Thursday, October 2, 2008

ဗိုလ် သို့မဟုတ် မြင့်မြတ်သော အနိုင်ယူခြင်း

ဗိုလ်ဆိုတဲ့စကားက လောကမှာ အတော်အပြောများတဲ့စကားပါ။ ဗိုလ်ဆိုတဲ့စကားလုံးကို ပါးစပ်က ပြောနေရင်တောင် လက်မက အလိုလို ထောင်မိသွားတတ်တယ်။ “ဒို့ရပ်ကွက်မှာ ဒီကောင် ကတော့ ဗိုလ်ပဲ”။ “ဒို့ ကျောင်းမှာ……ဒို့အတန်းမှာ သူကတော့ ဗိုလ်ပဲ”။ နေရာတိုင်းမှာ ဗိုလ်တွေ ရှိကြပါတယ်။ တစ်နေရာရာမှာ ထိပ်တန်းက ပါဝင်နေသူတွေ၊ သူများတွေထက် ပိုပြီးစွမ်းဆောင်နေတဲ့၊ စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဗိုလ်လို့ ခေါ်တာပါပဲ။ လောကက သမုတ်လိုက်ကြတာပါပဲ။
လောကမှာ လုပ်တိုင်း မဖြစ်လို့သာရယ်။ လူတိုင်းကတော့ ဗိုလ်ဖြစ်ချင်ကြတာပဲ။ ဒါဟာ လူတွေရဲ့ ဗီဇ စိတ်ပဲ။ အိမ်မှာ ဗိုလ်လုပ်ချင်တယ်။ ကျောင်းမှာ ဗိုလ်လုပ်ချင်တယ်။ ရပ်ကွက်ထဲမှာ ဗိုလ်လုပ်ချင်တယ်။ မြို့မှာ.. တိုင်းမှာ..ပြည်နယ်မှာ…နိုင်ငံမှာ…ကမ္ဘာမှာ…ဗိုလ်လုပ်ချင်ကြတာပဲ။ ကိုယ် လက်လှမ်းမီသလောက်၊ ကိုယ့်အစွမ်း ရှိသလောက်အတိုင်းအတာနဲ့ ဗိုလ်လုပ်ချင်ကြတာပဲ။ ဒီလောက် သည်းခြေကိုက်ဖြစ်နေရအောင် ဗိုလ်ဆိုတာ ဘာလဲ။
ဗိုလ်ဆိုတာ အမှန်တော့ ပါဠိသက် မြန်မာစကားပါ။ “ဗလ”ဆိုတဲ့ ပါဠိစကားကနေ ဗိုလ်လို့ ဖြစ်လာတာ။ အဓိပ္ပါယ်ကတော့ လိုရင်းဆိုရရင် “အား” သို့မဟုတ် “အစွမ်း”ပါပဲ။ ဗုဒ္ဓစာပေမှာတော့ ဗိုလ်နဲ့ပတ်သက်ပြီး စာရေးသူ လက်လှမ်းမီသလောက် နှစ်မျိုးတွေ့ရပါတယ်။ အဘိဓမ္မာမှာက ဗိုလ် (၅)ပါး။ သုတ္တန်မှာက ဗိုလ် (၇)ပါးလို့ ပြပါတယ်။ အဘိဓမ္မာက ပြတဲ့ ဗိုလ်(၅)ပါးက သဒ္ဓါဗိုလ်၊ ၀ီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်တို့ ဖြစ်ပါတယ်။ သုတ္တန်က အဆိုပါ (၅)ပါးမှာ ဟိရိဗိုလ်နဲ့ သြတ္တပ္ပဗိုလ်နှစ်ပါးပေါင်းထည့်ပြီး (ရ)ပါးလို့ ပြပါတယ်။ မြတ်ဗုဒ္ဓလမ်းညွှန်တော်မူခဲ့တဲ့ ဗိုလ်ဖြစ်ကြောင်းတရားများလို့ ပြောရင်လဲ ရပါလိမ့်မယ်။

ချားလ်စ်ဒါဝင်က ပြောတယ်။ “might is right” “အားကြီးသူက အနိုင်ရစမြဲပဲ”တဲ့။ မှန်ပါတယ်။ ဗိုလ်ဆိုတာ “အား”ပဲ မဟုတ်လား။ ဒီဗိုလ် (၇)ပါး အားအစွမ်းနဲ့ ပြည့်စုံရင် လောကီဘ၀တိုက်ပွဲမှာ အောင်မြင်စွာ အနိုင်ရချင်သလား၊ လောကုတ္တရာဘ၀လွတ်မြောက်ရေးတိုက်ပွဲမှာ အနိုင်ရချင်သလား။ တိုက်ပွဲအားလုံးအတွက် အားအစွမ်းက အခရာကျနေပါလိမ့်မယ်။ ဒီ “အားအစွမ်း”နဲ့ အနိုင်ယူတာဟာ သန့်လဲ သန့်ရှင်းသလို ဖြူလဲ ဖြူစင်ပါတယ်။ မြင့်လဲ မြင့်မြတ်ပါတယ်။ ဒါကလဲ ဖော်ပြပါ ဗိုလ်(၇)ပါး အားအစွမ်းနဲ့ အနိုင်ယူမှသာ ဖြစ်နိုင်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့အောင်ပွဲလို့ ခေါ်နိုင်မှာဖြစ်သလို တည်ငြိမ်အေးချမ်းတဲ့ဘ၀ကို တည်ဆောက်ပြီးသား ဖြစ်မှာပါ။ တကယ့်ဗိုလ်အစစ် ဖြစ်နိုင်မှာပါ။
အားကြီးသူသာ အနိုင်ရစတမ်း၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ လက်နက်အား၊ ငွေအား၊ အာဏာအားတွေနဲ့ ပတ်ဝန်းကျင်မှာ ဗိုလ်ကျစိုးမိုးနေရင်တော့ သူ့ကို ဗိုလ်အတုလို့ ခေါ်ရမှာ ဖြစ်သလို သန့်စင်မှု၊ မြင့်မြတ်မှုဆိုတာလဲ ဝေးပါပြီ။ ဒါဆိုရင် ဘယ်လောက်ပဲ ဗိုလ်လို့ အမည်တပ် အခေါ်ခံနေရပါစေ တည်ငြိမ်အေးချမ်းတဲ့ဘ၀ကို သူ ရတော့မှာ မဟုတ်ပါဘူး။
လက်နက်အား၊ ငွေအားစသည်နဲ့ ဗိုလ်ကျခဲ့သူတွေဟာ ဘယ်သောအခါမှ သမိုင်းမလှခဲ့ကြဘူး။ ရိုးသားမှု၊ မြင့်မြတ်စိတ်ထားနဲ့ တည်ဆောက်ရယူခဲ့တဲ့ ဗိုလ်လုပ်ခြင်း၊ အနိုင်ယူခြင်းကသာ ဗိုလ်အစစ် အမှန် ဖြစ်နိုင်ပါလိမ့်မယ်။
တစ်နည်းပြောရရင် ဗိုလ်ဖြစ်တယ်ဆိုတာ အောင်မြင်မှုရတာပါပဲ။ “အောင်မြင်မှုဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံကြီးချဲ့ပြတဲ့ မှန်ဘီလူးဖြစ်တယ်”လို့ ဆိုတဲ့စကားတစ်ခု ရှိပါတယ်။ မှန်ပါတယ်။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင် ဘယ်လောက်အောင် မြင်မှုရှိလဲ ဆိုတာကို ကြည့်တတ်ကြတယ်။ အောင်မြင်မှုဆိုတဲ့ မှန်ဘီလူးနဲ့ ကြည့်ကြတယ်။ အကဲခတ် ကြတယ်။ အဲဒိလို ကြည့်လိုက်တဲ့အခါမှာ အောင်မြင်မှု သို့မဟုတ် ဗိုလ်ဖြစ်နေမှုရဲ့ နောက်ကွယ်က ဘယ်လိုအောင်မြင်လာသလဲ၊ ဘယ်လို အောင်မြင်နေ သလဲ (ဘယ်လို ဗိုလ်ဖြစ်လာသလဲ) ဆိုတာကို လဲ မြင်သွားကြရပါတယ်။ အောင်မြင်မှုရနေပေမယ့် (ဗိုလ်ဖြစ်နေပေမယ့်) အောင်မြင်ရခြင်းရဲ့ အကြောင်းက ရိုးသားမှုမရှိရင်၊ မျှတမှုမရှိရင် အောင်မြင်မှုဆိုတာလဲ တန်ဖိုးမရှိတော့ပါဘူး။
ဒီ ဗိုလ် (၇)ပါးကို လေ့လာဖြည့်ဆည်းမှသာလျှင် စစ်မှန်တဲ့၊ တည်ငြိမ်တဲ့၊ မျှတတဲ့ စွမ်းအားရှင် ဗိုလ်အစစ်ဖြစ်နိုင်ပါတယ်။ ပထမအချက်က သဒ္ဓါဆိုတဲ့ ယုံကြည်မှုပါပဲ။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ယုံကြည်မှုမရှိရင် ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ယုံကြည်မှုရှိဖို့ဆိုတာ နေရာတိုင်း၊ နယ်ပယ်တိုင်းအတွက် အရမ်းကို လိုအပ်ပါတယ်။ ဘောလုံးပွဲတွေမှာ ခြေစွမ်းအရ၊ အစဉ်အလာအရ နိမ့်ကျပေမယ့် နိုင်ကိုနိုင်ရ မယ်ဆိုတဲ့ ယုံကြည်မှုရှိထားတဲ့ အသင်းဟာ တည်ငြိမ်မှု ရှိလာပါတယ်။ တည်ငြိမ်မှုရှိလာတော့ အောင်ပွဲက နီးစပ်လာပါတယ်။ ရန်သူနဲ့ ထိပ်တိုက်တွေ့ပြီဟေ့ဆိုရင် တည်ငြိမ်မှုက တစ်ဖက်သား အတွက် အဟန့်ဖြစ်စေပါတယ်။
ယုံကြည်မှုရဲ့ဆန့်ကျင်ဘက်က တွေဝေမှု၊ သံသယပါပဲ။ ဖြစ်နိုင်ပါ့မလာဆိုတဲ့ တွေဝေမှုဟာ အောင်မြင်မှုဆီ လျှောက်လှမ်းရာမှာ ခလုတ်ကန်သင်းဖြစ်ပါတယ်။ “ကျွန်မအတွက်တော့ စိတ်ထဲမှာ (doubt) မသိုးမသန့် ဖြစ်နေရင် ဘာမှမလုပ်နဲ့ (don’t) ပဲ။ စိတ်ထဲမှာ ဝေခွဲမရနဲ့ သံသယတွေများ နေရင် သံသယတွေ မပျောက်မချင်း ဘာကိုမှ မလုပ်နဲ့တော့ပဲ”ဆိုတဲ့ အော်ပရာဝင်းဖရီးရဲ့စကားကလဲ မှတ်သားစရာပါ။ ယုံကြည်မှုရှိရင် ယုံကြည်မှု တွေအားကောင်းလာရင် အလုပ်လုပ်ရတာ လန်းဆန်း လာတယ်။ အားပြည့်လာတယ်။ ယုံကြည်မှုတွေနဲ့သာ အားထုတ်ရင် ဗိုလ်ဖြစ်ဖို့ တစ်ချက်ပြည့်စုံသွားပြီ ဆိုရပါမယ်။ ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရှိနေပြီဆိုရင် ယာယီကျရှုံးမှုတွေနဲ့ ကြုံနေရင်တောင် ဘယ်တော့မှ စိတ်ဓာတ်မကျတော့ဘူး။
နောက်တစ်ချက်က ၀ီရိယ။ အဓိပ္ပါယ်ကတော့ အားထုတ်ခြင်းပါပဲ။ အားထုတ်တယ်ဆိုတာ ရဲ့ရင့်သူတွေ၊ အောင်မြင်သူတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ ပျော့ညံ့သူ၊ ပျင်းရိသူတွေမှာ အားထုတ်မှု မရှိပါဘူး။ ဗိုလ်ဖြစ် ချင်ရင်တော့ “အားထုတ်မှု”ဟာ မဖြစ်မနေ ရှိကိုရှိရမယ်။ ထိုင်နေလို့တော့ ဘာမှဖြစ် မလာဘူး။ တစ်ချို့က ဗိုလ်လုပ်ချင်တယ်။ ဒါပေမယ့် အလုပ်တော့ မလုပ်ချင်ဘူး။ အားထုတ်မှုတစ်ခုမှ မပါဘဲ ဗိုလ်ဖြစ်ချင်နေရင်တော့ ဒါဟာ တကယ့်ကို မမျှတတဲ့ ဆန္ဒပါပဲ။
နောက်တစ်ခုက သတိ။ ဗိုလ်ဖြစ်ချင်သူတွေအတွက် အရေးကြီးတဲ့ အချက်ပါပဲ။ ဟုတ်ပါပြီ။ ဗိုလ်လုပ် ချင်တယ်။ ဘာကြောင့် ဗိုလ်လုပ်ချင်တာလဲ။ ဗိုလ်ဖြစ်အောင်အားထုတ်နေတဲ့ငါဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အနေအထားမျိုးရှိရဲ့လား။ ways and means တွေက မှန်ရဲ့လား။ သဘာဝကျရဲ့လား။ ဒါတွေကို အမြဲတမ်း ကြည့်ရှု သုံးသပ်မှုမျိုးရှိနေရမယ်။ ယုံကြည်မှုနဲ့အားထုတ်မှုတော့ ရှိပါရဲ့။ အခြေအနေတွေကို လေ့လာစောင့်ကြည့်မှု မရှိရင်၊ အမှတ်တမဲ့တွေ လုပ်မိရင် သင် ဗိုလ်ဖြစ်ဖို့ မလွယ်ပါဘူး။
ဗိုလ်ဖြစ်ချင်သူတွေ သိရမယ့်နောက်တစ်ချက်က သမာဓိ။ ဗိုလ်ဖြစ်ချင်ရင် ဗိုလ်ဖြစ်ကြောင်း နည်းလမ်းတွေကို စိုက်လိုက်မတ်မတ် လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေပေါ်မှာပဲ တိုးတက် သထက် တိုးတက်အောင် ဖြည့်ဆည်းသွားဖို့ လိုပါတယ်။ ဟိုနည်းပြောင်းလိုက်၊ ဒီနည်းပြောင်းလိုက်နဲ့ အချိန်ရှိသမျှ မတည်မငြိမ်ရွေ့လျားနေရင်တော့ ပန်းတိုင်ရောက်ဖို့ သိပ်ဝေးနေပါအုံးမယ်။
အရေးကြီးတဲ့နောက်တစ်ချက်က ပညာဖြစ်ပါတယ်။ သိပ်ကို အခရာကျပါတယ်။ ဒီအချက် အားလုံးကို မီးခလုတ်တွေနဲ့ တင်စားရရင် ပညာဟာ မိန်း(main) ခလုတ်ပါ။ ခလုတ်အားလုံးကို ပညာဆိုတဲ့ မိန်းကနေ ထိန်းချုပ်ထားတာ။ မိန်းချထားရင်တော့ အားလုံးဟာ ဘာမှ လုပ်လို့ ရမှာ မဟုတ်တော့ဘူ။ ပညာက ways and means တွေကို ဖန်ဆင်းပေးတာပဲ။ ပညာကောင်းရင် ကောင်း သလောက် နည်းစနစ် မှန်ပြီး အင်အားပိုရှိပါလိမ့်မယ်။
အထက်ပါအချက် (၅)ချက်ကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပြီးရင် သူဟာ ဗိုလ်ဖြစ်ပါပြီ။ စည်းကမ်းရှိတဲ့ဗိုလ်၊ သမာသမတ်ကျတဲ့ ဗိုလ်ဖြစ်ပါပြီ။ တရားမျှတတဲ့ ဗိုလ်ဖြစ်ပါပြီ။ ဒါပေမယ့် သုတ္တန်က နောက်ထပ် နှစ်ပါးထပ်တိုးထားတယ်။ အဲဒါက ဟိရီနဲ့ သြတ္တပ္ပ။ အဘိဓမ္မာကပြတဲ့ ဗိုလ်ငါးပါး ပြည့်စုံရင် ဟိရီနဲ့ သြတ္တပ္ပက ကျွဲကူးရေပါဆိုသလို ပါလာမှာပါပဲ။ ဒါပေမယ့် လူအမျိုးမျိုးလိုက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်အောင် ထပ်ဖြည့်လိုက်တဲ့သဘောပါပဲ။
“ဟိရိ”ဆိုတာက အရှက်တရား။ မဟုတ်တာ၊ မတရားတာကို လုပ်ရမှာ ရှက်တဲ့စိတ်ကို ဆိုလိုတာပါ။ “သြတ္တပ္ပ”ဆိုတာက အကြောက်တရား။ မဟုတ်မတရားတာ၊ မမျှတတာကို လုပ်ရမှာ ကြောက်တဲ့စိတ်ကို ဆိုလိုပါတယ်။ အင်မတန်မှ အရေးကြီးပါတယ်။ အရှက်အကြောက်တရားဆိုတာ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ လုပ်ရဲရတယ်။ ရှက်သင့်တဲ့နေရာတွေမှာ ရှက်တတ်တဲ့စိတ်ရှိရတယ်။ မလုပ်သင့်တဲ့အရာတွေကို မလုပ်ရဲတဲ့စိတ်၊ ကြောက်တဲ့စိတ်ရှိရတယ်။ ဗိုလ်လို့အမည်ခံပြီး အရှက် အကြောက်တရားမရှိရင် ဘယ်သူကမျှ လေးစားမှာ မဟုတ်ပါဘူး။ ဗိုလ်အစစ်ဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။ အမည်ခံဗိုလ်၊ ဗိုလ်အတုသာ ဖြစ်ပါလိမ့်မယ်။ အော့ကြော လန်ဗိုလ်သာ ဖြစ်ပါလိမ့်မယ်။ အများရဲ့ တံတွေးခွက်ထဲမှာ ပေါလောမျောနေတဲ့ ဗိုလ်သာ ဖြစ်ပါလိမ့်မယ်။
ဆိုတော့…………….။ “ဗိုလ်”ဆိုတာကို ကောက်ချက်ချကြည့်ရရင် လက်နက်အားကိုးနဲ့ မိုက်ရူးရဲဆန် ဆန် အနိုင်ကျင့်၊ နှိပ်စက်၊ ထင်ရာကြဲရမ်းကားနေသူတွေဟာ ဗိုလ်မဟုတ်ဘူး။ “ဗိုလ်” ဆိုတာ ယုံကြည်မှုအား၊ ကြိုးစားမှုအား၊ နိုးကြားမှုအား၊ တည်ကြည်မှုအား၊ ချင့်ချိန်နိုင်မှု အားတွေနဲ့ အရှက်အကြောက်တရားတွေရဲ့ အမည်နာမသာ ဖြစ်ကြောင်း မှတ်သားမိပါတယ်။
“ယခုအချိန်တွင်မူ မြန်မာနိုင်ငံ၌ မြင်မြတ်သူများကို များစွာ လိုအပ်လျှက်ရှိ၏။ နိုင်ငံတော် အတွက်နှင့် နိုင်ငံသူနိုင်ငံသားများအတွက်…….အနစ်နာခံနိုင်သူများကို ဤမြန်မာနိုင်ငံ၌ အလုအယက် ပေါ်ထွက်စေချင်ပါ၏”လို့ ဆရာကြီးဦးရွှေအောင်က အားမလိုအားမရ တမ်းတသွားခဲ့ဖူးပါတယ်။
စာရေးသူကလဲ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ဗိုလ်အစစ်ဗိုလ်အမှန်လေးများ ပေါ်ထွက်လို ပေါ်ထွက်ငြား ဒီဆောင်းပါးကို ရေးပါတယ်။
ပြည်ချစ်ဘုန်းဘုန်း
10, 06, 2008

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails