Saturday, June 27, 2009

နေ့တစ်နေ့ကို ဖြတ်သန်းခြင်း

(စာတွေရေးထားပြီးတော့ ပြန်စစ်ဖို့ အချိန်မရဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်မိသူတွေ၊ ကြည့်မိသူတွေ အေးမြသော တောရနံ့လေးတွေနဲ့ အေးမြမှုလေးတွေ ရရှိပါစေဆိုတဲ့ စေတနာနဲ့ ဖြစ်သလို ရေးထားတဲ့ ဆောင်းပါးလေးတွေ တင်လိုက်ပါတယ်။ အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ဖြစ်ပါတယ်)


တရားပြဆရာတော် ဒေါက်တာအရှင်ဇနိတနှင့် စာရေးသူတို့အဖွဲ့


ဒေါက်တာအရှင်ဇနိတ (သြစတေးလျ)မှ စာရေးသူတို့အား တရားစစ်မေးနေစဉ်

စိတ္တလတောင်ရဲ့ အရှေ့ဘက်တောင်ခြေမှာ သဘာဝရေကန်ကြီးတစ်ခု ရှိတယ်။ အဲဒီရေကန်ကြီးကနေ သောက်ရေသုံးရေကို ယူကြရတာ။ ညနေဆိုရင် အဲဒီရေကန်ဘေးက သစ်ပင်တွေမှာ ငှက်ကြီးတွေ ရောက်ရောက်လာပြီး တစ်ညတာ ခိုနားလေ့ရှိကြတယ်။ စာရေးသူတို့ရဲ့ နေ့ခင်းတရားအားထုတ်ချိန်က ညနေ ခြောက်နာရီဆို ပြီးပါတယ်။ စာရေးသူတို့မှာ ညနေဆိုရင် နာရီမလိုဘူး။ တရားထိုင်ရင်း အဲဒီငှက်ကြီးတွေ အရပ်လေးမျက်နှာ မိမိတို့ကျက်စားရာအရပ်မှ ပြန်လာပြီး အော်မြည်နေတဲ့အသံကြားရင် ခြောက်နာရီထိုးတော့မယ်ဆိုတာ သေချာသိရတယ်။ အကောင်ရေကလဲ မနည်းဘူး။ အနည်းဆုံး အကောင်တစ်ရာဝန်းကျင်တော့ ရှိမယ်။ အကောင်ကကြီးလို့လားတော့ မသိဘူး။ အော်မြည်တဲ့အသံကလဲ အကျယ်ကြီးပဲ။ များသောအားဖြင့် အိပ်တန်းကို ပြန်လာကြတာကတော့ အုပ်စုလိုက်အုပ်စုလိုက်တွေပဲ။ ဒါပေမယ့် သစ်ပင်ပေါ်နားကြပြီဆိုရင်တော့ နှစ်ကောင်တစ်တွဲတွေ များတယ်။ သူတို့က အချိန်မှန်တယ်။ မနက်ဆိုရင်လဲ ငါးနာရီဝန်းကျင်လောက် အိပ်ယာထ အသံတွေပေးပြီး ခြောက်နာရီလောက်ဆိုရင် အရပ်မျက်နှာအသီးသီးကို အုပ်စုဖွဲ့ ပျံသန်းသွားလေ့ရှိကြတယ်။ သူတို့တွေ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအတွင်း ဘယ်ကို သွားလို့၊ ဘာတွေ လုပ်နေကြသလဲ။ နေ့တစ်နေ့စာမှာ ဘာတွေ ရသွားခဲ့ကြသလဲ။
စိတ္တလတောင်ဟာ သားရဲတိရစ္ဆာန်မျိုးစုံ ကျက်စားတဲ့တောကြီး ဖြစ်ပါတယ်။ သီရိလင်္ကာမှာလဲ အကြီးဆုံးတောကြီးပေါ့။ အဲဒီသတ္တ၀ါတွေထဲမှာမှ လူနဲ့အနီးဆုံး ကျက်စားတဲ့ သတ္တ၀ါကတော့ မျောက်တွေပဲ ဖြစ်ပါတယ်။ မျောက်တွေက မနက်ဆိုရင် ငါးနာရီခွဲလောက်စပြီး အိပ်ယာထကြတယ်။ နေတော့လဲ သူ့အုပ်စုနဲ့သူ နေကြတာ။ အိပ်ယာထတာနဲ့ အဲဒီအထဲက မျောက်အထီးကြီးတွေက ကြောက်စရာအသံတွေနဲ့ အော်ဟစ်ပြီး နီးရာ သစ်ပင်၊ ကျောက်ဆောင်တွေပေါ်ကို အားရပါးရ ခုန်ပေါက်ပြေးလွှားလေ့ ရှိပါတယ်။ ငယ်ရွယ်တဲ့မျောက်လေးလေးတွေကလဲ အကြီးဆုံးမျောက်ကြီး လုပ်သလို တတ်နိုင်သလောက် လိုက်လုပ်လေ့ရှိတယ်။ မျောက်ကြီးတွေလောက် ခုန်လဲ မခုန်နိုင်၊ အော်လဲ မအော်နိုင်ဘူးပေါ့။


ရဟန္တာများစွာ သီတင်းသုံးခဲ့သည်ဆိုသော ကျောက်ဂူများအနီး အမှတ်တရ


နောင်တော်ကြီး အရှင်စန္ဒောဘာသ ကျောက်ဂူအတွင်းအိပ်ယာပေါ် တရားရှုမှတ်နေစဉ်


စင်္ကာပူရောက်နေသော နောင်တော်ကြီး အရှင်တိက္ခဉာဏာလင်္ကာရ တရားထိုင်ခဲ့သော နေရာ


နောင်တော်ကြီး ဦးတေဇောဘာသ (ဂျာမဏီ) နေ့စဉ် တစ်ရေးတမော မှေးစက်ခဲ့တဲ့ နေရာ

အဲဒီလို အော်နေကြ၊ ခုန်ပျံကျော်လွှားလုပ်နေကြတာဟာ အကြောင်းမသိသူဆိုရင် အတော်ခြောက်ခြားစရာကောင်းပါတယ်။ ရောက်စကဆိုရင် အဲဒါကို အထူးအဆန်းလုပ်ပြီး လိုက်ကြည့်ဖြစ်ပါတယ်။ အကြီးဆုံးမျောက်ကြီးတွေဟာ ငယ်တဲ့မျောက်တွေကို ခုန်ပျံကျော်လွှားနည်းပညာပဲ သင်ပြနေသလား၊ သို့မဟုတ် အင်အားပဲ ပြနေသလားတော့ မသိနိုင်ဘူး။ ပထမဆုံး မျောက်ကြီးတွေက သစ်ပင်ဆိုရင် အမြင့်ဆုံးကိုင်းဖျား၊ အမြင့်ဆုံးကျောက်တောင်အစွန်းတွေရဲ့ အထက်ကို တက်၊ ပြီးရင် အောက်ပိုင်းတော်တော်ဝေးတဲ့ သစ်ကိုင်း၊ ကျောက်ဖျာတွေပေါ်ကို ခုန်ဆင်းပြတာတွေဟာ ကြည့်လို့တော့ အတော်ကောင်းပါတယ်။ အဲဒီလို အချိန်ဆိုရင် အဲဒီဝန်းကျင်ကတော့ ဆူညံပွက်နေတော့တာပဲ။ အဲဒါဟာ မျောက်တွေရဲ့ နေ့တစ်နေ့ အစ။
ပြီးရင် သူတို့တစ်နေ့တာ နေထိုင်ကျက်စားမယ့်နေရာကို အကြီးဆုံမျောက်ကြီးက ဦးဆောင်ပြီး သွားတော့တာပဲ။ ငယ်တဲ့မျောက်တွေ၊ မျောက်မတွေက နောက်ကလိုက်လို့ပေါ့။ စားကျက်ကို သွားရင်လဲ မျောက်တွေဟာ ဟိုခုန်၊ ဒီကူးနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ တစ်ခါတစ်လေ ဓာတ်ကြိုးတန်းပေါ်ကနေ မျောက်အုပ်ကြီးအစဉ်အတိုင်း ကျော်ဖြတ်သွားနေတာကို တွေ့ရတယ်။


တောရဆောက်တည်နေသော ဆင်ဟာလရဟန်းတော်လေးနဲ့ အမှတ်တရ


ဒီသမင်လေးကို ၀ိုင်းချစ်ကြတယ်


တရားထိုင်ခဲ့ကြတဲ့ ကျောက်ဂူကြီး

အဲဒီအခါမျိုးမှာ ဇာတကမှာလာတဲ့ ကပိဇာတ်ကို သွားသွားအမှတ်ရတတ်ပါတယ်။ ကပိဇာတ်ထဲမှာ ဘုရားလောင်းဦးဆောင်တဲ့ မျောက်အုပ်ကြီးဟာ ချောင်းတစ်ခုကို နွယ်ကြိုးလေးနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီအခါ ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီပီ နောက်ဆုံးမှ ဖြတ်ကူးဖို့ ဆုံးဖြတ်ပြီး ငယ်ရွယ်တဲ့မျောက်တွေနဲ့ သားသည်မိခင်မျောက်တွေကို အရင် ကူးစေပါတယ်။ နောက်ဆုံးမှာ ဒေ၀ဒတ်လောင်းမျောက်ရဲ့ အကြံပက်စက်မှုကြောင့် ဘုရားလောင်းဟာ ဘုရင်ရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။
ဒီမျောက်အုပ်တွေမှာလဲ အကြီးဆုံး မျောက်ခေါင်းဆောင်ကြီးတွေ ရှိပါတယ်။ စာရေးသူတွေ့ရတဲ့ မျောက်ခေါင်းဆောင်ကြီးတွေကတော့ တော်တော်အတ္တဆန်ကြတာတွေ့ရတယ်။ ကောင်းမွန်တဲ့အစားအသောက်ဆိုရင် သူချည်းပဲ အရင်စားပါတယ်။ သူစားလို့ မကုန်မှ ကျန်တဲ့မျောက်တွေကို မျှဝေပါတယ်။ ကာမဂုဏ်အရာမှာလဲ ငယ်တဲ့မျောက်ထီးတွေဆိုရင် အလစ်မပေးပါဘူး။ ရက်ရက်စက်စက် ကိုက်လေ့ရှိပါတယ်။ သူ့ဆီမှာ စားစရာတစ်ခုခုရပြီဆိုရင် မျောက်မတွေကလွဲပြီး အောက်လက်ငယ်သားမျောက်တွေကို အနားကပ်ခွင့်မပေးပါဘူး။
ဒါပေမယ့် လေးစားစရာကောင်းတဲ့မျောက်ခေါင်းဆောင်တစ်ကောင်ကိုလဲ တွေ့ခဲ့ရတယ်။ တစ်နေ့ မျောက်တွေ ကျောင်းဆောင်နားမှာ သောင်းကျန်းကြလို့ ကျောင်းသားတွေက ခဲနဲ့ထုပြီး မောင်းထုတ်ကြပါတယ်။ အဲဒါအခါ မျောက်တွေဟာ ကြောက်အားလန့်အား ပြေးကြပါတယ်။ အန္တရာယ်ကြားနေ သူ့တပ်ဖွဲ့တွေ ပြေးနေကြတာကို ခေါင်းဆောင်လုပ်သူမျောက်ကြီးက ဓာတ်ကြိုးလေးကို အကာအကွယ်ယူပြီး ကြည့်နေပါတယ်။ သူ့ဘေးနားမှာ ခဲလုံးတွေ ပလူပျံနေတာကိုလဲ သူ့မှာ ဂရုမစိုက်နိုင်အားဘူး။ သူများတွေ ကြောက်အားလန့်အားပြေးနေကြပေမယ့် သူ့စိတ်ထဲမှာ ငယ်သားတွေအတွက် စိတ်ပူနေတာ အထင်းသားတွေ့ရတယ်။ ငယ်သားမျောက်တွေအားလုံး ဘေးလွတ်ရာကို ရောက်သွားတော့မှ သူ့လဲနောက်ကနေလိုက်ပြီး ပြေးပါတော့တယ်။


ဝါး....အိပ်ချင်လိုက်တာ


မိခင်ရင်ခွင်လောက် လုံခြုံတာ ဘယ်မှာမှ မရှိဘူး

ဒီနေရာမှာ ခေါင်းဆောင်ကောင်းကိစ္စကို ပြောချင်တာ မဟုတ်ဘူး။ မျောက်တွေရဲ့တစ်နေ့တာ လှုပ်ရှားရုန်းကန်ရပုံကို ပြောချင်တာ။ မျောက်တွေမှာ နေ့စဉ်တစ်အုပ်စုနဲ့တစ်အုပ်စု စားကျက်လုရင်း တိုက်ခိုက်ကြ၊ ခြိမ်းခြောက်ကြတာဟာလဲ သံဝေဂယူမယ်ဆို ယူစရာပဲ။ တောအုပ် ဒီလောက်အကျယ်ကြီးထဲမှာ စားစရာသစ်ပင်တွေက အများကြီး။ ဒါပေမယ့် သူတို့မှာ တစ်စုနဲ့တစ်စု သစ်ပင်လုကြရတယ်။ သစ်ပင်လုပြီး အားရပါးရစားသောက်ကြ။ ကာမဂုဏ်မှီဝဲကြ။ နေ့ခင်း နေပူပြီဆိုရင် သစ်ပင်ရိပ်တွေမှာ ကိုယ့်အုပ်စုနဲ့ကိုယ် အနားယူကြတယ်။ တစ်ကောင်နဲ့တစ်ကောင် သန်းရှာပေးသူပေးကြနဲ့ပေါ့။ ညနေ နေအေးပြီဆိုရင်တော့ တစ်ညတာမှာ မဆာဖို့အတွက် သစ်ပင်တွေပေါ်ကို ပြန်တက်၊ အလုအယက် စားသောက်ကြပြန်တာပေါ့။ ဒီလိုနဲ့ တစ်နေ့တာ ရုန်းကန်လှုပ်ရှားရင်း နေစောင်းတာနဲ့ နေ့စဉ်အိပ်နေကြ အိပ်တန်းကို အုပ်စုလိုက် ပြန်ကြတော့တာပဲ။ သူတို့ရဲ့ တစ်နေ့တာမှာ ဘာတွေများ ရသွားခဲ့ကြပါလိမ့်။
စိတ္တတောင်ဘေးက ကျောင်းမှာ ကပ္ပိယကြီးတစ်ယောက်ရှိတယ်။ ကပ္ပိယကြီးကြည့်လိုက်ရင် အားတယ်ကို မရှိဘူး။ လူက သန့်သန့်ပြန်ပြန့်နေရင် ဥပဓိ ဒီလောက်မဆိုးလောက်ဘူး။ အခုဟာက အ၀တ်စားနဲ့တစ်ကိုယ်လုံးက ညစ်ပေနေတယ်။ မီးဖိုချောင်မှာချည်း တစ်နေကုန် နေရတာလဲ ပါမှာပေါ့။ ရဟန်းတော်တွေနဲ့ ဧည့်သည်တွေ စားဖို့သောက်ဖို့ ချက်ပြုတ်ပြင်ဆင်နေရတာနဲ့ မီးဖိုက ထွက်ရတယ်ကို မရှိဘူး။ သူ့အလုပ်နဲ့သူတော့ ပျော်နေပုံရပါတယ်။ သူ့ကြည့်လိုက်ရင် အမြဲတမ်းပြုံးနေတာပဲ။ သူ့ရဲ့တစ်နေ့တာဟာ ဒီမီးဖိုချောင်လေးမှာပဲ လူးလားခေါက်တုန့် သွားလာရင်း အချိန်ကုန်သွားတော့တာပဲ။ သူ့မှာ အသက်ကြီးမှ ယူထားတဲ့ ဇနီးငယ်တစ်ယောက်နဲ့ သားသမီးတွေ ရှိတယ်လို့ ဆိုပါတယ်။ မီးဖိုချောင်လေးမှာ ပေပေရေရေ လုပ်ကိုင်ရင် ရတဲ့လခလေးနဲ့ မိသားစုကို အချိန်တန်ရင် လခပေး၊ သားသမီးတွေကို ကျောင်းထားရတယ်လို့ ဆိုပါတယ်။ သူ့မှာ အိမ်ထောင်ပြုထားပေမယ့် ဒီလိုတောကြီးထဲက ဘုန်းကြီးကျောင်းမှာ ကပ္ပိယအလုပ်လာလုပ်ရတာဆိုတော့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချိန်ဆိုတာလဲ ဘယ်မှာရှိနိုင်တော့မလဲ။


စစ်ထွက်ပြီး မြန်မာမှာ ဘုန်းကြီးဝတ်ချင်တယ်ဆိုတဲ့ စိတ်ကောင်းရှိတဲ့ စစ်ဗိုလ်


သမင်းလေးကို ကျားဆွဲသွားသတဲ့

သတ္တလောကသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ တွေးကြည့်ရင် ရင်သပ်ရှုမောဖွယ်ရာကောင်းသလို သာမန်ကြည့်ရင်လဲ မထူးခြားတဲ့ ဇာတ်လမ်းတွေပါပဲ။ တကယ်တော့ လူဆိုတာ အနှစ်သာရတွေအကြောင်း သိပ်ပြောလွန်းတဲ့ အမျိုးအစားတွေ ဖြစ်ပေမယ့် လက်တွေ့ဘ၀တွေမှာတော့ အနှစ်သာရနဲ့ဝေးလွန်းနေကြပါတယ်။ အနှစ်သာရကို ဘာပေတံနဲ့ တိုင်းတာမလဲလို့ မေးလာရင်တောင် နှုန်းစံ(Ideal)တွေက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါအုံးမယ်။
တစ်နေ့က သူငယ်ချင်းက ရင်လာဖွင့်တယ်။ “အသက်တွေက ကြီးလာပြီကွာ။ လောက ကောင်းကျိုးအတွက် ငါဘာတွေလုပ်ပြီးပြီလဲလို့ စဉ်းစားကြည့်တော့ ငါ တစ်ခါတစ်လေ အိပ်လို့တောင်မရဘူး”တဲ့။ သူကတော့ ဘ၀ရဲ့ နှုန်းစံကို လောကကောင်းကျိုးအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း၊ မပေးခြင်းနဲ့ တိုင်းတာပုံရပါတယ်။ “သူငယ်ချင်းက အဲဒီလို စဉ်းစားဖော်ရသေးတယ်။ တစ်ချို့အတွက် အဲဒီလို စဉ်းစားဖို့ကို အချိန်မပေးနိုင်ကြဘူး”လို့ ပြောလိုက်တော့ တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးသွားပုံရပါတယ်။
လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခေတ်ကာလရဲ့ အဖြစ်အပျက်မြန်နှုန်းတွေကြားမှာ မရူနိုင်မကယ်နိုင်နဲ့ ဖြစ်နေကြသလိုပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုအတွက် အနှစ်သာရရှိမရှိလဲ အချိန်ယူ စဉ်းစားမပေးနိုင်။ ဒီလိုနဲ့ပဲ ကျင်လည်ရာရပ်ဝန်းမှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀တစ်ခုကို မယောင်မလည်နဲ့ လက်စသိမ်းလိုက်ကြရတာက များပါတယ်။


ရေအိုင်ရှိရင် မိကျောင်းရှိတယ်


လှပတဲ့ ကိုရွှေဥဒေါင်း

တစ်နေ့တာ လှုပ်ရှားမှုတွေအကြောင်းတွေးရင် ဗုဒ္ဓမြတ်စွာရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို သွားသတိရမိပါတယ်။ မိုးမလင်းခင် မနက် နှစ်နာရီလောက်ကတည်းက အိပ်ယာကထ၊ အိပ်ယာထပြီးတာနဲ့ “ငါ့အတွက် ဘာလုပ်ရမလဲ”လို့ မစဉ်းစားဘူး။ “ဒီနေ့ ဘယ်သူ့ကို ထာဝရချမ်းမြေ့ပျော်ရွှင်ခြင်း အမြိုက်အရသာကို ပေးရပါ့မလဲ”လို့ စဉ်းစားပါတယ်။ တွေးသမျှလုပ်သမျှဟာ အတ္တမပါတော့ဘူး။ ကိုယ်ကျိုးအတွက် တစ်ခုမှ မပါတော့ဘူး။ အများအကျိုးကိုပဲ ရှေ့တန်းတင်လုပ်ဆောင်ခြင်းအားဖြင့် တစ်နည်းတစ်ဖုံ ကိုယ်တိုင်ချမ်းမြေ့ရခြင်းဆိုတဲ့ ကိုယ့်ကျိုးတွေ ပြည့်စုံနေတတ်တာကတော့ ဓမ္မရဲ့ သဘာဝပါပဲ။ ဒီလိုနဲ့ တစ်နေကုန် သတ္တလောကရဲ့ ကောင်းရာမွန်ရာတွေကိုလမ်းညွှန်ပြသရင်း တစ်နေ့တာ ကုန်လွန်သွားတော့တာပဲ။ အားကျလေးစားမိပါတယ်။
လူတွေက သမိုင်းအကြောင်း သိပ်ပြောကြတယ်။ ကိုယ့်သမိုင်းကိုယ်ရေးတာ ဘာညာနဲ့ပေါ့။ သမိုင်းအကြောင်းပြောကြတာဟာ သူများအတင်းပြောမှ ထွက်လာကြတာများပါတယ်။ “အေးကွာ..သူများအကြောင်းတွေ ပြောမနေပါနဲ့၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ”လို့ ဆိုတတ်ကြတယ်။ အမှန်တကယ် ပြောသူကိုယ်တိုင်ကတော့ သမိုင်းတွင်ရစ်စရာ ဘာမှ လုပ်ဆောင်ခြင်းမရှိ ဖြစ်နေတာကိုလဲ မိမိတို့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေကြရတာပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဧရာမအရာကြီးနှစ်ခုရဲ့အလယ် မယောင်မလယ် ရပ်တည်နေကြရတဲ့ သတ္တလောကသားတွေအတွက် သမိုင်းတွေအကြီးအကျယ်မရေးထိုးနိုင်ကြရင်တောင်မှ မိမိတို့ရဲ့ တစ်နေ့တာလုပ်ငန်းမှာ အတ္တ၊ ပရမျှတအောင် လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။
တိရစ္ဆာန်တွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ထူးမခြားနားဖြစ်တဲ့ ကိုယ့်ဝမ်းကိုယ့်ခါးလှဖို့၊ ကိုယ့်မိသားစု ကောင်းစားဖို့ စတဲ့ ကိုယ့်ဖို့တွေအကြောင်းပဲ ခေါင်းထဲမှာထားပြီး လောကကြီးကို လည်သူစားလောင်းကစားဝိုင်းလို သတ်မှတ်လိုက်ကြတော့မလား။ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကို အိပ်ယာဝင်ခါနီးတိုင်း စဉ်းစားကြဖို့မသင့်ပေဘူးလား။

နေ့တစ်နေ့ကို အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ....

Sunday, June 21, 2009

တောနှင့်ကမ္ဘာ၊ သတ္တ၀ါ

(စိတ္တလမှာ ရှိစဉ်က ဖြစ်ခဲ့တဲ့အတွေးလေးတွေပါ။ စိတ္တလရောက်ပြီး တောရဲ့ သာယာကြည်နူးစရာကောင်းမှုတွေကို ထိတွေ့ခံစားရင်း သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတတ်တဲ့အလေ့အထလေးတွေ ကိန်းအောင်းလာခဲ့တယ်။ သစ်ပင်ရှိရင် ရေရှိတယ်ဆိုတာ ဒီနိုင်ငံက သက်သေပါပဲ။ နေရာတိုင်းလိုလိုမှာ ရေတံခွန်တွေ ရှိနေတယ်။ စိမ့်စမ်းတွေ ပေါများတယ်။ အဲဒါရဲ့ အဓိကအကြောင်းတရားက သစ်ပင်တွေကို အမြတ်တနိုး တန်ဖိုးထားကြလို့ပါပဲ။ တောင်တန်းတွေ ဘယ်လောက်မြင့်မြင့် လူရှိရင် လျှပ်စစ်မီးရှိနေတာကလဲ သစ်တောမပြုန်းတီးရခြင်းရဲ့ အကြောင်းတရားတစ်ခုပါပဲ။ နောက်ပြီး ဒီနိုင်ငံမှာ ဂတ်စ်တွေ အလျှံပယ် မကြွယ်ဝပေမယ့် အိမ်တိုင်းအိမ်တိုင်း ဂတ်စ်မီးဖိုနဲ့ သုံးကြတာ များတယ်။ ဒါကလဲ ထင်းခုတ်စရာ မလိုတဲ့အတွက် သစ်တောတွေ တိုးပွားစည်ပင်ခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဒီနိုင်ငံက သစ်တောတွေ ကြည့်ပြီး အမေ့ရွာကို သတိရမိပါတယ်။ အဘိုးက ပြောဖူးတယ် `ငါတို့ ငယ်ငယ်က ရွာတောင်ဘက် ၇-မိုင်လောက်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ တကယ့်တောအုပ်ကြီးကွ´တဲ့။ အခုတော့ လျှစ်စစ်မီးက တစ်ရွာလုံးက ပိုက်ဆံပေးပြီး လုပ်ခိုင်းတာတောင် ကိုရွှေအစိုးရက လျှစ်စစ်မီးချမပေး။ ဆိုတော့ ထင်းအဖြစ် သစ်ပင်သာ ရှိသပေါ့။ ဆိုတော့ သစ်ပင်ဆိုတာ ရှားပါးပစ္စည်း ဖြစ်လာနေတယ်။ နောက်နှစ် ၂၀-၃၀ ဆိုရင်…..။ တွေးတောင် မတွေးရဲတော့ပါဘူး။ အနာဂတ်ကို မျှော်ကြည့်ရတာ ကြောက်စရာ။ စိတ္တလမှာ ရှိစဉ်က အတွေးလေးတွေနဲ့အတူ ဓာတ်ပုံလေးတွေပါ တင်ပေးလိုက်ပါတယ်။ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ကြသူများ ဖြစ်ကြပါစေ။)

လူတိုင်း တောသို့ မသွားရဲကြ။ တောကို ကြောက်စရာအဖြစ် သဘောထားကြ၏။ လူ့ဘ၀ပုံပြင်များမှာလဲ တောနှင့်ဆက်စပ်သော ပုံပြင်တွေ များစွာရှိ၏။ တော၌ လျှို့ဝှက်နက်နဲ့မှုများရှိ၏။ ကျား၊ ခြင်္သေ့၊ ဆင်ရိုင်းတို့လို ကြောက်စရာသတ္တ၀ါများစွာလဲ ရှိ၏။ အရောင်အသွေးမျိုးစုံသော ကျေးငှက်သာရကာမျိုးစုံလဲ ရှိ၏။ လူတို့ တောကို သွားလျှင် အဖော်ခေါ်ကြရ၏။ လက်နက်ဆောင်သွားကြ၏။ “ငါ့ကို လာပြီး အန္တရာယ်ပြုလို့ကတော့ ဒီလက်နက်နဲ့တွေ့မယ်”ဟူသော စိတ်သဘောထားဖြင့် လက်နက်ကို အားကိုးရာအဖြစ် ဆောင်လာခဲ့ခြင်းဖြစ်၏။ တောပျော်သတ္တ၀ါတို့မှာလည်း လက်နက်တွေနဲ့ အုပ်စုဖွဲ့လာသူများကို ရန်သူဟု သတ်မှတ်ကြကုန်၏။ သူတို့နိုင်မယ်ထင်လျှင် သတ်ဖြတ်စားသောက်လိုက်ကြ၏။ အခြေအနေမကောင်းလျှင် လွတ်အောင် ပြေးရ၏။ လူတို့နှင့် အင်အားမမျှ၊ ဉာဏ်ချင်းမယှဉ်နိုင်သောသတ္တ၀ါများကား အပြေးသာရှိ၏။ ခုခံဖို့ မစဉ်းစားနိုင်ကြ။

ကျောက်တုံးကြီးတွေအောက်မှာ ဂူကျောင်းလေးတွေ လုပ်ထားတာ


ဒါက စာရေးသူနေခဲ့တဲ့ ကျောက်ဂူလေး


ဒါက ကပ္ပိယကြီး ဆမာရသင်္ဂရဲ့ ကျောက်ဂူ


ကျောက်ဂူရှေ့မှာ လမ်းလျှောက်နေစဉ်

လူတို့ကား ခက်လှ၏။ တော၌ရှိသော သတ္တ၀ါအားလုံးနီးပါး၏ အသားကို နှစ်သက်ခုံမင်ကြ၏။ သူတို့၏အဆိုကား “တောသတ္တ၀ါရဲ့အသားက သန့်တယ်”ဟူ၍တည်း။ သန့်သောသတ္တ၀ါအသားများကို သတ်ဖြတ်စားသောက်ခြင်းဖြင့် ကိုယ်တိုင်မူကား ညစ်ပတ်စုတ်ပဲ့သောအဖြစ်သို့ ရောက်မှန်းမသိရှာကြ။ ဤသို့အားဖြင့် တောနှင့်လူမှာ ရန်သူဖြစ်လာကြ၏။
ထူးထူးခြားခြား တောကို ချစ်စရာအဖြစ် မြင်သူအချို့လဲ ရှိကြ၏။ ထိုသူတို့မှာ ရဟန်းဟု အမည်ရကြ၏။ ရဟန်းဆိုရပေမယ့် ရဟန်းတိုင်းတော့ မဟုတ်၊ အချို့သာဖြစ်၏။ ရဟန်းတို့ကား လူတို့အမြင်နှင့် လုံးဝဆန့်ကျင်၏။ လူရှိရာကို ကြောက်လန့်စရာတောဟု မြင်၍ ကျား၊ ခြင်္သေ့စသော တောသတ္တ၀ါများ ပျော်မွေ့ရာ တောကိုကား အမှန်တကယ်မှီခိုရာအဖြစ် သတ်မှတ်ထားကြ၏။ သူတို့သည် တောသို့သွားလျှင် ဘာလက်နက်မှ ယူမသွား။ ကျားစသော သတ္တ၀ါတွေကိုလဲ ရန်သူဟု မမြင်။ ကြောက်စရာဟုလဲ မမြင်။ တောကို ချစ်သောကြောင့် တောကလဲ သူ့ကို ပြန်ချစ်၏။ လူက ကျားကို ရန်သူဟု သဘောထားသောကြောင့် ကျားကလဲ လူကို ရန်သူအဖြစ် ပြန်လည် ထင်ဟပ်ပြ၏။ ရဟန်းက ကျားကို မေတ္တာရှိ၍ ကျားကလဲ ရဟန်းကို မေတ္တာပြန်ထားရ၏။ အမှန်အားဖြင့် Mutual Respect သည် လောကကို အလှဆင်သကဲ့သို့ Mutual Love ကလဲ လောကကို တင့်တယ်စေသည်သာဖြစ်၏။ တောနှင့်ရဟန်းကား ချစ်သူများတည်း။


စိတ္တလပဗ္ဗတဆည်းဆာအလှ


စိတ္တလပဗ္ဗတ ဆည်းဆာအလှ


စိတ္တလတောအုပ် ရှုခင်းတစ်နေရာ

“ငါကော တောနှင့်ချစ်သူဖြစ်ပြီလား”ဟု ကိုယ့်ကိုကိုယ် ပြန်မေးသောအခါ “အင်”ဟု အသံထွက်၏။ (အင်း..မဟုတ်)။ အမှန်အားဖြင့် တောနှင့်ချစ်သူဖြစ်ချင်လှပါ၏။ ကိုယ်ကလဲ တောကို မချစ်ရဲသေး၊ တောကလဲ ကိုယ့်ကို မချစ်ရဲသေး။ တစ်ဦးနှင့်တစ်ဦး စိမ်းနေကြ၏။ အနေနီး၍ အတွေ့များလာလျှင် ချစ်သူများ ဖြစ်လာကြမည်မှာ သေချာ၏။ ယေးလတောအုပ်ထဲက စိတ္တလပဗ္ဗတမှာ တရားအားထုတ်စဉ်က တောကောင်အားလုံးအပေါ်မှာ မေတ္တာထားနိုင်သမျှ ထား၏။ မေတ္တာပို့၏။ မေတ္တာပို့အားကောင်းနေလျှင် (မေတ္တာဘာဝနာဖြင့် သမာဓိရနေလျှင်) “ကျားပင်ဖြစ်စေ ငါမကြောက်”ဟု စိတ်ထင်နေ၏။ တစ်နေ့ အနီးအနားက မြတ်ခင်းပြင်မှာ ကျက်စားလေ့ရှိသော သမင်အုပ်ထဲမှ သမင်တစ်ကောင်ကို ကျားဆွဲသွားသောအခါမှာ ကြက်သီးထမိ၏။ “တောကို ချစ်တတ်ဖို့ သင်ယူစရာတွေ ကျန်နေသေးပါလား”ဟု နားလည်လိုက်၏။ လူတိုင်းလူတိုင်း တောကို ချစ်တတ်ဖို့ လိုပါ၏။ တောကို မချစ်လျှင် ရလာမယ့်အကျိုးဆက်များကား မတွေးရဲစရာ ဖြစ်၏။ သူတော်စင်များလောက် တောကို မချစ်ရဲလျှင်သော်မှ တောကို မဖျက်ဖို့တော့ ကြိုးစားသင့်ကြ၏။

ဒါက စာရေးသူရဲ့ မွှေ့ယာလေးပေါ့

ကမ္ဘာကြီး၏ သက်တမ်းကို နှစ်သန်းပေါင်းလေးထောင်ကျော်ပြီဟု မှတ်သားရဖူး၏။ ကမ္ဘာ့ဘာသာကြီးများ အားလုံးက ကမ္ဘာအစကို အသီးသီး ဖော်ပြကြ၏။ ယေဘုယျအားဖြင့် ကမ္ဘာအစနှင့်ပတ်သတ်၍ အယူအဆနှစ်မျိုးသာ ရှိ၏။ တစ်မျိုးက ကမ္ဘာနှင့်သတ္တ၀ါများကို ဘုရားတစ်မျိုးမျိုးက ဖန်ဆင်းထားသည်ဟု ဆို၏။ နောက်တစ်မျိုးက ဘယ်သူမှ ဖန်ဆင်းထားတာမဟုတ်၊ သူ့သဘာဝအရ တည်နေခြင်းသာဖြစ်သည်ဟု ဆို၏။ မည်သို့ဆိုစေ ကမ္ဘာသည် ကမ္ဘာသာဖြစ်ပြီး လက်ရှိ အကျွန်ုပ်တို့ နေထိုင်နေကြသည်သာဖြစ်၏။
ယခုဆိုလျှင် ဒီကမ္ဘာပေါ်မှာ အသိညာဏ်အရှိဆုံး သတ္တ၀ါဟုဆိုသော “လူသတ္တ၀ါ”တစ်မျိုးတည်း သန်းပေါင်း ခြောက်ထောင်ကျော်နေပြီဖြစ်၏။ လူသားများသည် အချို့နေရာဒေသများတွင် ပြွတ်သိပ်နေပြီး အချို့နေရာဒေသများတွင် ပါးလှ၏။ အချို့လူကြီးများက လူသားလေးတွေ ထပ်မွေးဖို့လိုနေသေးကြောင်း ပြောကြ၏။ အကြောင်းမှာ ကမ္ဘာပေါ်တွင် လူမနေသေးသော နေရာဒေသများ ပေါ်များနေသေး၏ဟု ဆိုကြ၏။ အချို့နေရာဒေသများမှာတော့ မွေးနှုန်းကို ကန့်သတ်ထားကြ၏။ အကြောင်းမှာ လူသားများဖြင့် ပြည့်သိပ်နေခြင်းကြောင့်ဟု ဆိုကြ၏။

အန္တရာယ်ကြောက်လို့ အန္တရာယ်များတဲ့ ကျောက်ဂူမှာ နေတာ


အထက်က ကျောက်ဂူမှာ သီတင်းသုံးတဲ့ ကြည်ညိုစရာ တောရဆရာတော်

လူသတ္တ၀ါများသည် မြို့ကြီးဟုခေါ်သောနေရာများတွင် မွန်းကျပ်၍ သို့မဟုတ် နေရထိုင်ရမသက်သာလှ၍ လူသတ္တ၀ါနည်းပါးသော ဒေသများသို့ ပြောင်းရွှေ့ကြ၏။ ရောက်ရာအရပ်၌ ကလေးများ မွေးကြ၏။ ထိုကလေးများက ကလေးများထပ်မွေးကြခြင်းအားဖြင့် လူသတ္တ၀ါများ ကျက်စားရာစားကျက်ကြီးများ တိုးလာရပြန်၏။

လူသတ္တ၀ါများကား ကိုယ့်ကိုကိုယ် အသိညာဏ်အရှိဆုံးသတ္တ၀ါများဟု ယူဆထားကြ၏။ သို့ဖြင့် အခြားသတ္တ၀ါများကို အထင်သေးကြ၏။ အချို့ဘာသာကြီးများကလဲ လူမှလွဲ၍ အခြားသတ္တ၀ါများအားလုံးသည် ဘုရားသခင်၏အချစ်ဆုံးသတ္တ၀ါဖြစ်တဲ့ လူသားများအတွက် ပျော်ရွှင်စေဖို့နဲ့စားဖို့အတွက် ဖန်ဆင်းပေးထားသည်ဟု ဆိုကြ၏။ ဤသို့ဖြင့် အသိညာဏ်အရှိဆုံးဟုဆိုသော လူသတ္တ၀ါများကား ရောက်ရာအရပ်တွင် အခြားသတ္တ၀ါများကို ရန်ရှာကြ၏။ ပစ်ခတ်၊ သတ်ဖြတ်ကြ၏။ ဖမ်းဆီးပြီး ရောင်းဝယ်ဖောက်ကားကြ၏။ ဤသို့ဖြင့် လူတို့အမြင်အားဖြင့် အခြားသတ္တ၀ါအားလုံးမှာ နာမ်တရား(သိစိတ်)မရှိသော ရုပ်ဝတ္ထုပစ္စည်းထက်ပိုပြီး ထူးခြားမှုမရှိတော့။ လူသားအတွက် ရောင်းကုန်တစ်ခုထက်ပို၍ တန်ဖိုးမရှိတော့။ ရက်စက်သောနည်းဖြင့် သတ်ဖြတ်သောကြောင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသောသတ္တ၀ါကိုပင် “ဆန့်ငင်ဆန့်ငင်ဖြစ်နေတာဟာ နာကျင်လို့ မဟုတ်”ဟု ယူဆသော ဘာသာပင် ရှိနေသေး၏။ အံ့ဖွယ်။
လူသတ္တ၀ါတို့၏ ထင်တိုင်းကြဲမှု၊ ရန်ရှာမှု၊ မညှာမတာရက်စက်ကြမ်းကြုတ်မှုများကြောင့် အခြားသတ္တ၀ါတို့မှာ လူသတ္တ၀ါများရှိရာအရပ်တွင် နေလို့မရ၊ တောသို့ ပြေးကြရ၏။ အသိညာဏ်ရှိသည်ဟုဆိုသော လူသတ္တ၀ါများမှာ တောသို့ဝင်၍ ရှာကြံသတ်ဖြတ်ကြပြန်၏။ သတ္တ၀ါများပျော်မွေ့ရာ တောတောင်များကိုလဲ ဖျက်ဆီးကြ၏။ တဖြည်းဖြည်းနှင့်တောများ နည်းလာ၏။ တောများ တဖြည်းဖြည်းနည်းလာခြင်းဖြင့် လူသတ္တ၀ါများ အသိညာဏ်ရှိမရှိမှာ မေးခွန်းထုတ်စရာဖြစ်လာ၏။

သီရိလင်္ကာနိုင်ငံဒေသအတော်များများသို့ ခရီးသွားဖြစ်ခဲ့၏။ သွားလေရာအရပ်မှာ သမင်၊ ဆတ်၊ မျောက်၊ ဥဒေါင်းစသော သတ္တ၀ါလေးများကို တွေ့ရ၏။ လူများကလည်း မည်သို့မျှ မလုပ်။ သူ့လမ်းသူ သွားနေကြ၏။ သူ့အလုပ်သူ လုပ်နေကြ၏။ ပို၍အံ့သြစရာကောင်းသည်မှာ ထရင်ကိုမာလီ(Trincomale)လို့ခေါ်တဲ့ သီရိလင်္ကာအထက်ပိုင်းဒေသကို ရောက်သွားတော့ ကင်းစောင့်နေသော စစ်သားများအနီးအနားတွင် သမင်များ၊ ဥဒေါင်းများကို တွေ့ရခြင်းဖြစ်ပါ၏။ ထိုအရပ်ဒေသမှာ ရှေ့တန်းစစ်မြေမြင်ဟု ခေါ်မည်ဆိုက ခေါ်နိုင်၏။ အဆိုပါ စစ်သားများမှာ စားရေးသောက်ရေးအခက်အခဲ ဖြစ်မည်မှာ သေချာသည်။ တစ်ခြားနိုင်ငံများမှ စစ်သားများဆိုလျှင် အနီးအနားရှိ သတ္တ၀ါများကို သတ်ဖြတ်စားသောက်ကြမည်မှာ သေချာသည်။ ထိုအခါတုန်းက ခရီးသွားဖော် သူငယ်ချင်းက “မြန်မာက သတ္တ၀ါတွေကို ပတ်စပို့တ်လုပ်ပေးရမယ်။ ပြီးရင် ဒီနိုင်ငံကို လွှတ်ပေးရမယ်”ဟု အရွှန်းဖောက်၏။ မှန်လည်းမှန်ပါ၏။ ကိုလံဘိုကဲ့သို့သော မြို့ကြီးများမှာပင် လမ်းလယ်ခေါင်၌ ဖွတ်ကြီးများ ဖြတ်သွားနေသည်ကို မကြာခဏတွေ့ရ၏။ အံ့ဖွယ်ကောင်းလေစွ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမှာ စံတင်ရမည့် နိုင်ငံဖြစ်သည်ဟု ယူဆမိ၏။


ရေလာသောက်တတ်တဲ့ ဆင်ကြီး


ညကျရင် ကျောင်းဘေးထိ လာတယ်


စာရေးသူတို့ သွားရာ သူက လိုက်စောင့်ပေးတယ်


Discovery ထဲက ဖွတ်က သူ့သားလောက်ရှိတာပါ

အမှန်အားဖြင့် ကမ္ဘာကြီးသည် တောနှင့်ခွဲ၍ မရစကောင်း။ တောသည် ကမ္ဘာ၊ ကမ္ဘာသည် တော ဒွန်တွဲနေ၏။ သို့မဟုတ် တောနှင့်ကမ္ဘာသည် အမည်တစ်မျိုးသာ ဖြစ်နေသင့်၏။ သတ္တ၀ါများကား ဥတုရာသီကို မှီနေရ၏။ ဥတုရာသီကား တောကို မှီနေ၏။ တောမကောင်းလျှင်၊ မဖွံ့ဖြိုးလျှင် ဥတုရာသီ မကောင်းနိုင်၊ မဖွံ့ဖြိုးနိုင်။ ဥတုရာသီမကောင်းလျှင် သတ္တ၀ါများ မရှင်သန်နိုင်။ မကြီးပွားနိုင်။ တောကို ဖျက်လျှင် ဥတုရာသီကို ဖျက်ဆီးသည်နှင့် တူ၏။ ဥတုရာသီကို ဖျက်ဆီးလျှင် သတ္တ၀ါကို ဖျက်ဆီးသည်နှင့် တူ၏။ သို့ဖြင့် သစ်ပင်ကို သတ်လျှင် ပရိယာယ်အားဖြင့် သတ္တ၀ါကို သတ်သည်နှင့် တူလေတော့၏။ သို့ဖြစ်၍ မိမိကိုယ်ကို တူးဖြိုနေသောသတ္တ၀ါကို အသိဉာဏ်အရှိဆုံးသတ္တ၀ါဟု ပြောဖို့ ခက်လာ၏။

လူသားတွေအနေနဲ့ ကိုယ့်ကိုကိုယ် အမြင့်မြတ်ဆုံး လူသားလို့ ကြွေးကြော်ချင်ရင်တော့ သစ်ပင်လေးတွေနဲ့သတ္တ၀ါတွေကို ဒီထက် ပိုချစ်တတ်ဖို့ လိုနေတာတော့ အမှန်ပါပဲ။

Friday, June 19, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ

မျှော်လင့်နေတဲ့ နေ့ရက်လေးတွေကို စာဖွဲ့ထားကြည့်တာပါ။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့ကတော့ အားလုံးနဲ့ သက်ဆိုင်နေပါလိမ့်မယ်။ အရင်က တင်ခဲ့ဖူးတဲ့ဆောင်းပါးလေးကို အမေစု မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်တင်ဆကိလိုက်ပါတယ်။ အမေ....ဒုက္ခအပေါင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေ။ အမေချစ်တဲ့တိုင်းပြည်ကြီး ခေတ်ဆိုးစနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ.....။



အရာအားလုံးက လှလို့နေတယ်။ လမ်းမများပေါ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်တုန်းကတော့ မမီလိုက်လို့ မသိဘူး။ စာရေးသူတစ်သက်မှာတော့ ပြည်သူတွေ ဒီ လောက်ပျော်ရွှင်နေကြတာ၊ လွတ်လပ်စွာ သွားလာပြောဆိုနေကြတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မြန်မာ့အလင်းနဲ့ ကြေးမှုံသတင်းစာကြီးနှစ်စောင်ကလဲ အရင်ကနဲ့မတူ၊ တစ်မူထူးဆန်းလို့။ လွတ်လပ်ရေးအောင်ပွဲကို တစ်ခမ်း တစ်နားဖော်ပြလို့။ ခေါင်းကြီးပိုင်းမှာကြည့်ပါအုံး။ မျက်နှာဖုံးမှာကြည့်ပါအုံး။ ပြောရရင် ဘယ်နေရာမှာမှ ဟိုတုန်း က အမြဲတမ်းပါနေခဲ့တဲ့ အော့ကြောလန်ပုံတွေ မတွေ့ရတော့ဘူး။ ပြည်သူတွေဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြခွင့်ကို ရလို့ အကျေနပ်ကြီး ကျေနပ်နေကြတယ်။

သတင်းစာတွေကရော၊ ဂျာနယ်တွေကရော၊ မဂ္ဂဇင်းတွေကရော ပြည်သူတွေရဲ့ ရဲရဲတောက်တိုက်ပွဲ တွေကို ဖော်ကျူးထားတာတွေ့ရတယ်။ ဟိုတုန်းက မဖော်ပြခဲ့ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အသုံးချ တဲ့အနေနဲ့ စာအုပ်တိုင်းမှာ၊ စာစောင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ပုံတွေကို ဝေေ၀ဆာဆာ တင်ပြထားကြတယ်။ “ပြည်သူ့အား”ဆိုတဲ့ ဂျာနယ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်ထားတယ်။ တစ်ချို့စာစောင်တွေမှာတော့ စစ်အစိုးရရဲ့ ကလိမ်ကကျစ်ကျခဲ့ပုံတွေ၊ ညစ်နည်းမျိုးစုံနဲ့ ညစ်ခဲ့တာတွေကို အခန်းဆက် ဖော်ပြနေကြတယ်။

ဂျာနယ်တိုင်းလိုလိုမှာ တွေ့ရတာက “အာဏာရှင် သန်းရွှေ၊ မောင်အေးနဲ့ ရာဝဇတ်ကောင်များအား အမြန်ဆုံးတရားစီရင်ဖို့” တိုက်တွန်းတောင်းဆိုနေကြတာတွေ့ရတယ်။ မနေ့ကတောင် မြို့တော်ခန်းမရှေ့မှာ လူတွေတိုးကြိတ်နေတာတွေ့လို့ သွားကြည့်မိသေးတယ်။ ဆိုင်းဘုတ်တွေ၊ ဗန်ဒါတွေ ကိုယ်စီကိုင်လို့။ ဆိုင်း ဘုတ်တွေ၊ ဗန်ဒါတွေပေါ်မှာလဲ “သန်းရွှေ အာဏာရူး ကြိုးပေး”၊ “မောင်အေး သေဒဏ်”၊ “၈၈ သတိရလား”၊ “ဒီပဲယင်းကို ရောက်ဖူးလား”။ စတဲ့ စာသားတွေနဲ့ပေါ့ဗျာ။ ပြည်သူတွေရဲ့ အမြင်မှာတော့ အရမ်းကို ထူးဆန်း နေတယ်။

ဘာကြောင့်လဲဆိုတော့ လမ်းမပေါ်ထွက် ဆန္ဒပြရင် သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်လိမ့်မယ်လို့ ထင်နေကြတာလေ။ ခုတော့ ဆန္ဒပြတဲ့သူတွေကလဲ အေးအေးဆေးဆေး၊ လုံခြုံရေးတွေကလဲ ဘေးကနေ အေးဆေးစွာ လိုက်ပါနေကြတယ်။ အမြင်က တော်တော့်ကို ဆန်းနေတယ်။
“၀မ်းသာလိုက်တာဗျာ၊ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်တော်မျှော်လင့်ခဲ့တဲ့နေ့ရက်က ခုဆို တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တယ်နော်၊ ကျွန်တော်ဖြင့် ယုံကို မယုံနိုင်လောက်အောင်ဖြစ်နေတယ်”။ သူငယ်ချင်းတစ်ယောက်က မျက်ရည်လဲ့လဲ့နဲ့ ပြောတယ်။ တစ်ယောက်ကဆို ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောတယ်။ “သေချာနားထောင်စမ်းပါဗျာ၊ ဟို လဘက်ရည်ဆိုင်မှာ ဖွင့်နေတာကို၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မဟုတ်လား၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကျေးဇူးရှင်ရဲ့အသံကို အရင်က ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့ရတာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကျေးဇူးရှင်များအကြောင်းရေးထားတဲ့ စာအုပ်တွေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတယ်၊ ခုတော့…ဗျာ လဘက်ရည်ဆိုင်မှာကို ဖွင့်သံကြားရလို့ ကျွန်တော်ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး”။

လူတွေက တော်တော်စုံနေပြီ။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အပြုံးပန်းတွေ ဆင်ထားတဲ့ လူအုပ်ကြီး။ ရင်ပြင်တစ်ခုလုံး ပြည့်နှက်လို့ပေါ့။ လမ်းတစ်လျှောက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကို ဂုဏ်ပြုတဲ့ သီချင်းများကို သီဆိုလို့။ အဲ..ကျွန်တော်တို့အားလုံး နှစ်သက်ခဲ့တဲ့ မွန်းအောင်ရဲ့သီချင်းတွေကလဲ တိုင်းပြည်အနှံ့ ပြည်လည် ဆန်းသစ်လို့။ “ဟေ့ကောင် ဆင်းလေကွာ၊ ရောက်ပြီဟ”။ သူငယ်ချင်းက သတိပေးမှ ပြည်သူ့ရင် ပြင်ရှေ့ကို ရောက်နေပြီဆိုတာကို သိရတယ်။ မိန့်ခွန်းက စနေပြီ။ အခမ်းအနားဖွင့်တာတောင် မမီလိုက်ဘူး။



“ကျွန်မတို့ ဒီနေ့ဟာ ပြည်သူ့အောင်ပွဲ (၃) လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့လို နေ့မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရတယ်။ ဒီလို နေ့မျိုးကိုရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။ မိသားစုပေါင်းများစွာ ဝေးလွင့်ကွဲထွက်ခဲ့ရတယ်။ ဒီလို လွတ်လပ်တဲ့ နေ့မြတ်ကိုရောက်ဖို့ အသက်ပေါင်း များစွာဟာ လမ်းမထက်မှာ ပျောက်ဆုံးခဲ့ရတယ်။ ချစ်စွာသော မိသားစုများစွာရဲ့အတွင်းမှာ သံတိုင် တွေ၊ အုတ်တံတိုင်းနံရံတွေ အများကြီး ခြားနားခဲ့ရတယ်။ သံတိုင်တွေကြားထဲမှာ လူမဆန်စွာ ပြုကျင့် ခံရလို့ မျက်စိကွယ်သူကွယ်၊ ခြေလက်ကျိုးသူကျိုးနဲ့ ဒုက္ခိတဖြစ်သူတွေ အများကြီး ဖြစ်ခဲ့ရတယ်။
ကျွန်မ ပြောချင်တာက ဒီလွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ “ဒီမိုကရေစီ ဘယ်နေ့ ရမလဲလို့ ကျွန်မကို မေးကြတယ်၊ ဒီမိုကရေစီရချင်ရင် လူတိုင်း ၀င်လုပ်ရမယ်”လို့ အရင်က ကျွန်မ ပြော ခဲ့ဖူးသလိုပဲ အခု အားလုံးဝင်ပြီး အလုပ်လုပ်ကြလို့ ဒီမိုကရေစီရလာခဲ့ပါပြီ။ ဒါကြောင့် ဒီလို ခက်ခက် ခဲခဲနဲ့ ရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည် မဆုံးရှုံးအောင် ကျွန်မတို့ ကြိုးစားကြရမယ်။ ဒီလို ကြိုးစား တဲ့ နေရာမှာ ပြည်သူတွေက အဓိကပါပဲလို့ ကျွန်မ ဒီနေရာကနေ အသိပေးချင်ပါတယ်။

ဒီနေရာကနေ ပြည်သူလူထုကြီးကို ကျွန်မအနေနဲ့ အထူးပြောပြချင်တာက အခု ကျွန်မတို့ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့ ကျွန်မတို့နိုင်ငံကြီးကို ပြည်လည်ထူထောင်ရမယ်။ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေကိုလဲ ကျွန်မတို့ ပြုပြင်ရမယ်။ အများကြီးပါပဲ။ ဒါကို ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို ဒီနေရာက နေ ကတိပေးပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ကတော့ အကောင်းဆုံးဆိုပြီးတော့ လုပ်တာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့အမြင်မှာ လမ်းစဉ်ဟာ မှားနေပြီ၊ ကျွန်မလုပ်တာ တရားမျှတမှု မရှိဘူး၊ ပုံမကျဘူးလို့ ခံစားရရင် စိတ်ထဲမှာ မြုံမထားပါနဲ့၊ ကျွန်မတို့သိအောင် ဆန္ဒပြပွဲများ ကျင်းပ၍ ဖြစ်စေ၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ အဲဒီလို လွတ်လပ်စွာ တင်ပြကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

နောက်ပြီး ကျွန်မတို့ အထက်က လူကြီးတွေ လုပ်ပုံကိုင်ပုံအချိုးမကျရင်လဲ ဝေဖန်ပေးကြပါ၊ ထောက်ပြ ကြပါ။ ကျွန်မ အဲဒါကိုလဲ ပြည်သူလူထုကြီးကို မေတ္တာရပ်ခံပါတယ်။ နောက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ပညာရှင်များ၊ စာရေးဆရာများနဲ့ကဗျာဆရာများအားလုံးကိုလဲ ကျွန်မ ပြောပါရစေ၊ ရှင်တို့ အမြင်တွေ၊ အတွေးတွေကို ထိမ်ချန်မထားကြပါနဲ့။ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ရေးကြပါ၊ သားကြပါ။ ကျွန်မကို ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချိုးမပြေတာကိုပဲဖြစ်ဖြစ် ရှင်တို့ အနေနဲ့ ဘာမှ အဆီးအတားမရှိ ဝေဖန်နိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်၊ တင်ပြဆွေးနွေးနိုင်ပါတယ်။ “ရှင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါ ခေါင်းဆောင်ပဲ၊ ငါလုပ်ချင်ရာ လုပ်မယ်”ဆိုတဲ့ သဘောမျိုး ကျွန်မမှာ အလျဉ်းမရှိဘူးဆိုတာကို ကျွန်မ ဒီနေရာကနေ အတိအလင်းပြောပါတယ်။

နောက်ပြီး ကျွန်မအဖေ ပြောခဲ့တဲ့အတိုင်း ကျွန်မပြောချင်ပါသေးတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပေးဆပ်ပြီး အလုပ်လုပ်မယ်၊ ကျွန်မစွမ်းနိုင်သမျှလုပ်မယ်၊ စွမ်းအားရှိသမျှ ကျွန်မရဲ့ အသက်အသွေးတွေနဲ့ပေါင်းစပ်ပြီး တိုင်းပြည်အတွက် ကျွန်မလုပ်ခဲ့မယ်။ ပြည်သူတွေအထဲက မွန်ဖြစ် ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကချင်၊ ချင်း၊ ကယား….ဘယ်လူမျိုးထဲကပဲဖြစ်ဖြစ် ကျွန်မထက်ပိုပြီး တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆသူရှိရင် ထွက်ခဲ့ပါ။ ကျွန်မ ချက်ချင်းဆင်းပေးပါ့မယ်။ ဒါကိုလဲ ပြည်သူလူထုကြီးရှေ့မှောက်မှာ ကျွန်မ အတိအလင်း ပြောပါ တယ်………………………………………………………………………………”။

“ဘာလို့ မျက်ရည်ကျနေရတာလဲကွာ” သူငယ်ချင်းကမေးမှ သတိပြန်ဝင်လာတယ်။ သတိဝင်လာမှ ကြည့်လိုက်တော့ အားလုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ အရွဲသားနဲ့။ တစ်ချို့ဆို မိန့်ခွန်းပြီးတာနဲ့ ရှိုက်ကြီး တငင် ငိုရှိုက်လို့နေတယ်။ ၀မ်းသာပီတိမျက်ရည်များ။ မိန့်ခွန်းပြီးလို့ ပြန်လည်ထွက်ခွါနေကြတဲ့ ပြည်သူလူထု မြင်ကွင်းကြီးကိုကြည့်ရင်း ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျွန်တော် ရှိုက်ကြီးတငင်ကို ငိုရှိုက်မိခဲ့တယ်။

ကျွန်တော့်ဘ၀မှာ ဒီလောက်ရှိုက်ကြီးတငင် မငိုခဲ့ဖူးသလို ဒီလောက်လဲ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူး ဘူး။
ကောင်းကင်က ညွတ်ခွေအိကျပြီး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ အပြာရောင်ကောင်းကင်မှာ တိမ်စိုင်အိအိအချို့က ဟိုတိုးဒီရွေ့နဲ့ ပျော်ရွှင်မြူးထူးနေကြတယ်။ ကျွန်တော်တို့လဲ တိမ်စိုင်တွေနဲ့အတူ က,လို့ ပေါ့။ စီးလာတဲ့ကားက အာဇာနည်ကုန်းနားအရောက် လမ်းဘေးမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပိုစတာအကြီးကြီးကိုကြည့်ပြီး “ယား”နဲ့အော်သွားတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ကျွန်တော် ကလဲ သံယောင်လိုက်ပြီး ယား…နဲ့ လိုက်အော်လိုက်တော့ ကားတစ်စီးလုံး ပွဲကျခဲ့တယ်။ မြူးလို့ပျော်လို့။
………………………………………
ကျွန်တော်အိပ်ယာကနိုးတော့
အိပ်ယာတစ်ခုလုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ ရွှဲစိုနေတယ်။
အဲဒီနေ့တစ်နေ့လုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေခဲ့တာက
ကျွန်တော်တစ်ယောက်ထဲရယ်ပါ။

Thursday, June 18, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ

အနာဂတ်ရှုမျှော်ခင်း၊ ပစ္စုပ္ပန်ကန္တာရနှင့် စိန်ခေါ်ခြင်း

နှစ်ပရိစ္ဆေဒပေါင်းများစွာ မည်းမှောင် ကောက်ကျစ်နေခဲ့သော ကောင်းကင်ကြီးရဲ့ ရာဇ၀င် ကို လှလှပပ ဖော်ထုတ်ပေးလိုက်ကြမယ်။ ဖော်ထုတ်ဖို့ အချိန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီ။

ကောက်နေတဲ့တိမ်တွေ။ ညစ်နေတဲ့ အပုပ်တွေ။ ငါတို့သမိုင်းမှာ ခါးသတ်စွာ ကျန်ရစ်စေရ မယ်။ အားလုံးအတွက်ဆိုပြီး ငါတို့ အားလုံးကို စွန့်လွှတ်ထားကြတယ်မဟုတ်လား။ ဘာတွေကို လက်ကိုင်ပြုနေချင်သေးလဲ။ ဘာတွေကို ခြယ်သချင်နေသေးလဲ။ ငါတို့ကိုယ်ကို ငါတို့ လှစ်ဟခွင့် မရှိခဲ့တဲ့ နေ့များကို ငါတို့ နောက်ထက်လိုချင်နေသေးလား။ ငါတို့မြေမှာ ရှိနေစေချင်သေးသလား။ ဒါတွေကို အတိတ်မှာ ချန်ရစ်ပစ်ခဲ့ဖို့ ငါတို့ မစွမ်းနိုင်ကြတော့ဘူးတဲ့လား။

ကိုယ့်သွားကို ကိုယ်ကြိတ်။ ကိုယ့်အံကို ကိုယ်ခဲ။ ငါတို့များရဲ့ဘ၀ဟာ ပန်းဥယျာဉ်လို မဟုတ်ခဲ့လေဘူး။ ဘယ်တော့များ အမှောင်ကာလတွေ ဆုံးမလဲ။ ဒီငှက်ဆိုးတွေအကြောင်း ဘယ် သူတွေက သီချင်းဆိုချင်နေကြသေးလဲ။ လှပြီးသား နှလုံးသားတွေ လှနေပါစေ။ ရဲပြီးသားသွေးတွေ ရဲနေပါစေ။ ဖြူပြီးသား စိတ်တွေ ဖြူနေပါစေ။ ငါတို့အတွက် မျှော်လင့်ချက်ဟာ ငါတို့ ကောင်းကင် ဖြစ်စေရမယ်။

ငှက်ဆိုးသံတွေကြားမှာ အိပ်ရေးပျက်ခဲ့ကြတဲ့၊ အိပ်ရေးပျက်နေဆဲဖြစ်တဲ့ ချစ်စွာ သောငါတို့ရဲ့မိခင်(တိုင်းပြည်) ဘယ်တော့များ ငါတို့ သူ့ကို ပြုံးပျော်စေနိုင်ပါ့မလဲ။ မိတ်ဆွေတို့ ငါ တို့ မိခင် မျက်တွင်းတွေဟောက်လို့ အိပ်ပျက်တဲ့ညတွေ များလှပါပြီကွယ်။ ငါတို့ စိတ်ဆန္ဒတွေ အား လုံး ဘယ်ဆီမှာ စုပြုံနေသင့်သလဲ။

မိတ်ဆွေဟာ ဒီမြေမှာ ကြီးရင့်ခဲ့ရင် ဒီမြေရဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် လှမ်းကြည့် လိုက်ပါ။ အမိမြေရဲ့ ကောင်းကင်ယံမှာ S.O.S ဆိုတဲ့ စာတန်းလေးဟာ သင်ကြည့်ရင် သင်မြင် တွေ့ရပါလိမ့်မယ်။ ထင်ထင်ရှားရှား။

“သူများထက် ထူးခြားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူတွေဟာ သမိုင်းတွင်ကျန်ခဲ့တာပဲ”တဲ့။ သူများထက် ထူးစရာမလိုပါဘူးလေ။ သူများလောက်လုပ်ရင်ကို သမိုင်းမှာ မိတ်ဆွေတို့ လူရိုသေ ရှင်ရိုသေ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတို့ ပန်းပွင့်အသေတွေ တွေ့ဖူးသလား။
သမိုင်းဆိုတာ လူတွေရဲ့ အရိပ်ပါ။ ဒါဆိုရင် သင့်ရဲ့အရိပ်ဟာ သင့်ရဲ့သမိုင်းပဲပေါ့။ ကျန်နေ ခဲ့တဲ့ သင့်အရိပ်နဲ့ သင့်သမိုင်းရဲ့ အဖြူအမည်း၊ အကွေ့အဖြောင့်အကြောင်းကို လူတွေ ပြောနေ ကြပါလိမ့်မယ်။ အဲဒိအချိန်မျာ သင်ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် သင်နဲ့ပတ်သတ်ပြီး မသေ သေးသူ တစ်ယောက်ထက်ပိုတဲ့ တန်ဖိုးထားမှုကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူဖြစ်ရခြင်းရဲ့ တစ်နည်းပြောရရင် “ကိုယ့်ဖြစ်တည်မှုရဲ့ လှပတဲ့ရုပ်ကြွင်းတစ်ခု” ဖြစ်နေပါလိမ့်မယ်။

အခြေအနေကပြောပြတဲ့ အလုပ်ဟာ ငါတို့ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာပဲ ဖြစ်နေပါ လိမ့်မယ်။ နှစ်ပေါင်းများစွာ ငုံ့လာခဲ့ရသော ငါတို့ရဲ့ဦးခေါင်းများ၊ ကုတ်ကိုင်းကွေ့ကောက်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ကွေ့ကွေ့ရွေ့ရွေ့ တိမ်မြုပ်နေသော ငါတို့ရဲ့စိတ်များကို ထွက် ပေါက်ပေးလိုက်သင့်ပြီ။ ငါတို့မိခင်ဟာ ငါတို့အလာကို ငေးမောလို့။ အမေ့ဧရာဝတီဟာ ရေစီး မသန်တော့ဘူး။
အသေကောင်တွေသာ တစ်လောင်းပြီးတစ်လောင်းထပ်၊ အမေချုပ်နေတဲ့ ၀တ်စုံလေးက ဘယ်သူမှ မ၀တ်ဆင်ရသေးဘူး။ မဖြစ်စလောက် ဒီအပ်ချုပ်စက်လေးနဲ့ ၀တ်စုံလှလှလေးတွေ ချုပ်စပ်လိုက်ကြရအောင်။ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဟာ ငါတို့နဲ့ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ငါတို့ကို သမိုင်းက စကားတွေ တစ်လှေကြီး ပြောနေတာ လျစ်လျူမရှုသင့်ဘူး။

အနာဂတ်ဟာ ငါတို့လက်ထဲမှာ သေချာနေပြီလို့ မိတ်ဆွေတို့ကိုယ်တို့ ယုံကြည်ရင် ယုံကြည်မှုနဲ့ ပေးဆပ်မှုများနောက်က ငါတို့အနာဂတ်ဟာ ပန်းတွေနဲ့ ဝေနေပါလိမ့်မယ်။ တွေးဆ လွဲမှားမှုများ၊ အားငယ်ကြောက်လန့်စိုးရိမ်မှုများ၊ ငါတို့ဦးခေါင်းတွေ ငုံ့မြဲငုံ့နေကြရင်တော့ ငါတို့မြက် ခင်းတွေဟာ သွေ့ခြောက်မြဲ သွေ့ခြောက်နေပါလိမ့်။ အသေအချာပါပဲ။

ဒီတော့……….…………………….ကိုယ်ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ဆိုကရေးတီးရဲ့စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။ “ငါကား သေရတော့အံ့၊ သင်တို့ကား အသက်ရှင်လျှက်ကျန်ရစ်ကြမည်၊ သင်တို့နှင့်ငါ မည်သူက ပို၍ ကံကောင်းသနည်းဟု မည်သူပြောနိုင်ပါအံ့နည်း”။ ဆီးဘန်းနီဆရာတော်ဘုရားကြီးရဲ့ “သေသော်မှတည့် သြော် ကောင်း၏” ဟူသော စကားနှင့် ဆက်စပ်ကြည့်ကြဖို့ ဖြစ်ပါတယ်။

Tuesday, June 16, 2009

It's time to wake up

မထင်မှတ်ဘဲ သွားတွေ့မိတဲ့ Research Video လေးပါ။ ဒါလေးကို ကြည့်ပြီး အမိမြန်မာကို သတိရမိပါတယ်။ အမိမြန်မာက အခြေအနေအတွက် အရင်ကလဲ စိုးရိမ်မိခဲ့၊ အခုတော့ ပိုလို့တောင် စိုးရိမ်မိပါတယ်။ ခေတ်ဆိုးစနစ်ဆိုးမှာ ကျရောက်နေတဲ့ အမိမြန်မာလူမျိုး၊ ဗုဒ္ဓဘာသာတွေအတွက် အကြောင်းပြစရာ ဆင်ခြေတွေ အများအပြားရှိပေမယ့် ဒီအရေးကိုတော့ အားလုံးတက်ညီလက်ညီ လုပ်ကြဖို့ လိုပါတယ်။ တစ်နေ့တစ်ခြား ဒီဘာသာဝင်တွေက နည်းအမျိုးမျိုးနဲ့ တိုးပွားနေပါတယ်။ တစ်ဖက် ဘင်္ဂလားဒေရှ့်က အဲဒီဘာသာဝင်တွေဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အမိပြည်တွင်းကို ၀င်ရောက်နေပါတယ်။ တာဝန်သိသူတိုင်း တာဝန်ရှိပါတယ်။ ဒါလေးကို သေချာကြည့်ရှုပြီး မိမိနှင့်နီးစပ်ရာ ဗုဒ္ဓဘာသာဝင်တွေကို အသိပေးနှိုးဆော်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒီအထဲမှာလဲ တင်ပြသူက It's time to wake up လို့ ဆိုထားပါတယ်။


Tuesday, June 9, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

(နိဂုံး)
ကူဋဒန္တသုတ်လေ့လာသုံးသပ်ခြင်း သို့မဟုတ် မြတ်ဗုဒ္ဓ၏ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးဟု ခေါင်းစဉ်တပ်ထားသော စာတမ်းမှာ ပြီးဆုံးခြင်းသို့ ရောက်လေပြီ။ စာဖတ်သူတို့အတွက် တစ်ခုခု ကျန်ခဲ့လိမ့်မည်ဟု ယူဆပါသည်။ ဤစာတမ်းကို မြတ်ဗုဒ္ဓ၏ တရားတော်အစစ်အမှန်များကို ဝေငှလိုခြင်း၊ တရားတော်များကို ဖတ်ရှုရင်း ဖြစ်ပေါ်လာသော ခံစားချက်အတွေးစများကို မျှဝေလိုခြင်းဟူသော အကြောင်းနှစ်ချက်ဖြင့် စာတမ်းငယ်အသွင် ဖန်တီးခဲ့ရခြင်းဖြစ်ပေသည်။

စာရေးသူသည် ဒီမိုကရေစီသဘောတရားနှင့် မြတ်ဗုဒ္ဓအယူအဆများ နှီးနွယ်နေပုံ၊ တစ်နည်းအားဖြင့် ကွဲလွဲမှုများရှိနေစေကာမူ မြတ်ဗုဒ္ဓ၏ ထုတ်ဖော်ဟောကြားချက်များမှာ တရားမျှတမှုနှင့် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ လူပုဂ္ဂိုလ်သတ္တ၀ါတို့၏ တစ်ကိုယ်ရေ စီမံပိုင်ခွင့်များမှာ လက်ရှိကမ္ဘာမှာ ရေပန်းစားနေသော ဒီမိုကရေစီသဘောတရားများနှင့် ထင်ဟပ်၍ ရနိုင်စရာများ ဖြစ်ပါသည်။
ပထမဦးစွာ ကူဋဒန္တပုဏ္ဏားသည် သတ္တ၀ါများစွာကို သတ်ဖြတ်ပြီး အလှူကြီးပေးလှူဖို့ ဆန္ဒဖြစ်ခဲ့၏။ ထိုအချိန်တွင် မြတ်ဗုဒ္ဓနှင့် တွေ့ဆုံခွင့်ရခဲ့၏။ ဗုဒ္ဓမြတ်စွာက မဟာဝိဇိတမင်းနှင့် တိုင်းပြည်ငြိမ်းချမ်းရေးမှသည် အမြတ်ဆုံးအလှူပေးခြင်းအထိ လမ်းညွှန်ဟောကြားခဲ့သည်။ မဟာဝိဇိတမင်းက အလှူကြီးပေးလိုသည်ဟု ဆိုသောအခါ သူ၏ ပုရောဟိတ်ပုဏ္ဏားက တိုင်းပြည်မှာ ဆူပူသောင်းကျန်းမှုများ ရှိနေလျှင် အလှူမပေးသင့်ကြောင်း ဆိုခဲ့၏။ ဆူပူမှု၏ အကြောင်းရင်းကို ရှာပြ၏။ ဆူပူရခြင်းမှာ စားဝတ်နေရေးမပြည့်စုံမှုကြောင့် ဖြစ်၏။ သို့ဖြစ်၍ စားဝတ်နေရေး ပြေလည်အောင် ဘုရင်က ဆောင်ရွက်ပေးခဲ့၏။

နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းပေးခဲ့၍ တိုင်းသူပြည်သားများမှာ စီးပွားဥစ္စာများ ဖွံ့ဖြိုးတိုးတက်ခဲ့ရ၏။ ပြည်သူများမှာ စီးပွားရေးကောင်းမွန်သဖြင့် စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်ခဲ့ကြရ၏။ နည်းမှန်လမ်းမှန်ဖြင့် မဖြေရှင်းဘဲ လက်နက်အားကိုး၊ အာဏာအားကိုးဖြင့် ဆူပူရကောင်းလားဟု အကြမ်းဖက်သောနည်းဖြင့် ဖြေရှင်းခဲ့လျှင် ဤအခြေအနေမျိုးကို ရနိုင်လိမ့်မည် မဟုတ်ပေ။
ပြည်သူအများ စီးပွားရေးပြေလည်ကြ၍ စိတ်ချမ်းသာဖြစ်ကြသောအခါ မဟာဝိဇိတမင်းက အလှူကြီးပူဇော်လိုကြောင်း၊ မည်သို့မည်ပုံ လှူဒါန်းရမည်ကို ညွန်ကြားပါမည့်အကြောင်း ပုရောဟိတ်ပုဏ္ဏားအား ဆိုခဲ့၏။ ပုရောဟိတ်က မြို့စားနယ်စားများနှင့် သူဌေးသူကြွယ်တို့ကို တိုင်ပင်ဖို့ အကြံပြု၏။


ဤအခန်းက အာဏာရှိတိုင်း `ငါတကော မကောမိစေဖို့´ ညွှန်ကြားသည်ဟု ယူဆမိသည်။ မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် ခေါင်းဆောင်နှင့် အောက်လက်ငယ်သားများဟူ၍ ရှိစမြဲဖြစ်၏။ ခေါင်းဆောင်ပုဂ္ဂိုလ်က `ငါခေါင်းဆောင်ပဲ´ဟူသော စိတ်ထားဖြင့် တိုင်ပင်ညှိနှိုင်းမှု မပြုဘဲ လုပ်ဆောင်လျှင် အောင်မြင်နှင့် ဝေးကွာတတ်သည်ကို မီးမောင်းထိုးပြလျှက်ရှိ၏။ တိုင်ပင်ညှိနှိုင်းမှုမပြုသော အဖွဲ့အစည်းသည် ရေရှည်တည်မြဲလိမ့်မည်မဟုတ်သည်မှာ သေချာသော နိယာမတစ်ခုဖြစ်၏။

အလှူအတန်းပြုရာတွင် လာရောက်အလှူခံသူများမှာ လူတန်းစားပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ အယူဝါဒပေါင်းစုံမှ လာရောက်နိုင်သည်ဖြစ်သောကြောင့် ကိုယ့်ကျင့်သိက္ခာရှိသူ၊ ကိုယ်ကျင့်တရားမရှိသူ..စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပေသည်။ ယင်းအခြေအနေကို တွေ့မြင်သောအခါ ကိုယ့်ကျင့်သိက္ခာရှိသော အလှူခံများကိုသာ အာရုံပြုပြီး လှူဒါန်းဖို့ ညွန်ကြားထားသည်မှာ မှတ်သားဖွယ်ရာ ဖြစ်ပါသည်။
နောက်ဆုံးတွင် ဗုဒ္ဓမြတ်စွာက အလှူအတန်းအဆင့်ဆင့် မြင့်မြတ်ပုံတို့ကို အစီအစဉ်ကျကျ ဟောပြထားသည်မှာ ဗုဒ္ဓဘာသာဝင်တို့ အင်မတန် သတိထားသင့်သောအချက်ဖြစ်ပါသည်။ ထိုအစဉ်များအနက်မှ အဓိကမှတ်သင့်သော အချက်တို့ကို အနည်းငယ် ပြန်တင်ပြလိုပါသည်။ အလှူပစ္စည်းများကို မိုးလုံးပြည့်လှူဒါန်းခြင်းထက် အများသူရတနာသုံးပါးကို ဆည်းကပ်ခြင်းက အလုပ်လည်းနည်းပြီး အကျိုးကြီး၏။ ရတနာသုံးပါးကို နေ့စဉ်နှင့်အမျှ နဖူးပွန်းအောင် ကြည်ညိုကိုးကွယ်ဆည်းကပ်နေလျှင်လည်း ငါးပါးသီလမှ မလုံခြုံလျှင် အကျိုးမကြီးနိုင်။ အထက်ပါ အလုပ်များကို ပြည့်စုံအောင် အားထုတ်နိုင်သည်ဆိုသော်လည်း သမထ၊ ၀ိပဿနာမှ အားမထုတ်လျှင် ဗုဒ္ဓဘာသာ၏ ပန်းတိုင် သို့မဟုတ် အနှစ်သာရကို ရရှိနိုင်ဖို့ မလွယ်ကူ။ နောက်ဆုံး ဗုဒ္ဓ၀ါဒ၏ အမြင့်မြတ်ဆုံး အနှစ်သာရမှာ မဂ်၊ ဖိုလ်နိဗ္ဗာန်ရရှိခြင်းပင် ဖြစ်၏။ သို့ဖြစ်၍ ဤကူဋဒန္တသုတ်တော်မှာ လောကအရေးငြိမ်းချမ်းသာယာမှုမှသည် အဆုံးနိဗ္ဗာန်ရောက်သည်အထိ မီးမောင်းထိုးပြထားသော ဟောကြားချက်များဖြစ်၍ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဂရုတစိုက် လေ့လာဖတ်ရှုသင့်ကြောင်း တင်ပြလိုက်ရပါသည်။
မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်နှင့်အညီ ငြိမ်းချမ်းသာယာသော တိုင်းပြည်တွင် ရှင်သန်နိုင်ခွင့်ရကြပါစေ၊ လောကီအရေး ကြီးပွားတိုးတက်မှုမှသည် အမြတ်ဆုံးနိဗ္ဗာန်သို့ အရောက်လှမ်းနိုင်သော ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြပါစေဟု ဆုမွန်ချွေလိုက်ပါသည်။

ပြီးပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။

Saturday, June 6, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်.....

အချို့ဘာသာခြားများက ပြောကြသည်။ `ဗုဒ္ဓဘာသာဆိုတာ နတ်ပြည်နဲ့မြှောက်၊ ငရဲနဲ့ခြောက်ပြီး အလှူခံနေတဲ့ဘာသာပါကွာ´ဟူ၍။ အမှန်အားဖြင့် ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ စရိုက်အားလျှော်စွာ ဒါနနှင့်စပ်သောတရား၊ သီလနှင့်စပ်သောတရား၊ ပညာ(သမထ၊ ၀ိပဿနာ)နှင့်စပ်သောတရားတို့ကို ဟောကြားခဲ့ခြင်းဖြစ်သည်။ အမြဲတမ်း အလှူခံတရားကိုချည်း ဟောနေသည်မဟုတ်ပါ။ အထက်ပါ ဟောကြားချက်အရလည်း ဗုဒ္ဓမြတ်စွာသည် မည်မျှကြီးကျယ်သောအလှူဖြစ်စေကာမူ အောက်ထစ်ဆုံး ဘာသာရေးလုပ်ငန်းတစ်ခုအနေဖြင့် သတ်မှတ်ဟောကြားတော်မူခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တို့ မှတ်သားသင့်ပါသည်။

ပြည်တွင်းက လူငယ်လေးတစ်ယောက်က `ဦးဇင်းဘုရား ပြည်တွင်းက ဘုန်းကြီးတွေက ဒါနတရား၊ သီလတရားတွေချည်းပဲ ဟောနေကြတယ်ဘုရား၊ အဲဒီတော့ လူတွေက အလှူအတန်းလေးလုပ်ပြီး ဗုဒ္ဓဘာသာရဲ့အနှစ်သာရ တရားအားထုတ်ဖို့တော့ မေ့ကုန်ကြပြီဘုရား´ဟု ဆိုပါသည်။ `အမှန်က သမထ၊ ၀ိပဿနာတရားတွေကို ဘုန်းကြီးတွေ မဟောတာ မဟုတ်ဘူး၊ ဟောထားတာမှ အများကြီး ဒကာလေး၊ ဒါပေမယ့် ခက်တာက အဲဒီတရားတွေကို နာရကောင်းမှန်း၊ သမထ၊ ၀ိပဿနာတရားဟောတဲ့ဘုန်းကြီးတွေကိုတော့ ကြည်ညိုရကောင်းမှန်းမသိ ဖြစ်နေကြတာ´ဟု ပြန်ပြောရပါသည်။ ဗုဒ္ဓမြတ်စွာ၏ အထက်ပါ အဆင့်ဆင့်ဟောကြားချက်လေးကို တစေ့စေ့တွေးပြီး ဗုဒ္ဓဘာသာ၏ တကယ့်လမ်းမှန်ကို မြင်အောင်ကြည့်ကြစေလိုပါသည်။

(၇)
ကူဋဒန္တပုဏ္ဏား ဥပါသကာအဖြစ် လျှောက်ထားခြင်း
ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရာအား ဤစကားကို လျှောက်၏ - ''အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောလူအား လမ်းမှန် ကိုပြောကြားဘိသကဲ့သို့လည်းကောင်း ' မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊ အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။
အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် (ယဇ်ပူဇော်ရန်) အလို့ငှါ ယဇ်တိုင်သို့ ပို့ဆောင်ထားသောနွားလားခုနစ်ရာတို့ကိုလည်းကောင်း၊ နွားထီးငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ နွားမငယ် ခုနစ်ရာတို့ကိုလည်းကောင်း၊ ဆိတ်ခုနစ်ရာတို့ကိုလည်းကောင်း၊ သိုး ခုနစ်ရာတို့ကိုလည်းကောင်း လွှတ်ပါ၏၊ (ထိုသတ္တဝါတို့အား) အသက်ချမ်းသာခွင့်ကို ပေးပါ၏၊ (ထိုသတ္တဝါတို့သည်) စိမ်းစိုသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ ထို (သတ္တဝါ)တို့အား အေးမြ သောလေသည်လည်း တိုက်ခတ်ပါစေ''ဟု လျှောက်၏။

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်း

မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ကူဋဒန္တပုဏ္ဏားအား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏''ဟု ကိလေသာမြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ ' သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။ ထိုအခါ ကူဋဒန္တပုဏ္ဏားသည် တရားကို မြင်ပြီးသည်ဖြစ်၍ မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို့လက်ခံတော်မူပါ''ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ကူဋဒန္တပုဏ္ဏားသည် ထိုညဥ့်လွန်မြောက်ပြီးနောက် မိမိ၏အလှူ (ယဇ်) ဝင်း၌ မွန်မြတ်သောခဲဖွယ် ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဂေါတမ အချိန်တန်ပါပြီ၊ ဆွမ်း ပြင်ပြီးပါပြီ''ဟုမြတ်စွာဘုရား အား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကိုယူလျက် ကူဋဒန္တပုဏ္ဏား၏ အလှူ (ယဇ်) ဝင်းသို့ ချဉ်းကပ်တော်မူပြီးလျှင် ပြင်ထားသော နေရာ၌ရဟန်းသံဃာနှင့် အတူ ထိုင်နေတော်မူ၏။ ကူဋဒန္တပုဏ္ဏားသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှလက်ကို ဖယ်ပြီးသောအခါ ကူဋဒန္တပုဏ္ဏားသည် နိမ့်သောထိုင်စရာ တစ်ခုကို ယူ၍ တစ်ခုသော နေရာ၌ ထိုင်၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ကူဋဒန္တပုဏ္ဏားအား မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်စေ၍ရွှင်လန်းစေပြီးလျှင် နေရာမှ ထကာ ဖဲခွါကြွသွားတော်မူလေသတည်း။

ဆက်လက်ဖော်ပြပါမည်.....

Wednesday, June 3, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်
(၅)
ပစ္စုပ္ပန်ဇာတ်လမ်းပြန်စပြီ

ဗုဒ္ဓမြတ်စွာက အထက်ပါအတိုင်း ဟောကြားတော်မူသော် ထိုပုဏ္ဏားတို့သည် ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ (ဤသို့) ပြောဆိုကြကုန်၏ - ''သြော် အံ့ဖွယ်ကောင်းသော ယဇ်ပွဲပါပေတကား၊ သြော် အံ့ဖွယ်ကောင်းသည့် ပြည့်စုံသော ယဇ်ပွဲပါပေတကား''ဟု ပြောဆိုကြကုန်၏။

ကူဋဒန္တပုဏ္ဏားသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေ၏၊ ထိုအခါ ထိုပုဏ္ဏားတို့သည် ကူဋဒန္တပုဏ္ဏားကို ''အသျှင်ကူဋဒန္တသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် အဘယ်ကြောင့် ကောင်းချီးမခေါ်သနည်း''ဟု ဆိုကြကုန်၏။
အသျှင်တို့ ငါသည် ရဟန်းဂေါတမ၏ ကောင်းသောစကားကို ကောင်းသော စကားအနေဖြင့်ကောင်းချီးမခေါ်သည် မဟုတ်ပါ၊ အကြင်သူသည် ရဟန်းဂေါတမ၏ ကောင်းသော စကားကို ကောင်းသော စကားအနေဖြင့် ကောင်းချီးမခေါ်ငြားအံ၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်ကျလေရာ၏၊ အသျှင်တို့ စင်စစ်သော်ကား ငါသည် ဤသို့ စဉ်းစားနေပါ၏ -ရဟန်းဂေါတမသည် ''ဤသို့ ငါကြားဖူး၏'' ဟူ၍သော်လည်းကောင်း ''ဤသို့ ဖြစ်ထိုက်၏'' ဟူ၍သော်လည်းကောင်း မဆိုမူ၍ ''ထိုအခါ၌ ဤသို့ ဖြစ်ဖူး၏၊ ဤသို့သော အခြင်းအရာအားဖြင့်ဖြစ်ဖူး၏'' ဟူ၍သာလျှင် ဆိုချေ၏။ အချင်းတို့ ထို့ကြောင့် ငါသည် ဤသို့ တွေးထင်မိ၏။

''ရဟန်းဂေါတမသည် ထိုစဉ်အခါ၌ ယဇ်၏အရှင်ဖြစ်သော မဟာဝိဇိတမင်းသော်လည်းကောင်း၊ ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား သော်လည်းကောင်း မချွတ်ဖြစ်တန်ရာ၏ဟူ၍ ငါထင်မိ၏''ဟု (ပြန်ပြောပြီးလျှင်) -
အသျှင်ဂေါတမသည် ဤသို့သောယဇ်ကို ပူဇော်၍သော်လည်းကောင်း၊ ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို အမှတ်ရပါသလောဟု (မြတ်စွာဘုရားအား မေးလျှောက်၏)။
ပုဏ္ဏား ဤသို့သော ယဇ်ကို ပူဇော်၍သော်လည်းကောင်း ပူဇော်ရာ၌ ညွှန်ကြား၍သော်လည်းကောင်း ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ နတ်ပြည်သို့ ကပ်ရောက်ခဲ့သည်ကို ငါ အမှတ်ရပါ၏၊ ထိုစဉ်အခါ၌ ငါသည် ထိုယဇ်ကို ပူဇော်ရာ၌ ညွှန်ကြားသော ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ပေ၏။

(၆)
အဆင့်ဆင့် မြင့်မြတ်သောအလှူ
`အသျှင်ဂေါတမ သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော ဤယဇ်ထက် သာ၍နည်းသော ကိစ္စလည်းရှိသော သာ၍နည်းသော အားထုတ်ရမှုလည်းရှိသော သာ၍ များသော အကျိုးလည်းရှိသော သာ၍များသော အာနိသင်လည်းရှိသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား သီလရှိသော ရဟန်းတို့အား ရည်ညွှန်း၍ အမြဲတမ်းလှူနေသော မျိုးရိုးစဉ်ဆက် ယဇ် (အလှူ) တို့သည် ယင်းယဇ်ထက် သာ၍နည်းသော ကိစ္စလည်း ရှိ၏၊ သာ၍နည်းသော အားထုတ်ရမှုလည်း ရှိ၏၊ သာ၍ များသော အကျိုးလည်း ရှိ၏၊ သာ၍များသော အာနိသင်လည်းရှိ၏´
`အဘယ့်ကြောင့် သာ၍ အကျိုးအာနိသင် ကြီးပါသနည်း´
`ပုဏ္ဏား ဤသို့ သဘောရှိသော (သုံးပါးသော စိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသည့် ပြည့်စုံသော) ယဇ်ပွဲသို့ ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်၊ ထို (သို့ မချဉ်းကပ်ခြင်း) သည် အဘယ်ကြောင့်နည်းဆိုသော့့် ပုဏ္ဏားယင်းယဇ် (ပွဲ) ၌ တုတ်ဖြင့် ပုတ်ခတ်ခြင်းတို့သည်လည်းကောင်း၊ လည်ကို ဆွဲကိုင်ခြင်းတို့သည်လည်းကောင်း ထင်ကုန်၏၊ ထို့ကြောင့် ဤသို့ သဘောရှိသော ယဇ်ပွဲသို့ရဟန္တာတို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်နေသော သူတို့သည်လည်းကောင်း မချဉ်းကပ်ကုန်´
`ထိုယဇ်ထက် အလုပ်လည်းနည်း၊ အကျိုးလည်း ကြီးသော ယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား အရပ်လေးမျက်နှာ၌ ရှိသော သံဃာကို ရည်ညွှန်း၍ ကျောင်းဆောက်လှူဒါန်ခြင်းပင် ဖြစ်၏´
`ထိုထက် ပိုပြီး ဗာဟိရနည်းပြီး အကျိုးကြီးသော အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ 'ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏'၊ ဤရတနာသုံးပါးကို ဆည်းကပ်ခြင်းသည် အလုပ်လည်းနည်း၏၊ အကျိုးလည်း ကြီး၏´
`အသျှင်ဂေါတမ အခြားယဇ် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ ထိုယဇ်သည် အဘယ်ပါနည်း´
`ပုဏ္ဏား ယုံကြည်သော စိတ်ရှိသည်ဖြစ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကိုလည်းကောင်း၊ မူးယစ်မေ့လျော့စေတတ် သော သေရည်သေရက်မှ ရှောင်ကြဉ်ကြောင်းဖြစ်သောသိက္ခာပုဒ်ကိုလည်းကောင်း ဆောက်တည်ခြင်းပင် ဖြစ်၏။ ဤငါးပါးသီလစောင့်ထိန်းခြင်းမှာ အလုပ်လည်းနည်း၏။ အကျိုးလည်းကြီး၏´
`အသျှင်ဂေါတမ အခြားယဇ်သည် ရှိပါသေးသလော´
`ပုဏ္ဏား ရှိသေး၏´
`အသျှင်ဂေါတမ အဘယ်ပါနည်း´……စသည်ဖြင့် ကူဋဒန္တပုဏ္ဏားသည် တစ်ဆင့်ချင်း မေးမြန်းလာရာ ဗုဒ္ဓမြတ်စွာကလည်း တစ်ဆင့်ချင်း ဖြေဆိုရှင်းပြသွားခဲ့သည်။ အောက်ပါအစဉ်တို့မှာ နောက်ကျသောအချက်များသည် ရှေ့ကျသောအချက်များထက် ပို၍အလုပ်နည်းသကဲ့သို့ ပို၍လည်း အကျိုးကြီးပါသည်။ (စာရှည်မည်စိုး၍ အစဉ်မျှသာ ဖော်ပြပါမည်။) ၎င်းတို့မှာ…..
-သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံစေခြင်း
-ပထမဈာန်ရအောင် အားထုတ်ခြင်း
-ဒုတိယဈာန်ရအောင် အားထုတ်ခြင်း
-တတိယဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်ရအောင် အားထုတ်ခြင်း
-စတုတ္ထဈာန်မှ ၀ိပဿနာသို့ကူး၍ ၀ိပဿနာဉာဏ်အမြင်နှင့်ပြည့်စုံအောင် အားထုတ်ခြင်း
-မဂ်ဉာဏ်ဖိုလ်ဉာဏ်ရအောင် အားထုတ်ခြင်း တို့ဖြစ်ပါသည်။
နောက်ဆုံးတွင် ဗုဒ္ဓမြတ်စွာက `ပုဏ္ဏား ဤပြည့်စုံသော ယဇ် (အာသဝက္ခယဉာဏ်)ထက် သာ၍လွန်ကဲသည်လည်းဖြစ်သော သာ၍မွန်မြတ်သည်လည်းဖြစ်သော အခြားတစ်ပါးသော ပြည့်စုံသော ယဇ်သည် မရှိတော့ပြီ´ဟု ဟောတော်မူခဲ့သည်။
ဤအခန်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်သတိပြုဖွယ်ဖြစ်ပါသည်။ ပထမ ကြီးကျယ်သောအလှူဒါနပြုလုပ်ခြင်းသည် ကောင်းမွန်၏၊ အကျိုးကြီး၏ဟု မိန့်တော်မူသည်။

ထို့ထက်အလုပ်နည်းရုံသာမက အကျိုးလည်းကြီးသော အလှူရှိပါသေးသလောဟုဆိုသော်အခါ `မျိုးရိုးစဉ်ဆက်အလှူ´ တစ်နည်းအားဖြင့် နေ့စဉ်ကြွရောက်လာသော သံဃာတော်တို့အား နိစ္စဘတ်လှူဒါန်းခြင်းဖြစ်၏ဟု မိန့်တော်မူသည်။ ထို့ထက်အကျိုးကြီးသည်ကား သံဃိကကျောင်းအလှူ ဖြစ်သည်။ ထို့ထက်အကျိုးကြီးသည့် အလုပ်မှာ ရတနာသုံးပါးကို ဆည်းကပ်ခြင်း၊ ထို့ထက်ပို၍ အကျိုးကြီးသည်မှာ ငါးပါးသီလစောင့်ထိန်းခြင်း၊ ထို့ထက်ပို၍ အလုပ်နည်းပြီး အကျိုးကြီးသောအလုပ်မှာ သမထ၊ ၀ိပဿနာအလုပ်တို့ ဖြစ်၏ဟု မိန့်တော်မူသွားပါသည်။

ဆက်လက်ဖော်ပြပါမည်....

Monday, June 1, 2009

ကူဋဒန္တသုတ်တော်အား လေ့လာသုံးသပ်ခြင်း (မြတ်ဗုဒ္ဓ၏ တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေး)

ယခင်အဆက်....

(၅)
တစ်ဆယ့်ခြောက်ပါးသော အကြောင်း

ပုရောဟိတ်ပုဏ္ဏားသည် ယဇ်ကြီးပူဇော်ဆဲ ဖြစ်သော မဟာဝိဇိတမင်းအား (ဤဆိုလတ္တံ့သော) တစ်ဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့် (အကျိုးစီးပွားကို) ကောင်းစွာ ပြ၏၊ စိတ်ကို ကောင်းစွာ ဆောက်တည်စေ၏၊ ကောင်းစွာ ထက်သန်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏ -

(၁) မင်းကြီး ယဇ်ပူဇော်ဆဲ ဖြစ်သော အသျှင်မင်းအား ''မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် နိဂုံးဇနပုဒ်နေ အရံမင်းတို့ကို မတိုင်ပင်၊ ထိုသို့မတိုင်ပင်ဘဲ အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏''ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်းရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ)မဖြစ်နိုင်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် နိဂုံးဇနပုဒ်နေ အရံမင်းတို့ကို တိုင်ပင်ပြီး ဖြစ်ပါ၏။
ဤ (အကြောင်း) ကြောင့်လည်း အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။
(၂) မင်းကြီး ယဇ်ပူဇော်ဆဲဖြစ်သော အသျှင်မင်းအား မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် နိဂုံးဇနပုဒ်နေ အမတ်မင်းမှုထမ်းတို့ကို မတိုင်ပင်။ပ။
(၃) နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့ကို မတိုင်ပင်။ပ။
(၄) နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့ကို မတိုင်ပင်။ ပ။
(၅) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား ''မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်မရှိ၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း မရှိ၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်ခံရ၏၊ အကဲ့ရဲ့ခံရ၏၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏''ဟုပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအားပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် အမိဘက်အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သောအမိဝမ်းလည်း ရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ် မခံရပါ၊ အကဲ့ရဲ့ မခံရပါ။ ဤ (အကြောင်း) ကြောင့်လည်း အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။


(၆) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား ''မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထို (မင်း) သည် အဆင်းမလှ၊ ရှုချင်ဖွယ် မရှိ၊ ကြည်ညိုဖွယ် မရှိ၊ ကောင်းမြတ်သော အဆင်း သဏ္ဌာန်နှင့်မပြည့်စုံ၊ ဗြဟ္မာနှင့်တူသော အဆင်း မရှိ၊ ဗြဟ္မာနှင့်တူသော ကိုယ်မရှိ၊ မခံ့ညား သေးသိမ်သောကိုယ်ခန္ဓာ ရှိ၏။ပ။
(၇) မကြွယ်ဝ၊ များသော ဥစ္စာမရှိ၊ များသော စည်းစိမ်မရှိ၊ များသော ရွှေငွေမရှိ၊ များသောနှစ်သက်ဖွယ် အသုံးအဆောင် မရှိ၊ များသော ဥစ္စာစပါး မရှိ၊ ပြည့်သော ဘဏ္ဍာတိုက် ကျီကြမရှိ။ပ။
(၈) ဗိုလ်ပါအင်အား မရှိ၊ သစ္စာရှိသော အမိန့်ကို ရိုသေစွာ လိုက်နာသော အင်္ဂါလေးပါးရှိသောစစ်သည်နှင့်လည်း မပြည့်စုံ၊ (စစ်သည်ဗိုလ်ပါ) အခြံအရံဖြင့် ရန်သူတို့ကို ဖိနှိပ်လွှမ်းမိုးနေ သကဲ့သို့လည်းမဖြစ်။ပ။
(၉) သဒ္ဓါတရားလည်း မရှိ၊ မပေးကမ်း မစွန့်ကြဲတတ်၊ (အမြတ်ကို ပေးတတ်သော) အလှူရှင်လည်းမဟုတ်၊ ရဟန်း ပုဏ္ဏား အထီးကျန်သူ ခရီးသွား ဖုန်းတောင်းယာစကာတို့အတွက် မပိတ်သောတံခါးရှိသည်လည်း မဟုတ်၊ ရေတွင်းသဖွယ်ဖြစ်၍ ကောင်းမှုတို့ကို ပြုသည်လည်း မဟုတ်။ပ။
(၁ဝ) အထူးထူး အပြားပြား များသော အကြားအမြင်နှင့်လည်း မပြည့်စုံ။ပ။
(၁၁) ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်း၊ ဤသည်ကား ဤစကား၏ အနက်အဓိပ္ပါယ်တည်းဟု ထိုထိုစကား၏ အနက်အဓိပ္ပါယ်ကိုလည်း မသိ။ပ။
(၁၂) ပညာမရှိ၊ မလိမ္မာ၊ ထက်မြက်သော ဉာဏ်မရှိ၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အကျိုးတို့ကိုကြံဆခြင်းငှါ မစွမ်းနိုင်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့ သဘောရှိသော ယဇ်ကြီးကိုပူဇော်ဘိ၏ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည်ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်းအသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် ပြောဆိုသူ မဖြစ်ပါ၊ အကြောင်းသော်ကား အသျှင်မင်းသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အကျိုးတို့ကို ကြံဆခြင်းငှါ စွမ်းနိုင်ပါ၏။ ဤ (အကြောင်း) ကြောင့်လည်း အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။
(၁၃) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား ''မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထိုမင်း၏ပုရောဟိတ်ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်မရှိ၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း မရှိ၊ ဇာတ်နှင့် စပ်သောစကားဖြင့် အပယ်ခံရ၏၊ အကဲ့ရဲ့ခံရ၏၊ ထိုသို့ ဖြစ်လျက် အသျှင်မင်းသည် ဤသို့ သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏''ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအား ပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ၊ အကြောင်းသော်ကားအသျှင်မင်း၏ ပုရောဟိတ်ပုဏ္ဏားသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိပါ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းလည်း ရှိပါ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့်အပယ်မခံရပါ၊ အကဲ့ရဲ့မခံရပါ။ ဤ (အကြောင်း) ကြောင့်လည်း အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။
(၁၄) ယဇ်ကြီးပူဇော်ဆဲဖြစ်သော အသျှင်မင်းအား ''မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ထိုမင်း၏ပုရောဟိတ်ပုဏ္ဏားသည် ဝေဒကျမ်းလာ ဂါထာတို့ကို မရွတ်ဆိုတတ်၊ ဝေဒကျမ်း တို့ကို မဆောင်၊ အဘိဓာန် 'နိဃဏ္ဍု'ကျမ်း၊ အလင်္ကာ 'ကေဋုဘ'ကျမ်း၊ သဒ္ဒါ 'အက္ခရပ္ပဘေဒ'ကျမ်း၊ ငါးခုမြောက် ဣတိဟာသကျမ်းနှင့်တကွ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းသို့ မရောက်၊ ပဒကျမ်းကိုမတတ်၊ ဗျာကရုဏ်းကျမ်းကို မတတ်၊ လောကာယတကျမ်း၊ မဟာပုရိသလက္ခဏာကျမ်းတို့၌ အကြွင်းမဲ့ မတတ်မြောက်။ပ။
(၁၅) ထို (မင်း)၏ ပုရောဟိတ်ပုဏ္ဏားသည် သီလလည်း မရှိ၊ တိုးပွါးပြီးသော သီလလည်း မရှိ၊ တိုးပွါးပြီးသော သီလနှင့်လည်း မပြည့်စုံ။ပ။
(၁၆) ထို (မင်း)၏ ပုရောဟိတ်ပုဏ္ဏားသည် ပညာလည်း မရှိ၊ မလိမ္မာ၊ ထက်မြက်သော ဉာဏ်လည်းမရှိ၊ ယဇ်ယောက်မကိုင်သော သူတို့တွင် ပဌမသော်လည်းကောင်း၊ ဒုတိယသော်လည်းကောင်းမဖြစ်၊ ထိုသို့ဖြစ်လျက် အသျှင်မင်းသည် ဤသို့သဘောရှိသော ယဇ်ကြီးကို ပူဇော်ဘိ၏''ဟု ပြောဆိုမည့်သူ တစ်စုံတစ်ယောက်သည် ရှိသော်လည်း ရှိရာ၏၊ (သို့သော်) ဤသို့လည်း အသျှင်မင်းအားပြောဆိုသူသည် တရားသဖြင့် (ပြောဆိုသူ) မဖြစ်ပါ။ အကြောင်းသော်ကား အသျှင်မင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏။ ယဇ်ယောက်မကိုင်သော သူတို့တွင့်ပဌမသော်လည်းကောင်း ဒုတိယသော်လည်းကောင်း ဖြစ်ပါ၏။ ဤ (အကြောင်း) ကြောင့်လည်း အသျှင်သည် ပေးလှူပူဇော်ပါလော့၊ အသျှင်သည် စွန့်ကြဲပါလော့၊ အသျှင်သည်ဝမ်းမြောက်ပါလော့၊ အသျှင်သည် မိမိသန္တာန်၌ စိတ်ကိုသာ ကြည်စေပါလော။
ဤသို့အားဖြင့် ပုရောဟိတ်ပုဏ္ဏားသည် ယဇ်ကြီးပူဇော်ဆဲဖြစ်သော မဟာဝိဇိတမင်းအား ဤတစ်ဆယ့်ခြောက်ပါးသော အကြောင်းတို့ဖြင့် (အကျိုးစီးပွားကို) ကောင်းစွာပြ၏၊ စိတ်ကို ကောင်းစွာဆောက်တည်စေ၏၊ ကောင်းစွာ ထက်သန်စေ၏၊ ကောင်းစွာ ရွှင်လန်းစေ၏။

မဟာဝိဇိတမင်း၏ အလှူ (ယဇ်) ပွဲ၌ နွားတို့ကို မသတ်ရကုန်၊ ဆိတ်နှင့် သိုးတို့ကိုလည်းမသတ်ရကုန်၊ ကြက်ဝက်တို့ကိုလည်း မသတ်ရကုန်၊ အမျိုးမျိုးသော သတ္တဝါတို့ကိုလည်း မသတ်ရကုန်၊ ယဇ်တိုင်အလို့ငှါ သစ်ပင်တို့ကိုလည်း မခုတ်ဖြတ်ရကုန်၊ ယဇ်အခင်းလို့ငှါ သမန်းမြက်တို့ကိုလည်း မရိတ်ရကုန်၊ ထို (မဟာဝိဇိတမင်း)၏ ကျွန်အစေအပါး အမှုလုပ်တို့သည်လည်း တုတ်ဖြင့် ခြိမ်းခြောက်သောကြောင့် ဘေးဖြင့် ခြိမ်းခြောက်သောကြောင့် မျက်ရည်ရွှဲစို ငိုကုန်လျက် အမှုတို့ကို ပြုလုပ်ကြသည် မဟုတ်ကုန်၊ စင်စစ်သော်ကား အလိုရှိသူတို့သာ ပြုလုပ်ကြရကုန်၏၊ အလိုမရှိသူတို့သည် မပြုလုပ်ကြရကုန်၊ အလိုရှိသော အမှုကိုသာ ပြုလုပ် ကြရကုန်၏၊ အလိုမရှိသော အမှုကို မပြုလုပ်ကြရကုန်၊ ထိုအလှူ (ယဇ်) ပွဲသည် ထောပတ် ဆီ ဆီဦး နို့ဓမ်း ပျား တင်လဲဖြင့်သာလျှင် ပြီးဆုံးခြင်းသို့ရောက်၏။

ထိုအခါ နိဂုံးဇနပုဒ်နေ အရံမင်းတို့သည်လည်းကောင်း၊ နိဂုံးဇနပုဒ်နေ အမတ်မင်းမှုထမ်းတို့သည်လည်ကောင်း၊ နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့သည်လည်းကောင်း၊ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့သည်လည်းကောင်း များစွာသော ဥစ္စာကို ယူလျက် မဟာဝိဇိတမင်းသို့ချဉ်းကပ်ပြီးလျှင် ''မင်းမြတ် မင်းမြတ်ကိုသာ ရည်ရွယ်၍ ဤများစွာသော ဥစ္စာကို ဆောင်ခဲ့ပါ၏၊ မင်းမြတ်သည် ထို (ဥစ္စာ) ကို ခံယူတော်မူပါ''ဟု လျှောက်ကုန်၏။

အချင်းတို့ အလိုမရှိပြီ၊ တရားသော အခွန်အတုတ်ဖြင့် စုဆောင်းထားသော ဤငါ့ဥစ္စာသည်လည်း များလှ၏၊ ထို (သင်တို့၏ဥစ္စာ) သည်လည်း သင်တို့၏ (ဥစ္စာပင်) ဖြစ်ပါစေ၊ ဤ (ငါ့ဥစ္စာ) မှလည်း ထပ်၍ယူကုန်ဦးလော့ဟု မိန့်၏။
ဤသို့ မဟာဝိဇိတမင်းက ငြင်းပယ်လိုက်သည်ရှိသော် ထိုသူတို့သည် တစ်ခုသော နေရာသို့ ဖဲသွားကြပြီးလျှင် ''ဤဥစ္စာတို့ကို မိမိတို့အိမ်သို့ တစ်ဖန်ပြန်၍ ယူဆောင်သည်ရှိသော် ငါတို့အားမလျောက်ပတ်၊ မဟာဝိဇိတမင်းသည် ယဇ်ကြီးပူဇော်၏၊ ယခုငါတို့သည် ထိုမင်းသို့ အတုလိုက်၍ယဇ်ပူဇော်ကုန်အံ့''ဟု အညီအညွတ် ကြံစည်ဆုံးဖြတ်ကုန်၏။

ထိုအခါ နိဂုံးဇနပုဒ်နေ အရံမင်းတို့သည် အလှူ (ယဇ်) ဝင်း၏၃ အရှေ့မျက်နှာ၌အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ အမတ် မင်းမှုထမ်းတို့သည် အလှူ (ယဇ်) ဝင်း၏ တောင်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ ပုဏ္ဏားသူဌေးတို့သည် အလှူ (ယဇ်) ဝင်း၏အနောက်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏၊ နိဂုံးဇနပုဒ်နေ ဥစ္စာအစုအပုံရှိသော သူကြွယ်တို့သည် အလှူ (ယဇ်) ဝင်း၏ မြောက်မျက်နှာ၌ အလှူပွဲတို့ကို ဖြစ်စေကုန်၏။

ဤသို့အားဖြင့် လေးမျိုးသော သဘောတူ အသင်းအပင်းတို့လည်းကောင်း၊ မဟာဝိဇိတမင်း၌ ပြည့်စုံ သောရှစ်ပါးသော အင်္ဂါတို့လည်းကောင်း၊ ပုရောဟိတ်ပုဏ္ဏား၌ ပြည့်စုံသော လေးပါးသော အင်္ဂါတို့လည်းကောင်း၊ သုံးပါးသော စိတ်ထားတို့လည်းကောင်း ပုဏ္ဏား ဤ (အလုံးစုံပါဝင်သော ယဇ်) ကို သုံးပါးသောစိတ်ထားနှင့် တစ်ဆယ့်ခြောက်ပါးသော အရံအတားရှိသော ယဇ်၏ပြည့်စုံခြင်းဟုဆိုအပ်၏ ဟူ၍ (ဟောကြားတော်မူ၏)။

ဆက်လက်ဖော်ပြပါမည်.....
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails