Saturday, June 20, 2009

တောနှင့်ကမ္ဘာ၊ သတ္တ၀ါ

(စိတ္တလမှာ ရှိစဉ်က ဖြစ်ခဲ့တဲ့အတွေးလေးတွေပါ။ စိတ္တလရောက်ပြီး တောရဲ့ သာယာကြည်နူးစရာကောင်းမှုတွေကို ထိတွေ့ခံစားရင်း သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတတ်တဲ့အလေ့အထလေးတွေ ကိန်းအောင်းလာခဲ့တယ်။ သစ်ပင်ရှိရင် ရေရှိတယ်ဆိုတာ ဒီနိုင်ငံက သက်သေပါပဲ။ နေရာတိုင်းလိုလိုမှာ ရေတံခွန်တွေ ရှိနေတယ်။ စိမ့်စမ်းတွေ ပေါများတယ်။ အဲဒါရဲ့ အဓိကအကြောင်းတရားက သစ်ပင်တွေကို အမြတ်တနိုး တန်ဖိုးထားကြလို့ပါပဲ။ တောင်တန်းတွေ ဘယ်လောက်မြင့်မြင့် လူရှိရင် လျှပ်စစ်မီးရှိနေတာကလဲ သစ်တောမပြုန်းတီးရခြင်းရဲ့ အကြောင်းတရားတစ်ခုပါပဲ။ နောက်ပြီး ဒီနိုင်ငံမှာ ဂတ်စ်တွေ အလျှံပယ် မကြွယ်ဝပေမယ့် အိမ်တိုင်းအိမ်တိုင်း ဂတ်စ်မီးဖိုနဲ့ သုံးကြတာ များတယ်။ ဒါကလဲ ထင်းခုတ်စရာ မလိုတဲ့အတွက် သစ်တောတွေ တိုးပွားစည်ပင်ခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဒီနိုင်ငံက သစ်တောတွေ ကြည့်ပြီး အမေ့ရွာကို သတိရမိပါတယ်။ အဘိုးက ပြောဖူးတယ် `ငါတို့ ငယ်ငယ်က ရွာတောင်ဘက် ၇-မိုင်လောက်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ တကယ့်တောအုပ်ကြီးကွ´တဲ့။ အခုတော့ လျှစ်စစ်မီးက တစ်ရွာလုံးက ပိုက်ဆံပေးပြီး လုပ်ခိုင်းတာတောင် ကိုရွှေအစိုးရက လျှစ်စစ်မီးချမပေး။ ဆိုတော့ ထင်းအဖြစ် သစ်ပင်သာ ရှိသပေါ့။ ဆိုတော့ သစ်ပင်ဆိုတာ ရှားပါးပစ္စည်း ဖြစ်လာနေတယ်။ နောက်နှစ် ၂၀-၃၀ ဆိုရင်…..။ တွေးတောင် မတွေးရဲတော့ပါဘူး။ အနာဂတ်ကို မျှော်ကြည့်ရတာ ကြောက်စရာ။ စိတ္တလမှာ ရှိစဉ်က အတွေးလေးတွေနဲ့အတူ ဓာတ်ပုံလေးတွေပါ တင်ပေးလိုက်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ကြသူများ ဖြစ်ကြပါစေ။)

လူတိုင်း တောသို့ မသွားရဲကြ။ တောကို ကြောက်စရာအဖြစ် သဘောထားကြ၏။ လူ့ဘ၀ပုံပြင်များမှာလဲ တောနှင့်ဆက်စပ်သော ပုံပြင်တွေ များစွာရှိ၏။ တော၌ လျှို့ဝှက်နက်နဲ့မှုများရှိ၏။ ကျား၊ ခြင်္သေ့၊ ဆင်ရိုင်းတို့လို ကြောက်စရာသတ္တ၀ါများစွာလဲ ရှိ၏။ အရောင်အသွေးမျိုးစုံသော ကျေးငှက်သာရကာမျိုးစုံလဲ ရှိ၏။ လူတို့ တောကို သွားလျှင် အဖော်ခေါ်ကြရ၏။ လက်နက်ဆောင်သွားကြ၏။ “ငါ့ကို လာပြီး အန္တရာယ်ပြုလို့ကတော့ ဒီလက်နက်နဲ့တွေ့မယ်”ဟူသော စိတ်သဘောထားဖြင့် လက်နက်ကို အားကိုးရာအဖြစ် ဆောင်လာခဲ့ခြင်းဖြစ်၏။ တောပျော်သတ္တ၀ါတို့မှာလည်း လက်နက်တွေနဲ့ အုပ်စုဖွဲ့လာသူများကို ရန်သူဟု သတ်မှတ်ကြကုန်၏။ သူတို့နိုင်မယ်ထင်လျှင် သတ်ဖြတ်စားသောက်လိုက်ကြ၏။ အခြေအနေမကောင်းလျှင် လွတ်အောင် ပြေးရ၏။ လူတို့နှင့် အင်အားမမျှ၊ ဉာဏ်ချင်းမယှဉ်နိုင်သောသတ္တ၀ါများကား အပြေးသာရှိ၏။ ခုခံဖို့ မစဉ်းစားနိုင်ကြ။

ကျောက်တုံးကြီးတွေအောက်မှာ ဂူကျောင်းလေးတွေ လုပ်ထားတာ


ဒါက စာရေးသူနေခဲ့တဲ့ ကျောက်ဂူလေး


ဒါက ကပ္ပိယကြီး ဆမာရသင်္ဂရဲ့ ကျောက်ဂူ


ကျောက်ဂူရှေ့မှာ လမ်းလျှောက်နေစဉ်

လူတို့ကား ခက်လှ၏။ တော၌ရှိသော သတ္တ၀ါအားလုံးနီးပါး၏ အသားကို နှစ်သက်ခုံမင်ကြ၏။ သူတို့၏အဆိုကား “တောသတ္တ၀ါရဲ့အသားက သန့်တယ်”ဟူ၍တည်း။ သန့်သောသတ္တ၀ါအသားများကို သတ်ဖြတ်စားသောက်ခြင်းဖြင့် ကိုယ်တိုင်မူကား ညစ်ပတ်စုတ်ပဲ့သောအဖြစ်သို့ ရောက်မှန်းမသိရှာကြ။ ဤသို့အားဖြင့် တောနှင့်လူမှာ ရန်သူဖြစ်လာကြ၏။
ထူးထူးခြားခြား တောကို ချစ်စရာအဖြစ် မြင်သူအချို့လဲ ရှိကြ၏။ ထိုသူတို့မှာ ရဟန်းဟု အမည်ရကြ၏။ ရဟန်းဆိုရပေမယ့် ရဟန်းတိုင်းတော့ မဟုတ်၊ အချို့သာဖြစ်၏။ ရဟန်းတို့ကား လူတို့အမြင်နှင့် လုံးဝဆန့်ကျင်၏။ လူရှိရာကို ကြောက်လန့်စရာတောဟု မြင်၍ ကျား၊ ခြင်္သေ့စသော တောသတ္တ၀ါများ ပျော်မွေ့ရာ တောကိုကား အမှန်တကယ်မှီခိုရာအဖြစ် သတ်မှတ်ထားကြ၏။ သူတို့သည် တောသို့သွားလျှင် ဘာလက်နက်မှ ယူမသွား။ ကျားစသော သတ္တ၀ါတွေကိုလဲ ရန်သူဟု မမြင်။ ကြောက်စရာဟုလဲ မမြင်။ တောကို ချစ်သောကြောင့် တောကလဲ သူ့ကို ပြန်ချစ်၏။ လူက ကျားကို ရန်သူဟု သဘောထားသောကြောင့် ကျားကလဲ လူကို ရန်သူအဖြစ် ပြန်လည် ထင်ဟပ်ပြ၏။ ရဟန်းက ကျားကို မေတ္တာရှိ၍ ကျားကလဲ ရဟန်းကို မေတ္တာပြန်ထားရ၏။ အမှန်အားဖြင့် Mutual Respect သည် လောကကို အလှဆင်သကဲ့သို့ Mutual Love ကလဲ လောကကို တင့်တယ်စေသည်သာဖြစ်၏။ တောနှင့်ရဟန်းကား ချစ်သူများတည်း။


စိတ္တလပဗ္ဗတဆည်းဆာအလှ


စိတ္တလပဗ္ဗတ ဆည်းဆာအလှ


စိတ္တလတောအုပ် ရှုခင်းတစ်နေရာ

“ငါကော တောနှင့်ချစ်သူဖြစ်ပြီလား”ဟု ကိုယ့်ကိုကိုယ် ပြန်မေးသောအခါ “အင်”ဟု အသံထွက်၏။ (အင်း..မဟုတ်)။ အမှန်အားဖြင့် တောနှင့်ချစ်သူဖြစ်ချင်လှပါ၏။ ကိုယ်ကလဲ တောကို မချစ်ရဲသေး၊ တောကလဲ ကိုယ့်ကို မချစ်ရဲသေး။ တစ်ဦးနှင့်တစ်ဦး စိမ်းနေကြ၏။ အနေနီး၍ အတွေ့များလာလျှင် ချစ်သူများ ဖြစ်လာကြမည်မှာ သေချာ၏။ ယေးလတောအုပ်ထဲက စိတ္တလပဗ္ဗတမှာ တရားအားထုတ်စဉ်က တောကောင်အားလုံးအပေါ်မှာ မေတ္တာထားနိုင်သမျှ ထား၏။ မေတ္တာပို့၏။ မေတ္တာပို့အားကောင်းနေလျှင် (မေတ္တာဘာဝနာဖြင့် သမာဓိရနေလျှင်) “ကျားပင်ဖြစ်စေ ငါမကြောက်”ဟု စိတ်ထင်နေ၏။ တစ်နေ့ အနီးအနားက မြတ်ခင်းပြင်မှာ ကျက်စားလေ့ရှိသော သမင်အုပ်ထဲမှ သမင်တစ်ကောင်ကို ကျားဆွဲသွားသောအခါမှာ ကြက်သီးထမိ၏။ “တောကို ချစ်တတ်ဖို့ သင်ယူစရာတွေ ကျန်နေသေးပါလား”ဟု နားလည်လိုက်၏။ လူတိုင်းလူတိုင်း တောကို ချစ်တတ်ဖို့ လိုပါ၏။ တောကို မချစ်လျှင် ရလာမယ့်အကျိုးဆက်များကား မတွေးရဲစရာ ဖြစ်၏။ သူတော်စင်များလောက် တောကို မချစ်ရဲလျှင်သော်မှ တောကို မဖျက်ဖို့တော့ ကြိုးစားသင့်ကြ၏။

ဒါက စာရေးသူရဲ့ မွှေ့ယာလေးပေါ့

ကမ္ဘာကြီး၏ သက်တမ်းကို နှစ်သန်းပေါင်းလေးထောင်ကျော်ပြီဟု မှတ်သားရဖူး၏။ ကမ္ဘာ့ဘာသာကြီးများ အားလုံးက ကမ္ဘာအစကို အသီးသီး ဖော်ပြကြ၏။ ယေဘုယျအားဖြင့် ကမ္ဘာအစနှင့်ပတ်သတ်၍ အယူအဆနှစ်မျိုးသာ ရှိ၏။ တစ်မျိုးက ကမ္ဘာနှင့်သတ္တ၀ါများကို ဘုရားတစ်မျိုးမျိုးက ဖန်ဆင်းထားသည်ဟု ဆို၏။ နောက်တစ်မျိုးက ဘယ်သူမှ ဖန်ဆင်းထားတာမဟုတ်၊ သူ့သဘာဝအရ တည်နေခြင်းသာဖြစ်သည်ဟု ဆို၏။ မည်သို့ဆိုစေ ကမ္ဘာသည် ကမ္ဘာသာဖြစ်ပြီး လက်ရှိ အကျွန်ုပ်တို့ နေထိုင်နေကြသည်သာဖြစ်၏။
ယခုဆိုလျှင် ဒီကမ္ဘာပေါ်မှာ အသိညာဏ်အရှိဆုံး သတ္တ၀ါဟုဆိုသော “လူသတ္တ၀ါ”တစ်မျိုးတည်း သန်းပေါင်း ခြောက်ထောင်ကျော်နေပြီဖြစ်၏။ လူသားများသည် အချို့နေရာဒေသများတွင် ပြွတ်သိပ်နေပြီး အချို့နေရာဒေသများတွင် ပါးလှ၏။ အချို့လူကြီးများက လူသားလေးတွေ ထပ်မွေးဖို့လိုနေသေးကြောင်း ပြောကြ၏။ အကြောင်းမှာ ကမ္ဘာပေါ်တွင် လူမနေသေးသော နေရာဒေသများ ပေါ်များနေသေး၏ဟု ဆိုကြ၏။ အချို့နေရာဒေသများမှာတော့ မွေးနှုန်းကို ကန့်သတ်ထားကြ၏။ အကြောင်းမှာ လူသားများဖြင့် ပြည့်သိပ်နေခြင်းကြောင့်ဟု ဆိုကြ၏။

အန္တရာယ်ကြောက်လို့ အန္တရာယ်များတဲ့ ကျောက်ဂူမှာ နေတာ


အထက်က ကျောက်ဂူမှာ သီတင်းသုံးတဲ့ ကြည်ညိုစရာ တောရဆရာတော်

လူသတ္တ၀ါများသည် မြို့ကြီးဟုခေါ်သောနေရာများတွင် မွန်းကျပ်၍ သို့မဟုတ် နေရထိုင်ရမသက်သာလှ၍ လူသတ္တ၀ါနည်းပါးသော ဒေသများသို့ ပြောင်းရွှေ့ကြ၏။ ရောက်ရာအရပ်၌ ကလေးများ မွေးကြ၏။ ထိုကလေးများက ကလေးများထပ်မွေးကြခြင်းအားဖြင့် လူသတ္တ၀ါများ ကျက်စားရာစားကျက်ကြီးများ တိုးလာရပြန်၏။

လူသတ္တ၀ါများကား ကိုယ့်ကိုကိုယ် အသိညာဏ်အရှိဆုံးသတ္တ၀ါများဟု ယူဆထားကြ၏။ သို့ဖြင့် အခြားသတ္တ၀ါများကို အထင်သေးကြ၏။ အချို့ဘာသာကြီးများကလဲ လူမှလွဲ၍ အခြားသတ္တ၀ါများအားလုံးသည် ဘုရားသခင်၏အချစ်ဆုံးသတ္တ၀ါဖြစ်တဲ့ လူသားများအတွက် ပျော်ရွှင်စေဖို့နဲ့စားဖို့အတွက် ဖန်ဆင်းပေးထားသည်ဟု ဆိုကြ၏။ ဤသို့ဖြင့် အသိညာဏ်အရှိဆုံးဟုဆိုသော လူသတ္တ၀ါများကား ရောက်ရာအရပ်တွင် အခြားသတ္တ၀ါများကို ရန်ရှာကြ၏။ ပစ်ခတ်၊ သတ်ဖြတ်ကြ၏။ ဖမ်းဆီးပြီး ရောင်းဝယ်ဖောက်ကားကြ၏။ ဤသို့ဖြင့် လူတို့အမြင်အားဖြင့် အခြားသတ္တ၀ါအားလုံးမှာ နာမ်တရား(သိစိတ်)မရှိသော ရုပ်ဝတ္ထုပစ္စည်းထက်ပိုပြီး ထူးခြားမှုမရှိတော့။ လူသားအတွက် ရောင်းကုန်တစ်ခုထက်ပို၍ တန်ဖိုးမရှိတော့။ ရက်စက်သောနည်းဖြင့် သတ်ဖြတ်သောကြောင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသောသတ္တ၀ါကိုပင် “ဆန့်ငင်ဆန့်ငင်ဖြစ်နေတာဟာ နာကျင်လို့ မဟုတ်”ဟု ယူဆသော ဘာသာပင် ရှိနေသေး၏။ အံ့ဖွယ်။
လူသတ္တ၀ါတို့၏ ထင်တိုင်းကြဲမှု၊ ရန်ရှာမှု၊ မညှာမတာရက်စက်ကြမ်းကြုတ်မှုများကြောင့် အခြားသတ္တ၀ါတို့မှာ လူသတ္တ၀ါများရှိရာအရပ်တွင် နေလို့မရ၊ တောသို့ ပြေးကြရ၏။ အသိညာဏ်ရှိသည်ဟုဆိုသော လူသတ္တ၀ါများမှာ တောသို့ဝင်၍ ရှာကြံသတ်ဖြတ်ကြပြန်၏။ သတ္တ၀ါများပျော်မွေ့ရာ တောတောင်များကိုလဲ ဖျက်ဆီးကြ၏။ တဖြည်းဖြည်းနှင့်တောများ နည်းလာ၏။ တောများ တဖြည်းဖြည်းနည်းလာခြင်းဖြင့် လူသတ္တ၀ါများ အသိညာဏ်ရှိမရှိမှာ မေးခွန်းထုတ်စရာဖြစ်လာ၏။

သီရိလင်္ကာနိုင်ငံဒေသအတော်များများသို့ ခရီးသွားဖြစ်ခဲ့၏။ သွားလေရာအရပ်မှာ သမင်၊ ဆတ်၊ မျောက်၊ ဥဒေါင်းစသော သတ္တ၀ါလေးများကို တွေ့ရ၏။ လူများကလည်း မည်သို့မျှ မလုပ်။ သူ့လမ်းသူ သွားနေကြ၏။ သူ့အလုပ်သူ လုပ်နေကြ၏။ ပို၍အံ့သြစရာကောင်းသည်မှာ ထရင်ကိုမာလီ(Trincomale)လို့ခေါ်တဲ့ သီရိလင်္ကာအထက်ပိုင်းဒေသကို ရောက်သွားတော့ ကင်းစောင့်နေသော စစ်သားများအနီးအနားတွင် သမင်များ၊ ဥဒေါင်းများကို တွေ့ရခြင်းဖြစ်ပါ၏။ ထိုအရပ်ဒေသမှာ ရှေ့တန်းစစ်မြေမြင်ဟု ခေါ်မည်ဆိုက ခေါ်နိုင်၏။ အဆိုပါ စစ်သားများမှာ စားရေးသောက်ရေးအခက်အခဲ ဖြစ်မည်မှာ သေချာသည်။ တစ်ခြားနိုင်ငံများမှ စစ်သားများဆိုလျှင် အနီးအနားရှိ သတ္တ၀ါများကို သတ်ဖြတ်စားသောက်ကြမည်မှာ သေချာသည်။ ထိုအခါတုန်းက ခရီးသွားဖော် သူငယ်ချင်းက “မြန်မာက သတ္တ၀ါတွေကို ပတ်စပို့တ်လုပ်ပေးရမယ်။ ပြီးရင် ဒီနိုင်ငံကို လွှတ်ပေးရမယ်”ဟု အရွှန်းဖောက်၏။ မှန်လည်းမှန်ပါ၏။ ကိုလံဘိုကဲ့သို့သော မြို့ကြီးများမှာပင် လမ်းလယ်ခေါင်၌ ဖွတ်ကြီးများ ဖြတ်သွားနေသည်ကို မကြာခဏတွေ့ရ၏။ အံ့ဖွယ်ကောင်းလေစွ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ စံတင်ရမည့် နိုင်ငံဖြစ်သည်ဟု ယူဆမိ၏။


ရေလာသောက်တတ်တဲ့ ဆင်ကြီး


ညကျရင် ကျောင်းဘေးထိ လာတယ်


စာရေးသူတို့ သွားရာ သူက လိုက်စောင့်ပေးတယ်


Discovery ထဲက ဖွတ်က သူ့သားလောက်ရှိတာပါ

အမှန်အားဖြင့် ကမ္ဘာကြီးသည် တောနှင့်ခွဲ၍ မရစကောင်း။ တောသည် ကမ္ဘာ၊ ကမ္ဘာသည် တော ဒွန်တွဲနေ၏။ သို့မဟုတ် တောနှင့်ကမ္ဘာသည် အမည်တစ်မျိုးသာ ဖြစ်နေသင့်၏။ သတ္တ၀ါများကား ဥတုရာသီကို မှီနေရ၏။ ဥတုရာသီကား တောကို မှီနေ၏။ တောမကောင်းလျှင်၊ မဖွံ့ဖြိုးလျှင် ဥတုရာသီ မကောင်းနိုင်၊ မဖွံ့ဖြိုးနိုင်။ ဥတုရာသီမကောင်းလျှင် သတ္တ၀ါများ မရှင်သန်နိုင်။ မကြီးပွားနိုင်။ တောကို ဖျက်လျှင် ဥတုရာသီကို ဖျက်ဆီးသည်နှင့် တူ၏။ ဥတုရာသီကို ဖျက်ဆီးလျှင် သတ္တ၀ါကို ဖျက်ဆီးသည်နှင့် တူ၏။ သို့ဖြင့် သစ်ပင်ကို သတ်လျှင် ပရိယာယ်အားဖြင့် သတ္တ၀ါကို သတ်သည်နှင့် တူလေတော့၏။ သို့ဖြစ်၍ မိမိကိုယ်ကို တူးဖြိုနေသောသတ္တ၀ါကို အသိဉာဏ်အရှိဆုံးသတ္တ၀ါဟု ပြောဖို့ ခက်လာ၏။

လူသားတွေအနေနဲ့ ကိုယ့်ကိုကိုယ် အမြင့်မြတ်ဆုံး လူသားလို့ ကြွေးကြော်ချင်ရင်တော့ သစ်ပင်လေးတွေနဲ့သတ္တ၀ါတွေကို ဒီထက် ပိုချစ်တတ်ဖို့ လိုနေတာတော့ အမှန်ပါပဲ။

1 comment:

tg.nwai said...

သစ်ပင်တွေနဲ့ စိမ်းစိုနေတာ စိတ်အေးချမ်းကြည်နူးဖို့ကောင်းလိုက်တာ ဘုရား...။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails