောကြောင့် ဖြစ်ဟန်ရှိပါသည်။ တရားနာနေကြသော ပဉ္စ၀ဂ္ဂီငါးဦးသည် နံပါတ် (၂)အကျင့်ဖြစ်သော အတ္တကိလမထာနုယောဂအကျင့်ကို အမွန်အမြတ်ထားပြီး ကျင့်ဆောင်နေကြသူများ ဖြစ်လေသည်။ သူတစ်ပါး တန်ဖိုးထားမြတ်နိုးသော အကျင့်လမ်းစဉ်တစ်ခုကို `မင်းတို့အကျင့်ကြီးက တော်တော် အောက်တန်းကျပါတယ် (ဟီနော)´လို့ ဆိုလိုက်လျှင် ကိုယ့်စကားကို ဆက်လက်နားမထောင်ဘဲ လိုရာခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက `ဟေ့ ပဉ္စ၀ဂ္ဂီတို့ မင်းတို့ကျင့်နေတဲ့ အကျင့်က အောက်တန်းစားကြီးကွ၊ ယုတ်ညံ့တယ်´ဟု မဟောခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဤအချက်သည်လည်း အတုယူမှတ်သားသင့်သောအချက်တစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာက ထိုကဲ့သို့ လိမ္မာပါးနပ်စွာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးကို မကျဉ်းမကျယ်ဟောကြားနိုင်ခဲ့သောကြောင့် အရှင်ကောဏ္ဍညသည် တရားအဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါသည်။ ထို့အပြင် သံဃာရတနာလည်း ပေါ်ထွန်းခဲ့ရပါသည်။ ထို့ကြောင့် အချို့က ၀ါဆိုလပြည့်နေ့ကို
(၁) ဘုရားလောင်းပဋိသန္ဓေယူတော်မူသောနေ့
(၂) ဘုရားလောင်းတောထွက်တော်မူသောနေ့
(၃) ဓမ္မစကြာတရားဦးဟောတော်မူသောနေ့
(၄) ပထမဆုံးသောတာပန်ပေါ်ပေါက်သောနေ့
(၅) သံဃာရတနာပေါ်ပေါက်သောနေ့ဟူ၍ မှတ်တမ်းတင်လေ့ရှိကြသည်။
ထူးခြားသော ၀ါဆိုလပြည့်နေမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်းအားဖြင့် ကောင်းမွန်မြင့်မြတ်မှုများနှင့် ပြည့်ဝသော ဘ၀များ ပိုင်ဆိုင်ရရှိကြပါစေ။ ဦးဇင်းတို့ အမိမြန်မာနိုင်ငံလည်း လူသားကျင့်ဝတ်သိက္ခာတရားများ ထွန်းကားပြည့်ဝသော နိုင်ငံတစ်ခု ဖြစ်ပါစေလို့ ၀ါဆိုလပြည့်နေမှာ ဆုတောင်းလိုက်ပါသည်။ ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails