Thursday, December 31, 2009

ထွေရာလေးပါး အတွေးများ


(လင်္ကာတမန်နဲ့ ထွေရာလေးပါး)
စာရေးဖို့ စိတ်ကူးနေတာ ကြာပြီ။ ဟိုအကြောင်းရေးမယ်၊ ဒီအကြောင်းရေးမယ်နဲ့ ဘာမှ မရေးဖြစ်ခဲ့ဘူး။ အကြောင်းကတော့ အရင်တစ်ခါပြောသလိုပဲ အကြောင်းအရာတွေ ရှုထောင့်တွေကေ၀၀ါးနေတယ်။ ဦးတည်ချက်က ပျောက်ပျောက်နေတယ်။ တစ်ခါတစ်လေ အကောင်းမြင်ရှုထောင့်ကနေ ရေးဖို့ စိတ်ကူးဖြစ်လိုက်၊ တစ်ခါတစ်လေ အဆိုးမြင်ရှုထောင့်ကနေ ရေးဖို့ စိတ်ကူးဖြစ်လိုက်နဲ့ အတ္တပုံဆောင်ခဲက အမျိုးမျိုး ပြောင်းလဲနေခဲ့တယ်။

အခုတော့ ခေါင်းစဉ်ကို လွတ်လွတ်လပ်လပ်ပေးပြီး လွတ်လွတ်လပ်လပ်ပဲ ရေးပါတော့မယ်။ ထွေရာလေးပါးဆိုတော့ လေးပါးကိုထွေထားတာတော့ မဟုတ်ပါဘူး။ အပါးရေကတော့ အများကြီးပဲ။ မြန်မာစကားထဲမှာက ထွေရာငါးပါးမရှိတော့ လေးပါးလို့ပဲ ခေါင်းစဉ်တပ်လိုက်ရတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရေးချင်တဲ့အရာ ရောက်တတ်ရာ ရေးထည့်လိုက်ပါတယ်။

အခုဆိုရင် မြန်မာကနေ ပြန်ထွက်လာပြီး ၂-လကျော်သွားပြီးတာတောင် ဘာအကြောင်းအရာမှ မရေးဖြစ်ခဲ့ဘူး။ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များရဲ့ လင်္ကာတမန်မဂ္ဂဇင်းနဲ့ အလုပ်ရှုပ်နေခဲ့တာလည်း တစ်စိတ်တစ်ပိုင်းပေါ့။ အလုပ်ရှုပ်တယ်လို့ ပြောတာထက် စိတ်ရှုပ်တာက ပိုမှန်ပါလိမ့်မယ်။ လူတွေနဲ့ပြေလည်ရာ ပြေလည်ကြောင်းစကားပြောတဲ့ ပါရမီကလည်း ပါမလာခဲ့ဘူးလေ။ အရာရာကို ရှင်းရှင်းနဲ့ဘွင်းဘွင်းနဲ့ပြောမှ ကြိုက်တဲ့သူ ပြောတတ်သူဆိုတော့ တစ်ခါတစ်လေ ပျော့လိုက်၊ တစ်ခါတစ်ခါ မာလိုက်လုပ်မှ အဆင်ပြေတဲ့လောက။ ဒါဆိုရင် ဒါပဲဆိုတဲ့စိတ်နဲ့ဆိုတော့ တစ်ခါတစ်လေ အလုပ်လုပ်ရတာ မလွယ်ဘူး။ ဘုန်းကြီးတွေနဲ့ဆက်ဆံရတာက လူတွေနဲ့စာရင် မဆိုးဘူးလို့ ဆိုရမယ်။ စာအုပ်လုပ်ငန်းဆိုတော့လည်း လူတွေနဲ့ ဆက်ဆံရတော့တာပေါ့။ လူဆိုတာက စီးပွားရေးလုပ်ပြီဆိုရင် အမြတ်အစွန်းလေးတော့ ရချင်ကြတာပဲ။ အမြတ်အစွန်းရချင်တာကတော့ အကြောင်းမဟုတ်ပါဘူး။ ပြောထားတဲ့စကားနဲ့ လုပ်လိုက်တဲ့အလုပ် ထပ်တူမကျတာက ဆိုးတယ်။

အဲဒီလို စီးပွားရေးလုပ်တဲ့အထဲမှာ မြန်မာတွေက စကားကို သိပ်အလွယ်ပြောလွန်းတယ် ထင်ပါတယ်။ တစ်ခါတစ်လေ ငါးကျပ်လောက်တန်တဲ့ဟာကို “ဘုန်းကြီးတွေမို့ လျှော့ပေးလိုက်မယ်၊ ၆-ကျပ်နဲ့ ယူသွားပါဘုရား”ဆိုသလိုတွေလည်း ကြုံရသပေါ့။

ဘာပဲဖြစ်ဖြစ် လင်္ကာတမန်မဂ္ဂဇင်းဆိုတာကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ မဂ္ဂဇင်းထွက်လာပြီဆိုတော့ အေးဆေးနေရပြီ အောက်မေ့နေတာ။ မပြီးသေးဘူး။ ဖြန့်ဝေရေးတာဝန်ပါ ယူထားနေရတယ်။ အချိန်အခါသင့်တုန်း လည်လို့အဆင်ပြေမယ့် နိုင်ငံလေးတွေကို လည်မယ်အောက်မေ့ပါတယ်။ ဒီမဂ္ဂဇင်းကိစ္စကြီးက တကောက်ကောက်နဲ့ နောက်ကနေ တန်းလန်းကြီးပါလာပြန်တယ်။ မဂ္ဂဇင်းတွေ ပြီးပြီဆိုပြီး ဒါတင် ဘယ်ကမလဲ။ ပို့ဆောင်ရေးတာဝန်ပါ ထပ်တိုးလာပြန်တယ်။ မလေးရှား၊ ရတနာရာမကျောင်းက လင်္ကာကျောင်းသားဟောင်းတွေနဲ့ နေရာခွဲပြီး ပို့ဆောင်ရေး လုပ်ရပြန်တယ်။ တစ်ပါးက သဘောင်္ဆိပ်သွားပြီး သီရိလင်္ကာကို ပို့ဖို့လုပ်။ တစ်ပါးက စင်္ကာပူပို့ဖို့ စင်္ကာပူနယ်စပ်က ဂျိုဟိုးကို ပို့၊ မလေးရှားက အဆင်ပြေမယ့် မြန်မာကျောင်းတိုက်တွေကို ပို့ပေါ့။ “ကဲ…အေးဆေးပေါ့။ ပို့စရာရှိတာလည်း ပို့ပြီးပြီပေါ့”။

ဘယ်ရမလဲ။ သီရိလင်္ကာ ပို့လိုက်တဲ့စာအုပ်တွေက ၁၀-ရက်လည်း ရောက်မသွား၊ ရက် ၂၀-လည်း ရောက်မသွား၊ ၁-လလည်းရောက်မသွား။ ခေါင်းခဲရပြန်ပြီ။ ဘယ်လိုလုပ်ရပါ့မလဲ။ လုပ်ကြပါအုံး။ ဟိုစုံစမ်း၊ ဒီစုန်ဆန်။ ခေါင်းနောက်၊ စိတ်ပူဖြစ်ရပြန်တယ်။

စင်္ကာပူပို့ဖို့ စာအုပ်တွေကလည်း ဂျိုဟိုးက ညောင်ကန်အေးကျောင်းမှာ မလှုပ်မယှက် အိပ်စက်နေရရှာပြန်တယ်။ စာအုပ်တွေခမျာ စာဖတ်သူလက်ထဲ ပြေးဝင်ချင်နေပြီ။ သီရိလင်္ကာက ဥက္ကဋ္ဌကိုလည်း လှမ်းမေးရတာ အမော။ သူကတော့ ပြောပါတယ်။ တပည့်တော်တို့ အားလုံးစီစဉ်ပြီးသွားပါပြီတဲ့။ ဒါပေမယ့် ရောက်မသွားသေးတာက ခက်တယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လက်တွေ့မဖြစ်သေးသရွှေ့ အစီအစဉ်ဆိုတာ အစီအစဉ်အဆင့်ပဲ ရှိတာလေ။ အလုပ်တစ်ခုဆိုတာ လုပ်လိုက်ပြီဆိုတာနဲ့ အခက်အခဲဆိုတာ တွေ့ကြုံရစမြဲ မဟုတ်လား။ မလုပ်ကြည့်သေးဘဲ ပြောလိုက်ရင်တော့ ရွှေပြည်တော်က လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ တကယ်လုပ်ကြည့်ပြီဆိုမှ ရွှေပြည်တော်က မျှော်လင့်တိုင်းဝေးနေတာကို သိလာရတတ်တယ် မဟုတ်လား။

မလေးရှားမှာ စာအုပ်တွေ ပို့ပြီးတာနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတာလို့ပဲ ပြောပြော။ ညည သူ့အကြောင်း စဉ်စားရင်း မောခဲ့ရတယ်။ “ငါတို့ မဂ္ဂဇင်းလေး ပို့တော့ ပို့ခဲ့ရပြီ။ အဲဒီက ကျောင်းထိုင်ဆရာတော်က တရိုတသေမှ ဆက်ဆံပါ့မလား။ သူခမျာ ဗီဒိုတွေထဲမှာပဲ မျက်နှာငယ်ငယ်နဲ့ နေနေရမလား။ ရွှေမြန်မာ စာဖတ်သူတွေလက်ထဲ အားပါးတရ ထည့်ပေးဖို့ ဆန္ဒရှိပါ့မလား”ပေါ့။ တစ်ခါတစ်လေ သဘောကျပြီး စာအုပ်တွေ အများကြီး ယူသွားသတဲ့ဆိုတဲ့ သတင်းလေးကြားရရင် ၀မ်းသာလို့ မဆုံးဘူး။ တစ်နေ့ ပီနန်ကို ပို့လိုက်တဲ့ အုပ်ရေ ၆၀-ထဲက ၃၀-ကို တစ်ဦးတည်းက ယူသွားတယ်၊ နောက်ထပ် ၃၀-လောက် ထပ်ပို့ပေးပါအုံးဆိုတဲ့အကြောင်း ကြားရတော့ ၀မ်းသာလို့ မဆုံးခဲ့ဘူး။ တာဝန်ခံဆရာတော်ဦးဝိစိတ္တရဲ့ ပြည့်ဝတဲ့ စေတနာတွေကြောင့်လို့ဆိုလဲ မမှားပါဘူး။ နောက်ပြီးတော့ “ကိုယ်တော်တို့ပြန်ရင် စာအုပ်ဖိုးတွေ အကုန်ပေးလိုက်မယ်။ တပည့်တော်ဆီက ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ ကိစ္စမရှိဘူး”လို့ ခဏခဏ အမိန့်ရှိတဲ့ ဓမ္မ၀ိဟာရဆရာတော်ရဲ့ အားပေးစကားကြားရတော့လည်း အားတက်ခဲ့ပြန်တာပေါ့။

ဒီကြားထဲ ဝေဖန်စကားလေးတွေကလည်း ကြုံရသပေါ့။ ဝေဖန်သံလေးတွေကလည်း ရတနာရာမက လင်္ကာကျောင်းသားဟောင်းပြောတဲ့စကားနဲ့ သိပ်တော့လည်း ခေါင်းမစားခဲ့ရပါဘူး။ “ဘုရားဆိုတာက ထားလိုက်တော့။ ခု ကြည့်ကွာ။ ဒို့ ပီနန်းဆရာတော်ကြီး၊ အများကောင်းကျိုးအတွက် ဘယ်လောက် လုပ်ဆောင်နေသလဲ။ ဒါပေမယ့် မနှစ်က ရစရာမရှိအောင် ဝေဖန်ခံရသေးတယ်၊ စဉ်းစားသာကြည့်၊ ဒို့က ဘာတွေမို့လို့လဲ”။ မှန်လိုက်လေ။ ရင်ထဲမှာလား ဦးနှောက်ထဲမှာလား မသိ။ အလင်းတွေဖြာသွားခဲ့ရတယ်။ သူ့ကိုလည်း ကျေးဇူးတင်မိခဲ့တယ်။ မှန်လိုက်တာ။ “လုပ်လည်း လုပ်ချင်တယ်၊ အဲဒီအလုပ်ကို လုပ်လည်း လုပ်သင့်နေတယ်ဆိုရင် မောင်မင်းကြီးသားရေ လုပ်သာလုပ်ပစ်လိုက်”လို့ စိတ်ဓာတ်တွေ မိုးပေါ်တက်ခဲ့တယ်။ “အလုပ်တစ်ခုဟာ ကောင်းတဲ့အလုပ်လို့ သင်ကိုယ်တိုင် သိနားလည်သောအခါ ထိုအလုပ်ကိုလုပ်ဖို့ ဘယ်တော့မှ ခြွင်းချက်ထားမနေပါတော့နှင့်”ဆိုတဲ့ အတွေးအခေါ်ဆရာကြီးရဲ့ စကားကလည်း ခေါင်းထဲကို ရောက်လာပါတယ်။ အီမန်နူရယ်ကန့်လား၊ အဲလဘက်ကမြူးလား မမှတ်မိတော့ပါ။

အခု မဂ္ဂဇင်းက အမှားအယွင်း အသေးအမွှားလေး နှစ်ခု သုံးခုကလွဲရင် အလွန်ကောင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ အသံတော်တော်များ ကြားလိုက်ရတာက “မင်းတို့ဟာကြီးက ကောင်းလွန်းနေတယ်ကွ။ ဘာလုပ်မှာလဲ”တဲ့။ “ဟင်လား…ဟာလား”ဘယ်လို အာမေဋိတ်ပြုရမှန်းကို မသိတော့ဘူး။ ညံ့များ ညံ့နေခဲ့ရင်ကော။ ရစရာကို ရှိမှာ မဟုတ်တော့ဘူးလို့ ဆိုရမယ်။ “မဟုတ်ဘူး။ ကျုပ်က အလယ်အလတ် မညံ့မကောင်းလေးကို ဆိုလိုတာပါ”လို့ ဆိုချင်လည်း ဆိုပါလိမ့်မယ်။ အဲဒီလို လုပ်လိုက်ရင်လည်း “မင်းတို့ဟာကကွာ…လုပ်မယ့်လုပ် ရှယ်လုပ်ထည့်လိုက်ရမှာ၊ ဒီပုံစံမျိုးတော့ ဘာထူးမှာလဲ”လို့ ပြောနေပါလိမ့်အုံးမယ်။ အချို့ကလည်း ဆိုပါတယ်။ “မင်းတို့မဂ္ဂဇင်းထဲက တစ်ချို့ဓာတ်ပုံတွေက ပုဂ္ဂလိကဆန်နေတယ်”ဟူ၍။ မှန်သောစကားကို ဆိုပါတယ်။ စာမူရွေးကြတာပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံရွေးတာ အထားအသိုကိစ္စကိုပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို နည်းနည်းမှ မကြည့်၊ စာအုပ်အပြင်အဆင်ကောင်းရေးကိုပဲ ကြည့်ခဲ့ပါတယ်။ တစ်ချို့ပုဂ္ဂလိကပုံတွေတော့ ပါပါတယ်။ အဲဒါကလည်း ကြည့်ရှုသူလူအများ ကြည်ညိုသဒ္ဓါ ပွားစေမယ်လို့ ယုံကြည်လို့ ထည့်လိုက်တာပါ။ ထိုပုဂ္ဂိုလ်တို့အား ခင်မင်၍ မဟုတ်ပါ။ ထို့ကြောင့် ဘယ်ဖက်နားက ၀င်လာသော ဝေဖန်သံများအတွက် ဦးနှောက်ထဲမှာ ထည့်သိမ်းဖို့နဲ့ ညာဖက်နားက ပြန်ထုတ်ပစ်ဖို့ လမ်းနှစ်သွယ်သာ ထားရှိခဲ့ပါတယ်။

တစ်ချို့က အားပေးစကားပြောပေမယ့် လိုအပ်ချက်လေး အချို့အတွက်တော့ ခုထိ စိတ်မကောင်းဖြစ်ဆဲပါ။ အဲဒီထဲက မျက်နှာဖုံးစာသားနဲ့ လင်္ကာတမန်လိုဂိုကို စိတ်ရှည်လက်ရှည် စေတနာအပြည့်နဲ့ ဆွဲပေးခဲ့တဲ့ အရှင်တေဇနိယ မဂ္ဂဇင်းထဲမှာ ကျန်ရစ်နေခဲ့တာပါ။ (အရှင်တေဇနိယကတော့ ကိစ္စမရှိပါဘူး။ ရပါတယ်လို့ ဆိုမှာသေချာပါတယ်။ ဒါပေမယ့် လိုအပ်ချက်ကတော့ လိုအပ်ချက်ပါပဲ)။ ချန်ထားခဲ့တာ မဟုတ်ပါ။ အစက “မျက်နှာဖုံးလိုဂို = အရှင်တေဇနိယ”ဆိုပြီး ဒီဇိုင်နာကို ပေးလိုက်တာ ပါပါတယ်။ နောက်မှ စာမျက်နှာတွေ ပြန်ညှိတော့ ဘယ်လိုက ဘယ်လို ကျန်ရစ်ခဲ့တယ် မသိပါ။ ကျန်တဲ့လိုအပ်ချက်လေးတွေကတော့ စာလုံးပေါင်းမှားနေတာ၊ ဓာတ်ပုံအထားအသို မပီပြင်ဖြစ်နေတာတစ်ခု။ အဲဒီလိုလေးတွေပဲ တွေ့ပါတယ်။

ကဲ….ထွေရာလေးပါးဆိုတော့ ရပ်ချင်တဲ့နေရာရပ်လို့ ရလောက်ပါတယ်။ နောက် စိတ်ကူးပေါက်ရင် ဆက်ရေးပါအုံးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Tuesday, December 29, 2009

သတိမြဲစွာ ပထမာ (၅)


အာနာပါနတရားကို သဒ္ဓါတရားထက်သန်စွာ ကြိုးစားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်တိုင်း ဤနံပါတ်ကို (၉)ရုပ်ပုံနှင့် အမှာစကားများကို သေချာစေ့ငု အကြိမ်ကြိမ်သတိပြုလျှက် အားထုတ်ကုန်ရာသည်။ အထပ်ထပ် ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းပါသည်။

အာနာပါနတရားကို သဒ္ဓါအား၊ ၀ီရိယအားကောင်းကောင်းဖြင့် ကြိုးစားအားထုတ်လိုက်သောကြောင့် လေတန်းလေလုံးစသော အာနာပါနအားထုတ်၍ ရသင့်ရထိုက်သော ဥဂ္ဂဟနိမိတ်တစ်မျိုးမျိုး ရခါစအခါမှာ အလွန်အားတက်သရောဖြစ်ပြီး ၀မ်းသာလုံးဆို့ကာ အာရုံကို လွှတ်မိတတ်ကြကုန်သည်။ အချို့ယောဂီများမှာ ၀မ်းသာလွန်းပြီး ထမိလိုက်တတ်ကြသည်။ မလွှတ်လိုက်မိဖို့၊ မထလိုက်မိဖို့ အလွန်အရေးကြီးပါသည်။

အလွန်သတိပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤပါမောဇ္ဖအခြင်းအရာဖြစ်သော လင်းရောင်ခြည်ခေါ် သမာဓိရောင် ဥဂ္ဂဟနိမိတ်ထူးကို ရလာခြင်းသည် အနည်းဆုံး ကမ္ဘာရာထောင် အားထုတ်ဖူးမှသာ ရနိုင်သောတရားထူးဖြစ်ပေသည်။ လွယ်လွယ်နှင့်ပေါ့ပေါ့ အားထုတ်ခြင်းဖြင့် ရနိုင်သောသဘောမရှိပေ။ ဤအချက်မှာ လွန်စွာ အားတက်ဖွယ်ဖြစ်ပေသည်။ ထိုကဲ့သို့ ကမ္ဘာအဆက်ဆက်အားထုတ်ဖူးမှ ရနိုင်သော တရားအထူးကို တစ်ထိုင်တည်းနှင့်ဖြစ်စေ၊ တစ်ပါတ်နှစ်ပါတ်တည်းနှင့်ဖြစ်စေ၊ တစ်နာရီ၊ နှစ်နာရီ၊ တစ်ရက်၊ နှစ်ရက် ရကာမျှဖြင့် အလွယ်သားပဲဟု ပေါ့ပေါ့ဆဆ မအောက်မေ့မမှတ်ထင်အပ်ပေ။ နောက်တစ်ကြိမ်ပြန်ထိုင်လျှင် တွေ့ချင်မှ တွေ့ရတတ်သည်။ အချို့ယောဂီများမှာ ၅-လ၊ ၆-လကြာအောင် ထပ်မံအားထုတ်ပါသော်လည်း မိမိရရှိခဲ့ဖူးသောနိမိတ်မျိုးကို မတွေ့ရဘဲ ရှိတတ်ကြ၊ ကြာတတ်ကြကုန်သည်။

သို့ဖြစ်၍ ထွက်လေ၊ ၀င်လေနိမိတ်၌ သတိ၊ သမာဓိတို့ စူးစူးစိုက်စိုက် အာရုံမမြဲသေး၊ မစွဲသေးမှီ မလွှတ်လိုက်၊ မတော်လိုက်ပါနှင့်ဦး။ စွဲမှမြဲမှ နိမိတ်ပေါ်ပြီးနောက် အနည်းဆုံး ၅-ပါတ်၊ ၆-ပါတ်ဖြစ်စေ၊ ၁-နာရီ၊ ၂-နာရီဖြစ်စေ သိမ်မွေ့နူးညံ့စွာ အာရုံစိုက်ပြီးလျှင် သိမ်းဆည်းသင့်ပါသည်။

နိမိတ်နှင့် မိမိ၏ သတိသမာဓိတို့ ခိုင်မြဲလောက်ပြီ၊ စွဲမှတ်နိုင်လောက်ပြီဟု ထင်သောအခါ ဤနံပါတ် ၉-ပုံအတိုင်း မျက်စိကို မှေးမှေးထားပြီး စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။ နောက်ပြီး အကုန်ဖွင့်လျှက်လည်း စမ်းသပ်အားထုတ်ကြည့်သင့်ပါသည်။

မျက်စိကို ဖွင့်လျှက် အားထုတ်ပြန်သောအခါတွင်လည်း မှိတ်ထားစဉ်ကကဲ့သို့ နိမိတ်ဝင်သည်ကိုလည်းကောင်း၊ နိမိတ်ထွက်သည်ကိုလည်းကောင်း လေတို့နှင့် တစ်ထပ်တည်း အချိုးတကျဖြစ်နေမှသာ စွဲသည်မြဲသည်ဟု ဆိုရပါသည်။ အာရုံကို မလွှတ်နှင့်ဦး။ အသာထ၍ လမ်းလျှောက်ရင်း အားထုတ်ကြည့်ပါ။ ထိုကဲ့သို့ ထိုင်နေလဲမပျောက်၊ လမ်းလျှောက်သောအခါမှာလည်း မပျောက်၊ လျောင်းနေသော်လည်း မပျောက်၊ ရပ်နေသော်လည်းမပျောက်ပျက်တော့မှသာ သတိမြဲစွာ၊ ပထမာဖြစ်၍ အာနာပါနပထမအဆင့်ပြီးဆုံးပြီဟု မှတ်ယူရပါမည်။ (သတောဝ အဿသတိ၊ ပဿသတိ-အပိုဒ်ပြီးလေပြီ။)

ထွက်လေ၊ ၀င်လေ အားထုတ်တိုင်း အားထုတ်တိုင်း အမှန်ထင်မြင်လာသောအခါ ရှေ့အဆင့်သို့ကူး၍ ပဋိဘာဂနိမိတ်ဖြစ်လာအောင် အားထုတ်ရပါတော့သည်။ နိမိတ်မမြဲသေးဘဲလျှက် စိတ်ကူးတည့်ရာ စမ်းလုပ်မိ၍သော်လည်းကောင်း၊ အတိုအရှည် ရှုမိ၍သော်လည်းကောင်း အာရုံထွေပြား၍ ပျောက်ပျက်သွားတတ်ကြကုန်သည်။ ဆရာနည်းကျကျ မရှုမှတ်တတ်လျှင် ဤအဆင့်တွင် စိတ်ပျက်အားလျော့သွားတတ်ကြသဖြင့် သတိပြုသင့်ပါသည်။

ဤကမ္မဋ္ဌာန်းအလုပ်ကို ဆရာမရှိဘဲ စိတ်အထင်နှင့်ဖြစ်စေ၊ ပြောသံကြားဖူးရုံဖြင့် အားထုတ်ကြလျှင် အပိုင်းအဖြတ်၊ အာရုံထား နေရာမကျဖြစ်သဖြင့် လိုရာခရီးမရောက် ဖြစ်တတ်ကြပါသည်။ အချို့ပုဂ္ဂိုလ်များမှာ စ၍အားထုတ်ကာမျှဖြင့် အလင်းနိမိတ်ကို ရရှိကြသော်လည်း အထက်သို့ တက်လှမ်းနိုင်ခြင်းမရှိ၊ ဆက်၍ရှုမှတ်ရမည့်နည်းကိုလည်း မသိသဖြင့် အကျိုးမများ၊ လိုရာခရီးမရောက် ဖြစ်တတ်ကြလေသည်။ သို့ဖြစ်၍ ဤနံပါတ် (၉)နှင့် အမှာစကားများကို လိုက်နာသင့်လေသည်။

အာနာပါနနိမိတ် ၁၂-ပါးနှင့် အကျယ်သိမှတ်ဖွယ်ရာများကို သိလိုလျှင် ၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ၊ ယောဂိပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းများတွင် ကြည့်ရှုမှတ်သားကြစေလိုပါသည်။

ဤသို့ အထပ်ထပ် သတိပေးရ၊ မှားထားရခြင်းသည် အကြောင်းမဲ့ မဟုတ်ပါ။ အလွန်ဝမ်းသာပြီး ပေါ့ဆမိသဖြင့် အလျှင်အမြန် ထလိုက်မိသောကြောင့် မောင်မြမောင်ဆိုသော ယောဂီတစ်ဦး နိမိတ်ပျောက်သွားသည်မှာ ယနေ့အထိ ပြန်မရနိုင်ဖြစ်ခဲ့လေသည်။ ဦးဘခင်ဆိုသော ယောဂီမှာလည်း ဤအတိုင်းပင်ဖြစ်ပြီး ပြန်မရသည်မှာ ယနေ့ကာလအထိ ၂-နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည်။ ပေါ့ဆမိသဖြင့် အိပ်မက်ထဲရွှေအိုးရသကဲ့သို့ ဘာမှမသုံးလိုက်ရဘဲ ဗြုန်းကနဲဝမ်းသာ ကဗျာကရာဝမ်းနည်းရတတ်လေသည်။ တစ်မဂ်၊ တစ်ဖိုလ်နှင့်လည်း ဝေးတတ်ကြလေသည်။ နိဗ္ဗာန်သွားလမ်းလည်း အစပျောက်နေတတ်ကြသောကြောင့် အထူးသတိပြုသင့်ပါသည်။

နောက်ဆုံးအနေဖြင့် အထူးသတိပြုစေလိုသည်မှာ ရုပ်ပုံ နံပါတ် ၈-နှင့် နံပါတ် ၉-တို့အတိုင်း မှိတ်တစ်လှဲ့၊ ဖွင့်တစ်လှည့်၊ မှိတ်တစ်လှဲ့၊ ဖွင့်တစ်လှည့်နှင့် အကြိမ်ကြိမ် စမ်းသပ်အားထုတ်၊ မြဲပြီစွဲပြီထင်သောအခါမှ လမ်းလျှောက်ရင်း အားထုတ်။ မည်သို့အားထုတ်အားထုတ် နိမိတ်အလင်းမပျောက်လျှင် ပထမအဆင့် ပြီးပြည့်စုံပြီဟု မှတ်ယူနိုင်ကြပါသည်။ သိန်းထီဆုကြီးပေါက်ထားသော်လည်း ထီလက်မှတ်ပျောက်နေသောသူ၏စိတ်ကဲ့သို့ ဖြစ်နေမှာစိုးသောကြောင့် ထပ်ခါထပ်ခါ သတိပေးနေခြင်းဖြစ်ကြောင်း မှတ်သားကြစေလိုပါသည်။

ပထမအဆင့် အားထုတ်နည်း ပြီးပြီ။ ။

Saturday, December 26, 2009

သတိမြဲစွာ ပထမာ (၄)



ရုပ်ပုံနံပါတ် ၆-တွင် ပြဆိုခဲ့သော ဓမ္မရောင်ခြည်ခေါ် အာနာပါနသမထသမာဓိလေအာရုံဟူသော ဥဂ္ဂဟနိမိတ်ထူးကို ရလာရခြင်း၊ ပေါ်ထွက်လာရခြင်းသည် အားထုတ်သူယောဂီပုဂ္ဂိုလ်၏ ပါရမီထူးကြောင့် ဖြစ်ပေသည်။ ထိုပါမောဇ္ဖ(ကျေနပ်ဝမ်းမြောက်ခြင်း) ပေါ်လုနီးသောအခါ မနေမနားကြိုးစားလိုသောစိတ်၊ မဖြစ်မနေ မလျှော့တန်း အားထုတ်လိုသော ၀ီရိယ၊ သတိ၊ သမာဓိမဂ္ဂင်တို့ ခိုင်မြဲစွာတည်လာမှုကိုပင်
အဋ္ဌကထာ၌ ကုသလစ္ဆန္ဒ၊ ဆန္ဒာဝသာကာရဟူ၍ ပြဆိုတော်မူကြသည်။

ထိုဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများကား ဤနံပါတ် ၇-ပုံအတိုင်း မိမိ၏ နှာခေါင်း ကြီး၍ ခွက်တောင်းပြည်တောင်း၊ အုန်းသီးခန့် ကြီး၍ဖု၍လာသည်ဟုလည်း ထင်မြင်တတ်ကြသည်။ ရှေ့သို့ တစ်ထွာတစ်တောင်ခန့် ကြီးလာသည်ဟုလည်း ထင်လာတတ်ကြသည်။ လွှဆွဲသကဲ့သို့ ပုခတ်လွှဲနေသကဲ့သို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိ၏နှာခေါင်း၌ ထင်လာတတ်ကြသည်။ ဤကားဆန္ဒာဝသာကာရလိုက်၍ ဖြစ်ပေါ်နေခြင်းသာဖြစ်သည်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။

ထိုအခြင်းအရာများကို အထူးဂရုပြု၍ မှတ်သင့်ပါသည်။ ဆန္ဒပြင်းထန်နေသော ယောဂီပုဂ္ဂိုလ်သူမြတ်သည် ထွက်လေနှင့်ဝင်လေတို့ အထူးသဖြင့် သန့်ရှင်းလာပြီး ရေတွက်၍ မှတ်ရာတွင်လည်း အမြဲတမ်းသတိမလွတ်ဖြစ်လာလျှက် အရှုအရှိုက်အထုတ်အသွင်းတို့ ညင်သာသိမ်မွေ့လာတတ်ပါသည်။
ကောင်းကင်ယံတွင် ပန်းဆိုင်းဆွဲထားသကဲ့သို့ မိမိ၏ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ပျံတက်နေသကဲ့သို့ထင်မှတ်ကာ တစ်နေကုန်ထိုင်၍ ရှုမှတ်နေရသော်လည်း ညောင်းခြင်း၊ ကိုက်ခဲခြင်းအလျဉ်းမရှိ၊ ဆာလောင်မွတ်သိပ်ခြင်းအလျဉ်းမရှိ၊ မပင်မပန်းမနွမ်းမနယ် အားထုတ်၍ မွေ့လျော်လာတော့သည်။ ကာယလဟုတာ (ကိုယ်ခန္ဓာပေါ့ပါးခြင်း)၊ စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း)၊ ကာယမုဒုတာ (ကိုယ်ခန္ဓာနူးညံ့ခြင်း)၊ စိတ္တမုဒုတာ (စိတ်နူးညံ့ခြင်း)၊ ကာယကမ္မညတာစိတ္တကမ္မညတာ (ကိုယ်အမှု၊ စိတ်အမှုတို့၌ လွယ်ကူစွာစွမ်းနိုင်ခြင်း)ဟူသော အခြေအနေတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။

ဤသည်တို့မှာ အာနာပါနဘာဝနာ၏ ကုသလစ္ဆန္ဒခေါ် ဆန္ဒာဝသာကာရလိုက်ခြင်းတို့၏ အကျိုးတရားများပင် ဖြစ်ပါသည်။

ပါမောဇ္ဖ၀သာကာရ၏အကျိုးတရားဖြစ်သော အလင်းကွက်၊ အလင်းတန်းတို့သည် ပေါ်တစ်လှည့်၊ ပျောက်တစ်လှည့်သာ ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နေသေးလျှင် ထပ်ကာထပ်ကာ မနေမနား အားထုတ်သင့်ပါသည်။ တစ်ချက်မှိတ်၊ တစ်ချက်ရှု၊ တစ်ချက်ပေါ်နှင့် ကောက်လိုက်တိုင်း ကောက်လိုက်တိုင်း မြင်ထင်နေသော လေနိမိတ်စွဲထင်လာတော့သည်ကိုပင် သတိမြဲစွာ ပထမာဟု ဆိုလိုရင်း ဖြစ်ပါတော့သည်။
အထက်တွင် ပြဆိုခဲ့သော ဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများသို့ မသက်မူ၍ ကိုယ်ခန္ဓာကြီး လေးလံထိုင်းမှိုင်းလာသကဲ့သို့လည်းကောင်း၊ အသက်ရှုကျပ်ကာ မောပန်းလာသကဲ့သို့လည်းကောင်း၊ မိမိထိုင်နေသော အခင်း၊ ဖျာတို့ တွန်လိမ်လာသကဲ့သို့လည်းကောင်း၊ မြေကြီးကြမ်းပြင်တို့သည် ညွတ်ကုန် ကြိတ်ကြိတ်မြည်ကုန်သကဲ့သို့လည်းကောင်း ထင်မြင်လာလျှင် နိမိတ်မရဘဲ ကြာနေတတ်ပါသည်။ အခြင်းအရာ မဖက်သူဟု ဆိုပါသည်။ မဉ္ဖပိဋ္ဌံ သြဏမတိ၊ ၀ိကူဇတိဟု အဋ္ဌကထာပြလိုရင်း စကားတော်ဖြစ်ပါသည်။




ဤနံပါတ် ၈-ရုပ်ပုံသည် သတိမြဲပြီး အခြင်းအရာနှစ်ပါး (ဆန္ဒ၊ ပါမောဇ္ဖ)ဖြစ်လာပြီးသော ယောဂီတို့သည် မိမိရအပ်သော လေတန်းလေချောင်းဟူသော ဥဂ္ဂဟအထူးကို တစ်ထပ်တည်း တစ်ချက်တည်း ပိုင်ပိုင်နိုင်နိုင် နိုင်နင်းစွာ အားထုတ်လေ့လာပွားများ၍ နေပုံဖြစ်ပါသည်။

အထူးမှာ နိုင်နင်းပိုင်နိုင်ပြီဟု သေချာကျနသိပြီးသောအခါ တစ်ခါတစ်ရံ ရှေ့သို့ တစ်ထွာခန့်၊ တစ်ပေခန့်၊ တစ်တောင်ခန့်၊ တစ်လံခန့် မှုတ်အပ်၊ ရှိုက်အပ်၊ လေ့လာအားထုတ်သင့်ပါသည်။ ထိုကဲ့သို့ အားထုတရှုမှတ်ရာတွင် မိမိစိတ်က ရှေ့မှပြေးစေ ပြန်လာစေပြီးမှ စိတ်နှင့်တစ်ထပ်တည်းသော လေနိမိတ်တန်းကိုလည်း ပြေးစေပြန်စေအောင် အားထုတ်ရမည်။ သို့မှသာ လွယ်ကူမည်ကို အထူးသတိပြုသင့်ပါသည်။

သဘောတရားကို သေချာနားမလည်ကြသော အချို့ယောဂီများမှာ မိမိစိတ်က ပြေးစေရန် ပြန်စေရန် လုံ့လမပြုရဘဲ မိမိရသော အလင်းနိမိတ်ကိုသာ ပြေးစေရန် ပြန်စေရန် ရှုမှတ်ကြသည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် နိမိတ်တန်းမှာ မိမိလိုသလို မပြေး မပြန်ရှိနေသဖြင့် စိတ်ပျက်ပြီး ဆရာထံလာ၍ ပြောတတ်ကြသည်။ သတိပြုသင့်ပါသည်။

Friday, December 25, 2009

ဆရာနဲ့ဒကာ ဓမ္မသာကစ္ဆာ


(အမှာစကား ကြိုတင်ပါးလိုက်ပါရစေ….ဆရာကောင်းသမားကောင်း၊ ကြည်ညိုဖွယ်ရာ မြတ်သံဃာအပေါင်းအား စော်ကားလိုစိတ် အလျဉ်းမရှိပါ။ ဤစာကတော့ အဆိုပါ မြတ်သံဃာအပေါင်းနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါ။ နောက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သောစာလည်း မဟုတ်ပါ။)

ဒကာ= အရှင်ဘုရားနေကောင်းလားဘုရား။ တပည့်တော်တောင် ဆရာတော့်ဆီ မရောက်တာကြာပြီ။ တပည့်တော် ပြီးခဲ့တဲ့လက တရားအားထုတ်ဖြစ်သေးတယ်ဘုရား။

ဆရာ= အေး..အေး…ကောင်းတယ်၊ ကောင်းတယ်။ ကောင်းတာလုပ်မှတော့ ကောင်းတာဖြစ်မှာပေါ့။ ဒါနဲ့ နေပါအုံး။ ဒကာစီးလာတဲ့ ကားကြီးက ကောင်းလှချည်လား။ ဘယ်လောက်ပေးရတုန်း။ ကျုပ်တို့တို့တော့ဖြင့် ၀ယ်မစီးနိုင်ပါဘူးဗျာ။

ဒကာ= တင်ပါ့ဘုရား..။ ဆရာတော်က မလိုပါဘူးဘုရား။ ကားအမျိုးမျိုး စီးနေရတာပဲ။ ဒါနဲ့ ညက တပည့်တော် ဘုရားရှေ့မှာ တရားထိုင်နေတော့ တစ်ကိုယ်လုံး ပျောက်သွားသလိုကြီး ဖြစ်သွားတယ်ဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်၊ ကောင်းတယ်။ ဆက်အားထုတ်။ ဒါနဲ့ ဟိုရေခဲသေတ္တာကြီးက မနေ့က ၀ယ်လာတာလေ။ ဘုန်းကြီး စုထားတာလေးတွေ ကုန်တာပါပဲ။ ဈေးတွေကလည်း တက်လှပါတယ်။ ကျောင်းမှာကလည်း လိုအပ်တာတွေချည်းပဲ။ လှူတန်းသူတွေကလည်း နည်းလာသဗျ။

ဒကာ= တင်ပါ့ဘုရား။ ဖြည်းဖြည်းချင်း ဖြည့်သွားရမှာပေါ့။ ဒါနဲ့ တပည့်တော်တရားထိုင်တော့ ၀ိတက်တို့၊ ၀ိစာရတို့အကြောင်းကို စိတ်ထဲက အလိုလို သိချင်လာတယ်ဘုရား။ အဲဒါ တပည့်တော်ကို ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး…၀ိတက်ဆိုတာ ကြံစည်တာပေါ့ကွာ။ ၀ိစာရဆိုတာ သုံးသပ်တာပေါ့ကွာ။ အေး…ဒါနဲ့ ကျောင်းတိုက်တစ်ခု တည်ထောင်ရတာ မလွယ်ပါဘူး။ အခုဆို ငှါးခတွေကလည်း နှစ်ဆကို တက်သွားတာပဲ။ ဘုန်းကြီးမယ် တစ်လတစ်လ လခပေးဖို့ကို မနည်းရုန်းကန်နေရတယ်။ အခုတလော အလှူအတန်းတွေကလည်း ရှားပါးလာတယ်ကွယ့်။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ စုပေါင်းပြီး တတ်နိုင်သရွေ့စုပေါင်းလှူကြမှာပေါ့ဘုရား။ ဒါနဲ့ တရားထိုင်တဲ့အခါမှာ အာရမ္မဏဆိုတာ သိရတယ်ဘုရား။ ကမ္မဋ္ဌာန်းအာရုံနဲ့ပတ်သက်တဲ့ အဓိပ္ပာယ်လေးတွေ ရှင်းပြပေးပါအုံးဘုရား။

ဆရာ= အေး….အေး။ အာရမ္မဏဆိုတာ အာရုံပေါ့ကွာ။ ကမ္မဋ္ဌာန်းဆိုတာကတော့ ကမ္မဋ္ဌာန်းပေါ့။ ကမ္မဋ္ဌာန်းအာရုံဆိုတာကတော့ ကမ္မဋ္ဌာန်းအာရုံလို့ မှတ်လိုက်တာ ကောင်းပါတယ်။ ရှင်းပလား။ ဒါနဲ့ ငွေဈေးတွေ ဘယ်လိုဖြစ်နေတုန်း။ ငွေဈေးတွေ တက်လိုက်ကျလိုက်နဲ့။ လုပ်ရကိုင်ရ တော်တော်ကျပ်တယ်။ အမေရိကန်ဒေါ်လာတွေ ဈေးတွေကျနေတော့ ဘုန်းကြီးက ဒေါ်လာပဲ ဆောင်ထားတော့ ပူနေရတယ်။ ကမ္ဘာစီးပွားရေးလည်း ဘယ်လိုတွေ ဖြစ်နေမှန်း မသိပါဘူးကွာ။ စိတ်ကို တော်တော်ညစ်ပါတယ် ဒကာရယ်။

ဒကာ= တင်ပါ့ဘုရား။ အဆင်ပြေသွားမှာပါဘုရား။ တပည့်တော်တို့က ကိုယ်တိုင် စီးပွားရေးလုပ်နေတာ့ ပိုပူရပါတယ်။ ဒါနဲ့ တရားအားထုတ်ရင် သမာဓိလေး ရတော့မယ်လုပ်ရင် တစ်ကိုယ်လုံး နေရာအနှံ့အပြားက ယားယံလာသလိုကြီး ခံစားရတယ်ဘုရား။ တစ်နေရာမှာ ခြင်ကိုက်နေသလို၊ ပုရွက်ဆိတ်ကိုက်နေသလို၊ တကယ်ကြည့်လိုက်တော့လည်း ဘာကောင်မှ မကိုက်ဘူးဘုရား။ အဲဒီလို ဖြစ်နေရင် ဘယ်လိုဆက်ပြီး အားထုတ်ရမလဲဘုရား။ အမိန့်ရှိပါအုံး။

ဆရာ= အေး…အေး..ကောင်းတယ်။ ကောင်းတယ်။ အဲဒါ ကောင်းတယ်။ ဆက်အားထုတ်။ ဒါနဲ့ ဒကာကြီးသားက အမေရိကားမှာ ကျောင်းတက်ဖို့ လုပ်နေတာကော အဆင်ပြေသွားပြီလား။ တို့လည်း အမေရိကားသွားချင်နေတာ။ အဆင်ကို မပြေဘူး။ တို့များ အမေရိကသွားဖို့ ကံဇာတာ မပါဘူး ထင်ပါရဲ့။ သေသေချာချာ အကုန်အကျခံ လုပ်ပေးသူရှိရင်တော့ အကောင်းသား။ မသေခင် အမေရိကကိုတော့ ရောက်ချင်လိုက်ပါဘိ ဒကာရယ်။ ဒီလို ခေတ်မှီတဲ့ခေတ်ကြီးမှာ အမေရိကလေးတော့ ရောက်ချင်သားကွယ်။

ဒကာ= တင်ပါဘုရား။ ရောက်မှာပါ့ဘုရား။ ဟိုနေ့က ဒီကို အညာက ကောင်လေးတွေ ရောက်လာတယ်ဘုရား။ သူတို့ရွာမှာဆို ဆယ်မိုင်လောက်ပဲဝေးတဲ့ မြို့ပေါ်ကို မရောက်သေးတဲ့ ရွာသားတွေ အများကြီးတဲ့ဘုရား။ ကျောင်းထိုင်ဘုန်းကြီးက ရန်ကုန်သွားရမယ်ဆိုရင် အလွန် ပျော်ကြတယ်ဆိုပဲဘုရား။ ဆရာတော်တော့ မသိဘူးဘုရား၊ တပည့်တော်တော့ အခုလို ပြည်ပထွက်ခွင့်ရတာကိုပဲ တော်တော်ကံကောင်းတယ်လို့ မှတ်ယူမိပါတယ်ဘုရား။ အခု ဗုဒ္ဓဘာသာဖြစ်ပြီး တရားအားထုတ်ကျင့်လေးပါ ရနေတော့ ၀မ်းသာတယ်ဘုရား၊
ဒါနဲ့ အခုတပည့်တော်က ဖားအောက်နည်းနဲ့ တရားမှတ်တာဘုရား။ မိုးကုတ်နည်းတို့ မဟာစည်နည်းတို့ ကန္နီနည်းတို့ အများကြီးပဲ ကြားဖူးတယ်ဘုရား။ နောက်ထပ်ဘယ်နည်းတွေ ရှိသေးလဲဘုရား။ မိုးကုတ်က ထွက်လေ၀င်လေ၊ မဟာစည်က ဖောင်းပိန်၊ ကန္နီနည်းက ထွက်လေ၀င်လေကို ဂဏန်းရေနဲ့ မှတ်တာ။ အဲဒီလောက်ပဲ သိတယ်ဘုရား။ တပည့်တော်ကို အဲဒီနည်းတွေအကြောင်း ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး….ကောင်းတယ်။ ကောင်းတယ်။ နည်းတွေက အများကြီးပါပဲကွာ။ ဖားအောက်နည်းက ဖားအောက်ဆရာတော်ကြီး ချမှတ်ခဲ့တဲ့ နည်း၊ မိုးကုတ်နည်းက မိုးကုတ်ဆရာတော်ကြီး ချမှတ်ခဲ့တဲ့နည်း၊ မဟာစည်နည်းက မဟာစည်ဆရာတော်ကြီး ရှုမှတ်ခဲ့တဲ့နည်း…..အဲဒီလိုပေါ့ကွာ။ ရှင်းပါတယ်။ ကွာပါဘူးကွာ။ ဘုရားနည်းတွေချည်းပါပဲ။ စာအုပ်တွေ အများကြီးပါပဲ။ ရှာဖတ်လေ။ စာအုပ်စာပေ လူ့မိတ်တွေတဲ့ကွ။ စာဖတ်ရတယ်။ ဒါနဲ့ ကျောင်းရံပုံငွေက အတော်နည်းနေပြီ။ အဲဒါ အသိမိတ်တွေလေးတွေ ဖိတ်ပြီး ရံပုံငွေလေးဘာလေး တိုးအောင်ကြံဆောင်ကြပါအုံး။ သာသနာပြုရတာ မလွယ်ပါဘူးကွာ။ စည်းလုံးမှုက အတော်နည်းကြတယ်။ ဘယ်နေရာမဆို ညီညွတ်မှ။ ညီညွတ်မှ အောင်ပွဲရတာ။ ဒကာတွေက ညီညီညွတ်ညွတ် လှူကြတန်းကြမှ ဘုန်းကြီးတို့က အလုပ်လုပ်ရလွယ်တာ။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ တတ်နိုင်သလောက် လှူကြတန်းမှာပါဘုရား။ အခုတလော အလုပ်အကိုင်တွေက အဆင်မပြေတော့လို့ပါဘုရား။ ခွင့်လွှတ်သည်းခံတော်မူပါဘုရား။ ဒါနဲ့ နာဂစ်ရဲ့ ဂယက်ကလည်း မပြီးသေးဘူးဘုရား။ ဗုဒ္ဓဘာသာတွေက အနီးကပ်လှူဒါန်းမှုမပြုတော့ အနီးကပ်လုပ်ဆောင်နေတဲ့ ခရစ်ယာန်ဘာသာကို ပြောင်းကုန်တဲ့ ဗုဒ္ဓဘာသာတွေအများကြီးပဲဘုရား။ ခရစ်ယာန်တွေကလည်း သူတို့ဘာသာပြောင်းရင် အိမ်ဆောက်ပေးမယ်…စတဲ့ မက်လုံးတွေ ပေးပြီး လုပ်ကြတာဘုရား။ တပည့်တော်စာဖတ်လို့ သိရပါတယ်ဘုရား။ အိမ်ဆိုတာ လူတိုင်းလိုချင်ကြတာပဲဘုရား။ နေစရာအိမ်မရှိသူတွေက အိမ်လိုချင်တော့ ဘာသာခြားကို ပြောင်းကုန်တော့တာပဲဘုရား။ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခြားနိုင်ငံမှာ အဲဒီလို ဖြစ်ရင် ကိစ္စမရှိပါဘူး။ အခုလို ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတော့ တော်တော်ကို ရင်နာစရာကောင်းတယ်ဘုရား။ နောက်ပြီး ဘုန်းကြီးက ၅-သိန်းခန့်၊ သီလရှင် သိန်းချီရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်တွေ ရှိနေတာ ပိုဆိုးတယ်ဘုရား။ နာဂစ်အတွက် တပည့်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး လှူနေတုန်းပဲဘုရား။ ပြီးခဲ့တဲ့လကတောင် ၁၀-သိန်းလောက် လှူလိုက်သေးတယ်ဘုရား။

ဆရာ= အေး…အေး….ကောင်းတယ်၊ ကောင်းတယ်။ တို့လည်း တစ်ခါတော့ လှူလိုက်သေးတယ်လေ။ တတ်နိုင်သလောက်ပေါ့။ ဘုန်းကြီးတို့ကတော့ သာသနာရေးကိစ္စတွေ ဒီကျောင်းလေးကိစ္စတွေနဲ့ လှည့်မကြည့်နိုင်ဘူး။ အလှူအတန်းဆိုတာ ဘုန်းကံကြီးတဲ့သူ အစွမ်းအစရှိတဲ့သူတွေမှ လှူနိုင်တာ။ ကြိုးစားလှူကြ။ ဒါနဲ့ အခု စက်ပစ္စည်းအသစ်ဆိုတာတွေ အရမ်းကို ကြောငြာနေတယ်နော်။ ဘုန်းကြီးလဲ laptop တစ်လုံးလောက် လိုချင်လိုက်တာ။ ဘုန်းကြီးကြိုက်တဲ့ဥစ္စာက ဒေါ်လာ ၁၇၀၀-လောက်ရှိတယ်ဆိုပဲ။ သုံးရတာ အတော်ကောင်းတယ်ဆိုပဲကွယ့်။

ဒကာ= တင်ပါ့ဘုရား။ တပည့်တော်တို့ ဆရာတော်သုံးချင်တယ်ဆိုရင် လုပ်ပေးပါ့မယ်ဘုရား။ တပည့်တော်တို့ သူငယ်ချင်းတွေ နာဂစ်အတွက်ဆိုပြီး စုထားတဲ့ငွေလေး ၁၀-သိန်းလောက်တော့ ရှိပါတယ်။ အဲဒါကို ထပ်ဖြည့်ပြီး ဆရာတော့်အတွက် သုံးလိုက်ရင် ကောင်းမလားဘုရား။ ဒါနဲ့ အာနာပါန(ထွက်လေ၀င်လေ)တရားအားထုတ်တာကို တစ်ချို့က နိဗ္ဗာန်မရနိုင်ဘူးဘာညာနဲ့ တပည့်တော်ကို ပြောတယ်ဘုရား။ အဲဒါ အာနာပါနအကြောင်းနဲ့ ဘယ်လိုအားထုတ်ရင် အကျိုးများမယ်ဆိုတာ ရှင်းပြပါအုံးဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်၊ ကောင်းတယ်။ ဘုန်းကြီးတော့ အကောင်းစား laptopကြီး ကိုင်ရတော့မယ်ပေါ့။ အေးကွ…သာသနာ ပုည၀န္တဿ…..သာသနာဆိုတာ ဘုန်းကံကြီးမားတဲ့သူတွေမှ ထောက်ပံ့လို့ ရတာ။ ဒကာက ဘုန်းကံကြီးလို့ လှူခွင့်ရှိတာ။ ဘုန်းကံမရှိတဲ့သူတွေ ကျောင်းတောင်မလာနိုင်ဘူး။ ဟုတ်တယ်မလား။ အင်း…အာနာပါန…ထွက်လေ၀င်လေ ကမ္မဋ္ဌာန်းဟုတ်လား။ တရားအားထုတ်ဖို့ အများကြီး သိစရာ မလိုပါဘူးကွာ။ ကိုယ်အားထုတ်စဉ်အတိုင်းသာ ဆရာညွှန်ပြတဲ့အတိုင်း အားထုတ်စမ်းပါ။ အချိန်တန်လို့ ပါရမီပြည့်ရင် နိဗ္ဗာန်ရောက်မှာပါ။

ဒကာ= အော်….အော်…..အော်….တင်ပါ့ဘုရား။ ဆရာတော့်ဆီက ဒီနေ့ တရားဓမ္မအကြောင်းတွေ အများကြီးကြားရလို့ ၀မ်းသာပါတယ်။ ဆရာတော်ကိုလည်း ကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်ကို ပြန်ခွင့်ပြုပါအုံးဘုရား။

ဆရာ= အေး…အေး…ကောင်းတယ်။ ကောင်းတယ်။ ဆက်လက်ချီးမြောက်လှူဒါန်းနိုင်သူ ဖြစ်ပါစေကွယ်….

Tuesday, December 22, 2009

သတိမြဲစွာ ပထမာ (၃)



အထက်ဖော်ပြပါ နံပါတ် (၅)ပုံသည် ယခင်ပြဆိုခဲ့ပြီးသော နည်းသုံးနည်းအနက် ကသိုဏ်းအဓိက၊ အာရုံသာမည ဖမ်းယူရှုမှတ်ရသောနည်းကို ပြသထားသောပုံဖြစ်ပါသည်။ ထိုသို့အားထုတ်ရှုမှတ်ရင်း ထွက်သောလေ၊ ၀င်သောလေတို့သည် ထိခတ်မိရာ နှာသီးဖျားအရပ်၌ တိုးထိတိုင်း တိုးထိတိုင်း လွတ်သွားသည်ဟူ၍ မရှိဖြစ်လာပေလိမ့်မည်။ အမှတ်အသိစိတ်၍လာသောအခါ သတိသမာဓိလည်း ခိုင်မြဲလာပေလိမ့်မည်။

ထိုသမာဓိ၏ တန်ခိုးသတ္တိကြောင့် သမာဓိတည်ရာဖြစ်သော ကသိဏဌာနမှ ရွေးစေ့ခန့်လောက်သော်လည်းကောင်း သို့မဟုတ် ခဲချောင်းကလေးရေးထားသကဲ့သို့လည်းကောင်း အစတွင် မှေးမှေးမှိန်မှိန်ရှိသော အလင်းကလေး ပေါ်ထွက်လာတတ်သည်။ ဆက်လက်၍ အားထုတ်ရှုမှတ်သောအခါ ပျောက်တစ်ခါ-ပေါ်တစ်လှည့် (အမှတ် ၅-ပုံတွင် တွေ့မြင်ရသည့်အတိုင်း) တကယ့်အလင်းနိမိတ်ကို တွေ့မြင်လာရပေလိမ့်မည်။ ဆက်လက်၍ ၀ီရိယစိုက်အားထုတ်ရှုမှတ်လျှင် အမြဲလင်းထိန်နေသော အလင်းနိမိတ်ကို တွေ့မြင်လာရတတ်ပါသည်။

အထူးဖော်ပြလိုသည်မှာ အချို့ယောဂီများသည် ကသိုဏ်းဝန်း(နှာသီးဖျား)ကိုပင် မထင်မမြင်နိုင်ဖြစ်နေသောကြောင့် စိတ်ဖြင့် “မီးတောက်မီးခဲကလေး နှာသီးဝတွင် ရှိသည်၊ ၀င်လေထိသောအခါ လင်းသွားသည်၊ ထွက်လေထိသောအခါ လင်းသွားသည်”ဟုပင် ဥပါဒ်ပေးကြရ၊ ဖန်ဆင်းပေးကြရကုန်သည်။ အချို့ယောဂီများသည် နှာသီးဖျားတွင် စက္ကူဝိုင်း၊ ထုံးကွက်စသည်တို့ကို တကယ်ထားပြီး မှန်နှင့်ကြည့်ပြီးနောက် မျက်စိမှိတ်ပြီး စိတ်နှင့်စွဲယူကြရသည်။ မည်သို့ပင် အားထုတ်သည်ဖြစ်စေ အကျိုးများဖို့သာ လိုရင်းဖြစ်ပါသည်။ အကျယ်သိလိုလျှင် ယောဂိပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းတို့တွင် ကြည့်ရှုနိုင်ပါသည်။

သတိ၊ သမာဓိခိုင်မြဲစွာ တည်သည်နှင့်တစ်ပြိုင်နက် ထိုကသိုဏ်းကွက်၊ ကသိုဏ်းတန်းကလေးသည် လင်းထိန်လာတတ်သည်။ ထိုအခါမျိုးတွင် ရွှင်လန်းအားတက်ခြင်းများ အလွန်ဖြစ်ပေါ်၍ အမြဲမပြတ်ဆက်လက်အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ အားထုတ်ရသည်မှာလည်း အလွန်ရှင်းလင်းကြည်လင်လာတတ်ပါသည်။


ရရှိထားသော ခိုင်မြဲသောသမာဓိကို အရင်းတည်၍ ၀ီရိယစိုက်ကာ ဆက်လက်အားထုတ်လျှင် နှာသီးဖျားကသိုဏ်းကွက်မှ နံပါတ်(၆)ပုံအတိုင်း အရောင်တလက်လက် ကြည်လင်ပြတ်သားစွာ ပေါ်ထွက်၍ လာပေလိမ့်မည်။ ထို့နောက် ကသိုဏ်းကွက် အရောင်အလင်းအတွင်း၌ ထွက်လေ၊ ၀င်လေဟူသော အာရုံတန်းကလေးသည် ပုံတွင်ပါသည့်အတိုင်း ရှေ့တိုးနောက်ဆုတ်၊ ရှေ့တိုးနောက်ဆုတ်နှင့် ဝင်ထွက်နေသည်ကိုလည်း တွေ့မြင်လာရတတ်ပါသည်။ ဤနည်းအတိုင်း ကသိုဏ်းနှင့်နိမိတ်လေတို့ အစုံအစုံပေါ်လာရခြင်းကိုပင် ပါမောဇ္ဖ(ရွှင်လန်းဝမ်းမြောက်ခြင်း)အခြင်းအရာဟု အဋ္ဌကထာတွင် ပြဆိုထားပါသည်။ ထိုအခြင်းအရာ ထိုအဆင့်ထူးကို ရောက်ရှိသော ယောဂီပုဂ္ဂိုလ်အား အန္ဓပုထုဇဉ်နယ်မှ ကလျာဏပုထုဇဉ်နယ်သို့ ဧကန်မုချ တတ်လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပါတော့သည်။

ဤအခန်း၌ပင် အချို့ပါရမီထူးသောယောဂီများသည် ကံ၊ ဉာဏ်၊ ၀ီရိယကြောင့် အာနာပါနအမှတ်ပြ ကသိုဏ်းတန်းကလေးသည် အရောင်တလက်လက်ဖြာထွက်ကာ ထင်းစည်း၊ ကောက်လှိုင်းစည်းများ၏ စည်းဖွဲ့ကြိုးပမာ အာရုံလေတန်းကို အလယ်က စည်းထားသကဲ့သို့ ငုံ့လျှိုးထွက်ဝင်လျှက် နေပါတော့သည်။
အထူးသတိပြုရန်မှာ ထိုကသိုဏ်းအလင်းတန်းကလေး၏ ရှေ့ကိုလည်း လက်တစ်သစ်ခန့်၊ နောက်ကိုလည်း လက်တစ်သစ်ခန့်ထက်ပို၍ အတို၊ အရှည်ဖြစ်မသွားစေဖို့ပင် ဖြစ်ပါသည်။

ဤနေရာ၌ အချို့ယောဂီများမှာ ကသိုဏ်းအလင်းတန်းက စ၍ပေါ်ပြီးနောက် လေအာရုံတန်း ပေါ်လာတတ်ကြသည်။ အချို့ယောဂီများမှာ လေအာရုံတန်းကလေး ၀င်လိုက်ထွက်လိုက်ပေါ်ပြီးနောက် ကသိုဏ်းအလင်းတန်းပေါ်လာတတ်ကြကုန်သည်။ တစ်ဦးတစ်ဦးမတူညီတတ်၊ အမျိုးမျိုးဖြစ်တတ်ပါသည်။ မည်သည့်အရာကစ၍ပေါ်ပေါ် အမှန်ဟုသာ မှတ်ယူရပါမည်။ ထင်ရှားစွာပေါ်ခဲ့ရခဲ့ပါလျှင် ဧကန်ပါရမီအထူးရှိသူဟု မှတ်ယူနိုင်ပါတော့သည်။ ဝီရိယထားကာ ကြိုးစားအားထုတ်လိုက်ကြစေလိုပါသည်။
အနုတ္တရိယတရား (၆)ပါးတို့တွင် ဤကဲ့သို့ထင်မြင်မှုမျိုးကို ဒဿနာနုတ္တရိယ (မြင်ခြင်းတကာတို့တွင် ထူးခြားမြင့်မြတ်သောမြင်ခြင်း)၊ မြတ်စွာဘုရားရှင်၏ ဓမ္မရောင်ခြည်ကို ဖူးတွေ့ရခြင်းတို့ကြောင့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ခေါ်ဆိုထိုက်ကြောင်း အဋ္ဌကထာများတွင် ရေးသားတော်မူကြသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိသူအတွက် ထိုနေ့ထိုအချိန်သည် ပျော်မွေ့ဖွယ်ရာအကောင်းဆုံး၊ အရသာအရှိဆုံး၊ လူဖြစ်ရကျိုးအနပ်ဆုံးအချိန်ဟု ထင်မှတ်နေတတ်သည်ဖြစ်၍ ၀မ်းမြောက်ဖွယ်ဖြစ်ပါတော့သည်။

စင်္ကာပူခရီးအမှတ်တရဓာတ်ပုံများ































Friday, December 18, 2009

သတိမြဲစွာ ပထမာ (၂)



ဤနံပါတ်(၃)ပုံသည် ဂဏန(ရေတွက်ခြင်း)အစွမ်းအားဖြင့် ဌာနမှတ်၊ ၀ါရတင်၍ မမှတ်နိုင်သော ယောဂီများအတွက်သာ အားထုတ်နည်းကို ညွှန်ပြထားခြင်း ဖြစ်ပါသည်။ ဤနည်းမှာ မိမိ၏ ညာလက်ဖမိုးကို နှာခေါင်းအ၀နှင့် လက်တစ်သစ်၊ နှစ်သစ်အကွာတွင် ပုံတွင်ပြထားသည့်အတိုင်း ခွါထားပြီး နှာခေါင်းဝမှ တိုးထွက်လာသောလေ၊ လက်ဖမိုးကိုထိပြီး အတွင်းသို့ပြန်ဝင်လာသောလေတို့ကို ရှုမှတ်အားထုတ်ရသည်။ ထိုသို့အားထုတ်ရင်း မိမိ၏စိတ်က အနှစ်သက်ဆုံး သို့မဟုတ် အစွဲအမြဲထားနိုင်ဆုံးဖြစ်သော အဖြူရောင်၊ အပြာရင့်ရောင်၊ အပြာနု၊ အ၀ါ၊ အစိမ်း၊ အနီစသော အရောင်တန်းကလေး၊ သက်တန့်၊ မီးတန်း၊ ရွှေချောင်း၊ ငွေချောင်း၊ ရွှေမှုံမွှားစသည်ဖြင့် အချောင်းတန်းကလေး သို့မဟုတ် ပုလဲလုံးခန့် အလုံးလေးတစ်ခုခုကို စိတ်နှင့်ဥပါဒ်လျှက် မထင်မမြင်မချင်း ထင်အောင်စွဲကိုင်၍ အားထုတ်ရပါမည်။

ဤအရာ၌ အချို့ဆရာများက စိတ်နှင့်ဥပါဒ်မထားရ၊ မမှန်းထားရဟု ပြောဆိုရေးသားတတ်ကြကုန်သည်။ သို့သော် လက်တွေ့အားထုတ်သောယောဂီများ၏ အတွေ့အကြုံအရ အကောင်းဆုံးသောနည်းတစ်ခုဖြစ်ကြောင်း မှတ်ယူနိုင်ပါသည်။ လွယ်လှပေ၏။ မရမချင်း မဖြစ်မနေ ဤနည်းဖြင့် နှစ်နာရီခန့် ကြိုးစားပြီး လက်တွေ့အားထုတ်ကြစေချင်ပါသည်။

ကသိုဏ်းရှုမှတ်ရာတွင် နည်းသုံးမျိုးရှိပါသည်။
(၁) ကသိုဏ်းအဓိက-အာရုံသာမည ဖမ်းယူနည်း
(၂) အာရုံအဓိက-ကသိုဏ်းသာမည ဖမ်းယူနည်း
(၃) အာရုံနှင့်ကသိုဏ်း အညီအမျှထားကာ ဖမ်းယူနည်းဟု သုံးမျိုးရှိပါသည်။ ဤသုံးမျိုးတို့တွင် ယခုရှုမှတ်နည်းမှာ ဒုတိယမြောက်နည်းဖြစ်သည်။ အာရုံဖမ်းဖို့အဓိက ထွက်လေ၀င်လေဟူသော ကသိုဏ်းက သာမညဖြစ်သည်။ ၇-နှစ်၊ ၈-နှစ်အရွယ်ကလေးများကို ဤနည်းအတိုင်း အားထုတ်စေရာ အလွန်ရလွယ်ကြသည်ကို တွေ့ရသည်။
အထက်ပါအတိုင်း စိတ်ဖြင့် ဥပါဒ်ပေးရာ၌ စိတ်အာရုံကောင်းစွာပိုင်နိုင်စေရန် မီးခြစ်ဆံခန့်၊ ပဲနောက်စေ့ခန့်ထက် ပိုလွန်၍ မကြီးစေရအောင် အထူးသတိပြုသင့်ပါသည်။

ထိုကဲ့သို့ အားထုတ်ဖန်များလာသောအခါ မိမိဥပါဒ်၍ထားသော တစ်နည်းအားဖြင့် စိတ်နှင့်လုပ်ပေးထားသော အချောင်း၊ အလုံးကလေး ထွက်ချည်တစ်ခါ၊ ၀င်ချည်တစ်လှည့်၊ မထင်တစ်ချက်၊ ထင်တစ်ချက် ဖြစ်လာပေလိမ့်မည်။



ထိုသို့ဆက်လက်၍အားထုတ်သောအခါ နံပါတ် ၄-ပုံအတိုင်း အမှန်တကယ်ပင် ထင်ရှားပြတ်သားစွာ အဿာသပဿာသဥဂ္ဂဟနိမိတ်ထူးကို တွေ့မြင်လာပေလိမ့်မည်။

ဤနည်းသည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ကြရာတွင် အလွန်လွယ်ကူသောနည်းဖြစ်သည်ကို လက်တွေ့အားထုတ်ကြသူယောဂီအပေါင်းက သက်သေခံလျှက်ရှိပါသည်။ အထူးမှတ်သားသင့်သည်မှာ ထိုသို့အားထုတ်၍ ဥဂ္ဂဟနိမိတ်ရသောအခါ အစပထမက မိမိစိတ်ဖြင့် ဖန်ဆင်းပေးထားသော အရောင်အဆင်း၊ ပုံသဏ္ဍာန်အတိုင်းလည်း ပေါ်လာတတ်ကြသည်။ အခြားအရောင်၊ ပုံသဏ္ဍာန်များလည်း ထင်လာတတ်ကြသည်။ ပိုးချည်မျှင်၊ အုံးဆံမျှင်၊ သက်တန့်ရောင်၊ ၀ါဂွမ်းစိုင်ကြီး၊ ရွှေချည်၊ ရွှေမှုံကလေးများ၊ ပုလံလုံး၊ ပုလဲသွယ်စသော ပြောပြ၍မကုန်နိုင်လောက်အောင် ထူးထူးခြားခြား ဆန်းဆန်းကြယ်ကြယ် ထင်မြင်လာတတ်ကြသည်။

မည်သည့်အရောင်၊ မည်သည့်ပုံသဏ္ဍာန်ဖြစ်စေ ထွက်လေ၀င်လေတို့နှင့် တစ်သားတည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြစ်စေအောင် အားထုတ်ရမည်။ ရှင်းအောင်ဆိုရလျှင် ထွက်လေထွက်သောအခါ နိမိတ်ကိုလည်း တစ်ပြိုင်တည်းထွက်စေ၊ ၀င်လေ၀င်သောအခါ နိမိတ်ကိုလည်း တစ်ပြိုင်တည်း ၀င်စေရန် အားထုတ်ရမည်။
စင်စစ်အားဖြင့် နှာသီးဝနှင့်လက်ဖမိုး ကြားအရပ်သည် ကသိုဏ်းဌာန၊ ဥပါဒ်ပေးထားသော(စိတ်က ဖန်တီးပေးထားသော)အရောင်တန်း၏ ထွက်ဝင်ထွက်ဝင် တရိပ်ရိပ်တလှုပ်လှုပ်သည် လေအာရုံပင်ဖြစ်၍ အာရုံနှင့်ကသိုဏ်း ထပ်မိစပ်မိသည်ဟု ဆိုနိုင်ပါသည်။ အဋ္ဌကထာ၌လည်း သွားခေါသောယောဂီ၏ အဿာသပဿာသကသိဏ-နိမိတ္တကို အထက်နှုတ်ခမ်းသာ ဖြစ်ရမည်ဟု ပြဆိုထားသည်။

အဆိုပါစကားရပ်ကိုထောက်ဆ၍ နှာသီးဝနှင့်လက်ဖမိုးကြားအရပ်သည် အမှန်စင်စစ် ကသိုဏ်းဖြစ်သောကြောင့် ရလွယ်လှသည်ဟူ၍ ဆိုလိုရင်းဖြစ်ပါသည်။

Monday, December 14, 2009

သတိမြဲစွာ ပထမာ


ဖော်ပြပါ နံပါတ် (၂) ပုံသည် ထွက်လေ၊ ၀င်လေနှစ်ပါးတို့ကို ရေတွက်ပြီး ဖမ်းယူရာ နှာသီးဖျား(နာသိကဂ္ဂ) အာနာပါနနိမိတ္တ ခေါ် အာနာပါနကသိုဏ်းကွက်ကို မြှားနှင့်အသေအချာ နေရာတကျ ပြသထားသောပုံဖြစ်ပါသည်။ လေတို့တိုးဝင်ရာအရပ်၍သာ စိတ်မြဲမြဲသတိစွဲအောင် သမာဓိမြဲအောင် သိမှတ်အားထုတ်ရသောကြောင့် အာနာပါနကသိဏဟု ခေါ်ဆိုရလေသည်။

သတိမြဲစွာ ပထမာ-ဟူသည်မှာ ဤကဲ့သို့ နည်းလမ်းတကျ ဖမ်းယူရှုမှတ်သော ယောဂီသူမြတ်၏စိတ်သည် ထိုအာနာပါနကသိုဏ်းကွက်၍ ရပ်တည်လျှက် သတိမြဲပြီး သမာဓိတည်နေသည်ကိုပင် ပထမအားထုတ်စ အာနာပါနကမ္မဋ္ဌာန်းအားထုတ်သူယောဂီ၏ သတိမြဲစွာ ပထမာ ပင်ဖြစ်ပေတော့သည်။

ထိုကြောင့် အာနာပါနပါရဂူကျမ်း၌ နှာသီးဖျားဟူသော ကသိဏ၊ ထွက်လေ၀င်လေဟူသော အာရမ္မဏဟူသော နှစ်ပါးတို့ကို တစ်ထပ်တည်းကျအောင် အားထုတ်နိုင်မှသာ အာနာပါနဘာဝနာ၏ ပြည့်စုံမှုကို ရနိုင်လေသည်ဟု ပြဆိုထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ထုတ်စည်းထိုးတမ်းကစားကြသော ကလေးတို့သည် သတ်မှတ်ထားသော စည်းပေါ်မှသာ ထိုစည်းပေါ်သို့ ဖြတ်ကျော်ဆဲသူတို့ကိုသာ ဖမ်းယူရသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုစည်းကို လွှတ်၍(စည်းပေါ်မှ မဟုတ်ဘဲ) ဖမ်းယူ၍ မရသကဲ့သို့ နှာသီးဖျားဟူသော ကသိဏကို လွှတ်၍ (နှာသီးဖျားမှ မဟုတ်ဘဲ) ထွက်လေ၀င်လေဟူသော အာရမ္မဏကို ဖမ်းယူ၍ မရပေ။ သို့ဖြစ်၍ နှာသီးဖျားသို့ မရောက်လာသေးသော လေ၊ နှာသီးဖျားကို ကျော်လွန်သွားသော လေတို့ကို ဖမ်းယူရှုမှတ်ခြင်း မပြုသင့်ချေ။ ထိုသို့ပြုနေပါက အကျိုးမရဖြစ်တတ်လေသည်။

ပြဆိုခဲ့ပြီးသည့်အတိုင်း စည်းကမ်းတကျ ဂဏန(ရေတွက်ခြင်း)၊ အနုဗန္ဓန(ဖွဲ့ချည်ခြင်း၊ ဖုသန(ထိတွေ့ခြင်း)၊ ဌပန(တည်ခြင်း)ဟူသော နည်းလေးမျိုးတို့ဖြင့် တစ်ပေါင်းတည်းကျအောင် ထွက်တယ်၊ ၀င်တယ် ၁၊ ထွက်တယ်ဝင်တယ် ၂….စသည်ဖြင့် အသိအမှတ် ယတိပြတ်ဖမ်းယူနိုင်အောင် အားထုတ်ရပါမည်။
ထိုသို့နည်းလမ်းတကျ အားထုတ်ပြီး သတိမြဲလာပါက မိမိ၏နှာသီဝကြီးကို မြင်လာပြီး ကျဉ်းသွားသကဲ့သို့လည်းကောင်း၊ ကျယ်သွားသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်သည်။

ထို့အပြင် အချို့ယောဂီတို့အား နှာပိတ်နေသကဲ့သို့လည်းကောင်း၊ နှာခေါင်းဝ၌ တုတ်ချောင်းကလေး ကန့်လန့်ကန့်လန့်နှင့် ခုနေသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ကြသည်။ အချို့ယောဂီတို့အား နှာသီးဝကလေး ပွင့်ချည်ပိတ်ချည်ဖြစ်နေသကဲ့သို့လည်းကောင်း၊ မျော့တွယ်ထားသကဲ့သို့လည်းကောင်း၊ ခွက်တောင်းပြည်တောင်းခန့် နှာဖုကြီး ကြီးကြီးလာသကဲ့သို့လည်းကောင်း၊ ဆင်နှာမောင်းပမာဏ ရှည်ထွက်သွားသကဲ့သို့လည်းကောင်း၊ မီးခိုးတန်း-အဖြူတန်း-အလင်းတန်း-အလင်းကွက်စသော အခြင်းအရာအမျိုးမျိုး ထင်မြင်လာတတ်ကြပါသည်။ ထင်မြင်လာပုံခြင်းကား တစ်ဦးတစ်ဦး မတူတတ်။ အမျိုးမျိုးအဖုံဖြစ်နိုင်ပါသည်။ ဤသို့ ထင်မြင်လာရမည်ဟု တထစ်ချ မှတ်ယူ၍ မရနိုင်ချေ။

သို့ရာတွင် နှာသီးဖျားအရပ်တွင် ထူးခြားမှုတစ်ခုမှ မရရှိသေးပါက သတိမမြဲနိုင်သေးဟု မှတ်ရမည်။ ထို့ကြောင့် မိမိ၏နှာသီးဖျားကို စိတ်မလွတ်စေဘဲ ထွက်တိုင်းဝင်တိုင်းသောလေတို့ကိုသိအောင် မှတ်နိုင်အောင် ကြိုးစားရှုမှတ်ကြရမည်ဖြစ်သည်။ သို့မှသာ ဓမ္မရောင်ခြည်ခေါ် ဥဂ္ဂဟနိမိတ်ထူးကို ဖူးတွေ့ရပေလိမ့်မည်။ မဂ်ဖိုလ်အထိ အားထုတ်နည်းများအတိုင်း အားထုတ်နိုင်စေရန် အထူးလုံ့လစိုက်၍ အားထုတ်တော်မူနိုင်ကြပါစေ။

Wednesday, December 9, 2009

ကမ္မဋ္ဌာန်းထိုင်နည်း



ပုံတွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ်တွင် တဘက်ဖြူတစ်ခုကို သိုင်း၍ထားပါ။ အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ (မှတ်ချက်….မျက်စိနှင့်ပတ်သက်၍ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိကို မှိတ်ရုံသာမက ပ၀ါကိုပါ စည်းပေးဖို့ ညွှန်ကြားထားသည်။)

နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်းတရား အားထုတ်သည်မည်ပါတော့သည်။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး တစ်နာရီကျော်ခန့် သို့မဟုတ် ၅-၆ ပတ်ခန့်ထိုင်ပါ။ တစ်ပတ်ဆိုသည်မှာ အဋ္ဌကထာဆရာပြသည့်နည်းအတိုင်း ဂဏန၏အစွမ်းဖြင့် ထွက်လေ၀င်လေ- ၁၊ ထွက်လေ၀င်လေ- ၂၊ ထွက်လေ၀င်လေ- ၃၊ ထွက်လေ၀င်လေ- ၄၊ ထွက်လေ၀င်လေ-၅၊ ထွက်လေ၀င်လေ- ၆၊ ထွက်လေ၀င်လေ- ၇၊ ထွက်လေ၀င်လေ- ၈ ဟု ရေတွက်၍ ရှုမှတ်ပါ။ ရှစ်သို့ ရောက်လျှင် ဘယ်ဘက် ဒူးတွင် မှတ်၍ထားပါ။ ဒုတိယရှစ်ပြီးလျှင် ဘယ်တံတောင်မှာ မှတ်၍ ထားပါ။ တတိယရှစ်ကို ဘယ်ပုခုံး၊ စတုတ္ထရှစ်ကို ဘယ်ချိုစောင်း၊ ပဉ္စမရှစ်ကို ညာချိုစောင်း၊ ဆဋ္ဌရှစ်ကို ညာပုခုံး၊ သတ္တမရှစ်ကို ညာတံတောင်၊ အဋ္ဌမရှစ်ကို ညာဒူးဟု မှတ်သားပြီး ရှုမှတ်အားထုတ်ရမည်။ ဘယ် ၅-ဌာန၊ ညာ ၅-ဌာနအားဖြင့် ၁၀-ဌာနဖြစ်ပါသည်။ ၎င်း ၁၀-ဌာနမှာ တစ်ဝါရ သို့မဟုတ် တစ်ပါတ်ဖြစ်ပါသည်။ တစ်ပါတ်လျှင် အသိအမှတ်ပေါင်း ၈၀-ဖြစ်သည်။ ၅-ပါတ်ပြည့်လျှင် အသိအမှတ်ပေါင်း ၄၀၀-ဖြစ်လေတော့သည်။ ဤကား တစ်ဝါရသာ တင်နိုင်သော ယောဂီများအတွက် ဖြစ်ပါသည်။

အချို့ အလွန်သန့်ရှင်းစွား အားထုတ်နိုင်သော ယောဂီထူးများလည်း ရှိပါသည်။ တစ်ဌာနလျှင် ရှစ်နှစ်ကြိမ်စီ နှစ်ဝါရတင်၍လည်းကောင်း၊ ရှစ်သုံးကြိမ်၊ လေးကြိမ်စီ သုံးဝါရလေးဝါရတင်၍လည်းကောင်း၊ တချို့ ဆယ်ဝါရအထိတင်၍လည်းကောင်း အားထုတ်နိုင်ကြပေသည်။ ထိုယောဂီတို့မှာ မြန်မြန်ရလွယ်ခြင်း သက်သာခြင်းများဖြစ်၍ သတိမြဲကြရလေသည်။

အထူးမှာ ရှစ်ရောက်အောင် အားထုတ်ရမည်ဆိုသော်လည်း တစ်မှစ၍ ရှစ်အထိ ရေတွက်စဉ် အကြားတွင် မမှားမယွင်း အတွေးမဖက် သန့်ရှင်းစွာအားထုတ်ရေတွက်နိုင်မှသာ ဌာန၀ါရတင်၍ မှတ်ရမည်။ မသန့်ရှင်းဘူးဟုထင်လျှင် အရေအတွက်စာရင်း မသွင်းသင့်ပါ။ တစ်ကပြန်စ၍ ရေတွက်မှတ်ရှုပါ။ အကျယ်ကို သိလိုလျှင် ယောဂီပါရဂူကျင့်စဉ်ကျမ်း၊ ကျွန်ုပ်တို့ရေးသားသော အာနာပါနပါရဂူကျမ်းကြီးများတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

မှတ်ချက်….ဤကျမ်းတွင် တစ်မှရှစ်အထိ အရေအတွက်ကို ဘယ်ဒူး၊ ဘယ်တံတောင်၊ ဘယ်ပုခုံး၊ ဘယ်ချိုစောင်း၊ ညာချိုစောင်း၊ ညာပုခုံး၊ ညာတံတောင်၊ ညာဒူးဟု ဆယ်ဌာနထား၍ ရေတွက်ခိုင်းထားသည်။ ယခုတင်ပြသူကို နည်းပေးလမ်းပြခဲ့သော ဆရာတော်ဦးဇနိတကမူ ဘယ်လက်ကောက်ဝတ်၊ ……..ညာလက်ကောက်ဝတ်ဟု ဆယ်ဌာနထား၍ ရှုမှတ်ခိုင်းခဲ့သည်။ အမှန်စင်စစ် နေရာထားမှုသည် အရေးမကြီးလှပါ။ အဓိကမှာ သတိမြဲဖို့သာ လိုရင်းဖြစ်ပါသည်။

Wednesday, November 25, 2009

သတိပဋ္ဌာန် အာနာပါနအခန်း

ယခုပြလတံ့သောအခန်းမှာ အာနာပါနသတိပဋ္ဌာန်တရားနှင့်ပတ်သက်၍ မြတ်စွာဘုရားရှင် ဟောကြားချက်များ၊ သိသင့်သိထိုက်သည်များကို ဖော်ပြမည့်အခန်း ဖြစ်ပါသည်။ အမှန်တကယ် ကျင့်ရမည့် ကျင့်စဉ်နည်းစနစ်များကို နောက်လာမည့် အခန်းတွင် ရုပ်ပုံများနှင့်တကွ စတင် ဖော်ပြပါတော့မည်။ အာနာပါနကျင့်စဉ်မူရင်းဟောကြားချက်နှင့် ထားရှိရမည့်သဘောထားကို သိသာစေရန် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

“အို..ယောဂီအပေါင်းတို့ ငါဘုရားရှင်၏ သာသနာတော်အတွင်း၌ ရှိကြကုန်သော အသင်ယောဂီအပေါင်းတို့သည် တောအရပ်သို့ကပ်၍လည်းကောင်း၊ သစ်တစ်ပင်ရင်း ၀ါးတစ်ရုံအောက်ကပ်၍သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်တစ်ခုခုသို့ကပ်၍သော်လည်းကောင်း ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ (အလိုက်သင့်အောင်ထား၍) ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေရမည်” (ဤကား ကမ္မဋ္ဌာန်းထိုင်ပုံ အစီအစဉ်ဖြစ်ပါသည်)

“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်)

“ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”

“ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်)

“အလုံးစုံသော ထွက်သက်ဝင်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်)

“အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်)

“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)

“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်)

“ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ၀ိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)

အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်သည် ကမ္မာသဓမ္မနိဂုမ်းတွင် အထက်ပါ သတိပဋ္ဌာန်တရားလေးပါးကို ဟောကြားတော်မူခဲ့သည်။ သတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင်က သတိပဋ္ဌာန်တရားလေးပါးတို့တွင် တစ်ပါးပါးကို ခုနှစ်ရက်အားထုတ်ရုံမျှဖြင့် အရိယာဖြစ်နိုင်ကြောင်း မိန့်ကြားတော်မူထားသည်။ ထိုစကားတော်ကို ယုံကြည်ပါသလော။ ယုံကြည်လျှင် “အာနာပါနဟာ သမထဖြစ်တယ်၊ သတိပဋ္ဌာန်မဟုတ်ဘူး၊ မဂ်ဖိုလ်ရကြောင်း မဟုတ်ဘူး၊ အာနာပါနနှင့် နိဗ္ဗာန်ရတယ်ဆိုတာ မဟုတ်ပါဘူး”ဟု ပညာရှင်အခေါ်ခံသူများကိုယ်တိုင် ပြောကြားသံကို ကြားရပါသည်။ တချို့လူများက “အာနာပါနက သာသနာပမှာ လုပ်တာ၊ ကျုပ်တို့က သတိပဋ္ဌာန်အလုပ်ကိုမှ ဘုရားအကြိုက်၊ မဂ်ဆိုက်၊ ဖိုလ်ဆိုက် လုပ်ချင်တာ”ဟု ပြောနေကြသံများကိုလည်း ကြားရသည်။

ထိုသူတို့၏ အမှန်တကယ် မသိမှုတွေကြောင့်လော မပြောတတ်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်၊ ဆတော်ဟောမှ တရားမှန်တယ်”ဟူသော စကားအတိုင်း “ပေါ်ဦးလည်း လူတိုင်းထဲကပါပဲဘုရား”ဆိုသကဲ့သို့ ဖြစ်နေသည် ထင်ပါသည်။ အာနာပါနသည် ကာယာနုပဿနာရှုနည်း (၁၄)မျိုးအနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ပါသည်မှ နံပါတ် (၁)အဖြစ် ပါဝင်သည်။ မြတ်စွာဘုရှားရှင်ကိုယ်တော်တိုင် အားထုတ်ခဲ့သော တရားဖြစ်သောကြောင့် ရှေ့ဆုံးကထား၍ ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ အာနာပါနကျင့်စဉ်ကို သတိပဋ္ဌာန်မဟုတ်သယောင် ပြောနေကြခြင်းသည် ဘုရားစကားတော်ကို တော်လှန်နေကြခြင်းသာ ဖြစ်သည်။ အာနာပါနသတိပဋ္ဌာန်ကို ကြိမ်ဖန်များစွာ အားထုတ်ကြိုးပမ်းခြင်းအားဖြင့် သတိပဋ္ဌာန်လေးပါးလုံးကို ပြည့်စေနိုင်ပါသည်။

ဝိသုဒ္ဓိမဂ်တွင်လည်း “အာနာပါနကမ္မဋ္ဌာန်းကို ပွားများ၍ အာနာပါနကမ္မဋ္ဌာန်းမှ ရအပ်ပြီးသော ဈာန်လေးပါးလျှင် အရင်းခံရှိသော သမထယာနိက၀ိပဿနာဖြင့် ပဋိသမ္ဘိဒါနှင့်တကွ ရဟန္တာဖြစ်လိုသော အမျိုးကောင်းသားတို့သည် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏”ဟု မိန့်ဆိုထားပါသည်။

နောက်ပြလတံ့သော အခန်းများတွင် အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံအစီအရင်ကို ပြဆိုပါတော့မည်။ အထက်ပါ မြတ်စွာဘုရားနှင့်အဋ္ဌကထာဆရာကြီးများ ဟောကြားထားသည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်း၏ အရေးကြီးပုံကို သဘောပေါက်ပြီး ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ရပါသည်။

အပြည်ပြည်ဆိုင်ရာ ကန္နီဖောင်ဒေးရှင်းတွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, November 22, 2009

ပီနန်ဆရာတော်ကြီးက သီဟိုဠ်သံဃာတွေကို အားကိုးပါတယ်လို့ ကြားဖူးတယ်

Custom Message မှာ “သီဟိုဠ်မှာ ငတ်ကြီးကျတွေက ပိုများတာပဲ……”ဟူ၍ ရေးလိုက်ပါတယ်။ စိတ်ထဲမှာ မကောင်းလွန်း၍ ရေးလိုက်ရခြင်းဖြစ်တယ်။ ကိုယ်လေးစားရသူတွေက အဲသလိုကြီးတော့ မရေးသင့်ဟု ဆုံးမကြတယ်။ ထို့ကြောင့် ဤနေရာမှာ ရေးရခြင်းဖြစ်တယ်။

ကိုယ့်မှာလဲ ကိုယ့်အကြောင်းနှင့်ကိုယ်။
ဒီကိုရောက်လာတဲ့ ဒီအုပ်စုဟာ

အမျိုးကို ဖျက်ဆီးသူများ ဖြစ်တယ်။
သာသနာကို ဖျက်ဆီးသူများ ဖြစ်တယ်။
ဘာသာကို ဖျက်ဆီးသူများ ဖြစ်တယ်။
အာဏာတည်မြဲရေးအတွက် ဘုရားကိုလဲ သေနတ်နဲ့ ပစ်ရဲသူများဖြစ်တယ်။
အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်။

ကိုယ်ကျိုးအတွက် နိုင်ငံကို ဖျက်ဆီးသူများလဲ ဖြစ်တယ်။
အခုအချိန်အထိ အပြစ်မဲ့ပြည်သူတွေ ထောင်ထဲမှာ အကျဉ်းကျနေဆဲလဲ ဖြစ်တယ်။

တိုင်းပြည်မှာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဆိုသူလေးတွေကို ကြည့်ပါ။
ငဲ့ညှာစောင်းကြည့်ပါ။

သူတို့လေးတွေဘ၀ ဘယ်လို ရုန်းကန်နေရသလဲ။
ပညာတွေ တတ်မြောက်ကြသလား။
လူလိုသူလို နေခွင့်ရသလား။
စဉ်းစား။

ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်တယ်။
သူတို့ဟာ လောလောလတ်လတ် သံဃာတွေကို သတ်ဖြတ်ထားသူများ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာပဲ ငါတို့ဟာ ပြည်သူများလဲ ဖြစ်ကြတယ်။
တစ်ပြိုင်တည်းမှာ ငါတို့ဟာ အဖိနှိပ်ခံ လူတန်းစားများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ ပြည်သူတွေဟာ အောက်ကျနောက်ကျ ဖြစ်နေကြရတယ်။
တစ်ပြိုင်တည်းမှာ သူတို့ဟာ ဂုတ်သွေးစုတ်နေကြဆဲလဲ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ အာဏာရှင်တွေ စုတ်ယူဝါးမြိုလာတဲ့
ပြည်သူ့သွေးများကို သီဟိုဠ်သံဃာများက
အားရပါးရ စားသောက်လိုက်ကြတယ်။


တစ်ပြိုင်တည်းမှာ……………………………

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့သွားသော ယာဉ်(၂)မျိုး

မီးတစ်ဆယ့်တစ်ပါး ၀ဋ်ဆင်းရဲတရားတို့မှ ထွက်မြောက်လိုသောကြောင့် သမထ၊ ၀ိဿနာတရားအားထုတ်ကြရာ၌ နိဗ္ဗာန်သွားရောက်နိုင်သော ယာဉ်(၂)မျိုး ရှိပေသည်။ ထိုနှစ်မျိုးတို့တွင် တစ်ခုခုသောယာဉ်ဖြင့် သွားမှသာလျှင် ဧကန်မုချ မဂ်တံခါး၊ ဖိုလ်တံခါးသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုယာဉ်(၂)ဟူသည်မှာ

၁။ သမထယာနိက

၂။ သုဒ္ဓ၀ိပဿနာယာနိက…တို့ဖြစ်ပါသည်။ အဆူဆူသောဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကအရှင်မြတ်များ…..စသော သံသရာတစ်ဖက်ကမ်းသို့ အရောက်ကူးသွားကြသူတိုင်း ဤယာဉ်နှစ်မျိုးဖြင့်သာ ကူးသွားခဲ့ကြသည်။ ဤယာဉ်နှစ်မျိုးမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပြီ။ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်၍ သွားကြရလေသည်။ ဥပမာအားဖြင့် အမေရိကန်၊ ပြင်သစ်နိုင်ငံကြီးများသို့ ရေလမ်းက သင်္ဘောဖြင့်ဖြစ်စေ၊ လေလမ်းက လေယာဉ်ဖြင့်ဖြစ်စေ သွားနိုင်သကဲ့သို့ ဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် တစ်မျိုးကို ရွေးချယ်၍ သွားရောက်နိုင်ပေသည်။ မည်သည့်နည်းဖြင့်သွားသွား နိဗ္ဗာန်ရောက်သည်ဖြစ်စေ၊ မဂ်ရသည်ဖြစ်စေ အကျိုးကား အတူတူပင် ဖြစ်ပါသည်။

သမထယာနိကလမ်းသွားလိုပါက (၃၈)ပါးသော သမထတို့တွင် ဆရာရှာ၍ ဆရာပြသည့်အတိုင်း အားထုတ်ရမည်။ ဆရာညွှန်ပြသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်စသည့် အပ္ပနာဈာန်များကို ပါဒက၊ သမသိတ၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် ရုပ်နာမ်ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ဆိုက်ရောက်အောင် အားထုတ်ကြသည်။ အချို့မှာ အပ္ပနာဈာန်များကို ရအောင်အားမထုတ်တော့ဘဲ ဥပစာရဈာန်မှထ၍ ရုပ်နာမ်တို့ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ရအောင် အားထုတ်ကြသူများလည်း ရှိပါသည်။ သို့ဖြစ်၍ သမထယာနိကနည်းတွင်ပင် အမျိုးမျိုး အားထုတ်ကြသည်များ ရှိသည်။

သမထယာနိကဟူသည်မှာ သမထပဋိဘာဂနိမိတ်ကို အားထုတ်ပြီးနောက် ၀ိပဿနာကို စီးဖြန်းအားထုတ်ရသောနည်း ဖြစ်သည်။ ၀ိပဿနာယာနိကဟူသည်မှာ သမထပိုင်းကို လုံးဝအားထုတ်မှုမပြုဘဲ ၀ိပဿနာသက်သက်ကိုသာ အားထုတ်ရသောနည်းဖြစ်ပေသည်။ (၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ - ၂၊ နှာ - ၃၅၀။ ၃၅၁)

ပထမနည်း သမထယာနိကဖြင့် အားထုတ်လိုလျှင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းဟူသော သမထနှစ်မျိုးမှတစ်ပါး ကျန် (၃ဂ)ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးကို မူတည်အားထုတ်ပြီး ဥပစာရဈာန် သို့မဟုတ် အပ္ပနာဈာန်ရအောင် အားထုတ်ရသည်။ ဤကျမ်းတွင် အာနာပါန၏ ငြိမ်းစေဘိဟူသော ဥပစာရဘာဝနာမှ ၀ိပဿနာကူးပုံကို ပြသထားပါသည်။

ဤနေရာ၌ အချို့ဆရာတို့က `သမထဟာ နိဗ္ဗာန်ကို မရနိုင်၊ မဂ်မရနိုင်´ဟု ပြောလည်း ပြောရဲ၏။ ရေးလည်း ရေးရဲကြ၏။ သမထကို သာသနာပတရားဟူ၍တောင် စွပ်စွဲလိုက်ကြသေး၏။ ဤအချက်၌ သတိထားပါ။ ကျွန်ုပ်တို့ရွာက စံဖြိုးကြီးတွင် ပိုက်ဆံတစ်ပဲတည်းသာ ရှိလေသည်။ တစ်နေ့ ထိုပိုက်ဆံတစ်ပဲနှင့် မုန့်ဆိုင်သို့သွားပြီး မုန့်တစ်ခုကို ၀ယ်စားခဲ့သည်။ ထို့နောက် သူတစ်ပါးအား ပြောပြသည်မှာ `ဒီမုန့်ဆိုင်ကြီး တစ်ဆိုင်လုံးမှာ ငါဝယ်စားတဲ့ မုန့်တစ်ခုသာ အကောင်းဆုံး၊ ကျန်တဲ့မုန့်တွေဟာ ငါဝယ်စားတဲ့မုန့်လောက် အရသာမရှိဘူး၊ ဒါကြောင့် ငါဝယ်စားတာ´ဟု ကြွားလိုက်သေး၏။ အမှန်မှာ ပိုက်ဆံမရှိ၍သာ ထိုကဲ့သို့ ပြောခြင်းဖြစ်ပေသည်။

တစ်အိုးတည်း တစ်ဦးတည်းက အတူတူဖျော်ပြီး ကြော်ထားပါလျှက် သူစားသည့်မုန့်သာ အကောင်းဆုံးဟု ဆိုခြင်းမှာ ယုတ္တိမရှိလှချေ။ ထိုကဲ့သို့ပြောခြင်းကို အခြားမည်သည့်ပုဂ္ဂိုလ်ကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားရှင်တစ်ပါးတည်း ခံတွင်းတော်တစ်ခုတည်းမှ ဟောကြားထားအပ်သော ဓမ္မက္ခန္ဓာချင်းတူပါလျှက် `ဘယ်ဓမ္မက္ခန္ဓာက မဂ်မရဘူး၊ ဘယ်ဓမ္မက္ခန္ဓာကမှ မဂ်ရတယ်´ဟု ပြောဆို၍ ယုတ္တိရှိနိုင်ပါမည်လော။

မဟာသမုဒ္ဒရာသို့ ဆင်းလိုလျှင် ဆင်းရာဌာန ဆိပ်ကမ်းကို ရှာစရာမလိုဘဲ ရောက်ရာဌာနမှ ဆင်းလိုတိုင်း ဆင်းနိုင်ပေသည်။ ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂီပုဂ္ဂိုလ်အား တရားရွေးချယ်ရန်မလို၊ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ချည်းဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ကမ္မဋ္ဌာန်းဟူ၍ မရှိပါ။ (သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ - ၁၊ နှာ ၃၂၅။ မူလပဏ္ဏာသ အဋ္ဌကထာ - ၂၊ ၃၂၀)

မဟာသတိပဋ္ဌာနသုတ်တော်ကြီးတွင်လည်း `ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ = ရဟန်းတို့ (ယောဂီအပေါင်းတို့) သတ္တ၀ါတို့၏ ဉာဏ်အမြင်စင်ကြယ်ဖို့ရန်အတွက် လမ်းသည် တစ်ကြောင်းတည်းသာရှိ၏´ဟု ဟောကြားထားသည်။ အာနာပါနပဗ္ဗ-ကစပြီး သစ္စပဗ္ဗတိုင်အောင် သတိပဋ္ဌာန်အားဖြင့် လေးပါး၊ တရားကွက်အားဖြင့် (၂၁)ပါးတို့သည် ခရီးတူ၊ စခန်းတူ၊ လမ်းအတူ၊ အကျိုးတူ ဧကာယန မဂ္ဂဟု ဟောကြားထားသည်။ ထိုသို့ဖြစ်ပါလျှက် အာနာပါနက သမထအလုပ်၊ မဂ်မရနိုင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူး…စသည်ဖြင့် မပြောကြားသင့်ပေ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် `အာနာပါနကျင့်စဉ်ကို သတိလက်လွတ်၊ အဆင်အခြင်နည်းသူတို့အား ငါမဟော´ဟု မိန့်တော်မူထားသည်။ မဂ်ရကြောင်းမဟုတ်ဘူး၊ သာသနာပတရားကြီးဟု မဟောခဲ့ပေ။ ပါရမီထူးခြားသူတို့ကို ဟောသောတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

`အာနာပါနကမ္မဋ္ဌာန်းသည် ၀န်လေး၏၊ ခဲယဉ်း၏၊ ခဲခဲယဉ်းယဉ်း အားထုတ်မှသာလျှင် ဖြစ်နိုင်၏၊ လေးလေးစားစား ကြိုးပမ်းအားထုတ်မှသာ ဖြစ်နိုင်၏၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနှင့် အာဇာနည်ပါရမီရှင်များသာ နှလုံးသွင်းနိုင်သော ကမ္မဋ္ဌာန်းဖြစ်၏´ဟု အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကလည်း မိန့်တော်မူထားသည်။ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ - ၂၊ နှာ ၉၈။ ပါရာဇိကကဏ္ဍ အဋ္ဌကထာ - ၂၊ ၂၈။ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ - ၁၊ ၂၇၅)

ယခုကာလပေါ်ပေါက်နေသော ကိုစံဖြိုးကြီးတို့ကဲ့သို့ ပြောထားသည်များ ရှိပါသလော။ ထိုကဲ့သို့ ဟောကြားထားချက်များကို ပဋိသမ္ဘိဒါမဂ်စသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ များစွာရှိပါသေးသည်။ ကိုးကားပြ၍သော်မှ ကုန်နိုင်စရာ မရှိပါချေ။ ထို့ကြောင့် `အာနာပါနကမ္မဋ္ဌာန်းသည် မဂ်ကိုလည်း ရစေနိုင်တယ်၊ ဖိုလ်ကိုလည်း ရစေနိုင်တယ်၊ နိဗ္ဗာန်ချမ်းသာသို့လည်း သွားနိုင်သော ဆိပ်ကမ်းကြီးသဖွယ်ဖြစ်တယ်´ဟု ဧကန်မှတ်ယူနိုင်ကြပေသည်။ (အကျယ်သိလိုပါမူ ပါရဂူကျမ်းများတွင် ဖတ်ရှုနိုင်ကြပါသည်။)

Wednesday, November 18, 2009

ကျမ်းပြုရခြင်းအကြောင်းရင်း

ဤသမထယာနိက ၀ိပဿနာဖြတ်လမ်း အာနာပါနသရုပ်ပြဋီကာ လက်စွဲကျမ်းကို ခမ်းခမ်းနားနား ရုပ်ပုံအမြောက်အမြားနှင့် ရေးသားရခြင်းအကြောင်းမှာ ကျေးဇူးရှင်၊ ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရား ရေးသားတော်မူအပ်သော ယောဂိပါရဂူကျမ်း၊ သစ္စပါရဂူကျမ်း၊ ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်း၊ ရွှေဘိုမြို့၊ ပုသိမ်တောကျောင်းဆရာတော် အရှင်ဗုဒ္ဓ၀ံသထေရ်ရေးသားသော ယောဂိပါရဂူကျင့်စဉ်ကျမ်းတို့တွင် ဖော်ပြထားချက်များကို ယောဂီအပေါင်းတို့ ခဲရာခဲဆစ် အဖုအထစ်မရှိဘဲ ကောင်းစွာလိုက်နာကျင့်ကြံနိုင်ကြစေရန် ရေးသားရခြင်း ဖြစ်ပါသည်။

ခဲရာခဲဆစ် အဖုအထစ်ဟူသည်မှာ သံသရာဝဋ်မှာ ကျွတ်လွတ်လိုကြသဖြင့် အာနာပါနစသော သမထ၊ ၀ိပဿနာတရားများကို ကျင့်ကြံကြရာတွင် အားထုတ်သူယောဂီတို့က တရားကိုယ်တရားကွက် လိုအပ်သည်ထက် ပိုသောကြောင့်လည်းကောင်း၊ လိုနေသောကြောင့်လည်းကောင်း ခရီးမပေါက်ဖြစ်တတ်ကြရပေသည်။ ထိုသို့မဖြစ်ဘဲ အာရုံသဘောမှန်ကန်မှသာ မဂ်ဖိုလ်နိဗ္ဓာန်ကို မျက်မှောက်ပြုရပေမည်။

ဘုရားရှင်လက်ထက်တော်က ကြီးခါမှ ရဟန်းပြုရသော တောထွက်အရှင်တစ်ပါးကို မြတ်စွာဘုရားက ဥဒယဗ္ဗယ-ဖြစ်ပျက်တရားကို ပေးသနားတော်မူလတ်သော် ထိုရဟန်းသည် ဂင်္ဂါမြစ်ကမ်းမှ အေးချမ်းသောကျောက်ဖြာထက်တွင် ရေပြင်ကိုကြည့်ရင်း ငါးလာရှာသော ဗျိုင်းအပေါ်တွင် စိတ်ရောက်လျှက် ဥဒယဗ္ဗယ(ဖြစ်-ပျက်)မှ ဥဒကဗက (ရေ-ဗျိုင်း)ဟု အာရုံရောက်သွားတော့သည်။ ထိုသို့ အာရုံလွဲသွားသောကြောင့် တရားမရဖြစ်ခဲ့လေသည်။ မမှားမယွင်း ဖြောင့်စင်းတော်မူကြပါစေ။
အမှန်တကယ်လိုချင်လှသဖြင့် ဤနည်းများအတိုင်း အားထုတ်ကြပါသော်လည်း တရားမတွေ့ဖြစ်ခဲ့ပါလျှင် ဆရာ၏အထံသို့ အမြန်ဆုံး လာရောက်၍ စုံစမ်းမေးမြန်းတော်မူကြပါ။ ၉-ရက်နှင့်အပြီး အားထုတ်နည်းကို ပေးအပ်ပါမည်။ ဤနေရာ၌ အထူးမှာလိုသည်မှာ စာကိုဖတ်၍ အားထုတ်ရခြင်းထက် ဆရာနှင့်အားထုတ်ခြင်းက ပိုကောင်းပါသည်။

ထိုအကြောင်းနှင့်စပ်၍ ဘုရားရှင်လက်ထက်တော်က ဇာတ်ကြောင်းတစ်ခုကို တင်ပြလိုပါသည်။ ဘုရားရှင်လက်ထက်တော်အခါက သံဃာ့ဂိုဏ်းကြီးများကို ပရိယတ်စာပေများကို ပို့ချနေသော မဟာသီဝမထေရ်ကြီးသည် မိမိပို့ချလိုက်သော တရားများဖြင့် ရဟန္တာဖြစ်သွားကြသူများရှိသော်လည်း မိမိကိုယ်တိုင်မူကား တရားမရဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် `မိမိသည် စာတတ်ပေတတ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် အားထုတ်လိုက်လျှင် ခဏချင်း တရားထူးရလိမ့်မည်´ဟု အထင်ကြီးနေသောကြောင့် ဖြစ်ပေသည်။ တပည့်ရဟန္တာများချည်း သုံးသောင်းကျော်ရှိသည်ဟု ဆိုပါသည်။

နောင်သောအခါ မိမိကိုယ်တိုင် အားထုတ်ကြည့်သောအခါ တစ်နေ့ရလိမ့်နိုးနိုး၊ တစ်ညရလိမ့်နိုးနိုး အားထုတ်ပါသော်လည်း တစ်နှစ်မရ၊ နှစ်နှစ်မရ၊ နှစ်ပေါင်း ၃၀-တိုင်တိုင် အားထုတ်ပြီး သုံးခါငိုပြီးနောက်မှ တရားရခဲ့သကဲ့သို့ ဖြစ်တတ်ပါသည်။ သတိပြုသင့်ပါသည်။

Monday, November 16, 2009

အာနာပါနသရုပ်ပြဋီကာ



ကန္နီနည်းဖြင့် သမထအားထုတ်ပုံအကြောင်းကို စိတ်ဝင်စားသူ အတော်များနေကြောင်း သိရသည်။ ထိုသူတို့အတွက် ယခု တင်ပြလတံ့သော အာနာပါနသရုပ်ပြဋီကာ စာအုပ်သည် အပြည့်အ၀တာဝန်ယူ ဖြည့်ဆည်းပေးလိမ့်မည်။ မိမိဘက်က အားထုတ်ဖို့ရန်သာ ရှိပါသည်။ အာနာပါနသရုပ်ပြဋီကာစာအုပ်သည် ရှေးအသုံးအနှုန်းရေးဟန်တို့ဖြင့် ရေးသားထားသည်ဖြစ်ရာ ယနေ့ခေတ် လူတို့အတွက် ဖတ်ရှုရန် အခက်အခဲ ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ ဤစာအုပ်ကို တင်ပြရာတွင် မူရင်းသတ်ပုံအတိုင်း မဟုတ်ဘဲ ပြောင်းလဲပြင်ဆင်၍ ရေးသားတင်ပြပေးသွားမည်။

အမှားအယွင်းများရှိပါက မူလစာအုပ်ရေးသားသူ၏ အပြစ်မဟုတ်ဘဲ ပြင်ဆင်ရေးသားသူ မိမိ၏ အမှားသာဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။ ဤစာအုပ်ပါ ကျင့်နည်းများကို သေချာဂရုစိုက်လေ့လာအားထုတ်လျှင် သမထအဆင့်တွင် အတော်ပေါက်ရောက်နိုင်ပါလိမ့်မည်။ ဤစာအုပ်ကို တစ်ပါတ်လျှင် တစ်ခန်း သို့မဟုတ် နှစ်ခန်း တင်ပြသွားနိုင်အောင် ကြိုးစားပါမည်။ တစ်ကြိမ်တည်းဆက်တိုက်တင်လိုက်လျှင် အမြဲလိုက်ဖတ်ဖို့ အားထုတ်ဖို့ မလွယ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။


နိဒါန်း
(အထူးဖော်ပြချက်များ)
ကျွန်ုပ်တို့၏ ကျေးဇူးရှင် ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားကြီး၏ အာနာပါနသမထယာနိက၀ိပဿနာ ရှုနည်းများသည် မကြုံစဖူး အလွန်ထူးဆန်းအံ့သြဖွယ်ရာ ကောင်းလှပေသည်။ မိမိကိုယ်တိုင် အားထုတ်ဖူးမှသာ သိရှိနိုင်ကြပေလိမ့်မည်။ ဤအချက်များကို ရေးထုတ်မပြသင့်သော်လည်း ဓမ္မမိတ်ဆွေကြီးများ အမှန်တကယ် အကျိုးများစေလိုသော စိတ်ထားနှင့် မလွှဲသာ မရှောင်သာ မျက်စိမှတ်ကာ ရေးသားတင်ပြရပေတော့မည်။ သင်သည် ကမ္မဋ္ဌာန်းတရားအားထုတ်သူ သူတော်ကောင်းကြီး ဖြစ်နေနိုင်၏။ သို့သော် အပါယ်လေးပါး ကျရောက်နိုင်သော အထုတ်ကြီးများကို သိမ်းပိုက်ထားမိလျှက်သာ ဖြစ်နေတတ်ပြန်သည်။ ပါရမီမရင့်သန်သေး၍ တစ်မဂ်တစ်ဖိုလ်မရသေးလျှင် အပါယ်လေးပါး အမွေမပြတ်နိုင်သေးချေ။ သေခါနီးကာလတွင် မဂ်၊ ဖိုလ်ကို အာရုံမပြုနိုင်ပါက ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလသုံးပါးတို့တွင် တစ်ပါးပါးကို အာရုံပြုမိလျှက်သားဖြစ်၍ နေပါလိမ့်မည်။ ထိုအာရုံကောင်းလျှင် တော်လှပေသည်။ ထိုအာရုံမှားလျှင် ဒုဂ္ဂတိဘ၀သို့ ရောက်ရပေလိမ့်မည်။ (ဧဠကပတ္တနဂါးမင်းကို ရှု)။

ဤသမထယာနိကလမ်းစဉ်ဖြင့် ဥပစာရသမာဓိ၏ ၀ိက္ခမ္ဘနသတ္တိထူးကြောင့် မမြင်မထင်ဖူးသေးသော ပွင့်တော်မူပြီးသော ၂၈-ဆူသောဘုရားများ၊ မိမိအာရုံစိုက်မိရာ စူဠာမဏိ၊ ဒုဿစေတီစသော တန်ခိုးကြီးဘုရားများ၊ အရှင်သာရိပုတြရာစသော သာဝကအဆူဆူတို့ကို ၀ိက္ခမ္ဘနအနေဖြင့် အာရုံစွဲမြဲယူ၍ ထားနိုင်လေသောကြောင့် သေခါနီးဓမ္မမိတ်ဆွေများ၏ အားကိုးစရာအချက်ကြီး အမှန်ဖြစ်လိမ့်မည်ကို သံသယမရှိသင့်။ ညွှန်ပြသောနည်းစနစ်အတိုင်း ကျင့်ကြံအားထုတ်လျှင် အာရုံဖြောင့်ကြမည်မှာ သေချာပါသည်။

တရားအားထုတ်မှု ရင့်ကျက်ကြသူတိုင်း သမထနည်းဖြင့် အာရုံပြုလိုက်လျှင် ဘုရားဆွမ်းစားကြွခြင်း၊ လူနတ်များကို တရားဟောနေခြင်း စသည်တို့ကို ထင်နိုင်သည်ဟု ဆိုကြသည်။ ထိုမျှမက ဘုရားရှင်၏ အသံတော်ကိုပါ ကြားရသည်ဟု ဆိုသည်။ ဦးဘိုကလေးဆိုသူသည် ငရဲသို့ အာရုံလွှတ်ခိုက် ပင်ပန်းဆင်းရဲလှသော ငရဲသားကို သူ၏အဖြစ်ကို မေးသောအခါ ပြန်ဖြေသည်ဟုပင် အစစ်ခံဖူးပါသည်။ ဤစကားများကို အထူးတိုက်တွန်းလိုသောကြောင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဤကျမ်းတွင် တရားသာဓကအနေဖြင့် ရုပ်ပုံပေါင်း (၅၀)ကျော်တို့နှင့် အချိုးတကျပြသထားပါသည်။ ကျေးဇူးရှင်ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရားကြီး၏ အာနာပါနသမထယာနိက ၀ိပဿနာဖြတ်လမ်းကမ္မဋ္ဌာန်းထိုင်နည်းသည် မည်မျှခရီးရောက်နိုင်သည်တို့ကို အကဲဖြတ် ခန့်မှန်းနိုင်ကြပေလိမ့်မည်။ စိတ်ပါလက်ပါ ကမ္မဋ္ဌာန်းဝါသနာထုံသွားကြစေဖို့ ရည်ရွယ်ပါသည်။

စာသဘော စာတွေ့ ပရိယတ်နည်းချည်းသာ အားကိုးပြီး ရေးသားထားရခြင်း မဟုတ်ပါ။ ပရိယတ်၊ ပဋိပတ် နှစ်ဌာနပေါင်းကာ မိမိကိုယ်တွေ့အားထုတ်ခဲ့သည်များ၊ မိမိ၏ ခုနှစ်နှစ်တိုင်တိုင် တရားပြသခဲ့ရာမှ ရရှိခဲ့သော ယောဂီအမျိုးမျိုးတို့၏ အတွေ့အကြုံ၊ ထင်မြင်သမျှတို့ကို စုပေါင်းပြီး ရုပ်ပုံပေါင်း (၅၀)ကျော်မျှဖြင့် တင်ပြထားသည်။

ဤကျမ်းပါ နည်းများသည် အထက်မြန်မာပြည်အရပ်ရပ် ရွှေဘို၊ စစ်ကိုင်း၊ ပခုက္ကူ၊ မကွေး၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိတ္ထိလာ၊ မြင်းခြံနယ်များတွင် လွန်စွာသဘောကျအားထုတ်သူများ များပြားလှပေသည်။ ပျော်ဘွယ်၊ တောင်သာ၊ နွားထိုးကြီးမြို့များတွင်လည်း အားထုတ်သူ အလွန်များသည်။

ကျွန်ုပ်တို့ကား ကျေးဇူးရှင်ကို ကျေးဇူးဆပ်သောအနေဖြင့် ရန်ကုန်မြို့ကြီးနှင့်တကွ အောက်မြန်မာပြည်အတွက် နည်းလမ်းပွင့်သွားပြီး တရားကိုယ်စီ အနည်းဆုံးအားဖြင့် တစ်မဂ်၊ တစ်ဖိုလ်တည်လွယ်ကြစေခြင်းအကျိုးငှါ ဤစာအုပ်ကိုထုတ်ဝေ၍ ကန္နီပဋိပတ္တိသာသနာကို အစပြုလိုက်ခြင်းသာ ဖြစ်ပါတော့သည်။ ဤစာအုပ်ငယ်ကို ၀ယ်ယူဖတ်ရှုတော်မူကြကုန်သော အမျိုးကောင်းသား၊ ယောက်ျားသူတော်စွာ ပညာရှင်ဓမ္မမိတ်ဆွေကြီးတို့သည် ဤနည်းလမ်းအတိုင်း အားထုတ်လိုကြပါက အလွယ်ဆုံးနည်းအားဖြင့် ကမ္မဋ္ဌာန်းအားထုတ်ရာနေရာလည်း ရှိ၊ အားထုတ်သူ ၅-ယောက်ထက်မနည်းရှိမည်ဆိုလျှင် မည်သည့်အခါမဆို ပြသပေးပါမည်။ သာသနာပြုရန် ၀န်မလေးပါ။ အကြောင်းကြားစေလိုပါသည်။ ငွေပေးရန် မလိုလားပါ။

အောင်ကြီး

ကန္နီပဋိပတ္တိသာသနာပြု

ကန္နီဖောင်ဒေးရှင်း ၀က်ဘဆိုက်မှ ကူးယူဖော်ပြပါသည်။

Saturday, October 31, 2009

မျက်ရည်များနဲ့ မနမ်းပါနဲ့

ဒီနေ့ ရာသီဥတုက အခါတိုင်းလို မဟုတ်။ မိုးရွာလိုက်၊ နေပူလိုက်၊ မိုးကြိုးတွေ ထစ်ချုန်းလိုက်။ ထင်ရာကြဲနေလေသည်။ အညာကအမေ တွေ့ချင်ပါသည်ဆို၍ ငတိတစ်ယောက် အဝေးပြေးကားဂိတ်သို့ အပြေးလာနေခဲ့သည်။ ငတိက တောသား။ ပြီးတော့ သင်္ဘောသား။ တောသားဆိုသော်လည်း တောသားဂိုက်က တစ်ခုမှ မရှိ။ နားမှာလည်း နားကွင်းနှင့်။ ဆံပင်ကိုလည်း ကိုးရီးယားမင်းသားလို အနီလေးတွေ ဆိုးထားသေးသည်။ စကားပြောတော့လည်း တောသားအမြင်အရဆိုရင် ဆောင့်ကြွားကြွားဟု ဆိုရမည်ဖြစ်သည်။ ပေါ့ပျက်ပျက်နှင့် ဘာကိုမှ စိတ်မချရဘူးဆိုတတ်သော ရန်ကုန်နေ ဦးလေးကြီးက အဝေးပြေးကားဂိတ်သို့ ပါလာသည်။
`ဟေ့ကောင်….ကြည့်စမ်း ငါတို့ငယ်ငယ်ကဆိုရင် ဒီ မြောက်ဥက္ကလာဆိုတာ တကယ့်တောကြီး အခု ကြည့်စမ်း၊ တိုးတက်နေလိုက်တာ၊ လိုင်းကားတွေလည်း အရင်က မရှိဘူး။ ကားအစုတ်တစ်စီးနှစ်စီးပဲ အရင်က ရှိတာ။ လမ်းကလည်း အရမ်းဆိုးတာ။ ဦးအသက်မှာတော့ ဒီအစိုးရလောက် တိုးတက်အောင်လုပ်နိုင်တဲ့အစိုးရ ရှိမယ် မထင်ဘူး´

ငတိ၏ ဦးကြီးသည် စကားကို တရစပ် ပြောရင်း တက္ကစီပေါ်လိုက်ပါလာသည်။ ဦးစကားပြောရင်း `ဒုန်း´ခနဲ အသံကြားမှ ငတိက ထ ရီမိလေသည်။ `ဟေ့ကောင် ငါက အကောင်းပြောတာ ဘာရီတာလဲကွ´ ဒရိုင်ဘာကလဲ `……မှပဲ အကုန်ပြုတ်ထွက်ကုန်တော့မှာပဲ´ထဆဲသည်။ ချိုင့်တွေခွက်တွေ ရှောင်မောင်းရင်း အဝေးပြေးကားဂိတ်သို့ ဦးတည်လာနေခဲ့သည်။
ဟိုတုန်းကဆိုလျှင် ငတိဆိုသောသူသည် အစိုးရကို အရမ်းမုန်းခဲ့သည်။ အသက်ပင်သေသေ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားသည်။ လောကတိုက်ပွဲထဲ ကိုယ်တိုင် ၀င်နွဲရသောအခါ အမြင်များပြောင်းလဲကုန်သည်။ `ငါ ဒီတိုက်ပွဲနွှဲလို့ ဘာဖြစ်မှာလဲ၊ ငါ့အသက်ပဲ သေသွားမယ်၊ ငါ့သားငါ့သမီးတွေသာ ဆင်းရဲတွင်းရောက်မယ်၊ ငါ့မျှော်မှန်းတဲ့ လွတ်လပ်ရေး ရမှာမဟုတ်ပါဘူး´။ ဤသို့သာ တွေးမိပြီး ဖားသင့်သူကို ဖား၊ ပေးသင့်သူကို ပေးပြီး လောကကို ရေလိုက်ငါးလိုက် မျောနေခဲ့သည်။ ဤအတွေးများ ၀င်လာခြင်းမှာ ဦးလေးကြောင့်ပင် ဖြစ်ပါသည်။ ဦးလေးတို့ မိသားစုသည် အခုဆိုလျှင် စီးပွားရေးကောင်းပါသည်။ စီးပွားရေးကောင်းသဖြင့် ဘာသာရေးတွေလည်း လုပ်နိုင်လာသည်။ အားလုံးက ပျော်ရွှင်ဖွယ်အတိ ဖြစ်လေသည်။ လောကကောင်းစားရေးဆိုပြီး မဖြစ်နိုင်တာလုပ်နေမယ့်အစား ငါ့ဘ၀ကောင်းစားရေးပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်မိလေသည်။

အခုဆိုလျှင် ငတိကိုယ်တိုင် လေးစားအားကျခဲ့ရသော စာရေးဆရာဦးကျော်ဝင်းတို့၊ ဦးချမ်းအေးတို့ ပညာရှင်လူတစ်သိုက်ကလည်း `ဘာပဲဖြစ်ဖြစ် လက်ခံလိုက်ကြဖို့´ဆိုတဲ့သဘောနှင့် မဂ္ဂဇင်းတစ်စောင်ထုတ်ပြီး ပညာသားပါပါ စည်းရုံးနေသည်။ သူတို့ပြောတာ သဘာဝကျသည်ဟု ထင်သည်။ နိုင်ငံရေးမှာ “Art of Possible နှင့် Art of Impossible”ဟု နှစ်မျိုးရှိသည်။ ပထမအမျိုးအစားမှာ ငတိတို့နိုင်ငံမှာ လက်ရှိအနေအထားအရ အဖြစ်သင့်ဆုံးဟု ဆုံးဖြတ်ပြသည်။ ဒုတိယအမျိုးအစားကတော့ မဖြစ်နိုင်ဟု ဆိုသည်။ ဒုတိယလမ်းစဉ်ကို ရွေးလျှင် သွေးထွက်သံယိုဖြစ်မည်၊ မှန်းချက်နှင့် နှမ်းထွက် မကိုက်နိုင်ဟု ဟောကိန်းထုတ်သည်။ ဆင်းရဲကျပ်တည်းမှုသို့ ဦးတည်မည်ဟု ခြိမ်းခြောက်သည်။ မဖြစ်နိုင်သောလမ်းစဉ်အစား လက်ရှိအနေအထားအရ ရေလိုက်ငါးလိုက်က အကောင်းဆုံးဖြစ်မည်၊ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမည်ဟု မြှူဆွယ်သည်။ ငတိ ပါသွားခဲ့လေသည်။

`ဟေ့ကောင်´ ဦးလေးအသံကြားမှ အတွေးထဲမှ လန့်နိုးလာခဲ့သည်။ `မနက် ၂၊ ၃ နာရီလောက်ဆိုရင် မင်းနတ်ပြည်တစ်ခုကို ရောက်လိမ့်မယ်။ နတ်ပြည်ဆိုတာ အဝေးကြီး၊ ငါတို့ မသိဘူး၊ ဒါပေမယ့် အဲဒီအချိန်ရောက်ရင် မင်းထကြည့်လိုက်၊ အစိုးရဖန်တီးပေးထားတဲ့ နတ်ပြည်ကြီးတွေ့လိမ့်မယ်။ ငါဖြင့် ဒီအစိုးရကို သိပ်အံ့သြတာပဲ။ လုပ်ထားလိုက်တာ။ ဟိုတုန်းက ကြပ်ပြေးဆိုတာ တကယ့်ကို တောခေါင်ခေါင်ကြီးကွ။ အခုတော့ လမ်းတွေ၊ မီးတွေ၊ အဆောက်အအုံသစ်ကြီးတွေ၊

ရွှေတိဂုံဘုရားပုံတူစေတီကြီး….အားပါး တကယ့်ကို အံ့သြစရာပဲကွာ။ တကယ့်ကို အလုပ်လုပ်နိုင်ကြတယ်´။ ဦးလေးက အားရပါးရ ရင်ဖွင့်နေခဲ့လေသည်။ ဦးလေးအိမ်မှာ လျှပ်စစ်မီးမမှန်၊ ရေမမှန်ဘဲ ဤစကားမျိုးကို သားရေကျအောင်ပြောနေသော ဦးလေးကို ကြည့်ပြီး အံ့သြမိသော်လည်း သဘောတော့ ကျနေမိခဲ့ပါသည်။

`အတွေးများလည်း ဟောင်းနွမ်းလွန်းလို့….လမ်းများဟာလည်း ဟောင်းနွမ်း……´ဇော်ဝင်းထွဋ်သီချင်းကို အာဇာနည်က ဟန်ပါပါ သီဆိုနေခဲ့သည်။ အရင်က အဓိပ္ပာယ်ကို သေချာမသိခဲ့။ အခုမှ တော်လှန်ရေးသီချင်းတစ်ပုဒ်ဟု ခံစားမိသည်။

မတိုးတက်တဲ့အခြေအနေတွေဟာ အပြောင်းအလဲမရှိလို့ဟု သီချင်းက ညည်းချင်းထုတ်သည်။ အတွေးအခေါ်တွေ မပြောင်းလဲသရွေ့ တိုးတက်တဲ့အပြောင်းအလဲဆိုတာ ပေါ်မလာဟု ခံစားစေချင်ပုံရသည်။ တော်လှန်ရေးသမားတစ်ယောက်အတွက်တော့ ဤသီချင်းက ခံစားလို့ အရမ်းကောင်းနေခဲ့ပေမည်။ `အတွေးများလည်း ဟောင်းနွမ်းလွန်းလို့….တစ်က ပြန်စကြစို့´အာဇာနည်က ဟန်ပါပါနှင့် တစ်က ပြန်စဖို့ တိုက်တွန်းနေသည်။

`ညီလေး ဒါ အသစ်လုပ်ထားတဲ့ နေပြည်တော်လမ်းမကြီးလေ´ဘေးက အစ်ကိုကြီးက လက်တို့ပြောသည်။ `ငါတို့ ဒီလမ်းသစ်ကြီးက သွားကြမှာ´။ ငတိတစ်ယောက် အလွန်ပျော်သွားသည်။ မသွားဖူးတဲ့လမ်းမကြီးအတိုင်း သွားရမှာဖြစ်လေသည်။ ဘာချိုင့်ခွက်မှ မရှိ၊ ပကတိလမ်းချောကြီး၊ ကျယ်ကလည်း အကျယ်ကြီး။ အဝေးပြေးကားကြီးသည် စိတ်ထင်တိုင်း ပြေးလွှားနေတော့သည်။ `ဒီလမ်းကနေမောင်းရင် နေပြည်တော်ကို ငါးနာရီပဲ မောင်းရတယ်´။ `အာ ဟုတ်လား….´။ မအံ့သြပဲ မနေနိုင်ပါ။ ငတိတစ်ယောက်

အစိုးရကို ကျေးဇူးတွေ တင်နေမိသည်။ ဤအတိုင်းဆို လမ်းပန်းဆက်သွယ်ရေးတွေ အတော်ကောင်းတော့မှာပဲ။
အိပ်ပျော်ပြီး လန့်နိုးလာတော့ လမ်းမီးတွေ ထိန်ထိန်ညီးနေတဲ့ နေပြည်တော်ကို ရောက်နေပြီမှန်း သိလိုက်ရသည်။ လမ်းတွေကလဲ အကျယ်ကြီးတွေ၊ လမ်းဆုံတွေဆိုရင် တော်တော်ကြည့်ကောင်းအောင် လုပ်ထားလေသည်။ မျက်စိပသာဒ အလွန်ဖြစ်ပဲ။ လမ်းမကြီးတွေ တစ်လျှောက်မှာလဲ လမ်းမီးတွေ ထိန်ထိန်ညီးလို့နေသည်။ ဆောက်ထားတဲ့ ရုံးအဆောက်အအုံသစ်ကြီးတွေကလည်း အတော်ပင် ခမ်းနားလှသည်။ `အော် တော်တော် လုပ်နိုင်တဲ့သူတွေပဲနော်´ ဘေးက အစ်ကိုကြီးက အံ့သြဘနန်း ဖြစ်နေသည်။ `ကြည့်စမ်း ဟိုးမှာ ရွှေတိဂုံစေတီပုံတူ….၊ သပ္ပာယ်လိုက်တာ´၊ ငတိတစ်ယောက် လက်အုပ်ချီမိုးမိလေသည်။ `နောက်လေးငါးနှစ်ဆိုရင် ရန်ကုန်ထက်ကို သာသွားမှာ´၊ တစ်ဘက်ခုံက ဘွားဘွားကြီး ပြောသံကို ကြားလိုက်ရသည်။

နေပြည်တော်ကို လွန်တော့ နေပြည်တော်ချီးမွှမ်းခန်းတွေ ထုတ်ကြသည်။ ငတိတို့ ချီးမွှမ်းတိုင်း တစ်ဘက်က လူလတ်ပိုင်းအစ်ကိုကြီး မျက်နှာတွေ တင်းနေတာကို သတိထားမိသော်လည်း အခြားအကြောင်းကြောင့်ဟုသာ ထင်နေခဲ့မိသည်။ ငတိကတော့ Art of possible တရားတော်ကိုသာ စိတ်ထဲဘ၀င်ကျနေခဲ့မိတော့ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေခဲ့ပါသည်။ ရွာပြန်ရောက်ရင် အရင်လို အစိုးရမကောင်းကြောင်းတွေ မပြောတော့ဘူး၊ အရင်လို ကန့်ကွက်ဖို့ မပြောတော့ဘူး၊ အစိုးရ မဟုတ်တာလုပ်ခဲ့တာတွေလည်း မပြောတော့ဘူး။ ပြည်သူတွေကို ရက်စက်တာကိုလည်း မပြောတော့ဘူး၊ စီးပွားရေးတွေ လက်ဝါးကြီးအုပ်နေတာတွေလည်း မပြောတော့ဘူး။ သယံဇာတတွေရောင်းပြီး ကိုယ့်အိတ်ကပ်ထဲ ထည့်နေတာတွေလည်း မပြောတော့ဘူး၊ တော်လှန်ရေးသမားတွေကို မတရားဖမ်းဆီးပြီး ထောင်ထဲချနေတာတွေကိုလည်း မပြောတော့ဘူး၊ မပြောတော့ဘူး၊ ဘာမှ မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေက ထောက်ခံမှ တိုင်းပြည်ကောင်းစားနိုင်မှာ ဖြစ်တဲ့အတွက် ထောက်ခံလိုက်ကြဖို့ ပြောတော့မယ်။

နေပြည်တော်လမ်းမကြီးကျေးဇူးကြောင့် ဇာတိမြို့လေးကိုအစောကြီး ရောက်ခဲ့လေသည်။ လွန်ခဲ့သော ၁၅-နှစ်ခန့်က ဆိုက်ကားငှါးပြီး သွားရတာဆိုတော့ အခုဆိုရင် တက္ကစီများဖြစ်နေမလား တွေးနေမိသော်လည်း ဆိုက်ကားပဲ ဖြစ်နေတာကို တွေ့ခဲ့ရသည်။ ပြောင်းလဲသည်မှာ ဆိုက်ကားခသာလျှင် ဖြစ်လေသည်။ `စီးပွားရေးပိတ်ဆို့မှုသာ မရှိခဲ့ရင် ဒီကောင်တွေ လေယာဉ်တောင် စီးနေရချင် စီးနေရမှာ´ဟု တွေးမိသည်။ ငတိတစ်ယောက် နေပြည်တော်မြင်ပြီး အမှန်တရားတွေ ရနေခဲ့လေသည်။

ဆိုက္ကားဖြင့် ကားဂိတ်သို့ ဆင်းခဲ့သည်။ လွန်ခဲ့သော ၁၅-နှစ်က ကားကြီး မရှိလောက်တော့ဘူးဟု ထင်နေခဲ့သော်လည်း ငတိငယ်ငယ်က ကားကြီးသာ ဖြစ်နေခဲ့လေသည်။ ကားခေါင်းထဲတွင် ဟိုတုန်းက ဆိုဖာလေးရှိသော်လည်း အခုအခါ ပုဆိုးအစုတ်လေးသာ ခင်းပေးထားသည်။ ဓာတ်ဆီများကလည်း နေရာအနှံ့ပေနေသည်။ `ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒီကား ဆွဲနေတာနော်´ဟု ဒရိုင်ဘာကြီးအား မေးသောအခါ `ကောင်လေး အသက် ဘယ်လောက်ရှိပြီလဲ´ဟု ပြန်မေးပါသည်။ `ကျွန်တော့်အသက် ၂၉-ပါ´ဟု ဖြေလိုက်သောအခါ `ဟား…ဟား…ဟား´ဟု ရယ်ပါသည်။ တစ်ဆက်တည်း `ဒါဆို ကောင်လေးအသက်က ငယ်သေးတာပဲ၊ ဘကြီး ဒီကားကို စမောင်းတာ ၁၃၇၆-နှစ်ကကွ´ဟု ဆိုသောအခါ ငတိတစ်ယောက် အံ့သြခဲ့ရသည်။

မတွေ့တာ ကြာပြီဖြစ်လို့ အမေ၊ အဖေနဲ့ ဆွေမျိုးသားချင်းတွေ ပျော်နေကြသည်။ ငတိလည်း ပျော်သည်။ ခွဲခွါခဲ့တဲ့ကာလတွေကို ပြန်လည်စမြုံ့ပြန်ရင်း စကားတွေ ဖောင်ဖွဲ့နေခဲ့ကြသည်။ လျှပ်စစ်မီးမရသော်လည်း မီးစက်များဖြင့် ရွာက ထိန်လင်းနေသည်။ ဗွီဒီယိုရုံမှာလည်း လူငယ်၊ လူကြီးတရုန်းရုန်း စည်ကားနေသည်။

`မင်းပြန်လာတော့ အေးအေးဆေးဆေးကော ရှိရဲ့လား´ ရွာဦးကျောင်းဆရာတော်ကို သွားကန်တော့သောအခါ ဆရာတော်က မေးသည်။ `ငါတို့က မင်းဟိုမှာ ဆန္ဒပြတာတွေ ပါတယ်ဆိုတော့ အေးအေးဆေးဆေးမှ ပြန်ရောက်ပါ့မလားဆိုပြီး စိတ်ပူနေကြတာ´ဟု မိန့်သည်။ `အလကားပါကွာ….အဓိပ္ပာယ်မရှိတာတွေ လျှောက်မလုပ်နဲ့၊ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကိုသာ အားထုတ်ကြားလား´။ `တင်ပါ့ဘုရား´။ `ဒီအတိုက်အခံတွေကြောင့် ဒို့နိုင်ငံက မတိုးတက်တာ၊ ဒီအစိုးရအလိုသာဆိုရင် သူ့ဟာသူ အေးအေးဆေးဆေး လုပ်ခွင့်ရရင် ဒို့နိုင်ငံက တော်တော်ကို တိုးတက်နေပြီကွ´။ `တင်ပါ့ဘုရား´။ ငတိတစ်ယောက် အမြင်များပြောင်းလဲ လာခဲ့လေသည်။

ဆရာတော်ဆီက ပြန်လာတော့ သူငယ်ချင်းတွေ လာလည်ကြသည်။ လူငယ်လေးတွေလည်း ပါသည်။ `ဟိုကောင် မောင်ထွန်း မင်းဘယ်နှတန်းရှိပြီလဲ´။ `ဟာ အစ်ကိုကလဲ ကျုပ်ကျောင်းထွက်တာ လေးတန်းအောင်ကတည်းကလေ´။ `ဟေ…ဘာဖြစ်လို့ ထွက်လိုက်တာလဲကွ၊ ပညာဆိုတာ သင်ရတယ်ကွ၊ အနည်းဆုံး ၁၀-တန်းလောက်တော့ တက်သင့်တာပေါ့´။ `တက်ချင်တာပေါ့ဗျာ၊ အိမ်က မိဘတွေမှာမှ ကျောင်းစရိတ်မရှိတာ၊ နောက်ပြီး အိမ်ကလဲ လုပ်မယ့်သူလည်း မရှိဘူးလေ´။ ငတိတစ်ယောက် ခပ်တွေတွေ ဖြစ်သွားမိသည်။ `အစ်ကိုကလည်း သိရဲ့သားနဲ့၊ ဘွဲ့ရတော့လည်း ဘာအသုံးကျလို့လဲ၊ လေးတန်းအောင်လည်း ပေါက်တူးကိုင်၊ ထွန်ရတာပဲ၊ ဘွဲ့ရပြီး ပြန်လာလည်း ပေါက်တူးကိုင် ထွန်ထိုးရတာပဲ၊ ကျုပ်တော့ အထင်မကြီးပေါင်ဗျာ´။ မြတ်စိုးက ၀င်ပြောသည်။ အခြေအနေက ဟုတ်တုတ်တုတ်ဟု ငတိ ခံစားမိသည်။

ခဏကြာတော့ မိန်းကလေးအုပ်စု ၀င်လာပြီး နှုတ်ဆက်သည်။ `ဟေ့ သန်းဆင့်…နင် ဆရာမကြီးလုပ်တော့မယ်ဆို´။ `ဟုတ်ပ အစ်ကိုရေ…ဆရာမကြီးလုပ်ဖို့ အကပ်မရှိတာနဲ့ ငွေကုန်လူပန်း၊ ရှိစုမဲ့စုလေးတွေလည်း ကုန်ပြီ၊ ဆရာမအလုပ်တော့ လုပ်ချင်ပါရဲ့၊ ငွေမလိုက်နိုင်တာနဲ့ မလုပ်တော့ဘူး´။ `ဟေ´တစ်လုံးသာ ငတိပါးစပ်က ထွက်ကျလာသည်။ `ဟာ…ဆရာမလုပ်တာ အကပ်တွေ၊ ငွေတွေ ပေးရသလားဟ´။ `အမလေး သိရဲ့သားနဲ့တော်၊ ငွေငါးသိန်းပေးရင် ရအောင်လုပ်ပေးမယ်၊ ဟိုမြို့က ပညာရေးမှူးနဲ့ ငါသိတယ်ဆိုပြီး ပွဲစားတစ်ယောက်တောင် ရောက်လာသေးတယ်၊ ငွေငါးသိန်းသာ ကုန်တယ်၊ ဘာမှ ဖြစ်မလာဘူး တော်ရေ…´။ ငတိတစ်ယောက် နေပြည်တော်ကြီးအကြောင်း ဘယ်ကစပြီး ကြွားရမှန်းမသိ ဖြစ်နေခဲ့လေသည်။ နောက်ရောက်လာပြီး နှုတ်ဆက်သော ၁၄-၁၅-နှစ်အရွယ် လူငယ်လေးတွေလည်း စုတ်တီးစုတ်ပြတ်၊ ကျောင်းနေရမယ့်အရွယ်မှာ အလုပ်ကြမ်းလုပ်နေရသော သူတို့ဘ၀များကို ငတိတွေ့မြင်ခဲ့ရတော့ အတွေးရေစီးကြောင်းတွေ ပုံမှန်ဖြစ်မနေခဲ့ဟု ခံစားနေမိခဲ့လေသည်။

`အေးကွာ…မင်းတို့တွေ ရှေ့ဘ၀က ဒါနနည်းခဲ့လို့ ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်နဲ့ လူဖြစ်လာရတယ်၊ ဆင်းရဲတော့ ပညာမတတ်ဘူး၊ ပညာမတတ်တော့ မင်းတို့မှာ အာဏာမဲ့တယ်၊ မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့ကွ၊ ရှိတာလေးတွေ လှူကွ ကြားလား၊ အဲဒါမှ နောက်ဘ၀တိုးတက်ကြီးပွားမှာ၊ ဒါနများများလုပ်ကြ´ဟု ဒီဘက်ခေတ် ဘုန်းကြီးတော်တော်များဟောလေ့ရှိသော တရားအတိုင်း ပြောလိုက်ရရင် ကောင်းမလား´ဟု ငတိတွေးမိလိုက်သေးသည်။ `ဒီလို အကျပ်အတည်းကာလမှာ ဒီတရားမျိုးက သူတို့အတွက် အသုံးမ၀င်ပါဘူးကွာ´ဟု ပြန်တွေးမိတော့ ငတိတစ်ယောက် ပါးစပ်ပိတ်နေခဲ့လေသည်။

ညက စကားတွေ ပြောခဲ့တော့ မနက် နွားခြူသံတွေ ကြားမှ လန့်နိုးလာခဲ့သည်။ ပဲပြုတ် လည်ရောင်းသူများ၊ အကြော်ရောင်းသူများ အသံများလည်း ကြားနေရသည်။ အရင်က အခုလို ဈေးသည်များ မရှိ။ မနက် ကိုးနာရီလောက်ရောက်တော့ `ဟေ့ မကြွက်ပုတို့ မျှစ်တွေ ယူကြအုံးမလား၊ နုတယ်လေ၊ ယူပါအုံးတော်၊ တစ်ပိဿာလောက်တော့´ဆိုပြီးပြောရင်းနဲ့ ခေါင်းရွက်ဈေးသည်တစ်ယောက် အိမ်ထဲဝင်လာခဲ့သည်။ မိုးကလည်း တဖွဲဖွဲကျနေခဲ့သည်။ မိုးဖွဲဖွဲကို ဂရုမစိုက်နိုင်အား။ သမုဒ္ဒရာ ၀မ်းတစ်ထွာမို့လား။ အိမ်ရှင်က ၀ယ်မ၀ယ်မသိ၊ တစ်ပိဿာ ချိန်တွယ်ပြီး အိမ်ရှေ့မှာ ချထားပြီး `တစ်ပိဿာ ထားခဲ့ပြီဟေ့၊ ပိုက်ဆံနောက်မှပေး´ဟု ဆိုကာ ထွက်ဖို့ ပြင်နေသည်ကို ငတိတစ်ယောက် လှမ်းတွေ့နေရသည်။

ငတိတစ်ယောက် မသင်္ကာတာနဲ့ `မကြွက်ပု အဲဒါ မခင်စောကြီး မဟုတ်လား´။ `အေး ဟုတ်တယ်လေ´။ `ဗျာ…ဘယ်လိုဖြစ်တာလဲဗျာ၊ အရင်က သူတို့ မချမ်းသာပေမယ့် လယ်နဲ့ယာနဲ့ တင့်တောင့်တင့်တယ် မဟုတ်လားဗျ´ဟု ပြောရင်း `ဗျို့ မခင်စော လာပါအုံးဗျ၊ ခင်ဗျားက ကျုပ်ကိုတောင် နှုတ်မဆက်ဘဲ သွားတယ်ပေါ့လေ´။ `သိပါဘူးတော်၊ ဒီမှာလဲ ကိုယ့်အာရုံနဲ့ကိုယ် မတွေ့မိလို့ပါ၊ ဘယ်တုန်းက ရောက်တာလဲ´။ `ခင်ဗျားမေးခွန်းတွေ အသာထားပါအုံး၊ ဘယ်လို ဖြစ်တာလဲဗျာ။ လယ်တွေ ယာတွေက သီးနှံမရလို့လား၊ အခုလို ဖြစ်သွားတာ´။ ဆံပင်မှာ စိုရွှဲနေသော မိုးရေစက်လေးများ ခါထုတ်ရင်း မခင်စော နှုတ်ခမ်းတစ်ချက် ကိုက်လိုက်တာ သတိထားမိသည်။
`ကုန်ပြီလေ၊ အကုန်ပါသွားတာပဲ´။ `ဗျာ၊ ဘာတွေ ပါသွားတာလဲ၊ ရှင်းရှင်းပြောစမ်းပါဗျာ´။ `မောင်ရင် မတွေ့ခဲ့ဘူးလား၊ လမ်းမှာ ကြပ်ပြေးဆိုတာကြီးကိုလေ´။ `ဟာဗျာ..ခင်ဗျားကလဲ အဖမ်းခံနေရပါအုံးမယ်၊ နေပြည်တော်လို့ ပြောပါဗျ´။ `အဖမ်းခံရလဲ တတ်နိုင်ဘူးတော်ရေ၊ အဲဒါတွေ ဆောက်လို့ ကျုပ်လယ်တွေ၊ ယာတွေ အကုန်ပါသွားပြီတော်ရေ၊ အိမ်တောင် ကံကောင်းလို့ တစ်ခြမ်းပဲ ဖဲ့ပေးလိုက်ရတာ´။ `ဗျာ….နို့ဆိုရင် လျှော်ကြေး ရမှာပေါ့ဗျ´။ `ရပါလိမ့်မယ် အားကြီးကြီး၊ ဘာ တစ်ပြားတစ်ချပ်မှ မရဘူး၊ မရလို့ သားသမီးငါးယောက် ဆွေးမျိုးအိမ်တွေဆီပေးပြီး ထမင်းလေး စားရပါစေတော့ဆိုပြီး အခုလို မျှစ်လည်ရောင်းနေတာပဲ ကြည့်ပေတော့ မောင်ငတိရေ´။ နဖူးမှာ စိုရွှဲပြီးကျနေသော ဆံပင်များကို ဖယ်ထုတ်ရင်း မျက်ရည်ဝဲကာ ပြောပြနေခဲ့လေသည်။

မောင်ငတိခမျာ `ဗျာ´ဟူသော စကားတစ်ခွန်းမှတစ်ပါး အခြားပြောစရာ စကားများ မရှိဖြစ်ခဲ့လေသည်။ `ဒို့လယ်ယာမြေတွေကို အခု တိုက်ကြီးတွေဆောက်ပြီး ဈေးပေါပေါနဲ့ ပြန်ရောင်းနေတယ်၊ ငါရင်နာလိုက်တာ ငတိရယ်´။ ပြောရင်းပြောရင်း မခင်စောတစ်ယောက် မျက်ရည်များ ဖြိုင်ဖြိုင်ကျနေတော့သည်။ ငတိလည်း ဘာသားနှင့် ထုထားတာမို့လည်း။ ထိုညက အိပ်မပျော်ခဲ့ပါ။
မခင်စောမှတစ်ဆင့် တောသူတောင်သားတို့၏ မျက်ရည်များကိုလည်း မျက်ရည်ကြားထဲမှ မြင်ယောင်ကြည့်နိုင်ခဲ့လေသည်။

ဂန္ဒီကြီး ပြောခဲ့သော စကားတစ်ခွန်းကို သတိရမိခဲ့သည်။ `ဘယ်နိုင်ငံရေးစနစ်ပဲဖြစ်ဖြစ် ဆင်းရဲသားတို့၏ မျက်ရည်နှင့် ရောထွေးနေလျှင် မှန်ကန်သောစနစ် မဖြစ်နိုင်´ဟူ၏။ `တောသူတောင်သားတို့၏ မျက်ရည်နှင့် ရောထွေးနေသော နေပြည်တော်ဆိုတာကြီးသည်လည်း မှန်ကန်သော အခင်းအကျင်းမဖြစ်နိုင်´ဟု ငတိတစ်ယောက် စဉ်းစားနေမိတော့သည်။ ဖြစ်နိုင်လျှင် ရန်ကုန်အပြန်မှာ ထိုလမ်းမများပေါ်တွင် တံတွေးထွေးခဲ့ချင်ပါသည်။

လက်စသတ်တော့ ကြပ်ပြေးသည် ပြည်သူများအား မျက်ရည်များနှင့် နမ်းခြိုက်နေခဲ့သည်တကား။

Thursday, September 24, 2009

ရန်ကုန်သွားတောလား (၄)

စကားများများ မပြောချင်လို့ မြို့ထဲလမ်းဘေးအဟောင်းဆိုင်များသို့ သွားရင်းငေးရင်းဖြင့်သာ အချိန်တွေ ကုန်နေတော့သည်။ တွေ့သင့်တဲ့သူတွေကိုလဲ တွေ့ဖို့ ပျက်ကွက်နေခဲ့လေသည်။ သူငယ်ချင်းများ ပါးလိုက်သော လက်ဆောင်များလဲ အကုန်ပေးပြီးဖြစ်၍ စိတ်ငြိမ်းအေးမှုတစ်ခုကို ခံစားလာရသည်။ နေ့စဉ်နေ့တိုင်းတွေ့နေခဲ့ရသော နိစ္စဓူဝ ရုန်းကန်နေပုံများကို ကြည့်ရင်း ရင်တွေ မောပြီးရင်း မောနေခဲ့သည်။ တွေ့နေရတဲ့ဘ၀တွေက နိုင်ငံခြားသွားပြီး ဒေါက်တာဘွဲ့ဆိုတာကို မလုပ်သင့်ဘူးလို့ တားမြစ်နေကြသလို ခံစားနေရသည်။

နာဂစ်ရဲ့ခေါ်ဆောင်ရာနောက်သို့ တိမ်တွေလို လွင့်ပါသွားရသူများကိုလဲ တွေ့ရသည်။ “တပည့်တော်ကတော့ နာဂစ်ကြောင့် နယ်ကို မိသားစုလိုက် ပြေးခဲ့ရတာဘုရား၊ အဲဒီတုန်းက ဒုက္ခတွေ ရောက်လိုက်တာဘုရား၊ စားစရာမရှိ၊ နေစရာ မရှိ”။ ဒကာကြီးက စကားကို ရပ်ပြီး ငေးနေခဲ့လေသည်။ သူ့မျက်နှာမှာ မျက်ရည်တွေ ဝေ့၀ဲလို့။ “တပည့်တော်ရဲ့ ငါးနှစ်အရွယ်သမီးလေးက သေသွားသလား၊ အသက်ရှင်နေသေးလား တပည့်တော် အခုထိ မသိရဘူးဘုရား”။ “အကူအညီတွေ မပေးကြဘူးလား”ဆိုတော့ “အလကားပါဘုရား၊ ဂိုထောင်ထဲထည့်ခိုင်းလို့ ပြန်လှည့်သွားကြတဲ့ အလှူရှင်တွေက မနည်းဘူး”။ အဖြစ်အပျက်တွေက ခန့်မှန်းပြီးသားဖြစ်နေခဲ့သော်လည်း လက်တွေ့ကြုံခဲ့သူတစ်ဦးက ပြောဆိုခြင်းဖြစ်၍ ရင်ခုန်သံတွေက သစ်နေခဲ့လေသည်။
“တပည့်တော်တို့အိမ်ဆိုရင် သစ်ပင်က ပိသွားတော့ အိမ်ရော၊ ပရိဘောဂတွေကော အားလုံး ရစရာကို မရှိတော့ဘူး။ လယ်ထဲက စပါးတွေအားလုံး ပျက်စီးသွားတော့ အခြေအနေက တော်တော်ဆိုးခဲ့တယ်ဘုရား၊ အသက်မသေတာပဲ ကံကောင်းတယ်”။ ဧရာဝတီမြို့တစ်မြို့က ကရင်ဒကာကြီးက ရင်ဖွင့်ပြတယ်။


ရန်ကုန်မြို့ထဲ လျှောက်သွားရင်း လမ်းဘေးမှာ တောင်းစားနေရသော ကလေးငယ်များကိုတွေ့တိုင်း နာဂစ်ရဲ့သားကောင်လေးတွေလားလို့ စိတ်ထဲမှာ တွေးထင်နေခဲ့သည်။ ပိုက်ဆံတွေ ချမ်းသာလို့ မဟုတ်သော်လဲ တတ်နိုင်သရွေ့ပေးကမ်းနေဖြစ်ခဲ့သည်။ “ငါသာ ပိုက်ဆံရှိရင် ဒီကလေးလေးတွေကို ကျောင်းထားပေးချင်တယ်”။ သီရိလင်္ကာက အခမဲ့ပညာရေးစနစ်ကိုလဲ လွမ်းနေမိပါသည်။
ကရင်ပြည်နယ်က ကျောက်တစ်လုံးဆရာတော်ရဲ့ သတင်းကြားရတာတော့ ၀မ်းသာစရာ အလွန်ကောင်းပါသည်။ ကျောင်းသားပေါင်း ၅၀၀၀-ကျော်ကို အခမဲ့ပညာသင်ကြားပေးနေသည်။ အ၀တ်အစားအနေအထိုင်မှစပြီး အစစအရာရာ အဆင့်မီမီ သင်ကြားပေသည်ဟု သိရသည်။ ကျောင်းထဲမှာ ကျောင်းသား၊ ကျောင်းသူလေးများကို အင်တာနက် စိတ်ကြိုက်သုံးခွင့်ပေးထားသည်ဟု ဆိုသည်။ “တိုင်းပြည်အနှံ့ ငါတို့ဘုန်းကြီးတွေက အဲဒီလို လုပ်ပေးနေရင် ဘယ်လောက်ကောင်းမလဲ”။ အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေက နာမည်ကြီးဖို့၊ ဘဏ်မှာ ပိုက်ဆံများများ အပ်နိုင်ဖို့လောက်ကိုသာ အာရုံကျနေခဲ့ကြလေသည်။

“ထမင်းငတ်နေသူအတွက် ထမင်းကျွေးသောသူဟာ ကျေးဇူးရှင်ဖြစ်သည်၊ ထမင်းကျွေးသော ဘာသာဟာ သူတို့အတွက် မှီခိုရာဖြစ်သည့်အတွက် ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ပျက်စီးတိမ်းပါးနေကြသည်”ကို လစ်လျူမရှုသင့်တော့။ အမေရိကန်သမ္မတအိုဘားက Change ဟု အော်နေသလို မြန်မာက ဘုန်းကြီးများ (နိုင်ငံဆိုတာကိုတော့ မပြောတော့ဘူး) အတွက်လဲ အဲဒီစကားလုံးက အရမ်းကို လိုအပ်နေပါပြီ။ ရန်ကုန်က မိုးနည်းလာလို့ သွားရလာရ အိုက်စပ်နေခဲ့သည်။

တစ်နေ့က သူငယ်ချင်းစာရေးဆရာတစ်ဦးဆီ ရောက်ခဲ့သည်။ “ကိုယ့်လူ ကျောင်းလေးဘာလေး မထိုင်သေးဘူးလား” မေးတော့ “အေး…ကျောင်းထိုင်မယ်ဆိုရင်တော့ ထိုင်သင့်နေပြီ။ အခုလောက် အလုပ်တွင်ကျယ်အောင် မလုပ်နိုင်ဖြစ်နေမှာစိုးလို့ မထိုင်ချင်သေးဘူး၊ အရင်ကတော့ ရန်ကုန်မှာ ကျောင်းလေးဘာလေး ရအောင်ဖန်တီးပြီး နေမလို့ပဲ။ အခုတော့ အဲဒီစိတ်ကူးတွေ တစ်ခုမှ မရှိတော့ဘူး၊ အရင်က ရအောင်ဆိုပြီး စိတ်ကူးခဲ့တာ၊ အခု စိတ်ကူးတွေက တစ်မျိုး ဖြစ်ကုန်ပြီ၊ ငါ ဘယ်လို ပေးဆပ်ရမလဲ၊ အဲဒီလိုပဲ စိတ်ကူးရှိတော့တယ်၊ ဘုန်းကြီးတစ်ပါးအနေနဲ့ နေရာဆိုတာကြီးကို ကြောင့်ကြစိုက်နေကတည်းက ပုံစံမကျတော့ဘူး၊ အဲဒီလိုပဲ မြင်လာခဲ့ပြီ”။ သူငယ်ချင်းက သောက်လက်စ ပရီမီယာကော်ဖီခွက်ကို ကြိုက်ချလိုက်သည်။ ပြီးမှ `လူရှေ့သူရှေ့မှာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ၀ိနည်းလေးစားသလိုလို၊ တရားကျင့်သလိုလို၊ တစ်လောကလုံးကောင်းစားရေးအတွက် စိတ်ကူးရှိသလိုလိုနဲ့ ဘဏ်အကောင့်မှာ ငွေတွေ ဖြည့်နေတဲ့ ဘုန်းကြီးတွေ၊ ကျောင်းကြီးတွေ ဟိန်းနေအောင်ဆောက်ပြီး မရှိဆင်းရဲသားတွေကို ကူညီဖော်မရဘဲ စည်းစိမ်ယဇ်နေတဲ့ ဘုန်းကြီးတွေ…အဲဒီဘုန်းကြီးတွေကို ငါသိပ်မုန်းလာပြီကွာ´။ ပြောရင်းနဲ့ သူငယ်ချင်းက လမ်းဘေးက သစ်ငုတ်တိုကြီးကို လှမ်းမျှော်ငေးနေခဲ့လေသည်။

နေရာတိုင်းမှာ စုတ်ပြတ်သတ်နေအောင် တစ်ဝမ်းတစ်ခါးလှဖို့ ရုန်းကန်နေသူ လူငယ်လေးတွေ၊ လူကြီးတွေ အများကြီး တွေ့နေရတယ်။ စာသင်ရမယ့်အရွယ်တွေ၊ တောရွာတွေမှာလဲ တချို့ကလေးတွေဟာ ဉာဏ်ကောင်းပါလျက်နဲ့ လေးတန်းလောက်အဆင့်မှာ ကျောင်းထွက်၊ အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ အချို့က ရန်ကုန်တက် လက်ဖက်ရည်မှာ စားပွဲထိုးလုပ်။ သူတို့ဘ၀တွေရဲ့ ရှေ့ရေး ဘယ်လို ဆက်တွေးရမလဲ။ ဒီလို လူငယ်တွေဟာ နိုင်ငံနဲ့အ၀ှမ်း။ ကြေတော့ ကြေငြာပါတယ်။ “မြန်မာနိုင်ငံဟာ စာတတ်မြောက်မှုနှုန်း ၉၀ ဆိုလား၊ ၉၅ ဆိုလား”။ ဘယ်လိုပေတံနဲ့ တိုင်းပါလိမ့်။ မတွေးတောဘဲ သိနေခဲ့လေသည်။ အဘယ့်ကြောင့် ဆိုသော မေးခွန်းအတွက် စာကြည့်တိုက်များ တစ်ရွာတစ်ခုရှိသည်ဆိုသော အဖြေသာ ဖြစ်ပါသည်။ အမှန်တကယ် လက်တွေ့မှာတော့ ၁၀-ရွာတွင် ၅-ရွာမှာ စာကြည့်တိုက်ရှိသည်ဟု ဆိုလျှင် လွန်ကောင်းလွန်သွားနိုင်ပါသည်။ ထို ၅-ရွာမှာ စာကြည့်တိုက် ၅-တိုက်တွင် တာဝန်သိ စာရေးဆရာဦးဇင်းများ ဆောက်လုပ်သော စာကြည့်တိုက်မှာ ၃-တိုက်လောက် ပါဝင်နေပါလိမ့်မည်။
ထိုမျှ များပြားနေသော စာကြည့်တိုက်ကြီးများဖြင့် စာတတ်မြောက်မှုနှုန်းထားကို တွက်ချက်ပြနေသော်လည်း “မြန်မာနိုင်ငံမှာ စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေဘယ်လောက် ရိုက်လေ့ရှိပါသလဲ”။ “အုပ်ရေ ငါးရာ၊ တစ်ထောင် ရိုက်နှိပ်ပါတယ်”။ “အဲဒီအုပ်ရေ ၅၀၀-ကို ဘယ်နှစ်ရက်ရောင်းရပါသလဲခင်မျာ”။ ဒီတစ်ခါတွင် အဖြေရကျပ်သွားသည်။ အမေးရှိသော်လည်း အဖြေကား ရှိမနေခဲ့ပါ။

ခက်မောမောဖြင့် ဆက်လက်ဖော်ပြပါအုံးမည်…..

Friday, September 18, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (နိဂုံး)

(နည်းနည်းတော့ ရှည်လျားတယ်၊ အင်တာနက်က အမြဲသုံးလို့ မလွယ်ဘူး။ လွယ်တော့တော့လဲ လွယ်ပါတယ်လေ။ အီးမေးလ်ပဲ သုံးလို့ရတယ်။ ပို့စ်တင်ဖို့က မလွယ်ဘူး။ ဒါကြောင့် တစ်ခါတည်း အရှည်ကြီးကို တင်လိုက်တယ်။ ရန်ကုန်သွားတောလားကလဲ တန်းလန်း၊ ရဟန်းတော်များရဲ့ အမွေအနှစ်ကလဲ တန်းလန်း။ တန်းလန်းတွေက များနေတယ်။ နောက်ပြီး ကိုယ်ကလဲ ခရီးသွားရင်း တန်းလန်းဆိုတော့......အစစ ကြည့်လုပ်နေရတယ်။

ရေးထားတဲ့သူက တော်တော်ကောင်းတယ်။ တစ်နေ့က တက္ကသိုလ်ထဲရောက်သွားတော့ ဒီဆောင်းပါးကို စာအုပ်ငယ်လေးလုပ်ပြီး လိုက်ဖြန့်နေတယ်တဲ့။ ကျောင်းသားတွေကို အခမဲ့ ဝေပေးနေတယ်။ ပြန်ပွားအောင်လုပ်နေတာတွေ့တော့ ၀မ်းသာမိပါတယ်။ သူနဲ့ကိုယ်နဲ့လဲ မသိဖူးပါဘူး။ ထားပါတော့၊ ခင်ဗျားတို့လဲ ဖတ်ကြည့်လိုက်အုံးပေါ့ဗျာ)

ဒီမှာ လွဲမှားနေတဲ့ အရာတစ်ခု ရှိပါတယ်။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်တွေနဲ့၊ မွတ်စလင်တွေနဲ့ အမည်ခံတွေ့ဆုံးစည်းဝေးပြောဆိုမှုတွေကို မြှင့်တင်လုပ်ဆောင်နေကြခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီး ဂုဏ်ယူနေကြပါတယ်။ ထေရ၀ါဒနဲ့မဟာယာန၊ မဟာယာနနဲ့တိဗက်…….အဲဒီလို အဲဒီလို ဗုဒ္ဓဘာသာဝင်အချင်းချင်းတွေ့ဆုံဖို့ကျတော့ အတော်ကို ခေါင်းမာနေကြဆဲပါ။

ဒီအဓိက ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးသုံးခုကြားမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့ တွေ့ဆုံမှု နည်းနည်းလေးမှ မရှိတာဟာ အတော့်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ စီးပွားရေးအရ အင်အားနည်းတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းတွေနဲ့ ဘုန်းကြီးတွေဟာ အနောက်နိုင်ငံမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံဖွားဗုဒ္ဓဘာသာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ အတော်လေး ရုန်းကန်နေရပါတယ်။ အဲဒီလိုပဲ စီးပွားရေးအရ အင်အားကောင်းတဲ့ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ကျောင်းတွေနဲ့ရဟန်းတွေဟာလည်း ချမ်းသာတဲ့အနောက်နိုင်ငံတစ်လွှား သူတို့ရဲ့ သြဇာအာဏာကို ဖြန့်ကျက်ဖို့ ရုန်းကန်နေကြရပြန်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေနဲ့ တက္ကသိုလ်တွေ အဲဒီမှာ ဆောက်လုပ်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျ ခံနေလင့်ကစား တိဗက်ရဟန်းတော်တွေကတော့ တိဗက်ဗုဒ္ဓဘာသာကို ကမ္ဘာက အာရုံကျစေဖို့ ကျော်ကြားလူသိများအောင် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေနဲ့ နပန်းလုံးနေကြရပြန်ပါတယ်။

ဒီအခြေအနေ အချိုးအကွေ့တွေအားလုံးက အမေ့လျော့ခံ၊ မသိကျိုးကျွန်အပြုခံထားရတဲ့ ဗုဒ္ဓဘာသာဝင်သန်းပေါင်းများစွာကို သိသိသာသာပဲ ချန်ထားရစ်စေခဲ့ပါတယ်။ မထင်ရှားတဲ့ သူတို့ရဲ့ ဒေသတွေက ဗုဒ္ဓဘာသာဝင်တွေဟာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ဖန်တီးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မှုနဲ့ လူမှုရေးတိုက်ပွဲတွေမှာ အနောက်ကမ္ဘာမှာထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလူးအလဲ လိုအပ်နေကြပါတယ်။

အနောက်ကမ္ဘာမှာလည်း အလားအလာကောင်းတဲ့ ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကို တစ်ယောက်ထက်မနည်း လိုအပ်နေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အနောက်ကမ္ဘာက လူတွေဟာ ပညာတတ်တယ်၊ ကြွယ်ဝတယ်၊ ဒါပေမယ့် သူတို့ကို တရားဟောတာကတော့ ကျွန်ုပ်တို့ အာရှသားတွေပါပဲ။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကန့်သတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အာရှအရင်းအမြစ်တွေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြိုးစားဆဲအခါမှာလည်း အထက်ပါ မထင်မရှား ဗုဒ္ဓဘာသာနယ်မြေတွေက ဗုဒ္ဓဘာသာတွေကို လုံးဝ လုံးဝ မေ့မထားသင့်ကြပါဘူး။

သူတို့တွေဟာ နှစ်ပေါင်းများစွာတိုင်တိုင် ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်၊ အခုထိလည်း ဗုဒ္ဓဘာသာဝင်တွေအဖြစ် သူတို့ကိုယ်သူတို့ ထိန်းထားကြဆဲပါ။ ဆိုတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို သူတို့ကို မျှဝေပေးရပါမယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ပိုပြီးသက်တောင့်သက်သာရှိတဲ့ ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာဝင်တွေဆီက ပံ့ပိုးမှုတွေကို မရရှိကြပါဘူး။

ကဲ …အခြေအနေတွေက အဲဒီလို ဖြစ်နေခဲ့ရင်…
ဗုဒ္ဓဘာသာကမ္ဘာက ကျွန်ုပ်တို့ ကျဉ်ဖယ်ထားတဲ့၊ ဗုဒ္ဓဘာသာလူမျိုးတွေနဲ့ အတူနေဖို့ ကြိုးစားနေတဲ့၊ သူတို့ကို လက်တွေ့ကျကျ ကူညီနေတဲ့၊ ပံ့ပိုးပေးဖို့ အဆင်သင့်သွားရောက်နေကြတဲ့ သူတွေ (ခရစ်ယာန်တွေ)ကို ကျွန်ုပ်တို့က ဆန့်ကျင်ပြီး ကဖျက်ကယက်လုပ်နေတယ်ဆိုရင် လူ့ကျင့်ဝတ်သိက္ခာအရ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့မှ မှန်ကန်တဲ့ လူမျိုးဖြစ်နိုင်တော့မလဲ။
ကဲ… အဲဒီလို ကူညီနေမှုကို ဆိုးရွားတဲ့လုပ်ရပ်လို့ ဆုံးဖြတ်ပြောကြားဖို့ ကျွန်ုပ်တို့ လက်ခံထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဘယ်တရားဓမ္မကရော အဲဒီလို ပြောကြားဖို့ ဖြစ်နိုင်ပါသလဲ။ (အဲဒီလို သူတို့ ကူညီနေကြတာဟာ ဗုဒ္ဓတရားတော်အရ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်လုပ်ရှားနေတဲ့ ခရစ်ယာန်တွေက ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ၊ ကျဉ်ဖယ်ခံထားရတဲ့ ဗုဒ္ဓဘာသာတွေအတွက် ကူညီနေတာတွေကို မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျွန်ုပ်တို့တွေထဲက ဗုဒ္ဓဘာသာကို အရူးအမူး ယုံကြည်ကိုးကွယ်သူအများစုတောင်မှ လက်ခံကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ မွေးရာပါကောင်းမြတ်ခြင်းတရားများ ဖြစ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ ငြင်းပယ်လို့ မရတဲ့၊ ဘေးချိတ်ထားလို့ မရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။
ဒီအချက်တွေကပဲ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာတွေကို ကူညီဖို့ စွမ်းအားချို့တဲ့ခြင်းနဲ့ စိတ်အားမထက်သန်ခြင်းကို မေးခွန်းထုတ်နေပါတယ်။

ဟုတ်ပါတယ်။ ခရစ်ယာန်တွေဟာ ``ယေရှုကို ယုံကြည်လိုက်ပါ၊ သူဟာ မင်းတို့နဲ့အတူ အမြဲရှိနေပါလိမ့်မယ် (believe in Jesus, he will be always with you)´´ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံဆောင်ပုဒ်နဲ့အညီ အရမ်းကို အောင်မြင်နေကြပါတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ``ကျွန်ုပ်တို့ဟာ သင်တို့ရဲ့ လိုအပ်နေတဲ့ မိတ်ဆွေများ ဖြစ်ပါတယ်´´ဆိုတဲ့ ကြွေးကြော်သံတစ်ခုကို လေ့လာသင်ယူပြီး တက်ကြွတဲ့ လူမှုရေးအကူအညီတွေကို လက်တွေ့ကျကျ လုပ်ပြပြီး သက်သေပြနိုင်ရင် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆန်းသစ်တဲ့အတွေးအမြင်ရှိတဲ့၊ တိုးတက်တဲ့ဗုဒ္ဓဘာသာဝင်တွေက အဆင့်မြှင့်တင်ထားတဲ့ လူသားဝါဒတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ နာမည်နဲ့လိုက်အောင် လူသားတွေအတွက် လုံလောက်တဲ့ ပူးပေါင်းပါဝင်မှု မရှိသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ ယခုအခါ ခရစ်ယာန်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်ရေမှတ်ရောက်နေတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ရင်ဆိုင်ပေးဖို့ သိသိသာသာ ပျက်ကွက်နေကြလို့ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာထဲမှာကို ဂိုဏ်းစွဲ၊ ဂဏစွဲနဲ့ အဖွဲ့အစည်းကွဲတွေ၊ (ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင် ငါတကောကော ဖွဲ့စည်းတည်ထောင်မှုတွေ)က အများကြီး ဖြစ်နေပါတယ်။ သူတို့လိုက်နာတဲ့ ဗုဒ္ဓဘာသာပုံစံကို မလိုက်နာတဲ့သူတွေကို ကူညီဖို့ စိတ်ဆန္ဒမရှိကြဘူး။ (ထေရ၀ါဒက မဟာယာနဗုဒ္ဓဘာသာဆိုရင် မကူညီချင်ဘူး…စသည်)။ ကူညီဖို့ တွန့်ဆုတ်နေကြပါတယ်။ ဒါဟာ အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။

သူတို့ (ခရစ်ယာန်စည်းရုံးရေးသမား)တွေဟာ သင့်လျော်တဲ့ အကူအညီပေးဖို့ မစဉ်းစားမီ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေကြားမှာ သွားရောက်နေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားက တောင်းဆိုမှုများ ရှိပုံရပါတယ်။ ဥပမာအားဖြင့် ကိုရီးယားနဲ့ထိုင်ဝမ်တို့မှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေမှာ ပြန့်ကျဲနေတဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် လူမျိုးစုတွေဆီကို သွားပြီး အကူအညီတွေ ပေးဖို့ ဆန္ဒရှိကြပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက ဖြစ်နေလို့ပါပဲ။ ထို့အတူပဲ စွမ်းနိုင်တဲ့ ထိုင်း၊ သီရီလင်္ကာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာတွေဟာလည်း ဟိမလေယျ(ဟိမ၀န္တာ)ဒေသမှာရှိတဲ့ လူနည်းစုဗုဒ္ဓဘာသာဝင်လူမျိုးစုတွေကို သွားရောက်ကူညီဖို့ ဆန္ဒမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ တိဗက်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေလို့ပါ။

ဒါဟာ ဗုဒ္ဓမြတ်စွာက သူ့ရဲ့နောက်ပါတွေကို ဖြစ်စေချင်တဲ့ စိတ်ဓာတ်အခြေအနေ လုံးဝ မဟုတ်ပါဘူး။ ဘုရားရှင် နှစ်သက်တဲ့အနေအထားလည်း မဟုတ်ပါဘူး။ ဒါဟာ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေအကြားမှာ အပြန်ပြန်အလှန်လှန် တုံ့ပြန်ချက်တွေကို တားဆီးထားကြခြင်းရဲ့ သိသာထင်ရှားတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ဒီကမ္ဘာမြေပေါ်မှာ ခရစ်ဆိုတဲ့အနံ့မရခင်အချိန်ကတည်းက ထောင်ပေါင်းများစွာသော သာသနာပြုလုပ်ငန်းတွေရဲ့ ပထမဆုံးနဲ့ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဆူဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အမှန်တရားကို လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပါပုဂ္ဂိုလ်တွေကို ဘာမှ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဟန်မဆောင်ဘဲ လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ရင်ထဲမှာ ကွဲပြားနေတဲ့ အယူအဆတစ်ခုက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ထက် ကမ္ဘာမှာ ပညာအတတ်ဆုံး၊ ချမ်းသာကြွယ်ဝဆုံးနဲ့ အသိဉာဏ်ပညာအပြည့်စုံဆုံ ပဏ္ဍိတ်ကြီးတွေကို ပစ်မှတ်ထားဖို့ ခုံမင်နေကြခြင်းပါပဲ။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ လူသားတွေရဲ့ အသိဉာဏ်နဲ့ အတတ်ပညာတွေကို ကျွန်ုပ်တို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြတယ်။ ဒါက ဗုဒ္ဓဘာသာစည်းရုံးရေးသမားတွေရဲ့ အထွဋ်အမြတ်တစ်ခုလို ဖြစ်နေပါတယ်။

ဒီအလားအလာဟာ အခြားအကျိုးမဲ့ကိစ္စတွေဆီကို ကျွန်ုပ်တို့ကို ပို့ဆောင်ပေးနိုင်ပါတယ်။ အခြားအကျိုးမဲ့ကိစ္စဆိုတာက တစ်ခြားတော့ မဟုတ်ပါဘူး၊ ဆင်းရဲနုံချာလှတဲ့ မသိနားမလည်တဲ့ စာပေမတတ်မြောက်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဆုံးရှုံးသွားခြင်းပါပဲ။ ဒီအခြေအနေတွေက ကျွန်ုပ်တို့ အများကြီး ချီးကျူးထောမနာပြုနေတဲ့ အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို တောင်းဆိုနေခြင်းမျှသာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဗုဒ္ဓဘာသာကမ္ဘာက ကြီးမားခိုင်ခံ့စွာ ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေဟာ သူတို့ ပါးစပ်ကပြောထားတဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ ပြောင်ပြောင်တင်းတင်းကို ပျက်ကွက်နေကြပါတယ်။ အဲဒီအဖွဲ့အစည်း၊ အသင်းအဖွဲ့တွေအတွင်းမှာကိုပဲ ကျွမ်းကျင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လွဲမှားသောအပြုအမူများနဲ့ အကျင့်စာရိတ္တဖောက်ပြားမှုတွေရဲ့ သိက္ခာစောင့်စည်းမှုမရှိတဲ့ အကြွင်းအကျန်တွေကို အဲဒီအရာတွေက မီးမောင်းထိုးပြနေပါတယ်။
ခေတ်သစ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်အောင် သံဃာအဖွဲ့အစည်းတွေအနေနဲ့ အတွင်းကျကျ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ အသိဉာဏ်ပညာလည်းမြင့်မား၊ ပညာလည်းတတ်၊ ကြိုးစားမှုလည်းရှိ၊ အလားအလာလည်းကောင်းတဲ့ ရဟန်းငယ်တွေ လူထွက်နှုန်းမြင့်မားလာနေတာဟာလည်း ကျွန်ုပ်တို့အတွက် တကယ့် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်ပါတယ်။

အဲဒီအားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေအများကြီးရှိနေပေမယ့်…..
ကျွန်ုပ်တို့မှာ ဆန္ဒလေးများ ရှိခဲ့ရင်….
တကယ့်ကို တစ်ကိုယ်ကောင်းဆန်မှုတွေ ကင်းနေခဲ့ရင်…..
``သတ္တ၀ါအများ ကောင်းကျိုးချမ်းသာအတွက်´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် အသုံးပြုခဲ့တဲ့ ကြွေးကြော်သံဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့ရင်….
ကျွန်ုပ်တို့ လုပ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။

ကဲ…ဒီလိုဆိုရင် ၂၃၈-ခုသော ကမ္ဘာ့ဗုဒ္ဓဘာသာလူမျိုးစုတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ သားကောင်အဖြစ် ဘယ်အချိန်မှာ ဘယ်လိုကျရောက်သွားနိုင်တော့မလဲ။ ကျွန်ုပ်တို့လို အသိပညာကြွယ်ဝတဲ့ ဗုဒ္ဓဘာသာတွေ လုပ်နိုင်တဲ့ အရာတစ်ခုခုများ ရှိသလား။ ဆင်းရဲသားတွေကို လက်ပိုက်ကြည့်နေပြီး အကူအညီပေးနေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေကို ``မကောင်းဆိုးဝါးများ´´လို့ အာပေါင်အာရင်းသန်သန် ရေရွတ်နေသင့်ပါသလား။

ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ အချိန်ကျပါပြီ။
တစ်ဦးနဲ့တစ်ဦး ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ကျပါပြီ။

``သတ္တလောကကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ အများကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ သတ္တလောက အကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် လှည့်လည်တရားဟောကြ´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တောင်းဆိုတိုက်တွန်းမှုကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်များအပေါ် ကျွန်ုပ်တို့ တင်ရှိနေသော အကြွေးတွေကို ပြန်လည်ပေးဆပ်ဖို့ အချိန်တန်ပါပြီ။

အဲဒါတွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေဦးမယ်ဆိုရင်တော့ ``မညီညွတ်သော ဗုဒ္ဓဘာသာဝင်များ၊ ပျင်းရိထုံထိုင်းသော ဗုဒ္ဓဘာသာဝင်များ၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသော ဗုဒ္ဓဘာသာဝင်များ၊ နွားခြေရာခွက်ထဲက ဖားလို ဗုဒ္ဓဘာသာဝင်များ´´ရယ်လို့ အပြစ်တင်မှုတွေသာ ကျွန်ုပ်တို့ဆီ ရောက်လာပါလိမ့်မယ်။ ။

(ပြီးပါပြီ)

Friday, September 4, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (၂)

(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

.....ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

သေးငယ်ပြီး အလှမ်းဝေးတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် မြန်မာနိုင်ငံက ချောင်းသာ၊ အိန္ဒိယက ခမိယန်း၊ ထိုင်းက ဟွေ၊ နီပေါလ်က ကူတန်း၊ တိဗက်က ဂစောင်၊ ဘူတန်က ဘရုတ်ကတ်စ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရဲ့ လက်ရှိဖြစ်ပျက်နေပုံကို ``ပညာတွေ အထူးတလည်တတ်မြောက်ပါတယ်၊ ချမ်းသာကြွယ်ဝပါတယ်´´ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ မသိကြပါဘူး။ အခု ဥပမာအဖြစ် ပေးလိုက်တဲ့ နာမည်တွေဟာ နည်းနည်းလေးပဲ ရှိပါသေးတယ်။


အဲဒီဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ လက်ရှိအစစ်အမှန် ဖြစ်တည်မှုတွေနဲ့ အသက်ဆက်နိုင်အောင် သူတို့ရဲ့ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို ကိုင်စွဲပြီး ခက်ခက်ခဲခဲ စီမံနေကြရပါတယ်။ ဒါကိုလဲ ဖိနှိပ်တဲ့ တရားမမျှတတဲ့ အစိုးရတွေရဲ့လက်အောက်မှာ လုပ်နေကြရတာပါ။

``ဒါ….သူတို့ရဲ့….ကံပဲလေ´´။
အဲဒီလို ပြောလိုက်ကြမလား…….။

နေစဉ်အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလူမျိုးတွေကို ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီးအောက်မှာ ဆက်လက်တည်ရှိဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လောက်ကြာကြာ ထပ်စောင့်ကြရအုံးမှာလဲ။

ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းမပေးနိုင်ဘူးလားဗျာ။ သူတို့တစ်တွေ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ဆည်းကပ်မှုက မျှော်လင့်ချက်နဲ့အခွင့်အရေးတွေ မပေးနိုင်ကြတော့ဘူးလား။ ``ဒို့မြတ်စွာဘုရားတောင်မှ လူသားတွေရဲ့ ဘ၀အဆင့်အတန်းကို ပြောင်းလဲပေးနိုင်စွမ်း မရှိဘူး´´လို့ ပြောနေ ဟောနေတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြောကြားချက်တွေဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ဒီကိစ္စမှာ မြတ်စွာဘုရားရှင်ဟာ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ အပြောင်းအလဲကို တမ်းတမ်းတတဖြစ်နေတဲ့ ခွဲခြားခံနေရတဲ့ လူသားတွေကို ကူညီဖို့ ကတိမပေးခဲ့ဘူးဆိုရင် ``ချက်ချင်းလက်ငင်း စည်းစိမ်ဥစ္စာကို ပေးမယ်၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးမယ်၊ နောက်ဘ၀မှာလဲ ကောင်းကင်ဘုံကို ပို့ပေးမယ်´´လို့ ကတိပေးတဲ့ နိုင်ငံခြားက ထာဝရဘုရားကို ဘာဖြစ်လို့ မကိုးကွယ်သင့်ရမှာလဲ။ မကိုးကွယ်သင့်စရာ အကြောင်းမရှိလှဘူး။

ဟုတ်ပါတယ်။ ``ဘုရားအသစ်၊ တိုင်းပြည်အသစ်´´ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားက ခေတ်သစ်ကိုရီးယားကို ခရစ်ယာန်ဘာသာရဲ့ အောက်ကို ဆွဲသွင်းဖို့ ခရစ်ယာန်ဆရာတွေ မကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒီစကားဟာ အခုအချိန်အထိ ခရစ်ယာန်ဆရာတွေ သယ်ဆောင်လာပေးတဲ့ အပြောင်းအလဲပြယုဂ်ကို ဆွဲဆောင်သိမ်းသွင်းနေဆဲ၊ မျက်စိကျစရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

တိုးတက်တဲ့အမြင်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်းအတွက် ဒီအချက်ကို အာရုံစူးစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
မှန်ပါတယ်။ ဒီဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ဆင်းရဲနုံချာလှပြီး ပညာလည်း မတတ်ကြပါဘူး။ ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက်တော့ ဒီအခြေအနေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ (သူတို့)ဘာသာရေးအကြောင်းကို နည်းနည်းမှ မပြောသေးခင်မှာပဲ ပညာရေးနဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးကြပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ အဲဒီလို အလုပ်တွေ လုပ်နေကြပါတယ်။

ဒီလိုအမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ နစ်နာချက်တွေကို လေ့လာစုံစမ်းပြီး အလည်အပတ်သွားရောက်ဖို့အတွက် အချမ်းသာဆုံးဆိုတဲ့ ဘုန်းကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ကျောင်းတော်ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာက အချမ်းသာဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးတွေဟာ တကယ်အလုပ်လုပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့်များ စည်းရုံးလှုံ့ဆော်မပေးနိုင်ကြရတာလဲ။

ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ စွမ်းဆောင်မပေးဘဲ အဲဒီလို အကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့အနေနဲ့ ဘာကြောင့်များ အော်ဟစ်ရုံသာ အော်ဟစ်နေကြရတာလဲ။

ကံတရား၊ ဘ၀သစ်ဖြစ်ပေါ်ခြင်း၊ ဆင်းရဲဒုက္ခ၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုစတဲ့ ဗုဒ္ဓဟောကြားချက်တွေဟာ ပညာအတတ်ဆုံး၊ ကြွယ်ဝပြီး ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာတောင်မှ နက်နက်နဲနဲကို နားလည်မှုလွဲမှားတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းများ ဖြစ်နေဆဲပါပဲ။ ဒီနားလည်မှုလွဲမှားနေတဲ့ တရားတော်တွေဟာ ၀ိသမလောဘသမား သာသနာပြုတွေအတွက်တော့ ကိုယ့်အကျိုးစီးပွား တိုးပွားစေဖို့ အမြတ်ထုတ်စရာ သို့မဟုတ် ဘုန်းကြီးတွေရဲ့ ရိုက်စားလုပ်ဖို့ကောင်းတဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကံမကောင်းအကြောင်းမလှခဲ့လို့ သူဟာ ဆင်းရဲချို့ငဲ့စွာ မွေးဖွားခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်လျော်တဲ့ ဆေးကုသမှုမရှိဘဲ ဆင်းရဲဒုက္ခတွေကို ခံစားရင်း သေဆုံးနေကြရတယ်။
အဲဒါ ဘာဖြစ်လို့လဲ။

သူဟာ နောက်လာမယ့်ဘ၀များ မွေးဖွားရအုံးမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆင်းရဲပေမယ့် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါတယ်။ (ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ) ကျွမ်းကျင်မှုနဲ့ အခွင့်အရေးတွေကို ဖြည့်ဆီးထောက်ပံ့ပေးရမယ့်အစား တင်းတိမ်ရောင့်ရဲတတ်ဖို့ ညွှန်ကြားနေကြပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေဟာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ ဆိုးရွားလှတဲ့ စိတ်နေသဘောထားတစ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။

ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေကြပါစေ ဒီကိစ္စဟာ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ့် ၀မ်းနည်းစွာ တည်ရှိနေဆဲ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဆင့်အတန်း အလွန့်အလွန် မြင့်မားတဲ့ ဘုန်းကြီးများနဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဆက်လက်ပြီး မျက်ကွယ်ပြုနေကြဦးမယ့် အနေအထားပါပဲ။

ဒီနေရာမှာ အဲဒီဗုဒ္ဓဘာသာဝင်ဆိုသူတွေ မေ့နေတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဆင်းရဲမှုတွေနဲ့နပန်းလုံးနေရပြီး ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ဒေသမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်မြင့်မြတ်တဲ့တရားတွေကို ဟောနေပါစေ ဘယ်သူမှ လက်ခံနိုင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် အယူသီးမှု၊ မသိနားမလည်မှုနဲ့ စာပေမတတ်မြောက်တဲ့သူတွေ ပြည့်နှက်နေတဲ့ဒေသမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ မတည်ရှိနိုင်ပါဘူး။

ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာကမ္ဘာက လူတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေနဲ့အပြိုင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရိပ်သာတွေကို ဆောက်လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အောက်ခြေမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက် အသက်ရှူပေါက်ဖြစ်တဲ့ အေးငြိမ်းချမ်းသာရာအလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါတွေကနေ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြီးမားတဲ့လိုအပ်ချက်တွေကို ညွန်ပြနေပါတယ်။ မထင်ရှားတဲ့ ကမ္ဘာ့အစိတ်အပိုင်းက အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများကို အကျိုးသက်ရောက်မှု မရှိသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။

ပြီးတော့ စုစည်းညီညွတ်တဲ့၊ ရံပုံငွေအားကောင်းတဲ့၊ စွဲစွဲမြဲမြဲရှိတဲ့၊ စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရမ်းကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပြောလွယ်သလောက် တကယ်လုပ်တော့ ခက်နေပါလိမ့်မယ်။

ယုံချင်ယုံ မယုံချင်နေ၊ ဗုဒ္ဓဘာသာတွေဟာ စိတ်ကြီးဝင်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက် ဗုဒ္ဓဘာသာဝင်အချင်းချင်းမှာတောင် သံသယတွေ ပွားနေကြပါဦးမယ်။ ပြောရမယ်ဆိုရင် ထိုင်းဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းဟာ သူတို့ရဲ့ မြေပေါ်မှာ အခြားဗုဒ္ဓဘာသာနိုင်ငံ ဘုန်းကြီးကျောင်းတွေကို ဆောက်ခွင့်မပေးပါဘူး။ ကိုရီယားနိုင်ငံမြေပေါ်မှာတော့ ထေရ၀ါဒကျောင်းတွေ ဆောက်လို့ရပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ရည်ရွယ်ချက် တာ့ဂတ်က မဟာယာနဗုဒ္ဓဘာသာဝင်တွေကို ထေရ၀ါဒဇာတ်သွင်းဖို့ ဖြစ်နေပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာတွေအတွင်းမှာကို လွဲမှားတဲ့ သံသယတွေနဲ့ စိတ်ကြီးဝင်မှုတွေပါပဲ။

ဆက်လက်ဖော်ပြပါမည်....

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails