Saturday, October 11, 2008

ကျွဲအနားသို့ စောင်းထပ်တီးခြင်း

နိဒါန်း
စာတမ်းလေး ဆုံးအောင်ရေးဖို့ စိတ်ကူးရုံရှိသေး မပြောမဖြစ်လို့၊ မရေးမဖြစ်လို့ ရေးလိုက်ရတယ်။ အခြားအကြောင်းဟုတ်ရိုးလား။ တက္ကသိုလ်အကြောင်းပေါ့။ တက္ကသိုလ်ကလဲ အခြားတက္ကသိုလ်မဟုတ်ဘူး။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)။ ပြည်ချစ်ဘုန်းဘုန်းရေးခဲ့တာတွေ၊ ဓမ္မ၀ိညာဏ်ရေးခဲ့တာတွေ ဖတ်ရတယ်။ သဘောကျလိုက်သည့်ဖြစ်ခြင်း။ ဘာကြောင့်သဘောကျသလဲ။

စာရေးသူဟာလဲ တက္ကသိုလ်ထွက်ပဲ။ အင်း…မဟုတ်ဘူး။ တက္ကသိုလ်ပြုတ်ဆိုရင် ပိုမှန်လိမ့်မယ်။ အထဲမှာ နေစဉ်ကလဲ ဆူးဆိုတဲ့ ကလောင်နဲ့ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။ တစ်ပုဒ်က `အပြောင်းအလဲများနှင့်ဆန်းသစ်ခြင်း´။ နောက်တစ်ပုဒ်က `တောင်တန်းပြာမှ အမှတ်တရအတွေးများ´။ ဆိုလိုတာက စာရေးသူဟာ သာသနာ့တက္ကသိုလ်ကို ရိုးရိုးသားသား ချစ်ခဲ့တယ်။ သံယောဇဉ်တွယ်ခဲ့တယ်။ ဒီချစ်စိတ်နဲ့ဒီသံယောဇဉ်တွေ ပေါင်းစပ်ပြီး အဲဒီဆောင်းပါးတွေကို ရေးခဲ့တာ။ စာရေးသူ ဒါတွေကို ဘာကြောင့်ပြောနေရလဲဆိုတာ ရှေ့နောက်ဆက်စပ်ကြည့်ရင် သိလိမ့်မယ်။

အခု အသံတွေ ကြားနေရတယ်။ `အာ..ဒီကိုယ်တော်တွေက ရေးမှာပေါ့။တက္ကသိုလ်မကောင်းကြောင်းရေးမှာပေါ့။ စက်တင်ဘာမှာ မဟုတ်တာ လုပ်လို့ တက္ကသိုလ်ကလဲ ထွက်ခဲ့ရသေးတယ်။ ဘာဘွဲ့မှလဲ မရခဲ့ဘူး။ ဒီတော့ မစားရတဲ့အမဲ သဲနဲ့ပတ်တာ ဘာဆန်းလဲ´။ ဒီလိုဒီလို အသံလေးတွေ ကြားရတယ်။ လာရာလမ်း၊ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီးဆိုတဲ့ ဆောင်းပါးရေးတဲ့ ပြည်ချစ်ဘုန်းဘုန်းနဲ့ ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ စက်တင်ဘာ ကိုယ်တွေ့အဖြစ်အပျက်များဆိုပြီး အခန်းဆက်ဆောင်းပါးရေးခဲ့တဲ့ ဓမ္မ၀ိညာဏ် (ပြည်တွင်းMSMA)တို့ကို ဝေဖန်နေကြတာပါ။ ဤသို့ဤပုံဤနှယ်ကြောင့် ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါ၏။

စာကိုယ်
ဆိုတော့ ဒီအသံတွေက စာရေးသူကိုလဲ တိုက်ရိုက်ထိလာတယ်။ စာရေးသူဟာလဲ တက္ကသိုလ်ထွက်မို့ အဆိုပါ စာရေးသူတွေ ရေးတဲ့ဆောင်းပါးကို ကြိုက်တယ်၊ ထောက်ခံတယ်။ ဘာကြောင့်ထောက်ခံတာလဲ `မယုံမရှိနဲ့ ကိုယ်တွေ့လေ´။ ဝေဖန်သူတွေကို ပြောလိုက်ချင်တာက လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီး ဆောင်းပါးနဲ့ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ စက်တင်ဘာကိုယ်တွေ့အဖြစ်အပျက်များဆောင်းပါးတွေကို အသေအချာဖတ်ပါရဲ့လား။

အဲဒီဆောင်းပါးတွေကို တက္ကသိုလ်ကောင်းကြောင်းရေးတာလား၊ မကောင်းကြောင်းရေးတာလားဆိုတာတောင် မခွဲခြားတတ်ဘူးလား။ အဲဒီလောက်လေးတောင် စာကို မဖတ်တတ်ဘဲနဲ့ သူတကာကို ဝေဖန်တယ်ဆိုတော့ ကိုယ့်ခေါင်းထဲကို ပြန်ပြီးကြည့်လိုက်အုံး။ ဆောင်းပါးတွေဖတ်ပြီးတာနဲ့ သူတို့ ဘာကိုပြောချင်တာလဲဆိုတာ ရှင်းနေတာပဲ။

ပြည်ချစ်ဘုန်းဘုန်းရဲ့ ဆောင်းပါး ပထမပိုင်းမှာ ပြောသွားတာက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကောင်းကြောင်း၊ ကမ္ဘာ့သာသနာပြုလုပ်ငန်းအတွက် တိုက်ရိုက်အထောက်အကူမပြုပေမယ့် ပြည်တွင်းသာသနာပြုလုပ်ငန်းအတွက်တော့ များစွာအကျိုးကျေးဇူးရှိကြောင်း တင်ပြထားတယ်။ ပြီးတော့ အပြင်စာသင်တိုက်တွေနဲ့ တက္ကသိုလ်နဲ့ စာသင်ကြားမှုပိုင်းမှာ ကွာဟမှုလေးတွေကို ပြောသွားတယ်။ နောက်ပိုင်း တင်ပြသွားတဲ့ အကြောင်းအရာတွေထဲမှာလဲ `တက္ကသိုလ်ဟာ ဘာမှ မဟုတ်ပါဘူး။ ဘာအရည်အချင်းမှ မရှိပါဘူး။ စာသင်ကြားတာကလဲ ဘာအဆင့်အတန်းမှ မရှိဘူး´။ အဲဒီလို ဆိုလိုတဲ့ စကားလုံးလေးများ ပါဝင်သလား။

ဟုတ်တယ်။ ပြောစရာရှိတာက ` ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလဲ အများကြီး´ဆိုတဲ့ စကားပဲ။ ဒါပေမယ့် စာဖတ်တယ်ဆိုတာ တစ်နေရာတည်းကွက်ပြီး ဖတ်၊ ပြီး အဓိပ္ပါယ်ကို လိုသလိုကောက်။ အဲဒီလို လုပ်လို့ ရရိုးလား။ အင်း…ရတယ်ဆိုရင်တော့လဲ ဒီကျွဲ အတော်မည်းတယ်လို့ပဲ ဆိုပါရစေ။ ဒီတော့ နောက်ဆက်ဖတ်လိုက်ရင် တွေ့မယ်လေ။ `ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလဲ ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလဲ အများကြီး ရှိပါတယ်´လို့ ဆိုထားတယ် မဟုတ်လား။ စာရေးသူလဲ သိတာပေါ့။ တက္ကသိုလ်မှာ (၆)နှစ်ကြီးများတောင် နေခဲ့ရတာ။

ကဲ…ပြည်ချစ်ဘုန်းဘုန်း တင်ပြချင်တဲ့ မိန်းပွိုင့်က ဘာလဲ။ တက္ကသိုလ်က ကောင်းတယ်။ ဒါပေမယ့် တက္ကသိုလ်ကို ခုတုံးလုပ်ပြီး နေရာမြဲရေးနဲ့ လာဘ်လာဘပေါများရေးကို ရှေ့တန်းတင်နေတဲ့ မော်ကွန်းထိန်းနဲ့အချို့ဆရာများက တက္ကသိုလ်ရဲ့ သို့မဟုတ် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ကောင်းမွန်တဲ့ မြင့်မြတ်တဲ့ အစဉ်အလာကောင်းတွေ၊ imageတွေကို ဖျက်ဆီးနေတယ်။ ဒီလို မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်ကြီးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဆိုပါ န.အ.ဖအလိုတော်ရိ၊ စွမ်းအားရှင်ဘုန်းကြီးတွေကို အားလုံးစုပေါင်းပြီး တိုက်ထုတ်ကြပါ။ ဒါမှသာ အစဉ်အလာကောင်းခဲ့တဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးဟာ စည်ပင်တိုးတက်လာပါလိမ့်မယ်။ ချုပ်လိုက်ရင် ဒါပဲ။

နောက် ဓမ္မ၀ိညာဏ်ရေးခဲ့တာတွေကို ပြန်ကြည့်ရအောင်။ ဆောင်းပါးရဲ့ အဓိကဆိုလိုရင်းကတော့ စက်တင်ဘာမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ပြည်လည်တင်ပြထားတာပါ။ ဒီအထဲမှာမှ အာဇာနည်စိတ်ဓာတ်ရှိသူနဲ့ ထက်ဖားအောက်ဖိ ၀ိသမလောဘသမားများကို ထင်ဟပ်ပြသွားတာပါပဲ။ ဒါက ဓမ္မ၀ိညာဏ်ထုတ်ပြတဲ့ သမိုင်းမဟုတ်ဘူးဆိုတာ သင် မှတ်သားဖို့ လိုပါလိမ့်မယ်။
ဟုတ်တယ်။ သမိုင်းဆိုတာ သူများကနေ တင်ပေးတာ မဟုတ်ဘူး။ ကိုယ့်ဟာကို တည်ဆောက်ရတာ။ ကိုယ်တည်ဆောက်ထားတဲ့ သမိုင်းကို နောက်လူတွေက ကိုယ်တင်ခဲ့တဲ့အတိုင်း ရေးကြမယ်၊ ပြောကြမယ်။ ဒါပဲ။ ဒါလေးကို သဘောပေါက်စေချင်တယ်။

နိဂုံး
ဒီလို ရေးခဲ့တာကိုများ တက္ကသိုလ်အကြောင်း မကောင်းရေးတယ်။ မစားရတဲ့အမဲသဲနဲ့ပက်တယ်လို့ သင်ဆိုနေသလား။ တကယ်တော့ သူတို့ဟာ မစားရတဲ့အမဲကို သဲနဲ့ပက်နေကြတာ မဟုတ်ပါဘူး။ ခွေးဆွဲခံနေရတဲ့ အမဲအတွက် ၀မ်းနည်နေကြတာပါ။ မင်းကွန်းဆရာတော်ဘုရားကြီးတည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးဟာ အခုတော့ ခွေးပါးစပ်မှာ လှန်လိုလှန်၊ မှောက်လိုမှောက်၊ စိတ်ရှိလက်ရှိ။ ဒီအတွက် ၀မ်းနည်းနေကြတာပါ။

သင့်ခေါင်းထဲမှာ ဘာတွေ ၀င်ရောက်နေပြီလဲ။ သင့် နှလုံးသားမှာ ဘာအမည်းရိပ်တွေ စွန်းထင်းနေပြီလဲ။ ဒီလောက်နဲ့မှ နားမလည်သေးဘူးဆိုရင်တော့ `ဒီကျွဲက တော်တော်မည်းတယ်လို့ နှစ်ခါထပ်ပြောလိုက်ပါမယ်´။ ဒီလောက်နဲ့ သင့်မှာ အသိတရားတွေ မရနိုင်သေးဘူးဆိုရင်တော့ ဒီကျွဲအနား နောက်တစ်ခါ စောင်းသွားတီးအုံးမယ်။

ဆူး

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails