Thursday, October 2, 2008

မေးခွန်းများကို ဖြေကြားခြင်း (၃)

“တပည့်တော် နှိုင်းယှဉ်မိတာက အဲဒီတုန်းက ရဟန်းတော်များနဲ့ အခုခေတ်အခြေအနေတွေ ကွာခြားနေတာ ပါဘဲဘုရား” ။ ဒကာလေး တော်တော် တော်ပါလားလို့ ကောက်ချက်ချမိတယ်။ ဦးဇင်းပြောချင်တာက အဲဒီခေတ် အခြေအနေနဲ့ အခုခေတ်အခြေအနေကတော့ ကွာခြားနေတယ်။ ဒကာလေးပြောချင်တာက အဲဒီခေတ်က ရဟန်းတော်တွေဟာ အရမ်းကြည်ညိုစရာကောင်းပြီး ဒီခေတ်ရဟန်းတော်တွေဟာ အဲလို မဟုတ်တော့ဘူးလို့ ဆိုလိုရာရောက်ပါတယ်။ ဒါပေမယ့် ဒကာလေးကို သိစေချင်တာက ဦးဇင်းတို့ စက်တာဘာမှာ ပြည်သူ့အရေးဆောင်ရွက်ခဲ့တာရယ်၊ ခုလို စာတွေရေးပြီးနေတာရယ်ဟာ ဘယ်သိက္ခာပုဒ်နဲ့မှ မငြိစွန်းသလို မိခင်တိုင်းပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ဖြစ်နေတာ၊ ဖြစ်သင့်တာတွေကို ကောင်းစေချင်တဲ့ ဆန္ဒနဲ့ရေးတာဖြစ်တဲ့အတွက် ကုသိုလ်တောင်ရပါတယ်။
ချစ်သူလေးဆိုသူ မေးထားတဲ့မေးခွန်းလေးတွေကို ဦးဇင်း ဒီနေရာမှာ ဖြေကြားသွားပါ့မယ်။ ပါရာဇိကကျနိုင်တဲ့ အကြောင်း (၄)ချက်ရှိပါတယ်။ ၁။ မေထုန်မှီဝဲမှု၊ ၂။ သူတစ်ပါးဥစ္စာခိုးမှု၊ ၃။ လူ့အသက်သက်မှု (သတ်ခိုင်းမှု)၊ ၄။ ဈာန်အဘိညာဏ်..စသည်မရဘဲ ရတယ်ဟု လိမ်ညာပြောဆိုမှု…တို့ဖြစ်ပါတယ်။ ဆရာတော် ဦးဝိစာရတို့ဟာ ပါရာဇိက မကျပါ။ ကြခတ်ဝိုင်းကိုတော့ ပါရာဇိကကျသည်ဟု ဆရာတော်များ ဆုံးဖြတ်ကြပါတယ်။ ဒါပေမယ့် ဒကာမလေးပြောတဲ့ ငွေကြေးမည်မျှရှိသည်ဟု ပြောခြင်းကြောင့် မဟုတ်ပါ။ “မီးကြွင်း မီးကျန် မထားနဲ့၊ အကုန် ရှင်းပစ်ရမယ်”ဆိုတဲ့ စကားကြောင့် ဖြစ်ပါတယ်။

ရွှေကျင်ဆရာတော်နဲ့ပတ်သတ်တာလေးကို ပြောရမယ်ဆိုရင် “ဆရာတော်မှာရှိတဲ့ စိတ်စေတနာကပဲ ဆရာ တော့်ကံကို ပြောပြနိုင်ပါလိမ့်”လို့ ဆိုချင်ပါတယ်။ ဒါပေမယ့် ဆရာတော်စိတ်ဓာတ်နဲ့ ဆရာတော် အကြောင်းတွေကို ထောက်ဆသောအားဖြင့် “ဘုန်းကြီးအတုတွေ ဘာဖြစ်ပါစေ..ညာဖြစ်ပါစေ”လို့ စိတ်မရည် ညွှန်းဘဲ သာသနာတော်သန့်ရှင်းရေးအတွက် စိတ်ပြဋ္ဌာန်းပြီးပြောတာ ဖြစ်မယ်လို့ ယူဆရပါတယ်။
ချစ်သူလေး ပြောတဲ့အထဲမှာ ထောင်ထဲမှာ လူဝတ်လဲခဲ့ရတဲ့ မစိုးရိမ်ဆရာတော် ဘုရားကြီးနဲ့ပတ်သတ်ပြီး ဘာကို သိချင်တယ်ဆိုတာ မပါလို့ ဦးဇင်း ဘာမှ မပြောတော့ပါဘူး။ မစိုးရိမ်ဆရာတော်ဦးကောဝိဒက အကျဉ်းချခံရပေမယ့် ပီနန်ဆရာတော်ကြီးကတော့ ပြည်ပမှာ ဖြစ်တဲ့အတွက် ထောင်အချမခံရပါဘူး။
ခေတ္တမော်စကို ပြောသလို ဦးဝိစိတ္တသာရလဲ မဟုတ်ပါ။ ဦးဝိစာရပါ။ (ခေတ္တမော်စကိုအနေနဲ့ မြန်မာ့လွတ်လပ် ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဆရာတော်ဦးဝိစာရကို မသိတာကတော့ ဦးဇင်း အတော်ဝမ်းနည်း မိပါတယ်။ ရန်ကုန်မှာ “ဦးဝိစာရလမ်း”ဆိုတာရှိတယ် မဟုတ်လား)။
ရဟူးသုံးတာ၊ ဂျီမေးလ်သုံးတာ၊ ဘလော့တွေမှာ နိုင်ငံရေးရေးတာတွေဟာ သာသနာရေးမဟုတ်ဘူး။ နိုင်ငံရေး လို့ မော်စကိုက ဆိုထားပါတယ်။ “နိုင်ငံရေး”ဆိုတာကို ဘယ်လို နားလည်ထားသလဲ။ လမ်းမှားကြီးပေါ် ရောက်နေတဲ့ နိုင်ငံကို လမ်းမှန်ပေါ်ရောက်စေချင်တဲ့ စေတနာကောင်းနဲ့ ရေးသမျှဟာ “မသင့်တော်တာ မရှိ”လို့ ဆိုပါရစေ။ စေတနာက အဓိကပဲ မဟုတ်ပါလား။ ရဟူး၊ ဂျီမေးလ်သုံးတာဟာ ဖုန်းလိုပဲ ကွန်မြူနီကေး ရှင်းပဲလို့ဆိုရင် ဖုန်းပြောတာကိုရော ဘယ်လိုပြောရတော့မလဲ။ နှစ်လုံးထီထိုး၊ ဘောလုံးပွဲလောင်းတာဟာ သာသနာရေးမဟုတ်တာကတော့ ဘယ်သူမှ မငြင်းပါဘူး။ ဒါပေမယ့် (အဲဒီအလုပ်တွေကို အားပေးတာ မဟုတ်ဘူးနော်) အမြင်ရှင်းအောင် ပြောချင်တာက အဲဒီအလုပ်တွေ လုပ်ရုံနဲ့ ဘုန်းကြီးအတု ဖြစ်မသွားဘူး ဆိုတာပါပဲ။
ထိပေသျှင့်ပြောတဲ့ထဲက “ဒီမိုကရေစီနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေ”ဆိုတာနဲ့ပတ်သတ်ပြီး “ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရကို ရှင်းအောင်လေ့လာပါလို့ပဲ ဆိုချင်ပါတယ်။ အဲဒီအတွက် ညွှန်းဆိုချင်တာက အော့ပို့စစ်အိုင်းမှာပဲ ရှိပါတယ်။ အထိုက်အလျောက် နားလည်ပါလိမ့်မယ်။ ဒီမိုကရေစီဆိုတာ န.အ.ဖ ပြောသလို မဟုတ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှု….စတာတွေရဲ့ အမည်ဖြစ်ပါတယ်။
တစ်ခု ထပ်ပြောချင်တာက “တရားမျှတမှု၊ လူ့အခွင့်အရေးပြည့်ဝမှု၊ သူရသတ္တိ”တို့အကြောင်း ပြောချင်ရင် ဥပမာတစ်ခု ပြောပြမယ်။ မြန်မာ့အလင်းသတင်းစာ၊ ကြေးမှုံသတင်းစာမှာ “အောင်ဆန်းစုကြည် ဘာလဲ၊ ဘယ်လဲ”ဆိုတဲ့ အခန်းဆက်ဆောင်းပါးမျိုးရေးသလို အတိုက်အခံတွေကိုလဲ စာစောင်တစ်ခုထုတ်ဝေခွင့်ပြုပြီး “သန်းရွှေ ဘာလဲ၊ သန်းရွှေဘယ်လဲ”လို့ ရေးသားခွင့်ပြုရဲပါသလား။ “မင်းကိုနိုင် သို့မဟုတ် ကြိုးမဲ့လေတံခွန်”ရေးသလို “မောင်အေး သို့မဟုတ် ညစ်ပတ်လေတံခွန်”လို့ ရေးခွင့်ပြုရဲပါသလား။ (ဒါတွေကို ဒို့ မေးခွန်းတွေနဲ့ မဆိုင်ဘူးလို့တော့ မဆိုလေနဲ့။ ရဟန်းတော်တွေ မေတ္တာပို့ လမ်းလျှောက်တာဟာ တရားမျှတမှု အတွက်ဆိုတာကို ပြောပြချင်လို့)။
ပခုက္ကူအဖြစ်အပျက်ကတော့ ဒကာလေးပြောတာဟာ န.အ.ဖ ပြောထားတဲ့ဇာတ်လမ်းပါ။ အဲဒီလောက်ပဲ ဆိုပါရစေ။ သမိုင်းကြောင်းဆိုတာ အချိန်တန်ရင် အမှန်အတိုင်းပေါ်လာတာပါပဲ။
“ရွှေတိဂုံဘုရားခြေရင်းမှာ မီးခိုးတလူလူ ၊ အော်ဟစ် ပြေးလွှား၊ ပြဿနာ ဖြစ်နေတာ အမြင်မတော်ပါဘုရား”တဲ့။ ဟုတ်တာပေါ့။ ဘယ်အမြင်တော်ပါ့မလဲ။ သံဃာတွေ ဒီလို မေတ္တာပို့နေတာ တစ်ပတ်ခန့်ရှိနေပြီ ဘာပြဿနာမှ မရှိပါဘူး။ (ပြည်သူတွေ တုန့်ပြန်ပုံကို အထက်မှာ ပြောခဲ့ပြီးဖြစ်တယ်)။ အဲဒီ ၂၆-ရက်နေ့ကျမှ အဲဒီမီးခိုးတလူလူ တွေ၊ အဲဒီ အော်ဟစ်ပြေးလွှားတာတွေ၊ အဲဒီ ရက်စက်မှုတွေ၊ အဲဒီရိုင်းစိုင်းမှုတွေ၊ အဲဒီ ယုတ်မာမှုတွေ၊ အဲဒီ ပက်စက်မှုတွေ၊ အဲဒီ သတ်ဖြတ်မှုတွေ၊ အဲဒီ အကျည်းတန်မှုတွေ၊ အဲဒီ လူမဆန်တာတွေ၊ အဲဒီ ကောက်ကျစ်မှုတွေ၊ အဲဒီ အမြင်မတော်တာတွေ ဖြစ်သွားခဲ့ရတာ။
သံဃာတော်တွေက စောင်းတန်းထဲမှာ။ အလယ်ပစ္စယံကရော၊ ကြေးသွန်းဘုရားလမ်းဆုံကရော၊ အခြားဘေး တွေမှာရော၊ စစ်သားတွေ ရဲတွေ ပိတ်ဆို့ထားတယ်။ သံဃာတွေက နေ့လည် ၁၂-ခွဲ၊ ၁-နာရီခန့်ရောက်တော့ နေ့စဉ်လုပ်နေကျအတိုင်း စောင်းတန်းထဲကနေ စတင်ထွက်ခွါခဲ့ကြတယ်။ ကြေးသွန်းဘုရားကြီးလမ်းဆုံမှာ နံပါတ်တုတ်တွေ၊ သေနတ်တွေကိုင်ထားတဲ့ လုံထိန်းတွေတန်းစီပြီး ရပ်နေကြတယ်။
သံဃာတန်းဘက်ကို ဒိုင်နာကားတွေ ဖင်ထိုးထားတယ်။ သံဃာတွေလဲ အနားရောက်လာရော “ဆက်မထွက်ဖို့ ပြောတယ်”။ သံဃာတွေကလဲ ဘာပြဿနာမှ မဖြစ်စေရဘူး။ ဦးဇင်းတို့ဟာ ပြည်သူတွေလွတ်လပ်ရေးအတွက် န.အ.ဖထံမှာ မေတ္တာပို့ တောင်းဆိုနေတာ။ အရင်နေ့တွေကလဲ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဆက်ထွက်ပါရစေ… ဆိုတော့..။ “ဦးဇင်းတို့ ကားပေါ်တက်ကြပါ”တဲ့။ အဲဒီအချိန်မှာ လူတွေက တော်တော်များနေပြီ။ ဒါပေမယ့် သံဃာတွေအနားကို ဘယ်သူမှ ကပ်လို့မရဘူး။ လုံထိန်းတွေက တားဆီးထားတယ်။ ဒါပေမယ့် တော်တော်လေး ထူးဆန်းတာတစ်ခုက “ဒိုင်နာကားကြီးတစ်စင်း အလယ်ပစ္စယံမှာ လာရပ်တယ်။ ပြီးတော့ အဲဒီထဲက လူတွေဆင်းလာပြီး သံဃာတွေရဲ့နောက်မှာ ၀င်ပြီး နေရာယူကြတယ်။ အမျိုးသားတွေချည်းပဲ။ အယောက်သုံးဆယ်လောက်ရှိတယ်။ (သူတို့ကို ဘယ်လုံထိန်းကမှ မတားကြဘူး)။ ဒီလူတွေဟာ န.အ.ဖရဲ့ လူတွေပါလို့ ဦးဇင်းပြောရင် လွန်မလား။ (စဉ်းစား)
လုံထိန်းတွေက နံပါတ်တုတ်တွေတရမ်းရမ်းနဲ့ တကယ်ပဲ ဖမ်းတော့မယ်ပုံစံလုပ်တော့ အချို့သံဃာငယ်တွေက လန့်ပြီး တစ်ဖက်က အုန်တံတိုင်းနံရံကို ကျော်ပြီး ပြေးကြတော့တယ်။ ပြေးနေတဲ့သံဃာတွေကို နောက်ကနေပြီး နံပါတ်တုတ်တွေနဲ့ လိုက်ရိုက်ပါတော့တယ်။ (သတင်းထောက်တစ်ယောက် မှတ်တမ်းတင်ထားတာ ကြည့်ပြီးဖြစ် လိမ့်မယ်လို့ ယူဆတယ်)။
အဲဒီအချိန်မှာ ဘေးကကြည့်နေတဲ့ ပြည်သူတွေရဲ့ ငိုသံတွေ၊ အော်ဟစ်ပြီး အကူအညီတောင်းတဲ့အသံတွေ ဦးဇင်းနားထဲက ခုထိ ထုတ်လို့မရဘူး။ “ဘုရား…ဘုရား… သံဃာတော်တွေကို ရိုက်ကုန်ပြီ..ဘုရာ့”ဆိုပြီး အရူးတစ်ပိုင်းနဲ့ အော်ဟစ်ငိုယိုနေတဲ့ပြည်သူတွေ။ ခု…စာရေးနေတဲ့အချိန်မှာတောင် ဦးဇင်းမှာ မျက်ရည်ကို ထိန်းလို့မရပါဘူး။ န.အ.ဖဟာ သူတို့ ဆင်းမပေးရသေးသရွေ့တော့ “သူတို့မှန်တယ်”ပြောနေမှာပဲ။ ဒါပေမယ့် ဦးဇင်း ပြောရဲတာတစ်ခုရှိတယ်။ “ဦးဇင်းတို့ မမှားခဲ့ဘူးဆိုတာ သမိုင်းက သက်သေပြပါလိမ့်မယ်”။
“ဒီအဖြစ်အပျက်ဟာ နိုင်ငံရေးမှာ သံဃာတော်တွေ ၀င်ပါလို့ ဖြစ်လာရတာလို့လဲ ယူဆမိပါတယ်ဘုရား”တဲ့။ ဒကာလေးပြောတာ ဘယ်လောက်တရားလွန်နေပြီလဲဆိုတာ ဦးဇင်းပြောပြတဲ့အဖြစ်အပျက်တွေက ပြောပြတဲ့ အလင်းနဲ့ ဒကာလေးဘ၀အမြင်တွေ အနည်းငယ်အလင်းရသွားလောက်ပြီလို့ ယူဆပါတယ်။
ဒကာလေးက ပြောတယ်။ “နိုင်ငံရေးအမြင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူး”တဲ့။ ဟုတ်ပါတယ်။ အမှားနဲ့အမှန်ဆိုတာလဲ ဘယ်တော့မှ ထပ်တူပြုလို့ မရပါဘူး။
အမြဲတမ်းမှန်ကန်နေတဲ့ နိုင်ငံရေးအယူအဆဆိုတာ မရှိဘူးလို့ ပြောလို့ရချင်ရမယ် “အမြဲတမ်းမှားနေတဲ့ နိုင်ငံရေးအယူအဆကြီးကိုတော့ မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတာ မတွေ့ချင်ဘူး”။ “ဒီအတွေးဟာ လောကတ္ထစရိယအတွေးဖြစ်သလို၊ ညာတတ္ထစရိယအတွေးလဲ ဖြစ်ပါတယ်”။
“သံဃာတော်များဟာ ဘယ်လောကီ အယူဝါဒ ၊ မည်သည့် နိုင်ငံရေး အယူအဆကိုမဆို အခြေခံ၍ မည်သည့် အဖွဲ့အစည်းဘက်ကမဆို လိုက်လံဆောင်ရွက်ပေးတော်မူခြင်းဟာ မသင့်တော် မမှန်ကန်ဘူးလို့ ထင်မြင်ယူဆ ပါတယ်ဘုရား”တဲ့။ ဘယ်အဖွဲ့အစည်းအတွက်မှ လိုက်လံဆောင်ရွက်ပေးနေတာ မဟုတ်ဘူး။ “ပြည်သူတွေ ကောင်းစားရေးအတွက် သင့်တော်တဲ့ လူ့လောင်သစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေးအတွက်ပဲ”။ အဲဒါက ဦးဇင်းတို့ အထူးပြောနေစရာမလိုဘူးလို့ ထင်ပါတယ်။
တော်တော်လေးကို ရှည်သွားပါပြီ။ ဦးဇင်း ဖြေချင်တာတွေက ဒီထက်အများကြီးရှိပါတယ်။ ဘုရားဟောဇာတ် နိပါတ်တွေထည့်ပြီး ဆွေးနွေးရင် ဒီထက်ကောင်းမွန်မှာဖြစ်ပေမယ့် စာရှည်လွန်းသွားမှာဖြစ်တာကြောင့် ဒီ လောက်နဲ့ပဲ နားပါရစေ။
မေးထားသမျှတွေကို အကုန်ပါဝင်အောင် ဖြေကြားထားပါတယ်။ တစ်ချို့ဟာတွေက တိုက်ရိုက်ဖြေထားတာ မဟုတ်ပေမယ့် ဆက်စပ်စဉ်းစားလို့ ဦးဇင်း ဘာပြောချင်တယ်ဆိုတာကို သဘောပေါက်ကြလိမ့်မယ်လို့ ယူဆပါ တယ်။ အောက်က ဘုရားဟောလေးက မှတ်သားစရာ ကောင်းလွန်းလို့ပါ။
“အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးနိုင်မည်ဟု မှတ်ထင်ရာ၏။ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ။ အကြောင်းမူကား သမုဒ္ဒရာသည် ကြီးကျယ်၍ ကြောက်မက်ဖွယ် ကောင်းလှသော ကြောင့်တည်း”
“ဥပါလိ ရဟန်းသည် နှုတ်အကျင့် မစင်ကြယ်မှု၊ စင်ကြယ်သော မပေါက်သော မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် မပြည့်စုံမူ ထိုရဟန်းအား “တိုက်တွန်းပါ၏။ အသျှင်သည် ရှေးဦးစွာ နှုတ်အကျင့်ကို ကျင့်ပါဦး”ဟု ပြောဆိုတတ်သူတို့ ရှိတတ်ကုန်၏”
“ဥပါလိ နောက်တစ်မျိုးကား သူတစ်ပါးကို စောဒနာလိုသော စောဒကရဟန်းသည် “ငါ့အား မေတ္တာစိတ် သည် ရှေးရှုတည်ပါ၏လော၊ သီတင်းသုံးဖော်တို့၌ အမျက်ကင်းပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု ဆင်ခြင်ရမည်”

မေတ္တာဖြင့်
ပြည်ချစ်ဘုန်းဘုန်း

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails