Sunday, May 3, 2009

Ph.D မှ လွင့်ပျံလာသော အတွေးများ

အင်းဝခေတ်၊ အင်းဝမြို့၊ ညောင်ရမ်းမင်းဆက် (၁၀)ဆက်အနက် သုံးဆက်မြောက် သာလွန်မင်းတရားကြီးလက်ထက်၊ မြန်မာသက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှာ ပထမပြန်စာမေးပွဲတွေ စတင်ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီခေတ်အခါက ပထမပြန်စာမေးပွဲမှာ အောင်မြင်တဲ့ ပထမကျော်တွေဟာ အတော်ခေတ်စားတယ်လို့ ဆိုပါတယ်။ ဒါယကာ၊ ဒါယိကာမတွေကလဲ ပထမကျော်ရဲ့ ဒကာတွေ သိပ်ဖြစ်ချင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စာသင်တိုက်တွေကလဲ တပည့်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ပထမကျော်ရအောင် ကြိုးစားခိုင်းကြတယ်။

ညောင်တုန်းကျောင်းတိုက်က စာချဘုန်းကြီး အရှင်တေဇနိယရေးတဲ့ ပထမကျော်စံချိန်တင်ကျောင်းဆိုတဲ့ ဆောင်းပါးထဲမှာ ပထမကျော်လောင်းကို လုကြတဲ့ သာယာဝတီအိမ်ရှေ့မင်းနဲ့ မင်းကတော် မယ်နုတို့အကြောင်း ဖတ်ရတာ အတော်စိတ်ဝင်စားစရာကောင်းတယ်။ ဖြစ်ပုံက သာယာဝတီမင်း ကိုးကွယ်တဲ့ကျောင်းက ပထမကျော်ရနိုင်တယ်လို့ တစ်ပေးခံထားရတဲ့ ကိုရင်က မယ်နုကိုးကွယ်တဲ့ ကျောင်းကို ရောက်သွားတာကနေ စတင်ပါတယ်။ ပထမကျော်လောင်း အလုခံလိုက်ရတဲ့ သာယာဝတီမင်းကလဲ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးနဲ့ မယ်နုကို ဓားကြိမ်းကြိမ်းနေတယ်။ တစ်ဖက်ကလဲ အိမ်ရှေ့မင်း။ တစ်ဖက်ကလဲ သြဇာအာဏာရှိတဲ့ မယ်နုဆိုတော့ ဘကြီးတော်မင်းကလဲ ဘယ်လို ဆုံးဖြတ်ရမယ်မှန်း မသိဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ပဲ ပြဿနာက မပြီးနိုင်ဘူး။ ဆရာတော်တွေကလဲ ဒီကိစ္စကို ဖြေရှင်းဖို့၊ ဆုံးဖြတ်ဖို့ဆိုပြီး အစည်းအဝေးတွေ ထိုင်ကြတယ်။ အစည်းအဝေးတွေသာ ခဏခဏလုပ်ရတယ်။ ဘယ်သူမှ ပြီးပြက်အောင် မဆုံးဖြတ်နိုင်ကြဘူး။ “ကဲ…နောက်မှပဲ အသေးစိတ် ဆက်ဆွေးနွေးကြတာပေါ့”ဆိုတဲ့ အဆင့်နဲ့ပဲ ပြီးပြီးသွားတယ်။

ဒီအချိန်မှာမှ မြန်မာစာပေသမိုင်းမှာရော၊ ထူးခြားဆန်းကြယ်တဲ့ပုဂ္ဂိုလ်များသမိုင်းမှာပါ သိတဲ့လူတိုင်း၊ စာသင်သားတိုင်း လေးစားအားကျခဲ့ရတဲ့ ဆရာတော်ဦးဗုဓ် ပေါ်လာတယ်။ သူက အဲဒီအချိန်က ဦးဇင်းငယ်ပဲ ရှိသေးတယ်။ ဆရာတော်တွေရဲ့ ဆန့်ငင်ဆန့်ငင်နဲ့ လိပ်ခဲတင်းလင်း အစည်းအဝေးကို စိတ်မရှည်တော့ဘူး။ ဒီကိစ္စလေးနဲ့ ဘာဖြစ်လို့ ရှေ့ရွှေ့နောက်ရွှေ့ လုပ်နေကြတာလဲ။ ဒီအစည်းအဝေးကြီးက ပြီးကို မပြီးနိုင်တော့ဘူး။ ဒီလောက်လွယ်လွယ်လေးဟာကို။ သူ တပူပူ ပြောနေတဲ့ အသံကို ဆရာတော်ကြီးတွေက ကြားသတဲ့။ ဒါဆို အရှင်ဘုရားလေးက ဖြေရှင်းဆုံးဖြတ်ပေးနိုင်လို့လားလို့ မေးလိုက်ပါတယ်။ ဆရာတော်ခွင့်ပြုရင် လုပ်ပါမယ်ဆိုတော့မှ တစ်ထိုင်တည်း ဆုံးဖြတ်ပေးလိုက်တယ်။

ဒီပထမကျော် ကျောင်းပြောင်းတဲ့ ကိစ္စဟာ သာယာဝတီနဲ့လဲ မဆိုင်၊ မယ်နုနဲ့လဲ မပတ်သတ်။ စင်စစ် အဆိုပါ စာသင်တိုက်များမှ ကျောင်းထိုင်များမှာသာ အပြစ်ရှိသည်။ ပထမကျော်လောင်းလျာကို ဖြားယောင်းသော မယ်နုကိုးကွယ်သောကျောင်းမှ ဆရာတော်သည် သူတစ်ပါးတို့၏ ကျောင်းမှ ကိုရင်ကို ဖြားယောင်းသောကြောင့် “န ဘိက္ခဝေ အညဿ ပရိသာ အပလာဠေတဗ္ဗာ၊ ယော ဥပလာဠေယျ၊ အာပတ္တိ ဒုက္ကဋဿ”ဟူသော ပါဠိတော်နဲ့အညီ ဒုက္ကဋ်အာပတ်သင့်စေ။ သာယာဝတီကိုးကွယ်တဲ့ကျောင်းမှ ဆရာတော်သည် မိမိ၏ တပည့်ကို သေသေ၀ပ်ဝပ်ဖြစ်အောင် နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်သောကြောင့် ဒဏ်ထမ်းစေ။ ပထမပြန်လောင်းလျာကိုရင်ကိုလဲ တစ်နှစ်စာမေးပွဲဖြေခွင့် ရပ်နားစေ။ ဒီလို ဆုံးဖြတ်ပေးလိုက်တော့မှ ပြဿနာက အေးငြိမ်းသွားတော့တယ်။

ဒီအကြောင်းလေး ပြောပြနေရတာက ဒကာ၊ ဒကာမတွေဟာ သူတို့ကိုးကွယ်တဲ့ ရဟန်းတော်တွေကို အတော်ဆုံး၊ အထင်ရှားဆုံး ဖြစ်စေချင်ကြတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံက ဒကာ၊ ဒကာမတွေဟာ များသောအားဖြင့် နာမည်ကြီးမှ လှူချင်ကြသူတွေက များပါတယ်။ ဒါက ဒီဘက်ခေတ်မှာတင် မကဘူး။ ဟိုရှေးခေတ်ကတည်းက ရှိခဲ့တာပါလားဆိုတာကို သိစေချင်လို့ပါ။ ဒကာတွေဘက်က ဒီလို နာမည်ကြီးသူ၊ ကျော်ကြားသူမှ လှူချင်တန်းချင်နေကြလို့လား မသိ။ ဒီဘက်ခေတ်ရဟန်းတွေကလဲ နာမည်ကြီးအောင်၊ ကျော်ကြားအောင် အမျိုးမျိုး လုပ်လာကြတာတွေကို တွေ့နေရတယ်။

နာမည်ကြီးတာ ကောင်းသလား၊ ကျော်ကြားတာ ကောင်းသလား။ ကောင်းတာ မကောင်းတာတော့ မသိ။ သည်းချေကြိုက်ဖြစ်နေကြတာတော့ သေချာတယ်။ ဒီလိုနဲ့ ခေတ်ကိုက ပြောင်းလဲလာတဲ့သဘော ဖြစ်လာတော့တယ်။ ရှေးကလို ဓမ္မာစရိယလို ဘွဲ့မျိုး ရထားရုံနဲ့ အလုပ်မဖြစ်တော့ဘူး။ ဒီထက် ပိုဆိုးတာက မြန်မာမှာ အခက်ဆုံးလို့ဆိုတဲ့ မန္တလေး သကျသီဟစာမေးပွဲကြီးအောင်ထားတာတောင် လူတွေက အထင်သိပ်မကြီးချင်ကြတော့ဘူး။ ဘယ်ဘက်ကို ရွေ့လာသလဲဆိုတော့ ခေတ်ပညာတတ်ဆိုတဲ့ အသုံးအနှုန်းနဲ့ မျောပါလိုက်သွားကြတယ်။ B.A, M.Aတို့ ရယူထားမှ ပညာတတ်ထင်ကြတော့တာ။ အဲဒီလို ဘုန်းကြီးမှ စာတတ်တယ် ထင်ကြတော့တာ။ `အမလေး အထင်မသေးနဲ့၊ အဲဒီဘုန်းကြီးက လောကီ ဘာဘွဲ့တောင် ရထားတာဟဲ့´။ နားနဲ့ မကြားချင်အဆုံး။ `ဟုတ်ပါပြီ၊ ခင်ဗျားလဲ အဲဒီဘွဲ့ရထားတာပဲ၊ ခင်ဗျား ဘာတတ်သတုံး´သွားမေးကြည့်၊ ဘာမှ မတတ်ဘူး။ ဘွဲ့ရလို့ စာတတ်တယ်ဆိုတာ သူများနိုင်ငံဆီမှာ ဟုတ်ချင်ဟုတ်လိမ့်မယ်။

ဒါက နောက်ပိုင်းနားမှာ ကျန်ခဲ့ပြန်ပြီ။ ရွေ့သွားပြန်ပြီ။ ရိုးရိုး B.A, M.Aတို့နဲ့ မလုံလောက်တော့ပြန်ဘူး။ နိုင်ငံခြားပညာတော်သင်တဲ့။ နိုင်ငံခြားမှာ ပညာသွားသင်ပြီဆိုရင် အထင်တွေ ကြီးလာတော့ပြန်တယ်။ အဲဒီဘုန်းကြီးကမှ တကယ့်ကို သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံသလိုလို။ အဲဒီဘုန်းကြီး ဟောတဲ့တရားကမှ နားထောင်လို့ ကောင်းသလိုလို ဖြစ်လာပြန်တယ်။ တကယ်လိုက်နာသလားဆိုတော့လဲ မဟုတ်ဘူး။

ခုတော့ B.A, M.A လဲ ပညာစာရင်း မ၀င်တော့ပြန်ဘူး။ ဒေါက်တာတဲ့။ မြန်မာမှာလဲ ဒေါက်တာတွေက မှိုလိုပေါက်။ ကမ္ဘာမှာ အဲဒီမှိုတွေ ဈေးကောင်းမကောင်းတော့ မသိဘူး။ မြန်မာမှာတော့ ဒေါက်တာဘွဲ့ရထားတဲ့ ဘုန်းကြီးမှ တရားနာသူ ပေါသတဲ့။ ဒေါက်တာတရားပွဲဆိုတာတောင် ကျင်းပပစ်လိုက်သေးတယ်။ ဒို့ရွှေမြန်မာတွေဆိုတာ အဲ့လို လူမျိုးတွေ။ ဘာမှတ်လဲ။ စာရေးသူကတော့ အဲ့လို တရားပွဲတွေ ကြားရတိုင်း ဘာမဆိုင်ညာမဆိုင် မှိုတရားပွဲလို့ Connotation ပေးလိုက်မိတယ်။

ဒီလိုနဲ့…ဒို့လဲ သာသနာပြုရ အဆင်ပြေအောင် နံခြားထွက်ပြီး ပညာတွေ သင်လိုက်အုံးမယ်ဆိုပြီး နံခြားကို ထွက်လာခဲ့တယ်။ စာရေးသူတို့ အချစ်တုန်းကြီး ဦးသန်းချွေက ကန်ထုတ်လိုက်လို့လဲ ပါတာပေါ့လေ။ (အညာသားက ရွှေဆိုရင် ချွေဟု အသံထွက်သည်)။ ခုတော့ M.A လဲ ပြီးပြီ။ `ဒေါက်တာလေး ဘာလေး လုပ်တော့ဝူးလား´တဲ့၊ သူငယ်ချင်းတွေက မေးတယ်။ `အခွင့်အရေးရတုန်း လုပ်ထား၊ အမေ့ဆီရောက်ရင် ပြန်ထွက်လာဖို့ လွယ်ဘူး၊ ဒီခေတ်က ဒေါက်တာရမှ အဆင်ပြေမှာ´တဲ့။
ဟိုတုန်းက မဟာဂန္ဓာရုံဆရာတော်ကြီး သကျသီဟ(အဘိဝံသ)ဘွဲ့ယူတုန်းက မိန့်သလိုပေါ့။ ဆရာတော်က အဘိဝံသဘွဲ့ကို မလုပ်ချင်ဘူးတဲ့၊ မယူချင်ဘူးတဲ့၊ ဒါပေမယ့် အဘိဝံသရမှ သာသနာပြုလို့ ပိုလွယ်တဲ့ ခေတ်ဖြစ်တာကြောင့် ယူလိုက်ရတာပါတဲ့။ ဒီလို သမိုင်းအကိုးလေးနဲ့ဆိုတော့လဲ ဒေါက်တာအမြီးလေးကို ယူတပ်သင့်သလိုလို။

ဒီလို အကြောင်းပြချက်လေးတွေနဲ့ သူများတွေ ဒေါက်တာသလို ဒေါက်တာလိုက်ရင် ကောင်းမလားပေါ့။ အတွေးလေးတွေက လွင့်လာတယ်။ မဆလာနဲ့သင်းနေတဲ့ သီရိလင်္ကာအစားအစာလဲ စားတတ်နေခဲ့ပြီဆိုတော့ စားရသောက်ရ နေရထိုင်ရတာကတော့ သိပ်မခက်တော့ဘူး။ ခက်တာက အိမ်ကလူတွေရဲ့ အိတ်ကပ်အခြေအနေ။ အိတ်ကပ်ပိန်ပိန်လေးတွေကိုတော့ ဒုက္ခမပေးသင့်တာ အမှန်ပဲ။ ရှိတဲ့ ချွေးနဲစာလေးတွေနဲ့ ဒေါက်တာလုပ်လိုက်ရတယ်၊ ရသွားပြီဆိုပါတော့။ သာမန်ရဟန်းတော်တစ်ပါးထက်ပိုပြီး ဘာတွေ လုပ်ပေးနိုင်မလဲ။ ဆယ်ပါးမှာ ၉-ပါးကတော့ မထူးခြားပါဘူး။

ဒေါက်တာလုပ်ပြီး မြန်မာမှာ မြန်မာလို တရားဟောနေတာကတော့ ဘာလိုမှကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။ (တရားဟောတာကို အပြစ်လို့ ပြောတာ မဟုတ်ဘူး။ အဲဒါလောက်လေး တတ်တာကို ပြောတာ)။ မြန်မာမှာ ဓမ္မကထိကလုပ်တယ်ဆိုတာ သာမန်ဒေါက်တာဘွဲ့မရသူတွေလဲ လုပ်နိုင်တာပဲ။ ဒေါက်တာဘွဲ့ကြီးယူထားပြီး thesis အကြောင်းဘာမှနားမလည်တဲ့ ကိုရွှေမြန်မာရဟန်းတော်တွေ ကြည့်နေရတာလဲ စိတ်မချမ်းသာစရာ။ ဘုန်းကြီးလုပ်ပြီး ငွေပေးဘွဲ့ယူကြတဲ့ ကိုရွှေမြန်မာရဟန်းတော်တွေ ကြည့်နေရတာလဲ ဒေါပွစရာ။ (အားလုံးမဟုတ်၊ သီရိလင်္ကာမှာ အဲ့လိုလဲ မရ)။ ခုလဲ ကြားနေရပါတယ်။ နိုင်ငံကြီးတစ်ခုမှာ ဒေါက်တာဘွဲ့အတွက် ဒေါ်လာ ၄-ထောင်ဆိုလား၊ ၅-ထောင်ဆိုလား။ သူ့ဘုန်းကြီး ဒေါက်တာဘွဲ့ရပြီး ဘုန်းတွေကြီးမှာကို တွေးပြီး ဘုန်းကြီးလုပ်သမျှ ကြိုက်တယ်ဖြစ်နေတဲ့ ဒကာ၊ ဒကာမတွေ တွေ့နေရတာလဲ စိတ်ဆင်းရဲစရာ။

ဒါတွေ ပြောလိုက်လို့ စိတ်ဆင်းရဲနေမယ့် ရဟန်းတော်တွေနဲ့ ဒကာ၊ဒကာမတွေလဲ ရှိနေပါလိမ့်မယ်။ အရာရာကို သိက္ခာရှိစွာ အလုပ်လုပ်နေကြတဲ့ ရဟန်းတော်တွေနဲ့ မှန်မှန်ကန်ကန် ကိုးကွယ်ဆည်းကပ်တတ်တဲ့ ဒကာ၊ ဒကာမတွေကို တောင်းပန်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဟိုဘက်ဖုံး၊ ဒီဘက်ဖိ လုပ်နေတာဟာ ကြာရင် မကောင်းပါဘူး။ တကယ့်ကို သာသနာချစ်စိတ်၊ ပညာမြတ်နိုးတဲ့စိတ်နဲ့ လုပ်နေတဲ့ ရဟန်းတော်တွေကို အားနာစရာ ကောင်းပါတယ်။ လုပ်စားတွေ၊ ရိုက်စားတွေ အားကောင်းလာရင် တကယ်လုပ်ထားတဲ့ အရှင်ကောင်းတွေအတွက် မျက်နှာပူစရာတွေ ကြုံတွေ့နေရတာ ခဏခဏပဲ။ နေရင်းထိုင်ရင်း တကယ့်ကို မှန်မှန်ကန်ကန်နဲ့ ကြိုးစားထားတဲ့ ရဟန်းတော်တွေတောင် မျက်နှာငယ်ရမယ့် ကိန်းဆိုက်နေတယ်။

ဆိုတော့…။ ဘာလုပ်ကြမလဲ။ လုပ်စား၊ ရိုက်စားတွေကတော့ ရှိနေမှာပဲ။ စီးပွားရေးမှာ ဖြတ်လမ်းနည်းက ရေရှည်မတည်တဲ့သလို သာသနာမှာ အလွယ်လမ်းတွေ ပေါများလာရင် ပျက်မှာပဲ။ အားလုံး…အားပေးမမှားကြရင်တော့ အထိုက်အလျောက် လျော့နည်းသွားနိုင်စရာ ရှိပါတယ်။ မြန်မာ ဒကာ၊ ဒကာမတွေကလဲ ခက်တယ်။ ရုပ်ချောရင်လဲ ဘာလုပ်လုပ် ကြည်ညိုလိုက်တာပဲ။ စာတတ်ရင်လဲ ဘာလုပ်လုပ် ကြည်ညိုလိုက်တာပဲ။ ဒီဘုန်းကြီးက ချမ်းသာတဲ့ မျိုးရိုးကလာတာဆိုပြီးလဲ ကြည်ညိုလိုက်တာပဲ။ တစ်ချို့ကတော့ သီလ၊ သမာဓိ၊ ပညာကို ကြည့်ပြီး အကဲခတ်ပြီး ကြည်ညိုကြတာပေါ့။ အဲဒီလို ဒကာ၊ ဒကာမတွေက နည်းလွန်းတယ်။

သောဏဒဏ္ဍသုတ်မှာ ပုဏ္ဏားတွေရဲ့ အရည်အချင်းအကြောင်း ပြောရင်းနဲ့ ဗုဒ္ဓမြတ်စွာ ထောက်ပြထားတဲ့ အချက်တစ်ခု ရှိပါတယ်။ ပုဏ္ဏားတွေရဲ့ အရည်အချင်းတွေဆိုတာက
၁။ မျိုးရိုးကောင်း
၂။ ကျမ်းဂန်တတ်ကျွမ်း
၃။ ရုပ်ချော
၎။ သီလ
၅။ ပညာတို့ ဖြစ်တယ်။ အဲဒီအထဲက အရေးအကြီးဆုံးအချက်ကို တစ်ခုပြီးတစ်ခု စစ်ထုတ်လိုက်တာ နောက်ဆုံး သီလနဲ့ပညာတို့ပဲ ကျန်ပါတယ်။

သီလနဲ့ပညာဟာ ပုဏ္ဏားတွေရဲ့ အရည်အချင်းပဲလို့ သောဏဒဏ္ဍနဲ့ဗုဒ္ဓမြတ်စွာ ကောက်ချက်ချလိုက်တော့ အခြားပုဏ္ဏားပရိသတ်တွေ အတော်မကျေမနပ်ဖြစ်ပြီး ပွဲဆူသွားခဲ့တယ်။ ဒီတော့ ဗုဒ္ဓမြတ်စွာက သောဏဒဏ္ဍရဲ့ တူဖြစ်တဲ့ အင်္ဂကလုလင်ကို ဥပမာပြပြီး ထောက်ပြတယ်။ အသင်ပုဏ္ဏားတို့ သင်တို့ အရှင်သခင်ရဲ့ တူဖြစ်တဲ့ အင်္ဂကဟာ ရုပ်လဲ ချောတယ်။ ကျမ်းဂန်လဲ နှံစပ်ကျွမ်းကျင်တယ်။ မျိုးရိုးကလဲ ပြောစရာမရှိဘူး။ ဒါပေမယ့် သူဟာ သူများအသက်ကို သတ်ဖြတ်နေတယ်၊ သူ့ဥစ္စာတွေကို ခိုးနေတယ်။ သူတစ်ပါးသားမယားကို လွန်ကျူးနေတယ်၊ လိမ်လည်တတ်တယ်၊ သေရည်အရက်သောက်တယ်….အဲ့လိုဆိုရင် သူ့ကို ပုဏ္ဏားအင်္ဂါတွေနဲ့ ပြည့်စုံသူလို့ ဆိုထိုက်မလား။ …စသဖြင့် ပြောပြလိုက်ပါတယ်။ ဆိုတော့ ကြည်ညိုကြတဲ့ ဒကာ၊ ဒကာမတွေအနေနဲ့ ဒီဟောကြားချက်လေးကို သတိထားစေချင်တယ်။ ဘယ်လောက်ပဲ စာတတ်တတ်၊ ထိုက်သင့်တဲ့ အကျင့်သီလမှ မရှိရင် ဘာလုပ်တော့မလဲ။

3 comments:

yawcommunity said...

အမှန်တရားအတွက် ရပ်တည်ရေးတဲ့အတွက် တကယ့်ကို ဂုဏ်ယူပါတယ်။ တတ်နိုင်တဲ့ဖက်က တတ်နိုင်သလောက် လုပ်ကြရအောင်. ကိုယ်လဲမှန်မှန် လူများလဲ မှန်မှန်ဖြစ်အောင်ပေါ့။ အားပေးနေပါတယ်။

thra20000 said...

ဒီပို့စ်လေးကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တစ်ခြားဘလောဂ်တွေမှာလဲ ဖော်ပြပေးစေချင်တယ်။
လူများများဖတ်ရအောင်လို့ပါ။

အားပေးနေပါတယ်ကိုယ့်လူရေ။

rugga said...

ဟုတ်ပေဗျို့ ဟုတ်ပေဗျို့

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails