Sunday, September 28, 2008

ကံဆိုးမိုးမှောင်ကျခြင်း၊ တာဝန်မဲ့ခြင်း၊ စိတ္တဇနေ့ရက်များနှင့်ကျွန်တော်

ကံဆိုးမိုးမှောင်ကျခြင်း
ခုတော့လဲ ကမ္ဘာကြီးက သူမဟုတ်တော့သလို။ ငြိမ်သက်လို့။ ငြိမ်သက်မှုမှာ ကျွန်တော် အကြိမ်ကြိမ် အရသာခံခဲ့ဖူးပါတယ်။ ငြိမ်သက်မှုမှာ ကျွန်တော့်စိတ်တွေ အကြိမ်ကြိမ် အေးချမ်းခဲ့ဖူး ပါတယ်။ ငြိမ်သက်မှုကို ကျွန်တော် အကြိမ်ကြိမ် တမ်းတမက်မောခဲ့ဖူးပါတယ်။ ခုတော့……..
ငြိမ်သက်နေတဲ့ ကမ္ဘာကြီးရဲ့ တစ်နံတစ်လျား ရပ်ဝန်းလေးတစ်ခုဟာ ခြောက်ခြားဖွယ်။ သုသာန်တစပြင်လို သွေးပျက်ဖွယ်။ အဖေ ဘယ်ရောက်သွားပြီလဲ၊ အမေ ဘယ်ရောက်သွားသလဲ။ ကျွန်တော့်အချစ်ဆုံး ညီမလေးကော ဘယ်ရောက်သွားခဲ့ပြီလဲ။ ပြီးတော့ ကျွန်တော့်သူငယ်ချင်း များစွာ…. များစွာ……များစွာ။ ဘယ်များရောက်ကုန်ကြပြီလဲ။ ခု…ကျွန်တော် မြင်နေရတဲ့ ရှုခင်းတွေက တကယ်လား၊ အစစ်အမှန်ဟုတ်ရဲ့လား။ ကျွန်တော် အိပ်မက်,မက်နေတာများဖြစ်မလား။ တွေးရင်း တွေးရင်း ကျွန်တော့်စိတ်တွေ ခြောက်ခြားလာတယ်။ ဘာရယ်မှန်း စဉ်းစားလို့ မရတော့။ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်တယ်။


ကျွန်တော်တို့ရွာမှာ မနေ့ကတဲက လေအတော်တိုက်တယ်။ လေက တဖြည်းဖြည်းနဲ့ ကြမ်း ကြမ်းလာတယ်။ “လေတွေအရမ်းတိုက်နေတယ်၊ မီးဘေးအန္တရာယ်ကြောင့် မီးဖိုက မီးတွေ ငြိမ်းသက် ကြဖို့” ရွာထဲမှာ လူကြီးတွေ လိုက်လံပြောနေကြတာတွေ့ရတယ်။
နေ့ခင်းက လယ်တောမှာ အလုပ်များခဲ့ကြတော့ ကျွန်တော်တို့ရွာက ည ၉-နာရီဆို အိပ်နေ ကြပြီ။ မှတ်မှတ်ရရ မနေ့က ကျွန်တော်က ဘကြီးဖိုးဆောင်တို့အိမ်က လယ်တောမှာ အလုပ်လုပ်ကူ ရတယ်။ အရမ်းပင်ပန်းတော့ ၉-နာရီတောင် မရှိသေးဘူး။ အိပ်ငိုက်နေပြီ။ ဒါပေမယ့် ရွာမှာ လေက အရမ်းတိုက်နေတာနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ၈-နာရီလောက်က ညီမလေးရယ်၊ သူ့ခင်ပွန်းရယ်၊ ၅-နှစ်အရွယ် ကျွန်တော့်တူလေး သန်းထိုက်ရယ်၊ ကျွန်တော်တို့အိမ်ကို ရောက်လာကြတယ်။ သူတို့ အိမ်က ရွာအစွန်မှာ၊ အိမ်ကလဲသေးသေးလေး။ “လေက အရမ်းတိုက်တာ အစ်ကိုရဲ့၊ ညီမတို့အိပ်လို့ မရဘူး၊ ခေါင်မိုးတွေလဲ လန်နေပြီ၊ အဲဒါ ဒီည ဒီမှာ အိပ်ဖို့ဆိုပြီး လာခဲ့ကြတာ”လို့ ပြောပါတယ်။
အေးအေးဆေးဆေးပါပဲ။ လေတိုက်တာများ အဆန်းလုပ်လို့။ ကျွန်တော်တို့အတွက်တော့ ဒီလောက်လေတိုက်တာကတော့ ရိုးနေပြီ။ သန်းထိုက်လေးကို ညီမလေးက သြကာသတွေ တိုင်ပေးပြီး ဘုရားရှိခိုးကာ ကျွန်တော်တို့ အိပ်ယာဝင်ခဲ့ကြတယ်။ လေက တဝေါဝေါ တိုက်ခတ်နေဆဲ။ အိပ်ယာဝင် ခါနီး ညီမလေးက “အစ်ကိုကြီး မနက်ဖြန်ကျရင် အိမ်ကိုလာခဲ့အုံးလေ၊ အိမ်က အမိုးတွေ ခုလောက်ဆို အကုန်ပြုတ်ကုန်လောက်ပြီ”လို့ ပြောခဲ့တယ်။ တူလေးကလဲ “ဦးဦး နောက်တစ်ခါ မြို့သွားရင် ကားရုပ် လေးဝယ်ခဲ့အုံးနော်”လို့ ပြောခဲ့တယ်။ တောင်ရောက်မြောက်ရောက်စကားတွေ ပြောရင်း ကျွန်တော်တို့ အိပ်ပျော်သွားကြတယ်။
ကျွန်တော်ကိုယ်တိုင်ကော ဒီမှာ ရှိနေတာ သေချာရဲ့လား။ လူဆိုလို့ တစ်မြည်းတစ်ကောင်မှ မတွေ့ရဘူး။ ရွာဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ကဆုန်လပြည့်ကျရင် ညောင်ရေသွန်းလောင်းဖို့ ပြင်ဆင်ထားတဲ့ ဗောဓိညောင်ပင်ကြီးလဲ တစ်စစီလဲပြိုနေပြီ။ ကျွန်တော် ရွာဘက်ကို သွားရမှာ မ၀ံ့မရဲ ဖြစ်နေမိသေးတယ်။ ဒါပေမယ့် သွားမှ ဖြစ်မှာပါလေဆိုပြီး အားတင်းသွားခဲ့တယ်။ “အိုး….ဘုရား. ဘုရား….အိမ်တွေအားလုံး ပြိုကျလို့ပါလား၊ လူသေအလောင်းတွေက မြင်မကောင်း ရှုမကောင်း၊ နွား တွေ၊ ခွေးတွေ…စတဲ့ တိရစ္ဆာန်အသေကောင်တွေကလဲ အများကြီး”။ ဆက်လျှောက်လာခဲ့တယ်။ ဒီအတိုင်းပဲ။ “ဒါ ငါတို့ ရွာကော ဟုတ်ရဲ့လား၊ ငါ အိပ်မက်ဆိုးတွေ မက်နေတာ ဖြစ်ပါစေ”လို့ ဆုတောင်းနေမိတယ်။
တစ်စုံတစ်ယောက်က ညှို့ယူဖမ်းစားထားခံရသူတစ်ယောက်လို လေးလေးပင်ပင် ဖင့်ဖင့် နွဲ့နွဲ့ နဲ့ တစ်လှမ်းချင်း ခေါင်းငိုက်စိုက်ချပြီး ကျွန်တော် လျှောက်သွားနေမိတယ်။ အားရပါးရ၊ တအံ့တသြ၊ အော်လိုက်တဲ့ အသံ။ “ဟေး…ဟေး…ထွန်းမောင်ကြီး မသေသေးဘူးဟေ့”။ တစ်ရွာလုံး ရစရာမရှိ အောင် ပျက်စီးပြီး အားလုံးနီးပါး သေဆုံးပျက်စီးခဲ့ရပေမယ်၊ အဆိုးထဲကအကောင်း ကျွန်တော်တစ် ယောက်ကျန်သေးတာ တွေ့ရလို့ ခဏတာ ပျော်လိုက်မိကြသေးတယ်။ မကြာပါဘူး။ ဘာမပြော၊ ညာမ ပြောနဲ့ မောင်သန်းက ထပြီး “ဟီး…”ခနဲ ငိုလိုက်တော့ အားလုံး ဘာစကားမှ မပြောဘဲ ငိုလိုက်ကြ ပြန်တော့တယ်။ ဘာစကားမှလဲ ပြောစရာမရှိဘူးလေ။ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို၊ ငါ့ညီမ၊ ငါ့ညီလေး၊ ………………ငါ့ချစ်သူ…..။ သူတို့ကို တွေ့မိကြသေးလား။
ကျွန်တော်တို့ မေးချင်တာ အဲဒါ တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သိနေကြတယ်။ ကျွန်တော်တို့မှာ အဲဒီအတွက် အဖြေမရှိဘူး။
တာဝန်မဲ့ခြင်း
“ကဲ ငါတို့ ဘာဆက်လုပ်ကြမလဲ”၊ “ပထမဆုံး မသေမရှင် ရှိနေနိုင်တဲ့ သူတွေကို လိုက်ရှာရ မယ်”၊ “နောက်ပြီး စားစရာလဲ ရှာကြအုံးဟ”၊ တစ်ယောက်တစ်ပေါက်နဲ့ စဉ်းစားအဖြေရှာနေကြတယ်။ စကားသာပြောနေရတယ်။ အသံက အပြင်ကိုရော ရောက်ရဲ့လားဆိုတာ မသေချာဘူး။ ပထမဆုံး ကျွန်တော်တို့ အလောင်းတွေကို စုပြီး ပုံထားကြတယ်။ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်အပါအ၀င် ၁၅-ယောက်ပဲ တွေ့ရတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် စုကြတာ ခုဆို (ညနေ ၄-နာရီ) အလောင်းတွေက တစ်ရာနီးပါး ရှိနေပြီ။ ပုံမှန်အတိုင်းဆို ကျွန်တော်က သရဲ အရမ်းကြောက်တတ်တာ။ ခုတော့ ဘာကို ကြောက်ရမှန်းကို မသိတော့ပါဘူး။
ကျွန်တော်တို့ ဒီလို အလောင်းတွေ၊ တိရစ္ဆာန်သေကောင်တွေကိုရှင်းရင်းနဲ့ နှစ်ရက်တောင်တိုင် လာခဲ့ပြီ။ စားစရာကလဲ လုံလုံငငမရသေးဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုမျှစားနေကြရတယ်။ နေရ ထိုင်ရတာလဲ မကောင်းတော့ဘူး။ ညက ကျွန်တော်တို့ထဲက အကြီးဆုံး ဦးကြီးမောင်ဖွင့်တဲ့လေဒီယိုကို ၀ိုင်းနားထောင်တော့ အကူအညီတွေ အမြန်ဆုံးပေးနေပြီတဲ့။ မြန်မာ့အသံက ကြေညာသွားတယ်။
ကျွန်တော်တို့မှာတော့ မျှော်လင့်လိုက်ရတာ။ ခုချိန်ထိ ဘာမှ ရောက်မလာသေးဘူး။ ကျွန်တော် တို့ဘ၀ရှေ့ရေးဆိုတာ မပြောနဲ့အုံး။ လက်တလော ပုတ်စော်နံနေတဲ့အလောင်းတွေ၊ အသေကောင် တွေကို ဘယ်လိုဆက်လုပ်ကြမလဲ။ ကျွန်တော်တို့မှာ ဘယ်နေရာသွားသွားအနံ့တွေက နံနေတယ်။ အဆိုးဆုံးက ရွာထဲက ရေတွင်းတွေ အားလုံးက ပျက်စီးကုန်ပြီ။ ကျွန်တော်တို့မှာ သောက်စရာရေက မရှိဘူး။
သုံးရက်မြောက်နေ့မှာ စစ်သားတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ရွာကို ရောက်လာကြတယ်။ ကျွန်တော်တို့အားလုံးလဲ ဒီရွာက ထွက်ရမယ်လို့ ပြောတယ်။ သူတို့နဲ့ပါလာတဲ့ စားစရာနဲ့ရေသန့်ဗူးတွေဟာ ကျွန်တော်တို့အတွက် နတ်သုဒ္ဓါတမျှ တန်ဖိုးကြီးလှပါတယ်။ ဒါပေမယ့် လောက်လောက်ငငတော့ မစားရဘူးပေါ့ဗျာ။ ကျွန်တော်တို့တစ်ဖွဲ့လုံး စိတ်မပါတပါနဲ့ မအူပင်ကို ထွက်ခဲ့ရတယ်။ ဘယ်လိုအခက်အခဲပဲတွေ့တွေ့၊ ဘာအနိဋ္ဌာရုံပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာသားတွေကို လူနည်းလူဟန်နဲ့ မြေမြုပ်သဂြိုဟ်ချင်တယ်ဗျာ။ ခုတော့ သူတို့ဟာ ကျင်းအကြီးကြီတစ်ခုတူးပြီး အားလုံးကို စုပြုံမြှုပ်နေကြတာ။ စိတ်မကောင်းလိုက်တာဗျာ။
ဘာမှမသိတဲ့ကျွန်တော်လို တောသားတောင် နားလည်ပါတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ အကူအညီတွေ အရမ်းကို လိုအပ်နေပါတယ်။ ခု လုပ်နေတဲ့ အနေအထားနဲ့ ဘယ်လိုမှ မလုံလောက် ပါဘူး။ အစားအသောက်မလုံလောက်ဘူး၊ ဆေးမလုံလောက်ဘူး၊ နေစရာမလုံလောက်ဘူး။ ဘာဆို ဘာမှ မပြည့်စုံပါဘူးဗျာ။ ဒါတောင် နိုင်ငံခြားအကူအညီတွေကို ဘာလို့များ ငြင်းနေရတာလဲ။ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး။ ဒီမှာလုပ်နေတဲ့ဆရာဝန်တွေလဲ သိပ်ကို ပင်ပန်းနေပါပြီ။ ခြောက်ခြားဖွယ်အဖြစ် အပျက်ကြီးထဲမှာ စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ အာဏာပိုင်တွေရဲ့ အေးအေးဆေးဆေ နေနိုင်မှုတွေကြောင့် ဒေါသတွေ ထွက်မိတယ်။ ဘယ်လိုမှ မခံစားနိုင်ဖြစ်ရတယ်။
ခု လုပ်ပုံကိုင်ပုံတွေက သိပ်ကို နှေးကွေးလွန်းတယ်။ တစ်ချို့ဆို မုန်တိုင်းထဲက လွတ်မြောက် ခဲ့ပေမယ် ကျန်းမာရေးထိခိုက်ပြီး သေဆုံးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေက အများ ဆုံးပဲ။ ရှိတဲ့အိုးမဲ့အိမ်မဲ့တွေနဲ့ စားစရာ၊ နေစရာ……..ဘာမှကို မရှိတာ။ ကျန်းမာရေးတွေလဲ အကုန် ထိခိုက်လာကုန်ပြီ။ ၀မ်းလျှောနေသူတွေကလဲ တစ်ယောက်ပြီးတစ်ယောက်။ အဆိုးဆုံးက အိမ်သာက အလုံအလောက်မရှိဘူး။
အလှူရှင်တွေကတော့ ပေါ်ပါတယ်။ လှူတဲ့သူတွေလဲ လှူနေကြတာပဲ။ ဒါပေမယ့် တာဝန်ခံ လူကြီးက သူတို့ကို အရင်အပ်ရမယ်ဆိုလို့ အလှူရှင်တွေက အယုံအကြည်မရှိဘူး။ ကြားထဲက ဒုက္ခသည်တွေက ပိုပိုပြီး မပြည့်မစုံဖြစ်လာရတယ်။ လာဘ်စားတယ်ဆိုတာ ကျွန်တော်တို့ ပြည် ထောင်စု မြန်မာနိုင်ငံတော်ရဲ့ သင်္ကေတလို ဖြစ်နေပြီ။ ဒီအတွက် ကျွန်တော်သိပ်မပြောလိုတော့ပါဘူး။ ဒါပေမယ့် ခုလို…..ခုလို ဒုက္ခအကြီးအကျယ်ရောက်နေတဲ့အခါမျိုးမှာတော့ လုပ်မစားသင့်ပါဘူးဗျာ။
လေးရက်မြောက်နေ့မှာ လူကြီးတွေရောက်လာတယ်။ လာပြီးအားပေးစကားပြောတာပေါ့။ ဘာမှစိတ်မပူကြနဲ့။ အားလုံးအခြေအနေကောင်းသွားပြီ။ ကျွန်တော်တို့က ခင်ဗျားတို့ကို အစစအရာရာ ကူညီသွားမှာပါလို့ ပြောသွားတယ်။ “မှာပါ”ဆိုတာက ဘာကြီးလဲဗျာ။ ခုတောင် အကူအညီမရလို့ သေနေတဲ့သူတွေက သေနေကြပြီ။ ရောဂါဖြစ်နေတဲ့သူတွေက အသည်းအသန်ဖြစ်နေကြပြီ။ ဒီပြော နေတဲ့အချိန်မှာတောင် အရမ်းအရမ်းကို၊ အလွန့်အလွန်ကို နောက်ကျနေပြီ။ ဒါတောင် လက်ထဲမှာ ဘာမှမပါဘဲ “မှာပါ”ဆိုတဲ့စကားကို ပြောရက်တယ်။
ကျွန်တော့်စိတ်ထဲမှာ ဒေါသအထွက်ဆုံး၊ နာအကျည်းဆုံးက “ခင်းဗျားတို့လိုအပ်တာကို ကျုပ်တို့ ကူညီမယ်၊ ပြီးတော့ လာမယ့် ဆန္ဒခံယူပွဲကျရင် ထောက်ခံမဲတွေလဲ ထည့်ကြအုံးနော်”တဲ့။ မျက်နှာပြောင်တိုက်ပြီး သူမို့လို ပြောရက်တယ်ဗျာ။ ကျွန်တော်တို့အဖွဲ့ကို စိတ်ရောကိုယ်ပါ ကူညီနေတဲ့ စစ်ဗိုလ်ဆရာဝန်လေးကတော့ ပြောတယ်။ “လူကြီးတွေက ဆန္ဒခံယူပွဲလောက် ခင်ဗျားတို့ကို ဂရုစိုက် တာ မဟုတ်ဘူးဗျ”တဲ့။
စိတ္တဇနေ့ရက်များနှင့်ကျွန်တော်
မနက်ဖြန် ကျွန်တော်တို့ ပြန်ရတော့မယ်။ ရောက်ပြီး တစ်ရက်အကြာမှာပဲ ကျန်းမာတဲ့သူတွေ ဒီမှာမနေရဘူး။ ပြန်ကြတော့တဲ့။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ဘယ်ကို ပြန်ရမှာလဲ။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ရွာကို ပြန်ပါပြီတဲ့။ ဘာသွားစားမလဲ။ ရေဘယ်က သောက်ရမလဲ။ ဘယ်မှာနေရမှာလဲ။ ကျွန်တော်လဲ လူငယ်ပီပီ ကိုယ့်အားကို ကိုးချင်တာပေါ့ဗျာ။
အာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့ နိုင်ငံခြားအကူအညီကို လက်ခံဖို့ အဆင်သင့် မဖြစ်သေး ဘူးဆိုသလိုပဲ ကျွန်တော်တို့လဲ ရွာကို ပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဗျာ။
“ခင်ဗျားတို့က ဘာသိလို့လဲ၊ နိုင်ငံခြားအကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး၊ သူတို့ က ကျုပ်တို့သယံဇာတတွေကို မက်မောလို့ ထောင်မြင်ရာစွန့်တဲ့အနေနဲ့ လာလှူကြမှာဗျ၊ အဲဒါကြောင့် မို့လို့ လူကြီးတွေက သေချာစိစစ်ပြီးမှ လက်ခံနေတာ”တဲ့။ ကြံ့ဖွံ့လူကြီးတစ်ယောက်က ပြောတယ်။ ဒါမျိုး ငတုံးတွေရှိနေသမျှတော့ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခတောနက်ထဲမှာ တ၀ဲလည်လည် ဖြစ်နေ အုံးမှာပဲ။ တဖြည်းဖြည်း ကျွန်တော်လဲ အရှုးတစ်ယောက်လို ဖြစ်လာခဲ့ပြီ။
လေတွေ စတိုက်တဲ့ညတုန်းကသာ ဒီလို ကြီးကျယ်တဲ့မုန်တိုင်းကြီး တိုက်ခတ်လာနိုင်တယ်လို့ ကြိုတင်သတိပေးမှုလေးများရှိခဲ့ရင် မေမေ၊ ဖေဖေ……ချစ်တဲ့ညီမလေး…တူလေးသန်းထိုက်…ငါတို့ရွာ သားများ….. ဒီလောက်အများကြီး မသေလောက်ဘူးလို့ တွေးမိတော့ ရင်ထဲမှာ တဆစ်ဆစ်နာကျင် လာတယ်။ ငိုဖို့တောင် မျက်ရည်က မရှိတော့ဘူး။ ခံစားဖို့ ရင်ဘက်က ကွဲနေပြီ။ အရူးတစ်ပိုင်းနဲ့ကျွန်တော်…..။
ခု ဒုက္ခသည်တွေရဲ့အခက်အခဲက သယံဇာတတွေထက် တန်ဖိုးရှိပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။ ခင်ဗျားတို့ ငတုံးတွေ ပြောချင်ရာပြော၊ အာဏာယိုင်သွားမှာ၊ ထိုင်ခုံပေါ်က ဆင်းရမှာကြောက်လို့ ခင်ဗျားတို့ တွန့်ဆုတ်နေကြတယ်၊ ကျုပ်တို့ထက် အာဏာမြဲရေးကို အဓိကထား နေတယ်ဆိုတာ တစ်တိုင်းပြည်လုံးသိနေပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။
ဒီ…..စိတ္တဇနေ့ရက်များ ဘယ်အထိ အလျားရှည်နေအုံးမလဲ…
မှောင်အတိကျနေတဲ့တိုင်းပြည်မို့
သေမင်းရဲ့တိုက်ကွက်က အညှာလွယ်လွန်းလှတယ်……..။

လွင်ပြင်ရိုးင်း
14,05,2008

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails