Thursday, October 2, 2008

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့ အသီး

ပြည်တွင်းက သူငယ်ချင်းက မေးလာတယ်။ `သူငယ်ချင်းရေ တက္ကသိုလ်အတွက် ဆောင်းပါးလေး ဘာလေး ရေးပါလား၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက်´တဲ့။ စာရေးသူ သူငယ်ချင်းက ရန်ကုန်၊ ကမ္ဘာအေးက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ ပညာသင်လာတာ အခုဆိုရင် ခြောက်နှစ်ရောက်လို့ M.Aတန်း တက်ရောက်သင်ကြားနေသူ ဖြစ်တယ်။ စာရေးသူကလဲ ပြန်ပြောရတယ်။ `ဟာ တက္ကသိုလ် အကြောင်းကို တက္ကသိုလ်ထဲက ကိုယ်တော်တို့က ရေးမှ ပိုပြီး ကောင်းမှာပေါ့။ တပည့်တော်တို့က ကြားဖူးနားဝပဲ ရှိတာ။ အရှင်တို့က ကိုယ်တွေ့ကြုံနေရတာ´လို့။ ဒါပေမယ့် သူက `ဘာပဲဖြစ်ဖြစ်ပေါ့၊ ဆောင်းပါးလေး တစ်ပုဒ်လောက်တော့ လုပ်ပါ´လို့ ဆိုလာတာနဲ့ ဒီဆောင်းပါးကို ရေးရပါတယ်။ အဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တက္ကသိုလ်က သူရေးစေချင်တဲ့ အချက်အလက်တွေကို အီးမေးလ်ပို့လာပါတယ်။ အဆိုပါ အချက်အလက်များကို အခြေခံပြီး တင်ပြသွားပါမယ်။
စာရေးသူ ဒီကို ရောက်မလာခင်က တက္ကသိုလ်နဲ့တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွားလည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင် ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြုရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အရွယ်နဲ့မလိုက်အောင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လဲ ကြွ၊ လှေနဲ့ပင့်လဲ ကြွ၊ ပင်ပင်ပန်းပန်းနဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လဲ ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေမယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင်ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကနေ အသိပညာတွေ ပေးပုံက တစ်မျိုး။ အပြင်က ကျောင်းတိုက်ကြီးတွေနဲ့ မတူဘူး။ အပြင်ကျောင်းတိုက်တွေမှာက သမိုင်းတို့၊ ဘာသန္တရတို့၊ အခြားဖတ်သင့်ဖတ်ထိုက်ရာ စာအုပ်တို့ဆိုတာ ဖတ်ဖို့ မလွယ်ပါဘူး။ ပြဋ္ဌာန်းကျမ်းစာကလွဲပြီး ကျန်တာတွေ ဖတ်ရင် အပြစ်ပေးခံရပါတယ်။ တကယ်ကို စာပေ၀ါသနာပါတဲ့ စာသင်သားတွေဟာ ဗဟုသုတစာအုပ်စာပေတွေကို ခိုးကြောင်ခိုးဝှက်ဖတ်ရပါတယ်။ စာရေးသူ ဒီလို ပြောလိုက်တာဟာ အပြင်ကျောင်းက သံဃာတော်တွေဟာ ဗဟုသုတစာပေတွေမရှိဘူးလို့ မဆိုလိုပါဘူးနော်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းပညာရေးလို့ဆိုတဲ့ Monastic Education ဟာ မှိုတက်နေပြီဆိုတာကို ပြချင်လို့ပဲ။ ဒါပေမယ့် တကယ့်ကို စာပေလိုက်စားတဲ့ ဗဟုသုတလိုလားတဲ့ သံဃာတော်တွေကတော့ ကိုယ်ထူကိုယ်ထ စာအုပ်စာပေများကို ဖတ်ရှုပြီး စာရေးဆရာလုပ် ပြည်သူကို အသိပညာတွေ ပေးဝေနေဆဲပါပဲ။
ဒါပေမယ့် စနစ်ရဲ့ ကျဉ်းကျပ်စွာ တုပ်နှောင်မှုထဲက ခက်ခဲစွာ ရုန်းထွက်လာရတာဆိုတော့ အများစုဆိုတဲ့စကားကို သုံးစွဲခွင့် မကြုံသေးပါဘူး။ အနည်းစုကလေးပဲ ရှိပါတယ်။
အဲဒီ ကျယ်ပြန်တဲ့ ဗဟုသုတကြွယ်ဝတဲ့ သံဃာတော်များ များပြားလာမှသာ တစ်နည်းအားဖြင့် ရဟန်းတော်တွေရဲ့ သုံးပုံနှစ်ပုံက ပြည်သူတွေ လိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်စွမ်းရှိမှသာ အဆိုပါ ပညာရေးကို `ခေတ်မီတယ်၊ လိုက်လျောညီထွေဖြစ်တယ်´လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောမယ့်သာ ပြောရတာ ဒါတွေက စိတ်ကူးယဉ်ရုံသာ ဖြစ်ပါတယ်။ လူကြီးဖြစ်သူက `ဒါ´ဆိုရင် `ဒါ´လိုက်လုပ်မှ လူတော်၊ သူတော်ကောင်းလို့ ပြောခံရမယ့် ဒီနေ့ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ အားလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် ခေတ်မီတဲ့ ပညာရေးကို ပြဓာန်းတည်ဆောက်ဖို့ မလွယ်ပါဘူး။ အင်း….ရကို မရနိုင်ပါဘူးလို့ ဆိုရမလို ဖြစ်နေတယ်။
သာသနာ့တက္ကသိုလ်ဟာ စ,ဖွင့်တုန်းက သူ့ခေတ်ရဲ့ တောင်းဆိုမှုကို မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နှစ်ဖက်လှဆရာဦးကျော်လွင်တို့က ဖြည့်ဆီးပေးတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ သူ့ခေတ်က တောင်းဆိုမှုနဲ့ ယခု လက်ရှိခေတ် တောင်းဆိုမှုဟာ မတူတော့ပါဘူး။ မတူပေမယ့် ဖွင့်စတုန်းက ပေးခဲ့တဲ့ စနစ်က ယနေ့အထိ စွဲကိုင်ထားတုန်းပဲ။ လာရာလမ်းက ကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ခြေလှမ်းတွေက ယိမ်းလာတယ်။
မြန်မာတွေဟာ စစ်အစိုးရကို `မုန်းတယ်၊ မကြိုက်ဘူး´ဘယ်လိုပဲပြောပြော စစ်အစိုးရရဲ့ `အထက်အောက်စနစ်´က မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတိုက်တွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေတာ တွေ့ရမယ်။ သာသနာ့တက္ကသိုလ်မှာလဲ အဲဒီအတိုင်းပဲ။ အထက်လူကြီးတွေရဲ့စကားကို မြေ၀ယ်မကျ နားထောင်တတ်မှ တပည့်ကောင်းပီသတယ်။
ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလဲ အများကြီး။ တက္ကသိုလ်ထဲမှာတောင် ပေါ်တင်မပြောကြလို့သာရယ် ‘Master All Know’ ဆိုရင် ဘယ်ဆရာတွေကို ရည်ညွှန်းမှန်း ကျောင်းသားတွေက သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မသိတာ မရှိဘူးလေ။ ဆိုလိုတာက ဘာမှ အရည်အချင်း မပြည့်မှီဘဲ ဆရာလုပ်နေသူတွေ အများကြီး ရှိလာတယ်။ တက္ကသိုလ်သမိုင်းမှာ အရည်အချင်းရှိပြီး အမှန်တကယ် တက္ကသိုလ်ကို ချစ်တဲ့ လူတော်တွေ အဝေးရောက်သွားခဲ့ကြရတာတွေက အများကြီး ရှိခဲ့တယ်။
ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလဲ ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလဲ အများကြီး ရှိပါတယ်။ အချို့ဆရာတော်တွေဟာ ဘာမှ ရပိုင်ခွင့်မှ မရရှိကြပေမယ့် စာသင်သားသံဃာတော်တွေလို နေထိုင်၊ စားသောက်ပြီး စေတနာသန့်သန့်နဲ့ တက္ကသိုလ်ကြီးတိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြပါတယ်။
ဒါပေမယ့် တကယ်တတ်ကျွမ်းတဲ့ အဆိုပါ ဆရာတော်တွေက စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ စွမ်းအားရှင်ဒကာတွေအောက်မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။
အခု ပြောပြတာတွေက အမြွက်မျှပဲ ရှိပါသေးတယ်။ ပစ္စုပ္ပန်ခြေလှမ်းကို အနည်းငယ် ဖော်ပြလိုက်တာပဲ ရှိပါသေးတယ်။ အဓိက ပြောချင်တဲ့အချက်တွေ လွတ်ကုန်မှာစိုးလို့ ရပ်ထားလိုက်တယ်။
ဆိုတော့ `ဒီလို မဖြစ်သင့်တဲ့ လုပ်ရပ်တွေ၊ မဖြစ်သင့်တဲ့ ဆရာတွေ ဖြစ်နေတာကို လူကြီးတွေက ဘာမှ မလုပ်ဘူးလား´လို့ မေးချင်သူတွေ ရှိလာလိမ့်မယ် ထင်တယ်။ `ပုပ်လာတဲ့ အသီး´ဆိုတာ အခုမှ လာမှာပါ။
စစ်အစိုးရဟာ ညာဏ်များတယ်ဆိုတာ လူတိုင်း သိပြီး ဖြစ်တယ်။ သံဃာကို သံဃာနဲ့ နှိမ်နင်းမှ ချိုးနှိမ်မှ ထိရောက်တယ်ဆိုတာ သူတို့ သိတယ်။ အခု ပိုပြီး သိလာလို့ ပိုပြီး ထိရောက်အောင် လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃာ့ဘောင်ထဲမှာ သူတို့စိတ်ကြိုက်လိုက်လုပ်မယ့် `စွမ်းအားရှင်ဘုန်းကြီး´တွေကို မွေးမြူလာတာတွေ့ရတယ်။ တစ်ချို့ စွမ်းအားရှင်ဘုန်းကြီးတွေကတော့ အစကတည်းက မကောင်းတာ၊ အစကတည်းက ကိုယ်ကျိုးရှာသမား၊ အတ္တသမားတွေ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတန်းအစားတွေ။ တစ်ချို့ကျတော့ အစကတော့ စိတ်ကောင်းရှိသလို၊ အများအကျိုး သယ်ပိုးချင်စိတ်ရှိသလို ထင်ရတယ်။ ပစ္စည်းဥစ္စာ၊ လာဘ်လာဘနဲ့ ဖြားယောင်းလာတဲ့အခါကျတော့ သူတို့ဟာ စစ်အစိုးရအလိုကျ `စွမ်းအားရှင်´တွေ ဖြစ်လာကြတယ်။
သာသနာ့တက္ကသိုလ်၊ နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ရေးတဲ့ဆောင်းပါးဆိုတော့ သာသနာ့တက္ကသိုလ်ကို သန့်ရှင်းစေလိုတဲ့သဘောနဲ့ သာသနာ့တက္ကသိုလ်က `စွမ်းအားရှင်ဘုန်းကြီး´တွေကိုပဲ အဓိက ရေးသွားပါမယ်။ စက်တင်ဘာအရေးအခင်းကြီးမှာ သံဃာတွေ ဆန္ဒပြုလို့ ပြည်သူတွေရဲ့ လွတ်လပ်ရေးတေးသွားတွေဟာ နိုးကြားလာခဲ့တယ်။ သံဃာတော်တွေထဲက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ သံဃာတွေလဲ ပေါ်ထွက်တယ်။ သူတို့ကို စစ်အစိုးရက ဘယ်လောက်ပဲ ထောင်ချ၊ အကျဉ်းချထားသည်ဖြစ်စေ ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။
သာသနာ့တက္ကသိုလ်မှာလဲ ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။ ဘယ်ဆရာတော်ကတော့ ဆန္ဒပြသံဃာတော်တွေကို ဘယ်လို ကာကွယ်ပေးတယ်။ ဘယ်ဆရာတော်ကတော့ ဘယ်လို ကူညီပေးတယ်။ ရေးချင်တဲ့အချက်အလက်တွေက အများကြီး။
စက်တင်ဘာအရေးအခင်းမှာ နာမည်ကြီးသွားတဲ့ သူတွေ အများကြီးရှိတယ်။ တစ်ချို့က အများအတွက် ရှေးရှုလို့ နာမည်ကြီးတယ်။ တစ်ချို့က အများကို ချောက်ချလို့ နာမည်ကြီးတယ်။ ကျောင်းတိုက်တွေမှာလဲ ခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း နာမည်ကြီးတွေအကြောင်း ပြောဖြစ်ကြတယ်။

ပြည်ချစ်ဘုန်းဘုန်း

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails