Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Tuesday, July 28, 2009

ရပ်နေမလား၊ ဆက်မလား၊ ဆုတ်မလား

“လူ”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုပြကြတယ်။ ကျောင်းတုန်းက ဆရာကြီးဦးစံတင်က “အညွန့်တလူလူ တက်နေတာကို လူ”လို့ ဖွင့်ပြပါတယ်။ သူဆိုလိုတာကတော့ ရှင်းပါတယ်။ လူဆိုတာ အမြဲတမ်း ရှေ့သို့ ဆိုတာပဲ ဖြစ်နေရမယ်ပေါ့။ သစ်ပင်မှာ အညွန့်လေးတွေ ဝေနေရင် တော်တော်ကြည့်လို့ ကောင်းပါတယ်။ ဆရာကြီးရဲ့ ဖွင့်ဆိုချက်ကို သဘောကျပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ်လဲ အညွန့်ဝေနေတဲ့သစ်ပင်လေးအဖြစ် ဖန်တီးနေကြည့်တတ်ပါတယ်။ အခြားလူတွေ(အထူးသဖြင့် လူငယ်လေးတွေ)ကိုလဲ အညွန့်တွေ ဝေဆာနေတဲ့သစ်ပင်လေးတွေအဖြစ် မြင်ယောင်ကြည့်နေတတ်တယ်။ ဒီလူငယ်လေးကတော့ အညွန့်တွေ ဝေနေတာပဲ။ ဒီလူငယ်လေးကတော့ အညွန့်လေးတွေက တုံးနေတယ်။ စသဖြင့်ပေါ့။



စာသင်တိုက်မှာ စာသင်စဉ်က ၀ိဂ္ဂဟတွေ ကျက်တော့ လူလို့ အဓိပ္ပာယ်ရတဲ့ “မနုဿ”ဆိုတဲ့ ပုဒ်လေးကို စိတ်ဝင်စားမိတယ်။ သူ့ကို ဋီကာကျော်ဆရာက “မနော ဥဿန္နံ ယေသန္တိ မနုဿာ”လို့ ဖွင့်ပြပါတယ်။ ပြန့်ပွားနေတဲ့စိတ်၊ တိုးပွားနေတဲ့စိတ်ရှိသူကို လူလို့ ဆိုပါတယ်။ ဒါကလဲ အနှစ်သာရအားဖြင့်တော့ အညွန့်တလူလူတက်နေတဲ့အဓိပ္ပာယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပြန့်ပွားနေတဲ့စိတ်ရှိသူဆိုတော့ စိတ်က ဘယ်လိုစိတ်လဲလို့ မေးစရာက ရှိလာပြန်တယ်။ မကောင်းတဲ့စိတ်တွေ ပြန့်ပွားနေရင်ကော လူလို့ ဆိုရမလား။ ဓမ္မဓိဋ္ဌာန်ကျကျဆိုရရင်တော့ ဆိုနိုင်တယ်လို့ ပြောရပါမယ်။ စာကလဲ မနုဿဆိုတဲ့ ပုဒ်လေးကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ရဲရင့်ခြင်းနဲ့ပြည့်စုံသူ၊ သတိတရားရှိသူ၊ မြင့်မြတ်သောစိတ်ဓာတ်ရှိသူကို မနုဿ=လူလို့ ခေါ်ပါတယ်။ နောက်တစ်ခုရှိတာက ဥက္ကဋ္ဌဂုဏစိတ္တာ=မြင့်မြတ်သောဂုဏ်ရှိတဲ့ စိတ်ဓာတ်ရှိသူကိုမှ လူလို့ ခေါ်ပါတယ်။ ဒီဖွင့်ဆိုချက်တွေ အလိုအရဆိုရင်တော့ မြင့်မြတ်တဲ့စိတ်ဓာတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေသာ လူလို့ ဆိုနိုင်ပါတယ်။


ဖွင့်ဆိုချက်တွေက ဒီလောက်နဲ့ မရပ်သေးဘူး။ လောဘအစရှိတဲ့ မကောင်းမွန်၊ မမြင့်မြတ်တဲ့စိတ်ဓာတ်တို့နဲ့သာမက ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်များနဲ့ နပန်းလုံးနေရတဲ့သူကို လူလို့ ခေါ်နိုင်ကြောင်း ထပ်မံဖွင့်ဆိုထားတယ်။ မကောင်းသောစိတ်များ၊ ကောင်းသောစိတ်များဆိုတဲ့ အကောင်း၊ အဆိုးစိတ်ဓာတ်နှစ်မျိုးလုံး စက္ကန့်မလပ်တိုးပွားအောင် လုပ်ဆောင်နေတာဟာ လူ။ ဒါဆိုရင် သဘောတရားအားဖြင့်တော့ အမေမွေးပြီဆိုကတည်းက အားလုံးဟာ လူဖြစ်ကြပြီပေါ့။ (ပါထိက၀ဂ္ဂဋီကာ၊ လက္ခဏသုတ္တ၀ဏ္ဏနာ)

ပြီးတော့ လောကမှာ ယောက်ျားပီသတယ်၊ မိန်းမပီသတယ်စသဖြင့် ဆိုနေကြသလို လူပီသရမယ်လို့ ဆိုတဲ့သူလဲ ရှိပါတယ်။ လူသားဆန်ရမယ်လို့လဲ သုံးကြတယ်။ ပြောကြတယ်။ ဒါက ဘာကို မီးမောင်းထိုးပြနေပြန်သလဲဆိုတော့ လူမပီသသူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ လူသားမဆန်သူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ ဒါဆိုရင် အမေမွေးကတည်းက လူဖြစ်ပြီဆိုတဲ့စကားလုံးကလဲ ထာဝရမမှန်ပေဘူးပေါ့။ ဆိုတော့ လူ သတ်မှတ်ချက်၊ လူ့စံနှုန်းတွေ အများကြီး ပေါ်ထွက်လာရတယ်။ အဲဒီကနေမှ လူ့ကျင့်ဝတ်တွေဆိုတာလဲ ပေါ်လာရသပေါ့။

လူ့ကျင့်ဝတ်စံနှုန်းတွေက ဘာသာအလိုက်၊ လူမျိုးအလိုက် အမျိုးမျိုး ကွဲပြားနေပေမယ့် (ယေဘုယျအနေအားဖြင့်) မကွဲပြားတဲ့၊ တူညီတဲ့ စံနှုန်းကတော့ ရှိနေပါတယ်။ အဲဒါကတော့ အကောင်းနဲ့အဆိုးပါပဲ။ ဒါတောင်မှ အကောင်းနဲ့အဆိုးမှာ စံနှုန်းတွေက အမျိုးမျိုးရှိနေသေးတာ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာမှာဆို လူ့ကျင့်ဝတ်အတွက် အခြေခံစံနှုန်းအနေနဲ့ ငါးပါးသီလကို ပြောထားတယ်။ ဒါပေမယ့် အချို့ဘာသာတွေက “သူ့အသက်”ဆိုတာကို လူ့အသက်လို့ အဓိပ္ပာယ်ဖွင့်ပြီး တိရစ္ဆာန်တွေကို သတ်ခွင့်ပြုထားတယ်။ စသဖြင့်ပေါ့။
ယေဘုယျအမြင်အားဖြင့်တော့ အတားအဆီးတွေ တဖြည်းဖြည်းပြိုကျလာနေတဲ့ ယနေ့ကမ္ဘာမှာ ကောင်းတာနဲ့ဆိုးတာဟာ ဘာမှ ဖွင့်ဆိုစရာမလိုအောင်ကို နားလည်နိုင်စရာ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ ဒါဆိုရင် အညွန့်တလူလူတက်နေတယ်ဆိုတာဟာ ကောင်းမွန်ခြင်းတရားတွေ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း တိုးတက်နေမှသာ လူပီသတယ်၊ လူသားဆန်တယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုးယုတ်တဲ့စိတ်ထားတွေ တလူလူတက်နေတဲ့သူကိုတော့ လူမပီသသူ၊ လူသားမဆန်သူလို့ ဆိုရတော့မှာပေါ့။ အဲဒီလို လူမျိုးကို လူ့ညွန့်တုံးတယ်လို့ ပြောတတ်ကြတယ်။

ဒီတော့ လူပီသဖို့အတွက် မိမိတို့ဟာ နေ့စဉ်နဲ့အမျှ မြင့်မြတ်တဲ့ စိတ်ဓာတ်အဆောက်အအုံကြီးကို တည်ဆောက်ဖို့ လိုအပ်လှပါတယ်။ ဗုဒ္ဓဘာသာအလိုအရဆိုလျှင် မြင့်မြတ်သောစိတ်ဓာတ်များ တစ်ဆင့်ချင်း တည်ဆောက်ခြင်းအားဖြင့် နောက်ဆုံး သတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာ ဘုရားအထိ ဖြစ်နိုင်စွမ်းရှိပါတယ်။ လူတိုင်းလူတိုင်းကတော့ အနည်းနဲ့အများ စိတ်ကောင်းရှိပြီး တည်ငြိမ်တဲ့ဘ၀တစ်ခုကို ရလိုကြပါတယ်။ ဒါပေမယ့် ဗီဇနဲ့ပတ်ဝန်းကျင်အရ စိတ်ဓာတ်အဆောက်အအုံတွေ ပြိုလဲသွားတတ်ကြပြန်ပါတယ်။
စိတ်ဓာတ်အဆောက်အအုံ တည်ဆောက်ရာမှာ အချို့က ဘ၀တစ်သက်စာလုံး ကောင်းမြတ်ခြင်းတရားတွေကို ရင်ဝယ်ပိုက်သွားကြတယ်။ အချို့က နည်းနည်းလေး တည်ဆောက်ပြီး ဒုံရင်းဒုံရင်း မကောင်းဘက်ကို ပြန်ရောက်သွားတယ်။ အချို့က အစကတည်းက ကောင်းမြတ်ခြင်းဆိုလို့ ဘာကိုမှ မလုပ်ချင်သူများ ဖြစ်တယ်။

စိတ္တလတောင်မှာ ကန္နီနည်းနဲ့တရားအားထုတ်စဉ်က ကန္နီဆရာတော်ကြီးပြုစုတဲ့ ယောဂိပါရဂူကျမ်းကို ဖတ်ရတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုတော့ ပုဂ္ဂိုလ်သုံးမျိုးကို ရှင်းပြထားတာ တွေ့ရတယ်။ တရားထိုင်တဲ့အခါမှာ ကွဲပြားလာတတ်တဲ့သုံးမျိုးပါ။
၁။ နောက်ဆုတ်ထိုင်
၂။ ရှေ့တိုးထိုင်
၃။ ငုတ်တုတ်ထိုင် ဆိုပြီး ယောဂီသုံးမျိုး ရှိတတ်ပုံကို ပြောပြထားတာပါ။ အချို့ယောဂီတွေဟာ မိမိက တရားအဆင့်မြင့်တက်ပြီး ကြည်လင်သော နိမိတ်အလင်းများ ရနေသော်လည်း ရှေ့ဆက် အားထုတ်မှုမရှိဘဲ မကြည်လင်သော အဆင့်မမြင့်သော အာရုံများကို ပြန်၍ ရှုမှတ်နေတတ်ပါတယ်။ အထက်တန်းရောက်ပြီးမှ အောက်တန်းသို့ ပြန်ဆင်းသွားသောသူကို ဆိုလိုပါတယ်။

နောက် ယောဂီတစ်မျိုးလဲ ရှိသေးတယ်။ သူကတော့ သူ ရထားတဲ့ တရားအဆင့်က နိမ့်နိမ့်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် သူစိတ်ထဲမှာ အဆင့်အမြင့်ကြီးတွေကို မှန်းပြီး အားထုတ်နေတတ်တယ်။ သူ့ကိုတော့ ၀မရှိဘဲ ၀ိလုပ်သူလို့ ဆိုရမှာပေါ့။

နောက်တစ်ယောက်က ငုတ်တုတ်ထိုင်လို့ ဆိုပါတယ်။ သူကတော့ အစကလဲ အဆင့်မမြင့်ဘူး၊ အထက်တန်းမကျဘူး။ အဆင့်မြင့်အောင်၊ အထက်တန်းကျအောင်လဲ အားထုတ်ကြိုးပမ်းလိုစိတ် မရှိဘူး။ ဒါကြောင့် သူ့ကို ငုတ်တုတ်ထိုင်လို့ ဆိုရတာပေါ့။ တရားအားထုတ်တဲ့အခါမှာ ဒီပုဂ္ဂိုလ်သုံးမျိုးထဲမပါအောင် အားထုတ်ရမယ်လို့ ဆိုပါတယ်။

လူပီသအောင်၊ လူ့စံနှုန်းမီအောင် အားထုတ်လိုတဲ့သူဟာလဲ ဒီပုဂ္ဂိုလ်သုံးမျိုးလို မဖြစ်ဖို့ လိုပါတယ်။ ရှေ့မှာဆိုခဲ့သလို လူဆိုတာ ကောင်းမြတ်ခြင်းတရားတွေနဲ့ အညွန့်တလူလူဖြစ်နေရမှာပါ။ လောကမှာလဲ အချို့ ရှိတတ်ပါတယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ ကောင်းရာမွန်ရာတွေ လုပ်လို့ပေါ့။ နောက်တော့လဲ ဒုန်းရင်းဒုန်းရင်း မကောင်းတာလုပ်တဲ့ အနေအထား ပြန်ဖြစ်သွားတာပဲ။ သူ့ကိုတော့ နောက်ဆုတ်သူ အရှုံးပေးသမားလို့ ဆိုရမယ်။ တချို့ကျတော့ ကောင်းတာလုပ်တာက မဖြစ်စလောက်၊ ဒါပေမယ့် သူ့ကိုယ်သူ တကယ့်သူတော်ကောင်းကြီး ဖြစ်နေသလိုမျိုး ထင်နေတတ်ကြပြန်တယ်။ သူ့အတွက်ကျတော့လဲ ဘ၀အထက်တန်းကျဖို့ မလွယ်ပြန်ပါဘူး။ အဆိုးဆုံးကတော့ ငုတ်တုတ်ထိုင်သူပေါ့။ သူကတော့ အစကတည်းက အဆင့်မမြင့်၊ အထက်တန်းမကျဘူး။ အဆင့်မြင်လာအောင် အထက်တန်းကျအောင် တည်ဆောက်ရကောင်းမှန်းလဲ မသိဘူး။ အဆင့်မမြင့်တဲ့အတိုင်း၊ အထက်တန်းမကျတဲ့အတိုင်း သူ့ဘ၀သူ ကျေနပ်နေတယ်။

မိမိတို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးလုံးကို တွေ့နိုင်ပါတယ်။ မိမိကိုယ်ကိုလဲ မေးကြည့်ကြပေါ့။ ငါဟာ ဘယ်ပုဂ္ဂိုလ်အဆင့်ထဲမှာ ပါသလဲ။ တရားအားထုတ်မှုပိုင်းမှာတော့ အထက်ပါ သုံးမျိုးလုံးမဖြစ်အောင် ကြိုစားဖို့ တိုက်တွန်းထားပါတယ်။ လူ့လောက ကျင်လည်ရာ ရပ်ဝန်းမှာလဲ ကိုယ့်ကိုကိုယ် နောက်ဆုတ်သူလဲ မဖြစ်ရအောင်၊ မရှိတာကို အရှိထင်သူလဲ မဖြစ်ရအောင်၊ ငုတ်တုတ်ထိုင်သူလဲ မဖြစ်ရအောင် ကြိုးစားသင့်ကြပါတယ်။

Friday, July 24, 2009

သေဒကသုတ္တန်

(အရင်က ဒီသုတ္တန်ကို အကျယ်ချဲ့ပြီး ဆောင်းပါးရေးဖို့ စိတ်ကူးထားတာ။ ဒါပေမယ့် အခုတလော စာရေးချိန်မရလောက်အောင် အလုပ်ရှုပ်နေလို့ မရေးဖြစ်ခဲ့ဘူး။ ဒါကြောင့် အလွန်မှတ်သားစရာ ကောင်းတဲ့ ဒီသုတ္တန်ကို သူ့အရှိအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ထားခြင်းဖြစ်တဲ့အတွက် သေသေချာချာ ဖတ်ရှုဖို့တော့ လိုပါလိမ့်မယ်။

ကိုယ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဟာ သူတစ်ပါးတာဝန်ကို ထမ်းရွက်ပေးခြင်း ဖြစ်တယ်ဆိုတာ ဒီသုတ်က မီးမောင်းထိုးပြနေပါတယ်။

ဒီသုတ်ကို ဖတ်ပြီးတာနဲ့ အပြင်ဘက်ကို ငေါထွက်နေတတ်တဲ့ လက်ညှိုးတွေ ကိုယ့်မျက်နှာတည့်တည့်ကို ပြန်လာလိမ့်မယ်။)



အခါတစ်ပါး၌ မြတ်စွာဘုရားသည် သု မ္ဘတိုင်း သေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စဏ္ဍာလ (မည်သော) ဝါးတိုင်ကို တက်တတ်သော ဆရာသည် စဏ္ဍာလဝါးကိုစိုက်ထူစေ၍ မေဒကထာလိက မည်သော တပည့်အား ''အမောင်မေဒကထာလိက လာလော့၊ သင်သည် စဏ္ဍာလဝါးတိုင်သို့ တက်၍ ငါ၏ ပခုံးထက်၌ ရပ်လော့''ဟု ပြော၏။

ရဟန်းတို့ ''ဆရာကောင်းပါပြီ''ဟု တပည့်မေဒက ထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာအားဝန်ခံပြောကြားပြီးလျှင် စဏ္ဍာလဝါးတိုင်ထက်သို့ တက်၍ ဆရာ၏ ပခုံးထက်၌ ရပ်၏။ ရဟန်းတို့ ထိုအခါစဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာသည် တပည့်မေဒကထာလိကအား ''အမောင်မေဒကထာလိက သင်သည် အကျွန်ုပ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည် သင့်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ ငါတို့အချင်းချင်း လုံခြုံအောင် စောင့်ရှောက်ကြကာ အတတ် (ပညာ) တို့ကိုလည်း ပြကုန်အံ့၊ လာဘ်ကိုလည်းရကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင် ကြကုန်အံ့''ဟု ပြောဆို၏။

ရဟန်းတို့ ဤသို့ပြောဆိုလတ်သော် မေဒကထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သည့် ဆရာအား ''ဆရာဤစကားသည် မသင့်ပါ၊ ဤသို့ ဖြစ်ပါအံ့၊ ဆရာ သင်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ အကျွန်ုပ်တို့ သည် မိမိကိုယ်ကိုသာလုံခြုံအောင် စောင့်ရှောက်ကြကာ အတတ်ပညာတို့ကိုလည်း ပြပါကုန်အံ့၊ လာဘ်ကိုလည်း ရပါကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင်ကြရပါကုန်အံ့''ဟု ပြောဆို၏။

''ထို (ဆရာတပည့်နှစ်ဦးတို့၏) စကားတို့တွင် ထိုတပည့်၏ စကားသည် သင့်မြတ်သောအကြောင်းဖြစ်ပေ၏''ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ရဟန်းတို့ တပည့်မေဒကထာလိကသည်ဆရာကို ပြောသကဲ့သို့ ''မိမိကိုယ်ကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ ''သူတစ်ပါးကိုစောင့် ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော်သူတစ်ပါး ကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော်မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကို စောင့်ရှောက်ရာရောက်သနည်း။ အဖန်ဖန် မှီဝဲခြင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်သနည်း။ သည်းခံခြင်း မညှဉ်းဆဲခြင်း မေတ္တာစိတ်ရှိခြင်း အစဉ်သနားခြင်းဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်ပေ၏။

''ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ ''သူတစ်ပါးကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏ဟု (မိန့်တော်မူ၏)။

Monday, July 20, 2009

ရဟန်းတော်များ၏ အမွေအနှစ် အခန်း (၁)

(တကယ်တော့ မိတ်ဆက်အမှာကို ခပ်ရှည်ရှည် ရေးသင့်တာပါ။ ဒါပေမယ့် မရေးတော့ပါဘူး။ အခု..Dr. Wapola Rahula မထေရ်မြတ်ရဲ့ The Heritage of Bikkhu ဆိုတဲ့ စာအုပ်ကို ၈၀%ရာခိုင်နှုန်း မြန်မာပြန်ပြီး ကျန်တဲ့ ၂၀%ရာခိုင်နှုန်းကို ဦးဇင်းရဲ့ အိုင်ဒီယာနဲ့ ပေါင်းစပ်ပြီး "ရဟန်းတော်များ၏ အမွေအနှစ်"ဆိုပြီး အခန်းဆက် တင်ဆက်ပါတော့မယ်။ အခြေအနေအရ တစ်ခန်းနဲ့တစ်ခန်း ကြန့်ကြာနေတာများလဲ ရှိလာမယ့်အနေအထားရှိပါတယ်။ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အဓိကအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တွေ သိသင့်သိထိုက်ပါတယ်။ ဒေါက်တာဝါပိုလ်လာရာဟုလာမထေရ်ဟာ သီရိလင်္ကာသမိုင်းမှာတော့ အင်မတန်ကို ကျော်ကြားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ယနေ့ သီရိလင်္ကာဗုဒ္ဓဘာသာနဲ့ ပညာရေးအခင်းအကျင်းဟာ ဒေါက်တာဝါပိုလ်လာရာဟုလာနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။ ဒီစာအုပ်ကို မရေးခင်အချိန်က သီရိလင်္ကာဗုဒ္ဓဘာသာတွေဟာလဲ မြန်မာဗုဒ္ဓဘာသာဝင်တွေလို စိတ်ဓာတ်မျိုးတွေ ရှိနေကြပါတယ်။ ဆရာတော်က ဒီစာအုပ်ကို ပြုစုပြီးတဲ့နောက်ပိုင်းမှာကျမှ သီရိလင်္ကာဗုဒ္ဓဘာသာဝင်တွေ မျက်စိပွင့်နားပွင့် ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟောကြားသော ပိဋကတ်တော်များနှင့်အညီ မျက်မှောက်ခေတ်မှာ ရဟန်းတော်များအတွက် ရှိသင့်ရှိထိုက်သော နေရာကို သတ်မှတ်ပေးလိုက်သလိုလဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီစာအုပ်ကနေ တစ်စုံတစ်ရာ ရရှိကြမယ်ဆိုရင် ဒီစာအုပ်ကို မြန်မာပြန်ရကျိုး နပ်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။)


ဗုဒ္ဓဘာသာနှင့် လူမှုရေးလုပ်ငန်းများ




ဗုဒ္ဓဘာသာသည် အများကောင်းကျိုး ဆောင်ရွက်ပေးခြင်းအပေါ်တွင် အခြေခံထားသော ဘာသာတစ်ရပ် ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓရသေ့ဟာ ဒီပင်္ကရာမြတ်စွာလက်ထက်က သူကိုယ်တိုင် လက်လှမ်းမီတဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကို ရရှိနိုင်သော်လည်း လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်ချင်သောကြောင့် သံသရာမှာ ဆက်လက်ကျင်လည်ပြီး ပါရမီများ ဖြည့်ဆီးခဲ့ပါသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဟု မိမိကိုယ်ကို လက်ခံယုံကြည်ထားလျှင် သတ္တ၀ါအများကောင်းကျိုးအတွက် မိမိ၏ အမြိုက်နိဗ္ဗာန်ချမ်းသာကို စွန့်လွှတ်နိုင်စွမ်းရှိသင့်ပါ၏။

မြတ်စွာဘုရားရှင်သည် သူ၏ တပည့်ရဟန်းတော်များကို တစ်နေရာတည်းတွင် မနေကြဖို့ တစ်ရွာမှ တစ်ရွာ၊ တစ်နေရာမှ တစ်နေရာ လှည့်လည်ပြီး လောကလူသားတို့ကောင်းကျိုးအတွက် တရားတော်များကို ဟောကြားပေးဖို့ တိုက်တွန်းဟောကြားခဲ့၏။ အခြေအနေနှင့် အချိန်အခါအားလျှော်စွာ မြတ်စွာဘုရားရှင်နှင့် တပည့်သံဃာတော်များသည် ၀ါတွင်းကာလမှတစ်ပါး ခရီးလှည့်လည်ခဲ့ကြပါသည်။ လောကလူသားတို့၏ ပစ္စုပ္ပန်ဘ၀ကောင်းကျိုး၊ တမလွန်ဘ၀ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သော အတွေးအမြင်များ ရရှိကြစေရန် တရားဓမ္မများ ဟောကြားဖြန့်ဖြူးခဲ့ကြသည်။

အိန္ဒိယရဟန်းတော်များ လှည့်လည်ဟောကြားခဲ့သော အတွေးအမြင်များကို လေ့လာဆန်းစစ်ကြည့်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ယေဘုယျအားဖြင့် ရွာသူရွာသားများ၏ လူနေမှုအဆင့်အတန်းမှာ နိမ့်ကျလှပါသည်။ စည်းစိမ်ဥစ္စာလည်း မရှိ၊ စာကလည်း မတတ်၊ သန့်ရှင်းသပ်ရပ်မှုက မရှိ၊ ကျန်းမာရေးကလည်း ချူခြာလှကြပါသည်။ သူတို့အတွက် အဘိဓမ္မာတွင် ဟောကြားထားသော နက်နဲပြီး ထူးခြားလေးနက်သော ဒဿနသဘောတရားများ၊ ရုပ်လွန်တရားများ၊ စိတ်ပညာဆိုင်ရာ တရားများပါဝင်သော တရားဓမ္မများကို ဟောကြားလေ့မရှိခဲ့ပေ။ သူတို့နှင့် နီးစပ်သော လက်လှမ်းမီနိုင်သော ရိုးရှင်းသော တရားတော်များကိုသာ ကောင်းကျိုးရည်မြော်၍ ဟောကြားခဲ့ပါသည်။ အဆိုပါ ရိုးရိုးရှင်းရှင်း ဟောကြားချက်များကို ပိဋကတ်တော်နေရာအနှံ့အပြားတွင် တွေ့မြင်သိရှိနိုင်ပါသည်။


ဒီဃနိကာယ်တွင် ပါဝင်သော စက္က၀တ္တိသီဟနာဒသုတ်သည် တိုင်းသူပြည်သားများ ဆင်းရဲ့ရခြင်းအကြောင်းတရားနှင့် တိုင်းပြည်တွင်း ရာဇ၀တ်မှုထူပြောရခြင်းအကြောင်းများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြထားသည်။ မြတ်ဗုဒ္ဓသည် ဤအကြောင်းတရားများကို သိမြင်သဘောပေါက်ထားသည့်အတိုင်း သူကိုယ်တိုင် ဟောပြောပြရုံသာမက သူ၏ သာဝကများကိုလည်း လူသားတို့၏ ကောင်းကျိုးနှင့်ချမ်းသာသုခရရှိရေးအတွက် စီးပွားဥစ္စာရှာခြင်း၏ တန်ဖိုးနှင့် စီးပွားရေးတိုးတက်မှု၏ အရေးပါမှုတို့ကို ဟောပြောစေခဲ့ပါသည်။ ထို့အပြင် ကူဋဒန္တသုတ်တွင်လည်း `ခိုးဆိုးလုယက်မှုစသော ရာဇ၀တ်မှုများကို နှိပ်ကွပ်ခြင်းအားဖြင့် ရပ်တန့်အောင်လုပ်၍ မရနိုင်။ ထိုကဲ့သို့သော ရာဇ၀တ်မှုများကို သင့်တင့်လျောက်ပတ်စွာ အပြည့်အ၀ထိန်းချုပ်နိုင်ဖို့နှင့် ရပ်တန့်စေဖို့အတွက်ဆိုလျှင် ပြည်သူပြည်သားတွေအတွက် သက်တောင့်သက်သာ ဘ၀များကို တည်ဆောက်နိုင်သော ပျော်ရွှင်စွာလုပ်ကိုင်နိုင်သော အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးရပါမည်´ဟု အတိအလင်း မိန့်တော်မူထားပါသည်။

`စီးပွားရေးလုပ်ငန်းများတွင် ကြီးပွားတိုးတက်လိုသော ကုန်သည်သည် တစ်နေ့လုံး အဆက်မပြတ် လုံ့လ၀ီရိယ ထားရှိရပါမည်။ အရောင်းအ၀ယ်ဖြစ်မည့် ကုန်ပစ္စည်းတွေကိုလည်း ရွေးချယ်နိုင်စွမ်း ရှိရပါမည်။ မိမိ ၀ယ်ယူရသည့်ဈေးနှုန်းနှင့် ပြန်လည်ရောင်းချရမည့် ဈေးနှုန်းတို့ကို ချင့်ချိန်ဆုံးဖြတ်နိုင်ရပါမည်။ ကုန်ပစ္စည်းများကို ပေါများသည့်ဒေသတွင် ၀ယ်ယူပြီး ရှားပါးသောဒေသတွင် ပြန်လည်ရောင်းချရန် စီမံနိုင်ရမည်။ အလေးခိုးခြင်းစသော မသမာမှုများဖြင့်လည်း မိမိ၏ ဖောက်သည်ကို မလိမ်ညာသင့်ပါ။ မိမိကိုယ်ကို မမျှတသော ကုန်သည်အဖြစ် မခံသင့်…´စသော စိတ်ဝင်စားဖွယ်ကောင်းသော တွေးခေါ်ညွှန်ကြားချက်များမှာ အင်္ဂုတ္တရနိကာယ်တွင် ပါဝင်သော သုတ်အတော်များများတွင် တွေ့နိုင်ပါသည်။

စီးပွားရေးကုံလုံကြွယ်ဝမှု (အတ္ထိသုခ)၊ ကြွယ်ဝချမ်းသာမှု (ဘောဂသုခ)၊ ကြွေးမြီကင်းရှင်းခြင်း (အနဏသုခ)နှင့် အပြစ်ကင်းသောဘ၀မှာ နေထိုင်ခြင်း (အန၀ဇ္ဇသုခ)တို့သည် လူသားများအတွက် ပျော်ရွှင်နည်းလေးမျိုး ဖြစ်ပါသည်။ မိမိ၏ လုပ်ငန်းဆောင်တာများတွင် ထကြွလုံ့လ၀ီရိယရှိခြင်း (ဥဋ္ဌာနသမ္ပဒါ၊ ရရှိထားသော စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (အာရက္ခသမ္ပဒါ)၊ မိတ်ကောင်းဆွေကောင်းရှိခြင်း (ကလျာဏမိတ္တသမ္ပဒါ)နှင့် ၀င်ငွေအားလျော်စွာ သုံးစွဲခြင်း (သမ္မာဇီဝိတာ)တို့သည် လောကလူသားများအားလုံး၏ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည်။
နေ့စဉ်အသုံးစရိတ်အတွက် မိမိတို့ ရရှိလာသော စည်းစိမ်ဥစ္စာ၏ လေးပုံတစ်ပုံကိုသာ အသုံးပြုဖို့ မြတ်ဗုဒ္ဓသည် လူသားများကို ညွှန်ကြားခဲ့သည်။ ကျန်သုံးပုံတွင် နှစ်ပုံကို အရင်းအနှီးအဖြစ် သုံးစွဲရခြင်း၊ တစ်ပုံကို ရေးပေါ်ကိစ္စအတွက် သိမ်းထားရခြင်းအားဖြင့် လေးပုံထားရှိပြီး စီမံသုံးစွဲဖို့ ရှင်းလင်းတိကျစွာ ညွှန်ကြားထားသည်။

ချမ်းသာကြွယ်ဝလာသော မိသားစုတစ်စုအနေဖြင့် လက်ရှိအခြေအနေမှ ပြန်လည်လျှောကျမသွားဘဲ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀ကို ပိုင်ဆိုင်လိုလျှင် ပျောက်ဆုံးသွားသော ပစ္စည်းဥစ္စာများကို ပြန်လည်ရရှိအောင် ကြိုးစားခြင်း၊ ပျက်စီးနေသောပစ္စည်းဥစ္စာများကို ပြန်လည်ပြင်ဆင်ခြင်း၊ အစားအသောက်ကိစ္စများတွင် အလွန်အကျွံမဖြစ်စေခြင်းဟူသော အချက်တို့ကို ဖြည့်ဆီးပေးရန် လိုအပ်ပါသည်။ ထို့အပြင် မိသားစုအကြီးအကဲဖြစ်သောပုဂ္ဂိုလ် သို့မဟုတ် အိမ်ထောင်ဦးစီးအနေဖြင့် အကျင့်စာရိတ္တကောင်းများ ထားရှိရန်လည်း လိုအပ်ပါသည်။

အလုပ်လုပ်ရာတွင် ပျင်းရိဖင့်နွဲ့ခြင်းမရှိဘဲ မိမိစွမ်းအားရှိသမျှ အားကြိုးမာန်တက် ဆောင်ရွက်သင့်ကြောင်းကို ပါဠိတော်နေရာအတော်များများတွင် ဟောကြားထားပါသည်။ ကျန်းမာခြင်းသည် အမြင့်မားဆုံး အဖိုးတန်အရည်အချင်းတစ်ရပ် ဖြစ်ပါသည်။ လူတိုင်းလူတိုင်း ကျန်းမာရေးကောင်းမွန်ဖို့ အစွမ်းကုန် ကြိုးစားသင့်ကြပါသည်။

ဗုဒ္ဓတရားတော်များတွင် လူ့လောကအဖွဲ့အစည်းကောင်းစားရေးအတွက် မရေမတွက်နိုင်သော နည်းစနစ်၊ အတွေးအခေါ်များကို မကြာမကြာ ထုတ်ဖော်ဟောကြားခဲ့ပါ၏။ ပေးကမ်းလှူဒါန်းခြင်း (ဒါန)၊ ချိုသာစွာ ပြောဆိုခြင်း (ဝေယျာဝေစ္စ)၊ အများကောင်းကျိုးဆောင်ရွက်ပေးခြင်း (အတ္ထစရိယ)၊ သာတူညီမျှသဘောထားရှိခြင်း (သမာနတ္တတာ)ဟူသော အချက်လေးချက် သို့မဟုတ် သင်္ဂဟ၀တ္ထုလေးပါးသည် ဗုဒ္ဓမြတ်စွာ၏ လောကကောင်းစားရေးအခြေခံ လုပ်ဆောင်ချက်များဟု ထင်ရှားပါသည်။ မိမိ၏ မိသားစုသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး စည်ပင်တိုးတက်ရေး၊ အပြန်ပြန်အလှန်လှန် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ညွှန်ကြားထားသော ဟောကြားချက်များကို သိင်္ဂါလသုတ်၊ ပရာဘ၀သုတ်နှင့် ၀သလသုတ်ကဲ့သို့သော သုတ္တန်များစွာတို့တွင် ဖော်ပြထားပါသည်။ သိင်္ဂါလသုတ်တော်မှာဆိုလျှင် ခင်ပွန်းသည်သည် မိမိ၏ ဇနီးမယားကို လှပသောအ၀တ်အစားများနှင့် လက်ဝတ်ရတနာများ ဆင်ယင်ပေးခြင်းအားဖြင့် ကျေနပ်နှစ်သိမ့်ဖို့ရန်ကိုပင် ဖော်ပြထားပါသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက အချို့သော ဘုရင်များသည် ပြည်သူပြည်သားများကို နှိပ်ကွပ်လေ့ရှိကြသည်။ အဆိုပါ အကြောင်းအရာများကို ဓမ္မပဒဋ္ဌကထာတွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ တိုင်းပြည်အုပ်ချုပ်သူတို့၏ အရေးကြီးသော ပြဿနာရပ်များကိုပင် မဟာကရုဏာတော်ဖြင့် တိုက်ရိုက်အသားပေး ညွှန်ကြားခဲ့ပါ၏။ မြတ်စွာဘုရားရှင်၏ နိုင်ငံရေးအမြင်မှာ တိုင်းပြည်အုပ်ချုပ်သူတို့အနေဖြင့် တိုင်းသူပြည်သားများကို အန္တရာယ်မဖြစ်စေရခြင်း၊ ထိခိုက်နာကျင်အောင် မပြုလုပ်ရခြင်းဟူသော တရားမျှတသော အစိုးရမူဝါဒအခင်းအကျင်းပင် ဖြစ်ပါ၏။ တရားမမျှတသော အုပ်ချုပ်သူများ၏ မတရားအခွန်ကောက်ခံခြင်း၊ မင်းဆိုးမင်းညစ်တို့၏ လက်အောက်တွင် ဒုက္ခအသွယ်သွယ် ခံစားနေရခြင်းဟူသော အနေအထားများကို ကောင်းမွန်သင့်လျော်သော ပြောင်းလဲမှုဆီ ဦးတည်ဖို့ မကြာခဏ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာက တိုင်းပြည်အုပ်ချုပ်သူများကို အောက်ပါ တာဝန် (၁၀)ခု သို့မဟုတ် မင်းကျင့်တရား (၁၀)ပါးနှင့်အညီ အုပ်ချုပ်ဖို့ ညွှန်ကြားထားပါသည်။ ၎င်းတို့မှာ -
(၁) လှူဒါန်းပေးကမ်းခြင်း
(၂) သီလစောင့်ထိန်းခြင်း
(၃) စွန့်လွှတ်အနစ်နာခံခြင်း
(၄) ရိုးသားဖြောင့်မတ်ခြင်း
(၅) နူးညံ့သိမ်မွေ့ခြင်း
(၆) ကျင့်ကြံအားထုတ်ခြင်း
(၇) အမျက်ဒေါသမထားရခြင်း
(၈) အကြမ်းမဖက်ခြင်း
(၉) သီးခံခြင်းနှင့်
(၁၀) တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက်မပြုရခြင်း တို့ဖြစ်ပါသည်။ လိစ္ဆ၀ီပြည်ထောင်စုကို စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်သော မာဂဓဘုရင်သည် ကိုယ်စားလှယ်တစ်ဦးကို ဤစစ်ပွဲကို အောင်မြင်နိုင်မှု အလားအလာရှိမရှိ စုံစမ်းမေးမြန်းရန် မြတ်စွာဘုရားထံသို့ စေလွှတ်ခဲ့သည်။ ထိုအခါ မြတ်စွာဘုရားရှင်က လိစ္ဆ၀ီမင်းတို့မှာ အပရိဟာနိယတရား (၇)ပါး လက်ကိုင်ထားသောကြောင့် ဤစစ်ပွဲကို မအောင်မြင်နိုင်ကြောင်း မိန့်တော်မူခဲ့ပါ၏။
ထို့ကြောင့် မြတ်စွာဘုရားရှင်နှင့် သူ၏ တပည့်သာဝကများသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ စီးပွားဥစ္စာရှာဖွေရေး၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရေးစသော လူမှုရေးလုပ်ငန်းများနှင့် ပြည်သူပြည်သားများ ကောင်းကျိုးအတွက် စစ်မှန်၍ တရားမျှတသော အစိုးရပေါ်ပေါက်ရေးတို့ကို လမ်းညွှန်ပြသခဲ့ပါသည်။

မြတ်စွာဘုရားရှင်သည် သူ၏ လုပ်ငန်းဆောင်တာများကို အိန္ဒိယနိုင်ငံဟူသော အဓိကဒေသဖြင့် ကန့်သတ်မထားပေ။ ကျမ်းဂန်အထောက်အထားများအရ လူမျိုးရေးပဋိပက္ခများကို ဖြေရှင်းပေးရန်အတွက် သီရိလင်္ကာနိုင်ငံသို့ပင် ကြွရောက်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့ပါ၏။ ထို့အပြင် သမန္တပါသာဒိကာမည်သော ၀ိနည်းအဋ္ဌကထာကျမ်းတွင် နာမကျန်းသူတို့နှင့် လူသားတို့၏ ကောင်းကျိုးများ ဆောင်ရွက်ရန်၊ ခိုက်ရန်အငြင်းပွားခြင်းများကို ဖြေရှင်းပေးရန် ကြွရောက်တော်မူခဲ့ကြောင်း ပြဆိုထားသည်။ သီရိလင်္ကာနိုင်ငံတွင် အဖျားရောဂါဘေးကြီး ကျရောက်စဉ်က ကကုသန်မြတ်စွာဘုရားရှင်သည် နောက်ပါ တပည့်သာဝကများစွာဖြင့် ကြွရောက်ပြီး သေကျေပျက်စီးရသော ကပ်ရောဂါဘေးကြီးမှ ကယ်တင်ခဲ့ပါ၏။ ကောဏာဂုမ်မြတ်စွာဘုရားရှင်လက်ထက်တွင် သီရိလင်္ကာနိုင်ငံသည် အလွန်ပြင်းထန်သော မိုးခေါင်ရေရှားသောဘေးကြီး ကျရောက်ခဲ့၍ ကောဏာဂုမ်ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ပြီး ကယ်တင်ခဲ့ရသည်။ ကဿပမြတ်စွာဘုရားရှင်သည်လည်း သီရိလင်္ကာသို့ ကြွရောက်ပြီး အလွန်ခါးသီးသော စစ်ပွဲပဋိပက္ခများကို အေးငြိမ်းစေပြီး သီရိလင်္ကာကျွန်းသူကျွန်းသားအတွက် ငြိမ်းချမ်းမှုနှင့် တိုးတက်မှုရရှိစေရန် တရားရေအေးတိုက်ကျွေးခြင်းအားဖြင့် ဖြေရှင်းပေးတော်မူခဲ့ပါသည်။

ဆက်ရန်ရှိပါသည်…….

Saturday, July 18, 2009

သြော်…အာဇာနည်…အာဇာနည်….


(ဓာတ်ပုံ ...ခေတ်ပြိုင်)

အာဇာနည်နေ့ ရောက်ခဲ့ပြန်ပြီ။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ ၈၈-နှစ်ပတ်လည်နေ့၊ ၇-ဇူလိုင်၊ စက်တင်ဘာနှစ်ပတ်လည်နေ့…ဘယ်နေ့မှာမှ တက်တက်ကြွကြွ မရှိကြတော့ဘူး။ အားလုံးက မေ့နေကြပြီ။ မမေ့နိုင်ဘဲ ရင်ထဲအသည်းထဲကနေ အမှတ်ရအောက်မေ့နေသူတွေကတော့ လှိုက်လှိုက်လှဲလှဲ သတိရအောက်မေ့နေဆဲ။ အဲဒီနေ့တွေ ရောက်တိုင်း မျက်ရည်ဝဲ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ချန်မထားသင့်တဲ့ အဖြစ်အပျက်တွေ။ လုပ်သမျှ အရာမထင်လို့လား မသိ။ အာဇာနည်နေ့ လှုပ်ရှားမှုတွေက အားရစရာ မရှိ။ လူငယ်တွေကလဲ ခေတ်ပျက်ခေတ်ထဲမှာ စီးပွားရှာရင်း။ အလေလိုက်ရင်း ပေါ့ပေါ့ပါးပါး။ တစ်ချို့ကျတော့လဲ တရားသမားလိုလို ဘာလိုလိုနဲ့ သမိုင်းကို မျက်ကွယ်ပြု။ အာဏာရှင်ကို အဖေခေါ်နေသူတွေက ခေါ်လိုခေါ်။ အာဏာရှင်လက်သစ်တွေကို မြှောက်စားသူတွေ မြှောက်စား။

သြော်…အာဇာနည်…အာဇာနည်….မြန်မာမှာ ဖြစ်လာရတဲ့ အာဇာနည်များ သင်တို့အတွက် အာဇာနည်ဖြစ်လာရကျိုး မနပ်ပါတကား။

တရားသမားလိုလို ဘာလိုလို ညာလိုလိုနဲ့ ငါကောင်းစားရေးသာ အာရုံထားနေတဲ့ ဘုန်းကြီးလိုလို မဘုန်းကြီးလိုလို ပုဂ္ဂိုလ်တွေကလဲ ပေါပြီးရင်း ပေါလာနေတယ်။ `ဥပေက္ခာဝိဟာရပတိရူပကေန ကုသလေသု ဓမ္မေသု နိက္ခိတ္တဆန္ဒတာ ၀ဉ္စေတိ´။ ဗြဟ္မ၀ိဟာရတရားလေးပါးကို ဖွင့်ပြတဲ့ နေတ္တိအဋ္ဌကထာစကားတွေက ကောက်နှုတ်လိုက်တာပါ။ အဓိပ္ပာယ်က `ကောင်းမွန်မြင့်မြတ်သောတရားတွေကို ပြုလုပ်လိုသော ဆန္ဒမရှိတော့ခြင်းဟာ ဗြဟ္မ၀ိဟာရတရားဖြင့် နေနေသလို ဟန်ဆောင်လှည့်ဖြားတတ်သည်´တဲ့။ အဲ့လိုလူတွေ အဲ့လို ဘုန်းကြီးတွေက သိပ်များလာနေတယ်။ စိတ်ပျက်စရာ အတော်ကောင်းပါတယ်။ `ဟေ့ အာဇာနည်နေ့ရောက်ရင် ဒို့ ဘာလုပ်ကြမလဲ´အဲဒီလို မေးလိုက်တိုင်း…ဘာမှလဲ ဖြစ်မလာဘူး၊ လုပ်မနေတော့ပါဘူးကွာ..အဲဒီလိုပဲ ပြောနေကြတယ်။ စာရေးသူအမြင်အရတော့ အဲဒီလို မဟုတ်ဘူး။ ဘာမှ ဖြစ်လာအောင် လုပ်တာ မဟုတ်ဘူး။ ကျေးဇူးတင်သင့်၊ အလေးအမြတ်ပြုသင့်တဲ့ နိုင်ငံ့ခေါင်းဆောင်၊ မြန်မာတစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အောက်မေ့တသအမှတ်တရလုပ်တယ်ဆိုတာ ဗုဒ္ဓတရားတော်နဲ့လဲ ညီပါတယ်။ ဒါ မလုပ်သင့်တာကို လုပ်နေတာ မဟုတ်ဘူး။ အဲဒီလောက်လေးမှ ခွဲခြားမသိတတရင် ဗုဒ္ဓဘာသာလို့ ခေါ်နေတာကိုက ပုံစံမကျသေးဘူး။


သူများတွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ကျေးဇူးတင့်သင့်တဲ့သူတွေကို ကျေးဇူးတင်တယ်။ အလေးအမြတ်ပြုတယ်။ အဲဒီလို လုပ်နေကြတာကိုပဲ ဘေးကနေ `ကွိကွိ ကွက်ကွက်´လျှောက်ပြော။ မလုပ်သင့် မလုပ်ထိုက်တာကိုပဲ လုပ်နေကြသလိုလို။ ဒါကိုပဲ တကယ့်နိုင်ငံရေးကြီး လုပ်နေကြသလိုလို ထင်နေကြတယ်။ ကိုယ့်နိုင်ငံက လွတ်လပ်ရေးဖခင်တွေနဲ့ နိုင်ငံ့ကျေးဇူးရှင်၊ တစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အမှတ်တရ လုပ်တာဟာ နိုင်ငံရေးလုပ်တာမှ မဟုတ်တာပဲ။ ဒါ ဘာသာရေးလုပ်တာ။ (နိုင်ငံရေးနဲ့ဘာသာရေးဆိုတာ အတိုင်းအတာတစ်ခုအထိ ထပ်တူကျပါတယ်။) မင်္ဂလာရှိတဲ့အလုပ်တစ်ခုကို လုပ်တာပဲ။ ဆိုးရွားတဲ့ အုပ်ချုပ်မှုစနစ်ဆိုးအောက်ကနေ ထွက်လာတဲ့ ညစ်ပတ်စုတ်ပဲ့တဲ့အတွေးအခေါ်တွေက ဗုဒ္ဓဘာသာတွေကြားမှာ တိုးပွားလာနေတယ်။ အဲဒီလို ကျေးဇူးတင်အမှတ်တရ မလုပ်တာကိုပဲ သူတို့ကိုယ်သူတို့ သူတော်ကောင်းကြီးတွေလို လက်ပိုက်ပြုံးကြည့်နေတတ်ကြတယ်။ သူတို့ကပဲ တရားဓမ္မကို သိနေသလိုလို။ ချီးကျူးဂုဏ်ပြုသင့်သူကို ချီးကျူးဂုဏ်ပြုခြင်း၊ အောက်မေ့အမှတ်တရ ဖြစ်သင့်သူကို အောက်မေ့အမှတ်တရ ဖြစ်နေခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အမှတ်သင်္ကေတပဲ။
ဆန့်ကျင်ဘက်အနေနဲ့ အဲဒီလို စိတ်ထားမျိုး မရှိတဲ့သူဟာ အောက်တန်းစားစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူပဲ။ တစ်နည်းအားဖြင့် ကြောင်သူတော်တွေပဲ။ ကိုယ်ချမ်းသာရင် ပြီးရော၊ ကိုယ်ဘုန်းကြီးရင်ပြီးရော…ကျန်တာတွေ စိတ်မ၀င်စားဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေ အတော်စိတ်ပျက်စရာ ကောင်းတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာသနာ့ဝန်ထမ်းတွေ ဖြစ်နေပြီဆိုရင် ပို့လို့တောင် ရွံစရာကောင်းတယ်။ ကိုယ်လူမျိုးအရေးကို ကိုယ်နဲ့မဆိုင်သလို နေတဲ့သူတွေဟာ စောစောက ပြောခဲ့သလို ဥပေက္ခာအတုနဲ့ စိတ်ဓာတ်ဗရမ်းဗတာ ဖြစ်နေသူများသာ ဖြစ်ပါတယ်။ မသိလိုက် မသိဖာသာလုပ်နေသူတွေကို ပြောမယ်။ ဘုရားဟောတဲ့ ဥပေက္ခာဟာ အဲဒီရဲ့ အဓိပ္ပာယ်မဟုတ်ဘူး။

ပါလက်စတိုင်းရဲ့ အာရာဖတ် ကွယ်လွန်သွားတော့ ကဗျာဆရာ မောင်ရင့်မာက ကဗျာတစ်ပုဒ် စပ်သွားတယ်။
……………
မစိုးရိမ်ပါနဲ့
မေ့သွားကြမှာပါ
နောင် အနှစ်သုံးဆယ် လေးဆယ်
သို့မဟုတ် ငါးဆယ် တစ်ရာ
သူတို့ မေ့သွားကြမှာပါ
သေသူတွေဟာ
မေ့လျော့ခံနေကြရတာပဲ မဟုတ်လား။ ။
ကဗျာဆရာက အာရာဖက်ကို ဦးတည်ထားတယ်။ ဒါပေမယ့် အမေ့လျော့ခံဘ၀ရောက်နေရတဲ့ မြန်မာ့သူရဲကောင်းတွေကို ရည်ညွှန်းနေတဲ့ ကဗျာဆရာရဲ့ ၀ိညာဏ်ကို မြင်နေရပါတယ်။ မမေ့အပ်တဲ့ အာဇာနည်တွေကို မေ့နေကြတာကို ကဗျာဆရာက မနေနိုင်လို့ အရွဲ့တိုက် ရေးဖွဲ့လိုက်ပုံရပါတယ်။ စိတ်မကောင်းဖြစ်စရာ အတော်ကောင်းပါတယ်။ ဘယ်ခေတ်ဘယ်တိုင်းပြည်မှာမှ ကိုယ်နိုင်ငံသူရဲကောင်းတွေကို မှေးမှိန်အောင် မလုပ်ကြပါဘူး။ ဒါပေမယ့်….စာရေးသူတို့နိုင်ငံမှာ မလုပ်သင့်…မလုပ်ထိုက်တာတွေကို တွေ့နေရပါပြီ။


(ဓာတ်ပုံ...မိုးသီးဇွန်)

ဘလော့တွေ၊ ၀က်ဘဆိုက်တွေ လိုက်ကြည့်တော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေသူတွေက များတယ်။ အပြင်လောကမှာလဲ ကြည့်…မဆိုင်သလို မသိသလို လုပ်နေသူတွေက များတယ်။ ကိုယ့်တိုင်းပြည်က ကိုယ့်အာဇာနည်တွေကို မေ့နေတဲ့ လူမျိုးဟာ ဘယ်မှာ ကြီးပွားတိုးတက်တော့မလဲ။ အချုပ်တန်းဆရာဖေ ပြောသလို `ခွကောင်တွေ ခွေးဖြစ်ပေါ့ရိုး´လို့ ဆိုရမလိုပါပဲ။

ခပ်ကြမ်းကြမ်းတွေ ရေးတယ်လို့ ပြောချင်ပြော။ အာဇာနည်နေ့ကို ဒီစာနဲ့ ဖွင့်တယ်။ ဒီစာနဲ့ ဂုဏ်ပြုတယ်။ အာဇာနည်နေ့အတွက် အမှတ်တရရေးကြတဲ့ ဘလော့ဂါတွေ၊ စာရေးဆရာတွေအားလုံးကိုလဲ ဒီစာနဲ့ ဂုဏ်ပြုအပ်ပါတယ်။

Friday, July 17, 2009

ဒါန၏ အရေးပါမှု

(၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းမှာ မြန်မာရဟန်းတော်များအား နေ့ဆွမ်းဒါနပြုလုပ်သော ဒါယကာများအား ဟောကြားခဲ့သော အနုမောဒနာတရားကို ကောက်နှုတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ သုမနာမင်းသမီးမေးမြန်းလျှောက်ထားခဲ့တဲ့ ဒါနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက အတော်မှတ်သားစရာ ဖြစ်ပါတယ်။)



ဒါနဆိုတာ ပေးလှူခြင်းပေါ့။ `ပေးလှူတယ်´လို့ စကားအရ လွယ်လွယ်လေး ပြောနိုင်ပေမယ့် တကယ်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ နည်းတဲ့သတ္တိမဟုတ်ပါဘူး။ ဒါနပြုသူတွေ အများကြီးတွေ့နေလို့ ဒါနပြုတယ်ဆိုတာ သိပ်ခက်တဲ့အရာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။ အမှန်က ကိုယ်တိုင်စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒီနေ့ ဒကာတို့ အလှူဒါနဟာလဲ သိပ်ကို မွန်မြတ်တယ်၊ အနှောင်အဖွဲ့သိပ်ကို ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အလှူခံဖြစ်တဲ့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များနဲ့ ဒကာတို့ဟာ အဝေးတစ်နေရာစီမှာ နေနေကြရတာဖြစ်လို့ ဒီဒကာတို့ အလှူဟာ စေတနာကို အရင်းခံတဲ့ မွန်မြတ်တဲ့အလှူဆိုတာ ငြင်းစရာ မရှိပါဘူး။

ပေးကမ်းလှူဒါန်းခြင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အနှစ်အချုပ်သုံးခုမှာ ပထမဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ ပေးကမ်းခြင်းဟာ လောကုတ္တရာအထက်တန်းကို လှမ်းဖို့အတွက် ပထမဆုံး ခြေလှမ်းပါ။ ပထမဆုံးခြေလှမ်းက သိပ်အရေးကြီးပါတယ်။ ပေးကမ်းလှူဒါန်းခြင်းအလုပ်ဟာ ဘယ်လောက်ထိ အကျိုးကြီးတယ်ဆိုတာကို ဒကာကြီးတို့ နေ့စဉ်ပတ်ဝန်းကျင်မှာလဲ တွေ့နိုင်ပါတယ်။ ပေးတတ်ကမ်းတတ်တဲ့သူဟာ လူချစ်လူခင်ပေါများပါတယ်။ စီးပွားရေးလောကမှာ ပေးကမ်းသင့်သူ၊ ချီးမြှောက်သင့်သူများကို ပေးကမ်းချီမြှောက်တဲ့သူဟာ အောင်မြင်တတ်တယ်ဆိုတာ ဒကာကြီးတို့ အသိဆုံး ဖြစ်ပါတယ်။ လောကီအကျိုးမှာ ဒီလောက်အကျိုးများရင် လောကုတ္တရာပိုင်းအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။


ဒါနနဲ့ပတ်သက်တဲ့ မြတ်စွာဘုရားလက်ထက်က ဇာတ်ကြောင်းလေးတစ်ခုကို အင်္ဂုတ္တရနိကာယ်မှာ လာရှိတဲ့ သုမနသုတ်ကို အခြေခံပြီး အနည်းငယ် ပြောပြပါမယ်။ အခါတစ်ပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ(သီတင်းသုံး) နေတော်မူတုန်းက သုမနာမင်းသမီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို အခုလို လျှောက်ထားပါတယ်။

''အရှင်ဘုရား ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် သဒ္ဓါတရားလဲ တူကြတယ်၊ သီလတရားလဲ တူကြတယ်၊ ပညာလဲ တူကြတယ်။ ဒါပေမယ့် တစ်ဦးက ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့ သေသွားလျှင် ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ကုန်ရာ၏။ အရှင်ဘုရား…ထိုပုဂ္ဂိုလ်နှစ်ဦးတို့ရဲ့ နတ်စည်းစိမ်က အတူတူ ဖြစ်နိုင်ပါသလော ဒါမှမဟုတ် ကွဲပြားနိုင်ပါသလော''ဟု လျှောက်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက `ချစ်သမီး သုမနာ…မတူနိုင်ဘူး။ ကွဲပြားတာပေါ့´လို့ မိန့်တော်မူပါတယ်။ ဘယ်လိုမတူသလဲဆိုတော့ `နတ်တို့ရဲ့ အသက်။ နတ်တို့ရဲ့ အဆင်း၊ နတ်တို့ရဲ့ ချမ်းသာ၊ နတ်တို့ရဲ့ အခြံအရံ၊ နတ်တို့ရဲ့ အာဏာ´တွေမှာ မတူနိုင်ဘူး´လို့ မိန့်ပါတယ်။ ဒါနပြုသူက မပြုသူထက် အဲဒီအကျိုးတရားတွေ သာလွန်နိုင်ပါတယ်။

ဒါနဲ့ သုမနာက မကျေနပ်သေးဘဲ ဆက်လက်မေးလျှောက်ပါတယ်။ `အရှင်ဘုရား…အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး နတ်အဖြစ်က သေလွန်ပြီး လူ့ပြည်ပြန်ရောက်လာတယ်ဆိုပါတော့..။ အဲဒီအထိ သူတို့မှာ ကွဲပြားမှုရှိနိုင်သေးပါသလား´
အဲဒီတော့ မြတ်စွာဘုရားက `ရှိသေးတာပေါ့။ စောစောကလိုပဲ အသက်တိုရှည်၊ အဆင်းလှမလှ၊ ချမ်းသာဆင်းရဲ၊ အခြံအရံများမများ၊ အာဏာရှိမရှိ ကွဲပြားပါလိမ့်မယ်´လို့ မိန့်တော်မူပါတယ်။

သုမနာမင်းသမီးက ဒီလောက်နဲ့ မရပ်သေးပါဘူး။ သူသိချင်တာကို ဆက်မေးပြန်ပါတယ်။ `ဟုတ်ပါပြီဘုရား၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်က လူဘ၀မှာ မပျော်လို့ ရဟန်းဝတ်သွားကြတယ်ဆိုပါစို့၊ အဲဒီတော့ကော သူတို့မှာ ကွဲပြားနိုင်ပါသေးသလားဘုရား´
ဒီတော့ မြတ်စွာဘုရားက `ဒါနပြုမပြု ကွဲပြားခဲ့လို့ ရဟန်းဖြစ်တာတောင်မှ သူတို့အနေအထားက ဘယ်လိုမှ မတူနိုင်ပါဘူး သုမနာ၊ ဘယ်လို မတူနိုင်သလဲဆိုတော့ ပေးလှူတတ်တဲ့ရဟန်းဟာ သင်္ကန်းဆိုရင်လဲ မတောင်းဘဲ၊ အလှူခံစရာ မလိုဘဲ ရတတ်တယ်၊ ဆွမ်းကိုလဲ တကူးတက အလှူခံစရာ မလိုဘူး၊ ကျောင်းတိုက်တွေလဲ မတောင်းဘဲ ရတတ်တယ်၊ ဆေးပစ္စည်းဆိုရင်လဲ သူများဆီ လက်မဖြန့်ရဘဲ ရလာတတ်တယ်။ ဒါတင်မကသေးဘူး သုမနာ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းဝတ္ထုကို အခြားပုဂ္ဂိုလ်တွေကို ပေးလှူတတ်လို့ သူ့ကို အခြားရဟန်းတွေက ၀ိုင်းချစ်ကြတယ်။ သူ့လိုပုဂ္ဂိုလ်ကို မချစ်တဲ့သူဆိုတာ နည်းတယ်။ သူ့ကို စကားပြောရင်လဲ အားလုံးက ချစ်စဖွယ်အမူအရာနဲ့ပဲ ပြောကြတယ်။ မုန်းတဲ့အမူအရာနဲ့ ပြောသူဆိုတာ ရှားပါတယ်။ ဒီလို အကျိုးထူးတွေ ရှိပါတယ် သုမနာ´လို့ မိန့်တော်မူလိုက်ပါတယ်။

သုမနာဆိုတဲ့ အမျိုးသမီးကလဲ ဒီအဖြေလောက်နဲ့ မကျေနပ်သေးဘူး။ အမေးအမြန်းထူပါတယ်။ သူ အမေးအမြန်းထူတာက ဦးဇင်းတို့အတွက်တော့ ပိုကောင်းတယ်လို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သုမနာမင်းသမီးလေးသာ ဘုရားရှင်ကို မမေးမြန်းခဲ့ဘူးဆိုရင် ဦးဇင်းတို့ ဒကာကြီးတို့ ဘယ်လိုလုပ် သိနိုင်တော့မလဲ။ ဟုတ်ဘူးလား။ ကဲ…စောစောက ဇာတ်လမ်း ပြန်ဆက်ရအောင်…
`ကောင်းပါတယ်ဘုရား။ တပည့်တော် ထက်သိချင်ပါသေးတယ်။ အဲဒီရဟန်းနှစ်ပါးစလုံး ရဟန္တာဖြစ်သွားကြပြီ ဆိုပါစို့။ သူတို့နှစ်ပါး အခြေအနေချင်း ကွဲပြားသေးလားဘုရား´

`သုမနာမင်းသမီး….တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုဟာ အခြားတစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုနဲ့ ကွဲပြားတယ်လို့ ငါမဟောပါ´လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီနေရာမှာ အခြားအခြားသော အခြေအနေတွေမှာ ကွဲပြားခဲ့ပေမယ့် ရဟန္တာဖြစ်မှု သို့မဟုတ် ဘ၀လွတ်မြောက်မှုပိုင်းမှာတော့ အားလုံးဟာ အတူတူပါပဲ။ ဒါကို မှတ်သားသင့်ပါတယ်။ သူကတော့ ကိလေသာနည်းနည်းလေး ပယ်ပြီး ရဟန္တာဖြစ်တာ၊ သူကတော့ ကိလေသာတွေ အများကြီးပယ်ပြီး ရဟန္တာဖြစ်တာလို့ မဆိုနိုင်ပါဘူး။ ရဟန္တာဖြစ်ပြီဆိုကတည်းက ဘ၀လွတ်မြောက်မှုကတော့ အတူတူပါပဲ။ အထက်ပါအတိုင်း အပြန်အလှန် မေးမြန်းဖြေဆိုကြပြီးတော့ သုမနာမင်းသမီးဟာ အောက်ပါအတိုင်း မြတ်စွာဘုရားရှင်ကို လျှောက်ပါတယ်။

`အရှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အရှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကိုပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ပါပေကုန်၏´
အဲဒီအခါမှာ မြတ်စွာဘုရားကလဲ အောက်ပါအတိုင်း ဟောတော်မူပါတယ်။

''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသောကြယ် (တာရာ) အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြောဝန်တိုခြင်းရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန်တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့်ပြည့်စုံသော မိုးသည်ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေသကဲ့သို့။ ဤအတူသာလျှင် (သောတာပတ္တိ) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုး တို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် (ပေးလှူအပ်သော) စည်းစိမ်ဥစ္စာတို့က တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ (အကျော်အစော) ဖြင့်လည်းကောင်း၊ ရုပ်အဆင်း ဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။

အဲဒီတော့ ဒါနရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ဒကာကြီးတို့ အထိုက်အလျောက် သိသွားပြီပေါ့။ ဒါနအလှူပေးခြင်းက လောကီလူ့ဘ၀သာမက လောကုတ္တရာရဟန်းဘ၀မှာတောင် အကျိုးပေးပုံချင်း ကွဲပြားပါတယ်။ ဒီတော့ ယနေ့ဆွမ်းလှူဒါန်းကြတဲ့ ဒကာကြီးတို့အနေနဲ့ အထက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ မလွဲပါဘူး။ လောကီအနေနဲ့ ဒီအကျိုးကျေးဇူးတွေက လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဦးဇင်းတိုက်တွန်းချင်တာက နောက်ဆုံးဟောကြားချက်အတိုင်း ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ဆိုတဲ့ လောကရဲ့ ကွဲပြားမှုတွေနဲ့ ဝေးရာ ကိလေသာကုန်ခမ်းရာ နိဗ္ဗာန်ရောက်ကြောင်းတွေကို ကျင့်ဖို့ လိုပါသေးတယ်။ အဲဒီလို အခြေအနေတွေကို ရောက်ရှိခဲ့ရင် အားလုံးဟာ တန်းတူညီတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဦးဇင်းတို့၊ ဒကာကြီးတို့အနေနဲ့ ဆင်းရဲချမ်းသာ၊ ရုပ်ချောမချော၊ အသက်တိုရှည်၊ အာဏာပါဝါနည်းမှုများမှုစတဲ့ လူ့လောကရဲ့ အနိမ့်အမြင့်တွေကနေ လွတ်မြောက်ချင်ရင် ရဟန္တာဖြစ်အောင် အားထုတ်ကြဖို့ပဲ ရှိပါတယ်။

ဒီနေ့ လှူဒါန်းရတဲ့ ဆွမ်းအလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသော အကျိုးတရားများ ရရှိပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။ အဆိုပါ လောကီအကျိုးတရားများအပြင် ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ အနုမောဒနာကို နိဂုံးချုပ်လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ

Sunday, July 12, 2009

ဗဟိုချက်ပျောက်ဆုံးခြင်း



သြစတေးလျမှာ ရောက်ရှိသတင်းသုံးနေတဲ့ ဘုန်းကြီးဦးဇနိတရဲ့ ကျေးဇူးနဲ့ ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းကို လက်တွေ့လေ့လာအားထုတ်ခွင့်ရခဲ့ပါတယ်။ သမထပြီးမှ ၀ိပဿနာကို ရှုမှတ်ပွားများရတဲ့ သမထယာနိကလမ်းစဉ်ဖြစ်ပါတယ်။ စာရေးသူ သမထပိုင်းပြီးအောင် အားထုတ်ပြီးတဲ့အခါ ၀ိပဿနာကို ကူးရပါတယ်။ ၀ိပဿနာရှုမှတ်တဲ့အခါမှာ ကန္နီနည်းက နှလုံးအိမ်ကို အာရုံပြုရှုမှတ်ရပါတယ်။ ၀ိပဿနာရှုစ နှစ်ရက်လောက်ထိ အချိန်သာ ကုန်သွားတယ်။ သမာဓိက တည်လို့မရဘူး။ နှလုံးအိမ်ကို ရှုမှတ်လို့ မရခဲ့ဘူး။ အဲဒီအခါတုန်းက စိတ်တွေလဲ အတော်ပင်ပန်းခဲ့ရတယ်။

ဘုန်းကြီးဦးဇနိတကလဲ “စိတ်မပျက်နဲ့၊ ၀ီရိယထက်တင်ပြီး ရှုမှတ်လိုက်စမ်းပါ၊ ဒါက ဗဟိုချက်ဖြစ်နေလို့၊ အစတော့ ခက်မှာပဲ၊ ကိုယ်တော် အခက်ဆုံးအပိုင်းကို အောင်မြင်အောင် ရှုမှတ်နိုင်ပြီဆိုရင် ကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိုသလို ရှုမှတ်နိုင်သွားလိမ့်မယ်”လို့ အားပေးလမ်းညွှန်မှုပေးပါတယ်။ သုံးရက်မြောက်နေ့မှာမှ နှလုံးအိမ်မှာ တရိပ်ရိပ်၊ တသဲသဲ၊ တဖွဲဖွဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်သဘောကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါကျမှ ဘုန်းကြီးပြောတဲ့အတိုင်း နှလုံးအိမ်ကို ဗဟိုပြုပြီး ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်နာမ်တရားတွေရဲ့ တရိပ်ရိပ် ဖြစ်ပျက်နေပုံများကို လက်တွေ့၊ ဉာဏ်တွေ့ သဘောပေါက်ခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ဗဟိုချက်ပျောက်ဆုံးလို့ ဒုက္ခရောက်ပြီး၊ ဗဟိုချက်ကို တွေ့လို့ ပြဿနာပြေလည်သွားခဲ့တာပါ။

လောကမှာရှိတဲ့ ရှိရှိသမျှ ပြဿနာတွေမှာလဲ ဒီသဘောပါပဲ။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာရဲ့ အစမှာရှိတဲ့ ဂါထာတစ်ပုဒ်ရှိပါတယ်။ “အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ”အစရှိတဲ့ ဂါထာလေးပါ။ အဓိပ္ပာယ်က မြတ်စွာဘုရား…လောကရှိ သတ္တ၀ါအပေါင်းတို့ဟာ သပွတ်အူကဲ့သို့ အတွင်းမှာလဲ ရှုပ်ထွေးပွေလီနေပါတယ်။ ကြွက်ကိုက်ထားတဲ့ ချည်ထွေး၊ ကောက်ရိုးဆွေးပုံကဲ့သို့ အပြင်မှာလဲ ရှုပ်ထွေးပွေလီနေပါတယ်။ ဒီအရှုပ်တော်ပုံတွေကို ဘာနဲ့ရှင်းရပါ့မလဲဘုရားလို့ နတ်သားတစ်ပါး မေးလျှောက်တာပါ။ အဲဒီအခါ ဗုဒ္ဓမြတ်စွာဖြေကြားချက်အကျဉ်းကတော့ သီလ၊ သမာဓိ၊ ပညာနဲ့ ရှင်းပါလို့ မိန့်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဟာ ပိဋကတ်သုံးပုံရဲ့ အဓိကအနှစ်သာရပါပဲ။ ဒါက ဓမ္မသဘောနဲ့ ပြောပြခြင်းဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ တရားသုံးပါးနဲ့ဖြေရှင်းရင် အရှုပ်အထွေးပြဿနာတွေ ပြေလည်နိုင်ပါတယ်။


ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဗဟိုချက်ကို သိဖို့လိုပါတယ်။ ဗဟိုချက်ဖြစ်တဲ့ အဓိကအပိုင်း ပျောက်ဆုံးသွားတာနဲ့ ပြဿနာကလဲ ရှင်းလို့မပြီးတော့ပါဘူး။ လောကမှာလဲပဲ ရှင်းမရတဲ့အရှုပ်အထွေးတွေ ဖြစ်လာပြီဆိုရင် သပွတ်အူတို့၊ ချည်ထွေးတို့နဲ့ တင်စားပြောပြတတ်ကြပါတယ်။ သပွတ်အူတွေမှာ အမျှင်တွေက များပြားပြီး ရှုပ်ထွေးနေတော့ ဘယ်ကအစ၊ ဘယ်ကအဆုံး ပြောဖို့ခက်ပါတယ်။ ချည်ထွေးတွေမှာလဲ ဒီအတိုင်းပါပဲ။ ချည်ခင်ရဲ့အစကို မတွေ့မချင်း ရှင်းလို့ မရနိုင်ပါဘူး။ လမ်းက တစ်နည်းပဲ ရှိပါတယ်။ ဗဟိုချက်ဖြစ်တဲ့ အစကို ရှာပါ။ အစကိုတွေ့ပြီဆိုရင်တော့ ရှင်းဖို့ သိပ်ကို လွယ်သွားပါပြီ။

လောကမှာရှိတဲ့ ပြဿနာတွေမှာလဲ ဒီသဘောပါပဲ။ တစ်ခါတလေ ပြဿနာက သိပ်ကြီးကြီးမားမားမဟုတ်ဘူး။ ဒါပေမယ့် ပြဿနာရဲ့ ဗဟိုချက်ကို မတွေ့လို့ ရှင်းရတာ ခက်နေတတ်ပါတယ်။ ပြဿနာတွေရဲ့ ဇာစ်မြစ်က တစ်ခါတလေ ပျောက်ဆုံးနေတတ်တယ်။ ဗဟိုချက်ပျောက်ဆုံးနေတဲ့ပြဿနာက သပွတ်အူလိုပဲ ဖြစ်နေတတ်ပါတယ်။ ကျွမ်းကျင်တဲ့သူ၊ အထာနပ်တဲ့သူတစ်ယောက်က ပြဿနာရဲ့ ဗဟိုချက်ကို သိမြင်ပြီး ဖြေရှင်းပေးလိုက်တော့ ချက်ချင်း ပြေလည်သွားတော့တာပဲ။

ကွန်ပြူတာပြင်တဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။ “ကွန်ပြူတာပျက်လို့ဆိုပြီး လာခေါ်ရင် တပည့်တော်တို့ ပထမဆုံး လုပ်ရတာက ဘယ်ကောင်က ပြဿနာပေးနေတာလဲဆိုတာကို အရင်ကြည့်ရတယ်”လို့ ဆိုပါတယ်။ တစ်ခါက စာရေးသူမှာ ကွန်ပြူတာအလုပ်မလုပ်တော့လို့ ဆရာခေါ်ရပါတယ်။ ဆရာလဲ ရောက်လာရော ခဏလေး ဟိုဟာကြည့်၊ ဒီဟာကြည့်လုပ်ပြီး ကီးဘုတ်ပေါ်မှာ တစ်ချက်နှစ်ချက်နှိပ်လိုက်တာနဲ့ ကွန်ပြူတာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ပြဿနာရဲ့ အဓိက ဗဟိုချက်ကိုသိတော့ ဖြေရှင်းရတာ လွယ်သွားပါတယ်။ စာရေးသူမှာ တစ်ရက်နှစ်ရက်လောက် မဖြေရှင်းနိုင်ခဲ့ပါဘူး။ သူ့အတွက်တော့ ငါးမိနစ်လောက်ပဲ ကြာလိုက်ပါတယ်။

သီရိလင်္ကာဘုန်းကြီးတစ်ပါးအကူအညီနဲ့ တောရွာတွေကို ရောက်သွားဖြစ်ပါတယ်။ သွားတဲ့အကြောင်းကတော့ သူ့ရဲ့တပည့်ကိုရင်လေးတွေကို စာသင်တိုက်ပိတ်တုန်း သူတို့မိဘတွေနဲ့ ပေးတွေ့ဖို့ သွားကြတာပါ။ ဒီနိုင်ငံက ဓလေ့ထုံစံက မြန်မာနဲ့မတူပါဘူး။ မြန်မာမှာက ကိုရင်ဝတ်ပေးပြီးတာနဲ့ မိဘတွေက အဓိကထောက်ပံ့ရတာ။ စာမေးပွဲတွေပြီးရင်လဲ မိဘရပ်ထံ ပြန်ကြရတာ။ ဒီမှာက အဲ့လို မဟုတ်ဘူး။ ကိုရင်ဝတ်ပေးပြီးတာနဲ့ ဆရာသမားဘုန်းကြီးက အစစအရာရာ၊ နောင်ကြီးတဲ့အခါ ကျောင်းလိုအပ်ရင်၊ အဆင်သင့်လဲ ရှိခဲ့ရင် ကျောင်းကအစ တာဝန်ယူပေးအပ်ရတာ။ စာသင်တိုက်မှာ ကုန်ကျသမျှကလဲ ဆရာသမားပဲ။
နောက်ပြီး ကိုရင်တွေကို မိဘတွေဆီ ကိုယ်တိုင်သွားခွင့်မပေးကြဘူး။ လူထွက်ကုန်မှာစိုးလို့လို့ ဆိုပါတယ်။ တစ်နှစ်မှာ တစ်ခါ မိဘတွေနေအိမ်ဆီကို မျက်နှာသွားပြရတာ။ အဲဒီအခါမှာ သူတို့ပြောတာတွေကို အကုန်တော့ နားမလည်ဘူး။ ဒါပေမယ့် မှန်းပြီး သိလိုက်တာကတော့ ဒကာကြီးတို့ရဲ့သားကို ကိုယ့်သားအရင်းလို စောင့်ရှောက်ကြောင်း၊ လိုအပ်တာတွေကို ဘုန်းကြီးက အကုန်ထောက်ပံ့ပေးထားကြောင်းစတဲ့ အကြောင်းအရာတွေပါပဲ။ မိဘ၊ ဆွေမျိုးတွေနဲ့တွေ့တဲ့အချိန်ဟာ နာရီဝက်လောက်ပဲ ရှိပါတယ်။ အဲဒီအခါမျိုးတွေမှာ မိဘတွေက တစ်ရက်လောက် သားလေးနဲ့အတူနေချင်လို့ ထားခဲ့ဖို့ အသနားခံကြတယ်။ တစ်ရက်မရရင်လဲ နာရီအနည်းငယ်လောက် ထပ်နေပေးဖို့ မျက်ရည်တွေနဲ့ တောင်းပန်ကြတယ်။ ဒါပေမယ့် ဘုန်းကြီးက လက်မခံပါဘူး။ ပြောချင်တာက ဒီအကြောင်းမဟုတ်ပါဘူး။ စကားစပ်လို့ ပြောဖြစ်တာ။

ပြောချင်တာက အဲဒီအရပ်ဒေသမှာနေတဲ့ လူထုတွေက ဆန္ဒပြပွဲတွေ ခဏခဏလုပ်ကြတယ်တဲ့။ ထစ်ခနဲဆိုရင် အစိုးရကို မကျေနပ်ကြောင်း ဆန္ဒပြကြတော့တာပဲ။ အစိုးရကလဲ အဲဒီဒေသခံတွေ ကျေနပ်အောင် အဲဒီဒေသသွားပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ ကျောင်းတွေဆောက်စတဲ့ အကျိုးပြုလုပ်ငန်းတွေ အကုန်လုပ်ပေးတာပဲ။ ဒါပေမယ့် ကိစ္စတစ်ခုရှိလိုက် ဆန္ဒပြပွဲတွေက ဖြစ်မြဲပဲတဲ့။ ပါလာတဲ့ဘုန်းကြီးအပြောအရတော့ ဒေသခံတွေကိုယ်တိုင် ဘာဖြစ်လို့ အစိုးရကို မကျေမနပ်ဖြစ်ရတယ်ဆိုတာကိုတောင် ခွဲခြားလို့ မရဘူးတဲ့။

အဲဒီလိုအချိန်မျိုးမှာ အစိုးရက လူတစ်ယောက်ကို အဲဒီဒေသကို လွှတ်၊ ကြာရှည်နေခိုင်းပြီး လူတွေ ဘာလို့မကျေနပ်ကြသလဲဆိုတာကို လေ့လာခိုင်းတယ်တဲ့။ အဲဒီလူက အဆိုပါဒေသမှာ တစ်နှစ်လောက်နေမှ ပြဿနာရဲ့ ဇာတ်မြစ်ကို သိရတယ်တဲ့။ ဒေသခံတွေဟာ ခရီးသွားကြတော့ သီရိလင်္ကာနိုင်ငံရဲ့ လမ်းတွေဟာ သူတို့ဒေသထက်စာရင် အရမ်းကို ကောင်းလွန်းနေတာကို တွေ့ကြရတယ်တဲ့။ သူတို့ဒေသက လမ်းတွေကတော့ အရမ်းကိုဆိုးဝါးလွန်းနေတယ်။ ပြဿနာက လမ်းမကောင်းတာကြောင့်လို့ ဆိုပါတယ်။ ဒါနဲ့ အစိုးရက ချက်ချင်းပဲ အဲဒီဒေသတစ်ခုလုံးကို ကတ္တရာထူထူကြီးတွေနဲ့ ခင်းပေးလိုက်တော့မှ သမ္မတမဟိန္ဒကို သဘောတော်ကျကုန်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ပြဿနာတွေဟာ ဘယ်လောက်ပဲ ကြီးမားပါစေ။ သူ့ရဲ့ ဇာစ်မြစ်ကိုသိရင် အတော်ဖြေရှင်းရတာ လွယ်တယ်လို့ ဆိုရပါမယ်။ အခုဆိုရင် ဒေသခံတွေဟာ ငြိမ့်နေတဲ့ လမ်းမတွေထက်မှာ မော်ကြွားလို့ပေါ့။ ရွေးကောက်ပွဲရောက်တိုင်း မဟိန္ဒမှ မဟိန္ဒဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

တစ်ခါတလေ လောကလူ့ဇာတ်ခုံပေါ်မှာ အမှိုက်ကစ၊ ပြာသာဒ်မီးလောင်ဆိုသလို ပြဿနာအသေးအဖွားလေးတွေကစပြီး ပြဿနာအကြီးကြီးတွေဖြစ်ပြီး ဖြေရှင်းလို့မရ ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံ သားသမီးငယ်တွေ ဆော့ကစားရင်း ရန်ဖြစ်ကြရာကနေ မိသားစုလိုက် ရန်ပွဲကြီးတွေဖြစ်၊ အမုန်းတရားတွေ များနေတဲ့အဖြစ်တွေများစွာကို မိမိတို့ နေ့စဉ်ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ အိမ်နီးနားချင်း ချစ်ချစ်ခင်ခင် နေလာခဲ့ကြရာမှ အိမ်မှာမွေးထားတဲ့ အလှခွေးလေးကို တစ်ဖက်အိမ်က ခွေးက ကိုက်လို့ဆိုပြီး ရန်သူပမာဖြစ်သွားခဲ့တဲ့ မိသားစုနှစ်စုကိုလဲ တွေ့ဖူးပါတယ်။ ဒါတွေဟာ ပြဿနာရဲ့ ဗဟိုချက်ကို လိုက်မရှာဘဲ အတ္တကို ရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ကြလို့ ဖြေရှင်းမရ ဖြစ်ခဲ့ကြရတာပါ။

နှလုံးအိမ်ဆိုတဲ့ ဗဟိုချက်ကို အားစိုက်ရှုမှတ်စဉ်က ဖြစ်ပေါ်လာခဲ့တဲ့ အတွေးအမြင်တွေက မနည်းပါဘူး။ အဓိကကတော့ လူ့လောကမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သွားသွားအမှတ်ရနေတတ်ပါတယ်။ ဘာမှ မဖြစ်စလောက်တဲ့ ပြဿနာလေးကနေ အဓိကဖြေရှင်းရမှာကို မဖြေရှင်းလို့ သို့မဟုတ် မသိလို့ ပြဿနာအသေးလေးတွေကနေ အကြီးကြီး ဖြစ်ကုန်ကြတာ။ ပြဿနာကြီးကြီးတွေ ဖြစ်တိုင်း စာရေးသူကတော့ ဗဟိုချက်ကိုပဲ လိုက်ရှာနေမိပါတယ်။ တကယ်တော့ အောင်မြင်မှုလမ်း လျှောက်လှမ်းနေတဲ့သူတွေဟာလဲ အဓိကအချက်ကို ကိုင်မိရင် အောင်မြင်မှုက မဝေးတတ်ပါဘူး။

ဒီနေရာမှာ စဉ်းစားမိတာလေး တစ်ခုပါ။ `အောင်မြင်ချင်လို့ အလုပ်လုပ်တာနဲ့ အလုပ်လုပ်လို့ အောင်မြင်တာ´ဆိုတဲ့ တူသလိုလိုနဲ့ မတူတဲ့အချက်လေးပါ။ မှန်ကန်တည့်မတ်ပြီး လူ့လောကအတွက် အမှန်တကယ် စေတနာထားသူတွေမှာတော့ အလုပ်လုပ်တာက သူ့အတွက် အဓိက(မိန်း တာ့ဂတ်)ရည်ရွယ်ချက် ဖြစ်ပါတယ်။ အချို့တော့ အောင်မြင်မှုနောက်ကို အသည်းအသန်လိုက်ရင်း အလုပ်လုပ်နေကြတာပါ။ အောင်မြင်မှုကို တန်ဖိုးထားပြီး အလုပ်လုပ်နေသူတွေဟာ ပထမကိုင်စွဲထားတဲ့ အရာက `အတ္တ´ဖြစ်ပါတယ်။ ကိုယ်ကိုင်စွဲထားတဲ့ `အတ္တ´ကလေး အားကောင်းဖို့အတွက်က အဓိကပါပဲ။ အဲဒီအတ္တလေးနဲ့ ကင်းကွာနေတဲ့ အလုပ်ဆိုရင် ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ သူ စိတ်မ၀င်စားပါဘူး။ `အတ္တ´လေးကို ရေသွန်းပေးသလို ဖြစ်နေတဲ့ လုပ်ငန်းမှန်သမျှကို လုပ်နေတော့ အကောင်းရော၊ အဆိုးရော ပါနေမှာပဲ။ အလွန်ဆိုးဝါးတဲ့အလုပ်ကို မလုပ်ဖြစ်သေးသမျှ သူဟာ ကောင်းတဲ့အစိတ်အပိုင်းထဲမှာ ရှိနေပါလိမ့်မယ်။

နောက်ပိုင်း အတ္တကို ပံ့ပိုးပေးမှုမရှိတဲ့ ကောင်းမွန်တဲ့အရာများကို လျစ်လျုရှုလာတဲ့အခါ မကောင်းသတင်းက ထွက်လာတော့တာပဲ။ ဒါက လောကရဲ့ ဓမ္မတာပါ။

ဗုဒ္ဓမြတ်စွာကတော့ အောင်မြင်မှုအတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ လောကကောင်းကျိုးအတွက် အလုပ်လုပ်ခဲ့လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ချင်လို့ အလုပ်လုပ်သူနဲ့ အလုပ်လုပ်လို့ အောင်မြင်သူတွေဟာ သမိုင်းမော်ကွန်းမှာ တန်းတူရှိမနေပါဘူး။

ငွေကြေး၊ ရာထူး၊ အာဏာ၊ ကျော်ကြားမှုစတာတွေကို မဏ္ဍိုင်ပြုပြီး အောင်မြင်မှုကို ဗဟိုချက်အဖြစ် ထားရှိနေသူ မဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အောင်မြင်ချင်လို့ အလုပ်လုပ်တော့ တစ်နေ့ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုက မရတော့ဘူးဆိုရင် မူလရည်ရွယ်ရင်း ကောင်းတဲ့အချက်လေးတွေပါ မကောင်းမှုနဲ့ ရောထွေးသွားတတ်ပါတယ်။ တကယ့်သမိုင်းမှာ တွင်တွင်ကျယ်ကျယ် နေရာယူခဲ့သူတွေဟာ အောင်မြင်မှု၊ ရှုံးနိမ့်မှုအတွက် အာရုံမထားပါဘူး။ သူတို့အာရုံထားတာက `သူတို့အလုပ် ဘယ်လောက်လုပ်နိုင်သလဲ´ဆိုတာကိုပါပဲ။ အဲဒီတော့ အောင်မြင်မှုဆိုတာကို ဗဟိုချက်အနေနဲ့ မထားဘဲ အလုပ်ကိုသာ ဗဟိုချက်နေရာမှာ ထားခဲ့မယ်ဆိုရင် သူဟာ သမိုင်းမှာ အကြီးအကျယ် မတင်ကျန်ခဲ့ရင်တောင်မှ သူ့သမိုင်းက `မရိုင်း´ပါဘူး။

ဗဟိုချက်ပျောက်လို့ တရားအဆင့် မတက်နိုင်ဖြစ်ခဲ့ရတဲ့ စာရေးသူရဲ့ အတွေးစလေးတွေပါ။ ဒီအတွေးလေးတွေကနေ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိပါတယ်။ `ငါ့အလုပ်တွေကရော ဘာကို ဗဟိုပြုနေမိသလဲ´။

Tuesday, July 7, 2009

ရဟန်းပြုခြင်းနှင့်စပ်ဆိုင်သော မေးခွန်း

မေး။ ။
၁။ ရဟန်းပြုချင်သူသည် ဆွံ့အနေပါက၊ စကားမပီပါက ရဟန်းပြု၍ရပါသလား အရှင်ဘုရား (စကားမပီသည့်အတွက် ပရိတ်တွေကအစ ရွတ်ဖတ်ရာတွင် မပီပါအရှင်ဘုရား)

၂။ ရဟန်းပြုချင်သောလူတစ်ယောက်တွင် B ပိုးတွေ့ရှိနေရာ ထိုသူကို B ပိုးတွေ့ရှိသောကြောင့် ရဟန်းပြုခွင့်ဆုံးရှုံးပါသလား အရှင်ဘုရား။ B ပိုးရောဂါရှိသူသည် B ပိုးကြောင့် သေချင်မှလဲ သေပါတယ်အရှင်ဘုရား...။ B ပိုးကြောင့် မသေပါသော်လည်း B ပိုးသည် တစ်သက်လုံး ထိုသူ၏သွေးထဲတွင်ရှိနေနိုင်ပါတယ် အရှင်ဘုရား။ B ပိုးတွေ့ထားသူမှာ ရိုးရိုးကျန်းမာရေးဆေးစစ်ရာတွင် ဆေးစစ်ချက်အရ အသည်းကအစ အားလုံးကောင်းနေပါတယ် အရှင်ဘုရား။ B ပိုးရှိသူမှာ B ပိုးသာရှိတာပါ။ အတွင်းကလီစာတွေကို ဘာမှမထိခိုက်သေးပါ အရှင်ဘုရား။ (ဆေးစစ်ချက်တွင် အသည်း၊နှလုံး တွေကအစ အားလုံး A ကြီးပဲ ထွက်လာပါတယ် အရှင်ဘုရား)။ B ပိုးရှိသူမှာ သူများတစ်ကာတွေကဲ့သို့ အိပ်နိုင်စားနိုင်ပါတယ်(သူများထက် ပိုစားနိုင်ပါတယ် အရှင်ဘုရား)။ ကျန်းမာနေသည့် လူတစ်ယောက်အတိုင်းပါပဲ အရှင်ဘုရား။ သူ့ကိုယ်သူ B ပိုးရှိတဲ့လူတစ်ယောက်လို့ တောင်မှတ်ယူထားတာမဟုတ်ပါဘူး အရှင်ဘုရား... အရှင်းဆုံးကတော့ စဉ်းကို မစဉ်းစားတာပါအရှင်ဘုရား။ ထိုကဲ့သို့သောလူမျိုးသည် ရောဂါပိုးရှိသောကြောင့် ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

၃။ ရဟန်းပြုချင်သူသည် မိဘကခွင့်ပြုမှ ရဟန်းခံလို့ရပါတယ်လို့ တပည့်တော် သိထားပါတယ်အရှင်ဘုရား... ဒါပေမယ့် မိသားစုကိုလုပ်ကျွေးနေသူမှာ အမဖြစ်သောကြောင့် မိဘက သဘောတူပါသော်လည်း အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလား အရှင်ဘုရား။

တပည့်တော်ကို ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါလို့ လျှော်ထားအပ်ပါတယ် အရှင်ဘုရား..။


အဖြေ။ ။
ဒကာကြီးအမေးကို မဖြေခင် ပါဠိတော်မှာ လာရှိတဲ့ ရဟန်းမခံသင့်တဲ့ အပြစ် သို့မဟုတ် ချို့ယွင်းချက်တွေကို ပြောပြပါရစေ။ ရဟန်းခံတယ်ဆိုတာ ဗုဒ္ဓဘာသာမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စကြီးဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းချက်(ဥပဒေ)တွေက သိပ်များပါတယ်။ ဒါပေမယ့် ဒကာကြီးအမေးနဲ့ သက်ဆိုင်နေတဲ့ အချို့အချက်အလက်တွေကို ခြုံငုံမိအောင် အောက်ပါသတ်မှတ်ချက်လေးတွေကို အရင်ပြောပြရခြင်း ဖြစ်ပါတယ်။ ရဟန်းခံပေးတဲ့နေရာမှာ အောက်ပါ ချို့ယွင်းချက်ရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးသင့်ပါဘူး။ (ရဟန်းခံမပေးသင့်ဆိုတာ ရဟန်းခံလျှင် ရဟန်းမဖြစ်ဟု မဆိုလိုပါ။)။ ချို့ယွင်းချက်ရှိသူကို အပိုင်း (၂) ပိုင်းခွဲခြားပြီး ပြောပါမယ်။

ပထမအပိုင်းအနေနဲ့…
၁။ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သော အနာ (ငါးမျိုး)
၂။ မင်းခစားယောက်ျား
၃။ တံခွန်စိုက် (ထင်ရှား) သော ခိုးသူကြီး
၎။ နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူ
၅။ တွေ့ရာအရပ်၌ သတ်စေဟု ကြော်ငြာထားအပ်သော ခိုးသူ
၆။ (သံပူကပ်၍) အမှတ်ပြုခြင်း အပြစ်ဒဏ်ခံရသော သူ
၇။ ကြိမ်ဒဏ် အပြစ်ပေးခံရသော သူ
၈။ ကြွေးမြီတင်နေသောသူ
၉။ ကျွန်
၁၀။ အသက်နှစ်ဆယ်မပြည့်သေးသော ပုဂ္ဂိုလ်
၁၁။ အမိအဖတို့ ခွင့်မပြုသော သား
၁၂။ လက်ပြတ်သောသူ
၁၃။ ခြေပြတ်သောသူ
၁၄။ နား ပြတ်သောသူ
၁၅။ နှာခေါင်းပြတ်သောသူ
၁၆။ ခြေချောင်းလက်ချောင်း ပြတ်သောသူ
၁၇။ ခြေမလက်မ ပြတ်သောသူ
၁၈။ အကြောမ ပြတ်သောသူ
၁၉။ ခြေချောင်း လက် ချောင်းပူးနေသောသူ
၂၀။ ကုန်းသောသူ
၂၁။ ပုကွသောသူ
၂၂။ ခြေထိုင်းသောသူ
၂၃။ အနာဆိုးရှိသောသူ
၂၄။ ပရိသတ်ကိုဖျက်ဆီးသောသူ
၂၅။ မျက်စိတစ်ဖက်ကန်းသောသူ
၂၆။ လက်ခြေကောက်သောသူ
၂၇။ ခွင်သောသူ
၂၈။ ဖက်သကပ်နာစွဲ 'ကိုယ်တစ်ခြမ်းသေ'သောသူ
၂၉။ နားပင်းသူ
၃၀။ အိုမင်းမစွမ်းသောသူ
၃၁။ (စကားဆွံ့)အသောသူ
၃၂။ ကန်းလည်းကန်း အလည်းအသောသူတို့ ဖြစ်ပါတယ်။

ဒုတိယပိုင်းအနေနဲ့…
၁။ အမိသတ်သူ
၂။ အဖသတ်သူ
၃။ သံဃာသင်းခွဲသူ
၎။ ရဟန္တာသတ်သူ
၅။ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ တို့ဖြစ်ပါတယ်။

အဲဒီလို နှစ်ပိုင်းခွဲပြောရတာက အကြောင်းရှိပါတယ်။ ပထမပိုင်းချို့ယွင်းချက် ရှိသူတွေကို ရဟန်းခံပေးမိလျှင် ရဟန်းခံပေးတဲ့ ရဟန်းတော်မှာ `ဒုက္ကဋ်အာပတ်´အပြစ် ဖြစ်ပါတယ်။ `ဒုက္ကဋ်´ဆိုတာ နားလည်အောင်ပြောရရင် `မသင့်တော်ဘူး၊ မလုပ်ကောင်းဘူး´ဆိုတဲ့ အနေအထားသာ ရှိပါတယ်။ လူတွေ ကဲ့ရဲ့စရာဖြစ်အောင် လုပ်တဲ့အပြုအမူမှန်သမျှ `ဒုက္ကဋ်´အပြစ် ဖြစ်ပါတယ်။ လွန်ကြူးရင်ရတယ်လို့ မဆိုလိုပါ။ သဘောတရားကို ပြောပြခြင်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ချို့ယွင်းချက်များမှာတော့ အဆိုပါ ချို့ယွင်းချက်ရှိသူကို ရဟန်းခံပေးမိလျှင် အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)ဟု မိန့်တော်မူသည်။ ဆိုတော့ ပထမပိုင်း ချို့ယွင်းချက်ရှိသူတွေကို ရဟန်းခံပေးတဲ့နေရာမှာ ရဟန်းခံပေးသူမှာသာ အပြစ်ဖြစ်ပြီး ရဟန်းအသစ်ကို `အသွင်ကို ဖျက်ပစ်ရမည် (သင်္ကန်းချွတ်ပစ်ရမည်)´လို့ မဆိုထားပါဘူး။ ဒါက မှတ်သားစရာ အချက်ဖြစ်ပါတယ်။

ဒကာကြီးအမေးနဲ့ ပြန်ပြီး စပ်ဟပ်ကြည့်မယ်ဆိုရင် နံပါတ် (၁) အမေးဖြစ်တဲ့ စကားမပီသသူ သို့မဟုတ် စကားမပြောတတ်သူ ဆွံ့အသူဟာ ဦးဇင်းအထက်မှာရေးခဲ့တဲ့ (၃၁)ခုမြောက် အချက်နဲ့ ငြိနေပါတယ်။ သူ့ကို ရဟန်းခံပေးရင် ရဟန်းတော့ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရဟန်းပြုပေးတဲ့ ဆရာတော်မှာ လူအများကဲ့ရဲ့စရာအပြစ် ဖြစ်ပါတယ်။ မြတ်စွာဘုရားက အဲဒီလို စကားမပီသူကို ရဟန်းပြုပေးမိလျှင် ထိုပုဂ္ဂိုလ်ရဲ့ အသွင်ကို ဖျက်ပစ်ရမယ် သို့မဟုတ် သင်္ကန်းပြန်ချွတ်ပစ်ရမယ်လို့ မဟောထားပါဘူး။ (ဒါကြောင့် ရဟန်းဖြစ်ပါတယ်။ ရဟန်းဖြစ်ခွင့် လုံးဝမဆုံးရှုံးတယ်လို့ မဆိုနိုင်ပါဘူး)။

တစ်ခု သတိထားသင့်တာကတော့ ရဟန်းဘ၀ဆိုတာ ၀ိနည်းစည်းကမ်းတွေကို ဂရုတစိုက်လေ့လာရင် နေရထိုင်ရအတော်မလွယ်တဲ့ ကိစ္စပါ။ တာဝန်သိတတ်ရင် တာဝန်တွေကလဲ သိပ်ကြီးပါတယ်။ လူတွေ ပေးတာကျွေးတာ စားရတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်စရာ မလိုဘူး။ လူတွေက ကောင်းတာပဲ ကျွေးကျွေး၊ မကောင်းတာပဲ ကျွေးကျွေး အဲဒါကိုပဲ စားရပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ထမင်းကျန်၊ ဟင်းကျန်လေးတွေ အလှူခံ ဘုဉ်းပေးခဲ့ရတဲ့ အနေအထားတွေတောင် ရှိခဲ့ဖူးပါတယ်။ လူတွေကတော့ သူတို့ကိုးကွယ်တဲ့ ရဟန်းသံဃာကို သူတို့ရဲ့ ဦးဦးဖျားဖျားဖြစ်တဲ့ မွန်မြတ်တဲ့အရာတွေကိုပဲ လှူဒါန်းကြတာ များပါတယ်။ အဲဒီတော့ တာဝန်သိတဲ့ ရဟန်းတစ်ပါးရဲ့ တာဝန်ဟာ တကယ့်ကို မလွယ်ကြောပါပဲ။ အင်မတန် ခက်ပါတယ်။ သူတို့အတွက် တရားဟောပြရတယ်။ ကောင်းမွန်ရာတွေ ရဖို့အတွက်၊ ကုသိုလ်တရားတွေ ပွားစီးဖို့အတွက် လမ်းညွှန်ရပါတယ်။

စကားမပြောတတ်သူရဟန်းတစ်ပါးဟာ အဲဒီတာဝန်တွေအတွက် ဘယ်လိုလုပ်မလဲ။ လူတွေကို ဘယ်လိုနည်းနဲ့ ကျေးဇူးပြန်ဆပ်မလဲ။ ဒါကြောင့် စကားမပြောတတ်သူတွေကို ဆရာတော်ကြီးများက ကိုရင်ကြီးပဲ ၀တ်ပေးကြတာများပါတယ်။

မြတ်စွာဘုရားရှင်က သူ့တပည့် ရဟန်းပရိသတ်ကို အလွန်စင်ကြယ်ဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လူတွေရဲ့ အမြင်မှာ တတ်နိုင်သမျှ ကြည်ညိုဖွယ်ဖြစ်အောင် နေထိုင်ဖို့ အမြဲတမ်း တိုက်တွန်းတော်မူပါတယ်။ ဓမ္မစေတီမင်းလက်ထက်က ရဟန်းအတုအယောင်တွေ အများကြီး ပေါ်ထွက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မင်းကြီးက သာသနာကို သန့်စင်ခဲ့ပါတယ်။ စည်းကမ်းဥပဒေတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်ခဲ့ဖူးပါတယ်။ ကိုယ်လက်အင်္ဂါ မစုံသူ စတဲ့ ပုဂ္ဂိုလ်တွေကို ရဟန်းဝတ်ခွင့် မပေးရ၊ ၀တ်ပေးလျှင် ရဟန်းလောင်းကိုလည်း လူချွတ်၊ ဥပဇ္ဈယ်ဆရာ(ရဟန်းခံပေးသူ)ကိုလဲ အပြစ်ပေး(ပြစ်ဒဏ်ကြီးမားတာတော့ သေချာသည်။ မမှတ်မိ)၊ ရဟန်းလောင်းရဲ့ ပစ္စည်းလေးပါးဒါယကာတွေကိုပါ အပြစ်ဒဏ်ပေးတဲ့ မင်းအာဏာတွေ ထားရှိခဲ့ဖူးပါတယ်။ ဒါက စကားစပ်လို့ ပြောတာပါ။ သာသနာမှာ ကြည်ညိုဖွယ်မဖြစ်သူတွေ မရှိစေလိုတဲ့သဘော ဖြစ်ပါလိမ့်မယ်။

နံပါတ် (၂) အမေးဖြစ်တဲ့ B ပိုးရှိသူရဟန်းခံလို့ ရပါသလားဆိုတာကတော့ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားခေတ်က ရောဂါအမည်တွေက ဒီနေ့ခေတ်နဲ့ အလွန်ခြားနားနေတယ်။ ဦးဇင်းအမြင်အရတော့ ရဟန်းခံခွင့် မဆုံးရှုံးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ B ပိုးကို ပထမအပိုင်းစာရင်းထဲမှာပါတဲ့ နူနာ၊ အိုင်းအမာနာ၊ ယားနာ၊ ချောင်းဆိုးသွေးပါနာ၊ ရူးသွပ်သောအနာဆိုတဲ့ အနာ (၅)မျိုးထဲကိုလဲ သွင်းဖို့ ခက်ခဲပါတယ်။ တကယ်လို့များ B ပိုးကို အဲဒီအနာရောဂါစာရင်းထဲ သွင်းလို့ရတယ်ဆိုတာတောင်မှ ရဟန်းခံသူမှာပဲ အပြစ်ဖြစ်တယ်ဆိုတော့ မဆုံးရှုံးနိုင်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ နောက်ပြီး (၂၃)ခုမြောက် အချက်ဖြစ်တဲ့ အနာဆိုးရှိသောသူဆိုတာကလဲ ရှေးခေတ်က ရောဂါတွေနဲ့ တိုက်ဆိုင်လို့ မရတော့ တိုက်ရိုက်ယူဆလိုက်ဖို့ ခက်ပါတယ်။

ဒီနေရာမှာ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးသူဆရာတော်မှာ ဒုက္ကဋ်အပြစ်ဖြစ်စေလို့ ဘုရားရှင်က ဘာဖြစ်လို့ ပညတ်ရသလဲဆိုတဲ့ သမိုင်းကြောင်းလေးလဲ အကျဉ်းချုံးပြီး နည်းနည်း ပြောချင်တယ်။ တကယ်တော့ အနာ (၅)မျိုး တစ်မျိုးမျိုးရှိသူတွေကို အနာတွေ ပေါက်နေလို့ `မသင့်ဘူး´ပြောတာ မဟုတ်ပါဘူး။ ဇာတ်လမ်းက ဒီလိုပါ။ ဒီဇာတ်လမ်းက အတော်မှတ်သားဖွယ် ဖြစ်ပါတယ်။

ဗိမ္ဗိသာရမင်းလက်၊ ဆရာဇီဝကဆိုတာ နာမည်ကြီးတဲ့ ဆေးဆရာကြီးပါ။ ဘုရင်နဲ့ မြတ်စွာဘုရားရှင်သာမက ရဟန်းသံဃာများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူထားရသူပါ။ သူက ဆေးကုရင် အခကြေးငွေလဲ မယူပါဘူး။ အဲဒီအချိန်မှာ လူတွေမှာ အထက်မှာ ပြောခဲ့တဲ့ အနာ (၅)မျိုး ပေါက်နေကြပါတယ်။ ဒါကြောင့် ဆေးဆရာကြီးဖြစ်တဲ့ ဆရာဇီဝကဆီကို လာရောက်ပြီး ဆေးကုပေးဖို့ ပြောပါတယ်။ ဆရာကြီးက မအားတော့ မကုပေးနိုင်ဘူးလို့ ပြောလိုက်တာများပါတယ်။ အဲဒီတော့ လူတွေကလဲ ပါးနပ်တယ်။ `ဒို့တော့ ဒီလို သွားကုခိုင်းလဲ ကုပေးမှာ မဟုတ်ဘူး။ သူ ဆေးကုပေးတဲ့ နည်းလမ်းလေး ရှာကြည့်ရအောင်´ဆိုပြီး နည်းလမ်း ရှာကြပါတယ်။ အဲဒီမှာ အဖြေကတော့ `ရဟန်း´၀တ်လိုက်ဖို့ပါပဲ။ ရဟန်းဝတ်လိုက်တော့ ဆရာကြီးဇီဝကက ဆေးကုပေးပါတယ်။ ရောဂါသည်တွေက ရောဂါပျောက်တာနဲ့ လူထွက်ကုန်ပါတယ်။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြပါတယ်။ ဒီအကြောင်းကို မြတ်စွာဘုရားက သိတော့ `ရဟန်းတို့ အနာရောဂါ (၅)မျိုးရှိသူကို ရဟန်းဝတ်မပေးကြနဲ့၊ ရဟန်းဝတ်ပေးရင် ဒုက္ကဋ်အာပတ်သင့်စေ´ဆိုပြီး ပညတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီနေရာမှာ ၀ိနည်းမှာလာတဲ့ ဒုက္ကဋ်အာပတ်ကို ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ပါ။ ဘယ်ကိစ္စမှာမဆို ဘုရားရှင်က လူတွေကို အမြဲတမ်း ဦးစားပေးပါတယ်။ ရဟန်းတွေက မှန်နေရင်တောင်မှ `ငါ့တပည့်တို့ မင်းတို့လုပ်တာ မှန်တယ်၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့ ဆက်လုပ်´လို့ ဘယ်တော့မှ မိန်တော်မမူပါဘူး။ သူ့တပည့်တွေ အလုပ်တစ်ခုခု လုပ်တယ်။ လူတွေက မကြိုက်ဘူး။ ကဲ့ရဲ့ကြတယ်။ အဲဒီလိုဆိုရင် ဘုရားရှင်က `မလုပ်ကြနဲ့၊ လုပ်ရင် ဒုက္ကဋ်´အဲဒီလို ပညတ်လိုက်တာများပါတယ်။

လောကကြောင်းအရ တစ်ခု စဉ်းစားကြည့်နိုင်တာက B ပိုးဆိုတာ မဆင်မခြင်လုပ်ရင် ရောဂါကူးစက်ပြီး တစ်ခြားရဟန်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အနာ (၅)မျိုးနဲ့ပတ်သက်ပြီး အဋ္ဌကထာမှာ ဖွင့်ပြထားတာကတော့ အဆိုပါ အနာရောဂါ စွဲကပ်နေသူတွေဟာ ပထမဆုံး ရောဂါကို ပျောက်အောင် ကုသင့်တယ်လို့ အကြံပြုထားပါတယ်။ ရောဂါပျောက်ပြီးမှ ရဟန်းခံလျှင် ပိုပြီး သင့်မြတ်နိုင်စရာ ရှိပါတယ်။
နံပါတ် (၃) အမေးဖြစ်တဲ့ အမ သဘောမတူပါက ရဟန်းပြုခွင့် ဆုံးရှုံးပါသလားဆိုတဲ့အမေးကတော့ ရှင်းပါတယ်။ မဆုံးရှုံးနိုင်ပါဘူး။ မိဘခွင့်မပြုတဲ့သူလို့ပဲ ဆိုပါတယ်။ အစ်မစသည် မပါဝင်ပါဘူး။ မိဘတွေကသဘောတူရင် ရဟန်းပြုနိုင်ပါတယ်။

ဒကာကြီး အမေးကို အကျဉ်းချုပ်ပြန်ပြောရရင် `ဒကာကြီးပြောတဲ့ အပြစ်အနာအဆာတွေဟာ ရဟန်းဖြစ်ခွင့်ကို မဆုံးရှုံးနိုင်ဘူး´လို့ မှတ်နိုင်ပါတယ်။ လိုအပ်တဲ့ ချွင်းချက်တွေကိုတော့ အထက်မှာ ပြောခဲ့ပြီးပါပြီ။
ဒီနေရာမှာ မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းအရာနည်းနည်းကို ဗဟုသုတအနေနဲ့ မှတ်သားထိုက်တယ်ထင်လို့ ပြောပြချင်ပါတယ်။ ဗုဒ္ဓဘာသာမှာရှိတဲ့ ဘုရားပညတ်ထားခဲ့တဲ့ ၀ိနည်းဆိုတာ တရားသေ၀ါဒ (Dogmatic)မဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တော်တိုင် လူတွေရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး အမျိုးမျိုး ပြင်ဆင်ဖြည့်စွက်ခဲ့တာတွေ ရှိပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ၀ိနည်းဥပဒေဆိုတာ ဥပဒေမျှသာ ဖြစ်ပါတယ်။ ဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်း အခြေအနေ၊ နေရာဒေသနဲ့အချိန်အခါတို့ရဲ့ တောင်းဆိုမှုကို မလွန်ဆန်နိုင်ပါဘူး။ အခြေအနေ၊ နေရာဒေသနဲ့ အချိန်အခါတွေကို တွန်းလှန်ဖြိုဖျက်နိုင်တဲ့ ပရမတ္ထသစ္စာတရားများ မဟုတ်ကြပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ိနည်းဥပဒေထားရှိရတဲ့ ရည်ရွယ်ချက်ကလဲ ကိုးကွယ်သူ ဒကာ၊ ဒကာမတွေ ပိုပြီး ကြည်ညိုစရာတွေ တိုးပွားလာအောင်၊ မကိုးကွယ်သူတွေ အပြစ်ပြောစရာ မဖြစ်စေဘဲ ကြည်ညိုလာအောင် ပညတ်ထားရခြင်း ဖြစ်ပါတယ်။

ဥပဒေအချို့ကို ဥပမာထုတ်ပြောရရင်
(၁) ရဟန်းခံရင် အနည်းဆုံး ရဟန်း(၁၀)ပါးရှိမှ ရဟန်းခံလို့ ဖြစ်နိုင်တယ်၊
(၂) သားရေတစ်ထပ်ထက်ပိုပါတဲ့ ဖိနပ်ကို မစီးရ၊
(၃) နှစ်ပတ်မှာ တစ်ခါသာ ရေးချိုးရမယ်၊
(၄) သားရေဖျာအခင်းကို အသုံးမပြုရ…..လို့ အစက ဘုရားရှင် ဥပဒေထားခဲ့တယ်။ (ဒါက မူလပညတ်ချက်ပါ)။
နောက်ပိုင်းမှာ အ၀န္တိတိုင်းက အရှင်မဟာကစ္စာယနရဲ့တပည့် အရှင်သောဏက မြတ်စွာဘုရားကို လျှောက်ပါတယ်။ ``ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား…
(က) အ၀န္တိတိုင်းမှာ ရဟန်း (၁၀)ပါးရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် (၁၀)ရမှ ရဟန်းခံပေးနိုင်တယ်ဆိုတဲ့ စည်းကမ်းကို ရဟန်းဦးရေလျှော့ပြီး ဥပဒေကို ပြင်ပေးပါဘုရား။
(ခ) အ၀န္တိတိုင်းက မြေကြီးက အရမ်းကြမ်းတမ်းပါတယ်ဘုရား။ ဒါကြောင့် သားရေအထပ်အများကြီးပါတဲ့ ဖိနပ်ကို စီးခွင့်ပေးတော်မူပါဘုရား။
(ဂ) အ၀န္တိတိုင်းက လူတွေက ခဏခဏ ရေချိုးတာကို သဘောကျကြတယ်ဘုရား။ ဒါကြောင့် ခဏခဏ ရေချိုးခွင့်ပေးတော်မူပါဘုရား။
(ဃ) အလယ်ပိုင်းက လူတွေက ဖျာကို ထိုင်စရာအဖြစ် အသုံးပြုကြသလို အ၀န္တိတိုင်းက လူတွေက သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုကြပါတယ်ဘုရား။ ဒါကြောင့် သားရေနယ်အခင်းကို အသုံးပြုခွင့်ပေးတော်မူပါဘုရားလို့ လျှောက်ထားခဲ့ပါတယ်။

ထိုအခါ မြတ်စွာဘုရားက ရဟန်းတော်တွေကို အစည်းအဝေးခေါ်လိုက်ပါတယ်။ (ဘုရားရှင်က အရေးကြီးလျှင် အမြဲတမ်း အစည်းအဝေးခေါ်ပြီး အသိပေးပြီးမှ လုပ်ဆောင်လေ့ရှိပါတယ်)။
(က)ဤဒေသမှတစ်ပါး အ၀န္တိတိုင်းအပါအ၀င် အခြားသောတိုင်းပြည်များတွင် ရဟန်းငါးပါးရှိရုံဖြင့် ရဟန်းခံခြင်းအမှုကို ပြုလုပ်နိုင်သည်။ ထိုငါးပါးတို့တွင် တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးပြည့်စုံသည်။ (၀ိနည်းမကျွမ်းကျင်သူများချည်း ပြုလုပ်လျှင် မဖြစ်နိုင်ဟု ဆိုလိုသည်)။
(ခ) သားရေအထပ်များစွာပါဝင်သော ဖိနပ်ကို စီးနိုင်ခွင့်သည်။
(ဂ) ရေ ခဏခဏ ချိုးခွင့်ရှိသည်။
(ဃ) သားရေနယ်ကို ထိုင်စရာအဖြစ် အသုံးပြုခွင့်ရှိသည်လို့ ဥပဒေကို ပြင်ဆင်ပေးခဲ့ပါတယ်။

ဒါက ဘာကို ပြသလဲဆိုတော့ ဥပဒေမှာ အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲနေနိုင်သလို ဗုဒ္ဓဘာသာရဲ့ ၀ိနည်းဥပဒေမှာလဲ Flexibilityဆိုတဲ့ (ကိုယ်လိုရာ ထင်သလို ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ) ပြင်ဆင်ပြောင်းလဲနိုင်တဲ့အနေအထားတွေ ရှိပါတယ်။ ဒေါက်တာဝါလ်ပိုလာ ရာဟုလာကလဲ သူ့ရဲ့ heritage of Bhikkhus ဆိုတဲ့စာအုပ်မှာ “The Vinaya (the code of Disciplinary Rules for the Sangha) is not an absolute truth; it is only a convention agreed upon for the orderly and smooth life of a social organization. As it should be conducted according to social and economic changes to suit the place and the time, the Buddha laid down appropriate rules and also changed and modified them”လို့ ပြောထားပါတယ်။

ဒီလောက်ဆိုလျှင် ဒကာကြီး သိချင်တဲ့ အဖြေကို ရလိမ့်မယ်လို့ ယူဆပါတယ်။ မေးခွန်းမေးတဲ့ ဒကာကြီးကို ကျေးဇူးတင်ပါတယ်။

Monday, July 6, 2009

ဝါဆိုလပြည့်နေ့မှာ……




ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရားရှင်နှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များအဖြစ် သက်မှတ်ထားသော နေ့များအနက် ၀ါဆိုလပြည့်နေ့လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ၀ါဆိုပြီဆိုသည်နှင့် ရဟန်းသံဃာများလည်း ၀ါဆိုဖို့ရန် သင့်တော်ရာ ကျောင်းနေရာများ ရွေးပြီး ၀ါတွင်းကာလနေထိုင်ကြဖို့ စီမံကြရလေသည်။ စာရေးသူတို့ သီရိလင်္ကာနိုင်ငံရောက် မြန်မာကျောင်းသားရဟန်းတော်များကတော့ ဆက်စပ်ပတ်သတ်ရာ ကျောင်းများတွင် ၀ါဆိုကြရသည်။ အမိနိုင်ငံတွင် ၀ါဆိုပွဲကို ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ ကျင်းပကြသည်။ သီရိလင်္ကာတွင်ကား ၀ါဆိုလပြည့်နေ့ညမှာပင် ၀ါဆိုကြသည်။

အမိမြန်မာနိုင်ငံတွင် ရဟန်းသံဃာများ ၀ါဆိုလျှင် ဒကာ၊ ဒကာမများက ကျောင်းသို့ ရောက်လာပြီး သပြေခက်စသော ပန်းများကို ရဟန်းတော်များကို ဆက်ကပ်လေ့ရှိကြသည်။ ဥပုသ်ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလေ့ရှိကြသည်။ ဤနိုင်ငံတွင်ကား ၀ါဆိုလပြည့်နေ့တွင် ဥပုသ်နေ့ ထုံးစံအတိုင်း သီတင်းသီလဆောက်တည်လေ့ရှိကြသော်လည်း ရဟန်းတော်များ ၀ါဆိုခြင်းအတွက် မည်သည့်အခမ်းအနားမျှ ပြုလေ့မရှိပေ။ ညအချိန်တွင် ကျောင်းရှိသံဃာလေးငါးပါးစုရုံးပြီး `ဤကျောင်းတွင် ၀ါတွင်းကာလ နေထိုင်ပါမည်´ဟု အဓိဋ္ဌာန်ပြုပေးရုံသာ ဖြစ်ပါသည်။

ကိုလံဘိုမြို့ရှိ၊ မြန်မာကျောင်းသားရဟန်းတော်များ မှီခိုအားထားရာ မကုဋာရာမမြန်မာကျောင်းတော်ကြီးတွင် ၀ါဆိုခွင့်ရသော သံဃာတော်များကတော့ မိမိတို့ မြန်မာ့ရိုးရာအတိုင်း ၀ါဆိုကြလိမ့်မည် ထင်ပါသည်။
ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာနှင့်ပတ်သက်သော ထူးခြားအဖြစ်အပျက် (၃) ခု ရှိပါသည်။ ၎င်းတို့မှာ
(၁) ဘုရားလောင်း ပဋိသန္ဓေတည်ခြင်း= မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) ဘုရားလောင်း တောထွက်တော်မူခြင်း = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဗုဒ္ဓမြတ်စွာ ဓမ္မစကြာတရားဦးဟောတော်မူခြင်း = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) တို့ ဖြစ်ပါသည်။


ဓမ္မစကြာတရားတော်ကို ဗုဒ္ဓဓမ္မအနှစ်ချုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓမြတ်စွာကို အကဲဖြတ်ရာတွင် ဤဓမ္မစကြာသုတ်တော်က အလွန်အရေးပါလှသည်။ ဗုဒ္ဓမြတ်စွာ၏ စည်းရုံးရေးပညာကို အထင်အရှား ပြနိုင်ခဲ့သော တရားတော်လည်း ဖြစ်သည်။ ပဉ္စ၀ဂ္ဂီငါးဦးက ပထမ ဘုရားလောင်းကို ပြုစုလုပ်ကြွေးခဲ့သည်။ ခြောက်နှစ်ဒုက္ကရစရိယာကျင့်ပြီး ဘုရားမဖြစ်၊ အစားအသောက်ပုံမှန်စားသောက်ပြီး ကျင့်နေသော ဘုရားလောင်းကို `ခြောက်နှစ်လုံးလုံး အပြင်းအထန် ကျင့်တာတောင် ဘုရားမဖြစ်တာ၊ ဒီပုံစံနဲ့တော့ ဘုရားမဖြစ်လောက်တော့ပါဘူး´လို့ ထင်မှတ်ပြီး စွန့်ခွါသွားကြသူများ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ပြီးနောက် `ဘယ်သူ့ကို တရားစဟောရပါ့မလဲ´လို့ စဉ်းစားသောအခါ ပထမဆုံး လောကီဈာန်အကျင့်ကို နည်းပြပေးခဲ့သော အာဠာရရသေ့ကြီးက ပထမဆုံး ပေါ်လာပါသည်။ သို့ရာတွင် အာဠာရရသေ့ကြီးက သေလွန်ပြီး ဗြဟ္မာ့ပြည်ရောက်နေခဲ့လေသည်။ ထို့နောက်မှ ပဉ္စ၀ဂ္ဂီငါးဦးကို တရားဟောရန် ဥရုဝေလတောအုပ်သို့ ကြွလှမ်းလာခဲ့သည်။
ပဉ္စ၀ဂ္ဂီငါးဦးသည် သူ့ခေတ်အခါအရ ပညာတတ် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ အဝေးက ဗုဒ္ဓမြတ်စွာကြွလာသောအခါ `အရှင်တို့….ဂေါတမတော့ ငါတို့ဆီ လာနေပြန်ပြီ။ သူ့ကို ဘယ်သူမှ မကြိုဆိုကြနဲ့၊ ခရီးဦးကြိုမပြုကြနဲ့၊ နေရာလည်း မပေးကြနဲ့၊ ခပ်တည်တည်ပဲ နေကြရအောင်´ဆိုပြီး ကတိက၀တ် လုပ်ထားခဲ့ကြသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာ အနီးအနားရောက်လာသောအခါ မည်သူမျှ ခရီးဦးကြို မပြုဘဲ မနေနိုင်ကြဟု ကျမ်းဂန်များတွင် ဆိုပါသည်။ ဤနေရာတွင် မဟာယာနအယူအဆ၊ ထေရ၀ါဒအယူအဆစသည်ဖြင့် စိတ်ဝင်စားစရာ များစွာရှိသော်လည်း ချန်ထားခဲ့ပါမည်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မကြောင်းအရ စိတ်ဝင်စားစရာ ဖြစ်သလို ဟောကြားသွားသည့် `ဟန်´ကလည်း အလွန့်ကို စည်းစနစ်ကျပါသည်။ ဗုဒ္ဓမြတ်စွာသည် တရားဟောရာတွင် ပုဂ္ဂိုလ်အလိုက် နည်းအမျိုးမျိုးဖြင့် ဟောကြားလေ့ရှိပါသည်။ ဤဓမ္မစကြာသုတ်ကို Dialogue Method ဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ ပထမဆုံး ဓမ္မစကြာကို `ငါ့ရှင်တို့ လူ့ဘောင်မှ စွန့်ခွါခဲ့သူတွေမှာ ရှောင်ရမယ့် အစွန်းနှစ်ပါး ရှိတယ်၊ အဲဒီနှစ်ပါးက ဘာတွေလဲ၊ ကာမဂုဏ်အလွန်အကျွံ လိုက်စားခြင်း (Self-indulgence)နဲ့ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့် (Self-mortification)တို့ ဖြစ်တယ်၊ အဲဒီ အစွန်းနှစ်ပါးကနေ လွတ်တဲ့ အလယ်အလတ်လမ်းစဉ်(မဂ္ဂင်လမ်းစဉ်)ဆိုတာ ရှိတယ်၊ ရဟန်းဆိုတာ အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းရမယ်´စသည်ဖြင့် စီကာစဉ်ကာ ဟောကြားသွားခဲ့ပါသည်။

ဤနေရာတွင် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)ကို ဗုဒ္ဓဘာသာများ နားလည်မှုလွဲနေကြသည်ကို ပြောပြလိုသည်။ `အလယ်အလတ်လမ်းစဉ်ဆိုတာ အစွန်းနှစ်ပါးရဲ့ အလယ်မှာ ရှိတဲ့အရာပေါ့´လို့ ဆိုနေတတ်ကြသည်။ သာမန်တွေးရင်တော့ ဟုတ်သလိုလိုတော့ ရှိပါသည်။ ဤသို့ဆိုလျှင် ကာမဂုဏ်ကို အလွန်အကျွံလိုက်စားခြင်းက ကာမသုခလ္လိကာနုယောဂဆိုတော့ အလွန်အကျွံမဟုတ်ဘဲ အသင့်အတင့် ကာမဂုဏ်လိုက်စားလျှင် အစွန်းမရောက်ဟု ဆိုရမလို ဖြစ်နေပါသည်။ အမှန်မှာ အစွန်းနှစ်ပါး၏အလယ်တွင် ရှိသောလမ်းစဉ်က မဇ္ဈိမပဋိပဒါမဟုတ်ပေ။ အစွန်းနှစ်ပါးမှ လွတ်သော သီးခြားလမ်းစဉ်တစ်ခုကသာ မဇ္ဈိမပဋိပဒါ- အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

နောက်ထပ် ဓမ္မစကြာသုတ်က ဗုဒ္ဓမြတ်စွာ၏ လေးစားကြည်ညိုဖွယ်ရာ သို့မဟုတ် စကားပြောကျွမ်းကျင်မှု သို့တည်းမဟုတ် အရှည်မြော်မြင်မှုကို မီးမောင်းထိုးပြနေပြန်ပါသည်။ ဓမ္မစကြာတွင် အစွန်းနှစ်ပါး၏ အပြစ်ကို ဖော်ပြထားသည်။ အစွန်းနှစ်ပါး၏အပြစ်ကို ပြောရာတွင် တစ်ခုနှင့်တစ်ခု မတူပါ။

နံပါတ် (၁) ကာမသုခလ္လိကာအစွန်း၏ အပြစ်ကို ပြရာတွင် ``(က) ဟီနော = ယုတ်ညံ့တယ်၊ (ခ) ဂမ္မော = ရွာသူရွာသား(လူများ)၏အလုပ်ဖြစ်တယ်၊ (ဂ) ပေါထုဇ္ဇနိကော = ပုထုဇဉ်တို့၏ အလုပ်ဖြစ်တယ်၊ (ဃ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (င) အနတ္တသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်ငါးမျိုး ပြတော်မူသည်။

နံပါတ် (၂) အတ္တကိလမထာနုယောဂအစွန်း၏ အပြစ်ကို ပြရာတွင်ကား ``(က) ဒုက္ခော = ဆင်းရဲတယ်၊ (ခ) အနရိယော = အရိယာတို့၏ အလုပ်မဟုတ်၊ (ဂ) အနတ္ထသံဟိတော = အကျိုးမရှိဘူး´´ဟု အပြစ်သုံးမျိုးကိုသာ ပြပါသည်။ `ဟီနော = ယုတ်ညံ့တယ်´ဟု ဟောတော်မမူခဲ့ပေ။ မဟာစည်ဆရာတော်ကလည်း ဓမ္မစကြာတရားတော် စာအုပ်တွင် စိတ်ဝင်စားစရာကောင်းသော ဤပွိုင့်ကို ထောက်ပြဆွေးနွေးပြထားပါသည်။ ဆရာတော်ကြီးကတော့ အသေးစိတ်ကျမ်းဂန်များညှိပြီး ပြထားပါသည်။ ထိုခေတ်အခါက အတ္တကိလမထနုယောဂအကျင့်ကို လောက၏ အမြတ်ဆုံးအကျင့်အဖြစ် သဘောထားနေကြသောကြောင့် ဖြစ်ဟန်ရှိပါသည်။ တရားနာနေကြသော ပဉ္စ၀ဂ္ဂီငါးဦးသည် နံပါတ် (၂)အကျင့်ဖြစ်သော အတ္တကိလမထာနုယောဂအကျင့်ကို အမွန်အမြတ်ထားပြီး ကျင့်ဆောင်နေကြသူများ ဖြစ်လေသည်။ သူတစ်ပါး တန်ဖိုးထားမြတ်နိုးသော အကျင့်လမ်းစဉ်တစ်ခုကို `မင်းတို့အကျင့်ကြီးက တော်တော် အောက်တန်းကျပါတယ် (ဟီနော)´လို့ ဆိုလိုက်လျှင် ကိုယ့်စကားကို ဆက်လက်နားမထောင်ဘဲ လိုရာခရီးမရောက်နိုင်သည်မှာ သေချာပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက `ဟေ့ ပဉ္စ၀ဂ္ဂီတို့ မင်းတို့ကျင့်နေတဲ့ အကျင့်က အောက်တန်းစားကြီးကွ၊ ယုတ်ညံ့တယ်´ဟု မဟောခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဤအချက်သည်လည်း အတုယူမှတ်သားသင့်သောအချက်တစ်ခု ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာက ထိုကဲ့သို့ လိမ္မာပါးနပ်စွာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးကို မကျဉ်းမကျယ်ဟောကြားနိုင်ခဲ့သောကြောင့် အရှင်ကောဏ္ဍညသည် တရားအဆုံးတွင် သောတာပန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါသည်။ ထို့အပြင် သံဃာရတနာလည်း ပေါ်ထွန်းခဲ့ရပါသည်။ ထို့ကြောင့် အချို့က ၀ါဆိုလပြည့်နေ့ကို
(၁) ဘုရားလောင်းပဋိသန္ဓေယူတော်မူသောနေ့
(၂) ဘုရားလောင်းတောထွက်တော်မူသောနေ့
(၃) ဓမ္မစကြာတရားဦးဟောတော်မူသောနေ့
(၄) ပထမဆုံးသောတာပန်ပေါ်ပေါက်သောနေ့
(၅) သံဃာရတနာပေါ်ပေါက်သောနေ့ဟူ၍ မှတ်တမ်းတင်လေ့ရှိကြသည်။
ထူးခြားသော ၀ါဆိုလပြည့်နေမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်းအားဖြင့် ကောင်းမွန်မြင့်မြတ်မှုများနှင့် ပြည့်ဝသော ဘ၀များ ပိုင်ဆိုင်ရရှိကြပါစေ။ ဦးဇင်းတို့ အမိမြန်မာနိုင်ငံလည်း လူသားကျင့်ဝတ်သိက္ခာတရားများ ထွန်းကားပြည့်ဝသော နိုင်ငံတစ်ခု ဖြစ်ပါစေလို့ ၀ါဆိုလပြည့်နေမှာ ဆုတောင်းလိုက်ပါသည်။ ။

Wednesday, July 1, 2009

အဓိပ္ပာယ်ရှိသော နာကျင်ခြင်း



နာကျင်ခြင်းမှာ ကိုယ်၏ နာကျင်ခြင်း၊ စိတ်၏ နာကျင်ခြင်းလို့ နှစ်မျိုးရှိပါတယ်။ လောကလူသားတို့မှာ ဘယ်နာကျင်ခြင်းကိုမှ မလိုချင်ကြ။ လူတိုင်း နာမှာ ကြောက်ကြပါတယ်။ နာကျင်မှုကို ရှောင်ကွင်းလိုကြတယ်။ နေပူလျှင် အပူလောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ယူဆောင်သွားတတ်ကြတယ်။ မိုးရွာလျှင် အအေးဒဏ်ကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ဆောင်ထားတတ်ကြတယ်။။ တောထဲသွားလျှင် တောရိုင်း၊ တိရစ္ဆာန်များ၊ မြွေစသော သတ္တ၀ါများ ကိုက်ဖြတ်ခြင်းကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် တုတ်၊ ဓားစသည်ကို ယူဆောင်သွားကြတယ်။ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် တတ်နိုင်သမျှ နာကျင်မှုကင်းအောင် အားထုတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ အဓိပ္ပာယ်ရှိတဲ့ နာကျင်မှုလေးတွေကလဲ အံ့သြဖွယ်ရာ တည်ရှိနေပါတယ်။

နာကျင်မှုအကြောင်း စဉ်းစားရင်း လူငယ်တစ်ဦး ပြောလိုက်တဲ့စကားကို သွားအမှတ်ရမိပါတယ်။ “ဒီတစ်ခါ ပါးရိုက်ခံရတာတော့ တန်တယ်ကွာ”ဟူ၍တည်း။ လူငယ်တို့ ထုံးစံအတိုင်း ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ ပြော၊ ကောင်မလေးက မကြိုက်တော့ ပါးရိုက်။ ပါးရိုက်ပြီးမှ သနားပြီး ကောင်းလေးကို ကြိုက်။ ဇာတ်လမ်းက အဲဒီလို ဖြစ်ပုံရပါတယ်။ ဒါကြောင့် ပါးရိုက်ခံရတာကို ပျော်ပျော်ကြီး ပြောနေနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် အဆိုပါ လူငယ်အတွက်တော့ ပါးရိုက်ခံရလို့ နာတာဟာ သူ့အတွက် အဓိပ္ပာယ်ရှိသော နာကျင်ခြင်းပဲပေါ့။


နာကျင်မှုဆိုတာ သဘာဝအားဖြင့် ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်စုံတစ်ရာ တန်ရာတန်ကြေးရမယ်ဆိုလျှင်တော့ နာကျင်ရကျိုးနပ်တယ်လို့ ဆိုတတ်ကြပါတယ်။ ထောင်မြင် ရာစွန့်ဆိုတာလဲ စွန့်လွှတ်ရခြင်းဆိုတဲ့ နာကျင်မှုနဲ့ စခဲ့ရတာပဲ မဟုတ်လား။ အဲဒီတော့ ကောက်ချက်ချလို့ ရတာတစ်ခုက နာကျင်မှုဆိုတာ အမှန်အားဖြင့် စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုရတော့မှာပါ။ ဘယ်လောက်ပဲနာနာ စိတ်က ကျေကျေနပ်နပ်ကြီးဖြစ်နေရင် အဲဒီအနေအထားကို နာကျင်တယ်လို့ ပြောရတာ ခပ်ခက်ခက်ရယ်။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားမဖြစ်ခင်က စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေ့လာသိရှိရတာဟာ လက်တွေ့ခံရသူအလောင်းတော် မဆိုထားနဲ့ ဘေးကနေရတဲ့ စာရေးသူတို့တောင် တော်တော်ကို ထိထိရှရှ ခံစားရပါတယ်။

ဘုရားလောင်းယုန်မင်းဇာတ်တော်မှာ ဘုရားအလောင်း ယုန်လေးဟာ မိမိရဲ့ ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး နာကျင်မှုတွေကို အဓိပ္ပာယ်ရှိအောင် လုပ်ခဲ့ပါတယ်။ အလောင်တော်ရဲ့ အချို့ဘ၀တွေမှာဆိုရင် မိမိရဲ့ လက်ခြေ၊ အင်္ဂါတို့ကို စွန့်လွှတ်တဲ့အပြင် အသက်ကိုတောင် မငဲ့မကွက်ဘဲ စွန့်လှူခဲ့ဖူးပါတယ်။ အလောင်းတော်ရဲ့ ဗျာဒိတ်ခံဘ၀မှာတောင် နာကျင်ရုံမကလို့ အသက်ပင်သေသေဆိုတဲ့ စိတ်နဲ့ ဒီပင်္ကရာဘုရားရှင်နဲ့ သံဃာတော်များ ရွံ့မပေအောင် မိမိခန္ဓာကို တံတားအဖြစ် ထိုးခင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ အလွန်ကို နာကျင်စရာ ကောင်းပါတဲ့ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ ဘုရားလောင်းကတော့ နာကျင်စရာဖြစ်ပေမယ့် နာကျင်မှုရယ်လို့ မသတ်မှတ်တော့ပါဘူး။ နာကျင်မှု ခံစားရပေမယ့် သူ့အတွက်တော့ အဓိပ္ပာယ်တွေ များစွာရှိနေတာ အသေအချာပါပဲ။

အေးချမ်းမေ သီချင်းတွေ ခေတ်စားတဲ့အခါတုန်းက မှုခင်းဂျာနယ်ထဲမှာလို့ ထင်ပါတယ်။ အဖြစ်အပျက်လေးတစ်ခုက သင်္ခန်းစာယူစရာအတော်ကောင်းပါတယ်။ လူငယ်တစ်ဦးက အေးချမ်းမေရဲ့ပုံလေးကို ထုတ်ကြည့်တယ်လို့ ဆိုပါတယ်။ အဲဒါကို ဘေးမှာရောက်လာတဲ့ နောက်လူငယ်တစ်ဦးက ခဏကြည့်ချင်လို့ဆိုပြီးတောင်းပြီး ပြန်မပေးလို့ လူငယ်အချင်းချင်း စကားများကြရာက ဓားထိုးမှုဖြစ်သတဲ့။ ဓားထိုးခံရသူလူငယ် ဆုံးပါးသွားတယ်လို့ ထင်ပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်နှစ်ဦးစလုံး နာကျင်ခဲ့ရတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဖြစ်ခဲ့ရတဲ့ ဒီနာကျင်မှုဟာ သေးသေးမွှားမွှား နာကျင်မှု မဟုတ်ခဲ့ပါဘူး။ ဒီနာကျင်မှုက ဘယ်သူ့အတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

နောက်မှုခင်းတစ်ခု ရှိသေးတယ်။ ဒါကတော့ အရက်ဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မကြာခဏကြားနေရတဲ့ အဖြစ်အပျက်ပါ။ တစ်နေ့ သောက်နေကျ အရက်သမားတွေ ၀ိုင်းဖွဲ့ပြီး အရက်သောက်နေသတဲ့။ အဲဒီအချိန်မှာ အရက်သမားတစ်ယောက် ခွက်ကျော်သောက်မိရာက စပြီး ပြဿနာတွေ အကြီးအကျယ်တက်တာ နောက်ဆုံး ဓားထိုးမှုဖြစ်ပြီး သေဆုံးရတဲ့အထိပါပဲ။ ဒါကတော့ အရက်သမားတွေမို့ဖြစ်တာလို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က အသက်ပါဆုံးရှုံးခဲ့ရတယ်ဆိုတော့ သာမန်ကာလျှံကာတော့ မယူဆသင့်ဘူး။ စခဲ့တဲ့ပြဿနာက ဘာမဟုတ်တဲ့ကိစ္စလေး။ ဒါပေမယ့် ရလာတဲ့ နာကျင်မှုတော့ မိမိအနှစ်သက်ဆုံး အသက်ကိုပေးရတဲ့ နာကျင်မှု။ ဒီနာကျင်မှုက သူ့တစ်ယောက်ထဲနဲ့တင် မပြီးဘူး။ သူ့ရဲ့မိဘတွေ၊ ဇနီးသားသမီးတွေပါ နာကျင်ရတော့တယ်။ ဒီနာကျင်မှုကရော ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

စာရေးသူ သီရိလင်္ကာနိုင်ငံရဲ့ ရွာလေးမှာ အေးအေးချမ်းချမ်း သွားနေတဲ့အခါတုန်းက ကျောင်းကို အရက်သမားကြီးတစ်ဦးရောက်လာတယ်။ ပါးမှာရော၊ မုတ်ဆိတ်မှာပါ အမွေးတွေက ကိုးရိုးကားရာနိုင်လွန်းလှတယ်။ (ကုလားမို့လို့ မုတ်ဆိတ်ရှိနေတဲ့သဘော မဟုတ်ပါဘူး)။ သူ့ကို အရက်မသောက်ဖို့ ပြောကြည့်တော့ သူက သူအရက်သောက်ရတဲ့အကြောင်းကို လွမ်းမောဖွယ်ဖြစ်အောင် ပြောပြပါတယ်။ သူက တစ်ခြားရွာကပါ။ အသက် နှစ်ဆယ့်ငါးနှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး သုံးယောက်ရှိတယ်။ သူယူထားတဲ့အမျိုးသမီးက အရမ်းချောတယ်လို့ ဆိုပါတယ်။ သူတို့ လက်ထက်ကြတော့ စီးပွားရေးကတော့ သိပ်မကောင်းခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက် ချစ်စရာသာသမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်လိုက်ကြတယ်။

သူ့အသက် သုံးဆယ့်ငါးနှစ်မှာ တစ်ခြားမိန်းကလေးတစ်ဦးနဲ့ ဖောက်ပြန်မိကြရာနေ အိမ်ထောင်ကွဲခဲ့ရတယ်။ နောက်ပိုင်း အသိတရားရလာတော့ သားသမီးတွေကလဲ လက်မခံ၊ မယားကလဲ လက်မခံနဲ့၊ ဒီဘ၀မှာ ဖြစ်သလို နေရကြောင်း ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ လက်ရှိခံစားနေရတဲ့ နာကျင်မှုကတော့ မသေးလှဘူး။ ယနေ့ ကမ္ဘာမှာတော့ ဒီဖြစ်အင်တွေက ပိုပိုပြီး များလာနေတယ်။ လင်မယားဖောက်ပြန်မှုတွေများလာသလောက် အချိန်တန်ရင် မလွဲမသွေ ရရှိလာခဲ့တဲ့ နာကျင်မှုတွေကလဲ မနည်းလှပါဘူး။ ဒီကိစ္စမျိုးမှာ နာကျင်မှုနဲ့ထိုက်တန်တဲ့ရလာဒ်မျိုး ရခဲ့တယ်လို့ ဘယ်သူမှ ပြောနိုင်လိမ့်မှာမဟုတ်ဘူး။ အသိဉာဏ်ခေါင်းပါးသူတွေကတော့ တဒင်္ဂပျော်ရွှင်မှုတွေကို လက်ညှိုးထိုးပြကြပါလိမ့်မယ်။

မိမိတို့ဟာ လူရယ်လို့ ဖြစ်လာပြီးတဲ့အတွက် နာကျင်မှုတစ်မျိုးမျိုးကိုတော့ ခံစားကြရမှာ မလွဲပါဘူး။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို အဓိပ္ပာယ်ရှိသောနာကျင်မှုဖြစ်စေဖို့ကျတော့ အသိဉာဏ်အပေါ်မှာ အများကြီး မူတည်သွားပါပြီ။ နာကျင်မှုကို မိမိ၊ သူတစ်ပါးကောင်းကျိုးဆိုတဲ့ ရလာဒ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိအောင် အားထုတ်သင့်ပါတယ်။
နာကျင်မှုကို ဘ၀လွတ်မြောက်မှုအဖြစ် အသုံးချသွားနိုင်ခဲ့တဲ့ ရဟန်းတော်တစ်ပါးအကြောင်းကို ဖတ်ရတော့ လေးစားမိပါတယ်။ တရားအားထုတ်နေစဉ်အတွင်းမှာ ကျားဆွဲခံလိုက်ရတယ်။ မလွတ်မြောက်နိုင်တော့တဲ့ အန္တရာယ်ကို ပျာယာခပ်ပြီး ကြောက်စိတ်မွှန်မနေတော့ဘဲ နာကျင်တာကို အရှုခံအာရုံအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကျားက ခြေထောက်ကနေ စစားရင်းစားရင်းနဲ့ နှလုံးသားကို စားလုစားခင်၊ အသက်မထွက်ခင်လေးမှာ ဘ၀လွတ်မြောက်မှု ရရှိသွားခဲ့ပါတယ်။ ဘယ်လောက်အဓိပ္ပာယ်ပြည့်ဝတဲ့ နာကျင်မှုလဲ။ စဉ်းစားကြည့်တာနဲ့တင် ကြက်သီးထဖွယ်ကောင်းသလို သူ့ရဲ့ နာကျင်မှုအပေါ်အသုံးချသွားနိုင်စွမ်းကလဲ အားကျစရာ၊ ကြည်ညိုစရာ ကောင်းလှပါတယ်။

တရားအားထုတ်ရာမှာလဲ နာကျင်မှုဝေဒနာတွေဟာ မခေါ်ဘဲနှင့် ရောက်ရောက်လာတတ်ပါတယ်။ အဲဒီနာကျင်မှုတွေမှာတော့ အဓိပ္ပာယ်တွေရှိတယ်။ သူ့မှာ ချိုမြတဲ့အသီးအပွင့်တွေ ရှိတယ်။ တရားအားထုတ်တယ်ဆိုတာ ဣရိယာပုထ်ကို မပြင်ဘဲ ကြာရှည်ထားတဲ့အတွက် ညောင်းညာကိုက်ခဲမှုဝေဒနာတွေက မလွဲမသွေ ဖြစ်ပေါ်လာတတ်ပါတယ်။ နာကျင်မှုဖြစ်တိုင်းသာ နေရာရွှေ့ပြောင်းလဲနေရရင်လဲ သမာဓိက တည်ဖို့ မလွယ်ပြန်ပါဘူး။ ဒါကြောင့် ဒီနာကျင်မှုတွေကို အာရုံထားပြီး ရှုမှတ်ပစ်ရပါတယ်။
မြေဇင်းဆရာတော်ဘုရားကြီးရဲ့ ဒဿနပါရဂူကျမ်းမှာ အားကျစရာကောင်းတဲ့ ယောဂီတွေအကြောင်းကို ဖတ်ရပါတယ်။ တစ်ချို့ယောဂီတွေဆိုရင် ရောဂါမျိုးစုံခံစားနေရတဲ့သူတွေပါ။ တစ်ချို့ဆိုရင် ထိုင်တောင်မထိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ တရားအားထုတ်စမှာ ဖော်မပြနိုင်လောက်တဲ့ နာကျင်မှုမျိုးတွေ ခံစားကြရပေမယ့် ကြာရှည်သီးခံရှုမှတ်လိုက်တော့ သုံးနာရီ၊ လေးနာရီ ဣရိယာပုထ်မပြောင်းဘဲ ထိုင်နိုင်သွားပြီး ၀ိပဿနာအသီးအပွင့်တွေလဲ ခံစားသွားခဲ့ကြရတယ်။

ဝိပဿနာအားထုတ်တယ်ဆိုတာကိုက နာကျင်မှုဒုက္ခဝေဒနာတွေနဲ့ အလွန်နီးစပ်ပြီး သုခနဲ့ အလွန်းဝေးတယ်လို့ ဆိုပါတယ်။ အားထုတ်ဆဲ ဉာဏ်အမြင် မရင့်သန်ခင်ကာလကို ဆိုလိုတာပါ။ နောက်ပိုင်း အားထုတ်မှုကောင်းလာတဲ့အခါမှာတော့ ဒုက္ခဿ အနန္တရံ သုခံ ဆိုတဲ့အတိုင်း နာကျင်မှုတွေရဲ့အဆုံးမှာ ချမ်းသာသုခကို ရရှိတော့တာပဲ။ ၀ိပဿနာအားထုတ်ပြီး နာကျင်မှုကို သီးခံတယ်ဆိုတာ အဓိပ္ပာယ်ရှိသော နာကျင်ခြင်းဖြစ်လို့ပါပဲ။ မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာလဲ နာကျင်စရာတွေက တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာရတတ်ပါတယ်။ ရှောင်ကွင်းလို့ မရနိုင်တဲ့ နာကျင်စရာများကို အော်ဟစ်ငြီးငြူနေမယ့်အစား အဓိပ္ပာယ်ရှိသောနာကျင်ခြင်းဖြစ်အောင် အားထုတ်သင့်ကြပါတယ်။

ငါကိုယ်တိုင်ရော အဓိပ္ပာယ်မဲ့တဲ့ နာကျင်မှုတွေကို ခံစားရင်း ဘ၀ရဲ့ လှပသောနေ့ရက်များကို ဖြုန်းတီးပစ်ခဲ့ဖူးသလားရယ်လို့ ကိုယ့်ကိုကိုယ် တိုးတိုးလေး မေးနေဖြစ်ပါတယ်။ နာကျင်မှုတွေ ခံစားရမှာ သေချာပေမယ့် အမျိုးဘာသာသာသနာအတွက် အဓိပ္ပာယ်တွေ ရှိနေတာ သေချာရင်တော့ ဒီသမိုင်း မရိုင်းရအောင် ငါတို့တွေ ဘာလုပ်သင့်သလဲ....။