Tuesday, May 12, 2009

အပြောင်းအလဲများနှင့် ဆန်းသစ်ခြင်း

(ဘာရယ်တော့ မဟုတ်။ တစ်နေ့က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)နှစ်ပတ်လည် မဂ္ဂဇင်းကို ကောက်လှန်ဖြစ်တော့ ဦးဇင်းရဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ကြည့်မိတယ်။ တက္ကသိုလ်မှာ စာသင်နေတဲ့ ရဟန်းငယ်တစ်ပါးအနေဖြင့် အဟောင်းတွေကို ဆန်းသစ်ပြီး အသစ်များဖြင့် ကဏ္ဍသစ်များ ထွန်းသစ်စေဖို့ ဆန္ဒပြုရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ပြန်ဖတ်ရတော့ စိတ်ကလဲ အတိတ်ကို ပြန်ရောက်သွားပါတယ်။ အချက်အလက်အချို့ကို ယနေ့အခါမှာ သဘောမကျနိုင်တော့ပေမယ့် အပြောင်းအလဲကို လိုလားတဲ့ စိတ်ကတော့ ယနေ့အထိ ရင်ထဲမှာ ကိန်းလျှက်ပါပဲ။ တတ်သလောက် မှတ်သလောက်လေးနဲ့ အပြောင်းအလဲကို ရေးထားခဲ့တာကို အခု ဖတ်ချင်သူတွေ ဖတ်ရအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်)



`တပည့်တော်တို့ တက္ကသိုလ်ကို ပညာရေးမြှင့်တင်ဖို့ အစီအစဉ်တွေ ချမှတ်နေပါပြီ´

ဤစကားလေးကို ရင်ခုန်လှိုက်လှဲစွာ ကြိုဆိုမိပါသည်။ နာယကဆရာတော် မိန့်ကြားလိုက်သော စကားပါ။ ထိုစကားကို ကြားရပြီးမှ ဤစာကို ရေးပါသည်။ အမြင့်ကိုရောက်ခြင်းဟူသည် မည်သည့်အရာဖြစ်ဖြစ် လူကမြှင့်မှ ရောက်ခြင်းဖြစ်သည်။ မမြှင့်ဘဲနှင့် မမြင့်ပါ။ ဤ၌ အခြေခံအကျဆုံးက မြှင့်တင်လိုစိတ်ပင် ဖြစ်၏။ လူသားများ၏ ယုံကြည်ချက်နှင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသည်များသည် ဝေါဟာရအနေအားဖြင့် ရှေးခေတ်များနှင့် အတူတူပင်ဖြစ်သော်လည်း အသွင်သဏ္ဌာန်အားဖြင့်ကား မိုင်ပေါင်းကုဋေကဋာ ဝေးကွာခြားနားခဲ့ပြီ ဖြစ်ပါသည်။ ဤသည်မှာ အသစ်ကို လိုလားမှု၊ မြှင့်တင်လိုမှုတို့မှ ရွေ့လျောစီးဆင်းလာခဲ့ရခြင်း ဖြစ်ပါသည်။ လူတိုင်း၏ ပကတိစိတ်မှာ (ငဲ့ညှာ၊ ထောက်ထား၊ တွယ်တာမှုများနှင့် ဖုံးကွယ်မထားလျှင်) မြှင့်တင်လိုစိတ်ရှိပါသည်။

ဆင်ခြင်တုံတရားမပါသော ငဲ့ညှာမှုများ၊ အမှန်တရားကို ဦးစားမပေးသော ထောက်ထားမှုများ၊ အဟောင်းတိုင်းကို အကောင်းချည်းဟု ထင်မှတ်ထားမိသော တွယ်တာမှုများသည် လူများ၏ အတ္တစိတ်ကို မြင့်တက်စေပါသည်။ အတ္တစိတ်များ မြင့်မားလာပြီဆိုလျှင် မည်မျှပင် ကောင်းမွန်မြင့်မြတ်သော ဖန်တီးမှုပင်ဖြစ်ပါစေ အသစ်ကို မဖန်တီးလိုတော့။ သူတို့ပြောမည့်စကားသည် ထုံးစံအတိုင်းပင် ဖြစ်သည်။ `ဒီထက်ကောင်းတာ မရှိတော့ဘူး၊ ဒါ ပရိပုဏ္ဏပဲ´။

အပြောင်းအလဲကို ဘာသာရေးယုံကြည်မှုအပိုင်းမှ ချဉ်းကပ်ကြည့်ပါမည်။ လူအများသည် (နားမလည်၍) အံ့သြဘနန်းဖြစ်ခြင်း၊ အကြောက်တရားဝင်လာခြင်းတို့မှစပြီး ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသည်။ ပညာရှင်များလည်း သိပြီးဖြစ်ပါသည်။ သစ်ပင်၊ တောတောင်စသည့် ရောက်တတ်ရာရာကို ကိုးကွယ်ခဲ့ကြသည်။ ဘုရားများကို မိမိတို့ စိတ်ကူးဖြင့် ဖန်တီးပြီး ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာသည် ဘုရားအမည်ခံပုဂ္ဂိုလ်တို့ သူ့နည်းသူ့ဟန်နှင့်သူ သြဇာကြီးမားရာ အရပ်၌ ပေါ်ထွန်းလာခဲ့သည်။ သို့သော်လည်း ဗုဒ္ဓမြတ်စွာသည် ထိုအမည်ခံပုဂ္ဂိုလ်တို့နှင့် ဆန့်ကျင်ဘက် စစ်မှန်သောဓမ္မကို ဖော်ထုတ်လိုက်ပါသည်။ ဤသည်မှာ ဘာသာရေးမြှင့်တင်မှု ဖြစ်သည်။ ဓမ္မဟူသည်မှာလည်း လေ့လာရေး၊ သင်ကြားရေး၊ နားလည်ရေးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာပညာရေး(Buddhist Education)ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် လောကလူသားတို့၏ ပညာရေးကို အကောင်းဆုံး မြှင့်တင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ဗုဒ္ဓမြတ်စွာကိုလည်း အကောင်းဆုံးသော အပြောင်းအလဲကို ဖန်တီးသူဟု ဆိုရပေမည်။

ရှေးခေတ်ပညာရေးဟူသည် ဘာသာရေးနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများချည်း ဖြစ်ခဲ့သည်။ ထိုခေတ်များ၏ စီးပွားရေးဟူသည်မှာလည်း ဘာသာရေးနှင့်သာ နှီးနွယ်စပ်ယှက်မှု ရှိနေခဲ့သည်။ ထိုကာလများမှ နောက်ပိုင်းခေတ် ကာလပေါင်းများစွာ ကျော်ဖြတ်ချီတက်လာခဲ့ပြီးသောအခါ ဒေသတစ်ခုအတွင်း၌ရှိသော ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုစသည်တို့သည် တစ်နေရာတည်း၌ အသေရပ်တည်ခွင့်မရှိ ဖြစ်လာခဲ့ပါသည်။ နေရာဒေသအနှံ့အပြားသို့ ရောက်ရှိပြန့်နှံ့သွားပြီး လူသားများက လေ့လာသုံးသပ်ရင်းနှင့် လူသားများစွာ၏ အသိဉာဏ်ဖွံ့ဖြိုးမှုမှာ တောက်ပြောင်လာခဲ့ရသည်။ အပြောင်းအလဲများနှင့် ဆန်းသစ်တောက်ပလာခဲ့သည်ဟုလည်း ဆိုနိုင်ပေသည်။

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဆီမှ စာပေကျမ်းဂန်များသည် အနော်ရထာမင်းလက်ထက်မှစပြီး ခေတ်အဆက်ဆက်တိုင်အောင် ရောက်ရှိလာခြင်းကြောင့် မြန်မာ့စာပေနှင့်ပညာရေးသည်လည်း သူ့ခေတ်သူ့အခါအလိုက် ပြောင်းလဲဆန်းသစ်နေမှာ သေချာပါသည်။ ပြောင်းလဲမှုတိုင်းကို တိုးတက်မှုဟု မဆိုနိုင်သော်လည်း အဟောင်းအဟောင်းများကိုသာ ဖက်တွယ်ပြီး မျက်စိမှိတ်နားပိတ် ကလေးဆိုးကဲ့သို့ ကျားကန်ကန် စုံရပ်နေလျှင်ကား ခေတ်ကာလပေါင်းများစွာ နောက်ကျကျန်ရစ်နေလိမ့်မည်ဟု အသေအချာ ပြောလိုက်ချင်ပါသည်။

မြန်မာ့စာပေ စီးဆင်းတိုးတက်မှု၌ဖြစ်စေ၊ ကမ္ဘာ့စာပေစီးဆင်းတိုးတက်မှု၌ဖြစ်စေ အပြောင်းအလဲများ၊ ဆန်းသစ်တီထွင်ဖန်တီးမှုများကို အထင်အရှား တွေ့ရှိနိုင်ပါသည်။ အပြောင်းအလဲများအတွက် သဘောထားကြီးကြီး ထားတတ်လေလေ တိုးတက်မှုရရှိလေလေ ဆိုသည်မှာလည်း သမိုင်း၏ အရှိတရားဖြစ်နေပါပြီ။ မြန်မာနိုင်ငံ၏ ပျို့၊ ကဗျာ၊ လင်္ကာစာပေသည်လည်း တစ်ခေတ်နှင့်တစ်ခေတ် ဆန်းသစ်တီထွင်မှုများကြောင့် ပြောင်းလဲတိုးတက်လာခဲ့ရပုံကို ပညာရှင်တိုင်း သိပြီးဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပို့စ်မော်ဒန်ကဗျာများသည် သမိုင်း၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လှုပ်ရှားနေပြီ ဖြစ်သည်။ ကိုယ်ခံစား၍ မရတာတစ်ခုတည်းနှင့် မည်သည့်အရာကိုမျှ တန်ဖိုးလျှော့ချပစ်၍ မရပါ။ ရွှေသမင်သည် ပတ္တမြားကို တန်ဖိုးလျှော့ချပစ်သည်။ အကြောင်းမှာ သူခံစား၍ မရခြင်းကြောင့် ဖြစ်သည်။ ဤနေရာ၌ ကဗျာအကြောင်း ပြောဖို့မဟုတ်ပါ။ ပြောင်းလဲဆန်းသစ်လာမှုတိုင်းသည် သူ့သဘောသူ ဆောင်နေပါသည်။ သမိုင်းမှာ ကိုယ်က ရွှေသမင်မဖြစ်ဖို့ကား အမှန်တကယ် လိုအပ်သည်ဟု ဆိုချင်ပါသည်။

ကဗျာကဲ့သို့ပင် ၀တ္ထုစာပေ၊ သို့မဟုတ် မြန်မာစကားပြေအရေးအသားသည်လည်း ခေတ်ကာလများစွာကို ခြုံကြည့်လျှင် နောက်နောက် ဖန်တီးသမျှသည် ရှေးရှေးဖန်တီးသမျှထက် ယေဘုယျအားဖြင့် ပိုမိုဆန်းသစ်လှပနေသည်ကို တွေ့ရပါမည်။ ပုဂံခေတ်တွင် ကျောက်စာစကားပြေ စတင်ထွန်းကားခဲ့သည်။ သူ့ခေတ်သူ့အခါအရ ရာဇကုမာရ်ကျောက်စာအရေးအသားသည် ရာဇကုမာရ်၏ စေတနာကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့သည်။ သို့သော် မြန်မာစကားပြေရေးဟန်အနေဖြင့် `အရိုးခံရေးဟန်´ဟု ပညာရှင်များကို ဆိုကြသည်။ ပင်းယခေတ်ရောက်သောအခါတွင် `အရိုးခံရေးဟန်´မှ `ဝေေ၀ဆာဆာရေဟန်´သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်များအထိ ပုဂံနှင့်ပင်းယခေတ်တို့မှ စတင်စီးဆင်းလာခဲ့သော ကျောက်စာ၊ မင်စာ၊ စကားပြောများသည် ဆက်လက်ထွန်းကားနေဆဲ ဖြစ်ပါသည်။

တစ်ခုပြောစရာရှိသည်မှာ ထိုကျောက်စာ၊ မင်စာများနှင့်အတူ မေတ္တာစာ၊ ၀တ္ထု၊ ရာဇ၀င်၊ အရေးတော်ပုံ၊ မင်းမှုရေးရာမှတ်တမ်း၊ ဓမ္မသတ်၊ လျှောက်ထုံးစသော ပေစာ၊ ပုရပိုက်စာ၊ စကားပြေများကိုလည်း ပြောင်းလဲဆန်းသစ်လာသော တီထွင်ဖန်တီးမှုများအနေနှင့် တွေ့လာရပြီ ဖြစ်သည်။ ယင်းဖန်တီးမှုများကို `ပုံသဏ္ဌာန်သစ်စကားပြေများ´ဟု ပညာရှင်များက သတ်မှတ်ကြသည်။

ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ကုန်ဆုံးချိန်အထိ နှစ်ပေါင်း ၇၂၀-ကျော်အတွင်း မြန်မာစကားပြေအရေးအသားသည် အဟောင်းများနှင့်သာ လုံးချာလိုက်နေသည်မဟုတ်ပါ။ ကျောက်စာ၊ မင်စာ၊ စကားပြေမှ ပုံနှိပ်စကားပြေအထိ တဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်လာခဲ့သည်။ စကားပြေရေးဟန်အနေဖြင့် ဇာတ်ဝတ္ထုရေးဟန်များပင် ဖြစ်သည်။ စကားပြေများအတွင်း၌လည်း ကာရန်နဘေများဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားလေ့ရှိခဲ့သည်။ နောက်ပိုင်းခေတ်များတွင် ဂျိမ်းလှကျော်က အလက်ဇန္ဒားဒူးမား၏ မွန်တိခရစ်စတို (The court of Monte Cristo)၀တ္ထုကို မောင်ရင်မောင်၊ မမယ်မအမည်ဖြင့် ၀တ္ထုတစ်ပုဒ် ဖန်တီးခဲ့သည်။ ဤစာအုပ်နှင့်ပတ်သတ်၍ ဆရာဇော်ဂျီက `ဤ၀တ္ထုအရေးအသားက နဘေကာရန် ညှပ်ထားသော စကားပြေအဖွဲ့အနွဲ့ကို တော်လှန်လိုက်သည်´ဟု ဆိုသည်။ အမှန်အားဖြင့် စာပေရေးရာ ပြောင်းလဲတိုးတက်မှုများမှာ ပြောမဆုံးပေါင် တောသုံးတောင်ပင် ဖြစ်သည်။ အဓိက ပြောလိုသည်မှာ ပြောင်းလဲတိုးတက်မှုတိုင်းတွင် သူ့အဓိပ္ပာယ်နှင့်သူ ရှိနေသည်။

အပြောင်းအလဲများ ကြုံတွေ့လာတိုင်း လူ၏ နှလုံးသားတွင် အထိတ်တလန့် ဖြစ်တတ်သည်မှာလည်း သဘာဝဟု ဆိုရပါမည်။ အချိန်တန်လာသော်လည်း ထိုပြောင်းလဲလာသော အသစ်များနှင့် လောကလူသားများသည် နေသားတကျ ဖြစ်သွားတော့ပြန်သည်။ စာသင်တိုက်တစ်ခုမှ မိတ်ဆွေတစ်ပါးက မေးလာသည်။ `အပြင်ဓမ္မာစရိယနဲ့ တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´။
ဤနေရာတွင် မင်းကွန်းဆရာတော်သည် ဤတက္ကသိုလ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် အားသွန်ကြိုးပမ်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသနည်း။ ဓမ္မာစရိယသင်ရိုးများကို သင်ကြားနေသော စာသင်တိုက်ကြီးများစွာ ရှိပြီး မဟုတ်ပါလော။ ဆရာတော့်အနေဖြင့် ဓမ္မာစရိယသင်ရိုးကိုသာ အဓိကထား သင်ကြားစေရမည်ဟု ရည်ရွယ်ချက် ထားပါမူ တက္ကသိုလ်ဟူသော အမည်ကို သုံးစွဲလိမ့်မည်မဟုတ်ဟု ယူဆပါသည်။ အစိုးရဓမ္မာစရိယ သင်ရိုးပုံစံသည် ဤခေတ်သာသနာပြန့်ပွားရေးအတွက် မလုံလောက်တော့ဟု ဆရာတော်မြင်သိခဲ့သည်မှာ သေချာပါသည်။ ထို့ကြောင့် ပစ်ပမယ်၍မရသော ဓမ္မာစရိယသင်ရိုးများအပြင် အခြားဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားလေ့လာစေခဲ့သည်။ သို့ဖြစ်၍ ယခုအချိန် အဓိကဘာသာရပ်မဟုတ်ဟု ဆိုထားသော ဘာသာရပ်များကိုလည်း အဓိကထား လေ့လာသင်ကြားသင့်သည်ဟု မြင်ပါသည်။

`ဒီဘာသာရပ်တွေဟာ အဓိက မဟုတ်ပါဘူးကွာ´ဟု သာမန်ကာလျှံကာ သဘောထားလျှင် အပြင်ဓမ္မာစရိယနှင့် ထူးမခြားနားပင် ဖြစ်သွားပေလိမ့်မည်။ ပင်မဘာသာဟု အမည်တပ်ထားသော ဘာသာရပ်များမှ အခြားသောဘာသာရပ်များ၌ နှံ့စပ်ကျွမ်းကျင်မှုရှိလေလေ သာသနာပြန့်ပွားရေးဆောင်ရွက်ရာတွင် အကျိုးများလေလေ ဖြစ်နေသည်ကား ငြင်းမရသော အမှန်တရား ဖြစ်နေလေပြီ။

အမှန်အတိုင်း ၀န်ခံရလျှင် `အပြင်ဓမ္မာစရိယနှင့် တက္ကသိုလ်ဓမ္မာစရိယ ဘာကွာသလဲ´ဟူသော မေးခွန်းမျိုးကို မဖြေလိုပါ။ `ငါတို့တက္ကသိုလ်နှင့် မင်းတို့တက္ကသိုလ်ဘာကွာသလဲ´ဟူသော မေးခွန်းမျိုး မေးလာလျှင်ကား ဂုဏ်ယူဝင်ကြွားစွာ ဖြေဆိုနိုင်ချင်ပါသည်။ `မင်းတို့လက်ထက်ကျမှ လုပ်ပေါ့´ဟုကား အပြောမခံလိုပါ။ ထိုအချိန်အထိ လိုက်၍မမီအောင် နောက်ကျကျန်ရစ်ခဲ့ပါလိမ့်မည်။ နောက်ကျနေမှန်းမသိဘူးဟု ဆိုလျှင်ကား ပျော်ပျော်ပါးပါး နေလိုက်ရုံသာ ရှိပါသည်။ လူဆိုသည်မှာ ကိုယ့်ဖြစ်တည်မှုနှင့်ကိုယ် ကျေနပ်နှစ်သိမ့်နိုင်ခွင့်ရှိပါသည်။

လူတိုင်းလူတိုင်း၌ ကိုယ်ပိုင်အတွေးအမြင်ဖြင့် အကောင်းအဆိုး သတ်မှတ်ထားသော ပုဂ္ဂလဓိဋ္ဌာန်ဟူ၍ ရှိပါသည်။ တက္ကသိုလ်ပညာသင်ကြားရေးတွင် ပုဂ္ဂလဓိဋ္ဌာန်များကို ရှေ့တန်းတင်လွန်းအားကြီးလျှင် `မမြင့်သေးဘူး´ဟု မြင်ပါသည်။ ပညာရပ်တစ်ခုကို တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ်လေ့လာနိုင်ပြီဆိုလျှင် `ပညာရေးအဆင့်အတန်း မြင့်သည်´ဟု မြင်ပါသည်။ မိမိ၏ ဘော့ပင်မင်ချောင်းထဲတွင် `ဒါ့ထက်ကောင်းတာ မရှိဘူးဟု စွဲထည့်ထားလျှင် ရေးလိုက်သမျှသည် ဒါ့ထက်ကောင်းတာ မရှိဘူး´ဟုသာ ထွက်လာပေလိမ့်မည်။

ယနေ့ကမ္ဘာတွင် နည်းပညာများ၊ အတတ်ပညာများ ယဉ်ကျေးမှုများသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်ပြောင်းလဲလျှက် ရှိသည်။ ယင်းသို့ ချီတက်ရာ၌ မိမိတို့အနေဖြင့် အခြားလူများနှင့် တန်းတူ ရင်ဘောင်တန်း ချီတက်မည်လား။ နောက်ဆုံးမှ ဒရွတ်တိုက် လိုက်ပါချီတက်မည်လား။ ဤအချက်တို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ကြဖို့ ဖြစ်ပါသည်။ နာယကချုပ်ဆရာတော်၏ သြ၀ါဒသည် အပြောင်းအလဲများ၏ အရုဏ်ဦးဖြစ်ပါစေဟု ဆုမွန်ချွေမိပါသည်။ ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails