Friday, April 24, 2009

အကြောက်တရားနှင့်လူ

လူတိုင်း ကြောက်ကြ၏။ လူမျိုးစုံသကဲ့သို့ အကြောက်တရားများကလဲ မျိုးစုံ၏။ လူဟာ တစ်ဦးနှင့်တစ်ဦး မတူသလို အကြောက်တရားများကလဲ တစ်ခုနှင့်တစ်ခု မတူ။ အလွန်ကွဲပြား၏။ လူတွေရဲ့အမြင်တွေကို ပေါင်းခြုံကြည့်လျှင် လောကမှာ ရှိရှိသမျှအရာအားလုံးသည် ကြောက်စရာချည်းဖြစ်၏။
သူတော်စင်များက တောထဲမှာ တစ်ယောက်ထဲနေပြီး ကျား၊ ခြင်္သေ့၊ ဆင်ရိုင်းစသော သတ္တ၀ါများကို မကြောက်။ အချို့က တီကောင်လေး၊ ဖားလေးများကို ကြောက်ကြ၏။ အချို့က လှေကလေးဖြင့် မြစ်ကျဉ်းကို ကူးရမှာကြောက်၏။ သို့ရာတွင် လေယာဉ်ခပ်စုတ်စုတ်ဖြင့် ခရီးရှည်သွားရဲ၏။ အချို့က တစ်ယောက်ထဲနေရမှာကို ကြောက်၏။ အချို့က အများနှင့်နေရမှာကို ကြောက်၏။
“ကြောက်လို့ တောထဲ သွားနေတာ”ဟုဆိုသော တောင်ဖီလာဆရာတော်ကြီး၏ စကားကို မှတ်သားသင့်၏။ တစ်နေ့ တောင်ဖီလာဆရာတော်ဘုရားကြီး ……ဘက်မှာ တောရဆောက်တည်နေစဉ် …….မင်းဆရာလုပ်နေသော ရွှေဥမင်ဆရာတော် တောရကျောင်းလေးသို့ ရောက်လာ၏။ ထိုအခါ ရွှေဥမင်ဆရာတော်က “အရှင်ဘုရား တောထဲမှာ တစ်ပါးတည်းနေတာ မကြောက်ဘူးလား”ဟု မေး၏။ ထိုအခါ တောင်ဖီလာဆရာတော်က အထက်ပါအတိုင်း ဖြေလိုက်ပုံမှာ ရာဇ၀င်တွင်သွားခဲ့၏။ ရာဇ၀င်တွင်မည်ဆိုလည်း တွင်စရာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဓမ္မဘက်ကကြည့်လျှင် လောကီလူ့ဘောင်ဟူသည် အတော်ကို ရှုပ်ထွေးပွေလီ၍ ကြောက်စရာကောင်းနေ၏။
စိတ္တလတောင်မှာ တရားအားထုတ်စဉ်ကလည်း လေးစားကြည်ညိုဖွယ်ရာ သီရိလင်္ကာကိုယ်တော်လေးတစ်ပါးနှင့် တွေ့ဆုံခွင့်ရ၏။ သူသည် တစ်ဝါမျှ ရသေး၍ ငယ်ရွယ်သူပင်ဖြစ်သော်လဲ မကြောက်မရွံ့ တောထဲမှ မလုံမခြုံ ဂူလေးတွင် တစ်ပါးတည်း နေ၏။ စာရေးသူမှာ လူသူဝေးသောအရပ်မပြောနှင့် နီးသောအရပ်မှ ဂူထဲမှာပင် အစပိုင်းတွင် အတော်ကြောက်ကြောက်နှင့် နေခဲ့ရ၏။ ကြောက်သည်ဆိုရာမှာလည်း သံသရာကို ကြောက်နေခြင်းမဟုတ် သားရဲ၊ တိရစ္ဆာန်များကို ကြောက်နေခြင်းဖြစ်၏။

အရာရာတိုင်း အရှက်အကြောက်တရားကို မကောင်းဟု၊ သူရဲဘောနည်းခြင်းဟု မယူဆသင့်။ အနောက်တိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြော၏။ “အကြောက်တရားက လူကို ဘုရားသခင်နဲ့ နီးစပ်စေတယ်”ဟူ၍တည်း။ သူကတော့ ဘာသာခြားဖြစ်၍ သူတို့ကိုးကွယ်သော စိတ်ကူးဘုရားများကို ချစ်လဲ ချစ်ရမှာဖြစ်သလို ကြောက်လဲ ကြောက်ရမှာဟု ပြောလိုရင်းဖြစ်၏။ အဆိုပါ သူတို့ဘုရားများကို ကြောက်လျှင် မဟုတ်တာ၊ မကောင်းတာ မလုပ်ရဲတော့။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ကောင်း၏ဟု ဆိုခြင်းဖြစ်၏။ သို့ရာတွင် အဆိုပါ ဘာသာခြားဘုရားကိုယ်တိုင် သူ့လူမျိုးတွေ ဒုက္ခရောက်မှာကြောက်၍ အခြားလူမျိုး သူ့မကိုးကွယ်သူ ထောင်သောင်းများစွာကို သတ်ဖြတ်ခြင်းအကြောင်းကို မေးတော့ သူမဖြေတော့။ အတ္တကို ဗဟိုပြုထားသော အကြောက်တရားဟာ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်တယ်။
အကြောက်တရားက အကောင်းတွေကို လုပ်ဖြစ်စေသည်မှာ မှန်ပါ၏။ မီးကို တီထွင်ခဲ့တာဟာလဲ အမှောင်ကို ကြောက်လို့၊ အလိုမရှိလို့ တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်၏။ ထို့ထက် ပိုသေချာစေခဲ့တာကတော့ စာရေးသူ စိတ္တလပဗ္ဗတမှာ ရှိစဉ်က ကျောက်ဂူလေးတစ်လုံးထဲမှာ တစ်ပါးတည်း နေတယ်။ ညညဆိုရင် ဂူရဲ့အပြင်ဘက်မှာ ခြေသံလိုလို အသံများ၊ သစ်ပင်တိုးသံ၊ နှာဆပ်သံ၊ အသံမျိုးစုံ ကြားရတယ်။ အစရက်ပိုင်းတွေမှာ ကြောက်စိတ်တွေ ၀င်ခဲ့ရတယ်။ အဲဒီအခါမျိုးမှာ ဂူတံခါးကို သေချာပိတ်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ၊ ပရိတ်တွေရွတ်၊ မေတ္တာတွေပို့…စသည်ဖြင့် အလုပ်တွေ တော်တော်လုပ်ဖြစ်ခဲ့တယ်။ ဒါဟာ အကြောက်တရားက ကောင်းတာတွေ လုပ်ဖြစ်ဖို့ တွန်းအားပေးတာပါပဲ။ နောက်ပိုင်းကျတော့လဲ နေသားကျသွားပြီး ကြောက်စိတ်မဖြစ်တော့ပါဘူး။ ကောင်းတာလုပ်တဲ့ အလေ့အကျင့်လေးတော့ ကျန်သွားခဲ့တယ်။ ဗုဒ္ဓမြတ်စွာကလဲ ဓဇဂ္ဂသုတ်တော်မှာ ကြောက်ရင် ငါ့ကို သတိရလိုက်လို့ မိန့်ပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ အကြောက်တရားကတော့ အတ္တ၊ ပရ မျှထား၏။ ဗုဒ္ဓမြတ်စွာ ညွှန်ပြသော အကြောက်တရား၌ မည်သည့် သြဇာလွှမ်းမိုးမှုမျှ မရှိ။ မိမိပြုလိုက်သောကိစ္စတစ်ခုဟာ မိမိ၊ သူတစ်ပါးအတွက် အကျိုးမရှိလျှင် ထိုအလုပ်မျိုးကို ကြောက်ရမည်ဟု ညွှန်ပြ၏။ ကောင်းကျိုးဖြစ်ထွန်းမည်ဆိုက မကြောက်သင့်။ ဆက်လက်လုပ်ဆောင်ရမည်ဟု ဆို၏။ ဘယ်အကြောင်းတရားနဲ့မှ ချေဖြတ်၍ မပျက်နိုင်သော ဓမ္မဓိဋ္ဌာန်ကျသော လမ်းညွှန်ချက်ဖြစ်ပါ၏။
ကြောက်တယ်ဆိုတာ တုန်လှုပ်တာ၊ တုန်ခါတာ။ တုန်လှုပ်မှု၊ တုန်ခါမှုဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။ အနေတော်ဆိုရင် အံဝင်ခွင်ကျဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်က အမေ ဆန်ပြာနေပုံကို မြင်ယောင်မိပါတယ်။ များသောအားဖြင့် တောအရပ်က စားရတဲ့ ဆန်တွေမှာ စပါးလုံးတွေ ပါတတ်ပါတယ်။ အဲဒါတွေကို စကောထဲမှာထည့်ပြီး ခါထုတ်၊ ရွေးထုတ်ရပါတယ်။ အဲဒါကို ဆန်ပြာတယ်လို့ တောမှာ ခေါ်ပါတယ်။ စကောကို ရှေ့တိုးနောက်ငင်လုပ်ပြီး ခပ်ဆတ်ဆတ်ခါထုတ်ရပါတယ်။ ဆိုလိုတာက အဲဒီလို လုပ်တဲ့နေရာမှာ အချိန်အဆလိုပါတယ်။ အရမ်းလှုပ်ခါလိုက်ရင် ဆန်စေ့တွေပါ လွင့်စင်ကုန်မှာ သေချာတယ်။ အောက်ကိုလဲ မကျအောင်၊ စပါးလုံးတွေလဲ ပေါ်လာအောင် အနေတော်ကလေး လှုပ်ခါရပါတယ်။ အဲဒီလိုပဲ စိတ်ရဲ့ တုန်ခါမှုတွေဟာ အလွန်အကျွံဆိုရင် လွင့်စင်သွားတတ်ပါတယ်။
ဝိပဿနာတရားအားထုတ်တဲ့နေရာမှာလဲ ကြောက်စိတ်ဝင်လာတယ်ဆိုရင် တရားအဆင့်က မနည်းတော့ပါဘူး။ ဆိုလိုတဲ့ကြောက်စိတ်ကတော့ သာမန်ကြောက်စိတ်နဲ့ မတူတော့ပါဘူး။ ဘ၀သံသရာကို ကြောက်လာတဲ့စိတ်ပါပဲ။ ဘ၀သံသရာကို ကြောက်လာပြီဆိုရင် ရှေ့ဆက်ပြီး တရားအဆင့်ဆင့် တိုးတက်အောင် အားထုတ်လိုစိတ်တွေ ဖြစ်လာပါတော့မယ်။ သို့အတွက်ကြောင့် ကြောက်စိတ်ဟာ ဘ၀လွတ်မြောက်ရေးအတွက်ပါ အကျိုးများပါတယ်။
ဓမ္မပဒတွင် ပိပ္ပလိနှင့်မယ်ဘဒ္ဒတို့အကြောင်းကို ဖတ်ရ၏။ သူတို့သည် စည်းစိမ်ဥစ္စာအားဖြင့်လည်း တစ်သက်စားမကုန်အောင် ပြည့်စုံ၏။ ကြီးကျယ်ခမ်းနားသော အိမ်ကြီးဖြင့်လည်း နေရ၏။ စားစရာသောက်စရာများကလည်း အလျှံပယ် ရရှိနေ၏။ အခြွေရံသင်းပင်းများလည်း ပြည့်စုံလှပါ၏။ သာမန်အမြင်အားဖြင့်ဆိုလျှင် သူတို့နှစ်ဦးသားအတွက် ဘာမျှ လိုလေးသေးမရှိ။ ပြည့်စုံနေပြီ ဖြစ်၏။ တစ်နေ့ သူတို့ပိုင်ဆိုင်သော လယ်ယာများသို့ သွားရောက်သောအခါ လယ်ယာထွန်ခြင်းကြောင့် ပိုးကောင်လေးများ သေသည်ကို တွေ့ရ၏။ ပိုးကောင်လေးများ သေသည်မှာ သူ့အပြစ်မကင်းဟု ယုံကြည်ပြီး လောကီလူ့ဘ၀ကို ကြောက်လာ၏။ ကြောက်လာခြင်းကြောင့် ဇနီးမောင်နှံတိုင်ပင်ပြီး ရသေ့ရဟန်းဝတ်လိုက်ကြ၏။ ဇနီးမောင်နှံနှစ်ဦးလုံး ဘ၀လွတ်မြောက်မှု ရသွားခဲ့ကြ၏။ ကြောက်တဲ့အကြောက်တွေထဲမှာ သံဝေဂဉာဏ်နှင့်ယှဉ်သော အကြောက်တရားက လူကို ဘ၀အမြင်သစ်တွေ ရရှိစေပါတယ်။
တစ်ခါတစ်လေတော့ မကြောက်သင့်တဲ့နေရာမှာ ကြောက်လို့ ပျော်ရွှင်မှုနဲ့ဝေးနေသူများလဲ ရှိပါသည်။ အချို့က နေရင်းထိုင်ရင် သူများအထင်သေးမှာကို၊ သူများတွေ သူ့ကိုအထင်မကြီးမှာကို ကြောက်နေတတ်ကြပါတယ်။ နေရင်းထိုင်ရင်း သူများရဲ့ အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတတ်ကြပါတယ်။ ဒီဗူးဗွားရဲ့ ရေပွက်ပမာ(မြသန်းတင့် ဘာသာပြန်)၀တ္ထုထဲမှာ ထင်ပါတယ်။ ဇာတ်လိုက်အမျိုးသမီးရဲ့မိခင်ဟာ သူများအထင်သေးမှာကို အရမ်းကြောက်ပြီး အထင်ကြီးခံရအောင်၊ ချစ်ခင်လေးစားခံရအောင် တမင်သက်သက် လိုက်လုပ်နေပါတယ်။ ဒါကြောင့် သမီးဖြစ်သူက “အမေဟာ သူများရဲ့ ချစ်ခင်လေးစားမှု၊ အထင်ကြီးမှုကို အမြဲတမ်းလိုချင်နေပါတယ်။ အဲဒီလို လိုချင်နေတဲ့စိတ်ကြောင့်ပင်လျှင် အများက သူ့ကို အထင်မကြီးကြခြင်း ဖြစ်လေသည်”လို့ ကောက်ချက်ချထားပါတယ်။ (မူရင်းနဲ့ ကွဲလွဲမှု ရှိကောင်းရှိပါလိမ့်မယ်။ မှတ်မိသမျှ ချရေးလိုက်ခြင်း ဖြစ်ပါတယ်။) ရေပွက်ပမာထဲက အဲဒီအမျိုးသမီးကြီးလိုပဲ စာရေးသူတို့ နေ့စဉ်လောကမှာ အချောင်သက်သက် သူများရဲ့ အထင်ကြီး၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့သူတွေ တွေ့ရတတ်ပါတယ်။
တကယ်တော့ အများရဲ့ အထင်ကြီးမှုဆိုတာ နေရင်းထိုင်ရင်း ဖြစ်ပေါ်လာတတ်တဲ့ အရာမဟုတ်ဘူးလေ။ သူများတွေ အထင်ကြီးနိုင်တဲ့၊ လေးစားချစ်ခင်မှုကို ဖြစ်စေတဲ့ မိမိတို့ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အတွေးအကြံတွေကို တည်ဆောက်ဖို့ လိုပါတယ်။ သူများကိုလိုက်ပြီး “ငါ့ကို အထင်ကြီးကြစမ်းပါကွာ”လို့ လိုက်ပြောနေဖို့ မလိုအပ်ပါဘူး။ သူများအထင်ကြီးအောင် လူရှေ့သူရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်ကလေးလို့ သေသေ၀ပ်ဝပ်လေးနေပြီး ကွယ်ရာမှာ ထင်တိုင်းကြဲနေတဲ့သူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ထိုသူတွေဟာလဲ အများရဲ့ အထင်ကြီးမှုကို ရနိုင်ပေမယ့် အခိုက်အတံ့ပဲ ဖြစ်ပါလိမ့်မယ်။ ကြာရှည်တည်တံ့တဲ့သဘော မရှိပါဘူး။ သူ့ရဲ့စိတ်ဓာတ်ကို ပတ်ဝန်းကျင်က သိသွားတဲ့နေ့ အဲဒီပတ်ဝန်းကျင်မှာ သူ မျက်နှာငယ်ရမယ့်နေ့ပါပဲ။
စာသင်သားဘ၀တုန်းက ဘုန်းကြီးတစ်ပါး တွေ့ဖူးတယ်။ သူက စာသင်သားတွေရဲ့ အချစ်ကို အရမ်းလိုချင်တဲ့ ဘုန်းကြီးပေါ့။ နေတာထိုင်တာ၊ စားတာသောက်တာ အရမ်းကို သေသေ၀ပ်ဝပ်နဲ့ နေပါတယ်။ ဒါပေမယ့် သူ့မှာ ရောဂါတစ်ခုက စွဲကပ်နေတယ်။ သူများတွေ ငါ့ကို ဘာလို့ အထင်မကြီးတာပါလိမ့်ပေါ့။ သူ့ ဒကာ၊ ဒကာမတွေ လာရင်အမြဲတမ်း ရင်ဖွင့်နေတတ်တယ်။ “ဘုန်းကြီး သူတို့အပေါ် ဒီလောက်ကောင်းတာ သူတို့က ဘာလို့ ဘုန်းကြီးကို နားမလည်ကြလဲ မသိပါဘူး”တဲ့။ စာသင်သားတွေ မကြိုက်တာက သူဟာ သူများရဲ့အထင်ကြီးမှု၊ လေးစားချစ်ခင်မှုကို လိုချင်နေတဲ့ သူ့စိတ်ဓာတ်ကိုပဲ။ သူကလဲ သူများရဲ့ အထင်ကြီးမှုကို လိုချင်နေရုံ မဟုတ်ဘူး။ စာသင်သားတွေက သူ့ကို ဆရာကြီးတစ်ဆူလို ရိုရိုသေသေ၊ ပျပ်ပျပ်ဝပ်ဝပ်ဖြစ်နေတာကို သူ လိုချင်နေတယ်။
နောက်ဆုံး ဘယ်လောက်ထိဖြစ်ကုန်သလဲဆိုတော့ စာသင်သားတွေနဲ့ တစ်ဆောင်ထဲ အတူနေကြရပေမယ့် စာသင်သားတွေဟာ သူ့မျက်နှာကို တွေ့ရင် ကျက်သရေတုံးတယ်လို့ကို ပြောနေကြတော့တာ။ အခုဆိုရင် စာသင်သားတွေကလဲ သူ့မျက်နှာမကြည့်ချင်၊ သူကလဲ ကြည့်မရနဲ့ တစ်သီးတစ်ခြားစီကြီး ဖြစ်သွားကြတယ်။ စာသင်သားဝန်းကျင်ရဲ့အမြင်မှာ သူဟာ ရွံစရာပုဂ္ဂိုလ်ကြီး ဖြစ်သွားတော့တယ်။ ဒါပေမယ့် သူ့ရဲ့ ဘ၀င်ရောဂါနဲ့ပြောတဲ့စကားလုံးတွေက လူတွေကိုတော့ ဆွဲဆောင်သိမ်းသွင်းနိုင်လိုက်တယ်။ ဒါက စာရေးသူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပါပဲ။ ဆိုလိုတာက လူဆိုတာ ပတ်ဝန်းကျင်နဲ့မကင်းပေမယ့် ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုကို အရမ်းကာရော လိုချင်နေလို့ မရဘူး။ ပြောရရင် လုပ်ယူစရာ မလိုဘူး။ ဗုဒ္ဓမြတ်စွာဟာ လူအထင်ကြီးအောင်ဆိုပြီး ဘာမှ မလုပ်ခဲ့ပေမယ့် လုပ်လိုက်သမျှကတော့ အထင်ကြီးစရာ၊ လေးစားစရာ၊ ချစ်ခင်ကြည်ညိုစရာတွေ ဖြစ်သွားခဲ့ရတာပဲ မဟုတ်ပါလား။
အကြောက်တရားမှာ အစွန်းနှစ်ပါးရှိတယ်လို့ မှတ်သားရဖူးပါတယ်။ စိန်ခေါ်ခြင်းအစွန်းနဲ့ ဒူးထောက်ခြင်းအစွန်းတို့ ဖြစ်ပါတယ်။ လူတွေပဲဖြစ်ဖြစ် တိရစ္ဆာန်တွေပဲဖြစ်ဖြစ် အကြောက်တရားဝင်လာပြီဆိုရင် ဒီအစွန်းနှစ်ပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတတ်ကြတယ်။ အချို့က စောကြောချင်ကြလိမ့်မယ်။ ကြောက်လို့ ဒူးထောက်တာတော့ ဟုတ်ပါပြီ။ ကြောက်လို့ စိန်ခေါ်တယ်ဆိုတာ ဘယ်လိုကြီးလဲလို့။ စိတ်ပိုင်းဆိုင်ရာကို သေချာကြည့်ပြီး လက်ရှိအဖြစ်အပျက်တွေကို သေချာကြည့်ရင် စိန်ခေါ်တယ်ဆိုတာ အကြောက်တရားနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရပါလိမ့်မယ်။ စိန်ခေါ်ခြင်းဟာ အကြောက်တရားတို့ရဲ့ ထိုးထွက်လာတဲ့ အစွန်းဖြစ်ပြီး ဒူးထောက်ခြင်းကတော့ အကြောက်တရားတို့ရဲ့ ငုပ်လျိုးညွတ်ခွေသွားသောအစွန်းဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓမြတ်စွာက သဘာဝကျကျ ရှက်တတ်အောင်၊ သဘာဝကျကျ ကြောက်တတ်အောင် ဟိရိ၊ သြတ္တပ္ပဟူသော လောကပါလတရားနှစ်ပါးကို သင်ပြခဲ့ပါတယ်။ လောကပါလဟူသည်မှာ လောကကို စောင့်ရှောက်တတ်သောတရားများဟု အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓမြတ်စွာက ရှက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ မရှက်ဖို့၊ ကြောက်မယ်ဆိုရင်လဲ အရမ်းကာရော နေရာတကာ ကြောက်မနေဖို့ ညွှန်ပြ၏။ ရှက်သင့်တဲ့နေရာမှာ ရှက်၊ ကြောက်သင့်တဲ့နေရာမှာ ကြောက်ဖို့ ဆုံးမ၏။ ဘာက ရှက်သင့်ကြောက်သင့်ပြီး ဘာကတော့ မရှက်မကြောက် လုပ်သင့်တာလဲ။
ဗုဒ္ဓမြတ်စွာ၏ သတ်မှတ်ချက်က ရှင်းပါတယ်။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား ဆုတ်ယုတ်စေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကို ရှက်သင့်၊ ကြောက်သင့်တယ်”။ “မိမိ၊ သူတစ်ပါး အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေမယ့် အလုပ်ကိစ္စမျိုး၊ အပြောအဆိုမျိုး၊ အကြံအစည်မျိုးကို လုပ်ရမှာ၊ ပြောရမှာ၊ ကြံစည်ရမှာကိုတော့ မရှက်သင့်၊ မကြောက်သင့်”လို့ သတ်မှတ်ညွှန်ပြပေးတော်မူထားပါတယ်။ ဗုဒ္ဓညွှန်ပြတဲ့ အရှက်၊ အကြောက် ဖွင့်ဆိုချက်ကတော့ ဓမ္မဓိဋ္ဌာန်လဲကျသလို ရှင်းလဲရှင်းနေပါတယ်။
ကဲ..ဒီစာလေးကို ဖတ်ပြီးတာနဲ့ စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့။ ငါဟာ ရှက်သင့်၊ ကြောက်သင့်တဲ့နေရာမှာ ရှက်စိတ်၊ ကြောက်စိတ်ရှိနေရဲ့လား။ မရှက်၊ မကြောက်သင့်တဲ့နေရာတွေမှာရော ရှက်နေ၊ ကြောက်နေခဲ့လား။ အရှက်တရား၊ အကြောက်တရားမရှိဘဲ လူ့လောကပျက်စီးရေးကို ဦးတည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေမှာ ငါ ပါဝင်မိနေပြီလား။ စာရေးသူလဲ ရေးရင်းနဲ့ မရှက်မကြောက်သင့်ပါပဲ ရှက်ခဲ့ကြောက်ခဲ့မိတဲ့အဖြစ်အပျက်လေးတွေကို ပြန်တွေးမိပြီး မလုံမလဲဖြစ်နေမိပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails