Saturday, October 11, 2008

ကျွဲအနားသို့ စောင်းထပ်တီးခြင်း

နိဒါန်း
စာတမ်းလေး ဆုံးအောင်ရေးဖို့ စိတ်ကူးရုံရှိသေး မပြောမဖြစ်လို့၊ မရေးမဖြစ်လို့ ရေးလိုက်ရတယ်။ အခြားအကြောင်းဟုတ်ရိုးလား။ တက္ကသိုလ်အကြောင်းပေါ့။ တက္ကသိုလ်ကလဲ အခြားတက္ကသိုလ်မဟုတ်ဘူး။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)။ ပြည်ချစ်ဘုန်းဘုန်းရေးခဲ့တာတွေ၊ ဓမ္မ၀ိညာဏ်ရေးခဲ့တာတွေ ဖတ်ရတယ်။ သဘောကျလိုက်သည့်ဖြစ်ခြင်း။ ဘာကြောင့်သဘောကျသလဲ။

စာရေးသူဟာလဲ တက္ကသိုလ်ထွက်ပဲ။ အင်း…မဟုတ်ဘူး။ တက္ကသိုလ်ပြုတ်ဆိုရင် ပိုမှန်လိမ့်မယ်။ အထဲမှာ နေစဉ်ကလဲ ဆူးဆိုတဲ့ ကလောင်နဲ့ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။ တစ်ပုဒ်က `အပြောင်းအလဲများနှင့်ဆန်းသစ်ခြင်း´။ နောက်တစ်ပုဒ်က `တောင်တန်းပြာမှ အမှတ်တရအတွေးများ´။ ဆိုလိုတာက စာရေးသူဟာ သာသနာ့တက္ကသိုလ်ကို ရိုးရိုးသားသား ချစ်ခဲ့တယ်။ သံယောဇဉ်တွယ်ခဲ့တယ်။ ဒီချစ်စိတ်နဲ့ဒီသံယောဇဉ်တွေ ပေါင်းစပ်ပြီး အဲဒီဆောင်းပါးတွေကို ရေးခဲ့တာ။ စာရေးသူ ဒါတွေကို ဘာကြောင့်ပြောနေရလဲဆိုတာ ရှေ့နောက်ဆက်စပ်ကြည့်ရင် သိလိမ့်မယ်။

အခု အသံတွေ ကြားနေရတယ်။ `အာ..ဒီကိုယ်တော်တွေက ရေးမှာပေါ့။တက္ကသိုလ်မကောင်းကြောင်းရေးမှာပေါ့။ စက်တင်ဘာမှာ မဟုတ်တာ လုပ်လို့ တက္ကသိုလ်ကလဲ ထွက်ခဲ့ရသေးတယ်။ ဘာဘွဲ့မှလဲ မရခဲ့ဘူး။ ဒီတော့ မစားရတဲ့အမဲ သဲနဲ့ပတ်တာ ဘာဆန်းလဲ´။ ဒီလိုဒီလို အသံလေးတွေ ကြားရတယ်။ လာရာလမ်း၊ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီးဆိုတဲ့ ဆောင်းပါးရေးတဲ့ ပြည်ချစ်ဘုန်းဘုန်းနဲ့ ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ စက်တင်ဘာ ကိုယ်တွေ့အဖြစ်အပျက်များဆိုပြီး အခန်းဆက်ဆောင်းပါးရေးခဲ့တဲ့ ဓမ္မ၀ိညာဏ် (ပြည်တွင်းMSMA)တို့ကို ဝေဖန်နေကြတာပါ။ ဤသို့ဤပုံဤနှယ်ကြောင့် ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါ၏။

စာကိုယ်
ဆိုတော့ ဒီအသံတွေက စာရေးသူကိုလဲ တိုက်ရိုက်ထိလာတယ်။ စာရေးသူဟာလဲ တက္ကသိုလ်ထွက်မို့ အဆိုပါ စာရေးသူတွေ ရေးတဲ့ဆောင်းပါးကို ကြိုက်တယ်၊ ထောက်ခံတယ်။ ဘာကြောင့်ထောက်ခံတာလဲ `မယုံမရှိနဲ့ ကိုယ်တွေ့လေ´။ ဝေဖန်သူတွေကို ပြောလိုက်ချင်တာက လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီး ဆောင်းပါးနဲ့ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ စက်တင်ဘာကိုယ်တွေ့အဖြစ်အပျက်များဆောင်းပါးတွေကို အသေအချာဖတ်ပါရဲ့လား။

အဲဒီဆောင်းပါးတွေကို တက္ကသိုလ်ကောင်းကြောင်းရေးတာလား၊ မကောင်းကြောင်းရေးတာလားဆိုတာတောင် မခွဲခြားတတ်ဘူးလား။ အဲဒီလောက်လေးတောင် စာကို မဖတ်တတ်ဘဲနဲ့ သူတကာကို ဝေဖန်တယ်ဆိုတော့ ကိုယ့်ခေါင်းထဲကို ပြန်ပြီးကြည့်လိုက်အုံး။ ဆောင်းပါးတွေဖတ်ပြီးတာနဲ့ သူတို့ ဘာကိုပြောချင်တာလဲဆိုတာ ရှင်းနေတာပဲ။

ပြည်ချစ်ဘုန်းဘုန်းရဲ့ ဆောင်းပါး ပထမပိုင်းမှာ ပြောသွားတာက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကောင်းကြောင်း၊ ကမ္ဘာ့သာသနာပြုလုပ်ငန်းအတွက် တိုက်ရိုက်အထောက်အကူမပြုပေမယ့် ပြည်တွင်းသာသနာပြုလုပ်ငန်းအတွက်တော့ များစွာအကျိုးကျေးဇူးရှိကြောင်း တင်ပြထားတယ်။ ပြီးတော့ အပြင်စာသင်တိုက်တွေနဲ့ တက္ကသိုလ်နဲ့ စာသင်ကြားမှုပိုင်းမှာ ကွာဟမှုလေးတွေကို ပြောသွားတယ်။ နောက်ပိုင်း တင်ပြသွားတဲ့ အကြောင်းအရာတွေထဲမှာလဲ `တက္ကသိုလ်ဟာ ဘာမှ မဟုတ်ပါဘူး။ ဘာအရည်အချင်းမှ မရှိပါဘူး။ စာသင်ကြားတာကလဲ ဘာအဆင့်အတန်းမှ မရှိဘူး´။ အဲဒီလို ဆိုလိုတဲ့ စကားလုံးလေးများ ပါဝင်သလား။

ဟုတ်တယ်။ ပြောစရာရှိတာက ` ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလဲ အများကြီး´ဆိုတဲ့ စကားပဲ။ ဒါပေမယ့် စာဖတ်တယ်ဆိုတာ တစ်နေရာတည်းကွက်ပြီး ဖတ်၊ ပြီး အဓိပ္ပါယ်ကို လိုသလိုကောက်။ အဲဒီလို လုပ်လို့ ရရိုးလား။ အင်း…ရတယ်ဆိုရင်တော့လဲ ဒီကျွဲ အတော်မည်းတယ်လို့ပဲ ဆိုပါရစေ။ ဒီတော့ နောက်ဆက်ဖတ်လိုက်ရင် တွေ့မယ်လေ။ `ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလဲ ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလဲ အများကြီး ရှိပါတယ်´လို့ ဆိုထားတယ် မဟုတ်လား။ စာရေးသူလဲ သိတာပေါ့။ တက္ကသိုလ်မှာ (၆)နှစ်ကြီးများတောင် နေခဲ့ရတာ။

ကဲ…ပြည်ချစ်ဘုန်းဘုန်း တင်ပြချင်တဲ့ မိန်းပွိုင့်က ဘာလဲ။ တက္ကသိုလ်က ကောင်းတယ်။ ဒါပေမယ့် တက္ကသိုလ်ကို ခုတုံးလုပ်ပြီး နေရာမြဲရေးနဲ့ လာဘ်လာဘပေါများရေးကို ရှေ့တန်းတင်နေတဲ့ မော်ကွန်းထိန်းနဲ့အချို့ဆရာများက တက္ကသိုလ်ရဲ့ သို့မဟုတ် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ကောင်းမွန်တဲ့ မြင့်မြတ်တဲ့ အစဉ်အလာကောင်းတွေ၊ imageတွေကို ဖျက်ဆီးနေတယ်။ ဒီလို မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်ကြီးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဆိုပါ န.အ.ဖအလိုတော်ရိ၊ စွမ်းအားရှင်ဘုန်းကြီးတွေကို အားလုံးစုပေါင်းပြီး တိုက်ထုတ်ကြပါ။ ဒါမှသာ အစဉ်အလာကောင်းခဲ့တဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးဟာ စည်ပင်တိုးတက်လာပါလိမ့်မယ်။ ချုပ်လိုက်ရင် ဒါပဲ။

နောက် ဓမ္မ၀ိညာဏ်ရေးခဲ့တာတွေကို ပြန်ကြည့်ရအောင်။ ဆောင်းပါးရဲ့ အဓိကဆိုလိုရင်းကတော့ စက်တင်ဘာမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ပြည်လည်တင်ပြထားတာပါ။ ဒီအထဲမှာမှ အာဇာနည်စိတ်ဓာတ်ရှိသူနဲ့ ထက်ဖားအောက်ဖိ ၀ိသမလောဘသမားများကို ထင်ဟပ်ပြသွားတာပါပဲ။ ဒါက ဓမ္မ၀ိညာဏ်ထုတ်ပြတဲ့ သမိုင်းမဟုတ်ဘူးဆိုတာ သင် မှတ်သားဖို့ လိုပါလိမ့်မယ်။
ဟုတ်တယ်။ သမိုင်းဆိုတာ သူများကနေ တင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဟာကို တည်ဆောက်ရတာ။ ကိုယ်တည်ဆောက်ထားတဲ့ သမိုင်းကို နောက်လူတွေက ကိုယ်တင်ခဲ့တဲ့အတိုင်း ရေးကြမယ်၊ ပြောကြမယ်။ ဒါပဲ။ ဒါလေးကို သဘောပေါက်စေချင်တယ်။

နိဂုံး
ဒီလို ရေးခဲ့တာကိုများ တက္ကသိုလ်အကြောင်း မကောင်းရေးတယ်။ မစားရတဲ့အမဲသဲနဲ့ပက်တယ်လို့ သင်ဆိုနေသလား။ တကယ်တော့ သူတို့ဟာ မစားရတဲ့အမဲကို သဲနဲ့ပက်နေကြတာ မဟုတ်ပါဘူး။ ခွေးဆွဲခံနေရတဲ့ အမဲအတွက် ၀မ်းနည်နေကြတာပါ။ မင်းကွန်းဆရာတော်ဘုရားကြီးတည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးဟာ အခုတော့ ခွေးပါးစပ်မှာ လှန်လိုလှန်၊ မှောက်လိုမှောက်၊ စိတ်ရှိလက်ရှိ။ ဒီအတွက် ၀မ်းနည်းနေကြတာပါ။

သင့်ခေါင်းထဲမှာ ဘာတွေ ၀င်ရောက်နေပြီလဲ။ သင့် နှလုံးသားမှာ ဘာအမည်းရိပ်တွေ စွန်းထင်းနေပြီလဲ။ ဒီလောက်နဲ့မှ နားမလည်သေးဘူးဆိုရင်တော့ `ဒီကျွဲက တော်တော်မည်းတယ်လို့ နှစ်ခါထပ်ပြောလိုက်ပါမယ်´။ ဒီလောက်နဲ့ သင့်မှာ အသိတရားတွေ မရနိုင်သေးဘူးဆိုရင်တော့ ဒီကျွဲအနား နောက်တစ်ခါ စောင်းသွားတီးအုံးမယ်။

ဆူး

Thursday, October 2, 2008

အလှဓမ္မ၊ စက်တင်ဘာနဲ့ နောက်ဆက်တွဲများ

မြက်ခင်းပြင်များဟာ စိမ်းလန်းမှုရှိမနေရင် ရင်အေးစရာမရှိဘူး။ မြစ်တွေဟာ ပုံမှန်စီးဆင်းမှုမရှိရင် မလှဘူး။ ငှက်တွေမှာ အတောင်ပံမဲ့နေရင် အဓိပ္ပာယ်မရှိဘူး။ လူမှာ လူ့တန်ဖိုးမဲ့နေရင် လူရယ်လို့ ခေါ်ဖို့မလွယ်။ တန်ဖိုးက ဘာလဲ။ ဓမ္မ…။ ဟုတ်တယ်။ ဓမ္မ။
ဘာလဲ ဓမ္မဆိုတာ။ နက်နဲတဲ့ ဓမ္မတွေအကြောင်း ပြောဖို့ မဟုတ်ဘူး။ ပြောလဲ မပြောတတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ ဓမ္မက လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒေသတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒီဓမ္မတွေ ဆိတ်သုဉ်းနေရင် အဲဒီအရပ်ဒေသဟာ အလှတရားတွေ ဆိတ်သုဉ်းတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာသာ မရှိဘူးဆိုရင် ဘာအလှတရားမှ မရှိတဲ့ဒေသကြီးတစ်ခု ဖြစ်နေလိမ့်မယ်။ သဘာဝမြေပြင်က အလှတရားတွေ ဆိတ်သုဉ်းနေတော့ ဘေးနိုင်ငံတွေအမြင်မှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာအတွက်လဲ မေးခွန်းတွေ ထုတ်လာကြတော့တယ်။ ဗုဒ္ဓသာသနာက ကောင်းတယ်ဆိုရင် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတွေမှာ ဘာကြောင့် လူသားရဲ့တန်ဖိုးတွေ ဆုတ်ယုတ်နေရသလဲ။

မြန်မာ…။ ကျွန်တော်တို့ မြန်မာ။ ခင်ဗျားတို့ မြန်မာ။ အလှတရားတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတာတွေလဲ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်နေသူ သူရဲကောင်းများ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ရေတိမ်နစ်ခဲ့ကြတာလဲ များခဲ့ပြီ။ ယခု အချိန်အထိ လှနေသူတွေဟာ အယုတ်တမာတွေရဲ့လက်ထဲမှာ ပြုသမျှ နုခံနေကြရတယ်။ မကောင်းဆိုးဝါးတွေ အမိမြန်မာမှာ ရမ်းရမ်းကားကား ကျင်လည်နေခဲ့တာ ကြာလှပြီ။ ဗုဒ္ဓသာသနာရဲ့ အနိစ္စတရားကလဲ သူတို့နဲ့ကျမှ ကြာလွန်းတယ်။ ဟုတ်တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ တိုက်ခိုက်နေဆဲ။ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ ပေးဆပ်နေဆဲ။ ပေးအပ်နေဆဲ။ ဒီထဲမှာ စက်တင်ဘာဆိုတာ အာဏာရှုးတွေ (အာဏာရှင်လို့တောင် မသုံးချင်ပါ)ကို တော်လှန်ခဲ့တဲ့ နေ့ပဲ။ ဒီစက်တင်ဘာမှာပဲ နိုင်ငံတော်ရဲ့ရတနာ ကျောင်းသားတွေ အာဏာရူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အသက်ဇီဝိန်ကြွေခဲ့ရတယ်။ ဒီစက်တင်ဘာမှာပဲ တစ်နိုင်ငံလုံးက ကိုးကွယ်တဲ့ သာသနာ့ဝန်ထမ်းရဟန်းတော်တွေ ရက်စက်စွာ နှိမ်နင်းခံခဲ့ရတယ်။ သူပုန်စခန်းဝင်စီးသလို ကျောင်းတိုက်တွေကို ၀င်စီးနင်းခံခဲ့ရတယ်။
ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဖျက်ဆီးခံရသူတွေဟာ နာကျင်ခံခက်သလိုမျိုး ကိုယ်ကိုးကွယ်တဲ့ ရဟန်းတော်တွေကို ခေါင်းကိုရိုက်၊ ဖိနပ်နဲ့ကန်၊ သေနတ်နဲ့ပစ်လုပ်တာကို မြင်ရတဲ့ ပြည်သူတွေဟာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတာ။ အာဏာရှင်တွေရဲ့ လူမဆန်စွာ ရက်စက်မှုတွေနဲ့ ရင်ထဲမှာတော့ နာလို့ပေါ့။ ကျင်လို့ပေါ့။ ဗလောင်ဆူလို့ပေါ့။ ကမ္ဘာပျက်ခဲ့တဲ့ `လ´လေ။
ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားရော့လားဗျာ။ မထင်နဲ့။ လုံးဝမထင်လိုက်နဲ့။ ဘယ်တော့မှ မပြီးဘူး။ ရွှေတိဂုံပေါ်ကို ဖိနပ်စီးပြီးတက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဘုန်းကြီးခေါင်းကို ဂျပန်တွေ ဖိနပ်နဲ့ကန်တာကို တွေ့လိုက်ရတဲ့ ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဥတ္တမကို အင်္ဂလိပ်တွေ ဖမ်းလို့ ပြည်သူတွေ ဒေါသထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဝိစာရ ထောင်ထဲမှာ အစာအငတ်ခံ ပျံလွန်တော်မူတုန်းက ပြည်သူတွေ နာကျင်ခဲ့သလိုမျိုး၊ ……..မျိုး၊ …….မျိုး၊ ကမ္ဘာကြေပေမယ့် ဥဒါန်းကြေနိုင်ရိုးလား။ ခံစားခဲ့ရတဲ့ ပြည်သူတွေ၊ နာကျင်ခံခက်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ဘက်တွေဟာ ဟောင်းလောင်းကြီး ပွင့်နေဆဲ။ ကမ္ဘာမကြေ ဥဒါန်းတွေဟာ စစ်အာဏာရူးတွေဆီ မုန်တိုင်းတွေလို တိုးဝင်တိုက်ဖျက်ကြတော့မယ်။ ဒါကြောင့် ပြောလိုက်မယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးရော့လားလို့။ စက်တင်ဘာက ဇာတ်ရှိန်မြင့်လာတယ်။
စက်တင်ဘာက ဘာအကျိုးအမြတ်ရခဲ့သလဲတဲ့။ စက်တင်ဘာဆိုတာ အလှဓမ္မတွေ ဆိတ်သုဉ်းခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ စက်တင်ဘာကြောင့်ရလာတဲ့ အကျိုးတရားတွေထဲမှာ `ပန်းတိုင်´ဆိုတာ မပါသေးလို့ အကျိုးတရားမှာ တောင်ပံတွေ မစုံသေးဘူး။ ဒါပေမယ့် ပြောနိုင်တာက အာဏာရူးတွေဟာ စက်ဆုပ်ရွံရှာဖွယ် သရဲသဘက်တွေနဲ့မခြား အော့ကြောလန်စရာကောင်းခဲ့တယ်ဆိုတာ လူတိုင်း သိသွားခဲ့တယ်။ အာဏာရူးတွေရဲ့ ခွေးခေါင်းကြီး ရုပ်လုံးပေါ်ထွက်လာခဲ့တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြိး ကိုယ့်ကိုယ်ကို ဘာသာသာသနာကို နှစ်နှစ်ကာကာ သက်ဝင်သူတွေပါလို့ဆိုနေတဲ့ အာဏာရူးကြီးတွေဟာ သူတို့ရဲ့ အာဏာကို ထိပါးလာရင် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမမြတ်ဗုဒ္ဓကိုတောင် ချနင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ရှိသူများဆိုတာ ထင်ရှားသိသာခဲ့တယ်။ ဒါတွေကို အကျိုးအမြတ်တွေလို့ ဆိုမလား။ ပန်းတိုင်မပါသေးတဲ့ ဒီအကျိုးအမြတ်တွေကို ကျွန်တော် စိတ်မ၀င်စားနိုင်သေးဘူး။
ဘာပဲဖြစ်ဖြစ် ၈၈-က ပြီးသွားခဲ့ပြီဖြစ်သလို စက်တင်ဘာကလဲ ပြီးသွားခဲ့ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးဘူး မဟုတ်လား။ မပြီးသေးတဲ့ တိုက်ပွဲတွေထဲမှာ အောက်မေ့အမှတ်ရခြင်းအခမ်းအနားတွေနဲ့ တာဝန်ကျေပြီလို့ မထင်လိုက်ကြဖို့လဲ လိုတယ်လေ။ ယူစရာရှိတာတွေကို ယူ၊ ထားခဲ့စရာတွေကို ထားခဲ့၊ ရှေ့ဆက်ရမှာတွေကို စဉ်းစား။ `လမ်းကား အများကြီးရှိ၏၊ သို့သော် ပန်းတိုင်ကား တစ်ခုသာတည်း´ဆိုတဲ့ တာအိုဝါဒရဲ့ နာမည်ကြီးစာသားလေးလို လမ်းအများကြီးထဲက ကျွန်တော်တို့ဟာ အသက်ဇီဝန်မကြွေသရွေ့ အာဏာရှင်များ ကျဆုံးစေနိုင်မယ့် တိုက်ပွဲတွေ တိုက်နေကြရပါလိမ့်မယ်။
စက်တင်ဘာက ထိုးပြလိုက်တဲ့ ဆလိုက်တွေထဲမှာ အာဏာရူးတွေရဲ့ မကောင်းဆိုးဝါး ပုံရိပ်တွေကို ကျွန်တော်တို့ သိမြင်တယ်လို့ဆိုရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ရမယ်လေ။ မဟုတ်ဘူးလား။ ။

လွင်ပြင်ရိုင်း

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့ အသီး (၃)

စာရေးသူဟာ ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အစကောင်းခဲ့တဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးဟာ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ လက်အောက်မှာ ပျက်စီးသွားမှာ စိုးမိပါတယ်။ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူပြည်သူများအားလုံး စွမ်းအားရှင်ဆရာတော်များအကြောင်းကို သိစေရန်၊ တက္ကသိုလ်နဲ့ ပတ်သက်ပြီး နစ်နာသွားခဲ့ကြရတဲ့ နစ်နာနေကြတဲ့ အခွင့်အရေးတွေ ဆုံးရုံးနေတဲ့ စာသင်သား သံဃာတော်များအကြောင်းကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးခြင်းပါတယ်။
စွမ်းအားရှင်တွေကြောင့် ဒုက္ခရောက်သွားတဲ့ သံဃာတွေကို ဘယ်လို အကူအညီ ပေးကြမယ်ဆိုတာ စဉ်းစားပေးကြဖို့ရန်နဲ့ စွမ်းအားရှင်သံဃာတော်များကို မြန်မာနဲ့ ကမ္ဘာသိအောင် လုပ်ဖို့လိုပါတယ်။ `စွမ်းအားရှင်ဘုန်းကြီး´တွေကို အများသိအောင် လုပ်ကြရပါမယ်။ ဒီနေ့ န.အ.ဖ စစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေဟာလဲ စွမ်းအားရှင်တွေပဲ ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ သိပြီးပြီဆိုရင် သိတဲ့အတိုင်း အားလုံးစုပေါင်းပြီး စွမ်းအားရှင်နှိမ်နင်းရေးတွေ လုပ်ကြရမယ်။ ဒီလို စွမ်းအားရှင်တွေ ခေါင်းဆောင်ဖြစ်လာတဲ့ တက္ကသိုလ်ကြီးဟာလဲ ဘယ်လောက်ပင် အစကောင်းခဲ့သည်ဖြစ်စေ ပုပ်လာတဲ့အသီးလိုပဲ သုံးစားမရ ဖြစ်လာပါလိမ့်မယ်။

သူတို့ကို ထောက်ပံ့ပေးနေတဲ့ ဒကာဒကာမတွေဟာ အဆိုပါ စွမ်းအားရှင် ကိုယ်တော်တွေရဲ့ သရုပ်အမှန်ကို မသိရှာကြပါဘူး။ အများအကျိုးအတွက်ကို မကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ အဆိုပါ စွမ်းအားရှင်တွေရှိနေတာ တက္ကသိုလ်အတွက် နစ်နာပါတယ်။ မင်းကွန်းဆရာတော်ကြီးသာ ဒီအကြောင်းတွေ သိခဲ့မယ်ဆိုရင် အလွန်စိတ်ပင်းပန်းဖြစ်နေပါလိမ့်မယ်။
အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ ပတ်သတ်ဆက်စပ်တဲ့ ဒကာ၊ ဒကာမများ၊ ရဟန်းတော်များကို စာရေးသူ တိုက်တွန်းချင်ပါတယ်။ သူပြောငါပြောတွေက မသေချာပါဘူး။ စာရေးသူရေးတာတွေကိုလဲ မမေးမြန်းဘဲ မယုံစေချင်ဘူး။ သိချင်ရင် သာသနာ့တက္ကသိုလ်ကို သွားကြပါ။ မကွေးအဆောင်မှာနေတဲ့ သံဃာတော်တစ်ပါးပါးကို မေးမြန်းပါ။ စုံစမ်းပါ။ စာရေးသူရေးတာတွေ ဟုတ်မဟုတ်ကို သွားရောက် မေးကြပါ။ တကယ့်အမှန်တရားတွေကို သိကြရပါလိမ့်မယ်။ စာရေးသူရေးတာတွေဟာ `လိုတောင် လိုနေသေးတယ်´လို့တောင် ပြောဖြစ်နေပါလိမ့်မယ်။
အထူးသဖြင့် မင်္ဂလာဗျူဟာက တာဝန်ရှိသူတွေကို သိစေချင်ပါတယ်။ သင်တန်းသားတွေကိုလဲ သိစေချင်ပါတယ်။ အယုံအကြည် မမှားကြဖို့ သတိပေးချင်ပါတယ်။ တာဝန်ရှိသူတွေနဲ့ သင်တန်းသူ၊ သင်တန်းသားတွေအနေနဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေအကြောင်းသိချင်ရင် တက္ကသိုလ်ကို သွားရောက်စုံစမ်းနိုင်သလို သင်တန်းပို့ချနေတဲ့ တစ်ခြားဆရာတော်တွေကိုလဲ မေးမြန်းနိုင်ပါတယ်။ ဆရာတော်တွေက အရိပ်အခြည်လောက်တော့ ပြောပြပါလိမ့်မယ်။ သင်တန်းတာဝန်ရှိသူတွေ၊ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ အမိမြန်မာနိုင်ငံကို စစ်ကျွန်ဘ၀မှ အမှန်တကယ်လွတ်မြောက်စေချင်တယ်ဆိုရင်တော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
အမိမြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်ကြပါတယ်ဆိုရင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေကိုသာမက တစ်နိုင်ငံလုံးက စွမ်းအားရှင်တွေကို လူ့အဖွဲ့အစည်းကနေ ကျဉ်ဖယ်ထားဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ န.အ.ဖရဲ့ ဒေါက်တိုင်တွေကို ဖြုတ်ထုတ်ပစ်ရာကျပါတယ်။ ဒီလိုလုပ်တာဟာ အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တကယ်ထိရောက်တဲ့ နည်းဖြစ်ကြောင်း သဘောပေါက်ကြရပါမယ်။
စာရေးသူအနေနဲ့ကတော့ နိုင်ငံကို ကောင်းအောင်လုပ်တာဟာ သာသနာကို ကောင်းအောင်လုပ်တာနဲ့ ခွဲခြားလို့ မရဘူးဆိုတာကို ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာသနာဆိုတာ နိုင်ငံကို အမှီပြုပြီးမှ ကြီးပွားရတာ ဖြစ်လို့ပါပဲ။ သာသနာ့သမိုင်းရဲ့ ဘယ်ကာလမှာပဲဖြစ်ဖြစ် နိုင်ငံမကောင်းရင် သာသနာဆိုတာ အမှန်တကယ် မဖြစ်ထွန်းခဲ့ပါဘူး။ စေတီပုထိုးတွေ၊ ဘုရားတွေ တည်တာဟာ အမှန်တကယ် သာသနာကို အဓွန့်ရှည်စေတဲ့ နည်းမဟုတ်ပါဘူး။ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေကို ဥပမာယူစေချင်ပါတယ်။
ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ ထုံးမွှမ်းစေရပါမယ်။ စာရိတ္တမဏ္ဍိုင်တွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ တည်ဆောက်ပေးရပါမယ်။ အခုဆိုရင် ပြည်သူတွေဟာ ယိုယွင်းခြစားနေတဲ့ အုပ်ချုပ်မှုယန္တယားအောက်မှာ စာရိတ္တမဏ္ဍိုင်တွေကလဲ ယိုယွင်းလာနေတာ စိတ်မကောင်းစွာနဲ့ မြင်နေရပါတယ်။ စာဖတ်သူများအနေနဲ့ ဒီလို အခြေအနေတွေကို လက်ပိုက်ကြည့်နေကြတော့မှာလား။ ကိုယ့်ကိုကိုယ် အဲဒီမေးခွန်းလေး မေးကြည့်စေချင်ပါတယ်။
ဒီနေ့ခေတ်အကြောင်းအရာတွေက ကြောင်လှောင်သံကွင်းဆက်လို ပိုပိုပြီး ဆက်စပ်လာတယ်။ တစ်ခုနဲ့တစ်ခုက ခွဲခြားပြီး ကြည့်လို့မရဘူး။ ဆိုတော့…စာဖတ်သူအနေနဲ့ သင့်ပတ်ဝန်းကျင်က စွမ်းအားရှင်တစ်ယောက်ကို အမြင်မှန်ရအောင် ပြောဆိုနိုင်ရင် သို့မဟုတ် မရတဲ့အဆုံး ကျဉ်ဖယ်ထားနိုင်ရင် သင်ဟာ အမိမြန်မာနိုင်ငံအတွက် ထမ်းဆောင်ရာကျသလို ဗုဒ္ဓမြတ်စွာသာသနာကို စောင့်ရှောက်ရာလဲ ကျပါလိမ့်မယ်။
အခုဆိုရင် သံဃာတွေဘက်က ရပ်တည်တဲ့ ဒုတိယပါမောက္ခချုပ်ကလဲ နုတ်ထွက်သွားတယ်။ ပါချုပ်အသစ်ကလဲ တက္ကသိုလ်မှာ ၀ါမဆိုဘူး။ ဒါကြောင့် အာဏာရှင် မော်ကွန်းထိန်းဆရာတော်ဟာ ပါချုပ်လဲသူ၊ ဒုချုပ်လဲသူ၊ မော်ထိန်းလဲသူနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပါပြီ။ စည်းမျဉ်းတွေလဲ စိတ်ကြိုက်ထုတ်ကာ အာဏာရှုင်လုံးလုံးဖြစ်သွားပါပြီ။ အဆောင်မှူးတွေကိုလဲ သူ့ဘက်ပါအောင် စည်းရုံးပြီး သူ့လုပ်ငန်းတွေကို ထောက်ခံဖို့နဲ့ သံဃာတွေကို နှိမ်နှင်းဖို့ ဖိအားတွေပေးနေပါပြီ။
နောက်ထပ် အပြစ်မဲ့တဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ပန်းကောင်းအညွန့်ချိုးခံရဦးမလဲ မသိပါဘူး။ အခုတော့ တက္ကသိုလ်ဟာ မင်းကွန်းဆရာတော်ကြီး အလိုကျမဟုတ်တော့ဘဲ စစ်အာဏာရှင်အလိုကျ အာဏာတည်မြဲရေး လာဘ်လာဘပေါများရေး နာမည်ကြီးရေးသာ ဖြစ်နေပြီဆိုတာ အားလုံးသိစေချင်လို့ ဒီစာကို အခက်အခဲ အမျိုးမျိုးကြားက ရေးလိုက်ပါတယ်။ ဒါကို တက္ကသိုလ်ကို အသစ်ဝင်လာမယ် သင်တန်းသားသံဃာများနဲ့ ပြည်တွင်းပြည်ပမှ တက္ကသိုလ်နွယ်ဖွား အရှင်မြတ်များသိရှိပြီး အရှင်ဘုရားတို့အနေနဲ့ စစ်အာဏာရှင်ခေါင်ဆောင်များ ပြုတ်ကျရေးကြိုးစားနေသလို စစ်အာဏာရှင်အလိုကျ အုပ်ချုပ်နေတဲ့ န.အ.ဖဒေါက်တိုင် စွမ်းအားရှင် ဆရာတော်များကိုလဲ အများပြည်သူသိအောင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းပါရစေ။
သာသနာ့တက္ကသိုလ်မှ သံဃာတော်များအနေနဲ့လဲ အမိတက္ကသိုလ်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ရေးအတွက် စွမ်းအားရှင်ဘုန်းကြီးတွေကို အမိတက္ကသိုလ်က ပ, ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ စွမ်းအားရှင်များ သာသနာ့တက္ကသိုလ်မှ ပ,ပျောက်သွားမှသာ အရှင်ဘုရားတို့ ချစ်တဲ့ သာသနာ့တက္ကသိုလ်ကြီးဟာ သန့်ရှင်းလတ်ဆတ်စွာ ရှင်သန်လာပါလိမ့်မယ်။ ပုပ်လာတဲ့အသီးကို ဖယ်ထုတ်ပြီးမှသာ ပြည်သူတွေအားလုံး စားသုံးလို့ရမယ့် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးများ သီးလာပါလိမ့်မယ်။

ပြည်ချစ်ဘုန်းဘုန်း
14, 08, 2008

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့ အသီး (၂)

စာဖတ်သူတွေ သိအောင် `စွမ်းအားရှင်ဘုန်းကြီး´ရဲ့ အကြောင်းကို အနည်းငယ် ပြောပြပါမယ်။ သာသနာ့တက္ကသိုလ်မှာ စက်တင်ဘာအရေးအခင်းတုန်းက နာမည်အကြီးဆုံးကတော့ လက်ရှိမကွေးဆောင်မှာ ကုတ်ကပ်နေတဲ့ ကြောင်သူတော်ကြွက်သူခိုး `စွမ်းအားရှင်ဘုန်းကြီး´ဖြစ်တယ်။
တကယ်တော့ သူဟာ စက်တင်ဘာရောက်မှ နာမည်ကြီးတာ မဟုတ်ပါဘူး။ အရင်ကတဲက တက္ကသိုလ်မှာ နာမည်ကြီးပါတယ်။ နာမည်ကြီးလား၊ မကြီးလားဆိုတာ သိရအောင် သူ့ရဲ့ နာမည်ပြောင်လေးတွေကို ကြည့်လိုက်ပါအုံး။ သူ့အကြောင်းပြောတဲ့သူတိုင်း ဘယ်သူမှ သူ့ရဲ့ ဘွဲ့နာမည်အရင်းအတိုင်း ခေါ်ဝေါ်ပြောဆိုလေ့မရှိကြဘူး။
`၀က်ကုန်း(၀ါဂွမ်း)၊ ထိပ်ပြောင်၊ ပြောင်ကြီး၊ ငပန်၊ ဂွေးပန်၊ ခွေးပု၊ ဂွေးပု၊ မစ်စတာအောလ်နိုး၊ အနောက်တောင်ပိုင်းစစ်ဌာနချုပ်´ဆိုတဲ့ နာမည်လှလှလေးတွေဟာ တက္ကသိုလ်သံဃာတွေ ပေးထားတဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးရဲ့ နာမည်တွေပါပဲ။ စက်တင်ဘာအရေးအခင်းမှာ သံဃာတွေကို အမျိုးမျိုး ပုတ်ခတ်ခဲ့သူကလဲ ၀က်ကုန်း ပါပဲ။ စာရေးသူ ရေးတာကို ကြည့်ပြီး သုံးသပ်ရင် သံသယဖြစ်နေလိမ့်မယ်။ အဆိုပါ နာမည်ပြောင်လေးတွေကို ကြည့်ပြီး သူ့ရဲ့ ကာရိုက်တာကို မှန်းကြည့်လို့ ရပါတယ်။ သူဟာ န.အ.ဖလိုပဲ ကိုယ့်အကျိုးအတွက်ဆိုရင် အားလုံးကို လုပ်ဝံ့တဲ့သူ ဖြစ်တယ်။ ရဟန်းဝတ်ပြီး `ဘယ်သူသေသေ ငတေမာပြီးရော´လူစားမျိုးဖြစ်တယ်။ စက်တင်ဘာအရေးအခင်းမှာလဲ သံဃာတွေရဲ့ဘက်ကနေ ရပ်တည်ပေးခဲ့သူ မဟုတ်ဘူး။ သူ့ကြောင့် တက္ကသိုလ်ပြင်ပရောက်သွားရတဲ့ သံဃာတော်တွေဟာ တက္ကသိုလ်သမိုင်းမှာ အများကြီး ရှိခဲ့တယ်။ သူဟာ မင်္ဂလာဗျူဟာ….စတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာလဲ လူတတ်ကြီးလုပ်ပြီး သင်တန်းဆရာ လုပ်နေသူလဲ ဖြစ်တယ်။

နောက်စွမ်းအားရှင်တစ်ယောက်ကတော့ `လက်ရှိမော်ထိန်း၊ ဒု-ပါမောက္ခချုပ်´လုပ်နေတဲ့သူ ဖြစ်တယ်။ သူဟာလဲ န.အ.ဖ ဘက်တော်သားပီပီ န.အ.ဖလိုပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်သူဖြစ်တယ်။ စက်တင်ဘာအရေးအခင်းမှာ စာသင်သား သံဃာတော်တွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒုတိယနာယကချုပ်ဆရာတော်ကိုလဲ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး ပ,ထုတ်ခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ တက္ကသိုလ်သမိုင်းမှာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ မော်ကွန်းထိန်းဆိုပြီး ရာထူးကြီး သုံးခုရှိပါတယ်။ စက်တင်ဘာအရေးအခင်းအပြီး မရှေးမနှောင်းမှာပဲ သူဟာ ပါမောက္ခရာထူး(ယာယီ)ကို တက်ယူပြီး န.အ.ဖ အလိုကျ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါမောက္ခချုပ်ရာထူးကို ဒေါက်တာအာဒိစ္စကို ခန့်ထားခဲ့ပါတယ်။ အမှန်က သူ့ရဲ့ မူလရာထူးကို ပြန်သွားရမှာပါ။ ဒါပေမယ့် စစ်အစိုးရကလဲ သူတို့ခိုင်းသမျှအကုန်လုပ်ပေးတဲ့ မော်ကွန်းထိန်းကို ရာထူးအဆင့်နှိမ့်သွားစေချင်ပုံမရဘူး။ ဒါကြောင့် တစ်ခါမှ မကြားဖူးတဲ့ `စီမံဒုတိယနာယကချုပ်´ဆိုတဲ့ ရာထူးတစ်ခု ထပ်တိုးပြီး သူဟာ ရာထူးတစ်ခု ထပ်ယူလိုက်ပါတယ်။ ဒီအခြေအနေကို သံဃာတော်များဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဒုတိယနာယကချုပ်ဆရာတော်ကလဲ သဘောပေါက်ပါတယ်။ အစည်းအဝေးပြီးလို့ တစ်ရက်နှစ်ရက် အတွင်းမှာဘဲ ရာထူးမှ နုတ်ထွက်ခါ မိမိနေရင်းကျောင်းကို ပြန်သွားပါတယ်။
သူ့အတွက်ကတော့ နားအေးသွားပါပြီ။ အေးအေးဆေးဆေး တရားဟောစာချ လုပ်နေရုံပါပဲ။ သူတော်ကောင်းတွေကတော့ သာသနာ့မျက်နှာနဲ့ အာဏာယှဉ်လာရင် သာသနာ့မျက်နှာကိုပဲ ကြည့်တတ်ကြပါတယ်။ တကယ်တမ်းနစ်နာတာကတော့ အမိတက္ကသိုလ်ကြီးနဲ့ တက္ကသိုလ်က သင်တန်းသားသံဃာတော်တွေပါ။
အဆိုပါ စွမ်းအားရှင်တွေဟာ အရာရာကို ခြယ်လှယ်ချင်တဲ့သဘောနဲ့ ရာထူးအသစ်တွေ တိုးပြီး သူ့ကိုယ်သူ ပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။ တက္ကသိုလ်မှာ မော်ကွန်းထိန်း၊ ပါမောက္ခချုပ်(ယာယီ)၊ စီမံဒု-ပါမောက္ခချုပ်…ရာထူးအမျိုးမျိုးယူပြီး အရသာတွေ့နေသူ ဖြစ်သွားတယ်။
သိမ်တော်ကြီးကျောင်းတိုက်က သူ့အတ္တတွေကို ပိုပြီး ခိုင်မြဲစေခဲ့တယ်။ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ မ.ဟ.န (နိုင်ငံတော်သံဃာ့မဟာနာယက)က ပိုင်တာ။ ဆိုတော့ အစိုးရကျောင်းပေါ့။ အစိုးရကျောင်းဖြစ်လို့ ကျောင်းထိုင်အဖြစ်ကနေ ဖယ်ပေးရမှာ ကြောက်တာနဲ့ အောက်ဖိ၊ ထက်ဖား စွမ်းအားရှင် ဖြစ်လာရတော့တာပဲ။
တကယ်တော့ သူဟာ အော်ကျယ်အော်ကျယ်ပြောဖို့၊ သံဃာတွေကို ကျောင်းထုတ်ဖို့နဲ့ ရာထူးတက်အောင် အရာရှိတွေကို မျက်နှာလုပ်ဖို့လောက်ပဲ သိပါတယ်။ ဒါကို မဟာနာယက ဆရာတော်ကြီး များသိဖို့ ကောင်းပါတယ်။ လက်တွေ့မှာ မော်ထိန်းဟာ စစ်အစိုးရ အရာရှိများနဲ့ မဟာနာယက ဆရာတော် ကြီးများကို ပေါင်းပြီး အာဏာတည်မြဲဖို့နဲ့ ရာထူးတက်ဖို့ပဲ ကြိုးစားနေတာပါ။
စက်တင်ဘာအရေးအခင်းနဲ့ အရေးအခင်း မတိုင်မီဖြစ်ခဲ့တဲ့ ဆွမ်းကွမ်းမလုံလောက်မူပြဿနာတွေမှာ အခြားသော နာယကချုပ်၊ ဒုချုပ်နဲ့ သင်ကြားစီမံဆရာတော်တွေအားလုံက အမိတက္ကသိုလ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေပေမဲ့ သူကတော့ တာဝန်မဲ့စွာပဲ သူနဲ့မဆိုင်ပါဘူး၊ သူ မကြာခင် နုတ်ထွက်တော့မှာ မကြာခင်နားအေးရတော့မှာပါလို့ ပြောရက်တဲ့ စကားကိုကြည့်ခြင်းအားဖြင့် တက္ကသိုလ် အပေါ် ဘယ်လောက်ချစ်တယ် တက္ကသိုလ်ကနေ ဘာကို အမြတ်ထုတ်ချင်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။
ဒါပေမဲ့ အရေးအခင်းပြီးလို့ တည်တည်ငြိမ်ငြိမ်ဖြစ်လာတဲ့အခါကျမှ သူက မဟာနာယကဆရာတော်တွေနဲ့ပေါင်းပြီး သူပဲ ကိုင်တွယ်လိုက်လို့ အေးအေးဆေးဆေးဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တာပါ။ ဘာမှမသိရှာတဲ့ ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်ကြီးတို့ကလဲ လက်ရှိ နာယကချုပ်ဆရာတော်ကြီးကို ရာထူးကဖြုတ်ပြီး သူ့ကို ယာယီပါချုပ်တင်လိုက်ပါတယ်။ တကယ်တမ်းဖြစ်ရမှာက ကျောင်းသားအများစုလေးစားပြီး အရည်အချင်ရှိတဲ့ ဒုတိယနာယကချုပ်ဆရာတော်က ပါမောက္ခချုပ်ဖြစ်ရမှာပါ။ ဒါပေမဲ့ သူက မဟာနာယကဆရာတော်များနဲ့ စစ်အစိုးရဘက်တော်သားများကို ပူပေါင်းပြီး ယာယီပါချုပ်ရာထူးကို ရယူခဲ့ပါတယ်။
အပြင်မှာတော့ ဗိုလ်စောမောင် တိုင်းပြည်ကို ပြောခဲ့သလိုမျိုး သူက ရာထူးကို မလိုချင်ကြောင်း မလုပ်ချင်ဘဲလုပ်ရခြင်းဖြစ်ကြောင်း သတင်းလွှင့်ပါတယ်။ တွေ့သမျှလူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များကိုလဲ သူ့ရဲ့သဘောထားတွေကို ကိုယ်တိုင်နှုတ်မှ ထုတ်ပြောပါတယ်။ ကျောင်းသားများအပေါ်မှာလဲ စေတနာထားရှိတဲ့အကြောင်းကို မကြာခဏ ကိုယ်တိုင်နှုတ်မှ ထုတ်ပြောလေ့ရှိပါတယ်။
တကယ်တမ်း စေတနာရှိမရှိဆိုတာကိုတော့ ယာယီပါချုပ်ဖြစ်လာတဲ့အခါကြမှ လက်တွေ့သိလိုက်ရ ပါတယ်။ စက်တင်ဘာအရေးအခင်းကို အကြောင်းပြပြီး စစ်အစိုးရရဲ့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ပုံကို သဘောမကျတဲ့ ကျောင်းသားများကို အပြစ်မရှိ အပြစ်ရှာပြီး စစ်အစိုးရအလိုကျ ကျောင်းမှ ထုတ်ပစ်ခဲ့ပါတယ်။ တက္ကသိုလ်ကိုလဲ စစ်အာဏာရှင်တို့ရဲ့မူအတိုင်း သင်ကြားစီမံဆရာတော်များ၊ ကျောင်းသားများမနေနိုင်အောင် အကြောင်းအမျိုးမျိုးပြကာ စည်းကမ်းတင်းကျပ်ပါတယ်။
စစ်အာဏာရှင်များ သဘောကျအောင်လို့ အချို့သော အဆောင်းမှူးများကလဲ အာဏာရှင်ယာယီ ပါမောက္ခချုပ်နဲ့ပေါင်းပြီး အပြစ်မဲ့တဲ့ ကျောင်းသားများကို ကျောင်းထုတ်စေခဲ့ပါတယ်။ တကယ်တမ်းစမ်းစစ်ကြည့်တော့ အထုတ်ခံရတဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးကြောင့် မဟုတ်ဘဲ အဆောင်မှူးတွေရဲ့ အမြင်ကပ်တဲ့ ပုဒ်မတွေကြောင့်ဆိုတာ တွေ့ရပါတယ်။ အဆိုပါ အဆောင်မှူးတွေထဲမှာ မကွေးအဆောင်မှူးဟာ ထိပ်တန်းက ပါဝင်ခဲ့တဲ့ စွမ်းအားရှင်ပဲ ဖြစ်ပါတယ်။
သူဟာ မင်္ဂလာဗျူဟာ နဲ့ ဓမ္မဗျူဟာ လိုထင်းရှားတဲ့ ပြင်ပဌာနတွေမှာ လူပုဂ္ဂိုလ်များကို သင်တန်းအမျိုးမျိုးပို့ချပြီး တက္ကသိုလ်ကို ခုတုံးလုပ်စားနေတဲ့ စွမ်းအားရှင်ဖြစ်ပါတယ်။ အဆောင်သံဃာများအပေါ်မှာ အလေးမထားဘဲ ဒကာဒကာမပေါများရေး ဘုန်းကံကြီးရေးကိုသာ လုပ်ဆောင်နေသူပါ။
ဒါကိုလဲ အဆောင်နေသံဃာများနဲ့ တက္ကသိုလ်တစ်ဝန်းလုံးက သိကြပါတယ်။ သူ့ရဲ့ အပြစ်တွေကို ဖုံးကွယ်ချင်တော့ ယခု ယာယီပါချုပ်တစ်ဖြစ်လဲ မော်ကွန်းထိန်းနဲ့ ပေါင်းပြီး သူ အမြင်မကြည်တဲ့ သင်တန်းသားများကို နိုင်ငံရေးပုဒ်မ ဘာပုဒ်မ ညာပုဒ်မတွေတပ်ပြီး ကျောင်းကနေ နှင်ထုတ်ခိုင်းပါတယ်။
အဏာရူးနေတဲ့ မော်ထိန်းကလဲ ရာထူးအသစ်နဲ့ ဆိုတော့ လက်စွမ်းပြချင်နေတာ အတော်ဖြစ်သွား ပုံရပါတယ် ချက်ချင်းဘဲ မစူးစမ်း မစုံစမ်းဘဲနဲ့ အဲဒီ သံဃာတွေကို စက်တင်ဘာမှာ ဦးဆောင်ပါတယ်ဆိုပြီး ကျောင်းကနေ ထုတ်ပစ်ပါတယ်။ ပြီးတော့ သူတို့လုပ်တာ မဟုတ်ပါဘူး အစိုးရက စာတိုက်ရိုက်လာလို့ လုပ်တာပါလို့ ပြောပါတယ်။ မကွေးအဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့ရဲ့ ပူပေါင်းကြံစည်မှုကြောင့် တက္ကသိုလ်ကနေ ထွက်ခွာသွားရတဲ့ သံဃာတော်တွေဟာ အပါး၂၀-ထက် မနည်းတော့ပါဘူး။ အဲဒီ သံဃာ ငယ်တွေဟာ အရည်အချင်းပြည့်ဝပြီး စာကြိုးစားတဲ့သူတွေပါ။ အနာဂတ်အတွက် မိမိကျေးရွာ မိမိမြို့နယ်တို့က အားထားနေတဲ့ အရှင်ကောင်းလေးတွေပါ။

ပြည်ချစ်ဘုန်းဘုန်း

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့ အသီး

ပြည်တွင်းက သူငယ်ချင်းက မေးလာတယ်။ `သူငယ်ချင်းရေ တက္ကသိုလ်အတွက် ဆောင်းပါးလေး ဘာလေး ရေးပါလား၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက်´တဲ့။ စာရေးသူ သူငယ်ချင်းက ရန်ကုန်၊ ကမ္ဘာအေးက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ ပညာသင်လာတာ အခုဆိုရင် ခြောက်နှစ်ရောက်လို့ M.Aတန်း တက်ရောက်သင်ကြားနေသူ ဖြစ်တယ်။ စာရေးသူကလဲ ပြန်ပြောရတယ်။ `ဟာ တက္ကသိုလ် အကြောင်းကို တက္ကသိုလ်ထဲက ကိုယ်တော်တို့က ရေးမှ ပိုပြီး ကောင်းမှာပေါ့။ တပည့်တော်တို့က ကြားဖူးနားဝပဲ ရှိတာ။ အရှင်တို့က ကိုယ်တွေ့ကြုံနေရတာ´လို့။ ဒါပေမယ့် သူက `ဘာပဲဖြစ်ဖြစ်ပေါ့၊ ဆောင်းပါးလေး တစ်ပုဒ်လောက်တော့ လုပ်ပါ´လို့ ဆိုလာတာနဲ့ ဒီဆောင်းပါးကို ရေးရပါတယ်။ အဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တက္ကသိုလ်က သူရေးစေချင်တဲ့ အချက်အလက်တွေကို အီးမေးလ်ပို့လာပါတယ်။ အဆိုပါ အချက်အလက်များကို အခြေခံပြီး တင်ပြသွားပါမယ်။
စာရေးသူ ဒီကို ရောက်မလာခင်က တက္ကသိုလ်နဲ့တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွားလည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြုရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အရွယ်နဲ့မလိုက်အောင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လဲ ကြွ၊ လှေနဲ့ပင့်လဲ ကြွ၊ ပင်ပင်ပန်းပန်းနဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လဲ ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေမယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင်ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကနေ အသိပညာတွေ ပေးပုံက တစ်မျိုး။ အပြင်က ကျောင်းတိုက်ကြီးတွေနဲ့ မတူဘူး။ အပြင်ကျောင်းတိုက်တွေမှာက သမိုင်းတို့၊ ဘာသန္တရတို့၊ အခြားဖတ်သင့်ဖတ်ထိုက်ရာ စာအုပ်တို့ဆိုတာ ဖတ်ဖို့ မလွယ်ပါဘူး။ ပြဋ္ဌာန်းကျမ်းစာကလွဲပြီး ကျန်တာတွေ ဖတ်ရင် အပြစ်ပေးခံရပါတယ်။ တကယ်ကို စာပေ၀ါသနာပါတဲ့ စာသင်သားတွေဟာ ဗဟုသုတစာအုပ်စာပေတွေကို ခိုးကြောင်ခိုးဝှက်ဖတ်ရပါတယ်။ စာရေးသူ ဒီလို ပြောလိုက်တာဟာ အပြင်ကျောင်းက သံဃာတော်တွေဟာ ဗဟုသုတစာပေတွေမရှိဘူးလို့ မဆိုလိုပါဘူးနော်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းပညာရေးလို့ဆိုတဲ့ Monastic Education ဟာ မှိုတက်နေပြီဆိုတာကို ပြချင်လို့ပဲ။ ဒါပေမယ့် တကယ့်ကို စာပေလိုက်စားတဲ့ ဗဟုသုတလိုလားတဲ့ သံဃာတော်တွေကတော့ ကိုယ်ထူကိုယ်ထ စာအုပ်စာပေများကို ဖတ်ရှုပြီး စာရေးဆရာလုပ် ပြည်သူကို အသိပညာတွေ ပေးဝေနေဆဲပါပဲ။
ဒါပေမယ့် စနစ်ရဲ့ ကျဉ်းကျပ်စွာ တုပ်နှောင်မှုထဲက ခက်ခဲစွာ ရုန်းထွက်လာရတာဆိုတော့ အများစုဆိုတဲ့စကားကို သုံးစွဲခွင့် မကြုံသေးပါဘူး။ အနည်းစုကလေးပဲ ရှိပါတယ်။
အဲဒီ ကျယ်ပြန်တဲ့ ဗဟုသုတကြွယ်ဝတဲ့ သံဃာတော်များ များပြားလာမှသာ တစ်နည်းအားဖြင့် ရဟန်းတော်တွေရဲ့ သုံးပုံနှစ်ပုံက ပြည်သူတွေ လိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်စွမ်းရှိမှသာ အဆိုပါ ပညာရေးကို `ခေတ်မီတယ်၊ လိုက်လျောညီထွေဖြစ်တယ်´လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောမယ့်သာ ပြောရတာ ဒါတွေက စိတ်ကူးယဉ်ရုံသာ ဖြစ်ပါတယ်။ လူကြီးဖြစ်သူက `ဒါ´ဆိုရင် `ဒါ´လိုက်လုပ်မှ လူတော်၊ သူတော်ကောင်းလို့ ပြောခံရမယ့် ဒီနေ့ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ အားလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် ခေတ်မီတဲ့ ပညာရေးကို ပြဓာန်းတည်ဆောက်ဖို့ မလွယ်ပါဘူး။ အင်း….ရကို မရနိုင်ပါဘူးလို့ ဆိုရမလို ဖြစ်နေတယ်။
သာသနာ့တက္ကသိုလ်ဟာ စ,ဖွင့်တုန်းက သူ့ခေတ်ရဲ့ တောင်းဆိုမှုကို မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နှစ်ဖက်လှဆရာဦးကျော်လွင်တို့က ဖြည့်ဆီးပေးတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ သူ့ခေတ်က တောင်းဆိုမှုနဲ့ ယခု လက်ရှိခေတ် တောင်းဆိုမှုဟာ မတူတော့ပါဘူး။ မတူပေမယ့် ဖွင့်စတုန်းက ပေးခဲ့တဲ့ စနစ်က ယနေ့အထိ စွဲကိုင်ထားတုန်းပဲ။ လာရာလမ်းက ကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ခြေလှမ်းတွေက ယိမ်းလာတယ်။
မြန်မာတွေဟာ စစ်အစိုးရကို `မုန်းတယ်၊ မကြိုက်ဘူး´ဘယ်လိုပဲပြောပြော စစ်အစိုးရရဲ့ `အထက်အောက်စနစ်´က မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတိုက်တွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေတာ တွေ့ရမယ်။ သာသနာ့တက္ကသိုလ်မှာလဲ အဲဒီအတိုင်းပဲ။ အထက်လူကြီးတွေရဲ့စကားကို မြေ၀ယ်မကျ နားထောင်တတ်မှ တပည့်ကောင်းပီသတယ်။
ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလဲ အများကြီး။ တက္ကသိုလ်ထဲမှာတောင် ပေါ်တင်မပြောကြလို့သာရယ် ‘Master All Know’ ဆိုရင် ဘယ်ဆရာတွေကို ရည်ညွှန်းမှန်း ကျောင်းသားတွေက သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မသိတာ မရှိဘူးလေ။ ဆိုလိုတာက ဘာမှ အရည်အချင်း မပြည့်မှီဘဲ ဆရာလုပ်နေသူတွေ အများကြီး ရှိလာတယ်။ တက္ကသိုလ်သမိုင်းမှာ အရည်အချင်းရှိပြီး အမှန်တကယ် တက္ကသိုလ်ကို ချစ်တဲ့ လူတော်တွေ အဝေးရောက်သွားခဲ့ကြရတာတွေက အများကြီး ရှိခဲ့တယ်။
ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလဲ ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလဲ အများကြီး ရှိပါတယ်။ အချို့ဆရာတော်တွေဟာ ဘာမှ ရပိုင်ခွင့်မှ မရရှိကြပေမယ့် စာသင်သားသံဃာတော်တွေလို နေထိုင်၊ စားသောက်ပြီး စေတနာသန့်သန့်နဲ့ တက္ကသိုလ်ကြီးတိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြပါတယ်။
ဒါပေမယ့် တကယ်တတ်ကျွမ်းတဲ့ အဆိုပါ ဆရာတော်တွေက စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ စွမ်းအားရှင်ဒကာတွေအောက်မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။
အခု ပြောပြတာတွေက အမြွက်မျှပဲ ရှိပါသေးတယ်။ ပစ္စုပ္ပန်ခြေလှမ်းကို အနည်းငယ် ဖော်ပြလိုက်တာပဲ ရှိပါသေးတယ်။ အဓိက ပြောချင်တဲ့အချက်တွေ လွတ်ကုန်မှာစိုးလို့ ရပ်ထားလိုက်တယ်။
ဆိုတော့ `ဒီလို မဖြစ်သင့်တဲ့ လုပ်ရပ်တွေ၊ မဖြစ်သင့်တဲ့ ဆရာတွေ ဖြစ်နေတာကို လူကြီးတွေက ဘာမှ မလုပ်ဘူးလား´လို့ မေးချင်သူတွေ ရှိလာလိမ့်မယ် ထင်တယ်။ `ပုပ်လာတဲ့ အသီး´ဆိုတာ အခုမှ လာမှာပါ။
စစ်အစိုးရဟာ ညာဏ်များတယ်ဆိုတာ လူတိုင်း သိပြီး ဖြစ်တယ်။ သံဃာကို သံဃာနဲ့ နှိမ်နင်းမှ ချိုးနှိမ်မှ ထိရောက်တယ်ဆိုတာ သူတို့ သိတယ်။ အခု ပိုပြီး သိလာလို့ ပိုပြီး ထိရောက်အောင် လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃာ့ဘောင်ထဲမှာ သူတို့စိတ်ကြိုက်လိုက်လုပ်မယ့် `စွမ်းအားရှင်ဘုန်းကြီး´တွေကို မွေးမြူလာတာတွေ့ရတယ်။ တစ်ချို့ စွမ်းအားရှင်ဘုန်းကြီးတွေကတော့ အစကတည်းက မကောင်းတာ၊ အစကတည်းက ကိုယ်ကျိုးရှာသမား၊ အတ္တသမားတွေ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတန်းအစားတွေ။ တစ်ချို့ကျတော့ အစကတော့ စိတ်ကောင်းရှိသလို၊ အများအကျိုး သယ်ပိုးချင်စိတ်ရှိသလို ထင်ရတယ်။ ပစ္စည်းဥစ္စာ၊ လာဘ်လာဘနဲ့ ဖြားယောင်းလာတဲ့အခါကျတော့ သူတို့ဟာ စစ်အစိုးရအလိုကျ `စွမ်းအားရှင်´တွေ ဖြစ်လာကြတယ်။
သာသနာ့တက္ကသိုလ်၊ နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ရေးတဲ့ဆောင်းပါးဆိုတော့ သာသနာ့တက္ကသိုလ်ကို သန့်ရှင်းစေလိုတဲ့သဘောနဲ့ သာသနာ့တက္ကသိုလ်က `စွမ်းအားရှင်ဘုန်းကြီး´တွေကိုပဲ အဓိက ရေးသွားပါမယ်။ စက်တင်ဘာအရေးအခင်းကြီးမှာ သံဃာတွေ ဆန္ဒပြုလို့ ပြည်သူတွေရဲ့ လွတ်လပ်ရေးတေးသွားတွေဟာ နိုးကြားလာခဲ့တယ်။ သံဃာတော်တွေထဲက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ သံဃာတွေလဲ ပေါ်ထွက်တယ်။ သူတို့ကို စစ်အစိုးရက ဘယ်လောက်ပဲ ထောင်ချ၊ အကျဉ်းချထားသည်ဖြစ်စေ ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။
သာသနာ့တက္ကသိုလ်မှာလဲ ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။ ဘယ်ဆရာတော်ကတော့ ဆန္ဒပြသံဃာတော်တွေကို ဘယ်လို ကာကွယ်ပေးတယ်။ ဘယ်ဆရာတော်ကတော့ ဘယ်လို ကူညီပေးတယ်။ ရေးချင်တဲ့အချက်အလက်တွေက အများကြီး။
စက်တင်ဘာအရေးအခင်းမှာ နာမည်ကြီးသွားတဲ့ သူတွေ အများကြီးရှိတယ်။ တစ်ချို့က အများအတွက် ရှေးရှုလို့ နာမည်ကြီးတယ်။ တစ်ချို့က အများကို ချောက်ချလို့ နာမည်ကြီးတယ်။ ကျောင်းတိုက်တွေမှာလဲ ခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း နာမည်ကြီးတွေအကြောင်း ပြောဖြစ်ကြတယ်။

ပြည်ချစ်ဘုန်းဘုန်း

အနာဂတ၀ံသ သို့မဟုတ် မျက်ရည်နဲ့ရေးခဲ့တဲ့ စိတ်ကူးယဉ်

အရာအားလုံးက လှလို့နေတယ်။ လမ်းမများပေါ်မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်တုန်းကတော့ မမီလိုက်လို့ မသိဘူး။ စာရေးသူတစ်သက်မှာတော့ ပြည်သူတွေ ဒီ လောက်ပျော်ရွှင်နေကြတာ၊ လွတ်လပ်စွာ သွားလာပြောဆိုနေကြတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ မြန်မာ့အလင်းနဲ့ ကြေးမှုံသတင်းစာကြီးနှစ်စောင်ကလဲ အရင်ကနဲ့မတူ၊ တစ်မူထူးဆန်းလို့။ လွတ်လပ်ရေးအောင်ပွဲကို တစ်ခမ်း တစ်နားဖော်ပြလို့။ ခေါင်းကြီးပိုင်းမှာကြည့်ပါအုံး။ မျက်နှာဖုံးမှာကြည့်ပါအုံး။ ပြောရရင် ဘယ်နေရာမှာမှ ဟိုတုန်း က အမြဲတမ်းပါနေခဲ့တဲ့ အော့ကြောလန်ပုံတွေ မတွေ့ရတော့ဘူး။ ပြည်သူတွေဟာ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ တင်ပြခွင့်ကို ရလို့ အကျေနပ်ကြီး ကျေနပ်နေကြတယ်။
သတင်းစာတွေကရော၊ ဂျာနယ်တွေကရော၊ မဂ္ဂဇင်းတွေကရော ပြည်သူတွေရဲ့ ရဲရဲတောက်တိုက်ပွဲ တွေကို ဖော်ကျူးထားတာတွေ့ရတယ်။ ဟိုတုန်းက မဖော်ပြခဲ့ရတဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အသုံးချ တဲ့အနေနဲ့ စာအုပ်တိုင်းမှာ၊ စာစောင်တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ပုံတွေကို ဝေေ၀ဆာဆာ တင်ပြထားကြတယ်။ “ပြည်သူ့အား”ဆိုတဲ့ ဂျာနယ်မှာဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်ထားတယ်။ တစ်ချို့စာစောင်တွေမှာတော့ စစ်အစိုးရရဲ့ ကလိမ်ကကျစ်ကျခဲ့ပုံတွေ၊ ညစ်နည်းမျိုးစုံနဲ့ ညစ်ခဲ့တာတွေကို အခန်းဆက် ဖော်ပြနေကြတယ်။

ဂျာနယ်တိုင်းလိုလိုမှာ တွေ့ရတာက “အာဏာရှင် သန်းရွှေ၊ မောင်အေးနဲ့ ရာဝဇတ်ကောင်များအား အမြန်ဆုံးတရားစီရင်ဖို့” တိုက်တွန်းတောင်းဆိုနေကြတာတွေ့ရတယ်။ မနေ့ကတောင် မြို့တော်ခန်းမရှေ့မှာ လူတွေတိုးကြိတ်နေတာတွေ့လို့ သွားကြည့်မိသေးတယ်။ ဆိုင်းဘုတ်တွေ၊ ဗန်ဒါတွေ ကိုယ်စီကိုင်လို့။ ဆိုင်း ဘုတ်တွေ၊ ဗန်ဒါတွေပေါ်မှာလဲ “သန်းရွှေ အာဏာရူး ကြိုးပေး”၊ “မောင်အေး သေဒဏ်”၊ “၈၈ သတိရလား”၊ “ဒီပဲယင်းကို ရောက်ဖူးလား”။ စတဲ့ စာသားတွေနဲ့ပေါ့ဗျာ။ ပြည်သူတွေရဲ့ အမြင်မှာတော့ အရမ်းကို ထူးဆန်း နေတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းမပေါ်ထွက် ဆန္ဒပြရင် သေနတ်နဲ့ပစ်၊ နံပါတ်တုတ်နဲ့ရိုက်လိမ့်မယ်လို့ ထင်နေကြတာလေ။ ခုတော့ ဆန္ဒပြတဲ့သူတွေကလဲ အေးအေးဆေးဆေး၊ လုံခြုံရေးတွေကလဲ ဘေးကနေ အေးဆေးစွာ လိုက်ပါနေကြတယ်။ အမြင်က တော်တော့်ကို ဆန်းနေတယ်။
“၀မ်းသာလိုက်တာဗျာ၊ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်တော်မျှော်လင့်ခဲ့တဲ့နေ့ရက်က ခုဆို တကယ့်ကို အကောင်အထည်ပေါ်လာခဲ့တယ်နော်၊ ကျွန်တော်ဖြင့် ယုံကို မယုံနိုင်လောက်အောင်ဖြစ်နေတယ်”။ သူငယ်ချင်းတစ်ယောက်က မျက်ရည်လဲ့လဲ့နဲ့ ပြောတယ်။ တစ်ယောက်ကဆို ရှိုက်ကြီးတငင် ငိုရင်းနဲ့ ပြောတယ်။ “သေချာနားထောင်စမ်းပါဗျာ၊ ဟို လဘက်ရည်ဆိုင်မှာ ဖွင့်နေတာကို၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မဟုတ်လား၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကျေးဇူးရှင်ရဲ့အသံကို အရင်က ခိုးကြောင်ခိုးဝှက် နားထောင်ခဲ့ရတာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကျေးဇူးရှင်များအကြောင်းရေးထားတဲ့ စာအုပ်တွေကို ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရတယ်၊ ခုတော့…ဗျာ လဘက်ရည်ဆိုင်မှာကို ဖွင့်သံကြားရလို့ ကျွန်တော်ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး”။
လူတွေက တော်တော်စုံနေပြီ။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အပြုံးပန်းတွေ ဆင်ထားတဲ့ လူအုပ်ကြီး။ ရင်ပြင်တစ်ခုလုံး ပြည့်နှက်လို့ပေါ့။ လမ်းတစ်လျှောက်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကို ဂုဏ်ပြုတဲ့ သီချင်းများကို သီဆိုလို့။ အဲ..ကျွန်တော်တို့အားလုံး နှစ်သက်ခဲ့တဲ့ မွန်းအောင်ရဲ့သီချင်းတွေကလဲ တိုင်းပြည်အနှံ့ ပြည်လည် ဆန်းသစ်လို့။ “ဟေ့ကောင် ဆင်းလေကွာ၊ ရောက်ပြီဟ”။ သူငယ်ချင်းက သတိပေးမှ ပြည်သူ့ရင် ပြင်ရှေ့ကို ရောက်နေပြီဆိုတာကို သိရတယ်။ မိန့်ခွန်းက စနေပြီ။ အခမ်းအနားဖွင့်တာတောင် မမီလိုက်ဘူး။
“ကျွန်မတို့ ဒီနေ့ဟာ ပြည်သူ့အောင်ပွဲ (၃) လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီနေ့လို နေ့မျိုးကို နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရတယ်။ ဒီလို နေ့မျိုးကိုရောက်ဖို့ အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။ မိသားစုပေါင်းများစွာ ဝေးလွင့်ကွဲထွက်ခဲ့ရတယ်။ ဒီလို လွတ်လပ်တဲ့ နေ့မြတ်ကိုရောက်ဖို့ အသက်ပေါင်း များစွာဟာ လမ်းမထက်မှာ ပျောက်ဆုံးခဲ့ရတယ်။ ချစ်စွာသော မိသားစုများစွာရဲ့အတွင်းမှာ သံတိုင် တွေ၊ အုတ်တံတိုင်းနံရံတွေ အများကြီး ခြားနားခဲ့ရတယ်။ သံတိုင်တွေကြားထဲမှာ လူမဆန်စွာ ပြုကျင့် ခံရလို့ မျက်စိကွယ်သူကွယ်၊ ခြေလက်ကျိုးသူကျိုးနဲ့ ဒုက္ခိတဖြစ်သူတွေ အများကြီး ဖြစ်ခဲ့ရတယ်။
ကျွန်မ ပြောချင်တာက ဒီလွတ်လပ်ရေးဟာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ “ဒီမိုကရေစီ ဘယ်နေ့ ရမလဲလို့ ကျွန်မကို မေးကြတယ်၊ ဒီမိုကရေစီရချင်ရင် လူတိုင်း ၀င်လုပ်ရမယ်”လို့ အရင်က ကျွန်မ ပြော ခဲ့ဖူးသလိုပဲ အခု အားလုံးဝင်ပြီး အလုပ်လုပ်ကြလို့ ဒီမိုကရေစီရလာခဲ့ပါပြီ။ ဒါကြောင့် ဒီလို ခက်ခက် ခဲခဲနဲ့ ရယူခဲ့ရတဲ့ လွတ်လပ်ရေးကို ပြန်လည် မဆုံးရှုံးအောင် ကျွန်မတို့ ကြိုးစားကြရမယ်။ ဒီလို ကြိုးစား တဲ့ နေရာမှာ ပြည်သူတွေက အဓိကပါပဲလို့ ကျွန်မ ဒီနေရာကနေ အသိပေးချင်ပါတယ်။
ဒီနေရာကနေ ပြည်သူလူထုကြီးကို ကျွန်မအနေနဲ့ အထူးပြောပြချင်တာက အခု ကျွန်မတို့ဟာ ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့ ကျွန်မတို့နိုင်ငံကြီးကို ပြည်လည်ထူထောင်ရမယ်။ လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ အကျင့်ပျက်ခြစားနေတဲ့ ၀န်ထမ်းတွေကိုလဲ ကျွန်မတို့ ပြုပြင်ရမယ်။ အများကြီးပါပဲ။ ဒါကို ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတာကို ဒီနေရာက နေ ကတိပေးပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ပြည်သူတွေကို ကျွန်မပြောချင်တာက ကျွန်မတို့ကတော့ အကောင်းဆုံးဆိုပြီးတော့ လုပ်တာပဲ။ ဒါပေမယ့် ပြည်သူတွေရဲ့အမြင်မှာ လမ်းစဉ်ဟာ မှားနေပြီ၊ ကျွန်မလုပ်တာ တရားမျှတမှု မရှိဘူး၊ ပုံမကျဘူးလို့ ခံစားရရင် စိတ်ထဲမှာ မြုံမထားပါနဲ့၊ ကျွန်မတို့သိအောင် ဆန္ဒပြပွဲများ ကျင်းပ၍ ဖြစ်စေ၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖြစ်စေ ဖော်ပြနိုင်ပါတယ်။ အဲဒီလို လွတ်လပ်စွာ တင်ပြကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။
နောက်ပြီး ကျွန်မတို့ အထက်က လူကြီးတွေ လုပ်ပုံကိုင်ပုံအချိုးမကျရင်လဲ ဝေဖန်ပေးကြပါ၊ ထောက်ပြ ကြပါ။ ကျွန်မ အဲဒါကိုလဲ ပြည်သူလူထုကြီးကို မေတ္တာရပ်ခံပါတယ်။ နောက်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ရှိကြတဲ့ ပညာရှင်များ၊ စာရေးဆရာများနဲ့ကဗျာဆရာများအားလုံးကိုလဲ ကျွန်မ ပြောပါရစေ၊ ရှင်တို့ အမြင်တွေ၊ အတွေးတွေကို ထိမ်ချန်မထားကြပါနဲ့။ ပွင့်လင်းစွာ၊ လွတ်လပ်စွာ ရေးကြပါ၊ သားကြပါ။ ကျွန်မကို ဝေဖန်တာပဲ ဖြစ်ဖြစ်၊ အထက်လူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံ အချိုးမပြေတာကိုပဲဖြစ်ဖြစ် ရှင်တို့ အနေနဲ့ ဘာမှ အဆီးအတားမရှိ ဝေဖန်နိုင်ပါတယ်၊ အကြံပြုနိုင်ပါတယ်၊ တင်ပြဆွေးနွေးနိုင်ပါတယ်။ “ရှင်တို့ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ငါ ခေါင်းဆောင်ပဲ၊ ငါလုပ်ချင်ရာ လုပ်မယ်”ဆိုတဲ့ သဘောမျိုး ကျွန်မမှာ အလျဉ်းမရှိဘူးဆိုတာကို ကျွန်မ ဒီနေရာကနေ အတိအလင်းပြောပါတယ်။
နောက်ပြီး ကျွန်မအဖေ ပြောခဲ့တဲ့အတိုင်း ကျွန်မပြောချင်ပါသေးတယ်။ ကျွန်မဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပေးဆပ်ပြီး အလုပ်လုပ်မယ်၊ ကျွန်မစွမ်းနိုင်သမျှလုပ်မယ်၊ စွမ်းအားရှိသမျှ ကျွန်မရဲ့ အသက်အသွေးတွေနဲ့ပေါင်းစပ်ပြီး တိုင်းပြည်အတွက် ကျွန်မလုပ်ခဲ့မယ်။ ပြည်သူတွေအထဲက မွန်ဖြစ် ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ်၊ ကချင်၊ ချင်း၊ ကယား….ဘယ်လူမျိုးထဲကပဲဖြစ်ဖြစ် ကျွန်မထက်ပိုပြီး တိုင်းပြည်အတွက် အလုပ်လုပ်နိုင်လိမ့်မယ်လို့ ယူဆသူရှိရင် ထွက်ခဲ့ပါ။ ကျွန်မ ချက်ချင်းဆင်းပေးပါ့မယ်။ ဒါကိုလဲ ပြည်သူလူထုကြီးရှေ့မှောက်မှာ ကျွန်မ အတိအလင်း ပြောပါ တယ်………………………………………………………………………………”။
“ဘာလို့ မျက်ရည်ကျနေရတာလဲကွာ” သူငယ်ချင်းကမေးမှ သတိပြန်ဝင်လာတယ်။ သတိဝင်လာမှ ကြည့်လိုက်တော့ အားလုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေ အရွဲသားနဲ့။ တစ်ချို့ဆို မိန့်ခွန်းပြီးတာနဲ့ ရှိုက်ကြီး တငင် ငိုရှိုက်လို့နေတယ်။ ၀မ်းသာပီတိမျက်ရည်များ။ မိန့်ခွန်းပြီးလို့ ပြန်လည်ထွက်ခွါနေကြတဲ့ ပြည်သူလူထု မြင်ကွင်းကြီးကိုကြည့်ရင်း ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျွန်တော် ရှိုက်ကြီးတငင်ကို ငိုရှိုက်မိခဲ့တယ်။
ကျွန်တော့်ဘ၀မှာ ဒီလောက်ရှိုက်ကြီးတငင် မငိုခဲ့ဖူးသလို ဒီလောက်လဲ ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူး ဘူး။
ကောင်းကင်က ညွတ်ခွေအိကျပြီး ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ အပြာရောင်ကောင်းကင်မှာ တိမ်စိုင်အိအိအချို့က ဟိုတိုးဒီရွေ့နဲ့ ပျော်ရွှင်မြူးထူးနေကြတယ်။ ကျွန်တော်တို့လဲ တိမ်စိုင်တွေနဲ့အတူ က,လို့ ပေါ့။ စီးလာတဲ့ကားက အာဇာနည်ကုန်းနားအရောက် လမ်းဘေးမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပိုစတာအကြီးကြီးကိုကြည့်ပြီး “ယား”နဲ့အော်သွားတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်။ ကျွန်တော် ကလဲ သံယောင်လိုက်ပြီး ယား…နဲ့ လိုက်အော်လိုက်တော့ ကားတစ်စီးလုံး ပွဲကျခဲ့တယ်။ မြူးလို့ပျော်လို့။
………………………………………
ကျွန်တော်အိပ်ယာကနိုးတော့
အိပ်ယာတစ်ခုလုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ ရွှဲစိုနေတယ်။
အဲဒီနေ့တစ်နေ့လုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေခဲ့တာက
ကျွန်တော်တစ်ယောက်ထဲရယ်ပါ။
လွင်ပြင်ရိုင်း
11, 5, 2008

သာသနာနာနှင့်နိုင်ငံရေး (၄) သို့မဟုတ် ယာယီနိဂုံး

သာသနာနဲ့နိုင်ငံရေးအကြောင်းကို တင်ပြလာတာ အခုဆိုရင်အပိုင်း(၄)တောင်ရောက်လာခဲ့ပြီ။ အရင်တစ်ပတ်က K Sri.Dhammananda ရဲ့ Buddhism and Politics ဆိုတဲ့ ဆောင်းပါးကို အခြေခံ ပြီး မြတ်စွာဘုရားကိုယ်တော်တိုင် နိုင်ငံ့အရေး၊ တိုင်းရေးပြည်ရေးနဲ့ ပတ်သတ်ပြီး မိန့်ကြားခဲ့တာတွေ ကို တင်ပြခဲ့ပါတယ်။ အခုလဲ အဲဒါကိုပဲ ဆက်ပါမယ်။
မိလိန္ဒပဥှာမှာလဲ “အုပ်ချုပ်သူအဖြစ် မသင့်တော်တဲ့၊ ကျွမ်းကျင်မှုမရှိတဲ့၊ ကိုယ်ကျင့်တရား မကောင်းတဲ့၊ မလျော်ကန်တဲ့၊ စွမ်းရည်မပြည့်စုံတဲ့၊ မထိုက်တန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကြီးကျယ် တဲ့ အာဏာချုပ်ကိုင်မှုတွေနဲ့ သူ့ကိုယ်သူ ဘုရင်အဖြစ် (သို့မဟုတ်) အုပ်ချုပ်သူအဖြစ် တင်မြှောက်ခဲ့ မယ်ဆိုရင် (ပြည်သူက မဘောမတူဘဲ မတရားဖိနှိပ်ချုပ်ချယ်တဲ့ ပုဂ္ဂိုလ်အစိုးရဖြစ်ခဲ့ရင်) သူဟာ ထိခိုက်နာကျင်ဖို့ အလားအလာတွေ ရှိနေပါပြီ၊ ပြည်သူပြည်သားတွေရဲ့ အမျိုးမျိုးသော ဒဏ်ခတ်မှုတွေ ကို ခံရဖို့ အလားအလာတွေ ရှိနေပါပြီ၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို ဦးဆောင်ဖို့ မသင့်လျော်၊ မထိုက်တန်တဲ့ပုဂ္ဂိုလ်ဟာ အုပ်စိုးသူဆိုတဲ့ ထိုင်ခုံပေါ်မှာ မလျော်ကန်တဲ့ နည်းတွေနဲ့ သူ့ကိုယ်သူ နေရာ ပေးထားလို့ပါပဲ။ ကိုယ်ကျင့်တရားနဲ့ လူသားတွေရဲ့ အခြေခံ လူမှုကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖောက် တဲ့၊ အကြမ်းဖက်တဲ့ ပုဂ္ဂိုလ်မျိုးတွေဟာ အပြစ်ပေးခံကြရပါလိမ့်မယ်၊

ထိုပုဂ္ဂိုလ်များနဲ့ အလားတူပဲ မမှန်ကန်တဲ့နည်းတွေနဲ့ အကြမ်းဖက်တဲ့အစိုးရဟာ ပြည်သူတွေရဲ့ ပြစ်ဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်၊ ဒါ့အပြင် သူ့ကိုယ်သူ ပြည်သူတွေရဲ့ ဓားပြတစ်ယောက် လို ပြုမူတဲ့ အုပ်ချုပ်သူကို ပြည်သူတွေက အပြစ်တင်ကြပါလိမ့်မယ်၊ သူတို့ရဲ့ သဘောတူ လက်ခံမှုကို လဲ ဘယ်သောအခါမှ ရလိမ့်မှာ မဟုတ်ဘူး။ ..စသဖြင့် မိန့်ကြားခဲ့ပါတယ်။
အထက်ပါ တရားတော်အလိုအရဆိုလျှင် န.အ.ဖ လဲ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံရမှာ အသေအချာပါပဲ။ ကိုယ်ကျင့်တရားဆိုတာ ဝေလာဝေး၊ ကိုယ်ကိုးကွယ်တဲ့ သံဃာကိုတောင် အာဏာတည်မြဲရေးအတွက် သတ်ရဲတဲ့ အစိုးရ။ စွမ်းရည်ဆိုတာကလဲ ဘာမှ မရှိ။ ကလိမ်ကကျစ်။ အာဏာတည်မြဲဖို့အတွက် ညာဏ်နီညာဏ်နက်တွေပဲ ရှိတယ်။ တကယ်တော့ န.အ.ဖ ဟာ ဓားပြအကြီးစားကြီးပါပဲ။ န.အ.ဖ ဘယ်လိုပဲ ပြောပြော၊ ဘာတွေပဲ လုပ်လုပ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်တော့မှ ရလိမ့်မှာ မဟုတ်ဘူး။
ဇာတ်တော်တစ်ခုမှာလဲ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နှိပ်စက်တဲ့ အစိုးရ၊ အပြစ်တွေ များစွာ ကျူးလွန်ထားသူကို အပြစ်မပေးတဲ့အပြင် ချီးမြှောက်ထားတဲ့ အစိုးရဟာ တိုင်းပြည်ကို အုပ်ချုပ် ဖို့ မသင့်လျော်ကြောင်း ဟောကြားထားပါတယ်။
မဇ္ဈိမနိကာယ်မှာလဲပဲ အောက်ပါ သဘောတရားတွေကို ဟောကြားထားပါသေးတယ်။ တိုင်း ပြည်အုပ်ချုပ်သူတွေဟာ ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် ကြံစည်အားထုတ်သင့်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင် အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်တွေကို ဂရုတစိုက် စုံစမ်းစစ်ဆေးမှု ပြုနေရပါတယ်။ မိမိ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ မှားယွင်းမှုတွေ၊ အပြစ်အနာအဆာတွေ လုပ်မိသလား၊ မလုပ်မိ ဘူးလားဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ အကြံညာဏ်နဲ့ဆန္ဒကို နားထောင်ပေးဖို့၊ သိမြင်ဖို့ အမြဲတမ်း ကြိုးစားနေရပါတယ်။
ဗုဒ္ဓတရားတော်အလိုအရ တိုင်းပြည်ကို အုပ်ချုပ်သူတွေဟာ ကိုယ့်ကိုယ်ကို တိုးတက်အောင်၊ ကောင်းမွန်သထက် ကောင်းမွန်အောင် ကြိုးစားရပါတယ်။ ဒါပေမယ့် န.အ.ဖ ဟာ စက္ကန့်မခြား ပိုပိုပြီးတောင် ဆိုးဝါးလာတယ်။ ပိုပိုပြီး ညစ်ပတ်လာတယ်။ ကောက်ကျစ်လာတယ်။ ကိုယ့်ရဲ့ ချို့ယွင်းမှု၊ အားနည်းချက်တွေကိုတော့ ဘယ်တော့မှ ပြန်ကြည့်လေ့မရှိဘဲ သူ့ကို မကြိုက်တဲ့ ပြည်သူတွေကို သတ်ဖြတ်တယ်။
နောက်ပြီး ဆက်ပြောထားတာက……မိမိဟာ မတရားဖိနှိပ်ချုပ်ချယ်ပြီး အုပ်ချုပ်နေတာကို ပြည်သူတွေက သိမြင်သွားခဲ့ပြီဆိုရင် ပြည်သူတွေဟာ သူ့ကို အပြစ်တင် ပြောဆိုကြပါတော့မယ်။ တရားမမျှတတဲ့ ကိုင်တွယ်မှု၊ အပြစ်ပေးမှု၊ အခွန်ကောက်ခံမှု၊ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အုပ်ချုပ်နေတဲ့ ယုတ်မာကောက်ကျစ်တဲ့ အစိုးရဟာ “တိုင်းပြည်နဲ့ပြည်သူပြည်သားတွေကို ပျက်စီး အောင် လုပ်နေပါပြီ”လို့ ပြည်သူတွေက ပြောလာကြပါလိမ့်မယ်။ ဒါတင်မကပါဘူး၊ ပြည်သူတွေဟာ တစ်နည်းမဟုတ် တစ်နည်းအားဖြင့် အစိုးရကို ဆန့်ကျင်ပြီး တန်ပြန်လှုပ်ရှားမှုတွေ ပြုလာကြပါ လိမ့်မယ်။
အဲဒီသဘောတရားတွေနဲ့ ဆန့်ကျင်ဘက်အနေအားဖြင့် ပြောရင်လဲ ရပါတယ်။ အစိုးရဟာ မှန်ကန်ပြီး တရားမျှတစွာ အုပ်ချုပ်နေမယ်ဆိုရင် “အရှင်မင်းမြတ် (သမ္မတကြီး၊ ၀န်ကြီးချုပ်ကြီး) သက် တော်ရာကျော် ရှည်ပါစေ”လို့ ကြွေးကြော် ဂုဏ်ပြုကြပါလိမ့်မယ်။ …………….။ တော်တော် မှတ်သား စရာ ကောင်းတဲ့ စကားပါ။
အခု စာရေးသူတို့ ပညာသင်ကြားနေရတဲ့ သီရိလင်္ကာနိုင်ငံမှာဆိုရင် ပြည်သူ (၁၀)ယောက်ကို သူတို့အစိုးရမကောင်းကြောင်း သွားပြောကြည့်၊ အနည်းဆုံး (၇) ယောက်က ငြင်းဆန်ကြပါလိမ့်မယ်။ သူတို့ ပြည်သူတွေဟာ သူတို့ ခေါင်းဆောင်ကို ထိရင် မကြိုက်ကြဘူး။ စာရေးသူတို့ဟာလဲ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်။ ကိုယ့်ခေါင်းဆောင်ကို လေးစားချင်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး (ဘာမှ မသိနားမလည်တဲ့ န.အ.ဖ နောက်လိုက်တွေက လွဲရင်) က ကိုယ့်အစိုးရအကြောင်းပြောကြရင် `ထွီ..ထွီ´ဖြစ်နေကြတယ်။ ဒီလို နိုင်ငံမျိုးက ဘယ်လိုလုပ် တိုးတက်နိုင်ပါတော့မလဲ။ စာရေးသူတို့ ဖြစ်စေချင်တာက မြင်ချင်တာက အစိုးရဆိုတာ ၀န်ထမ်းပဲ၊ ပြည်သူက ခိုင်းတာကို လုပ်ရတဲ့ သူတွေပဲ။ ပြည်သူတွေကို ရှေ့ကနေ ဦးဆောင်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာတိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုလုပ်ဖို့ တာဝန်ပေးထားခံရသူပဲ။
ခုတော့….အဲ့လို မဟုတ်။ ကိုယ့်ကို ထမင်းကြွေးတဲ့ ပြည်သူတွေကို ဆုတ်ယုတ်အောင်၊ ပျက်စီးအောင် ပိုပိုပြီး လုပ်ဆောင်နေတယ်။ ပြည်သူက ကြိုက်တာမကြိုက်တာ အပထား၊ အာဏာတည်မြဲရေးအတွက် ဘာမဆို အကုန်လုပ်မယ်ဆိုတဲ့ အစိုးရဖြစ်နေတယ်။ ဗုဒ္ဓဘာသာလို့ အမည်ခံထားကြပေမယ့် ဗုဒ္ဓဘာသာနဲ့တူတဲ့ အပြုအမူမျိုး၊ အပြောအဆိုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ကိုယ့်ပြည်သူကို သတ်တာ၊ ဖြတ်တာ၊ နှိပ်စက်တာဟာ ဗုဒ္ဓမြတ်စွာရဲ့နိုင်ငံရေးအမြင်နဲ့ ဆန့်ကျင်နေသလို တိုးတက်တဲ့ ဒီနေ့လိုခေတ်မှာတောင် ယဉ်ကျေးတဲ့နိုင်ငံတွေမှာ မရှိတော့ပါဘူး။
န.အ.ဖ အနေနဲ့က ဘုရားသွား၊ ကျောင်းတက်တာ၊ ဘုရားတည်တာတွေကို လုပ်တာနဲ့ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပြွန်ပြီလို့ မှတ်ယူနေကြတယ်။ တစ်ချို့ နောက်လိုက်တွေကလဲ သူတို့ ပဉ္ဇင်းတက်တာ၊ ကျောင်းသွားပြီး အလှူလုပ်တာလေးတွေကို မရိုးနိုင်အောင်ပြောပြီး `ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ´လို့ အော်အော်နေကြတယ်။ တကယ်တော့ ဒီလို ပြောနေကြ၊ ရေးနေကြ၊ အော်နေကြတာတွေဟာ ဘာသာတရားရှုထောင့်အရ အတော်သနားစဖွယ်ဖြစ်နေသလို၊ လူတစ်ယောက်ရဲ့ ရှုထောင့်အရ တော်တော်ကို ရွံစရာကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ န.အ.ဖ ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေပါလို့ ဘယ်လိုပင်အော်အော် လုပ်နေတာတွေက ဗုဒ္ဓဘာသာနဲ့မတူ ယုတ်မာရိုင်းစိုင်းလွန်းနေတယ်။ `န.အ.ဖ တွေက ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာအစစ်တွေပါ´လို့ အော်သံကြားရတိုင်း စာရေးသူဟာ အတော်ကို ရှက်မိပါတယ်။
မြတ်ဗုဒ္ဓဟာ တခါတရံမှာ လူမှုပြုပြင်ရေးဝါဒီအဖြစ် သူ့ကိုယ်သူ မိန့်ကြားလေ့ရှိပါတယ်။ အခြေ အနေအရပ်ရပ်ထဲက ဇာတ်စနစ်ကိုတော့ အတိအလင်း ဆန့်ကျင်ကြောင်း ဟောကြားပါတယ်။ မြတ်ဗုဒ္ဓ ဟာ လူသားအရင်းအမြစ်၊ လူသားစွမ်းအင်ကို အသိအမှတ်ပြုလေးစားတယ်။ တိုင်းပြည်တိုင်းဟာ လူမှုစီးပွားရေးအခြေအနေ တိုးတက်ဖို့ လိုအပ်ကြောင်းကိုလဲ မိန့်ကြားတော်မူပါတယ်။ ချမ်းသာတဲ့ လူတန်းစား၊ ဆင်းရဲတဲ့ လူတန်းစားဆိုတဲ့ လူတန်းစားနှစ်ရပ်အနက် သင့်တော်မျှတတဲ့ စည်းစိမ်ခွဲဝေမှု ရဲ့ အရေးပါမှုကိုလဲ သတိပေးထောက်ပြတော်မူပါတယ်။
နိုင်ငံရေး၊ စီးပွားရေးအကြောင်းတွေကို မြတ်ဗုဒ္ဓက ဟောကြားထားလေတော့ ဒါတွေဟာ ဗုဒ္ဓဘာသာရဲ့ အန္တိမရည်မှန်းချက်တွေလားလို့ မေးစရာ ရှိလာပါတယ်။ ဓမ္မပဒမှာ “လောကီအကျိုး စီးပွားတွေ ရစေနိုင်တဲ့လမ်းက တစ်လမ်း၊ နိဗ္ဗာန်ရစေနိုင်တဲ့လမ်းက တစ်လမ်းဖြစ်တယ်”လို့ မြတ်ဗုဒ္ဓက မိန့်တော်မူပါတယ်။ လမ်းက နှစ်လမ်း ဖြစ်ပါတယ်။ အဲဒီလို ကွဲပြားနေရဲ့နဲ့ မြတ်ဗုဒ္ဓဟာ လူမှုရေး၊ စီးပွာရေး၊ နိုင်ငံရေးတွေကို ဘာကြောင့် ဟောကြားနေရလဲ။
ဒီအတွက်ကတော့ ရှင်းပါတယ်။ လောကမှ ထွက်မြောက်ရာ၊ ထွက်မြောက်ကြောင်း၊ နိဗ္ဗာန်ရ စေနိုင်တဲ့ မဂ္ဂင်အကျင့်ဟာ လူ့ပြည်လူ့ လောကမှာ ကျင့်ရမယ့်အကျင့် ဖြစ်လို့ပါပဲ။ လူ့ပြည် လူ့ လောကကြီးပေါ်မှာ မဂ္ဂင်လမ်းစဉ်ကို (သို့မဟုတ်) လူသားကျင့်ဝတ်တွေကို (သို့မဟုတ်) လူ့အခြေခံ လွတ်လပ်မှုတွေကို ထိန်းသိမ်းထားဖို့ လိုပါတယ်။ အခြေခံလွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး များ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စားဝတ်နေရေး ပြည့်စုံမှုများ မရှိတဲ့နေရာမှာ နိဗ္ဗာန်ဆိုတဲ့ ဘ၀လွတ်မြောက် မှုကို ရရှိဖို့အရေးဟာ အခက်အခဲများ ရှိနေအုံးမှာ ဖြစ်တယ်။
ဒေါက်တာဓမ္မာနန္ဒ(K.sri Dhammananda)ကလဲ “ဗုဒ္ဓဘာသာဟာ လူမှုရေးအမှန် တရား ဖြစ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ လုံးဝဆက်နွယ်မှု မရှိဘူး၊ ပါဝင်ပတ်သက်မှုမရှိဘူး”လို့ အထက်ပါ ဓမ္မပဒ စကားက မဆိုလိုကြောင်း မိန့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းဆိုတာ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ စီးပွားရေးစီမံကိန်းတွေနဲ့ ပုံဖော်ထားရတာ ဖြစ်လို့ပါပဲ။ အဲဒီမှာ အရေးအကြီး ဆုံးက နိုင်ငံရေးစီမံကိန်းပါပဲ။ နိုင်ငံရေးစီမံကိန်းမကောင်းရင် ဘ၀လွတ်မြောက်ကြောင်း နိဗ္ဗာန်အတွက် မဆိုထားနဲ့ လောကီချမ်းသာကိုတောင် ရရှိဖို့ မလွယ်ပါဘူး။
ဒီလောက်နဲ့တင် သာသနာနဲ့နိုင်ငံရေးကို ရပ်တန့်ပါတော့မယ်။ တစ်ချို့က ပြောလာကြတယ်။ မြှောက်ပြောတာလားတော့ မသိဘူးပေါ့။ “ဦးဇင်း ရေးထားတာတွေ အရမ်းကောင်းတယ်ဘုရား။ ဒါတွေ ဖတ်ရတော့ ဗုဒ္ဓမြတ်စွာအပေါ် ပိုပြီး ကြည်ညိုမိတယ်ဘုရား၊ တပည့်တော်တို့ မြတ်စွာဘုရားက လောကီကောင်းစားရေးတွေကို ဒီလောက် အလေးအနက် ပြောဟောလိမ့်မယ်လို့ တပည့်တော် မထင်ထားဘူးဘုရား”စသဖြင့် ပြောလာကြတယ်။
အဲ….တစ်ချို့ကလဲ အမှန်တွေ ပြောလို့ဆိုပြီး ဆဲကြတယ်ပေါ့ဗျာ။
ပြောမယ့်သာ ပြောရတာ စာရေးသူ ရေးသားတင်ပြခဲ့သမျှ ဗုဒ္ဓဘာသာက ပြောတဲ့ နိုင်ငံရေး၊ လောကီရေးကိစ္စတွေဟာ တကယ့်ကို အမြွက်မျှ၊ နိဒါန်းမျှကလေးပဲ ရှိပါသေးတယ်။ စာရေးသူဟာလဲ ကျောင်းတစ်ဖက်နဲ့ဆိုတော့ သေသေချာချာ သုတေသနပြု မလေ့လာနိုင်လို့ ဒီလောက်လေးပဲ တင်ပြလိုက်ရတာပါ။ နောက်ပြီး ပိဋကတ်စာပေတွေ ဖတ်ရင်းနဲ့ ကောင်းနိုးရာရာလေးတွေ တွေ့ရင်လဲ ဒီအခန်းဆက် ဆောင်းပါးလေးတွေကို ဆက်ပါအုံးမယ်။ ဒါကြောင့် “ယာယီနိဂုံး”လို့ ခေါင်းစီးမှာ တင်လိုက်တာပါ။
ဒီစာကို ဖတ်ပြီး “ဗုဒ္ဓဘာသာဟာ လောကီအရေး၊ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့ ဘာမှ မဆက် စပ်ပါဘူး၊ ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ နိုင်ငံရေးကိစ္စတွေမှာ ရေငုံနှုတ်ပိတ် မဆိုင်သလို နေသင့် တယ်” လို့ ထင်မြင်ယူဆသူတွေ အထိုက်အလျောက် နားလည်သွားတယ်ဆိုရင် စာရေးသူ ဒီစာကို ရေးရကျိုး နပ်ပါတယ်။ ဒီဆောင်းပါး အစက စကားအနည်းငယ်နဲ့ နိဂုံးသတ်ပါမယ်။
“ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့ မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး”

ပြည်ချစ်ဘုန်းဘုန်း
Ref: Buddhism and Politics
By Dr. K Sri Dhammananda

သာသနာနှင့်နိုင်ငံရေး (၃)

သာသနာနဲ့နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပတ်သတ်တဲ့ အကြောင်းအရာကို စာရေးသူ တင်ပြခဲ့ ရာမှာ ပထမဆုံး စာရေးသူရဲ့အမြင်နဲ့ စတင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကိုလိုနီခေတ်ရဟန်း တော်များ နိုင်ငံရေးနဲ့ပတ်သတ်ပြီး ၀င်ရောက်လုပ်ဆောင်ခဲ့တာတွေကို တင်ပြခဲ့ပါတယ်။ ခု အပိုင်း သုံးမှာတော့ ဘုရားဟော ကျမ်းဂန်အချို့ကို ထောက်ပြပြီး ဗုဒ္ဓအမြင်အရ နိုင်ငံရေးဆိုတာ လူသားထု တစ်ရပ်လုံးအရေး၊ ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ ကောင်းစားရေးသာ ဖြစ်ကြောင်းကို လေ့လာ တင်ပြသွားပါမယ်။ ပြီးရင် တိုက်တွန်းစကားလေး ပြောမယ်။
လောကအကျိုး သယ်ပိုးဆောင်ရွက်ခြင်းနဲ့ နိုင်ငံ့အရေး ဆောင်ရွက်ခြင်းဆိုတာကို ခွဲခြားလို့ မရ ပါဘူး။ နိုင်ငံအတွင်းမှာ တရားမျှတမှုတွေ ဆိတ်သုဉ်းနေရင်၊ အခြားကောင်းရာမွန်ရာတွေကို ဆောင် ရွက်ဖို့ အခွင့်အလမ်းတွေလဲ ဆိတ်သုဉ်းဖို့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။

နိုင်ငံတစ်ခုအတွင်း အုပ်ချုပ်သူတွေ ညံ့ဖျင်းနေရင် ကောင်းမွန်မှုမရှိရင် တိုင်းပြည်ဟာ မငြိမ် သက်နိုင်ပါဘူး။ ဆူပူမှုတွေ၊ သောင်းကျန်းမှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီလို အခြေ အနေတွေကို ဗုဒ္ဓဘာသာအမြင်အရ ကိုယ်နဲ့မဆိုင်သလို နေသွားသင့်သလား။ ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ။
“တိုင်းပြည်တွင်း အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားတွေ ဘယ်လိုပဲဖြစ်နေနေ ငါတို့ ဗုဒ္ဓ ဘာသာဟာ လောကမှ လွတ်မြောက်ကြောင်းကိုသာ လုပ်ရမယ်။ ဒီလို တိုင်းရေးပြည်ရေး (လောကီ ရေး)ကိစ္စတွေကို ၀င်ရောက်မစွတ်ဖက်သင့်ဘူး”။ အဲဒီလို ပြောနေကြတာဟာ ဗုဒ္ဓအမြင်နဲ့ ကိုက်ညီမှု ရှိသလား၊ မရှိဘူးလားဆိုတာကို ဒီဆောင်းပါး ဖတ်ရင်းနဲ့ သဘောပေါက်သွားကြမယ်လို့ ယူဆတယ်။
ဗုဒ္ဓဘာသာအမြင်အရ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ချဉ်းကပ်မှုဟာ စာရိတ္တမဏ္ဍိုင်တည်ဆောက် ရေးနဲ့ ပြည်သူတွေရဲ့ စွမ်းရည်ကို (လူထုအားကို) တာဝန်ရှိရှိ အသုံးပြုခြင်းပါပဲ။ မြတ်စွာဘုရားဟာ အကြမ်းမဖက်ခြင်းဆိုတဲ့ ငြိမ်းချမ်းရေးကို ကမ္ဘာလုံးဆိုင်ရာ သူ့ရဲ့ အဓိကမက်ဆေ့အနေနဲ့ ဟော ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟာ သတ္တ၀ါတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်း ကို သဘောမတူပါဘူး။
မြတ်ဗုဒ္ဓအလိုအရ “တရားမျှတတဲ့စစ်ပွဲဆိုတာ မရှိပါဘူး”။ “အောင်ပွဲရသူဟာ အမုန်းတရားကို မွေးထုတ်ပေးတယ်။ ရှုံးနိမ့်သူတွေဟာ ဒုက္ခသုက္ခတွေနဲ့ အသက်ရှင်နေထိုင်ကြရတယ်”။ မြတ်ဗုဒ္ဓ အမြင်အရ ရှုံးနိမ့်မှု၊ အောင်မြင်မှု နှစ်ဘက်လုံးကို စွန့်လွှတ်နိုင်စွမ်းရှိတဲ့သူသာ ပျော်ရွှင်ငြိမ်းချမ်းသူ ဖြစ်နိုင်ပါတယ်။
မြတ်ဗုဒ္ဓဟာ အကြမ်းမဖက်မှုနဲ့ ငြိမ်းချမ်းရေးကို ဟောကြားရုံတင်မကပါဘူး။ ဖြစ်လုဆဲဆဲ သွေးချောင်းစီးတိုက်ပွဲတစ်ခုကို ကာကွယ်ဖို့ စစ်မြေပြင်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ဘာသာရေးခေါင်းဆောင်ကြီးလဲ ဖြစ်ပါတယ်။ အဲဒါကတော့ သကျနဲ့ကောလိယနှစ် ပြည်ထောင်ရဲ့ ရောဟိနီမြစ်ရေလုပွဲမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ နှစ်ပြည်ထောင်စစ်သည်တွေရဲ့ လက် နက်တွေကိုချစေပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့ပါတယ်။
နောက်ပြီး အဇာတသတ်မင်းရဲ့ ၀ဇ္ဖီတိုင်းကို တိုက်ခိုက်မယ့် အစီအစဉ်ကိုလဲ အကောင်အထည် မပေါ်အောင် တားဆီးပေးခဲ့ပါတယ်။
နောက်ပြီး မြတ်ဗုဒ္ဓဟာ အစိုးရကောင်းတစ်ခုရဲ့ ကနဦးလိုအပ်ချက်များ၊ အရေးပါမှုများကိုလဲ ဆွေးနွေးလေ့ရှိပါတယ်။ အုပ်ချုပ်သူအစိုးရထိပ်သီးပိုင်းမှာ ယိုယွင်းခြစားနေရင်၊ တရားမျှတမှုတွေ ဆိတ်သုဉ်းနေရင် တိုင်းပြည်ဟာ ဆုတ်ယုတ်ပျက်စီးခြင်း၊ အကျင့်ပျက်ခြစားခြင်းတွေ တိုးပွားလာပါ လိမ့်မယ်။ ဒါဆိုရင် တိုင်းသူပြည်သားတွေဟာ စိတ်မချမ်းမြေ့ ဖြစ်ကြရကြောင်း မီးမောင်းထိုးပြပါတယ်။ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်ကြောင်း အမြဲဟောကြားလေ့ရှိပါတယ်။
ဒါ့အပြင် လူသားချင်း စာနာထောက်ထားတဲ့ လူကျင့်ဝတ်စည်းကမ်းတွေအပေါ်မှာ အခြေခံပြီး အုပ်ချုပ်သင့်ကြောင်းကိုလဲ မိန့်ကြားထားခဲ့ပါတယ်။
တစ်ခါတုန်းက မြတ်ဗုဒ္ဓက “တိုင်းပြည်အုပ်ချုပ်သူက တရားမျှတရင်၊ ကောင်းမွန်ရင် မှူးကြီး မတ်ရာ(၀န်ကြီး)တွေ တရားမျှတလာလိမ့်မယ်၊ မှူးကြီးမတ်ရာ(၀န်ကြီး)တွေ တရားမျှတရင်၊ ကောင်း မွန်ရင် အထက်တန်းရာထူးရှိသူတွေ တရားမျှတလာလိမ့်မယ်၊ အထက်တန်းရာထူးရှိသူတွေ တရားမျှ တရင်၊ ကောင်းမွန်ရင် သာမန်ဝန်ထမ်းတွေ တရားမျှတလာလိမ့်မယ်၊ ၀န်ထမ်းတွေ တရားမျှတရင်၊ ကောင်းမွန်ရင် တိုင်းသူပြည်သားတွေ တရားမျှတလာလိမ့်မယ်”လို့ မိန့်ကြားထားပါတယ်။
အထက်ပါ ဟောကြားချက်ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဟာ တိုင်းပြည်အရေးနဲ့ ပြဒါး တစ်လမ်းသံတစ်လမ်း မဟုတ်ဘူးဆိုတာကို နားလည်နိုင်ပါတယ်။ နိုင့်အရေး သို့မဟုတ် တိုင်းရေး ပြည်ရေး တည်ငြိမ်မှုကို တရားမျှတမှုနဲ့ တိုင်းတာလို့ ရပါတယ်။
တရားမျှတမှု+တည်ငြိမ်မှု။
တရာမမျှတမှု+မတည်ငြိမ်မှု။
ဒီနှစ်ခုဟာ ဘယ်လိုမှ ခွဲခြားတွေးတောလို့ မရပါဘူး။ ဒီဘက်နှစ်ဘက်ကို ပြောင်းပြန်လဲ တွဲစပ်လို့ မရပါ ဘူး။ အုပ်ချုပ်သူဟာ တရားမျှတမှုတော့ မရှိဘူး။ ဒါပေမယ့် တည်ငြိမ်မှုကိုတော့ လိုချင်တယ်။ ဒါဆိုရင် အဆိုပါ အုပ်ချုပ်သူဟာ သဘာဝကို ဆန့်ကျင်နေတာပဲ။ နောက်ပြီး ဘေးကနေ အကဲခတ်သူတွေ ဟာလဲ ဒီ စံနှစ်ခုနဲ့ အစိုးရစနစ်တစ်ခု ကောင်း၊ မကောင်းကို အကဲဖြတ်လို့ ရပါတယ်။ နိုင်ငံတစ်နိုင်ငံ ဟာ တည်ငြိမ်မှု မရှိဘူး။ လူထုက အမြဲလိုလို ဆန္ဒတွေ ပြနေကြတယ်။ ဒါဆိုရင် အုပ်ချုပ်သူတွေဟာ တရားမျှတမှုမရှိဘူး သို့မဟုတ် လိုအပ်ချက်တွေရှိနေတယ်လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ နိုင်ငံရေးအမြင် ဖြစ်ပါတယ်။
တစ်ဖန် စက္က၀တ္တိသီဟနာဒသုတ်မှာလဲ “တိုင်းပြည်မှာ မှားယွင်းဖောက်ပြန်မှုတွေ၊ အကြမ်း ဖက်မှုတွေ၊ အမုန်းအာဃာတတရားတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ စတဲ့ စာရိတ္တမဏ္ဍိုင်ပြိုလဲမှု ကြောင့် ဖြစ်လာရတဲ့ ရာဇ၀တ်မှုတွေအားလုံးဟာ ဆင်းရဲခြင်းကနေ ဖြစ်ပေါ်လာရခြင်း ဖြစ်တယ်၊ တိုင်းပြည်အတွင်းမှာ အဲဒီလို ဖြစ်လာခဲ့ရင် ဘုရင် (သို့မဟုတ်) အစိုးရဟာ ထိုက်သင့်တဲ့အပြစ်ဒဏ် ပေးပြီး ဖိနှိပ်ရပါတယ်၊ ဒါပေမယ့် အဆိုပါ မှုခင်းတွေကို အကြမ်းဖက်တဲ့နည်းနဲ့ သုတ်သင်ဖယ်ရှား ပြီဆိုရင်တော့ ဒါဟာ အကျိုးမဲ့ ဖြေရှင်းနည်းပါပဲ၊ ဆင်းရဲလို့ ဖြစ်လာရတဲ့ ပြဿနာကို ဆင်းရဲကို ဖျောက်ပေးတဲ့နည်း (သို့မဟုတ်) ဆင်းရဲမှုပပျောက်စေမယ့်နည်းကို အသုံးပြုမှသာလျှင် မှန်ကန်တဲ့ ဖြေ ရှင်းနည်း မည်ပါတယ်”လို့ မိန့်ကြားထားပါတယ်။
ကူဋဒန္တသုတ်မှာလဲပဲ တိုင်းပြည်အတွင်း ဆူပူမှုတွေ (ဆန္ဒပြမှုတွေ)၊ အမှုအခင်းတွေ လျော့ နည်းပြီး ပျော်ရွှင်အေးချမ်းမှုတွေ ဖြစ်စေချင်တဲ့အစိုးရဟာ အကြမ်းဖက်ဖြိုခွင်းမယ့်နည်းအစား ပြည်သူ တွေရဲ့ စားဝတ်နေရေးကို တိုးတက်အောင် ပြုပေးခြင်းအားဖြင့် ဖြေရှင်းဖို့ မိန့်ကြားခဲ့ပါတယ်။
အစိုးရဟာ တိုင်းပြည်ရဲ့သယံဇာတတွေကို တိုင်းပြည်စီးပွားရေး တိုးတက်ရာ တိုးတက်ကြောင်း အတွက်သာ အသုံးပြုသင့်ကြောင်း၊ အလုပ်အကိုင်များ ရှာဖွေပေးပြီး လူသားတစ်ယောက်အနေနဲ့ ဂုဏ် သိက္ခာရှိတဲ့ သက်တောင့်သက်သာဘ၀တစ်ခု ဖြစ်စေဖို့အတွက် သင့်တော်မျှတတဲ့ လစာများပေးဖို့လဲ အကြံပေးခဲ့ပါတယ်။
ဒီစာကို ရေးနေရင်းနဲ့ စာရေးသူ တွေးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအပေါ်မှာလဲ ကြည်ညိုပြီးရင်း ကြည်ညို ဖြစ်ခဲ့ရတယ်။ ဒီလို တိုင်းပြည်ငြိမ်သက်အေးချမ်းရေးတရားတွေဟာ ဒီကနေ့ခေတ်အထိ အသုံးတည့်နေဆဲပဲ။ မှန်ကန်တဲ့ လမ်းညွှန်မှုတွေ ပေးနေဆဲပဲဆိုတာကို သိလိုက်ရတယ်။ တွေးရင်း တွေးရင်းနဲ့ ၀မ်းနည်းစိတ်နဲ့ မျက်ရည်တွေ စို့ရပြန်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတရားတော်တွေ ထွန်းကားတယ်ဆိုတဲ့ စာရေးသူတို့နိုင်ငံဟာ ခုချိန်ထိ မြတ်ဗုဒ္ဓရဲ့ အထက်ပါ လမ်းညွှန်ချက်များနဲ့အညီ ကျင့်သုံးတဲ့ အစိုးရ မပေါ်ပေါက်သေးလို့ပါပဲ။
နှစ်ပေါင်း လေးဆယ်ကျော်လို့ ငါးဆယ်နီးနေပြီ။ ဗုဒ္ဓဘာသာအစိုးရဟာ ဗုဒ္ဓကို ဥပေက္ခာခဲ့ တယ်။ ဗုဒ္ဓလမ်းစဉ်ကို တိမ်ကောအောင် လုပ်နေခဲ့တယ်။ ဗုဒ္ဓအတွေးအခေါ်တွေကို သွေဖည်နေခဲ့ တယ်။ ဗုဒ္ဓမြတ်စွာက “တိုင်းပြည်မှာ ဆူပူမှုတွေ ဖြစ်နေရင် အကြမ်းမဖက်ပါနဲ့၊ ဆူပူရခြင်းအကြောင်းကို ရှာပြီး အေးချမ်းအောင် ဖြေရှင်းပါ”လို့ မိန့်ထားတယ်။ ဒါပေမယ့် စာရေးသူတို့ နိုင်ငံမှာ ……………….။
အစိုးရဟာ ကိုယ်တိုင်တော့ ကောင်းအောင်မနေဘူး။ ကောင်းအောင်မလုပ်ဘူး။ တရားမျှ တမှုနဲ့ လူအခွင့်အရေးတွေကို ဂရုမစိုက်ဘူး။ တိုင်းသူပြည်သားတွေကိုတော့ “ငြိမ်ဝပ်ပိပြားရေး”တဲ့။ သေနတ်နဲ့ပစ်။ ထောင်ချ။ နည်းအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ်စက်။
စာရေးသူကို တိုက်တွန်းခွင့်ပြုပါ။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့…..ပြည်ပကို ရောက်နေ သူများဖြစ်စေ၊ ပြည်တွင်းမှာ နေထိုင်သူများဖြစ်စေ၊ ဒီအာဏာရှင်တွေကို ဆန့်ကျင်ကြပါ။ မင်းလောင်း မျှော်မနေကြပါနဲ့။ တစ်ပိုင်တစ်နိုင် နိုင်ငံရေးကို လူတိုင်း လုပ်နိုင်ပါတယ်။
သူရဲကောင်းတွေလဲ ထောင် ထဲမှာ ရောက်နေကြရပြီ။ နှိပ်စက်ခံနေကြရပြီ။ “အသေ၀နာ စ ဗာလာနံ=လူဆိုးလူမိုက်တွေကို မမှီဝဲ မဆည်းကပ်ခြင်းဟာ မင်္ဂလာရှိတယ်”ဆိုတဲ့ မင်္ဂလာတရားတော် နဲ့အညီ ကျင့်သုံးနေထိုင်ကြပါ။ ဗုဒ္ဓဘာသာအမည်ခံပြီး “သေ၀နာ စ ဗာလာနံ” လူဆိုးလူမိုက်တွေကို မှီဝဲဆည်းကပ်နေရင်တော့ ဗုဒ္ဓဘာသာဖြစ်လာရတာ ဘာအကျိုးရှိလိမ့်မလဲ။
မတရားမှုတွေ ကျဆုံးဖို့ အချိန်ဟာ နီးကပ်လာခဲ့ပြီ။ အကြောက်တရားတွေ စွန့်လိုက်တော့။ သမ္မာကျမ်းစာစကားလေးနဲ့ ပြောပါရစေ။ “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံ တည်လုပြီ”။ မြန်မာ နိုင်ငံအရေးဆောင်ရွက်နေသူတွေလဲ နောင်တရကြပါတော့။ သင်တို့ရဲ့ ပြန့်ကားသွားခဲ့တဲ့ လက်တွေ ပြန်စုစည်းလိုက်ကြပါ။ ညီညွှတ်ကြပါ။ အမိမြန်မာနိုင်ငံဟာ သင်တို့ရဲ့ ညီညွှတ်မှုကို စောင့်လို့နေခဲ့ပြီ။
သင်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်လို့ တရားမျှတမှုထွန်းကားဖို့ လုပ်ဆောင်သူတွေ ထောင် နန်းစံနေရတာကို ကြည့်ရတာ အရသာတွေ့နေသလား။ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ဒုက္ခရောက်နေကြရတာကို လက်ခုပ်တီးနေသလား။ နောင်နှစ်ပေါင်းများစွာထိ ထင်ရာစိုင်း ရမ်းကားမှု တွေကို ဒီလိုပဲ ဆက်လက် စီးဆင်းစေမှာလား။ အဖြေက သင့်ရင်ဘက်ထဲမှာ…….။
ပြည်ချစ်ဘုန်းဘုန်း
Ref: Buddhism and Politics
by K Sri. Dhammananda
10, 07, 2008

သာသနာနှင့်နိုင်ငံရေး (၂)

ဒီအကြောင်းကို ဆက်မယ်ဆက်မယ်နဲ့ တန့်နေခဲ့တာ တော်တော်လေး ကြာသွားပြီ။ အကြောင်းအမျိုး မျိုးကြောင့် ဆက်မရေးဖြစ်တာ။ အခု အားလပ်ချိန်လေးရတုန်း ဆက်ပြောပါရစေ။ စာရေးသူဟာ စာရေးလို့ရှိရင် ခံစားချက်နဲ့အတွေ့အကြုံကို အခြေခံပြီးရေးမှ အားရှိပါတယ်။ ခံစားချက်မပါဘဲ အကြောင်းအရာအတွေ့အကြုံ ချည်းဆိုရင် လက်က ရေးလို့မသွက်တော့ဘူး။ ဒီတစ်ခါတော့ မြန်မာနိုင်ငံ ကိုလိုနီခေတ်ကာလက သာသနာနဲ့ နိုင်ငံရေး ဆက်စပ်ခဲ့ပုံလေးကို အခြေခံပြီး တင်ပြသွားလိုပါတယ်။
စာရေးသူ အရင်အပတ်က “ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တယ်။ ဟုတ်ပါတယ်။ ဒီခေတ်ရဟန်းတော်တွေသာ မဟုတ်ဘူး။ အဲဒီခေတ်ကာလက ရဟန်းတော်တွေဟာလဲ ပြည်သူတွေ သူ့ကျွန်ဘ၀မှာ အောက်ကျနောက်ကျ ဖြစ်နေတာကို လက်ပိုက်မကြည့်ခဲ့ကြပါဘူး။

မြန်မာနိုင်ငံဟာ ဘကြီးတော်ဘုရားလက်ထက်၊ မြန်မာသက္ကရာဇ် ၁၁၈၈-ခုနှစ်၊ ခရစ်နှစ် ၁၈၆၂-ခုနှစ်မှာ အင်္ဂလိပ်တွေနဲ့စစ်ဖြစ်ပြီး တနင်္သာရီ၊ ရခိုင်…စသည်တို့ကို လက်လွှတ်ခဲ့ရတယ်။ နောက် ပုဂံမင်းလက်ထက်၊ မြန်မာသက္ကရာဇ် ၁၂၁၃- ခုနှစ်၊ ခရစ်နှစ် ၁၈၅၂-ခုနှစ်မှာ အောက်မြန်မာပြည်ကို လက်လွှတ်ခဲ့ရတယ်။ နောက် မြန်မာသက္ကရာဇ် ၁၂၄၇-ခုနှစ်၊ ခရစ်နှစ် ၁၈၈၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ကို လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရပါတယ်။ မြန်မာတွေဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ရပေမယ့် စုပေါင်းလုပ်ဆောင်ခြင်းအလေ့အထ မှာ အားနည်းတဲ့အတွက် အင်္ဂလိပ်တွေကို ထိထိရောက်ရောက် ထိုးစစ်ဆင်တာမျိုး မရှိခဲ့ပါဘူး။ သမိုင်းကြောင်း တွေအရ သူပုန်ထတဲ့အဆင့်လောက်သာ ရှိခဲ့တယ်။ အင်္ဂလိပ်တွေအတွက် လွယ်လင့်တကူ သုတ်သင်ပစ်နိုင် ခဲ့တာက များပါတယ်။
စာရေးသူ ဒါတွေကို ပြန်ပြောရတာ အကြောင်းရှိပါတယ်။ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး ဆက်သွယ်မှုကို ပြောပြချင်လို့ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးပြန်ရလာခြင်းရဲ့အကြောင်းတွေထဲမှာ ရဟန်းတော် များ သာသနာရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တာဟာလဲ ဘယ်လိုမှ ငြင်းဆိုလို့မရတဲ့ အရှိတရားတစ်ခု ဖြစ်ခဲ့တာကို တွေ့ရမယ်။ သူ့ကျွန်ဘ၀ရောက်နေပေမယ့် မြန်မာတွေဟာ လွတ်လပ်ရေးရဲ့အရသာကို မသိခဲ့ ကြဘူး။ အဲဒီခေတ်က အချို့ကလဲ သူပုန်ထပြီး တိုက်ရုံနဲ့ လွတ်လပ်ရေးကြီး ရလာလိမ့်မယ်လို့ ထင်ကြတယ်။ (မျိုးချစ်စိတ်အပြည့်ဖြင့် တောခို၍ တိုင်းပြည်အတွက် အသက်ပေးတိုက်ခိုက်ခဲ့သော ရှေးမြန်မာတို့အား အထင်သေးစိတ်ဖြင့် ရေးသားခြင်း မဟုတ်ပါ။ ထိုမျှဖြင့် လွတ်လပ်ရေး မရရှိနိုင်ပုံကို မီးမောင်းထိုးပြလိုရင်းသာ ဖြစ်တယ်)။ သူပုန်ထပြီး တိုက်ခိုက်သူတွေဟာ များသောအားဖြင့် အဖမ်းအဆီးခံရပြီး အသတ်ခံရတာများတော့ လွတ်လပ်ရေးအတွက် ဆောင်ရွက်သူတွေဟာ ရှားပါးလာခဲ့တယ်။
ထိုကာလတွေမှာ အမေရိကန်နဲ့အိုင်ယာလန်နိုင်ငံတွေဟာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခြင်း၊ ဟန်ဂေရီနိုင်ငံဟာ သြစတြီးယားနိုင်ငံလက်အောက်မှ လွတ်မြောက်ခြင်း၊ အီတလီလွတ်လပ်ရေးရခြင်း….. စသည့်သတင်းတွေဟာ အချို့မြန်မာတို့၏စိတ်ကို လှုပ်နှိုးပေးခဲ့တယ်။ နောက် အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ် အစိုးရအား ပုန်ကန်ခြားနားမှုများက အိပ်မောကျနေသော မြန်မာတို့အား နှိုးပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က မြန်မာတွေဟာ ရှေးပဝေသဏီကတဲက လူစွမ်းကောင်းမျှော်တတ်တဲ့ဓလေ့ကြောင့် တော်လှန်လိုစိတ်ရှိပေမယ့် လဲ လူစွမ်းကောင်းကို စောင့်နေခဲ့ကြတယ်။ “အင်း ဟင်္သာဆင်းလိမ့်မည်၊ ဟင်္သာ မုဆိုးလေးနှင့်ခွင်းလိမ့်မည်၊ မုဆိုး ထီးရိုးရိုက်လိမ့်မည်၊ ထီးရိုး မိုးကြိုးပစ်လိမ့်မည်”…စတဲ့ သိုက်တွေတဘောင်တွေနဲ့ ကယ်တင်ရှင် သူရဲကောင်းကို တစ်နေ့ပေါ်လာနိုးနိုး စောင့်မျှော်နေခဲ့ကြတယ်။
အသင်းအဖွဲ့တွေနဲ့ လှုပ်ရှားမှုဟာ (စာရေးသူ လက်လှမ်းမှီသလောက်) ၀ိုင်.အမ်.ဘီ.အေ ခေတ်ကျမှ စ,ပါတယ်။ ဒါတောင်မှ ဒီအသင်းကြီးဟာ (အစက) နိုင်ငံရေးနဲ့ပတ်သတ်ပြီး လုံးဝမပြောဆိုရဲတဲ့အသင်းကြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက်၊ တိုင်းပြည်ပညာရေးအတွက် အထိုက်အလျောက် အကျိုးရလဒ်များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် “သူ့ကျွန်ဘ၀မှာ ပျော်တဲ့အကြောင်း၊ ကျေနပ်တဲ့အကြောင်း၊ အင်္ဂလိပ်အရှင် သခင်တို့ရဲ့လက်အောက်မှာ ကျွန်တော်မျိုးတို့ သစ္စာစောင့်သိ ရိုသေပါမည့်အကြောင်း” ပြောခဲ့ကြတာတွေကို တွေ့ရတာကတော့ တော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။
ခုချိန်ထိ သာသနာနဲ့နိုင်ငံရေး ခေါင်းစဉ်ကို ရောက်မလာသေးဘူး၊ ဒါပေမယ့် ဆက်စပ်မှုက ရှိနေတော့ ဆက်ပြောပါအုံးမယ်။ ဒီအသင်းကြီးကို စတင်တည်ထောင်ခဲ့တဲ့လူကြီးတွေအများစုဟာ နောက်ပိုင်းတော့ နိုင်ငံရေးစားဖားကြီးတွေ ဖြစ်လာကြတာတွေ့ရတယ်။ အစည်းအဝေးမှာ သူတို့ တင်သွင်းခဲ့တဲ့ အဆိုတစ်ခုကို နမူနာအဖြစ် ပြောပြချင်တယ်။
“နိုင်ငံလုံးရှိ ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် ၄င်းအလားတူ။ အသင်းများ စည်းဝေးကြသော။ ဤပွဲကြီးသို့ ကြွရောက်လာကြသော ပရိသာတ်တို့က။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော။ ဧကရာဇ် မင်းတရားကြီးနှင့်တကွ။ ဗြိတိသျှအင်ပိုင်ရာနိုင်ငံတော်ကြီးကို ဘုန်းတော်ဘုရား၏ ကိုယ်ခွဲပြုလုပ်၍ စီမံအုပ် ချုပ်ကြပေသော ကိုယ်စားလှယ်အရာရှိမင်းတို့အား။ များစွာ နှစ်သက်လေးမြတ်လျက်။ သစ္စာတော်ကို။ မယိုင်း မယိုင် ကျောက်စာတိုင်ကဲ့သို့ စောင့်သိရိုသေကြကြောင်း”။
အထက်ပါ အဆိုတင်သွင်းတော့ ဦးရွှေဇံအောင်က ထောက်ခံခဲ့သည်ဟု ဆိုပါသည်။ အခြားအဆို များမှာလဲ နောက်ပိုင်း လူငယ်တွေ ၀ံသာနုစိတ်ဓာတ်များ ကိန်းဝပ်မလာခင်အထိ အင်္ဂလိပ်သဘောကျအောင် ပြောထားသော စကားများသာ အများဆုံး တွေ့ရပါတယ်။ (တိုင်းသူပြည်သားများအတွက် အကျိုးလိုလားသော ရည်ရွယ်ချက်နှင့်အဆိုများလဲ ရှိပါတယ်)။ ဥပမာ ဘုရားဝတ္တကမြေပေါ်မှာ ဖိနပ်စီးခြင်းကို တားမြစ်ဖို့ တင်သွင်း တဲ့အဆို၊ ကျောင်းတိုင်းမှာ မင်္ဂလသုတ်ထည့်သွင်းပြဓာန်းဖို့ တင်သွင်းတဲ့အဆိုများ ဖြစ်ပါတယ်။
……..။ ဒီလိုနဲ့ မြန်မာ့လွတ်လပ်ရေးဟာ ဦးဆောင်သူလဲ မရှိ။ ပြည်သူတွေကလဲ အသိပညာ ဗဟုသုတ နည်းပါး။ ပညာတတ်များကလဲ ကိုယ်ကျိုးရှာသမားတွေ။ (အများစုကို ဆိုလိုရင်း ဖြစ်ပါတယ်။) အချို့ပညာတတ် များကတော့ အနောက်နိုင်ငံတွေက ပညာတွေသင်လာပြီး မျက်စိပွင့်လာခဲ့ကြတယ်။ ဒါပေမယ့် အနည်းစုဖြစ်တဲ့ အတွက် လွတ်လပ်ရေးအတွက် လောက်လောက်လားလား အားရစရာ ဘာမျှမရှိခဲ့သေးဘူး။
၁၂၈၀-ခုနှစ်မှာ ဆရာတော်ဦးဥတ္တမဟာ ဥရောပ၊ အမေရိကနဲ့ ဂျပန်နိုင်ငံတွေကနေ ပြန်ကြွလာ ခဲ့ပါတယ်။ ဆရာတော်ဟာ သူသိခဲ့တဲ့ အသိပညာတွေကို မိမိအမျိုးသားတွေကို ဖြန့်ဝေဖို့ အစဉ်တစိုက် ကြိုးစား ခဲ့ပါတယ်။ ၀ိုင်.အမ်.ဘီ.အေ အသင်းကြီးကို ၀င်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဆရာတော်ဟာ တိုင်းတစ်ပါး သားတွေရဲ့လက်အောက်မှာ နေရတဲ့ပြည်သူတွေကို လွတ်လပ်ရေးအရသာအကြောင်း အမျိုးမျိုး ဟောပြောခဲ့ ပါတယ်။
ဆရာတော်ရဲ့စကားတွေကို လူတွေဟာ အထူးအဆန်းဖြစ်နေကြဆဲပဲ။ လွတ်လပ်ရေးဆိုတာ ငါတို့ လုပ်လို့ရတဲ့အရာ မဟုတ်ဘူးလို့ ခံယူထားသလို ဖြစ်နေခဲ့ကြတယ်။ နောက်ပိုင်း သတင်းစာတွေကနေ ဆရာတော်ပြောတာမှန်ကြောင်း ထောက်ခံရေးသားပေးမှ ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင်တွေ တိုးပွား လာခဲ့ကြရတယ်။ နိုင်ငံရေးမျက်စိ ပွင့်လာကြတယ်။ ဆရာတော်ရဲ့တရားပွဲများမှာ လူတွေတဖြည်းဖြည်း များလာ ခဲ့တယ်။ (စာရေးသူ လိုရာဆွဲပြောတယ်ဟု မယူဆစေလိုပါ။ သမိုင်းကို ချဉ်းကပ်တဲ့နေရာမှာ ရှုထောင့်အမျိုးမျိုး ရှိပါတယ်)။
ဆရာတော်ရဲ့ စကားတစ်ခွန်းက ပြည်သူတွေကို အထူးသဖြင့် သာသနာတွင်းရှိ ရဟန်းတော်တွေကို လှုပ်ကိုင်ဆွဲရမ်းလိုက်သလို ဖြစ်သွားခဲ့တယ်။
“သံဃာတော်တွေကလဲ ကျောင်းမှာပဲ ကျိန်းမနေကြပါနဲ့။ တိုင်းပြည်သည် ကျွန်ဘ၀တွင် ရောက်၍နေ သောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ ကိုးကွယ်သောဘာသာသည်လည်း ကျွန်ဘာသာ နှင့်ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ လွတ်မြောက်မှသာလျှင် သာသနာကြီးပွားထွန်းကားနိုင်မည်ဖြစ် သောကြောင့် ကျောင်းများတွင် ကျိန်း၍ချည်း နေခြင်းငှါ မသင့်ပါဘူး။ သံဃသမဂ္ဂီများ ဖွဲ့စည်းခါ လွတ်လပ်ရေး ကို ကြိုးစားသင့်ကြပါတယ်”
ဆိုတဲ့ ဆရာတော့်စကားဟာ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ရဟန်းတော်တွေကို တိုင်းပြည် အတွက် ဆောင်ရွက်ပေးဖို့ တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဆရာတော်ဟာ ကျွန်ဘ၀ရဲ့ဆိုးရွားနိမ့်ကျလှပုံ၊ အုပ်ချုပ်သူလူတန်းစားတွေနဲ့ အဆင့်အတန်းကွာခြားပုံ၊ ပြည်သူများ အောက်ကျနောက်ကျဖြစ်နေပုံ၊ အများအထင်ကြီးတဲ့အင်္ဂလိပ်ဟာ ပညာသင်ပေးပေမယ့် သူတို့ပေး တဲ့ပညာဟာ ကျွန်ပညာသာဖြစ်ပုံ၊ တိုင်းပြည်တစ်ခုလုံး သစ်ရွက်ခြောက်တွေလို ညှိုးနွမ်းသွေ့ခြောက်နေရပုံ၊ ဆင်းရဲကျပ်တည်းစွာ အသက်မွေးနေရပုံ၊ ….စသည်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဟောကြားခဲ့ပါ တယ်။ တဖြည်းဖြည်းနဲ့ ပြည်သူတွေဟာ ဆရာတော်ပြောတာ မှန်ကြောင်း စဉ်းစာလာမိကြတယ်။
၁၂၈၃-ခုနှစ်၊ ဒေးဒရဲ၊ ဆူးကလပ်ရွာမှာ အချုပ်အခြာအာဏာကို အသရေညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံခဲ့ရပါ တယ်။ ပြည်သူတွေဟာ ဘုန်းကြီးထိရင် မခံဘူးဆိုတာ ၂၀၀၇၊ စက်တင်ဘာမှာမှ မဟုတ်ဘူး။ ဆရာတော် ဦးဥတ္တမ အဖမ်းခံရတော့မှ တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့တယ်။ မခံမရပ်နိုင်ဖြစ်သွားခဲ့ကြတယ်။ တိုင်းပြည်ဟာ လွတ်လပ်ရေးအတွက် ဆာလောင်လာခဲ့ပြီ။ ငိုက်စိုက်ကျနေတဲ့ ဦးခေါင်းတွေ ထောင်မတ်လို့လာ ခဲ့ပြီ။
သံဃာများလဲ နိုးလာခဲ့ပြီ။ ဆရာတော် အကြံပေးတဲ့အတိုင်း “သံဃသမဂ္ဂီအသင်း”များကို ဖွဲ့စည်းပြီး တိုင်းပြည်အရေးကို ဆောင်ရွက်လာခဲ့ကြတယ်။ မရှေးမနှောင်းမှာပဲ သံဃသမဂ္ဂီအသင်းပေါင်း (၃၇)သင်းထိ ဖြစ်လာခဲ့တယ်။ အစက သံဃာအငယ်တွေပဲ။ နောက်ပိုင်းမှာ အလယ်တောရဆရာတော်၊ စလင်းဆရာတော်၊ ဝေဠုဝန်ဆရာတော်ဘုရားကြီး….စတဲ့ ဆရာတော်ကြီးများကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြတာတွေ့ရတယ်။ ဆရာတော်သံဃာတော်တွေဟာ တိုင်းသူပြည်သားများအရေးအတွက် တရားများ ဟောကြားလာခဲ့ ကြတယ်။
မြန်မာ့သမိုင်းမှာ အဲဒီခေတ်ကာလကို နိုင်ငံရေးအသိအမြင်များ နိုးကြားလာတဲ့ခေတ်လို့ သုံးသပ်ကြပါ တယ်။ ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဝိသုဒ္ဓ၊ ဦးစန္ဒောဘာသ၊ ဗားကရာတိုက်ဆရာတော်၊ သာဓုတိုက် ဆရာတော်၊ မိုးတားတိုက်ဆရာတော်၊ ဆင်ပေါင်ဝဲ ကျောက်ဆောင်းဆရာတော်၊ မုံရွာရွှေပုလဲဆရာတော်….စတဲ့ ဆရာတော်တွေဟာ ထိုခေတ်က နာမည်ကြီး ဆရာတော်များ ဖြစ်ပါတယ်။ အောက်မြန်မာပြည်က အကြောင်း တွေသိတော့ အထက်မြန်မာပြည်မှာလဲ သံဃသမဂ္ဂီအသင်းများ ဖွဲ့လာကြတယ်။ ပျဉ်းမနားက ဘေးမဲ့ဆရာ တော်ကြီးမှူးပြီး နိုင်ငံ့အရေးကို အားတက်သရော ထမ်းဆောင်ခဲ့ကြပါတယ်။
ဆရာတော်တွေဟာ တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခရောက်နေတာ၊ မတရားဖိနှိပ်ခံနေရတာတွေကို လက်ပိုက်ကြည့်မနေခဲ့ကြပါဘူး။ အဆိုပါဆရာတော်တွေထဲက ဆရာတော်ဦးဝိစာရဆိုလျှင် သူ့အကြောင်း တွေးမိသူတိုင်း ဦးခေါင်းတွေ အလိုလို ကိုင်းညွတ်သွားခဲ့တယ်။ ဦးဝိစာရ ဘ၀မှာ အဖမ်းခံရတာလဲ ခဏခဏပါပဲ။ ဒါပေမယ့် ဆရာတော်ဟာ အမျိုးသားရေးအတွက် ဘယ်တော့မှ ဦးမညွှတ်ခဲ့ပါဘူး။ ၁၂၉၁-ခုနှစ်မှာ ဆရာတော် ဟာ အစိုးရအကြည်ညိုဖျက်မှုနဲ့တရားစွဲပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆-နှစ် ကျခံခဲ့ရတယ်။
ဆရာတော်ဟာ ထောင်ထဲမှာ (တိပိဋကဓရဆရာတော်ဦးသုမင်္ဂလာလင်္ကာရ…စတဲ့ ဆရာတော်တွေလို) ပိတ်ဖြူစည်းခံရပါတယ်။ ဒါနဲ့ ထောင်ထဲမှာ ဆက်လက်ပြီး အစာအငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ မစားမသောက်နေ ရင်း ၁၆၆-ရက်မြောက်နေ့မှာ အာဇာနည်ပီပီ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်။ …………………။
နောက်ပိုင်းမှာလဲ ဦးဝိစာရလောက် မစွန့်လွှတ်ခဲ့ကြပေမယ့် တိုင်းပြည်အရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြလို့ ထောင်ချခံခဲ့ရတဲ့ ဆရာတော်တွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ၉-ထောင်စံ ဦးဃောသ၊ ကြည့်မြင်တိုင်ဆရာတော် ဦးကေတု၊ မလှိုင်ဦးဒေ၀ိန္ဒ၊ သရက်မြို့ဦးဝိမလဗုဒ္ဓိ၊ အာလံဦးလာဘ၊ ဦးနာဂိန္ဒ၊ ဦးစန္ဒိမာ၊ သာယာဝတီဦးဉေယျ၊ မန္တလာဦးကေလာ၊ ဆင်ဖြူကျွန်းစိန်ရောင်ချည် ဦးအာစာရ၊ ဦးအာလောက။ ဦးအာသဖ၊ ဦးက၀ိန္ဒာဓိပတိ၊ ရွှေမျက်မှန်ဦးဝိဇယျ၊ ကြို့ပင်ကောက် ဦးဝိမလာစာရ၊ သာယာဝတီမယ် ဇလီတန်းဆရာတော်ဦးအာဒိစ္စ၊ ရှင်အရိယ၊ အုဋ္ဌ်ဖိုမှန်ကျောင်းဆရာတော်ဦးအရိယ၀ံသ၊ ဦးဓမ္မဓရ….စသော ရဟန်းတော်တွေဟာ ပြည်သူ့ အရေးပါဝင်ဆောင်ရွက်လို့ ထောင်တန်းအကျခံခဲ့ကြရပါတယ်။
စာရေးသူ အခု တင်ပြခဲ့တာတွေဟာ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး ဆက်စပ်ပတ်သတ်ခဲ့ပုံတွေကို အကျဉ်းမျှ လေ့လာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီလို ရေးသားတင်ပြခဲ့တဲ့နေရာမှာ “ဦးဘခိုင်ရဲ့ မြန်မာပြည် နိုင်ငံ ရေးရာဇ၀င်” ဆိုတဲ့ စာအုပ်ကို အခြေခံပြီး အခြားမှတ်စုများကို ကိုးကား၍ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ သမိုင်းကြောင်းတွေကို လိုက်လံဖုံးကွယ်နေတဲ့အဖြစ်ဟာ တွေးကြည့်ရင် အတော်ရင် လေးစရာကောင်းပါတယ်။ စာရေးသူတို့ မြန်မာတွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တဲ့ သူတွေရဲ့အကြောင်းတွေကို လွတ်လွတ်လပ်လပ် ရေးသားခွင့် မရှိခဲ့ပါဘူး။ ခုလဲ ရှိမနေပါဘူး။ လူငယ်တွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးကာလက သမိုင်းကြောင်းတွေကို သိချင်ရင် စာအုပ်အဟောင်းဆိုင်တွေကို ပြေးရပါတယ်။ ခိုးကြောင်ခိုးဝှက် ဖတ်ကြရတယ်။ မြန်မာ့သမိုင်းမှာ သုတေသနပြုသင့်တဲ့ အကြောင်း အရာတွေ အများကြီး။
ဒါပေမယ့် စစ်အာဏာရှင်တွေဟာ “မြန်မာအစ၊ န.အ.ဖ က”လို့ သမိုင်းတွင်အောင် လုပ်ချင်နေသူ တွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့စာတွေကိုတောင် ကျောင်းသုံးစာအုပ်တွေထဲက ထုတ်ပယ်လိုက်ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရတဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ လက်ရာတွေကိုလဲ ဖြုတ်ပယ်လိုက်ပြီ။ သာမာန်လောက် စဉ်းစားညာဏ်ရှိတဲ့သူတွေတောင် န.အ.ဖ ရဲ့ ယခုလုပ်ရပ်ဟာ ဘယ်လောက်အောက်တန်းကျပြီး စိတ်ယုတ်မာများရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို သာသနာ့ညီတော်၊ နောင်တော်တို့အတွက် အဓိက ရည်ညွှန်းပါတယ်။ ဆရာတော် ဦးဥတ္တမမိန့်ကြားခဲ့သလို အမှုမဲ့အမှတ် မနေသင့်ကြတော့ပါဘူး။ တိုင်းပြည်ရဲ့သယံဇာတတွေလဲ ကုန်ပြီ။ ပြည်သူ ပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေလဲ စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်မှာ အားလုံးပြိုလဲသွားကြပြီ။ တိုင်းသူပြည် သားတွေ စာရိတ္တပျက်ပြားရင် သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ဟာ အလိုလိုနေရင်း သိက္ခာကျ ရော့မယ်။ စာရေးသူ ဒီစာကို ရေးလို့ ဘာအကျိုးအမြတ်မှ မရပါ။ စေတနာဖြင့် တိုက်တွန်းလိုက်ခြင်းပါ။ အားလုံး ညီညွတ်ကြမယ်ဆိုရင် လွတ်လပ်တဲ့မြန်မာပြည်ဟာ မဝေးတဲ့အနာဂတ်မှာ ထွန်းလင်းလာတော့မယ်။
ပြည်ချစ်ဘုန်းဘုန်း
၂၄၊ ၀၆၊ ၂၀၀၈

သာသနာနှင့်နိုင်ငံရေး

ခုဆိုရင် စာရေးသူဟာ ကိုယ်ယုံကြည်ရာမျှော်လင့်ချက်တစ်ခုနဲ့ စာတွေရေးနေခဲ့တာ လေးငါးပုဒ်ရှိပြီ ဖြစ်တယ်။ ဒီဆောင်းပါးကတော့ နားလည်မှုရှိထားသူတွေအတွက် မရည်ရွယ်ပါဘူး။ န.အ.ဖခိုင်းစေသမျှ အ ဟုတ်မှတ်နေသူအချို့၊ န.အ.ဖ ဘာလုပ်လုပ် “ကောင်းတယ်၊ ကောင်းတယ်”လုပ်နေသူအချို့၊ န.အ.ဖ ထိရင် တီကောင်ကို ဆားတို့ခံရသလို ဖျပ်ဖျပ်လူးဖြစ်နေသူအချို့၊ န.အ.ဖ တိုက်ထားသော မှူးမှုန်မှိုင်းဝေနေတဲ့ လမ်းမ ထက်မှာ အမှန်တရားကို မြင်နိုင်စွမ်း ချို့တဲ့နေသူအချို့……အချို့…။ ထိုအချို့များအတွက် ဒီခေါင်းစဉ်တပ်ပြီး ဒီစာကို ရေးပါတယ်။
သာသနာ့ဝန်ထမ်း၊ ရဟန်းတစ်ပါးဖြစ်တဲ့ စာရေးသူမှာလဲ တာဝန်ရှိတယ်လို့ ခံစားရတယ်။ “ဘာကြောင့် ဘုန်းကြီးတွေ နိုင်ငံရေးထဲ ၀င်ပါရသလဲ”။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်, မသင့်ကိုတော့ မဆွေးနွေးတော့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တော့မှ အဖြေတူမထွက်နိုင်တဲ့မေးခွန်း ဖြစ်လို့ပဲ။ ဒါပေမယ့် စာရေးသူ ပြောချင်တာကတော့ ဘုရားရှင်သော်မှ လိုအပ်ရင် နိုင်ငံရေးကိစ္စတွေထဲကို ၀င်လာလေ့ရှိခဲ့တယ် ဆိုတာပါပဲ။ စာရေးသူ ကိုယ်လိုရာဆွဲပြောတာ မဟုတ်ပါဘူး။ လေ့လာကြည့်ကြစေလိုပါတယ်။ ဒီနေရာမှာတော့ အကျယ် မဆွေးနွေးတော့ပါဘူး။ စာရေးသူ တင်ထားတဲ့ ခေါင်းစီးကို ပြန်သွားပါမယ်။ ဒီဆောင်းပါးဆုံးတာနဲ့ ဘုန်းကြီးတွေ နိုင်ငံရေးထဲ ဘာကြောင့်ဝင်ပါရသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။


မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်ပေါင်း ၅-သိန်းခန့်ကို ကျွေးမွေးလှူဒါန်းနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို သံဃာတော်တစ်ပါးကို နို့ဆီဗူးနှစ်ဗူး နှုန်းဆိုရင် သံဃာတော်ငါးသိန်းခန့်အတွက် တစ်နေ့တာ ဆွမ်းစရိတ်ဟာ ဆန်တင်းပေါင်း ၁-သောင်းခွဲကျော်မယ် ထင်ပါတယ်။ (မှားသွားရင်လဲ ခွင့်လွှတ်ပါ။ ခန့်မှန်းခြေဖြစ်ပါတယ်။) စာရေးသူဆိုလိုချင်တာက မြန်မာပြည် သူတွေဟာ ဘယ်လောက်ပင် ဆင်းရဲကျပ်တည်းမှုများနှင့် ကြုံတွေ့နေရစေကာမူ သာသနာတော်ကို အလုပ် အကျွေးပြုခဲ့ကြတယ်။ အလုပ်အကျွေးပြုနေကြဆဲပဲ။ ဒီလောက်များပြားတဲ့ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေ အတွက် ကျွေးမွေးထားနိုင်ဖို့ဆိုတာ ဧရာမတာဝန်ကြီးတစ်ခုပါ။ ဒါကို ပြည်သူတွေဟာ မငြီးမငြူ ထမ်းဆောင် ထားနိုင်တယ်။
ဆိုတော့ ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။
ပြည်သူတွေ ဘာလိုချင်နေတာလဲ။ ပြည်သူတွေအတွက် ရဟန်းတော်တွေက ဘာဖြစ်စေချင်နေတာလဲ။ အဲဒီလို မေးလာခဲ့ရင် အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြေလိမ့်မယ်။ “တရားမျှတတဲ့ လူ့ဘောင်လောက တစ်ခု”။ ဒါပါပဲ။ မှန်ကန်သင့်တော်တဲ့စနစ်၊ မြန်မာနိုင်ငံအတွက်ရော နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ပါ လွတ်လပ် ပြီး တရားမျှတတဲ့ စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု။ ကမ္ဘာ့တစ်ခွင်လုံးက လူရိုသေရှင်ရိုသေ အစိုးရအဖွဲ့အစည်း တစ်ခု။ ဒါကို စာရေးသူတို့ တစ်နိုင်ငံလုံးက အလိုရှိနေပါတယ်။
(မှတ်ချက်= တစ်နိုင်ငံလုံးဟု ဆိုရာတွင် န.အ.ဖ ခေါင်းဆောင်များနှင့် စိတ်သဘောထားထပ်တူကျ သောသူများ မပါဝင်ပါ။ “စိတ်သဘောထားထပ်တူကျသောသူများ”လို့ သုံးတာဟာ အကြောင်းရှိပါတယ်။ တစ်ချို့က အကြောင်းကြောင်းကြောင့် စစ်သားဖြစ်လာခဲ့ရပေမယ့် န.အ.ဖလုပ်ရပ်တွေကို ရွံမုန်းနေတဲ့စစ်သား တွေ ရှိပါတယ်။ စစ်သားထိရင် မှားမှားမှန်မှန် ရန်တွေ့တတ်သူများ နားလည်ပါလေ)။
ခုတော့ တစ်ချိန်က အရှေ့တောင်အာရှမှာ သာမက ကမ္ဘာမှာပါ တိုးတက်ဖို့ အလားအလာအကောင်း ဆုံးနဲ့ သယံဇာတတွေပေါများလှတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာ ဆင်းရဲနုံချာတဲ့နိုင်ငံတွေထဲ ပါဝင်နေရပြီ။ နည်းမျိုးစုံနဲ့ ရက်စက်မှုများနဲ့ဘက်ပေါင်းစုံမှာ ရှက်စရာဖြစ်နေခဲ့ရပြီ။ နေရင်းထိုင်ရင်း ဗုဒ္ဓဘာသာပါ သိက္ခာကျနေခဲ့ရပြီ။ တရားမျှတတဲ့ လူ့ဘောင်လောကတစ်ခု တည်ဆောက်ဖို့ စာရေးသူတို့ သာသနာတော်သုံး ဝေါဟာရနဲ့ သုံးရရင် သူတော်ကောင်းတရား ထွန်းကားတဲ့ လူဘောင်လောကတစ်ခု တည်ထောင်ဖို့ ပါဝင်ဆောင် ရွက်ခြင်းဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ဖြစ်ပါသလား။
ခုချိန်ထိ “န.အ.ဖ”ဟာ တရားမျှတမှုဆိုတဲ့စကားလုံးကို တွင်တွင်ကြီး သုံးနေဆဲပဲ။ အဲဒီစကားလုံးက မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းနေတာကြာပြီ။ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတာကြာပြီ။ လွတ်လပ်စွာသဘော ထားကွဲလွဲခွင့်ဆိုတာ ကဗျာလောကမှာပဲ ကြားရတာ။ မြန်မာနိုင်ငံမှာက ခေတ်စကားနဲ့ပြောရရင် linear ဆိုတဲ့ ဒေါင်လိုက်စနစ်ပဲ ရှိတယ်။ အထက်လူကြီးက “ဒါ”ဆိုရင် “ဒါ”ပဲ။ အမိန့်စနစ်ပဲ။ စစ်တပ်စနစ်ပဲ။ ဒေါင်လိုက် စနစ် မှာ အထက်က လူတွေက အဓိကပဲ။ အထက်ကလူက ဘယ်လောက်ပဲဆိုးဆိုး အောက်ကလူတွေဟာ ငုံ့ခံရုံက လွဲပြီး ဘာမှလုပ်လို့ မရဘူး။ ခက်တာက တစ်တိုင်းပြည်လုံးကို ဒေါင်လိုက်စနစ်ထဲရောက်အောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး သွတ်သွင်းထားတာ။ ဒေါင်လိုက်စနစ်ဟာ ခေတ်မမီတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့လောကအတွက် အန္တရာယ်များပါတယ်။ ဘာကြောင့်အန္တရာယ်များတာလဲ။
ဒေါင်လိုက်စနစ်မှာ အထက်လူကြီးက ကောင်းနေရင် သိပ်ကိစ္စမရှိဘူး။ ဆိုးဝါးနေပြီဆိုရင် အောက်ကလူတွေ စိတ်မချမ်းသာပါဘူး။ ကျန်တဲ့အထက် ဗိုလ်တွေဆို ပြောမနေနဲ့။ ရွာမှာ ရွာသူကြီးကိုတောင် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရတာ။ ဘာလို့ ကြောက်တာလဲ။ “ရွာသူကြီးဆိုတာ ရဲနဲ့ပိုင်တယ်ကွ”။ “ဟိုစခန်းမှူးကြီးဆို လာဘ်စားပြီး ဟို လူသတ်ကောင်ကို ဘာအပြစ်မှ မပေးဘူး။ ဒါတောင် အထက်က သူ့ကို ဘာကြောင့်များ ဆက်ခန့်ထားသလဲ မသိဘူး“။ “သူက တိုင်းမှူးနဲ့ပိုင်တယ်ကွ”။ ဒါတွေက ဘာတွေလဲ။ ဒါတွေက န.အ.ဖရဲ့ မူရင်းကျင့်ဝတ်တွေလား။ နိုင်ငံအုပ်ချုပ်ပုံစနစ်လား။ ဒါတွေက န.အ.ဖရဲ့ တရားမျှတမှုစံနှုန်းတွေလား။ ဒါ ဥပမာအနေနဲ့ပြောတာပဲ ရှိသေးတယ်။ တရားဥပဒေအပေါ်မှာ မိန့်မိန့်ကြီး တက်ထိုင်နေတဲ့သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ အများကြီး။ ဒါမျိုးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းကြီးကို စာရေးသူတို့ သာသနာ့ဝန်ထမ်းတွေအနေနဲ့ “ကောင်းတယ် ဒကာကြီး”လို့ ဘယ်တော့မှ မပြောနိုင်ပါဘူး။ သာသနာကို တကယ်ချစ်သူတိုင်း၊ မြန်မာကို တကယ်ချစ်သူတိုင်း မပြောပါဘူး။
“အရှင်ဘုရားတို့က လမ်းတွေဖောက်၊ တံတားတွေထိုး၊ ဘုရားတွေတည်နေတာကျတော့ ထည့်မစဉ်း စားတော့ဘူးလား”။ တစ်ချို့က အဲလို မေးချင်ကြတယ်။ စာရေးသူကတော့ အဲဒိလို မေးလာသူတိုင်းကို “သြော် …တော်တော် နုံသေး အသေးတဲ့ ကလေးပါလား”လို့ပဲ ယူဆထားလိုက်တယ်။ ထင်သာမြင်သာဖြစ်စေမယ့် ဥပမာတစ်ခုထုတ်ပြလိုပါတယ်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ သူ့ကျောင်းတိုက်ထဲမှာ ကျောင်းဆောင်တွေ ပြုပြင်တာ၊ ဆောက်လုပ်တာ၊ ရေတွင်းရေကန်တူးတာ၊ ဘုရားတည်တာ၊ ကိုရင်လေးတွေကို ကျွေးမွေးတာ…။ ဒါတွေဟာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရဲ့ မဖြစ်မနေလုပ်ရမယ့်အရာတွေပဲ။
ဒါတွေကို လုပ်နေတာဟာ မထူးဆန်းပါဘူး။ ဒါတွေဟာ သတင်းမဟုတ်ပါဘူး။ ဒါတွေကို သတင်းအနေ နဲ့တင်ပြရင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် “အဲဒီဘုန်းကြီးက မိန်းကလေးတစ်ယောက်ရဲ့ လက်ကို သွားဆွဲသတဲ့”ဆိုရင်တော့ ဒါဟာ သတင်းဖြစ်သွားပါပြီ။ မီဒီယာလောကမှာ စကားတစ်ခွန်းရှိ တယ်မဟုတ်လား “ခွေးက လူကို ကိုက်ရင် သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်မှ သတင်း” ဆိုတာမျိုးဖြစ်ပါတယ်။ ဒီလောက်ဆို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ဖြစ်ဖြစ်၊ တိုင်းပြည်တစ်ခုလုံးအတိုင်းအတာဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိပါတယ်။ အဲဒီထဲကမှ လုံးဝကျူးလွန်လို့မရတဲ့၊ ချိုးဖောက်လို့မရတဲ့ စည်းကမ်းတွေရှိ ပါတယ်။ ရဟန်းအဖွဲ့အစည်းမှာဆိုရင် ပါရာဇိကလေးပါးစည်းကမ်းဥပဒေဟာ ချိုးဖောက်တာနဲ့ လူဝတ်ကြောင် ဖြစ်သွားပါတယ်။ န.အ.ဖ ဟာ မကျူးလွန်သင့်၊ မကျူးလွန်ထိုက်တဲ့ အမှားတွေကို ဆက်တိုက်လုပ်ပါတယ်။ ကမ္ဘာသိလူသတ်ပွဲများဖြစ်တဲ့ ၈၈-လူသတ်ပွဲ၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်ဘုန်းကြီးသတ်ပွဲ….။ ဒီအမှားတွေဟာ ဘယ်တော့မှ ခွင့်လွှတ်လို့မရတဲ့ အမှားတွေဖြစ်ပါတယ်။
န.အ.ဖ လုပ်သမျှ အကောင်းထင်နေသူအချို့ကို ထင်သာအောင်တစ်ခု ပြောပြမယ်။ “ခု စစ်ဗိုလ် တွေဟာ တရားမျှတစွာ၊ မှန်ကန်ဖြောင့်မတ်စွာ အလုပ်လုပ်ကြပါရဲ့လား”ဆိုတာ ပေါ်လွင်လာလိမ့်မယ်။ “နေ၀င်း သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ ၀မ်းမနည်း”။ “စောမောင်သေတာ တစ်နိုင်ငံလုံး ဘယ်သူမှ မတုန်လှုပ်”။ “စိုးဝင်းသေတာ တစ်နိုင်ငံလုံး ၀မ်းနည်းသံတစ်ချက်မှ မထွက်”။ တပ်မတော်အတွင်းမှာကော သူတို့သေတုန်းက ဘယ်လောက်ထိ ၀မ်းနည်းပူဆွေးခဲ့ကြပါသလဲ။ စာရေးသူကတော့ တပ်ထဲအသွားအလာရှိတော့ သိပါတယ်။ ရုပ်ရှင်မင်းသား ဒွေးဆုံးတုန်းက ပြည်သူတွေအတော်များများ ပူဆွေးသောက ဖြစ်ကြရတယ်။ ကောင်းတာတွေ လုပ်ပြီး ပြည်သူက ချစ်တဲ့သူတွေပါဆိုရင်…………..။ သိပ်ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။ ခေါင်းလေးနဲ့ စဉ်းစားရင် အဖြေထွက်ပါပြီ။ သူငယ်တန်းမေးခွန်းလောက်တောင် ခေါင်းစားစရာမလိုပါဘူး။
(မှတ်ချက်။ ။စိုးဝင်းသေတုန်းက အဖြစ်အပျက်လေးနဲ့ ခွေးမလေးတစ်ကောင်သေတဲ့ အဖြစ် အပျက်နှစ်ခုကို ယှဉ်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ မဖတ်ရသေးသူများ “လွင်ပြင်ရိုင်းရဲ့ ရိုး သားမှုနှင့်သမိုင်းတွင်ခြင်း”ဆိုတဲ့ဆောင်းပါးကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။)
နောက်….ဟိုတုန်းက ခင်ညွန့်ထိ ဓားကြည့်ဆိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ၀င်းမြင့်ကို ဘုရား လို ကြည်ညိုတဲ့ တပ်မတော်သားတွေ အများကြီးပဲ။ ….စသည်…..စသည်….။ ခုအချိန်မှာ သူတို့ဆောက်ခဲ့တဲ့ တံတားတွေက ကျောက်စာတောင် အငြိမ်မနေရဘူး။ ပြုပြင်ခံလိုခံရ။ ကျောက်တော်ကြီးဘုရားမှာ ခင်ညွန့်ပုံ ကလဲ နေရင်းထိုင်ရင်း အဖျက်ခံရ။ ဒါတွေက ဘာကို ပြနေသလဲဆိုတော့ တပ်မတော်အတွင်းမှာကိုပဲ အချင်း ချင်း လေးစားမှုမရှိဘူးဆိုတာ ပြနေတာပဲ။ နောက်ပြီး တစ်ခုကောက်ချက်ချလို့ရတာက န.အ.ဖဟာ မလိုရင် မလိုသလို သမိုင်းကို ဖျက်တတ်တယ်ဆိုတာပါပဲ။
ကျောင်းတိုက်တစ်ခုမှာ ခေါင်းရင်းက ဘုရားပုံတော်ကို ဖြုတ်ပြီး မတော်တရော်ပုံတင်ထားပြီး ကိုးကွယ် ရင် အဆိုပါဘုန်းကြီးကို ဗုဒ္ဓဘာသာလို့ မခေါ်နိုင်တော့ဘူး။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကို မြောင်းထဲပစ်ချပြီး သူ့နေရာမှ “တော်၏ မတော်၏”မစဉ်းစားဘဲ ခပ်တည်တည်ဝင်ထိုင်နေသူဟာ နိုင်ငံခေါင်း ဆောင်မဟုတ်ဘူး။
အမိန့်နဲ့ လက်နက်နဲ့ ခြိမ်းခြောက်ထားလို့သာရယ်၊ တစ်ရက်တစ်လေများး လွတ်လပ်ခွင့်ရလို့ ကတော့ ကွာ” စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဘယ်သူမှ ကုသိုလ်မဖြစ်ပါဘူး။ စာရေးသူတို့ ရဟန်းတော်တွေဟာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိကြတဲ့ အဖွဲ့အစည်းအားလုံး၊ လူမျိုးအားလုံး၊ ဒေသအားလုံး၊ လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး” ကိုယ်စားပြုတဲ့ (ကိုယ်စားပြုနိုင်ခွင့် အတိုင်းအတာရှိတဲ့) အုပ်ချုပ်ရေးစနစ်တစ်ခုကို လိုလားပါတယ်။ အားလုံးလိုချင်တာဟာ တစ်သားထဲ တစ်ပြားထဲမှာရှိတဲ့ non-linear အလျားလိုက် စနစ်တစ်ခုဖြစ်ပါတယ်။ အဲဒီစနစ်ဟာ အကောင်းဆုံးစနစ်လို့ ရဟန်းတော်များ ယူဆထားတယ်။ ဒီမျှတတဲ့ စနစ်တစ်ခုကို တည်ထောင်ဖို့ စိတ်နှစ်ကြတာပါ။
နောက်ပြီး န.အ.ဖ၊ န.အ.ဖနဲ့စိတ်သဘောထားတူသူများကို စာရေးသူက ဦးဇင်းတစ်ပါးအနေနဲ့ စေတနာထားပြီး ပြောပါရစေ။ စာရေးသူတို့အပါအ၀င် တိုင်းသူပြည်သားတွေဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် နိုင်ငံ့အာဇာနည်သူရဲကောင်းတွေကို လေးစား တယ်။ သူတို့ကို တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေလို့ ကျေးဇူးသိတဲ့ပုဂ္ဂိုလ်တိုင်းက ယူဆထားကြတယ်။ န.အ.ဖ လက်အောက်မှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရေးတဲ့စာအုပ်တွေကို တရားဝင်ထုတ်ဝေခွင့် ဖတ်ရှုခွင့် ရရဲ့လား။ ဒီနိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံတွေကို လွတ်လွတ်လပ်လပ် ကိုင်ဆောင်ခွင့် ပြုသလား။ န.အ.ဖလက် အောက်မှာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တိုင်းသူပြည်သားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ကိုယ့်အိမ်မှာ ချိတ်မထားရဲကြတော့ဘူး။ ဒါတွေကို သေသေချာချာ စဉ်းစားကြစေလိုပါတယ်။
ဆိုတော့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရဟန်းတော်တွေဟာ အမိနိုင်ငံကို မတရားသဖြင့် အုပ်ချုပ်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အလိုမရှိကြောင်း ပြသနေရမှာပဲ။ ဒီလို ပြသတာဟာ စာရေးသူတို့ ရဟန်းတော်တွေ အနေနဲ့ အမိတိုင်းပြည်ကို ပြည်လည်ကျေးဇူးဆပ်ခြင်းလို့ သဘောရပါတယ်။ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကို အလိုမရှိကြောင်း၊ သဘောမကျကြောင်း ပြသတာဟာ သူတော်ကောင်းတရား တည်စေဖို့ဖြစ်သလို သာသနာအဓွန့်ရှည်ဖို့ လုပ်ဆောင်ရာလဲ ကျပါတယ်။
စာရေးသူ နိဂုံးမသတ်သေးပါဘူး။ နောက် အလျဉ်းသင့်ရင် ဆက်ရေးပါအုံးမယ်။
စာရေးသူတို့ သာသနာရဲ့ဦးထိပ်မှာ မြတ်စွာဘုရားဟာ ရှိမြဲရှိနေမှာ ဖြစ်သလို ပြည်ထောင်စုမြန်မာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ ဘယ်သောအခါမှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဒါကိုလဲ ဘယ်မိစ္ဆာကောင်များကမှ တားဆီးလို့ ရမှာမဟုတ်ပါဘူး။

ပြည်ချစ်ဘုန်းဘုန်း
MSMA
30, 5, 2008

အနာဂတ်ရှုမျှော်ခင်း၊ ပစ္စုပ္ပန်ကန္တာရနှင့် စိန်ခေါ်ခြင်း

နှစ်ပရိစ္ဆေဒပေါင်းများစွာ မည်းမှောင် ကောက်ကျစ်နေခဲ့သော ကောင်းကင်ကြီးရဲ့ ရာဇ၀င် ကို လှလှပပ ဖော်ထုတ်ပေးလိုက်ကြမယ်။ ဖော်ထုတ်ဖို့ အချိန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီ။
ကောက်နေတဲ့တိမ်တွေ။ ညစ်နေတဲ့ အပုပ်တွေ။ ငါတို့သမိုင်းမှာ ခါးသတ်စွာ ကျန်ရစ်စေရ မယ်။ အားလုံးအတွက်ဆိုပြီး ငါတို့ အားလုံးကို စွန့်လွှတ်ထားကြတယ်မဟုတ်လား။ ဘာတွေကို လက်ကိုင်ပြုနေချင်သေးလဲ။ ဘာတွေကို ခြယ်သချင်နေသေးလဲ။ ငါတို့ကိုယ်ကို ငါတို့ လှစ်ဟခွင့် မရှိခဲ့တဲ့ နေ့များကို ငါတို့ နောက်ထက်လိုချင်နေသေးလား။ ငါတို့မြေမှာ ရှိနေစေချင်သေးသလား။ ဒါတွေကို အတိတ်မှာ ချန်ရစ်ပစ်ခဲ့ဖို့ ငါတို့ မစွမ်းနိုင်ကြတော့ဘူးတဲ့လား။
ကိုယ့်သွားကို ကိုယ်ကြိတ်။ ကိုယ့်အံကို ကိုယ်ခဲ။ ငါတို့များရဲ့ဘ၀ဟာ ပန်းဥယျာဉ်လို မဟုတ်ခဲ့လေဘူး။ ဘယ်တော့များ အမှောင်ကာလတွေ ဆုံးမလဲ။ ဒီငှက်ဆိုးတွေအကြောင်း ဘယ် သူတွေက သီချင်းဆိုချင်နေကြသေးလဲ။ လှပြီးသား နှလုံးသားတွေ လှနေပါစေ။ ရဲပြီးသားသွေးတွေ ရဲနေပါစေ။ ဖြူပြီးသား စိတ်တွေ ဖြူနေပါစေ။ ငါတို့အတွက် မျှော်လင့်ချက်ဟာ ငါတို့ ကောင်းကင် ဖြစ်စေရမယ်။


ငှက်ဆိုးသံတွေကြားမှာ အိပ်ရေးပျက်ခဲ့ကြတဲ့၊ အိပ်ရေးပျက်နေဆဲဖြစ်တဲ့ ချစ်စွာ သောငါတို့ရဲ့မိခင်(တိုင်းပြည်) ဘယ်တော့များ ငါတို့ သူ့ကို ပြုံးပျော်စေနိုင်ပါ့မလဲ။ မိတ်ဆွေတို့ ငါ တို့ မိခင် မျက်တွင်းတွေဟောက်လို့ အိပ်ပျက်တဲ့ညတွေ များလှပါပြီကွယ်။ ငါတို့ စိတ်ဆန္ဒတွေ အား လုံး ဘယ်ဆီမှာ စုပြုံနေသင့်သလဲ။
မိတ်ဆွေဟာ ဒီမြေမှာ ကြီးရင့်ခဲ့ရင် ဒီမြေရဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် လှမ်းကြည့် လိုက်ပါ။ အမိမြေရဲ့ ကောင်းကင်ယံမှာ S.O.S ဆိုတဲ့ စာတန်းလေးဟာ သင်ကြည့်ရင် သင်မြင် တွေ့ရပါလိမ့်မယ်။ ထင်ထင်ရှားရှား။
“သူများထက် ထူးခြားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူတွေဟာ သမိုင်းတွင်ကျန်ခဲ့တာပဲ”တဲ့။ သူများထက် ထူးစရာမလိုပါဘူးလေ။ သူများလောက်လုပ်ရင်ကို သမိုင်းမှာ မိတ်ဆွေတို့ လူရိုသေ ရှင်ရိုသေ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတို့ ပန်းပွင့်အသေတွေ တွေ့ဖူးသလား။
သမိုင်းဆိုတာ လူတွေရဲ့ အရိပ်ပါ။ ဒါဆိုရင် သင့်ရဲ့အရိပ်ဟာ သင့်ရဲ့သမိုင်းပဲပေါ့။ ကျန်နေ ခဲ့တဲ့ သင့်အရိပ်နဲ့ သင့်သမိုင်းရဲ့ အဖြူအမည်း၊ အကွေ့အဖြောင့်အကြောင်းကို လူတွေ ပြောနေ ကြပါလိမ့်မယ်။ အဲဒိအချိန်မျာ သင်ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် သင်နဲ့ပတ်သတ်ပြီး မသေ သေးသူ တစ်ယောက်ထက်ပိုတဲ့ တန်ဖိုးထားမှုကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူဖြစ်ရခြင်းရဲ့ တစ်နည်းပြောရရင် “ကိုယ့်ဖြစ်တည်မှုရဲ့ လှပတဲ့ရုပ်ကြွင်းတစ်ခု” ဖြစ်နေပါလိမ့်မယ်။
အခြေအနေကပြောပြတဲ့ အလုပ်ဟာ ငါတို့ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာပဲ ဖြစ်နေပါ လိမ့်မယ်။ နှစ်ပေါင်းများစွာ ငုံ့လာခဲ့ရသော ငါတို့ရဲ့ဦးခေါင်းများ၊ ကုတ်ကိုင်းကွေ့ကောက်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ကွေ့ကွေ့ရွေ့ရွေ့ တိမ်မြုပ်နေသော ငါတို့ရဲ့စိတ်များကို ထွက် ပေါက်ပေးလိုက်သင့်ပြီ။ ငါတို့မိခင်ဟာ ငါတို့အလာကို ငေးမောလို့။ အမေ့ဧရာဝတီဟာ ရေစီး မသန်တော့ဘူး။
အသေကောင်တွေသာ တစ်လောင်းပြီးတစ်လောင်းထပ်၊ အမေချုပ်နေတဲ့ ၀တ်စုံလေးက ဘယ်သူမှ မ၀တ်ဆင်ရသေးဘူး။ မဖြစ်စလောက် ဒီအပ်ချုပ်စက်လေးနဲ့ ၀တ်စုံလှလှလေးတွေ ချုပ်စပ်လိုက်ကြရအောင်။ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဟာ ငါတို့နဲ့ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ငါတို့ကို သမိုင်းက စကားတွေ တစ်လှေကြီး ပြောနေတာ လျစ်လျူမရှုသင့် ဘူး။
အနာဂတ်ဟာ ငါတို့လက်ထဲမှာ သေချာနေပြီလို့ မိတ်ဆွေတို့ကိုယ်တို့ ယုံကြည်ရင် ယုံကြည်မှုနဲ့ ပေးဆပ်မှုများနောက်က ငါတို့အနာဂတ်ဟာ ပန်းတွေနဲ့ ဝေနေပါလိမ့်မယ်။ တွေးဆ လွဲမှားမှုများ၊ အားငယ်ကြောက်လန့်စိုးရိမ်မှုများ၊ ငါတို့ဦးခေါင်းတွေ ငုံ့မြဲငုံ့နေကြရင်တော့ ငါတို့မြက် ခင်းတွေဟာ သွေ့ခြောက်မြဲ သွေ့ခြောက်နေပါလိမ့်။ အသေအချာပါပဲ။ ဒီတော့……….
…………………….ကိုယ်ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ဆိုကရေးတီးရဲ့စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။ “ငါကား သေရတော့အံ့၊ သင်တို့ကား အသက်ရှင်လျှက်ကျန်ရစ်ကြမည်၊ သင်တို့နှင့်ငါ မည်သူက ပို၍ ကံကောင်းသနည်းဟု မည်သူပြောနိုင်ပါအံ့နည်း”။ ဆီးဘန်းနီဆရာတော်ဘုရားကြီးရဲ့ “သေသော်မှတည့် သြော် ကောင်း၏” ဟူသော စကားနှင့် ဆက်စပ်ကြည့်ကြဖို့ ဖြစ်ပါတယ်။

လွင်ပြင်ရိုင်း

ရှင်းလင်းချက်ရဲ့ရှင်းလင်းချက်

“မပြောမပြီး၊ မတီးမမြည်”ဆိုသလိုပဲ ပြောသင့်တာတွေ့တော့လဲ ပြောရအုံးမှာပေါ့လေ။ ဦးဇင်းကတော့ ရှင်းပါတယ်။ အချက်နှစ်ချက်ရှိပါတယ်။ ဆွေးနွေးရတဲ့အချက်နှစ်ချက်။ အဲဒီနှစ်ချက်ကို မူတည်ပြီးတော့ ဆွေးနွေးသွားတာပါပဲ။ ဒါပေမယ့် အော့ပို့စစ်ဒကာလေးများရဲ့ ဝေဖန်စာမှာကျတော့ အဲဒီကို ဦးတည်မှု မရှိတော့ဘူး။ ဦးဇင်းကို အဓိကဦးတည်ပြီးတော့ အတိုက်အခံတွေအားလုံးကို ဦးတည်လာတယ်။ ကိုယ် စ,ထားတဲ့ဇာတ်လမ်းဆိုတော့လဲ ကိုယ်ပြီးအောင် က,ရတော့မှာပေါ့လေ။ ဦးဇင်းက အတင်းကာရော လျှောက်ပြောရတာ ၀ါသနာမပါဘူး။ အော့ပို့စစ်ဒကာလေးများထံ ဦးဇင်း အရင်ရေးခဲ့တဲ့စာကို လိုရင်းဆွဲထုတ်ပြပါမယ်။ ပြီးလို့ရှိရင် ဒကာလေးများ ဝေဖန်သွားတဲ့ အချက်တွေ ကိုပဲ ပြန်လည်ဝေဖန်သွားပါ့မယ်။
အရင်ရေးခဲ့တဲ့စာမှာ အဓိက မိန်းပွိုင့်နှစ်ခုရှိတယ်။ အဲဒီနှစ်ခုကို ကျန်တဲ့အချက်အလက်တွေက ပြန်ပြီး ခြုံမိအောင်၊ ရှင်းလင်းအောင်၊ သဘောပေါက်အောင်၊ ခိုင်လုံအောင် လုပ်ထားတာတွေ့ရမယ်။ ဦးဇင်းတို့ Thesis လုပ်ဖူးတဲ့သူဆို သိပါလိမ့်မယ်။ သူ့မှာ အဓိကပြဿနာ(problem)တစ်ခု သို့မဟုတ် နှစ်ခု မပါမဖြစ်ပါရတယ်။ နောက်ရေးသမျှဟာ ဘယ်လောက်ပဲ စာမျက်နှာတွေများများ အဲဒီပြဿနာ (problem)ကိုပဲ ဦးတည်နေရတယ်။

ဦးဇင်းရေးခဲ့တဲ့စာကို ပြန်ဖတ်ကြည့်ကြစေလိုပါတယ်။ ပထမ ဦးဇင်း ဦးတည်လိုက်တာက အော့ပို့စစ်ဒကာလေးများတင်ထားတဲ့ ပြဿနာနှစ်ရပ်ကို ပြောပြထားတယ်။ ဘယ်ကောင်တွေကိုတော့ တုတ်လိုက်အုံးမယ်၊ ဘယ်လိုဆော်လိုက်အုံးမယ်ဆိုတဲ့စိတ်နဲ့ရေးတာမဟုတ်ကြောင်း သေချာဖတ်ရင် သိနိုင်ပါတယ်။ ၀င်ရောက်ဆွေးနွေးတဲ့သဘောကလွဲပြီး ဘာမှစိတ်ကူးမရှိဘူး။
နံပါတ် (၁) ပြည်သူနဲ့ တပ်မတော် တစ်သီးတစ်ခြားလို ဘာကြောင့်ဖြစ်၊ နံပါတ် (၂) အတိုက် အခံတွေနဲ့ ပူးပေါင်းသွားကြတာ ဘာကြောင့်လဲ။ အဲဒီအချက်ကို မူတည်ပြီး ဆွေးနွေးသွားတာပါ။
အောက်မှာ တင်ပြလိုက်တဲ့ န.အ.ဖ ဒီလိုလုပ်တယ်၊ ဒီလို ပြုမူနေတယ်၊ ပြည်သူတွေက ဒီလို ခံစားနေရတယ်၊ ဒါတွေကို မကြိုက်ကြဘူး။ ဒီလို ဖြစ်စေချင်နေကြတယ်………..
ဒါကြောင့် (၁) ပြည်သူနဲ့တပ်မတော် တစ်သီးတစ်ခြားစီ ဖြစ်သွားတယ်။
(၂) အတိုက်အခံတွေနဲ့ ပူးပေါင်းသွားကြတာ များတယ်။
ဦးဇင်း ပြောခဲ့တာ အဲဒါပါပဲ။ ဦးဇင်းရေးခဲ့တဲ့အထဲမှာ စစ်သားက ရိုင်းတယ်၊ လူသတ်ကောင်၊ ဗုဒ္ဓဘာသာတွေမဟုတ်ဘူး၊ နိုင်ငံရေးလုပ်တဲ့သူကမှ တကယ်ကူညီတာကွလို့ အဓိပ္ပါယ်ထွက်နိုင်တဲ့ စကားတွေ၊ စစ်သားတွေက ဘာမှ မလုပ်ဘူး၊ ဘာမှ မကူညီဘူး၊ ဒီအတိုင်း ထိုင်ကြည့်နေကြတယ်၊ အဲဒီလို လုံးဝ(လုံးဝ) မပြောခဲ့ပါဘူး။ ဦးဇင်းစိတ်ထဲမှာလဲ အဲဒီလို ပြောချင်တဲ့စိတ် လုံးဝ(လုံးဝ)ကို မရှိပါ ဘူး။ စာကို သေချာဖတ်စေချင်ပါတယ်။
အတည့်ဖတ်မှ အတည့်မြင်တာ၊ စ,ဖတ်ကတည်းက “ဟာ…ဒီကိုယ်တော် ငါတို့ဘက်က မဟုတ်ဘူး”ဆိုပြီး စောင်းသွားရင်တော့ အမှန်ကို ဘယ်ရောက်တော့မလဲ။
“အခုရေးသွားတာကတော့ တစ်ဖက်သတ်တွေပဲ ထင်တယ်နော်”တဲ့။ အဲဒါကတော့ စာဖတ် ပရိသတ်က ဆုံးဖြတ်ပါလိမ့်မယ် ဒကာလေးများ။ ဘာကို ကြည့်ပြီး တစ်ဖတ်သတ်လို့ ပြောရတာ ဆို တာကိုတော့ တိတိကျကျ ပြောမသွားခဲ့ဘူး။ ဒကာလေးများ ဆိုလိုချင်တာက “တပ်မတော်သားတွေ အကူအညီပေးနေတာကျတော့ ထည့်ပြောမသွားဘူး”တဲ့လား။ ဒီနေရာမှာ ပြောနေရင် သိပ်ရှည် သွားမှာ ကြောက်လို့ အညွှန်းပဲ ပေးလိုက်ပါရစေ။ http://lanka-sangha.blogspot.com ဆောင်းပါးကဏ္ဍမှာ ပြည်ချစ်ဘုန်းဘုန်းကလောင်နဲ့ ဦးဇင်းရေးထားတဲ့ “သာသနာနှင့်နိုင်ငံရေး”ဆိုတဲ့ ဆောင်းပါးကို သွားဖတ်ကြည့်စေချင်ပါတယ်။
“တပ်မတော်ကရော ပြည်သူအတွက် မလုပ်လို့လား မေးခွန်းတွေ ထုတ်ကြည့်သေးလား”တဲ့။ အဲဒါ ပြည်သူတွေက အဖြေပေးပါလိမ့်မယ်။ အဲဒီလိုပဲ ဦးဇင်းပြောချင်ပါတယ်။ “ဘာမှမလုပ်ပေးနိုင်ဘူး ဆိုတာတော့ ဘယ်နည်းနဲ့မှ လက်ခံပေးလို့ မရတဲ့အရာတွေပါ”လို့ ပြောရအောင် ဦးဇင်းပြော သွားတဲ့အထဲမှာ တပ်မတော်ဟာ နိုင်ငံအတွက် ဘာအလုပ်မှ မလုပ်ဘူးလို့ ဦးဇင်းမပြောခဲ့ပါဘူးနော်။ ဒကာလေးများကို ဦးဇင်း ပြောချင်တာက ဘာတွေပဲလုပ်လုပ် ပြည်သူက ကောက်ချက်ချနေတယ်၊ သမိုင်းက မှတ်တမ်းတင်နေတယ်။
ဘာလုပ်ဆောင်ချက်ပဲဖြစ်ဖြစ် သမိုင်းစာအုပ်ကြီးထဲကို အတင်းထိုးထဲ့ရေးလိုက်လို့ မရဘူး။ ပြည်သူတွေရဲ့နှလုံးသားထဲမှာ အမြစ်တွယ်နေတဲ့ သမိုင်းကြောင်းတွေကိုလဲ အဆိုပါ အတင်းထိုးထဲ့ တွယ်တက်လာတဲ့ သမိုင်းတွေက အနိုင်ယူလို့ မရဘူး။ ပြည်သူက ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး သမိုင်းမှာ ဘယ်သူက ကျေးဇူးရှင်၊ ဘယ်သူက ဘာ..ဘာ…ဘာ ဆိုတာကို သိတယ်။
“စစ်အစိုးရကို ဦးဇင်းတို့ ဘာလို့ မကြိုက်တာလဲ၊ ဦးဇင်းတို့ကို ဘာလုပ်နေလို့လဲ”တဲ့။ အဲဒါကတော့ ဖတ်မိသူတိုင်း သိပါလိမ့်မယ်။ ကလေးကလား သိပ်ဆန်လွန်းနေတယ်။ ဦးဇင်း ပြောခဲ့ပြီးပြီပဲ။ “ငတုံးတွေ မဟုတ်လို့ပါ”။ ဒါကပြောစရာတောင် မလိုဘူး။ တစ်ခုပြောချင်တာက “ကိုယ့်အသားထိမှ နာတယ်ဆိုတဲ့သူမျိုးဟာ …….”ဆိုတာပါပဲ။ ဦးဇင်းတို့ကို ဦးကုန်းချပြီး ပြည်သူတွေကို မတရားလုပ်နေတာများ….ရှိခဲ့ရင်ပေါ့လေ။ ပြည်သူနဲ့သာသနာဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ တာဝန်ကိုယ်စီရှိကြတယ်ဆိုတာ ပြောချင်ပါတယ်။ (အရမ်းကို အတိုချုံးပြီးပြောပြတာပါ)။
“တပ်မတော်သားတစ်ယောက်က ဘယ်တော့မှ မစော်းကားဘူး”တဲ့။ လာပြန်ပြီ။ ဦးဇင်းပြောခဲ့ တဲ့အထဲမှာ တပ်မတော်သားတစ်ယောက်က စော်ကားနေပါတယ်လို့ ပြောခဲ့လို့လား။
“ဘုန်းကြီးအတုတွေကို ထိုင်ရှိးခိုးဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဗုဒ္ဓဘာသာမှာ ဒါမျိုး လက်ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့နားလည်းတဲ့ ဗုဒ္ဓဘာသာကအဲဒီလို ဘုန်းကြီးအတုတွေ ကြည်ညို လေးစားဖို့ မဟုတ်ဘူးလေ”တဲ့။ ဒီစကားကတော့ သိပ်ကို ကြိုက်သွားပြီ ဒကာလေးရေ။ တကယ့်ကို သဘောကျမိပါတယ်။ ဦးဇင်းတို့လဲ ဘုန်းကြီးအတုတွေ ပေါများလာတာနဲ့ ပတ်သတ်လို့ အတော်ကို စိတ်ပျက်နေကြပါပြီ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ဘုန်းကြီးအတုတွေကို ထိုင်ရှိခိုးဖို့ ဘယ်ရဟန်း တော်ကမှလဲ စစ်သားတွေကိုမှ မတောင်းဆိုပါဘူး။ “ဘုန်းကြီးအတုတွေကိုတော့ ရှိမခိုးကြပါနဲ့။ လူဝတ်လဲပေးကြပါ၊ ထိုက်သင့်ရာအပြစ်တွေလဲ ပေးကြပါ”။ ဦးဇင်းတို့ကတော့ အဲဒီလို အမြဲဆန္ဒ ပြုပါတယ်။
ဒါပေမယ့် တစ်ခု စဉ်းစားသင့်တာက ဦးဇင်းရောက်နေတဲ့ သီရိလင်္ကာနိုင်ငံက ရဟန်းတော် ပေါင်း ၂၀၀-ခန့်ထဲက ၉၉.၉%ရာခိုင်နှုန်းသော ရဟန်းတော်တွေဟာ န.အ.ဖကို မကြိုက်ကြပေမယ့် ဘုန်းကြီးအတုတွေတော့ မဟုတ်ကြဘူး။ ဒါပေမယ့် န.အ.ဖ က လွှတ်လိုက်တဲ့ ဘုန်းကြီးအတုတွေ တော့ ပြည်ပမှာ ရှိပါတယ်။ အော့ပို့စစ်ဒကာလေးများလဲ သိမှာပါ။ မသိရင်လဲ လေ့လာအုံးလို့ တိုက်တွန်းလိုက်ပါရစေ။
ပြောမိလက်စနဲ့တော့ ပြောရမှာပဲ။ စာက သိပ်ရှည်နေတယ်ဆိုရင်တော့လဲ စာဖတ်သူများကို တောင်းပန်ပါတယ်။ ဒါပေမယ့် ဦးဇင်းမှာ ပြောဖို့ တာဝန်ရှိလာတော့လဲ ပြောရတော့မှာပဲ။ စက်တင်ဘာ အရေးအခင်းဆိုရင် န.အ.ဖကတော့ “လာထား၊ အဲဒါ ဘုန်းကြီးအတု၊ လာထား၊ အဲဒါ ဘုန်းကြီးအတု” လုပ်နေတော့တာပဲ။ ငတုံးတွေ မဟုတ်တဲ့ပြည်သူတွေက သိတယ်။ သိတော့ ရယ်သွမ်းသွေးကြတယ်။ တစ်ဖက်ကလဲ ကြောက်လာကြတယ်။ တစ်ဖက်ကလဲ ရွံလာကြတယ်။ “ဒီလောက် များပြားတဲ့ သိန်းချီတဲ့ သံဃာထုကြီးကိုများ အတု”တဲ့။ အံ့သြစရာကောင်းပါလေစွ။
တစ်ဖက်ကလဲ အဲဒီလို ပြောရတာ သိပ်မထိရောက်တော့ “အတုတွေက ဦးဆောင်လို့ နိုင်ငံရေး ဘာမျှ နာမလည်တဲ့ သံဃာတော်လေးတွေ ပါသွားရတာ”တဲ့။ ((အဲဒီစကားကို သေချာစဉ်းစား ကြည့်ပါ။))သိန်းချီနေတဲ့ သံဃာထုကြီး တစ်ရပ်လုံးကို “ခေါင်းမပါတဲ့……တွေ”လို့ ပြောတာနဲ့ အတူတူ ပါပဲ။ သေသေချာချာလေး စဉ်းစားကြည့်ကြစေလိုပါတယ်။ ဦးဇင်း တစ်ဖက်သက်တွေးပြီး ပြောနေတာ လား၊ သဘာဝကျစွာ တင်ပြနေတာလားဆိုတာ အတည့်ကြည့်ရင် မြင်ပါလိမ့်မယ်။
အခု…အထက်က ဦးဇင်းဆိုခဲ့တဲ့ အတုရှင်းလင်းချက် အမြွတ်မျှကို ပိုပြီးခိုင်လုံစေချင်လို့ ဦးဇင်းထပ်ပြောပါအုံးမယ်။ ဦးဇင်း ကိုယ်တိုင်ဟာ စက်တင်ဘာပြီးမှ ထွက်လာခဲ့တာပါ။ ဦးဇင်းတို့ ကျောင်းတိုက်က သံဃာတော်တွေဟာ ဘယ်သူရဲ့ စေ့ဆော်မှုမှ မပါဘဲ မေတ္တာသုတ်၊ ဘုရားဂုဏ် တော်စသည် မိုးထဲလေထဲမှာ ရွတ်ဖတ်ခဲ့ကြပါတယ်။
(ဒီအကြောင်းတွေရဲ့ အသေးစိတ်ကို တစ်ခြားတစ်နေရာမှ ဦးဇင်းရေးပါအုံးမယ်။ ဦးဇင်းတို့ လုပ်ခဲ့တာကို ဆရာတော်တွေကပါ နောက်ကနေ သွားဖို့ ပြောတာပါ။ ကျန်ခဲ့တဲ့ ဦးဇင်း သုံးလေးပါးကို “ဘာလို့ မလိုက်တာလဲ” မေးကြည့်တော့ “ဒီကောင်တွေက တကယ်ပစ်မှာ၊ တကယ်ဖမ်းမှာ၊ တပည့်တော်ကို ဖမ်းတာအရေးမကြီးဘူး၊ တပည့်တော် မိဘတွေကို ဆွေမျိုးတွေကို ဒုက္ခပေးမှာ”လို့ ဆိုပါတယ်။ ဦးဇင်းပြောချင်တာက ပရိတ်ထွက်ရွတ်တဲ့ သံဃာတွေကလဲ န.အ.ဖကို မကြိုက်ဘူး၊ ကျန်ခဲ့တဲ့ ရဟန်းတော်တွေဟာလဲ န.အ.ဖ ပေးထားတဲ့ သင်္ခန်းစာတွေနဲ့ ကြောက်လို့သာဖြစ်တယ်။ ကြိုက်တော့ မကြိုက်ဘူး။ အဲဒါကို ပြောချင်တာပါ။
လွတ်လပ်စွာ တင်ပြခွင့်လဲရှိ၊ အရမ်းကာရော ဖမ်းဆီးခြင်းတွေသာ မရှိဘူး၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို ဒုက္ခမပေးဘူးသာဆိုရင် ဘွဲ့အမှန်၊ ကျောင်းအမှန်တွေထည့်ပြီး ရေးလိုက်ချင် ပါတယ်။…..ဒါပေမယ့်….။
တစ်ချို့ကျောင်းတွေမှာဆိုရင် အသက်အရွယ်ကြီးရင့်တဲ့ ဆရာတော်ကြီးတွေကိုယ်တိုင် ထိပ်ဆုံးက မေတ္တာပို့လိုက်လာတာတို့၊ တစ်ချို့ကျောင်းဆိုရင် ရဟန်းငယ်တွေကို သွားကြဖို့ ပြည်သူတွေအတွက် အလုပ်လုပ်ကြဖို့တိုက်တွန်းတာကို သတိထားစေချင်ပါတယ်။ ဒကာလေးတို့ ပြောသလိုဆိုရင် အဆိုပါ ဆရာတော်ကြီးတွေဟာလဲ ကိုယ်ပိုင်ဦးနှောက်မရှိသလို ဖြစ်နေပါတယ်။ စာဖတ်သူ သဘောပေါက်ပါတယ်)
“ဘုန်းကြီးဆန္ဒပြတဲ့အထဲမှာ နိုင်ငံရေးသမား ဘယ်လောက်ပါလဲဆိုတာ ဘယ်သူသိနိုင် မလဲ”တဲ့။ ဟုတ်ပါတယ်။ ဒကာလေးတို့ပြောတာ မှန်ပါတယ်။ ဒီလောက်သိန်းချီနေတဲ့ သံဃာတော်တွေ အထဲမှာဆိုတော့ တိတိကျကျ ဘယ်သိနိုင်ပါ့မလဲ။
“ဒါလုပ်ရင်ဒါဖြစ်မယ်ကို သိရဲ့သားနဲ့ ဘာလို့ လုပ်နေတာလဲ”တဲ့။ ဦးဇင်း သိပ်ရှင်းပြစရာ မလိုဘူးထင်ပါတယ်။ ဒါလုပ်ရင် န.အ.ဖကတော့ ချမှာပဲ၊ ဆော်မှာပဲ။ ဦးဇင်းတို့ မသိဘဲနေမလား။ အထက်က စကားရဲ့လေသံနဲ့ အသွားအလာကို သေချာကြည့်ပါ။ ဆရာလုပ်သလိုလို၊ ရဟန်းတော် တွေကို မလုပ်သင့်တာတွေ လုပ်နေတယ်ဆိုပြီး စော်ကားနေသလိုလို၊ န.အ.ဖရဲ့ လုပ်လေ့လုပ်ထ ရှိတာတွေကို ၀န်ခံနေသလိုလို ဖြစ်နေပါတယ်။
“ရှင်းရှင်းပြောရရင် တပ်မတော်ဟာ ပြည်သူတွေထပ် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတယ် ဆိုတာကို သိစေချင်တယ်”တဲ့။ အဲဒီစကားကိုတော့ ဦးဇင်းက လက်ဖျားခါသွားပြီ။ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ”ဆိုတဲ့ စကားနဲ့ ဆက်စပ်စဉ်းစားမိပါတယ်။ အဲဒီစကားကိုကြည့်ပြီး စာဖတ်သူတွေပဲ တာဝန်ပေးပါတယ်။
“ဆန့်ကျင်ရေးအဖွဲ့အစည်းကရော ဘယ်လောက်နားလည်ပါသလဲလို့ မေးချင်ပါတယ်”တဲ့။ အဲဒီစကားကို ဦးဇင်းဖြေရင် တစ်ဖက်ကို ကာကွယ်ပေးရာကျနေတယ်လို့ စွပ်စွဲနေမလား။ ဒါပေမယ့် ပြောသင့်သလောက်တော့ ပြောရမယ်ထင်တယ်။ “အတိုက်အခံတွေထဲက ဘယ်သူက သာသနာရေး ၀န်ကြီးဌာနမှာ ရှိသလဲ”။
ဦးဇင်းပြောခဲ့တာက “သာသနာရေးနားမလည်ဘဲ နားလည်တဲ့ဘုန်းကြီးတွေကို ဆရာလုပ်၊ လာဘ်တွေစား၊ အဂတိတွေလိုက်စားနေတာဟာ သာသနာအတွက်မကောင်းဘူး”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောခဲ့တာလေ။ လာဘ်စားတာကိုတော့ ငြင်းကြလိမ့်မယ်မထင်ဘူး။ ဗုဒ္ဓဘာသာဆီကလဲစားတယ်၊ အစ္စလာဟ်ဆီကလဲစားတယ်။ ခရစ်ယာန်ဆီကလဲစားတယ်။ စားတယ်။ ရရင်အကုန်စားတယ်။ ဦးဇင်း ပြောတာလွန်တယ်ထင်ရင် အမိမြန်မာနိုင်ငံတော်ကြီးကို ပြန်ပြီး စုံစမ်းလိုက်ပါအုံး။ ပြန်ဖတ်ကြည့်လိုက် ပါအုံး ဒကာလေးရေ။ အတိုက်အခံတွေက သာသနာရေးကို တကယ်နားလည်တယ်ဆိုတဲ့အဓိပ္ပါယ်ကို ဘာလို့ ဇွတ်ဆွဲယူပစ် ရတာလဲ။ ဦးဇင်းမဆိုလိုဘူးဆိုတာကို ဒကာလေးများ သိသင့်တယ်လေ။
အင်း..အင်တာနက်ကိစ္စကလဲ ဆိုရအုံးမယ်။ တိုးတက်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးမှာ ကိုယ်ပိုင်ဂြိုဟ်တုမရှိတာ ဦးဇင်းသိတာပေါ့။ ဦးဇင်းပြောခဲ့တာ အရှင်းကြီးပါ။ အဓိကအချက်က နှစ်ခုပဲ။ (ပြောပြမယ်ဆိုရင်အချက်တွေက အများကြီး)။ တစ်ခုက “နိုင်ငံရေးစာပေများ မဖတ်ရဆိုတာဟာ ပြည်သူကို ဒီလိုမနေနဲ့၊ ဒီလိုနေ”လို့ ပြောသလို ဖြစ်နေတယ်။ နောက်တစ်ခုက ထစ်ခနဲရှိ အင်တာနက်ဆိုင်တွေကို အာဏာပိုင်တွေက မျက်စောင်းထိုးတဲ့ကိစ္စ။ ဒါကတော့ မြန်မာနိုင်ငံက အင်တာနက်ဆိုင်ရှိတဲ့သူတိုင်း သိပါတယ်။ ဥပမာတစ်ခု ဦးဇင်း ပြောပြမယ်နော်။ စက်တင်ဘာ အရေးအခင်းက အင်တာနက်ကို ဂျီမေးလ်ကိုတောင် ပိတ်ပစ်တယ်။ အဲဒီလို ပိတ်ပစ်တာဟာ ပြည်သူတွေကို “မင်းတို့က ဦးနှောက်သိပ်မရှိဘူး၊ တော်ကြာ ဟိုကောင်တွေ ပြောတာ အဟုတ်ထင် နေလိမ့်မယ်၊ မကြည့်ကြနဲ့”လို့ ပြောသလိုကြီး ဖြစ်မနေဘူးလား။ အဲဒါကို ပြောခဲ့တာလေ။ ရှင်းပါတယ်နော် ဒကာလေး။ မုန်တိုင်းကာလ အင်တာနက်ဆိုင်တွေရဲ့အခြေအနေတွေကိုလဲ စုံစမ်း ကြည့်လိုက်ပါအုံး။
ဦးဇင်းရေးခဲ့တာတွေကို ဒကာလေး တကယ်ဝေဖန်ချင်တယ်၊ ဆွေးနွေးချင်တယ်ဆိုရင်
၁။ ဦးဇင်းပြောတဲ့ သီရိလင်္ကာသံဃာ ၉၉.၉%ရာခိုင်းနှုန်းခန့်၊ ကျန်နိုင်ငံကလူတွေ ၈၀%ရာခိုင် နှုန်းခန့်ဟာ န.အ.ဖနဲ့ဆန့်ကျင်တယ်လို့ဆိုထားတာဟာ ဘာကြောင့်ဖြစ်နိုင်တယ်။ ဘာကြောင့်မဖြစ် နိုင်ဘူး။
၂။ ဒီမိုကရေစီအရေးအတွက် မိသားစု၊ စည်းစိမ်ဥစ္စာ၊ ပျော်ရွှင်မှုအားလုံးကို စွန့်လွှတ်ပြီးလုပ် ဆောင်နေတဲ့သူတွေကို ပြည်သူ့အရေးဆောင်ရွက်တယ်လို့ ဆိုထားတာဟာ ဘာကြောင့် လက်ခံတယ်၊ ဘာကြောင့်လက်မခံဘူး။
၃။ ဘာလွတ်လပ်ခွင့်မှ မရှိဘူးလို့ဆိုထားတာဟာ ယုတ္တိရှိတယ်၊ မရှိဘူး။
၎။ စစ်တပ်အသစ်တွေအတွက် ဘာနစ်နာကြေးမှ မရဘဲ မြေတွေများစွာ အလကားပေးရတာ ဟုတ်တယ်၊ မဟုတ်ဘူး။
၅။ စစ်ဗိုလ်အကပ်ရှိမှ အောင်မြင်တယ်လို့ ဆိုထားတာဟာ လွန်တယ်၊ မလွန်ဘူး။
၆။ အင်တာနက်ပိတ်ရတာဟာ ပြည်သူတွေကိုချစ်လို့၊ ဒါမှမဟုတ် အခြားအကြောင်း။
၇။ဆရာတော် ဦးညာဏိဿရအင်တာဗျူး၊ ဦးဇာဂနာအင်တာဗျူးတို့နဲ့ နိုင်ငံတော်ကကြေညာ ချက် ဆန့်ကျင်နေရခြင်းအကြောင်း။
အဲဒီအချက်တွေကို ဆွေးနွေးဝေဖန်ကြလိမ့်မယ်လို့ ထင်ထားတာ။ စာဖတ်သူတွေအနေနဲ့လဲ အဲဒီလို ဆိုင်တဲ့အချက်လေးတွေကို ထောက်ပြဝေဖန်တာမျိုးပဲ မျှော်လင့်ထားကြတာပါ။
“ဘာကိုရည်ညွန်းသလဲ ဘယ်သူကိုပြောနေတာလဲ”တဲ့။ အင်း…မပြောချင်လဲ ပြောရအုံးမယ်။ ဒကာလေးတို့ စာဖတ်ရင် ဥပမာနဲ့ဥပမေယျကို ကွဲအောင်ဖတ်ရတယ်။ ဥပမာဖြစ်တဲ့ မိန်းကလေး..ကိုပဲ အဓိကထားလိုက်တော့ ဒကာလေးတို့မှာ ဥပမေယျက ဘာဆိုတာကို ကောင်းကောင်းမသိတော့ဘူး ပေါ့။ ဒကာလေးတို့က ဘာကို ရည်ညွှန်းတာလဲလို့မေးထားတော့ ရှင်းပြရတာပေါ့။ မုန်တိုင်းဖြစ်တာက မေလ၊ ၂-ရက်က။ အဲဒီအချိန်ကနေ…..မေလ ၂၂-ရက်ခန့်အထိ အကူအညီက ရောက်သင့်ရောက် ထိုက်ပါလျှက် မရောက်၊(ဆရာတော်အင်တာဗျူးပြန်ဖတ်)။ ဒုက္ခရောက်ပြီးတဲ့သူတွေက ရောက်ပြီး ကုန်ပြီ။ ခု…. နိုင်ငံတကာမှာ အရှက်တကွဲဖြစ်မှာကြောက်တော့ အားလုံးဝင်ခဲ့ပါ၊ လွတ်လွတ်လပ်လပ် ကူညီလှည့်ပါလို့ န.အ.ဖက ဆိုထားတယ်။ ဒုက္ခမရောက်သင့်ဘဲ ရောက်ခဲ့ရတဲ့သူတွေက ဒုနဲ့ဒေး။ (နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ဝင်တွေရဲ့မှတ်ချက်တွေကြည့်)။ ကဲ..ဒီလောက်ဆိုရင် ဥပမာနဲ့ ဥပမေယျကို ကွဲလောက်ပြီ ထင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒကာလေးတို့ကို ဦးဇင်းမှာချင်တာက “ဦးဇင်းက ဒကာလေးတို့ကို ဗုဒ္ဓဘာသာဝင်ဒကာတွေကို ဆက်ဆံပြောဆိုသလို ပြောတယ်။ ဒကာလေးတို့ကလဲ ဦးဇင်းကို ဗုဒ္ဓဘာသာဦးဇင်းတစ်ပါးကို ပြောသလိုပဲ” ပြောစေချင်ပါတယ်။ “ဟာ..မရဘူး၊ ဒို့ဘက်က မဟုတ် ရင်တော့ ဦးဇင်းသော ဘာသော နားမလည်ဘူး ဆော်မှာပဲ”ဆိုရင်လဲ သဘောပါပဲ။
နောက်ပြီး ဒကာလေးတို့ပြောပြောနေတဲ့ “ဒီမိုသမားတွေ၊ ဒီမိုသမားတွေ”ဆိုတဲ့အထဲမှာ ဒကာလေးတို့၊ ဦးဇင်းတို့ထက် အသက်သိက္ခာဂုဏ်ဝါကြီးမားတဲ့ ဆရာတော်ဘုရားကြီးတွေ၊ ပါတယ် ဆိုတာကို မမေ့ပါနဲ့။ ဦးဇင်းက စေတနာနဲ့ ပြောတယ်ဆိုတာ ကိုယ့်ကိုယ်ကို လိပ်ပြာလုံပါတယ်။ ဒကာလေးတို့ဘက်က ဘယ်လိုပဲပြောပြော “န ကမ္ပတိ=မတုန်လှုပ်”ဆိုတာလဲ ၃၈-ဖြာ မင်္ဂလာထဲမှာ တစ်ပါးအပါအ၀င်ပါပဲ ဒကာလေးတို့ရေ…။
ပြည်ချစ်ဘုန်းဘုန်း
ခေတ္တ=သီရိလင်္ကာနိုင်ငံ
၎၊ ၆၊ ၀၈။

(ဖိတ်ခေါ်ဆွေးနွေးခန်းအတွက်) သီရိလင်္ကာရောက် ရဟန်းတော်တစ်ပါး၏ အမြင်

Oppositeeye က ဖိတ်ခေါ်မှုကို ကြိုဆိုတဲ့အနေနဲ့ ဒီစာကို ရေးပါတယ်။ နားလည်တာ, မလည်တာ အပထား။ သူ့အမြင်ကိုယ့်အမြင် သိထားကြတာ ကောင်းပါတယ်။ ဦးဇင်းက သီရိလင်္ကာမှာ စာသင်နေတဲ့ ဦးဇင်းတစ်ပါးပါ။ “ဦးဇင်းက ဦးဇင်းနေရာမှာ နေပါ”လို့ ပြောချင်သူ ရှိရင် ဒီစာကို ဆက်မဖတ်ဖို့ ပြောထားပါရစေ။ ဦးဇင်းတွေ “ပြည်သူ့အရေး”ကိစ္စတွေမှာ ဘာကြောင့်ဝင်ပါရသလဲဆိုတာ သိပ်ပြောစရာမလိုဘူးထင်ပါတယ်။ “ပြည်သူနဲ့ကျွန်ကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုနေကြရတဲ့ ဦးဇင်းတို့ဟာ ဦးဇင်းတို့အတွက် သင့်တော်တဲ့ ဘောင်ထဲကနေ ပြည်သူ့အရေးကို ပါဝင်ဆောင်ရွက်နေရမှာ ပါပဲ”။

ခု “ပြည်သူနဲ့တပ်မတော်ကို ကိုယ်ရောက်နေတဲ့နိုင်ငံကလူတွေ ဘာကြောင့် တစ်ကန့်စီ မြင်နေကြသလဲ”။ အဲဒါကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ “ဘာဖြစ်လို့ အတိုက် အခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြသလဲ”။ အဲဒါကိုလဲ ထည့်သွင်းဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာတွေ့ရတယ်။ ပြောရရင်တော့ အမြင်တွေက အများကြီးရှိနေမှာပဲ။ ဦးဇင်း ဖြတ်သန်းနေရတဲ့ ဒီ သီရိလင်္ကာနိုင်ငံမှာဆိုရင်လဲ စာလာသင်နေတဲ့ ဦးဇင်းတွေ အပါး ၂၀၀-ခန့် ရှိပါတယ်။ အဲဒီထဲက ၉၉.၉%ရာခိုင်နှုန်းသော ရဟန်းတော်တွေဟာ စစ်အစိုးရကို မကြိုက် ကြပါဘူး။ စစ်အစိုးရရဲ့လုပ်ရပ်တွေကို သဘောမကျကြဘူး။ ကျန်တဲ့နိုင်ငံတွေကို ဦးဇင်း မရောက်ဖူးလို့ မသိပေမယ့် ဦးဇင်းထင်ပါတယ်။ ဘယ်နိုင်ငံမဆို (ရှရှားမပါ) စစ်အစိုးရကို မကြိုက်တဲ့သူတွေက အနည်းဆုံး (အနည်းဆုံး) ၈၀%ရာခိုင်နှုန်းကတော့ ကျိန်းသေပေါက် ရှိလိမ့်မယ်ထင်တယ်။
ဘာကြောင့် ဒီလို ဆန့်ကျင်တဲ့သူတွေ များနေရတာလဲ။ မကြိုက်တဲ့သူတွေ များနေရ တာလဲ။ သဘောမကျတဲ့သူတွေ များနေရတာလဲ။ Oppositeeye က ဒကာလေးများ ပြောနေ ကျစကားနဲ့ ပြောလိုက်ပါရစေ။ ““ပြည်သူတွေက ငတုံးတွေမှ မဟုတ်တာ””။
ပြည်သူတွေဟာ ငတုံးတွေ မဟုတ်လို့ တစ်ကန့်စီမြင်နေကြတယ်။ ဦးဇင်းကတော့ အဲဒီလိုပဲ ထင်ပါတယ်။ နောက်ပြီး အတိုက်အခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာ ဟာလဲ ငတုံးတွေ မဟုတ်လို့ပါပဲ။
ရှေ့ ဆွေးနွေးသွားတဲ့သူတွေ ပြောတဲ့အထဲမှာလဲ ဦးဇင်းဆွေးနွေးချင်တာတွေ အများ ကြီး ပါသွားပါပြီ။ ဒီလို ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ထဲမှာ oppositeeye ရဲ့အမြင်လေးတွေ တွေ့ရ တော့ ၀မ်းသာမိပါတယ်။ ရှရှားရောက် ပညာသင်စစ်သားလေးတွေဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေကြရတာကို ဂုဏ်ယူကျေနပ်နေကြတယ်ဆိုလို့ပါ။ မှန်ပါတယ်။ တိုင်း ပြည်အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ဖို့ရာဟာ နိုင်ငံသားတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ ထိုတာဝန်အတွက် ကျေနပ်နေနိုင်တယ်ဆိုရင် တိုင်းပြည်အတွက် အားတက်စရာ ပါ။
ဒါပေမယ့် တိုင်းပြည်တာဝန်ထမ်းဆောင်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တယ်ဆိုတာလဲ မေ့ထားလို့ မရပါဘူး။ မြန်မာနိုင်ငံဒီမိုကရေစီနဲ့ တရားမျှတမှု၊ လွတ်လပ်စွာပြောဆို၊ လုပ်ကိုင်၊ ရေးသားနိုင်ခွင့် အစရှိတဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေသူတွေဟာလဲ တိုင်းပြည် တာဝန်ကို ထမ်းဆောင်နေသူတွေပါပဲ။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး….ဘယ်အရေးမှာမှ အားရ စရာမရှိဘူးဆိုတာ ပြည်သူတွေက ပြောနေတယ်။ ဘာလွတ်လပ်ခွင့်မှ မရှိဘူး၊ ဘာတရားမျှတ မှုမှမရှိဘူးဆိုတာ ပြည်သူတွေက ပြောနေတာကြာပြီ။ တပ်မတော်ဟာ ပြည်သူရဲ့အသံကို လျစ်လျူရှုနေတာလဲ ကြာပြီ။ နေရာတကာမှာ (ဘုရားဂေါပကကအစ) စစ်သားမပါရင် မပြီး ဆိုတာလဲ ကြာပြီ။ တိုးချဲ့ဆောက်လုပ်နေတဲ့ စစ်တပ်အသစ်တွေ အတွက် မရှိဆင်းရဲသား တောင်သူတွေရဲ့မြေတွေ အလကားပေးနေရတာလဲ ကြာပြီ။ သာသနာရေးမှာတောင် သာသနာရေးရာ ဘာမှ နားမလည်တဲ့ စစ်ဗိုလ်တွေ (အံ့မောင်လို ပညာရှိ လူမိုက်တွေနဲ့ ပေါင်းပြီး) လာဘ်စားရမ်းကားလို့ သာသနာသိက္ခာကျနေတာလဲ ကြာပြီ။ ဘာအလုပ်လုပ် စစ်ဗိုလ်အကပ်ရှိမှ အောင်မြင်တယ်ဆိုတဲ့ အကျင့်ပျက်စကားပုံကြီး မြန်မာမှာ တွင်ကျယ် နေတာလဲ ကြာပြီ။ ပြည်သူတွေက ငတုံးတွေ မဟုတ်လို့ အဲဒါတွေ သိတယ်။ အဲဒါတွေသိတော့ ပြည်သူနဲ့ တပ်မတော် ဘယ်မှာလာပြီး တစ်သားထဲ ဖြစ်နိုင်ပါတော့မလဲ။
I.T ခေတ်တဲ့။ တစ်ကမ္ဘာလုံး ခေတ်စားလာလိုက်တာ။ ရွှေမြန်မာတွေပဲ ဘယ်ရမလဲ အင်တာနက်တွေ သုံးကြတာပေါ့။ ၂၀၀၇-မှာ အင်တာနက်ဆိုင်တွေ အများကြီးဖြစ်လာတယ်။ နောက်ပိုင်းမှ တစ်ခါ တပ်မတော်ဟာ ဒီ I.T ဆိုတာကြီးက ငါတို့အတွက် အန္တရာယ်တော် တော်ကြီးပါလားဆိုတာ သိပြီး အင်တာနက်တွေ သုံးရတာ ခက်လာအောင် လုပ်တော့တာပဲ။ တိုင်းပြည်မှာ ဘာတဲ့ဆို အင်တာနက်ကို ပိတ်ဖို့ ကြိုးစားကြတော့တာပဲ။ ဘာကြောင့် ပိတ်ရ တာလဲ သွားမေးရင် “ပြည်သူတွေ သတင်းမှားတွေ ရကုန်မှာစိုးလို့၊ သတင်းအမှန်က မြန်မာ့ အလင်း၊ ကြေးမှုံမှာ ပါတယ်”လို့ မဖြေသော်လဲ ဖြေသလို ပြောနေကြတာတွေ့ရမယ်။ အဲလို ပြောရအောင် (ပြည်သူတွေက သတင်းမှားတွေကို အမှန်ထင်ရအောင်) “ပြည်သူတွေက ငတုံးတွေမို့လို့လား”။
အင်တာနက်ဆိုင်တွေမှာ ရေးထားသေးတယ်။ နို့တစ်စ်စာရွက်လေးတွေနဲ့။ အဲဒီထဲမှာ ထိပ်ဆုံးက ဘာပါသလဲဆိုတော့ “နိုင်ငံရေးနှင့်ပတ်သက်သော စာပေများ မကြည့်ရှုရ”တဲ့။ ပြည်သူတွေက ငတုံးတွေ မို့လို့လား။ ဒါမှမဟုတ်ရင်လဲ နိုင်ငံရေးစာတွေဖတ်ပြီး ပြည်သူတွေ စိတ်တက်ကြွလာလို့ ပစ်သတ်နေရမှာ ကြောက်လို့လား။ တကယ်ဆိုရင်(တကယ် တပ်မတော်ဟာ ပြည်သူအတွက် အမှန်အကန် စေတနာနဲ့ ရိုးရိုးသားသား အလုပ်လုပ်နေ ပါတယ်ဆိုရင်) အင်တာနက်လဲ ပိတ်စရာ မလိုပါဘူး။ ပြည်သူတွေက ငတုံးတွေ မို့လို့လား။ သူ့စဉ်းစားညာဏ်သူ ရှိပါတယ်။
မုန်တိုင်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ အငြင်းပွားကြတာကိုလဲ အနည်းငယ်ပြောချင်ပါတယ်။ တပ်မတော်က ဘယ်လောက်ထိ တာဝန်သိသလဲ၊ အပြောနဲ့အလုပ်ညီသလဲဆိုတာ ဆရာတော်ဦးညာဏိဿရအင်တာဗျူး၊ ဦးဇာဂနာအင်တာဗျူးတွေက သက်သေခံနေတာပဲ။ ပြည်သူတွေဟာ ငတုံးတွေ မဟုတ်လို့ အဆိုပါ အင်တာဗျူးတွေကိုပဲ အမှန်လို့ ယုံကြည်တယ်။ ဦးဇာဂနာအင်တာဗျူးထဲမှာဆိုရင် ၂၂-ရက်နေ့အထိ အကူအညီမရသေးတဲ့ရွာတွေက အများကြီး။ ဇာဂနာဆိုတာ ပြည်သူတစ်ရပ်လုံးသာမက ရုပ်ရှင်လောကပါ လေးစားခံရတဲ့သူပါ။ သေချာစဉ်းစားကြည့်ကြပါ။ စစ်အစိုးရက မုန်တိုင်းဖြစ်ပြီး ၂၊ ၃-ရက်လောက်ရှိသေးတယ်။ ကယ်ဆယ်ရေးတွေ ပြီးပါပြီ၊ အခြေအနေတွေအားလုံး ပုံမှန်ဖြစ်သွားပါပြီတဲ့။ ခု ၂၂-ရက်ထိ ဘာအကူအညီမှ မရသေးဘူးတဲ့။ ဆရာတော် ဦးညာဏိဿရပြောတာလဲ ရက်ပေါင်း ၂၀-၀န်းကျင်ရှိပါပြီ။ နိုင်ငံတကာအကူအညီပြောမနေနဲ့၊ နိုင်ငံတော်အကူအညီတောင် မရောက်သေးဘူးလို့ မိန့်ပါတယ်။ ငတုံးတွေ မဟုတ်တဲ့ ပြည်သူတွေက ဘယ်ဟာကို အမှန်လဲဆိုတာ သိပါတယ်။
“ဟာ ဦးဇင်းကလဲ အခု အကူအညီတွေအားလုံးကို ဖွင့်ပေးလိုက်ပြီလေ”လို့ ဆိုချင် ကောင်း ဆိုချင်ကြပါလိမ့်မယ်။ ဦးဇင်း ခပ်ရိုင်းရိုင်း ဥပမာတစ်ခု ပေးပါမယ့်။ လွန်တယ်ထင်ရင်၊ ရိုင်းတယ်ထင်ရင် ဦးဇင်းဆိုပြီး ခွင့်မလွှတ်ပါနဲ့။ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်နေ တာကို မြင်နေရဲ့သားနဲ့ မြင်မြင်ချင်း မကူညီဘဲ ရပ်ကြည့်နေတယ်။ တော်တော်ကြာ မိန်းကလေးရဲ့ အော်ဟစ်အကူအညီတောင်းသံကြားတော့ အဝေးကလူတွေကပြေးလာတာကို မြင်တော့မှ ကဗျာကယာ ထပြီး အကူအညီပေးတယ်တဲ့သူ ဆိုပါစို့။ မြင်ကတဲက ကယ်လိုက် ရင် ဘ၀ပျက်စရာအကြောင်းကို မရှိဘူး။ သူ့ကို ဘာကြောင့်မကူညီတာလဲ ၀ိုင်းမေးမှ “မင်းတို့ ဟာကွာ ငါကူညီနေတာ မင်းတို့ မတွေ့ဘူးလား”လို့ ဆိုတဲ့သူလို ဖြစ်နေပါတယ်။ သူကူညီတဲ့ အချိန်မှာ မိန်းလေးကတော့ ဘ၀ပျက်ပြီးသွားပြီ။ ကူညီသော်လဲပဲ သူ့ကို ဘာကြောင့် အပြစ် တင်နေရသလဲဆိုတာ ရှင်းသွားပြီထင်ပါတယ်။
တပ်မတော်ကောင်းလား၊ ဒီမိုကရေစီစနစ် ကောင်းလားဆိုတာ သူတို့ရင်ထဲမှာ သူတို့ ဦးနှောက်နဲ့ စဉ်းစားပြီးသားရှိပါတယ်။ ဒါကို တပ်မတော်က “ဟေ့ကောင်တွေ၊ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာနော်၊ မိုးပေါ်ထောင်မပစ်ဘူး၊ ဒီလိုမနေနဲ့၊ ဒီလိုနေ၊ ဒါတွေ မကြည့်နဲ့၊ ဒါတွေကြည့်၊ ဒီလို မစဉ်းစားနဲ့၊ ဒီလို စဉ်းစား”လို့ ဦးနေ၀င်းလေသံနဲ့ ညွှန်ကြားပေးနေသလို ဖြစ်နေတယ်။ ပြည်သူတွေက ငတုံးတွေမှ မဟုတ်တာ။ ဘာလို့ နာခံရမှာလဲ။
“ပြည်သူနဲ့တပ်မတော်” ဘာကြောင့် ဒီအခြေအနေဖြစ်နေရတာလဲဆိုတာ အဖြေက အများကြီးပဲ။ ခု ဦးဇင်းဆွေးနွေးခဲ့တာဟာ တကယ့်ကို အစလေးပဲ (နိဒါန်းလေးပဲ) ရှိသေး တယ်။ ကိုယ့်တွေ့တွေ ဘာတွေနဲ့ ဆက်ရေးရရင် နောက်ဆွေးနွေးမယ့်သူတွေအတွက် အချိန် မရ ဖြစ်နေမယ်။ ဒီလောက်ဆိုရင် ပြည်သူတွေက တပ်မတော်ကို ဘာကြောင့် တစ်သီး တစ်ခြားမြင်နေရသလဲဆိုတဲ့ ဆွေးနွေးခန်း တော်လောက်ပြီလို့ ဦးဇင်း ယူဆပါတယ်။
အဲဒါရဲ့အပြင် တစ်ခုပြောချင်တာက “အတိုက်အခံတွေပြောသလိုမျိုး စစ်သားဆို မကောင်းဘူးဆိုပြီး သိမ်းကြုံးရမ်းနေတာတွေ၊ စစ်ခွေးတွေအစရှိသဖြင့် ၀ါးလုံးရှည်ရမ်းပြီး ဆဲဆို ရိုင်းစိုင်းတာတွေကို မြင်ရကြားရတဲ့ အခါမှာ လူငယ်တွေအနေနဲ့ မကျေမနပ် နိုင်ဖြစ်ကြရပါတယ်”လို့ ဒကာလေးတို့က ဆိုထားပါတယ်။ မှန်ပါတယ်။ အဲဒီလို ပြောတာဟာ စစ်သားကောင်းတွေကို ထိခိုက်ပါတယ်။ အကုသိုလ်ဖြစ်စေပါတယ်။ အဲလို ၀ါးလုံးရှည်နဲ့ ရမ်း နေတဲ့သူ တွေ့ရင်တော့ အဆင့်အတန်းမရှိတဲ့သူလို့ သတ်မှတ်လိုက်ရုံပါပဲ ဒကာလေးရေ။ အဲဒါ မျိုးတွေက ရှိတတ်ပါတယ်။
ထို့အတူပဲ ဒကာလေးတို့ရဲ့ oppositeeye မှာလဲ ၀ါးလုံးရှည်နဲ့ ရမ်းနေတာတွေက ပို့စ် တိုင်းမှာပါနေတယ်။ ဒကာလေးတို့ ဘလော့ရဲ့ဘယ်ခြမ်းက ပင်တိုင်တွေ့နေရတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဆိုတာလဲ ၀ါးလုံးရှည်နဲ့ရမ်းထားတာ မဟုတ်ဘူးလား။ “သူများကို ဆုံးမချင်ရင် ကိုယ့်ကိုယ်ကို အရင် ပြင်ရတယ်”လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ် ဒကာလေး။ အဲဒီစာသားကြီးကို မပြောင်းသရွေ့တော့ ဒကာလေးတို့အနေနဲ့ သူများဝါးလုံးရှည် ရမ်းတာကို လိုက်ပြောမနေသင့်ဘူးလို့ ဦးဇင်းထင်ပါတယ်။ ဒီမိုကရေစီကို တကယ်ချစ်မြတ်နိုးတဲ့သူတွေ၊ စစ်သားတွေလိုပဲ တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေ အများကြီးရှိတယ် ဒကာလေးရေ။ သူတို့တစ်တွေသာ တစ်စုံတစ်ရာရဲ့ ဖမ်းဆီးချုပ်နှောင်မခံရဘဲ တိုင်းပြည်အတွက် အလုပ်လုပ်ခွင့်ရနေမယ်ဆိုရင် ဦးဇင်းတို့၊ ဒကာလေးတို့ ဒီလို ဆွေးနွေးစရာလိုအပ်ခဲ့မှာ မဟုတ်ဘူး။ အဲဒါတွေကိုလဲ ဒကာ လေးတို့ မြင်အောင်ကြိုးစားသင့်တယ် ထင်ပါတယ်။
ပြည်ချစ်ဘုန်းဘုန်း
ခေတ္တ=သီရိလင်္ကာနိုင်ငံ
၀၃၊ ၀၆၊ ၀၈။

ရိုးသားမှုနှင့်သမိုင်းတွင်ခြင်း

We must shape our own destiny ဟူသော စကားတစ်ခွန်းရှိပါတယ်။ ကိုယ့်ဘ၀ ကိုယ့်ကြမ္မာကို ကိုယ်ကိုတိုင် ဖန်တီးပုံဖော်ခွင့် ရှိပါတယ်။ ကောင်းတာပဲပုံဖော်ဖော်၊ ဆိုးတာပဲပုံဖော်ဖော် ရလဒ်ကား သေချာနေပြီး ဖြစ်ပါတယ်။ ထိုရလဒ်သည်ပင် ကိုယ့်သမိုင်း ဖြစ်လာပါလိမ့်မယ်။ လူ့ဘ၀ဟူသည် ရေပွက်ပမာတစ်ခဏသာ ဖြစ်ပါတယ်။ တစ်ခဏသာ အချိန်လေးသည်ပင် မိမိနှင့် လောကကြီးတစ်ခုလုံး အတွက် တန်ဖိုးမဖြတ်နိုင်သောအရာများကို လုပ်ဆောင်ဖို့ လုံလောက်သောအချိန်ဖြစ် နေပါတယ်။ တိုတောင်းတဲ့အချိန်လေးနဲ့ ဘ၀သမိုင်းကို အကြီးအကျယ် ရေးထိုးခဲ့သူတွေ ကမ္ဘာမှာ အများကြီး ရှိပါတယ်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၃-နှစ်သာ ရှင်သန်ခွင့်ရခဲ့ပေမယ့် သူရေးခဲ့သောသမိုင်းကား ယနေ့ထိ ရှင်သန်နေဆဲ၊ ပြိုင်ဘက်ကင်းဆဲပင် ရှိနေပါသေးတယ်။ နောင်အနာဂတ်များစွာထိ သူ့ရေးခဲ့သော သမိုင်းကား ငှါးငှါးစွင့်စွင့် ပွင်းလန်းနေဦးမည်သာ ဖြစ်ပါတယ်။
လူ့ဘ၀ဖြစ်ဖြစ်၊ တိရစ္ဆာန်ဘ၀ပဲဖြစ်ဖြစ်၊ အခြားသက်မဲ့သစ်ပင်စသည်တို့ပဲဖြစ်ဖြစ် ဘယ်အရာမဆို မွေးဖွား ခြင်း၊ ဖြစ်ပေါ်ခြင်းနှင့် သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ဖြင့် ပိုင်းခြားကန့်သတ်ခံထားကြရတယ်။ ဒီကန့်သတ်ထား တဲ့ဘောင်နှစ်ခုကြားမှ ဘယ်အရာမှာ ရှောင်နေလို့ မရပါဘူး။

လာခြင်းကောင်းဖို့ လိုအပ်သလို၊ ပြန်ခြင်းကောင်းဖို့လဲ ကောင်းဖို့လဲ လိုအပ်ပါတယ်။ “သင်လာသောအခါ လူအများ ပြုံးပျော်ကြ၍ သင်ပြန်သောအခါ လူအများ ၀မ်းနည်းကြရတဲ့သူမျိုး ဖြစ်ဖို့လိုကြောင်း” မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်။ မိတ်ဆွေတို့၊ အကျွန်ုပ်တို့ ကိုယ့်အနေအထားကို ပြန်လည်ဆန်းစစ်ကြည့် ကြစေလိုပါတယ်။
နေရာတိုင်းမှာ သစ်ရွက်လေးတွေ၊ ပန်းပွင့်လွှာလေးတွေ ကြွေကျခြောက်နွမ်းနေတာကို တွေ့ဖူးကြပါလိမ့် မယ်။ ထိုသစ်ရွက်လေး၊ ပန်းပွင့်လေးတွေဟာ ပင်စည်ကြီးမှ ပေါက်ဖွားလာခဲ့ကြခြင်း ဖြစ်ပါတယ်။ အလှစိုက်ပျိုးထားသော အပင်က အပွင့်လေးများကို သတိပြုမိချင် ပြုမိနိုင်သော်လည်း တောကြီးမျက်မဲထဲမှ ပန်းပွင့်၊ သစ်ရွက်လေးများဆိုလျှင် ဘယ်သူမှ သတိပြုမိနိုင်လိမ့်မှာ မဟုတ်ပေဘူး။ ထိုသစ်ရွက်ပန်းပွင့်လေး များလို လူမသိသူမသိဖြင့် ရှင်သန်လာခဲ့ရပြီး သူမသိသူမသိဘ၀ဖြင့်ပင် သေဆုံးပျောက်ကွယ်သွားကြသူများ လောကတည်းဟူသော တောကြီးထဲမှာ အများကြီးပါပဲ။ သူတို့ မွေးဖွားလာ၍ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသလို သေဆုံးသွား၍လည်း မည်သူမျှ ဂရုစိုက်နေစရာအကြောင်းမရှိချေ။
မိတ်ဆွေတို့၊ အကျွန်ုပ်တို့ စဉ်းစားကြည့်ကြစေချင်ပါတယ်။ လူ့လောကကြီးထဲမှာ အသက်ရှင်ခဲ့ဖူးကြောင်း ဘယ်လိုသက်သေတွေ ထားရစ်ခဲ့ကြမလဲ။ သင်တို့၊ အကျွန်ုပ်တို့ ထားခဲ့တဲ့သက်သေတွေက သင်တို့၊ အကျွန်ုတို့ရဲ့ သမိုင်းဖြစ်နေပါလိမ့်မယ်။ အကျွန်ုပ်တို့ ထားခဲ့တဲ့ သက်သေတွေကို ကြည့်ပြီး အကျွန်ုပ်တို့သမိုင်းကို အကဲဖြတ်ရစ်ကြပါလိမ့်မယ်။ ဒီနေရာမှာ ပြောချင်တာက ဘယ်လိုသက်သေတွေ ထားရစ်ခဲ့သင့်လဲ။
ကောင်းတာတွေ မွန်မြတ်တာတွေ သန့်စင်တာတွေ ထားရစ်ခဲ့မလား၊ ဆိုးတာတွေ အော့ကြောလန်စရာတွေ အော့နှလုံးနာစရာတွေ ထားရစ်ခဲ့မလား။ ဒါကတော့ ကိုယ်တိုင်စဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။
ကောင်းတာဖြင့် သက်သေပြလျှင် သင့်အား လူအများက ချီးမွမ်းထောမနာပြုကြလိမ့်မယ်။ မတွေ့ဖူးသူများ က တသသနဲ့ တွေ့လိုစိတ်များ ဖြစ်ပေါ်နေပါလိမ့်မယ်။ အကယ်၍ ဤကမ္ဘာလောကကို သင်ကျောခိုင်း သွားခဲ့ရလျှင်တောင်မှ သင့်အား ၀မ်းနည်းတသ ဖြစ်နေကြလိမ့်မယ်။ သင့်အား နမူနာအဖြစ်ထားရင်း သင့်နာမည်ကို မျိုးဆက်ပေါင်းများစွာထိ သယ်ဆောင်သွားကြပါလိမ့်မယ်။ အဲဒီအတွက် ဘယ်သူကမှလဲ တားမြစ်လို့ ရလိမ့်မှာ မဟုတ်ပါဘူး။ သင့်နာမည် တိမ်ကောအောင် ဘယ်သူမှ ဖုံးဝှက်လို့ရနိုင်မှာ မဟုတ်ပါဘူး။ သင်သေသွားသော် သင့်ကျဆုံးမှုအတွက် အားလုံးက ၀မ်းနည်းတသဖြစ်နေကြမှာ သေချာပါတယ်။
မကောင်းတာ၊ မရိုးသားတာဖြင့် သင် သက်သေပြခဲ့လျှင်ကော? ဒါလဲ သင့်သမိုင်းဟာ ကျန်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လူအများဟာ သင့်အား အော့နှလုံးနာကြလိမ့်မယ်။ သင်သေသွား၍ သင့်နာမည် ကျန်ခဲ့နိုင် သော်လည်း သင့်ကဲ့သို့မဖြစ်အောင် အနာဂတ်မျိုးဆက်များကို သတိပေးတားမြစ်ဆုံးမနေကြပါလိမ့်မယ်။ သင်သေသွားသော် သင့်ကျဆုံးမှုအတွက် ၀မ်းမြောက်ဝမ်းသာမဖြစ်ရင်တောင်မှ ၀မ်းနည်းမှုမဖြစ်မှာက သေချာပါတယ်။
အဲဒီပုဂ္ဂိုလ်နှစ်မျိုးကို ဥပမာလေး ပေးလိုက်ချင်ပါတယ်။ ကျွန်တော်တို့အဆောင်မှာ လီဆောင်းဦးဆိုတဲ့ ခွေးမလေး တစ်ကောင်ရှိပါတယ်။ ခွေးလေးကို ငယ်ငယ်ကတည်းက ၀ိုင်းပြီးကျွေးကြ၊ စကြနဲ့ အားလုံးက ချစ်ကြပါတယ်။ ၃-လလောက် ကြာသွားတော့ ခွေးလေးဟာ ဘာမှန်းမသိတဲ့ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါ တယ်။ အဆောင်အားလုံးဟာ ခွေးမလေးအတွက် ၀မ်းနည်းတသဖြစ်ခဲ့ကြရတယ်။ ခွေးမလေးဟာ အဟိတ်တိရစ္ဆာန်ဘ၀ရောက်ခဲ့ရပေမယ့် လူတိုင်းရဲ့မေတ္တာကို ရသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် သူဟာ သူ့အတိုင်းအတာနဲ့သူ သမိုင်းကျန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူလာတုန်းက ၀မ်းသာ၊ သူရှိနေတုန်းက ပျော်ရွှင်၊ သူထွက်ခွါသွားတော့ ၀မ်းနည်းကြရပါတယ်။
နောက်တစ်ယောက်ကတော့ သူလာတုန်းကလဲ အော့ကြောလန်၊ သူရှိနေတုန်းမှာလည်း စိတ်ဆင်းရဲ၊ သူထွက်ခွါသွားတော့ စောစောက လီဆောင်းဦးလေး ဆုံးသွားသလောက်တောင် လူတွေ ၀မ်းမနည်းကြပါ ဘူး။ အားလုံး ၀မ်းမြောက်ဝမ်းသာတောင် ဖြစ်ခဲ့ကြရတာ တွေ့ခဲ့ရတယ်။ အဲဒိပုဂ္ဂိုလ်ကတော့ ၀န်ကြီးချုပ် ဆိုသူ လူယုတ်မာ စိုးဝင်း ပဲ ဖြစ်ပါတယ်။ သူသေသွားတဲ့သတင်းကို ကြားရတော့ ကျွန်တော်တို့ အဆောင် မှာ သတိထားကြည့်တော့ လီဆောင်းဦးသေတုန်းကလောက် ၀မ်းမနည်းကြတာတွေ့ရတယ်။ ဒါက ဘာကို ပြနေသလဲဆိုတော့ သမိုင်းတွင်အောင် လုပ်ကြတဲ့နေရာမှာ ရိုးသားမှုရှိဖို့ လိုအပ်တယ်။ ရိုးသားမှုမရှိတဲ့ သမိုင်းဟာ ခွေးတစ်ကောင်ရဲ့ သမိုင်းလောက်တောင် မခန့်ငြားဘူးဆိုတာ ကျွန်တော်ပြောချင်တာပါပဲ။ ခွေးမလေး လီဆောင်းဦးလောက် သမိုင်းမှာ မလှပခဲ့ကြတဲ့ စိုးဝင်းလို လူမျိုး သင်ဖြစ်ချင်ပါသလား။
အလုပ်ရဲ့အတိုင်းအတာ ပမာဏမျှ သင့်သမိုင်း တင်ကျန်နိုင်ပါလိမ့်မယ့်။ အချို့က မိသားစုအတိုင်းအတာ ပမာဏမျှ၊ အချို့က တိုင်းပြည်တစ်ခုလုံးအတိုင်းအတာ၊ အချို့က ကမ္ဘာ့အတိုင်းအတာ…….နာမည်များ ချန်ထားရစ်ခဲ့ကြပါတယ်။ မိသားစုအတိုင်းအတာပမာဏမျှ လုပ်ဆောင်ခဲ့လျှင် သင့်မိသားစုက သင့်အား မျိုးဆက်တစ်ခု၊ သို့မဟုတ် နှစ်ခုစသည်တိုင်အောင် အမှတ်တရရှိနေလိမ့်မယ်။ တိုင်းပြည်တစ်ခုလုံးအတွက် သင်လုပ်ဆောင်လျှင်ကား တစ်တိုင်းပြည်လုံးက သင့်အား အမှတ်ရနေလိမ့်မယ်။ ကမ္ဘာ့အတိုင်းအတာထိ ကျယ်ပြန့်အောင် စွမ်းဆောင်ခဲ့လျှင်ကား ကမ္ဘာ့သမိုင်းမှာ သင့်အမည် ထည့်သွင်းခံထားရလိမ့်မယ်။ သင့်နာမည်သည် သင်ထားခဲ့သော အခြေအနေများအတိုင်း ကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို နှစ်ပေါင်းများစွာ တည်ရှိနေလိမ့်မယ်။ ဒါဟာ သမိုင်းရဲ့ နိယာမတရားတစ်ခုဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၊ နေ၀င်း၊ စောမောင်၊ သန်းရွှေ၊ သခင်ကိုယ်တော်မှိုင်း၊ သိန်းဖေမြင့်၊ သခင်သန်းထွန်း၊ သခင်စိုး၊ ……..မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ကျန်ခဲ့တဲ့နာမည်တွေ အများကြီးပါပဲ။ ဒါပေမယ့် နာမည်တွေ ကျန်ခဲ့ပုံချင်းကတော့ အများကြီး ကွာခြားလှပါတယ်။ အချို့နာမည်များသည် အော့နှလုံးနာစရာများ၊ နာကျည်းစရာများ၊ အရှက်ရစရာအဖြစ်များရဲ့ သင်္ကေတဖြစ်ပြီး အချို့နာမည်များကတော့ ဂုဏ်ယူစရာ၊ ၀င့်ကြွားစရာ၊ အားကျစရာများရဲ့ သင်္ကေတဖြစ်နေပါတယ်။
နေ၀င်းလိုပဲ နောင်အနာဂတ်သမိုင်းမှာ ထင်ကျန်ရစ်မယ့်သူတွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ရဲ့ သမိုင်းစာမျက်နှာများကို လှန်ကြည့်မိလျှင် မြန်မာနိုင်ငံသားတိုင်း အရှက်ရစရာ ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ တိုင်းပြည်အတွက် ရိုးသားစွာ အလုပ်မလုပ်ကြလို့ပဲ ဖြစ်ပါတယ်။ တိုင်း ပြည်ကို လိမ်တယ်။ ညာတယ်။ ဖြီးတယ်။ ကွေ့တယ်။ ကောက်တယ်။ ညစ်ပတ်တယ်။ ယုတ်မာတယ်။ နောင်အနာဂတ်မျိုးဆက်ဟာ နေ၀င်းနဲ့ အပေါင်းအပါတွေရဲ့ မျက်နှာကို ကြည့်ရတာထက် ခွေးသေကောင် ပုပ်ကို ကြည့်ရတာဟာ ကံကောင်းတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါဟာ သူတို့ရေးခဲ့တဲ့၊ သူတို့ရေးနေတဲ့ သူတို့ရဲ့သမိုင်းပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အသံကြားလျှင် ကြက်သီမွေးညှင်းထရတယ်။ အားကျမိတယ်။ လွမ်းဆွတ်မိတယ်။ တမ်းတမိတယ်။ မျက်ရည်ဝဲမိတယ်။ ကြည်ညိုမိတယ်။ ဗိုလ်ချုပ်ပုံရိပ်တွေကြည့်ရတာ ကုသိုလ်တွေ တိုးပွားရတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဆိုတာ ရိုးသားမှုရဲ့ပုံရိပ်ဖြစ်နေလို့ပါပဲ။ ရိုးသားမှုနဲ့သမိုင်းကို ရေးခဲ့ကြ သူတိုင်းဟာ ဒီလိုပါပဲ သူတို့သမိုင်းစာမျက်နှာများဟာ လှပကျက်သရေရှိနေပါလိမ့်မယ်။
မိတ်ဆွေတို့ ဘယ်လိုသဘောရလဲ? ဘယ်လို သမိုင်းများ ရေးခဲ့ကြမလဲ။ ဗိုလ်ချုပ်လောက် ကြီးကျယ်အောင် မရေးနိုင်လျှင်တောင်မှ နေ၀င်းတို့လို သမိုင်းမျိုး မရေးဖြစ်ဖို့ အရေးကြီးသည်ဟု ယူဆပါတယ်။

လွင်ပြင်ရိုင်း
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails