Wednesday, April 29, 2009

စိတ်အာဟာရ


သတ္တ၀ါတွေကို လိုရာပို့ဆောင်ပေးနိုင်စွမ်းရှိလို့ အာဟာရလို့ ခေါ်ပါတယ်။ မှန်ပါတယ်။ အာဟာရရှိမှသာ လူဟာ လိုရာကို သွားနိုင်ပါတယ်။ ရောက်နိုင်ပါတယ်။ အာဟာရ ပြတ်လပ်ပြီဆိုရင် အသက်ဆုံးရဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် သတ္တ၀ါတွေဟာ မိမိနဲ့သင့်လျော်ရာ အာဟာရတွေကို နေ့စဉ်နဲ့အမျှ မှီဝဲစားသောက်နေရပါတယ်။ လူတိုင်း၊ သတ္တ၀ါတိုင်း အာဟာရကို မှီဝဲစားသုံးနေရပေမယ့် နေရာဒေသနဲ့ သတ္တ၀ါအမျိုးအစားအားလျော်စွာ အာဟာရတွေကတော့ ကွဲပြားလှတယ်။
လူသားတွေဟာ မီးကို မတွေ့ရှိခင်ကာလကတည်းက သားစိမ်းငါးစိမ်းတွေစားပြီး အာဟာရဖြည့်ခဲ့ကြတယ်။ မီးကို တွေ့ရှိလာတော့လဲ မီးနဲ့ချက်ပြုတ်စားလာကြတယ်။ နောက်ပိုင်း အခြားအာဟာရဖြစ်စေမယ့် သစ်သီးဝလံတွေကို စားသုံးခဲ့ကြတယ်။ ယနေ့အချိန်အခါမှာဆိုရင်လဲ အာရှအစားအစာ၊ ဥရောပအစားအစာ၊ အာဖရိကအစားအစာ စသဖြင့် အမျိုးမျိုးပါပဲ။ အာရှမှာတောင်မှ အိန္ဒိယ၊ သီရိလင်္ကာနဲ့ နိုင်ငံအချို့မှာ စားသောက်ကြတဲ့ အစားအစားနဲ့ အခြားနိုင်ငံမှာရှိတဲ့အစားအသောက်တွေဟာ အရမ်းကို ကွာခြားပါတယ်။ တစ်နိုင်ငံတည်းမှာကိုပဲ အစားအသောက်တွေက ခြားနားနေတာတွေ ရှိတတ်ပါတယ်။ တစ်ခါ အချို့ သားငါးမပါတဲ့ သက်သတ်လွတ်အာဟာရကို စားသုံးကြတယ်။ အချို့ကျတော့လဲ အသားငါးပါမှ စားတတ်ပါတယ်။ ဆိုချင်တာက လူဆိုတာ အာဟာရနဲ့ အသက်ရှင်နေကြရတယ်။ ဗုဒ္ဓဘာသာမှာလဲ “သဗ္ဗေ သတ္တာ အာဟာရဌိတိကာ = သတ္တ၀ါအားလုံးဟာ အာဟာရအပေါ်မှာ မှီတည်နေရတယ်”လို့ ဆိုပါတယ်။

ဒီစာလေးကို တရားထိုင်တုန်းက ရေးဖို့ စိတ်ကူးရလာခဲ့တာပါ။ တရားထိုင်တုန်း အောက်ပိုင်းခြေထောက်တွေ၊ တင်ပါးတွေဟာ ပူလောင်ပြီး အတော်ကို ခံရခက်နေခဲ့တယ်။ ပြီးတော့ နေ့ခင်းက အနည်းငယ်သာ ဆွမ်းစားခဲ့လို့ ဗိုက်ကလဲ တကွိကွိနဲ့ အရမ်းကို ဆာနေခဲ့တယ်။ အတန်ကြာ စူးစိုက်ပြီး ကြိတ်မှိတ်ရှုမှတ်လိုက်တော့ အံ့သြစွာနဲ့ စောစောက ခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ကြက်ပျောက်ငှက်ပျောက် လွင့်စင်ကုန်ပါတယ်။ ဝေဒနာတွေ မရှိတော့တဲ့အပြင် အေးငြိမ်းတဲ့ရသကိုပါ ခံစားလိုက်ရပါတယ်။ ဗိုက်ဆာနေတဲ့စိတ်ကလဲ ဘယ်ရောက်သည် မသိ။ ဆာလဲ မဆာတော့ဘူး။ တော်တော်ကို အားထုတ်ရ အရသာတွေ့ခဲ့တယ်။ အဲဒီအချိန်မှာ ငယ်ငယ်က ဆရာသမား ပြောခဲ့တဲ့ “တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား အားရှိပါ၏”ဆိုတဲ့ စာပိုဒ်လေး ခေါင်းထဲဝင်ရောက်လာပါတယ်။ ပီတိကို စားတာ အားရှိသတဲ့။ ငါလဲ ပီတိနဲ့ အာဟာရတွေ ဖြစ်သွားခဲ့တာပါလား။

တရားဖြုတ်ပြီးတဲ့အခါမှာလဲ အဲဒီအဖြစ်အပျက်လေးက ခေါင်းထဲက ထွက်မသွားခဲ့ဘူး။ ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ အာဟာရပစ္စည်းအကြောင်းကိုလဲ စိတ်ရောက်သွားပါတယ်။ ပဋ္ဌာန်းရွတ်နေသူတွေလဲ သတိထားမိလိမ့်မယ်။ အာဟာရပစ္စည်းမှာ အချက်နှစ်ချက်ရှိတယ်။ ပထမအချက်က ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ နောက်တစ်ချက်က အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။ ပထမအချက်ရဲ့ အဓိပ္ပာယ်က မိမိတို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲက ကဗဠီကာရာဟာရဆိုတဲ့ သြဇာလေးက သတ္တ၀ါတွေကို အာဟာရပစ္စည်းနဲ့ ကျေးဇူးပြုနေတယ်တဲ့။ ဒါကတော့ ရှင်းပါတယ်။ ထူးခြားတာက နောက်တစ်ချက်မှာပါ။ အရူပလို့ဆိုတဲ့ နာမ်(စိတ်)တရားက ရုပ်တရားကို အာဟာရသတ္တိနဲ့ ကျေးဇူးပြုသတဲ့။ ဆိုလိုတာက စိတ်ကလဲ လူကို အာဟာရဖြစ်စေနိုင်စွမ်းရှိတယ်လို့ ဆိုလိုတာပဲ။ တရားထိုင်ရင်း အညောင်းအညာတွေ ပြေသွားပြီး အာဟာရတွေ ပြည့်သွားသလို ခံစားရတာဟာ ပီတိဆိုတဲ့ စိတ်က လူကို အာဟာရအဖြစ် တိုက်ကျွေးလိုက်တာပဲပေါ့။ ဒါဆိုရင် အစာမစားဘဲ နေနိုင်တယ်ဆိုတဲ့ အဖြစ်တွေဟာ လောကမှာ တကယ်ရှိနိုင်တယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓမြတ်စွာနဲ့ အချို့ ရဟန္တာတွေဟာ ဘာအစားအစာမှ မစားဘဲ ခုနှစ်ရက်ပတ်လုံး သမာပတ်ဝင်စားနိုင်တယ်ဆိုတာလဲ ဒီသဘောပဲ ဖြစ်မှာပါ။

အာဟာရနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေက အဲဒီနေ့မှာတင် အပြီးသတ် မသွားခဲ့ဘူး။ နောက်တစ်နေ့ ကျားသစ်က သမင်ကို ဆွဲသွားတဲ့အကြောင်း ပြောနေကြတယ်။ ညည အသွားအလာတွေမှာ သတိထားဖို့ ပြောနေကြတယ်။ အရင်ကလဲ တောထဲက စစ်သားတွေ ချစ်တဲ့ ခွေးတစ်ကောင်ကို ကျားသစ်က ဆွဲသွားပြီးပါပြီ။ စိတ်က ကျားသစ်ရဲ့ အာဟာရဆီ ရောက်သွားတယ်။ သူ့ အာဟာရအတွက် အတော်လေးကို ရင်ထဲမချိဖြစ်ရပါတယ်။ အစားခံရတဲ့ သမင်လေးတွေနဲ့သားကောင်လေးတွေကို သနားမိသလို သူများအသွေး၊ အသားနဲ့မှ အာဟာရဖြစ်ပြီး အသက်ရှင်နေထိုင်နိုင်တဲ့ ကျားသစ်ကိုလဲ ကရုဏာသက်မိတာပဲ။

ဘုန်းကြီးဦးဇနိတတို့ ညအခါ သီတင်းသုံးတဲ့ ကျောင်းလေးရဲ့ ရှေ့မှာ ရေအိုင်သေးသေးလေးတစ်ခု ရှိပါတယ်။ ရေအိုင်လေးကသေးပေမယ့် မိချောင်းအကြီးကြီး နှစ်ကောင်နဲ့ မိချောင်းပေါက်စလေးတစ်ကောင်ရှိပါတယ်။ သူတို့ဟာ ရေအိုင်မှာ လာပြီးရေသောက်တဲ့ သမင်တို့၊ မျောက်တို့၊ ဆတ်တို့ကို ရေစပ်ကနေ ချောင်းပြီး သတ်ဖြတ်စားသောက်လေ့ရှိပါတယ်။ ရံဖန်ရံခါ ရေစပ်မှာ ၀ပ်ပြီး သားကောင်ချောင်းနေတာကို တွေ့ရတတ်ပါတယ်။ အဲဒီလို အမြဲတမ်းချောင်းနေတတ်လို့ မိချောင်းခေါ်သလား မဆိုနိုင်ဘူး။ သူတို့လဲပဲ သူများအသွေးအသားနဲ့မှ ရှင်သန်နိုင်တဲ့သတ္တ၀ါတွေပဲ ဖြစ်တယ်။

တစ်ညက ဂူအပြင်ဘက်မှာ တချွပ်ချွပ် အသံကြားလို့ ဓာတ်မီးနဲ့ လှမ်းထိုးကြည့်လိုက်တော့ ရှဥ့်တစ်ကောင်ကို တွေ့ရတယ်။ ရှေ့ကနေ ခြတွေက ရွံ့တွေနဲ့ အိမ်ဆောက်ဆောက်သွားကြတယ်။ နောက်ကနေ သူက အဲဒီဆောက်လက်စ ရွံ့တွေကို ခွါပြီး အထဲက ခြအသေးအကြီးအကောင်အားလုံးကို ခပ်သွက်သွက်နဲ့ စားပစ်နေတာ တွေ့ရတယ်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားမိလိုက်တယ်။ သက်ပြင်းလဲ အကြိမ်ကြိမ် ချမိပါရဲ့။

သတ္တလောကကြီးဟာ တစ်ခါတစ်လေ လူကို ထူးဆန်းစေသလို တစ်ခါတစ်လေ ရိုးရှင်းစေပါတယ်။ လောကမှာ ရေပန်းစားနေတဲ့ မေတ္တာတို့ အချစ်တို့ဟာလဲ တစ်ခါတစ်လေ လူကို ရှုပ်ထွေးစေပြီး တစ်ခါတစ်လေ ရှင်းလင်းစေတယ်။ မေတ္တာရဲ့သဘောကလဲ အသွားအပြန်သဘောနဲ့ ရှင်းလင်းနေတတ်သလို နှောင်ဖွဲ့ခြင်းသဘောနဲ့လဲ ပွေလိမ်နေတတ်ပြန်တယ်။ လောကရဲ့အမှန်တရားဆိုတာတွေဟာ တကယ်မမှန်ဘူးဆိုတဲ့ ဗုဒ္ဓစကားနဲ့ အရာရာကို ချိန်ထိုးကြည့်နေမိတယ်။ တကယ်တော့ လောကကြီးကိုက နိုင်ရာစားဖြစ်နေပြီ ထင်ပါရဲ့။

လူတွေ ကြည့်လိုက်ရင်လဲ ဒီအာဟာရအတွက်နဲ့ စစ်ပွဲတွေဖြစ်လို့၊ ရန်ပွဲတွေ ဖြစ်လို့။ အိမ်နီးနားချင်းတွေ စောင်းမြောင်းလို့။ ဆိုင်ချင်းကပ်ရပ်တွေ မနာလိုတိုရှည်ဖြစ်လို့၊ ဣဿာမစ္ဆရိယတွေ ဖြစ်လို့။ တောရွာတွေမှာဆို ယာတောမှာ သူတစ်ပါးလယ်ယာဘက်ကို ထယ်သွားတစ်ခုစာ(တစ်ထွာခန့်)ကျူးလွန်မိလို့ လူသတ်မှုတွေ ဖြစ်တဲ့အထိတောင် ပြဿနာတွေ တက်ကြတယ်။ လောကမှာ ထမင်းတစ်လုပ်အတွက်နဲ့ စွန်းနေခဲ့တဲ့၊ စွန်းနေဆဲဖြစ်တဲ့ သွေးတွေဟာ မနည်းတော့ဘူး။ ထမင်းတစ်လုပ်ကို မိသားစုတစ်ခုက မြိန်ရေယှက်ရေ စားသုံးနေတဲ့အချိန်မှာ အခြားမိသားစုတစ်ခုမှာ မျက်ရည်နဲ့မျက်ခွက်။ သောကတွေ ပင်လယ်ဝေနေရတယ်။ တိရစ္ဆာန်လောကမှာသာမက လူ့လောကအထိမှာပါ နိုင်ရာစားစိတ်ဓာတ်တို့ လွှမ်းမိုးလာကြပြီလား။

နေ့စဉ် ညနေဆိုရင် ရောက်ရောက်လာတတ်တဲ့ သမင်လေးတွေ ကြည့်ရတာပဲ စိတ်ချမ်းသာတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ သူတို့စားတာကလဲ သစ်ရွက်နဲ့မြတ်တွေပဲ စားတယ်။ သူတို့စားသောက်တဲ့ အာဟာရကြောင့် ဘယ်သူမှ စိတ်ဆင်းရဲစရာ မရှိဘူး။ မြက်ခင်းပြင်တွေကိုတောင် ပိုမိုပြီးလှပစေပါတယ်။ ကျားသစ်တို့ အစာအာဟာရနဲ့ ယှဉ်ကြည့်ပြီး သံဝေဂတွေ ပွားနေမိပါတယ်။
တိရစ္ဆာန်တွေရဲ့ အာဟာရတွေကို စဉ်းစားမိတာကနေ အာဟာရနှစ်မျိုးရှိတာကို သွားတွေ့မိပါတယ်။ သွေးစွန်းနေတဲ့ အာဟာရနဲ့စင်ကြယ်တဲ့ အာဟာရ။ သွေးစွန်းနေတဲ့ အာဟာရတွေမှာ သတ္တ၀ါတွေရဲ့ သောကတွေ၊ ဒေါသတွေ၊ မာန်မာနတွေပါတယ်။ ကိုယ်တစ်ယောက်ကောင်းစားဖို့အတွက် အများသူငါတွေ သွေးစွန်းပေးရတယ်။ အသက်သွေး၊ ချွေးတွေ ပေးရတယ်။ သွေးစွန်းနေတဲ့အာဟာရဟာ စားသုံးသူကော၊ စားသုံးခံရသူတွေပါ သောကပင်လယ်ဝေရ၊ ဒေါသလှိုင်းတွေ ထကြွရပါတယ်။ သွေးစွန်းနေတဲ့အာဟာရမှာ မြင့်မြတ်ခြင်းတရားဆီ သွားဖို့ လမ်းမရှိပါဘူး။ သမင်လေးတွေ ကြည့်၊ ဘယ်လောက် ဖြူစင်ကြသလဲ။ ကျောင်းမှာ ယဉ်ပါးနေတဲ့ သမင်ဆိုရင် သားငါးကို ကျွေးတာတောင် မစားဘူး။ သမင်တွေရဲ့ အာဟာရဟာ သောကတွေ ကင်းလွန်းပါတယ်။ သူတို့အာဟာရအတွက် ဘယ်သူမှ ကြောက်လန့်ပြီး ပြေးစရာမလိုဘူး။ ဘယ်သူမှ သောကဖြစ်စရာ အကြောင်းမရှိဘူး။

သွေးစွန်းနေတဲ့ အာဟာရ၊ စင်ကြယ်တဲ့ အာဟာရ။ ဟုတ်ပြီ။ ကိုယ့်ကိုကိုယ် မေးကြည့်ကြဖို့ပါ။ “ငါ နေ့စဉ် စားနေတဲ့ အာဟာရကရော ဘယ်လောက်ထိ စင်ကြယ်မှု ရှိပါသလဲ၊ သွေးစွန်းနေပြီလား” “ငါ စားသုံးလိုက်တဲ့ အာဟာရဟာ သူတစ်ပါးတွေ မျက်ရည်ကြီးငယ်ကျပြီးမှ ရလာတဲ့ အာဟာရလား”။ သူတစ်ပါးတွေ မျက်ရည်ကြီးငယ်ကျမှ စားသုံးရတဲ့ အာဟာရဟာ သွေးစွန်းနေတဲ့ မစင်ကြယ်တဲ့ အာဟာရလို့ ဆိုရမှာပါ။

လောကလူသားတွေအနေနဲ့ ရှဥ့်လဲလျှောက်သာ၊ ပျားလဲစွဲသာဆိုတဲ့ အနေအထားကနေ မိမိတို့ရဲ့ နေ့စဉ်အာဟာရတွေကို ဖြူစင်သန့်ရှင်းအောင် အားထုတ်သင့်ကြပါတယ်။ “၂၁-ရာစုမှာ လည်တဲ့သူမှ စားရလိမ့်မယ်”လို့ဆိုရအောင် လောကလူသားတွေဆိုတာ တိရစ္ဆာန်တွေမှ မဟုတ်တာ။ ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails